အခန်း ၁၁၁၃
အမဲသားပြုတ်
သူ ငိုနတောလား ...
ပုဖန် သူ၏ အံ့ဩမှုကို မထိန်းထားနိုင်ခဲ့ပေ။
ထိုကလေးက စားဖိုမှူးစိန်ခေါ်ပွဲအတွင်း ရုတ်တရက်ထိုင်ချပြီး မျက်ရည်ပေါက်ကြီးငယ်ကျလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုကလေးက အသံများဝင်သည်အထိ အော်ငိုနေသည်ကိုကြည့်ပြီး ပုဖန် အနည်းငယ်ရှက်လာသည်။
သူ အရမ်းရက်စက်မိသွားတာလား ...
သို့ရာတွင် သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ အမှန်တွင် သူ ယခုအချိန်၌ တတ်နိုင်သမျှ ကြင်နာထားခြင်းဖြစ်သည်။ သူချက်ပြုတ်နေသည်က အဆင့်မြင့်ဟင်းလျာတစ်ခု မဟုတ်ပေ။
သူ့အာရုံများကို မဟူရာလိပ်ခုံးဒယ်အိုးဘက် ရွေ့လျားလိုက်ပြီး စတင်လှုပ်ရမ်းလိုက်သည်။ ရေနွေးငွေ့များ ထွက်ပေါ်လာပြီး စုဝေးကာ လေထဲတွင် ဧရာမနွားသိုးကြီးတစ်ကောင် ဖြစ်လာသည်။
ထို့နောက် ဒယ်အိုးထဲမှ အသားများကို ဖြူပြာရောင်ကြွေပန်းကန်ထဲသို့ လောင်းချလိုက်သည်။
သို့သော် သူ၏ဟင်းလျာက မပြီးဆုံးသေးပေ။
ငိုနေသော ကျင်းထုံကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
ဟာသဇာတ်လမ်းတို တစ်ခုလိုပဲ ...
သူ၏လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက တစ်ကြိမ်လှည့်ပတ်သွားပြီး ကျားဖြူကောင်းကင်မီးဖိုနှင့် ရိုက်မိကာ ဂလောင်ခနဲအသံ ထွက်လာသည်။
ထိုအသံက ငိုနေသည့် ကျင်းထုံကို ရပ်တန့်သွားစေသည်။ ပုဖန်က ကြောင်အအဖြင့် ကြည့်လိုက်သည်။ သူ၏မျက်နှာတစ်ပြင်လုံးတွင် မျက်ရည်နှင့် နှာရည်များဖြင့် ပြည့်နေသည်။
" မင်း ဘာလို့ ငိုနေတာလဲ ... စားဖိုမှူးတစ်ယောက်သာဆိုရင် ဓားမကိုင်နိုင်တဲ့ အနေအထားထိ ဖိနှိပ်ခံထားရရင်တောင် ဟင်းလျာကို ပြီးအောင်ချက်ရမယ် ... ငိုတယ်ဆိုတာ သူရဲဘောကြောင်တဲ့ လူတွေပဲလုပ်တာ ..."
ပုဖန် အေးစက်စွာပြောလိုက်ပြီး ကျင်းထုံကို စောင်းငဲ့ကြည့်လိုက်သည်။
ကျင်းထုံ အံ့အားသင့်သွားသည်။ သူမော့ကြည့်ပြီးနောက် ပါးစပ်ကို ကျယ်ကျယ် ဟလိုက်ပြီး ပို၍ကျယ်လောင်စွာ အော်ငိုတော့သည်။
သူ ညှင်းပန်းနှိပ်စက် ခံနေရတယ်လို့ ခံစားနေရတယ် ...
