အပိုင်း ၁၁၀၉
Viewers 53k

အခန်း ၁၁၀၉

ငရဲအကျဉ်းထောင်၏ မကောင်းဆိုးဝါးများ ရောက်ရှိလာခြင်း


သုံးရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။


သုံးရက်အတွင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမှုများကို တွေ့ကြုံခံစားခဲ့ရသည်။


သုံးရက်အတွင်းမှာပင် မယုံကြည်နိုင်စရာ အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသဖြင့် အင်မော်တယ်စားဖိုမှူးများစွာက စိတ်မသက်မသာဖြင့် စိုးရ်မ်ကြောင့်ကြနေရသည်။


ပထမဆုံး ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ ရောက်လာခဲ့တယ် ...


မသေမျိုးမြို့တော်များ၏ အပြင်ဘက်တွင် သားရဲအစုအဝေးများ ရောက်လာသည်။ သားရဲဧကရာဇ်များက ၎င်းတို့ကို ဦးဆောင်ခေါ်လာပြီး မသေမျိုးမြှို့တော်များကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။


မသေမျိုးမြို့‌တော်များ၏ အစောင့်များက သားရဲများ၏ ဝင်ရောက်စီးနင်းမှုမှ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသော ၎င်းတို့၏ သက်ဆိုင်ရာမြို့များကို ကာကွယ်ရန်အတွက် လူအင်အားဖြည့်တင်းပြီး ရန်သူများကို သတ်ပစ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။


အလွှာတိုင်းတွင် သားရဲများဖြင့် ဝိုင်းအုံနေပြီး မြို့‌တော်များတွင် နေထိုင်သူများကို ကြောက်ရွံ့ထိတ်လန့်စေသည်။


သားရဲများက မြို့တော်များသို့ လာရောက်တိုက်ခိုက်ခဲလှသည်။ ယခုအခါတွင် အလွှာငါးခုလုံး တစ်ပြိုင်တည်း တိုက်ခိုက်ခံရသည့်အတွက် အဖြစ်အပျက်တစ်ချို့ ဖြစ်ပေါ်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။


သားရဲများ၏ ဝင်ရောက်တိုက်ခိုက်မှုအပြင် အခြားမယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်များလည်း ဖြစ်ခဲ့သည်။


ထိုသားရဲများ၏ ထွက်ပေါ်လာမှုကြောင့် မြေငလျင်များဖြစ်ပေါ်လာပြီး ရေအရင်းအမြစ်များ ခမ်းခြောက်သွားကာ မသေမျိုးဆေးပင်များ ညှိုးနွမ်းခြောက်သွေ့ကုန်သည်။


ငါးလွှာလုံးမှ မြစ်များခမ်းခြောက်သွားကာ မြစ်ကြမ်းပြင်များပင် မြင်နေရသည်။ ရေမလုံလောက်တော့ပေ။


ဤအရှိန်ဖြင့် ဆက်သွားနေပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ရေအရင်းမြစ်အားလုံး လဝက်အတွင်းမှာပင် ခမ်းခြောက်သွားနိုင်သည်။


အင်မော်တယ်စားဖိုမှူးများကို ပြုစုပျိုးထောင်ပေးသည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ရေအရင်းမြစ်များမရှိပါက ဆက်လက်မရပ်တည်နိုင်ပေ။


ချက်ပြုတ်ရာတွင် ရေလိုအပ်သည့်အပြင် အရာအားလုံးတွင် ရေကိုလိုအပ်သည်။


လေသည်လည်း ပူပြင်းခြောက်သွေ့လာသည်။ လေထဲမှစိုထိုင်းမှုများပင် လျင်မြန်စွာ အငွေ့ပျံကုန်သည်။


ကပ်ဆိုးကြီးက ရုတ်ချည်း ရောက်ရှိလာသည့်အတွက် အာလုံးထိတ်လန့်ခြောက်ခြားနေကြသည်။


အားလုံးကိုပို၍ ကြောက်လန့်စေသောအရာမှာ မသေမျိုးသစ်ပင်ကြီး သေဆုံးသွားခြင်းဖြစ်သည်။


မသေမျိုးသစ်ပင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာငါးခုလုံးကို ဖြတ်သန်းပေါက်ရောက်နေပြီး ကောင်းကင်အထိရောက်သည်အထိ ကြီးထွားသန်မာခဲ့သည်။ သို့သော် ယခုအချိန်တွင် အရွက်များခြောက်သွေ့ကြွေကျကုန်သည်။ အဆုံးမဲ့ဖြာထွက်နေသော သစ်ကိုင်းများတွင်လည်း အက်ရာများ ပေါ်လာသည်။


