အခန်း ၁၁၁၄
နယ်ပယ်သခင်တိထိုက်၏ တောင်းဆိုချက်
နယ်ပယ်သခင်တိထိုက် ခုံတွင်ထိုင်ချပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
သူ့ကိုကြည့်ရသည်မှာ ပင်ပန်းနေပုံပင်။
မသေမျိုးအပင်ပေါက်များကို ပြန်ရရန်အတွက် သူ့ထံတွင် ရှိသမျှ နည်းလမ်းအားလုံးသုံးခဲ့ပြီး စစ်မှန်စွမ်းအင်နှင့် စိတ်စွမ်းအင်အားလုံးနီးပါးကို သုံးပစ်ခဲ့သည်။
သို့ရာတွင် အပင်ပေါက်များက မထူးခြားလာပေ။
အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးထဲရောက်မှ နယ်ပယ်သခင်တိထိုက် စိတ်ရောကိုယ်ပါ အနားယူနိုင်သည်။ ထို့ကြောင့် အထဲသို့ ရောက်ရောက်ချင်းထိုင်ခုံတွင် မှီချလိုက်ခြင်းပင်။
ပုဖန်နှင့် ၎င်းစားသောက်ဆိုင်တွင် စိတ်သက်တောင့်သက်သာဖြစ်ပြီး စိတ်ကျေနပ်စေသော မှော်စွမ်းအားတစ်မျိုး ရှိပုံရသည်။
ပုဖန် ဘာမှမပြောတော့ပဲ မီးဖိုချောင်ထဲသာ ဝင်လာခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဖြူပြာရောင် ပန်းကန်လုံးတစ်လုံးနှင့် ပြန်လာပြီး နယ်ပယ်သခင်၏ရှေ့တွင် ချထားလိုက်သည်။ ထို့နောက် သူ့အတွက် နောက်တစ်ပန်းကန် ယူလာသည်။
ထိုပန်းကန်လုံးတွင် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင် ပါဝင်သည်။
ဂလု ဂလု ...
အေးစက်သောဝိုင်က စားသောက်ဆိုင်၏ တောက်ပသောအရောင်များကို အလင်းပြန်နေသည်။ ကြွယ်ဝသောရနံ့က ခံတွင်းထဲမှ နေရာအနှံ့ ရောက်ရှိသွားကာ အရသာခံဖုများကို ကျီစယ်နေသည်။
နယ်ပယ်သခင်တိထိုက် မျက်လုံးများဖွင့်လိုက်ပြီး ဝိုင်ကို စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
" ဝိုင်ကောင်းပဲ ..."
တိထိုက်၏ ချီးကျူးမှုက ရင်ထဲမှလာခြင်းဖြစ်သည်။
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသော်လည်း ဘာမှမပြောပေ။ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က သူချက်လုပ်ခဲ့သမျှတွင် အရသာအရှိဆုံးဝိုင် ဖြစ်သည်။
အကယ်၍ နယ်ပယ်သခင်တိထိုက်က အလွန်ပင်ပန်းနွမ်းနယ်မတေပါက ထိုဝိုင်ဖြင့် ဧည့်ခံမည်မဟုတ်ပေ။ ဝိုင်ချက်လုပ်ခြင်းက မလွယ်ကူသည့်အတွက် သူ့ထံတွင် ဤဝိုင်များများစားစား မရှိတော့ပေ။
ခွက်ထဲသို့ ဝိုင်ထည့်ပြီးနောက် ပုလင်းကို ဘေးဖယ်ထားလိုက်သည်။
တစ်ဖက်တွင်လည်း နယ်သာရီက ခုံယူလာ၍ထိုင်ကာ ပုဖန်ကို ကြည့်နေသည်။
ပုဖန် နယ်သာရီကို ဝိုင်တစ်ခွက်ပေးလိုက်ပြီးမှ သူ့အတွက် နောက်တစ်ခွက် ထပ်ငှဲ့လိုက်သည်။
စားသောက်ဆိုင်တစ်ခုလုံး ဝိုင်ရနံ့များဖြင့် ပြည့်နှက်နေသည်။
အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် နယ်ပယ်သခင်တိထိုက်၏စိတ် ကြည်လင်သွားသည်။
ဝိုက်ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။ ချောမွတ်သောအရည်က လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲရောက်သွားသည်။