ဤစားဖိုမှူးစိန်ခေါ်ပွဲက သူ့အတွက် အရှက်ကွဲစရာဖြစ်နေသည်။ ပုဖန်ကို ကြောက်ရွံ့သဖြင့် ဓားကိုကောင်းကောင်းမကိုင်နိုင်ရုံသာမက သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကြောင့် မတည်မငြိမ်ဖြစ်နေခဲ့ရသည်။ သူ့ကိုအလွန်ဒေါသထွက်စေသည့်အတွက် သွေးအန်ချင်လာသည်။
သူက ဘုံကိုးပါးမျိုးနွယ်စု၏ ဉာဏ်ကြီးရှင်ဖြစ်သော်လည်း အလွန်ငယ်ရွယ်သေးသဖြင့် ဘုံသုံးပါးသာ ရရှိသေးသည်။
မည်သို့ပင်ဖြစ်စေ သူမာနကြီးပြီး စိတ်ကြီးဝင်ခဲ့သည်။ သို့သော် ပုဖန်က သူ့ကိုအလွန်ဖိအားပေးသည့်အတွက် မီးဖိုချောင်သုံးဓားကိုပင် သေချာမကိုင်နိုင်တော့ပေ။
ပုဖန်ဆီမှဖိအားက သူ့ကို ထုံထိုင်းမူးဝေသွားစေပြီး ထိုနေရာ၌ပင် မလှုပ်မယှက် ဖြစ်နေစေသည်။
ဟင်းလျာကို ပြီးဆုံးသွားရန် ဆုတောင်းနေခဲ့သော်လည်း သူ၏ရင်ထဲမှ တုန်လှုပ်မှုက သူ့ကို ဒေါသထွက်စေခဲ့သည်။
ဤစားဖိုမှူးစိန်ခေါ်ပွဲတစ်လျှောက်လုံးတွင် သူ ကစဉ့်ကလျားဖြစ်နေခဲ့သည်။ မည်သို့တွေးပါစေ ဤတိုက်ပွဲတွင် ရှုံးတော့မည်ကို သိနေခဲ့သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စားဖိုမှူးတွေက အားနည်းတယ်လို့ ဘယ်သူပြောခဲ့တာလဲ ...
ဒီစားဖိုမှူးကဆီက ဖိအားက သူ့အစ်ကိုကြီးထက်တောင်ပိုပြီး ကြောက်ဖို့ကောင်းနေသေးတယ် ...
ကျင်းထုံ ရုတ်တရက် နောင်တရလာသည်။ ကိစ္စများက ဤသို့ဖြစ်သွားလိမ့်မည်ဟု သိခဲ့ပါက တော်ချင်ယောင်ဆောင်မိမည်မဟုတ်ပေ။
ငိုယိုနေသော ကျင်းထုံကို ပုဖန်တစ်ခေါက်ကြည့်လိုက်ပြီး လုံးဝလျစ်လျူရှု့ထားလိုက်သည်။
ကလေးတွေကတော့ တကယ်ပဲ ...
ထိုအချိန်တွင် နယ်သာရီနှင့်ရှီးရှီးက စားသောက်ဆိုင်ထဲမှ ထွက်လာသည်။
နယ်သာရီက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ သွယ်လျသောခြေချောင်းများ ပေါ်လွင်နေသည်။ တံခါးကိုမှီလျက် လက်ပိုက်ပြီး ပုဖန်ချက်ပြုတ်နေသည်ကို ကြည့်နေသည်။
ရှီးရှီးက နယ်သာရီ၏ခြေထောက်ကို ဖက်ထားပြီး လည်ပင်းကိုစောင်း၍ စပ်စုနေသည်။ သို့သော် နယ်သာရီနှင့် မတူသည်က သူမက မြေကြီးပေါ်ထိုင်၍ ငိုနေသောကျင်းထုံကို ကြည့်နေသည်။
" အဲ့ကောင်လေးက ဆရာပုနဲ့ ပြိုင်ရလို့ ငိုနေတာလား ..."
နယ်သာရီ၏ခြေထောက်ကိုဖက်ထားသည့် ရှီးရှီးက မေးလိုက်သည်။
ငိုနေသောကျင်းထုံကို နယ်သာရီကြည့်လိုက်သည်။
" ကလေးတစ်ယောက်ပါပဲ ... ရှီးရှီး အဲ့လို ခဏခဏငိုတတ်တဲ့ ကလေးတွေကို အတုမယူရဘူးနော် ..."
ထိုစကားကိုကြားသည့်အခါ ပုဖန်၏နှုတ်ခမ်းများတွန့်ချိုးသွားသည်။ လှည့်ကြည့်လိုက်သည့်အခါ နယ်သာရီနှင့်ရှီးရှီးကို မြင်လိုက်ရသည်။
" ဟုတ်တယ် ... ရှီးရှီးတော်တယ် ..."