ဤမသေမျိုးသစ်ပင်ကြီးကို ယုံကြည်သူများအတွက် သစ်ပင်ကြီး သေဆုံးသွားခြင်းမှာ အန္တရာယ်ကပ်ဆိုးကြီးဖြစ်သည်။


မသေမျိုးသစ်ပင်ကြီးက အနိမ့်ဆုံးနေရာသို့ ကျရောက်သွားသည်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာငါးခုလုံးကို ထောက်ပံ့ပေးရန် လုံလောက်သော စွမ်းအင်မရှိတော့ပေ။


ထိုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံး ကွဲအက်သွားကာ အလွှာငါးခုက တစ်ခုနှင့်တစ်ခု တိုက်မိပြီး အရာအားလုံးပြိုလဲသွားလိမ့်မည်။


ဤကပ်ဆိုးကြီးက လူအားလုံးကို ထိတ်လန့်စေသည်။


သာမန်လူများသာမက ပထမအဆင့်မှ တတိယအဆင့် အင်မော်တယ်စားဖိုမှူးများအထိ လူအားလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်သည်။


နယ်ပယ်သခင်တိထိုက်၏ ညွှန်ကြားမှုကြောင့် ယခုအခါ မြို့တေယ်သခင်မုန့်ချီက ‌မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို တာဝန်ယူနေရသည်။


သို့သော် ယခုအချိန်၌ သူမလည်း အလွန်စိုးရိမ်နေသည်။


သူမက နုနယ်သောပုံပေါက်သော်လည်း ကံအားလျော်စွာ သူမ၏ လုပ်ရပ်များက အထင်ကြီးစရာပင်ဖြစ်သည်။ ယင်းကြောင့် သူမက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။


သို့သော် ၎င်းက ကောင်းမွန်သည့်နည်းလမ်းမဟုတ်ကြောင်း မုန့်ချီသိသည်။


မသေမျိုးသစ်ပင်ကြီး သေဆုံးပြီးနောက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည်လည်း တစ်နေ့တွင် လုံးဝကျဆုံးသွားလိမ့်မည်။ ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေတွင် အမိန့်အာဏာများကလည်း အသုံးမဝင်ပေ။


မုန့်ချီ အကြောင်းအရင်းကို သိနေသည်။


မသေမျိုးသစ်ပင်နေရာတွင် သစ်ပင်ကြီးနှစ်ပိုင်းခွဲခံလိုက်ရစဉ်က ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ထိခိုက်သွားပြီး သစ်ပင်ဝိညာဉ်ကို အချိန်ကြာမြှင့်စွာ အိပ်စက်သွားစေခြင်းဖြစ်သည်။


ထို့ကြောင့် ၎င်းက ကမ္ဘာပေါ်မှ စွမ်းအင်နှင့် အခြားသဘာဝရင်းမြစ်များကို စတင်စုပ်ယူလာခြင်းဖြစ်သည်။


ထို့ကြောင့် အလွှာအားလုံးမှ ရေအရင်းအမြစ်များ ခမ်းခြောက်သွားကာ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။


ဤကိစ္စ၏အရင်းမြစ်ကို နားလည်သော်လည်း မုန့်ချီတွင် ဖြေရှင်းချက်မရှိပေ။


သူမ ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။



ပဉ္စမအလွှာရှိ သစ်သားအိမ်ငယ်လေးတွင် နယ်ပယ်သခင်တိထိုက်က စစ်မှန်စွမ်းအင်များ ထုတ်လွှတ်နေသည်။