အံမခမ်းလောက်အောင်ကောင်းသည့် ရနံ့တစ်ခုက ခံတွင်းထဲ ရစ်ဝဲနေပြီး တိထိုက် သူကိုယ်တိုင်မသိခင်မှာပင် ဝိုင်ထဲ နစ်မြုစ်သွားခဲ့သည်။
ထိုကဲ့သို့ဝိုင်ကောင်းမျိုး မသောက်ခဲ့ရသည်မှာ အချိန်အလွန်ကြာခဲ့ပြီဖြစ်သည်။
ပုဖန် မျက်လုံးများမှေးကျဉ်းလိုက်သည်။ ထို့နောက် ဝိုင်တစ်ငုံသောက်ပြီးနောက် နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
တစ်ခါတစ်ရံတွင် စိတ်တည်ကြည်စွာထား၍ ဝိုင်အရသာကို ခံစားနေရခြင်းက နွေးထွေး၍ သက်တောင့်သက်သာ ရှိလှသည်။
နယ်သာရီ ဝိုင်ခွက်ကို လက်နှစ်ဖက်ဖြင့် အုပ်၍ ကိုင်လိုက်သည်။ သူမ ဂရုတစိုက်ဖြင့် တစ်ငုံယူသောက်လိုက်သည့်အခါ အနီရောင်နှုတ်ခမ်းပါးများ ပွင့်ဟသွားပြီး သက်ပြင်းချလိုက်မိသည်။
" ငါတို့မှာ ဝိုင်ကောင်းကောင်း ရှိနေတာပဲ ... အဲ့ဒါနဲ့ တွဲစားဖို့ရော တစ်ခုခု မရှိဘူးလား ..."
ပုဖန် မျက်ခုံးများပင့်လိုက်သည်။ ထို့နောက် ပြုံးပြကာ မီးဖိုချောင်ထဲ ဝင်သွားသည်။
ခဏအကြာတွင် မီးဖိုချောင်တံခါး၏အထက်မှ ခေါင်းလောင်းသံ မြည်လာသည်။
ပုဖန် ကင်ချီတစ်ပန်းကန်ယူလာပြီး စားပွဲပေါ်တင်ထားလိုက်သည်။
" ဒါလေးစားကောင်းလား မြည်းကြည့်လိုက်ပါဦး ..."
ပုဖန် ပြောလိုက်သည်။
နယ်ပယ်သခင်တိထိုက် စူးစမ်းချင်စိတ် ဖြစ်သွားသည်။ ချက်ချင်းပင် တူတစ်စုံကိုယူ၍ ကင်ချီအပိုင်းလေးတစ်ခုကို ယူလိုက်သည်။
ကင်ချီက ကြွပ်ဆပ်နေသည့်အပြင် ငန်၍စပ်သောအရသာရှိသည်။
ကင်ချီထဲသို့ သွားများနစ်ဝင်သွားသည်နှင့် အချဉ်ရည်များ စိမ့်ထွက်လာသည်။ ၎င်းက သူ့လျှာတစ်ဝိုက် ရစ်ဝဲနေကာ အရသာခံဖုများကို လှုံ့ဆော်နေသည်။
ဂျွက် ...
ချဉ်၍စပ်သော ဂေါ်ဖီအရသာကို ခံစားလိုက်ကာ ဝါးပြီးနောက် မျိုချလိုက်သည်။ ထိုခံစားချက်က သူ၏ခန္ဓာကိုယ်ကို တစ်လက်မ မကျန် လန်းဆန်းသွားစေသည်။
နယ်ပယ်သခင်တိထိုက် ပီတိဖြစ်စွာဖြင့် မျက်လုံးများမှေးစင်းထားသည်။ ကင်ချီတစ်ကိုက်နှင့် ဝိုင်တစ်ငုံသောက်လိုက်သည့် ခံစားချက်က အလွန်အံ့မခမ်းဖြစ်နေသဖြင့် မည်သို့ ဖော်ပြရမည်ပင် မသိပေ။
ထိုလူသုံးယောင် ဘာမှထပ်မပြောတော့ပေ။ ဝိုင်သောက်၍ ကင်ချီကိုသာ ဝါးနေကြသည်။ လေထုက အလွန်အေးဆေးငြိမ်သက်နေသည်။
ရှီးရှီးလည်း ခုံတစ်ခုံယူ၍ ထိုလူသုံးယောက် ဘေးနားလာထိုင်သည်။ သူမ မျက်လုံးများက စပ်စုချင်စိတ်ဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာသည့်အခါ ဝိုင်နှင့်ကင်ချီ စားသောက်ခြင်း ပြီးဆုံးသွားသည်။
ပုဖန် ပန်းကန်လုံးကိုချထားပြီး သက်ပြင်းချလိုက်သည်။
နယ်သာရီက ကင်ချီအစပ်အရသာကို ခံစားလိုက်ရသည့်အတွက် နှာခေါင်းများနီရဲလာသည်။ လာထိုင်စဉ်က သူမ မျက်နှာက ဖြူဖျော့နေသော်လည်း ယခုအခါ နီရဲနေသည်။
ယခုအချိန်၌ သူမအလွန် ချစ်စရာကောင်းနေသည်။
" ကောင်းပြီ စားလို့သောက်လို့ ပြီးပြီဆိုတော့ အလုပ်အကြောင်းပြောမယ်လေ ..."