ပုဖန် ပြောလိုက်သည်။
ပုဖန်၏ ချီးကျူးမှုကို ကြားရသည့်အခါ ရှီးရှီးက စိတ်ကြီးဝင်ပြီး ခေါင်းမော့လိုက်သည်။
သူမလည်း ဆရာပုဂုဏ်ယူရတဲ့ တပည့်တစ်ယောက်ဖြစ်လာရမယ် ...
ပုဖန်နှင့် ကလေးမလေးတို့ ပြောနေကြသည်ကို ကြားလိုက်ရသောအခါ အစ်မကြီးရူ၏ သူမ၏မျက်နှာကို ကျင်းထုံက ပါးရိုက်လိုက်သလိုပင် ခံစားလိုက်ရသည်။
အရာအားလုံးက ကျင်းထုံအတွက် အဆင်ပြေချောမွေ့နေခဲ့သည်။ ဘုံကိုးပါးမျိုးနွယ်စုမှ မည်သည့်နယ်သာစားဖိုမှူးမျှ ကျင်းထုံကို မချေမှူန်းရဲပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ဂုဏ်ပုဒ်ကြောင့်ဖြစ်သည်။ ယခုတွင်မူ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၌ ပထမဆုံးစားဖိုမှူးစိန်ခေါ်ပွဲတွင်ပင် ငိုနေရပြီဖြစ်သည်။
အစ်မကြီးရူ စိတ်တိုလာသည်။
ကျင်းထုံက ကလေးမလေး၏စကားကို ကြားသွားပုံရသည်။ တိတ်ဆိတ်စွာနှာရှုံ့ပြီး ရှီးရှီးကို လှည့်ကြည့်လိုက်သည်။
" ငါမငိုပါဘူး ..."
" ရှက်စရာကြီး ... ရှက်စရာကြီး ... ဆရာပုက နင့်ကိုငိုအောင်လုပ်လိုက်တာ အဲ့ဒါကို လက်မခံနိုင်ဘူးပေါ့ ... ရှက်လည်းမရှက်ဖူး ..."
ရှီးရှီးက ထိုသို့သရော်ပြီး ကျင်းထုံကို ပြောင်ပြနေသည်။
" ငါ မငိုပါဘူးဆိုနေ ... အဲ့ဒါ ... ဘာလို့လဲဆိုတော့ အရမ်းစပ်လို့ ... သူက ငါ့ကို ငရုတ်သီးအစပ်တွေနဲ့ တိုက်ခိုက်တယ်လေ ..."
ကျင်းထုံ အထစ်ထစ်အငေါ့ငေါ့ဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုနေသည်။
ပုဖန် သူ့ကိုစိုက်ကြည့်နေသည်။
ငရုတ်သီးအစပ်လား ...
ဒီခေတ်ကလေးတွေက ဒီကောင်လေးလိုပဲ အရှက်မရှိကြဘူးလား ...
" ရှီးရှီး သူနဲ့စကားမပြောနဲ့ ... သူ့အကျင့်တွေ ကူးကုန်လိမ့်မယ် ... သူလုပ်တတ်တာ ငိုတာပဲရှိတယ် ..."
ပုဖန်ပြောလိုက်သည်။
ရှီးရှီး လျှာထုတ်ပြီး တစ်ခုခုပြောလိုက်ပြန်သည်။
ကျင်းထုံ အလွန်ရှက်သွားသည်။
ဘာလို့ အဲ့လိုကလေးမလေးရှေ့မှာ မျက်နှာပျက်ရတာလဲ ...
အဲ့ဒီ သောက်အင်မော်တယ်စားဖိုမှူးကတော့ ...
ကျင်းထုံ မတ်တပ်ရပ်ပြီး ဓားကိုကိုင်လိုက်သည်။ မျက်ရည်နှင့် နှာရည်များ မျက်နှာတစ်ပြင်လုံး ပေပွနေပြီး ပုဖန်ကို မျက်ဆံလှန်ကြည့်လိုက်သည်။
ပုဖန်က သူ့ကို မျက်နှာသေဖြင့် ပြန်ကြည့်နေသည်။ ထို့နောက် ဆီအချို့ကို မဟူရာလိပ်ခုံးဒယ်အိုးထဲ လောင်းချလိုက်သည်။
ရှဲ ...