မသေမျိုးသစ်ပင်အစေ့က သူ၏ရှေ့တွင် အုပ်မိုး‌ထားသည်။


ရွှေရောင်သစ်စေ့လေးက သောင်းနှင့်ချီသော ရောင်ခြည်များ ဖြာထွက်နေသည်။


နယ်ပယ်သခင်တိထိုက်က မသေမျိုးသစ်ပင်အစေ့လေးကို အညှောက်ထွက်အောင်လုပ်နေသည်။


အကယ်၍ အညှောက်ထွက်လာပါက ၎င်းကိုမသေမျိုးသစ်ပင်၏ အလယ်ဗဟိုတွင် စိုက်ထားနိုင်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဘေးအန္တရာယ်ကိုကျော်လွှားရန် လုံလောက်သောစွမ်းအင်ကို ထုတ်ပေးနိုင်မည်ဖြစ်သည်။


သို့ရာတွင် သူကြိုးစားနေသော်လည်း အစေ့က အညှောက်ပေါက်လာမည့် လက္ခဏာမပြပေ။


သုံးရက် ...


သုံးရက်ခန့်ကြိုးစားပြီးနောက်တွင် တိထိုက်၏ စွမ်းအင်က လုံးဝကုန်ခမ်းလုနီးပါး ဖြစ်လာသည်။


သို့သော် မသေမျိုးသစ်ပင်၏အစေ့က ရွှေရောင်အလင်းတန်းသာ ထွက်လာသည်။ နိုးထလာခြင်း သို့မဟုတ် အညှောက်ထွက်လာမည့် လက္ခဏာမရှိပေ။


" သေစမ်း ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဒီလိုပုံနဲ့ ကျဆုံးသွားတော့မှာလား ..."


နယ်ပယ်သခင်တိထိုက် ကြောက်ရွံ့ပြီး မလိုလားပုံပေါ်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ထိုကဲ့သို့သေဆုံးသွားသည်ကို သူမမြင်ချင်ပေ။


နယ်ပယ်သခင်တစ်ယောက်ဖြစ်ပြီး သူ့လက်ထဲမှာ နယ်ပယ်ကို ဒီလိုပြိုလဲခွင့်မပြုနိုင်ဘူး ...


" ကမ္ဘာမြေအကျဉ်းထောင်ကိုသွားပြီး အသက်စမ်းရေ ရှာရမယ်ထင်တယ် ..."

တိထိုက် သက်ပြင်းချလိုက်သည်။


သူ၏မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် အရောင်တောက်နေသော်လည်း ယခုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မထားခဲ့နိုင်ပေ။ 


ယခုအချိန်တွင် ကမ္ဘာမြေအကျဉ်းထောင်သို့ သွားပါက ပြန်လာလျှင် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနေသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။ 


သို့သော် အသက်စမ်းရေမရှိပါက မသေမျိုးသစ်ပင်ပေါက်များ ပြန်လည်မကောင်းမွန်လာပဲ နယ်ပယ်ကို အန္တရာယ်ကျရောက်စေမည်ဖြစ်သည်။


ထိုအချိန်တွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများကို တွန်းလှန်နိုင်မည့်စွမ်းအား မရှိတော့ပေ။


တိထိုက် အနည်းငယ် စိတ်တိုလာသည်။ ရင်ဘတ်ကိုပုတ်၍ သစ်စေ့ကို ယူလိုက်သည်။


" ငါကိုယ်တိုင် ကမ္ဘာမြေအကျဉ်းထောင်ကို မသွားနိုင်ပေမယ့် သွားလို့ရတဲ့လူတစ်ယောက်ကိုတော့ သိတယ် ..."


ဝှစ်ခနဲအသံဖြင့် ဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်လျက် သစ်သားအိမ်ထဲမှ ထွက်လာသည်။



ယာယာ ခြေကုန်လက်ပမ်းကျနေပုံပေါ်သည်။


နယ်ပယ်သခင်၏ လက်ထောက်တစ်ယောက်အနေဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အန္တရာယ်ကြားထဲရောက်နေသည့် အခြေအနေကို အသိဆုံးဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတင် ဆုတ်ယုတ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်း ထိုသို့မဟုတ်ပါက ချီလင်စာဖိုမှူးအရေအတွက်က ဤမျှ ကျဆင်းသွားလိမ့်မည် မဟုတ်ပေ။ 