ပုဖန်က နယ်ပယ်သခင်တိထိုက်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
နယ်ပယ်သခင်တိထိုက်က အရေးတကြီး ပြောစရာရှိသောကြောင့် ဤနေရာထိ ရောက်လာသည်ကို သူသိသည်။ မဟုတ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ သေရေးရှင်ရေး ဖြစ်နေချိန်၌ သူ့ကိုလာရှာမည်မဟုတ်ပေ။
နယ်ပယ်သခင်က ဗိုက်ဝသွားသည့်အခါ ပို၍စိတ်ကြည်လင်လာသည်။ သူ၏ ရွှင်မြူးမှုအနည်းငယ် ပြန်ရသွားသည့်ပုံပင်။
ပုဖန်ကို ပြုံး၍ ပြောလိုက်သည်။
" ပုပုလေး ... မင်းက ငါ့ကို တကယ်နားလည်တာပဲ ... မင်းရဲ့ဝိုင်ကိုသောက်ပြီးတော့ ငါတစ်ခုခုကို သဘောပေါက်သွားတယ် ..."
တိထိုက် မေးစေ့ကိုပွတ်ပြီး လက်ကိုလှုပ်ရှားလိုက်သည်။ ခဏအကြာတွင် လက်ထဲမှာ ရွှေရောင်အလင်ူတန်းများ ဖြာထွက်လာသည်။
သူ၏လက်ပေါ်တွင် ထူထဲသည့် စွမ်းအင်များဖြင့်ရွှေရောင် မသေမျိုးသစ်ပင်ပေါက်များ ရှိနေသည်။
ထိုအပင်ပေါက်များ ထွက်ပေါ်လာချိန်၌ မသေမျိုးစွမ်းအင်များက စားသောက်ဆိုင်ထဲကို စိမ့်ဝင်ပျံ့နှံ့သွားသည်။
" မသေမျိုးသစ်ပင်ပေါက်တွေလား ..."
ပုဖန်၏ အမူအရာက လေးနက်သွားပြီး တိထိုက်ကို စူးစမ်းနေသည်။
" ဒီဟာတွေက အသက်မရှင်နိုင်တော့ဘူး ..."
နယ်ပယ်သခင်တိထိုက် ပုဖန်ကို တစ်ချက်ကြည့်ပြီး အားတင်းကာ ပြုံးပြလိုက်သည်။
" ခင်ဗျားပြောခဲ့တော့ သူတို့က ရှင်နေသေးတယ်ဆို ..."
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ရှင်နေသေးပေမယ့် အညှောင့်မထွက်နိုင်တော့ဘူး ..."
နယ်ပယ်သခင်တိထိုက် ရွှေရောင်ဆံပင်များကို ပွတ်သပ်နေလျက် ပြောလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ဤကိစ္စကြောင့် ခေါင်းခဲနေပုံပင်။
" ငါထင်တာ သူတို့က မင်းရဲ့ ထစ်ချုန်းမိုးအမဲသားလုံးကြောင့် ပျက်စီးသွားတာဖြစ်မယ် ..."
" မဟုတ်ဖူး ... ငါတို့က တစ်ဖက်တည်းပဲလေ ..."
ပုဖန် ခေါင်းစောင်း၍ သူ့ကိုကြည့်လိုက်သည်။
သူ၏ ထစ်ချုန်းမိုးအမဲသားလုံးများက မသေမျိုးသစ်ပင်ပေါက်များကို ပျက်စီးသွားစေသည်ကို သူဘယ်သောအခါမျှ ဝန်ခံမည်မဟုတ်ပေ။ နယ်ပယ်သခင် မပြောမီ သူကအရင် ရှင်းပြလိုက်သည်။
ထိုအချိန်က နယ်ပယ်သခင်က ရင်ဘတ်ကိုပုတ်၍ အပင်ပေါက်များတွင် ဘာမှမဖြစ်နိုင်ကြောင်း ပြောခဲ့သည်ပင်။
" ကောင်းပါပြီ ... ဒါဆိုရင်လည်း ဒီကိစ္စက မင်းနဲ့မသက်ဆိုင်ဘူးလို့ သဘောထားလိုက်ပါ ... ဒါနဲ့ ပုပုလေး မင်းငါ့ကို ထစ်ချုန်းမိုးအမဲသားလုံးတွေ ရာနဲ့ချီ လုပ်ပေးဦးလေ ငါက စကြာဝဠာတစ်ခုလုံးကို အုပ်စိုးတော့မှာ ..."