ဆူပွက်နေသောဆီများက တရှဲရှဲမြည်နေပြီး အငွေ့များထွက်လာကာ ကျင်းထုံကို လန့်သွားစေပြန်သည်။
ထို့နောက် ဒယ်အိုးထဲမှ ရွှေရောင်ဆီများကို ဖြူပြာရောင်ကြွေပန်းကန်ပြားထဲ ထည့်လိုက်သည်။
ကျယ်လောင်သည့် တရှဲရှဲအသံများ ထွက်လာသည်။
" အမဲသားပြုတ် ပြီးသွားပါပြီ ..."
ပုဖန် ငြင်သာစွာ သက်ပြင်းချလိုက်သည်။ ခြေတစ်လှမ်းဆုတ်ပြီး အဝတ်ဖြူတစ်ခုဖြင့် လက်သုတ်လိုက်သည်။ ထို့နောက် လက်နောက်ပစ်ပြီး ကျင်းထုံကို စိတိဝင်တစား ကြည့်လိုက်သည်။
" ပြီးပြီလား ...*
ကျင်းထုံ အံ့ဩသွားသည်။ ထို့နောက် မျက်လုံးများက အလိုအလျောက် မီးဖိုဘက်ရောက်သွားသည့်အခါ ဖရိုဖရဲဖြစ်နေသည်ကိုသာ မြင်လိုက်ရသည်။
ထို့နောက် ပုဖန်၏မီးဖိုပေါ်မှ အမဲသားပြုတ်ကိုကြည့်လိုက်သည်။ ရင်ထဲတွင် ရှုံးသွားသည့်ခံစားမှုနှင့် ပြည့်နှက်နေသည်။
" ကျွန်တော် ..."
ကျင်းထုံ၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။ တစ်စုံတစ်ခု ပြောချင်သော်လည်း ပြောမထွက်ပေ။
သူ ရှုံးသွားပြီ ... ဟင်းလျာကိုတောင် အပြီးမသတ်လိုက်ရဘူး ...
ကျင်းထုံ ရုတ်တရက် မျက်ရည်များကျလာပြီး နောက်တစ်ကြိမ်အော်ငိုပြန်သည်။
သူ ရှုံးသွားပြီ ...
သနားစရာကောင်းတဲ့ ဆုံးရှုံးမှုပဲ ...
သူ အနိုင်ကျင့်ခံရပြီ ... ငိုချင်တယ် ...
တရှုံ့ရှုံ့ငိုနေသော ကျင်းထုံကိုကြည့်ပြီး အစ်မကြီးရူ၏ နှုတ်ခမ်းများ တွန့်ချိုးလာသည်။
သခင်လေးကျင်းထုံရယ် သောက်မျက်ရည်တွေကလည်း ပေါလိုက်တာ ...
ကြည့်ရှု့နေသူများလည်း အကြည့်ချင်းဖလှယ်နေကြသည်။
သူတို့လည်း ငိုရမလား ရယ်ရမလား မသိတော့ဘူး ...
ထုံဝူတီ အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။ အပြစ်တင်သောအကြည့်ဖြင့် လျှို့မော့ပိုင်ကို ကြည့်လိုက်သည်။
" ဒါ မင်းပြောခဲ့တဲ့ ပုဖန်ကိုသတ်ဖို့ လှည့်ကွက်လား ... မင်းက ဒီနေရာမှာ ဟာသလုပ်ဖို့ သူ့ကိုဖိတ်လိုက်တာပဲ ..."
ထုံဝူတီ အလွန်ဒေါသထွက်လာသည်။ သူ၏ရင်ထဲမှ အမုန်းမီးတောက်များက မျက်နှာကို နီရဲလာစေသည်။
" ကျုပ် ..."
လျှို့မော့ပိုင်သည်လည်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ငါ သောက်ရူးတစ်စုကို ဒီနေရာမှာ ဟာသလာလုပ်ဖို့ ဆင့်ခေါ်မိသွားတာများလား ....
ဘုံကိုပါးမျိုးနွယ်စုက အရည်အချင်းရှိတဲ့မကောင်းဆိုးဝါးက စားဖိုမှူးစိန်ခေါ်ပွဲမှာ အော်ဟစ်ငိုယိုရတဲ့အထိ အနိုင်ကျင့်ခံနေရတာလား ...