နယ်ပယ်၏ ရွှေရောင်အချိန်ကာလများက ချီလင်စားဖိုမှူးရာနှင့်ချီ ရှိခဲ့ပြီး နယ်ပယ်ကို ကာကွယ်ပေးသည့် ဒဏ္ဍာရီလာ နတ်ဘုရားစားဖိုမှူးပင် ရှိခဲ့သည်။


သို့သော် ဤခေတ်တွင် ချီလင်စားဖိုမှူးအရေအတွက်ကို သူမလက်ချောင်းများနှင့်ပင် ရေတွက်၍ ရနိုင်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကြီး အိုမင်းသွားသာည်ဟုပင် ထင်ရသည်။


လွန်ခဲ့သည့်နှစ်ရက်က တိထိုက်က မြို့တော်သခင်များနှင့် တွေ့ဆုံပြီး ဆိုးဝါးနေသည့်အခြေအနေကို ကြေညာခဲ့သည်။ ယခုအချိန်တွင်မူ ပို၍‌ဆိုးသော သတင်းများကို မြို့တော်သခင်များက သတင်းပို့နေပြီဖြစ်သည်။


ယာယာ၏ရင်ထဲ တုန်လှုပ်နေပြီး စိတ်ဓာတ်ကျမှုများ ဖုံးလွှမ်းနေသည်။


ယခုအချိန်ထိတိုင်အောင် နယ်ပယ်သခင်ကို သူမ လေးစားနေဆဲဖြစ်သည်။


နယ်ပယ်သခင်တိထိုက်က အမြဲတမ်းဟာသလုပ်နေတတ်သည့် အရူးတစ်ယောက်နှင့်တူသော်လည်း ဤကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် အရာအားလုံးကို စနစ်တကျ စီမံထားနိုင်သည်။


သူက အားလုံးရဲ့ရင်ထဲက ထောက်တိုင်တစ်ခုလိုပဲ ...


ယာယာ၏မျက်ဝန်းထဲ၌ မျက်ရည်များဝဲလာသော်လည်း ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်ရန် မျက်ရည်များကိုသုတ်လိုက်သည်။


ဒီအချိန်ရောက်မှ နယ်ပယ်သခင် ထမ်းပိုးထားရတဲ့ ဖိအားတွေကို နားလည်လာတော့တယ် ...


ရုတ်တရက် အိမ်ထဲမှ ဆူညံသောင်းကျန်းနေသည့်အသံတစ်ခု ကြားလိုက်ရသည်။


ယာယာ မျက်ရည်များကိုသုတ်ပြီး နယ်ပယ်သခင်တိထိုက်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။


" ယာယာ ဒီမှာနေပြီး မြို့တော်သခင်တွေဆီက သတင်းအချက်အလက်တွေကို လက်ခံထားပါ ... ငါ လုပ်စရာတစ်ခုရှိလို့ သွားလိုက်ဦးမယ် ..."

နယ်ပယ်သခင်က အမိန့်ပေးလိုက်သည်။


ရုတ်တရက် သူအံ့ဩသွားသည်။


မျက်လုံးများနီရဲနေသည့်ယာယာကိုကြည့်ပြီး သူ၏ရင်ထဲ နာကျင်သွားသည်။


ယာယာ၏ဆံပင်ကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။

" မကြောက်ပါနဲ့ ငါဒီမှာရှိနေတယ် ... ငါ့ကိုစောင့်နေနော် ..."


ထို့နောက် နယ်ပယ်သခင်တိထိုက်၏ ပုံရိပ်က တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။


ယာယာ မျက်ရည်မျာသုတ်ပြီး တွေးလိုက်သည်။

" နယ်ပယ်သခင်က ကြိုးစားနေတာပဲ ... ငါလည်း မျှော်လင့်ချက်မဲ့ပြီး အပျင်းထူနေလို့ မရဘူး ..."


နယ်ပယ်သခင်က ဒီမှာရှိနေတာပဲ ... သူမမှာ မျှော်လင့်ချက် ရှိသေးတယ် ...