စိတ်နှလုံးကြေကွဲစရာကြီးပါလား ...
လျှို့မော့ပိုင် စကားမပြောလိုသည့်အတွက် ဆိတ်ဆိတ်နေလိုက်သည်။
ဝုန်း ဝုန်း ဝုန်း ...
အနက်ရောင်တိမ်တိုက်များက သူတို့အထက်တွင် စုဝေးလာသည်။
၎င်းက ပုဖန်၏ မိုးကြိုးပြစ်ဒဏ်ဖြစ်သည်။
မိုးကြိုးပြစ်ဒဏ်ကို မြင်သည့်အခါ ကျင်းထုံ ပို၍င်ိုယိုတော့သည်။
မိုးခြိမ်းသံများ ပဲ့တင်ထပ်နေပြီး လျှပ်စီးကြောင်းများ အောက်သို့ကျဆင်းလာသည်။
ဝှိုက်တီ ကောင်းကင်ပေါ်ထိတက်သွားပြီး မိုးကြိုးပြစ်ဒဏ်ကို ဝါးမျိုလိုက်သည်။
သို့ရာတွင် ဤမိုးကြိုးပြစ်ဒဏ်က သာမန်သာဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ပုဖန်က မိုးကြိုးပြစ်ဒဏ်သုံးခုကို ဆွဲဆောင်ခဲ့သည်။
မိုးကြိုးပြစ်ဒဏ်က မကြာမီ ပြီးဆုံးသွားသည်။ ဝှိုက်တီလည်း အရက်မူးနေသကဲ့သို့ ဒယိမ်းဒယိုင်ဖြစ်နေသည်။
ဤစားဖိုမှူးစိန်ခေါ်ပွဲကို ပုဖန် အနိုင်ရခဲ့သည်။
သို့သော် ဤစားဖိုမှူးစိန်ခေါ်ပွဲက သူပြိုင်ခဲ့သမျှတွင် ကိုးယို့ကားယားအဖြစ်ဆုံး ဖြစ်သည်။
အနိုင်ရသူတစ်ယောက်၏ ပျော်ရွှင်မှုကိုပင် မခံစားရပေ။
သူ ခံစားရတာ ကိုးရို့ကားယား ဖြစ်တာပဲရှိတယ် ... ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး ...
ကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာ ရယ်စရာမကောင်းဘူး ...
ပုဖန် ယခုအချိန်မှစ၍ စားဖိုမှူးစိန်ခေါ်ပွဲတွင် ကလေးများနှင့် မပြိုင်ဆိုင်တော့ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ကို အနိုင်ယူရခြင်းက ဂုဏ်ယူစရာမဟုတ်ပေ။
စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက အနိုင်ရသူကို တရားဝင်ကြေညာလိုက်သည်။
မြေပြင်ပေါ်မှ ကျင်းထုံက အသည်းအသန် ငိုနေပြန်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏အချက်အပြုတ်နှလုံးသားလမ်းစဉ်သုံးခုတွင် နှစ်ခုက ပြန့်ကျဲသွားသောကြောင့်ဖြစ်သည်။
ဤစားဖိုမှူးစိန်ခေါ်ပွဲ တစ်ခုတည်းကြောင့်ပင် သူ၏နဂိုမူရင်းအခြေအနေသို့ ပြန်ရောက်သွားသည်။
သူ၏ငိုသံက နေရာတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
ကြည့်ရှု့နေသူများ ရယ်ချင်သော်လည်း အောင်ထားငြသည်။
ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ်လည်း ရယ်သင့်လား မရယ်သင့်လား မသိတော့ပေ။
သူတို့တွေ ပိုင်ရှင်ပုအတွက် စိုးရိမ်ဖို့ကို မလိုခဲ့တာပဲ ... ပိုင်ရှင်ပုကမှ တကယ့်အရည်အချင်းရှိတဲ့ မကောင်းဆိုဝါးဖြစ်နေတာ ...
ပုဖန် အငွေ့တထောင်းထောင်းထနေသော အမဲသားပြုတ်ကိုယူ၍ ကျင်းထုံကို မျက်မှောင်ကြုတ်ကြည့်နေသည်။
" မငိုပါနဲ့ ..."