စားသောက်ဆိုင်၏ရှေ့တွင် ရပ်နေလျက် ပုဖန်မျက်ခုံးများပင့်ထားသည်။ ရင်ဘတ်မှ အင်္ကျီစကို ဟထားသည့်အတွက် သူ၏ ဖြူဝင်းသောအသားအရည်ကို မြင်နေရသည်။


လေထုထဲမှ အပူချိန်က အလွန်မြင့်မားလွန်းသဖြင့် တစ်ကမ္ဘာလုံး ခြောက်သွေ့နေသည်ဟုပင် ထင်ရသည်။


လူတိုင်း၏ခေါင်းအထက်တွင် တောက်လောင်နေသည့်နေလုံးကြီး ချိတ်ဆွဲထားသည်ဟု ခံစားနေရပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးကင်နေသကဲ့သိုပင်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အခြေအနေမှာ မည်သို့မျှ အကောင်းမြင်၍ မရတော့ပေ။


ပုဖန် သက်ပြင်းချလိုက်သည်။


မသေမျိုးသစ်ပင်နေရာမှ ပြန်လာပြီးနောက် အရာအားလုံး ဤသို့ဖြစ်လာမည်ကို ပုဖန် မှန်းဆထားခဲ့သည်။


မသေမျိုးသစ်ပင်၏ အပင်ပေါက်များက ပြဿနာတစ်ခုဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အခြေခံအုတ်မြစ်ကို ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ယခုအခါ နေရာတိုင်းတွင် ဘေးဥပဒ်များကျရောက်နေသည်။


ပုဖန်၏နားထဲတွင် မသေမျိုးမြို့တော်အပြင်ဘက်မှ သားရဲဟိန်းဟောက်သံများဖြင့် ပြည့်နေသည်။


ကျင့်ကြံသူများက စိတ်ဓာတ်ကျနေသော်လည်း အကောင်းဆုံးကြိုးစား၍ ဒေါသထွက်နေသော် သားရဲများကိုတွန်းလှန်ရန် အစွမ်းကုန် ကြိုးစားနေကြဆဲဖြစ်သည်။


အကယ်၍ မြို့ရိုးမှ ကျော်ဖြတ်ဝင်ရောက်လာပါက ပျက်စီးခြင်းများ စတင်လာမည်ဖြစ်သည်။


ဤရက်ပိုင်းအတွင်း စားသုံးသူအရေအတွက် ကျဆင်းသွားသဖြင့် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး၏ စီးပွာရေးကိုလည်း များစွာ အကျိုးသက်ရောက်ခဲ့သည်။ 


သို့သော် ပုဖန် မအံ့ဩပေ။ 

ဒီ ဘေးအန္တရာယ်တွေကြောင့် နယ်ပယ်တစ်ခုလုံး ဖျက်‌ဆီးခံရလုနီးပါးဖြစ်နေမှတော့ ဘယ်သူက အပြင်မှာ စားသောက်ချင်နေမှာလဲ ...


ထို့အပြင် နယ်ပယ်တစ်ခုလုံးတွင် ပုဖန်၏ဆိုင်သာ ယခုအချိန်ထိ ဖွင့်နိုင်သေးခြင်း ဖြစ်နိုင်သည်။


ဝှစ် ...


ရုတ်တရက် ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။


မိုးကုပ်စက်ဝိုင်းအထိ ရောက်နေသော ထူးဆန်းသည့် စွမ်းအင်လှိုင်းဂယက်များကို ခံစားလိုက်ရသည်။


ပုဖန် တစ်ဖက်သို့လှည့်ကာ အဝေးကို ကြည့်နေသည်။


ထိုနေရာတွင် သွေးနီရောင်အလင်းတန်းမျက တိမ်တိုက်များကို ထွင်းဖောက်ကာ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ ၎င်းက တိမ်များကို လှည့်ပတ်နေပြီး ဝဲဂယက်များ ဖန်တီးနေသည်။


" ဟမ် ..."