ပုဖန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ကျင်းထုံ၏ရှေ့တွင် ပြန်ပေါ်လာကာ မျက်နှာသေဖြင့် ပြောလိုက်သည်။
" မင်း ရှုံးသွားပြီပဲ ... ငိုနေလည်း ဘာမှလုပ်မရတော့ဘူး ... မင်းအခုစဉ်စားဖို့လိုတာက ဘယ်သူကမှ မလွှမ်းမိုးနိုင်တဲ့သူဖြစ်ဖို့ ဘာလုပ်ရမယ်ဆိုတာပဲ ..."
အမဲသားပြုတ်ပါဝင်သည့် ဖြူပြာရောင်ကြွေပန်းကန်ကို ကျင်းထုံရှေ့တွင် ချလိုက်သည်။
" ဒါကိုစားကြည့်ရင် မင်း ဘာလို့ရှုံးသွားတယ်ဆိုတာ သိလာလိမ့်မယ် ..."
ကျင်းထုံ အငိုရပ်သွားသည်။ မျက်လုံးများပြူးကျယ်လာပြီး သူ၏ရှေ့မှ အရောင်တောက်နေသည့်ဟင်းပွဲကို ကြည့်နေသည်။
ဒီဟင်းလျာကိုကြည့်ရတာ ဆွဲဆောင်မှုမရှိဘူးဆိုတာ ပြောနိုင်တယ် ...
မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများသည် ဟင်းလျာများ၏ ပုံပန်းသွင်ပြင်ကို ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်မှာ အရသာနှင့် အကျိုးသက်ရောက်မှုသာဖြစ်သည်။
ထို့ကြောင့် ၎င်းတို့၏ဟင်းလျာများကို အနက်ရောင်စားဖွယ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ဤကဲ့သို့သော အစားအစာမျိုးကို ကျင်းထုံ ယခင်က မမြင်ခဲ့ဖူးပေ။ ထို့ကြောင့် ၎င်းက သူ၏အာရုံကို ဖမ်းစားထားသည်။
တုန်တုန်ယင်ယင်ဖြင့် တူကိုကိုင်ပြီး အမဲသားတစ်ဖက်ကို ယူလိုက်သည်။
အမဲသားက ပူပြီး အနံ့လည်းအလွန်ကောင်းသည်။
ကျင်းထုံ နှာခေါင်းကိုသုတ်လိုက်ပြီး အသားကို ပါးစပ်ထဲထည့်လိုက်သည်။
ပါးစပ်ထဲသို့ အသားရောက်သွားသည်နှင့် ကျင်းထုံအေးခဲသွားသည်။ ခဏအကြာတွင် သူ၏မျက်နှာ နီရဲလာသည်။
ထို့နောက် ပါးပြင်ပေါ်သို့ မျက်ရည်ပူများ လှိမ့်ဆင်းလာသည်။
ကြည့်ရှူ့နေသူများ ဆွံ့အသွားကြသည်။
သူဘာလို့ ထပ်ငိုနေပြန်တာလဲ ...
ဤတစ်ကြိမ်တွင် ကျင်းထုံ တကယ်ပင် မငိုချင်ခဲ့ပေ။ သူ အနိုင်ကျင့်ခံရသည်လည်း မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် အမဲသားက အလွန်စပ်သောကြောင့်ဖြစ်သည်။
အမဲသားပြုတ်က အလွန်စပ်သောကြောင့် သူ၏တည်ရှိမှုကိုပင် သံသယ ဝင်စေနိုင်သည်။
ကျင်းထုံ ဝါးလျက်နှင့်ပင် ငိုနေသည်။ အမဲသားက အလွန်စပ်သော်လည်း အလွန်အရသာရှိသည့်အတွက် စားသုံးခြင်းကို မရပ်တန့်နိုင်ပေ။
ဂလု ...
အသားကိုမျိုချလိုက်ချိန်တွင် နှုတ်ခမ်းများက နီရဲနေသည်။
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး ဘာမှပြောတော့ပေ။ ရုတ်တရက် ကျင်းထုံ၏ခေါင်းကို အသာအယာပုတ်လိုက်သည်။
အနက်ရောင်မီးတောက် အစုအဝေးကြီး ချက်ချင်းထွက်ပေါ်လာသည်နှင့် ဖမ်းယူလိုက်သည်။
" စားဖိုမှူးစိန်ခေါ်ပွဲမှာ ရှုံးတာရဲ့အကျိုးဆက်ကို သိတယ်မလား ... မင်းက ကလေးလေးဆိုတော့ ငါ မီးတောက်တစ်မျိုးတည်း ယူလိုက်မယ် ... တခြာူက်ရိယာတွေကို မင်းယူထားလို့ရတယ် ..."
ပုဖန် ပြောလိုက်သည်။
ကျင်းထုံခေါင်းမော့လိုက်ပြီး သူ၏ မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် ပုဖန်ကို ကြည့်နေသည်။
ဟင်းလျာက အလွန်စပ်သည့်အတွက် ပုဖန်ပြောသည်ကို မကြားလိုက်ပေ။ ထို့ကြောင့် သူ၏အမူအရာက စိတ်ရှုပ်ထွေးပုံ ပေါ်နေသည်။
ပုဖန် ခေါင်းခါလိုက်သည်။ ပါးစပ်ဟ၍ အနက်ရောင်မီးတောက်ကို ပါးစပ်ထဲထည့်ကာ ဝါးမျိုလိုက်သည်။
ကြည့်ရှု့နေသူများ ပါးစပ်အဟောင်းသားဖြစ်ပြီး ပုဖန်က်ု လန့်သွားကြသည်။
အစ်မကြီးရူသည်လည်း သရဲတစ်ကောင် မြင်လိုက်ရသကဲ့သို့ အံ့အားသင့်သွားသည်။
သူမ အခုမြင်လိုက်တာ ဘာကြီးလဲ ...
အဲ့ဒီအင်မော်တယ်စားဖိုမှူးက ကျင်းထုံရဲ့မီးတောက်ကို တကယ်မျိုချလိုက်တာလား ...
ကျင်းထုံ သူ၏မီးတောက်ကို ဆုံးရှုံးသွားမည်မှာ မျှော်လင့်ထားသည့်ကိစ္စ ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒီစားဖိုမှူးက သောက် ငရဲမီးတောက်ကို ဝါးစားလိုက်တာလား ... တော်တော်လေးမြင့်တဲ့ အပူချိန်ရှိတဲ့ မီးတောက်ကိုလေ ... ဘာလို့ ဒီတိုင်းကြီး စားနိုင်ရတာလဲ ...
သူက တကယ့်မကောင်းဆိုးဝါးကြီးလား ...
ပုဖန် လေချဉ်တက်လိုက်သည့်အခါ အဖြူရောင်မီးတောက်များ ထွက်လာသည်။ ထို့နောက် လက်နောက်ပစ်ကာ စားသောက်ဆိုင်ဘက်သို့ ပြန်လှည့်သွားသည်။
ဤတိုက်ပွဲက သူ့ကို ဖိအားမပေးသဖြင့် သူ့စိတ်ထဲမထားပေ။
ကျင်းထုံက မျက်ရည်များဖြင့် ပေပွလျက် မြေကြီးပေါ်ထိုင်ပြီး အမဲသားပြုတ်ကို စားနေသည်။
ပို၍စားလေ ပို၍ငိုလေဖြစ်သည်။
ကြည့်ရှု့နေသူများလည်း ဘာပြောရမည် မသိတော့ပေ။
ရုတ်တရက် အထက်မှ တဝီဝီအသံ ထွက်ပေါ်လာသည်။
ပုံရိပ်တစ်ခုက သူ၏လမ်းကြောင်းမှ လေဟာနယ်ကို ဆုတ်ဖြဲပြီး အောက်သို့ လျင်မြန်စွာဆင်းသက်လာသည်။
ဘုန်း ...
သူဆင်းလာသည့်အခါ အောက်ခြေမှမြေပြင်က ကျိုးပဲ့သွားသည်။
နယ်ပယ်သခင်တိထိုက်၏ ရွှေရောင်ဆံပင်များက လေထဲတဖျပ်ဖျပ် လွင့်နေလျက် ဝတ်ရုံကလည်းလေနှင့်အတူ လွင့်မျောနေသည်။
အမှောင်ထဲတွင်ပုန်းနေသည့် ထုံဝူတီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
" အဲ့ဒါ နယ်ပယ်သခင်ပဲ ..."