ပုဖန် အနည်းငယ် သံသယဝင်သွားသည်။


အလင်းတန်းတစ်ဝိုက် ဝေ့ဝဲနေသော ငရဲစွမ်းအင်များက အနည်းငယ် ရင်းနှီးနေသည်။



ထုံမိသားစု၏ ရတနာ‌အဆောက်အဦးအတွင်း ပူလောင်သော မျက်လုံးများဖြင့် တင်ပျဥ်ခွေထိုင်နေသည့်ပုံရိပ်တစ်ခုကို ထုံဝူတီ စိုက်ကြည့်နေသည်။


ဤအော်ရာက ၎င်းကို ရင်တဒိတ်ဒိတ်ခုန်လာစေသည်။


သုံးရက်ကြာပြီးနောက် ယခင်က စွမ်းအင်များဖြင့် ပြည့်ဝခဲ့သည့် ရတနာများက ယခုအခါ အမှိုက်များသဖွယ် အခန်းထဲတွင် ပြန့်ကျဲနေသည်။


စွမ်းအင်များကို ထုတ်ယူသုံးစွဲပြီးသဖြင့် ယခုအခါ အမှိုက်ဖြစ်သွားပြီဖြစ်သည်။


အလင်းအစီအရင်၏အတွင်းမှ အရိပ်တစ်ခု၏အထက်တွင် စွမ်းအင်အားလုံးစုဝေးနေသည်။ တစ်ချိန်တည်းမှာပင် ထိုအစီအရင်တွင်းမှ လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များ လှည့်ပတ်နေသည်။


ဤသုံးရက်အတွင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပြောင်းလဲမှုများကို ထုံဝူတီ အာရုံခံမိသည်။


နောက်ဆုံး၌ လျှို့မော့ပိုင် သူ့ကိုမလှည့်စားကြောင်း ကောက်ချက်ချလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ကပ်ဆိုးကြီး ကျရောက်လာသည့်အတွက် သူ့အတွက် အခွင့်အရေး ရောက်လာသည်။


သူရဲကောင်းတွေက ပရမ်းပတာ အခြေအနေမှာပဲ ပေါ်လာတတ်တယ် ... သူ ကြွားဝါးပြသချင်တယ်ဆိုရင် ဒီလိုကပ်ဆိုးကာလမှာပဲ အခွင့်အရေးရမှာ ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ကြောက်မက်ဖွယ်ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ရသဖြင့် သူတို့အားလုံး တောက်ပရန်အချိန် ရောက်လာသည်။


ရုတ်တရက် လျှို့မော့ပိုင် မျက်လုံးများဖွင့်လိုက်သည့်အခါ မျက်လုံးတွင်းမှ အနီရောင်အလင်းတန်းများ ထွက်လာသည်။


ထို့နောက်တွင် ကတ္တီပါနီရောင် အဆောင်လက်ဖွဲ့များကို ပစ်လ်ိုက်သည့်အခါ အစီအရင်ကို သွားရောက်ထိမှန်သည်။


ဝုန်း ဝုန်း ဝုန်း ...


အစီအရင်က ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပီ့း သာမန်မျက်စိဖြင့် ရှင်းလင်းစွာ မမြင်နိုင်သည့် အရှိန်မျိုး ဖြစ်လာသည်။


အစီအရင်၏ ဘေးပတ်ပတ်လည်မှဟင်းလင်းပြင်က ဆုတ်ပြဲလာပြီး အနက်ရောင် အက်ကွဲကြောင်းများ ပေါ်လာသည်။


ထုံဝူတီ၏ ဗျာများနေသော မျက်နှာကပို၍ စိတ်လှုပ်ရှားလာဟန်ပေါ်သည်။


ဝုန်း ...


ကြောက်မက်ဖွယ်စွမ်းအင်များ ပြန့်ကျဲလာသည်။


ထုံဝူတီ၏မျက်လုံးများ မှေးကျဉ်းသွားသည်။ ပေါက်ကွဲမှုကြောင့် သူ လွင့်ထွက်သွားသည်။


အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ အကုန်ပြိုကျပြီး ရတနာအဆောက်အဦး၏ အလယ်ဗဟို ထုံမိသားစုနေထိုင်ရာတွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားသည်။


မျက်စိတစ်မှိတ်အချိန်တွင်း ထုံမိသားစုအိမ်တော် တစ်ဝက်ခန့် ပျက်စီးသွားသည်။


သို့သော် ဤဆုံးရှုံးမှုများက ထုံဝူတီကို မသက်ရောက်ပေ။ ခေါင်းမော့၍ လေထဲမှ သွေးနီရောင် ဧရာမအစီအရင်ကိုသာ ကြည့်နေသည်။


မသေမျိုးမြို့‌တော်မှ လူအမြောက်အများလည်း ဤမြင်ကွင်းကို ကြည့်နေကြသည်။


ကုန်းရှို့ပိုင်ကွမ်း အော်ဟစ်လိုက်သည်။ ကျင့်ကြံသူများစွာကို စုစည်းပြီး ထုံမိသားစုအိမ်တော်သို့ အလျင်အမြန်ထွက်ခွာသွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဒီလောက်ကြီးမားတဲ့ ကပ်ဆိုးနဲ့ ကြုံနေတာတောင် ထုံဝူတီက ဘာလုပ်ဖို့ ကြံနေတာလဲ ...


လျှို့မော့ပိုင် အသက်ပြင်းပြင်းရှုပြီး ဖြည်းညှင်းစွာ ထလာသည်။


သူ၏ခေါင်းထက်မှ အစီအရင်က ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းဂယက်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်။


သွေးကော်လံကြီးက ကောင်းကင်အထိရောက်နေကာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်းနှင့် တူနေသညိ။


ခဏအကြာတွင် သွေးနီရောင်အလင်းကော်လံက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် ပုံစံအမျိုးမျိုးဖြင့် ကျင့်ကြံသူဆယ်ယောက်က ဧရာမအစီအရင်ထက်တွင် ပေါ်လာသည်။ ၎င်းတို့ခန္ဓာကိုယ်မှ ငရဲစွမ်းအင်နှင့် ကြောက်ခမန်းလိလိအော်ရာများက ကောင်းကင်ထိ ရောက်နေသည်။


ကောင်းကင်ထက်တွင် တိမ်မည်းများ စုဝေးလာသည်။


ကြောက်မက်ဖွယ်ဖိမားက ပထမအလွှာမှ လူများကို အသက်ရှုကျပ်စေသည်။


လျှို့မော့ပိုင်၏ လက်နှစ်ဖက်လုံး ဘေးကို ပြုတ်ကျသွားသည်။ အစီအရင်ထက်တွင် အုပ်မိုးနေသည့် ကျင့်ကြံသူဆယ်ယောက်ကို မြင်လိုက်သည့်အခါ သူ၏မျက်လုံးများက စိတ်အားထက်သန်လာသည်။


လျှာသပ်လိုက်သည်။

" နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ ..."


အစီအရင်က တဖြည်းဖြည်း ပြန့်ကျဲသွားသည်။


ပုံရိပ်ဆယ်ခု၏ မျက်လုံးများရွေ့လျားနေသည်။ထို့နောက် စူးစူးဝါးဝါးရယ်မောသံက လေဟာနယ်တွင် ပဲ့တင်ထပ်သွားသည်။


ခေါင်းဆောင်ဖြစ်သူမှာ အနီရောင်မျက်လုံးများနှင့်လူ ဖြစ်သည်။ တစ်ဖက်လှည့်ပြီး လျှို့မော့ပိုင်ကို ကြည့်လိုက်သည်။


သူ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ဖိအားကြီးက လျှို့မော့ပိုင်ကို အသက်ရှုကျပ်လုနီးပါး ဖြစ်သွားစေသည်။


" မင်းက ငါတို့ ဘုံကိုးပါးမျိုးနွယ်စုရဲ့ အမွေအနှစ်ကို ရလိုက်တဲ့ ကံကောင်းသူလား ... အင်း တော်တော် အားပျော့တာပဲ ... အဲ့ဒါကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အမှိုက်လိုစားဖိုမှူးတွေက မင်းကို အနိုင်ယူသွားတာ ... မင်းက ငါတို့ ဘုံကိုးပါးမျိုးနွယ်စုကို အရှက်ခွဲနေတာပဲ ..."


" ဘာပဲဖြစ်ဖြစ် ငါတို့ ဒီနေရာရောက်နေမှတော့ တကယ့်မကောင်းဆိုးဝါးတွေက ဘာလုပ်နိုင်တယ်ဆိုတာ ပြကြမယ်လေ ..."


( ကိုးကြိမ်ပြောင်းမျိုးနွယ်စုကို နောက်အပိုင်းများမှစ၍ ဘုံကိုးပါးမျိုးနွယ်စုဟု ပြောင်းလဲသုံးနှုန်းပါမည် )