လျှို့မော့ပိုင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
ဒီလို အရေးကြီးတဲ့အချိန်မှာ နယ်ပယ်သခင်က ဘာလို့ ပေါ်လာရတာလဲ ...
နယ်ပယ်သခင်တိထိုက် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်း ခေါင်းမော့၍ သူ၏အကြည့်က အမှောင်ထဲကို ဖောက်ထွင်းကြည့်လိုက်သည်။
ထုံဝူတီနှင့် လျှို့မော့ပိုင်တို့ကို မြင်သွားသည်။
သို့ရာတွင် နယ်ပယ်သခင်က သူတို့ကို စိတ်ထဲမထည့်ပဲ အကြည့်များက ပုဖန်ဆီသို့ ရောက်သွားသည်။
ဘေးဥပဒ်များစွာကို ကြုံတွေ့ခဲ့ရသော နယ်ပယ်သခင်ကိုကြည့်ကာ ပုဖန် မျက်ခုံးပင့်လိုက်မိသည်။
သူ၏အနှစ်သက်ဆုံးဖြစ်သည့် အဖော်အချွတ်အနုပညာကို ယခုအချိန်၌ မပြသနေပေ။ ထို့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကြီးမားသော ပြောင်းလဲမှုများက သူ့ကို ဝန်ထုပ်ဝန်ပိုးဖြစ်နေစေကြောင်း သိလိုက်ရသည်။
နယ်ပယ်သခင်က ပုဖန်ကို စိုက်ကြည့်နေပြီးနောက် မြေကြီးပေါ်တွင် တရှုံ့ရှုံ့ငို၍ အမဲသားပြုတ်များကိုစားနေသည့် ကျင်းထုံကို ကြည့်လိုက်သည်။
သူ၏မျက်လုံးများ မှေးစင်းသွားကာ တစ်ဖက်သို့လှည့်၍ စားသောက်ဆိုင်ဘက်ကို လျှောက်သွားသည်။
" ပထမအလွှာရဲ့ အစောင့်တွေ ငရဲအကျဉ်းထောင်က ဒီနှစ်ယောက်ကို ခေါ်သွားစမ်း ... ဒီက ကိစ္စတွေပြီးတာနဲ့ မင်းတို့ဆီ လိုက်လာမယ် ..."
ပြောပြီးသည့်နောက် တိထိုက် စားသောက်ဆိုင်ထဲဝင်သွားသည်။
အဝေးမှကြည့်နေသော ကုန်းရှို့ပန်နှင့် အခြားလူများ အလွန်ထိတ်လန့်နေကြသည်။ သို့သော် နယ်ပယ်သခင်၏အမိန့်ကို ကြားသည့်အခါမှ အသိပြန်ဝင်လာပြီး အစ်မကြီးရူနှင့် ကျင်းထုံကို လျင်မြန်စွာ ဖမ်းဆီးထားလိုက်သည်။
ထုံဝူတီ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး ထွက်ပြေးသွားသည်။
လျှို့မော့ပိုင်သည်လည်း အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သို့သော် ကုန်းရှို့မိသားစုခေါင်းဆောင်က သူတို့ကို သတိထားမိသွားသည်။ အစောင့်များစေလွှတ်၍ သူတို့နောက်ကို လိုက်ခိုင်းလိုက်သည်။
" ပုပုလေး ... လာလာ တံခါးလာပိတ်ပါဦး ... မင်းနဲ့ဆွေးနွေးဖို့ အရေးကြီးကိစ္စတွေရှိတယ် ..."
ပုဖန် အံ့ဩသွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။ စကားတစ်ခွန်းမျှ မဟပဲ အထဲဝင်၍ စားသောက်ဆိုင်တံခါးများကို ပိတ်လိုက်သည်။
နယ်ပယ်သခင်တိထိုက် စားသောက်ဆိုင်ထဲ ရောက်သည်နှင့် သူ၏ခန္ဓာကိုယ်ကို ခုံပေါ်တွင် မှီချလိုက်သည်။
နယ်ပယ်သခင်တိထိုက်၏ တည်ကြည်သည့် အမူအရာကို မြင်လိုက်ရသည့်အခါ ထိုကိစ္စ၏ လေးနက်မှုကို ခံစားနိုင်သွားသည်။