နယ်ပယ်သခင်တိထိုက် ပြောလိုက်သည်။
" ဒါဆိုရင်ကျုပ်ကို မသေမျိုးအပင်ပေါက်ဆယ်ပင်ပေးလေ ..."
ပုဖနိ မျက်နှာသေဖြင့် ပြောလိုက်သည်။
နယ်ပယ်သခင် သွေးအန်လုနီးပါး ဖြစ်သွားသည်။
မသေမျိုးအပင်ပေါက်ဆယ်ပင်တဲ့ ကောင်းကင်ဘုံပေါ်ပဲ တက်သွားလိုက်ပါတော့ ...
" ခင်ဗျားမှာ မရှိဘူးဆိုလည်း ရပါတယ် အလျင်မလိုဘူး ..."
ပုဖန်က နယ်ပယ်သခင်ကို လှောင်ပြောင်သရော်ကာ ကြည့်လိုက်သည်။
" ကောင်းပြီ ... အလုပ်အကြောင်းပြောကြတာပေါ့လေ ... အစကတော့ မင်းနဲ့တူတူ ခံစားချက်လေးတွေ တည်ဆောက်ချင်နေတာ မင်းက ဖြတ်တောက်ပစ်လိုက်တာပဲ ..."
နယ်ပယ်သခင်တိထိုက် ဆံပင်ကို ဆော့ကစားနေသည်။
" ပြောစရာရှိတာပြော ..."
တိထိုက် ခေါင်းငြိမ့်ပြလိုက်သည်။
" အိုကေ ..."
သူ၏လက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည့်အခါ မီးခိုရောင်ဝိုင်ပုလင်းတစ်လုံး ပေါ်လာသည်။ ထို ဝိုင်ပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး ပုဖန်ကို ကြည့်နေသည်။
" ဒီဝိုင်က ငါကိုယ်တိုင် သေချာချက်လုပ်ထားတဲ့ဟာပဲ ... ဒါကို ဒီနေရာမှာ သိမ်းထားချင်တယ် ... နောက်မှ ဒီနေရာကို မကြာခဏလာပြီး အရသာရှိတဲ့ဝိုင်ကိုသောက်မယ် ... ဒီဝိုင်က မင်းတိုက်တဲ့ဟာလောက်နီးနီးကောင်းတယ် ..."
တိထိုက် ပြောလိုက်သည်။
" အင်း ..."
ပုဖန် အံ့ဩသွားသည်။
ဒါပဲလား ... သူဆွေးနွေးချင်တယ်ဆိုတာ ဒီကိစ္စလား ...
ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသော်လည်း ဘာမှမပြောပေ။
ထိုဝိုင်ပုလင်းကို ယူပြီးမီးဖိုချောင်ထဲ ဝင်သွားသည့်အခါ တံခါးပေါ်မှ ခေါင်းလောင်း မြည်လာသည်။
တိထိုက်၏ ဝိုင်ပုလင်းကို ဗီရိုထဲ ထည့်ပြီးသည့်အခါ ပုဖန် စားပွဲဆီကို ပြန်လာသည်။
" လုံလုံခြုံခြုံထားထားရဲ့လား ...
တိထိုက် မေးလိုက်သည်။
" ထားထားတယ် ... ကဲအခု အလုပ်အကြောင်း ပြောလို့ရပြီလား ..."
" အင်း ... မင်းဝိုင်ပုလင်းကို သိမ်းထားပြီးပြီဆိုတော့ ငါစိတ်အေးအေး နေနိုင်ပြီ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပျက်စီးသွားရင်တော့ ငါ့ရဲ့မှတ်ဉာဏ်တွေကတော့ ဒီနေရာမှာ လုံလုံခြုံခြုံ ကျန်ခဲ့ပြီပဲ ..."
နယ်ကယ်သခင်တိထိုက် ပြုံး၍ ပြောလိုက်သည်။
ခဏတာရပ်သွားပြီးနောက် သူဆက်ပြောသည်။
" ပုပုလေး ငါတို့မသေမျိုးအပင်ပေါက်တွေကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ ..."
ပုဖန် ဘာမှမပြောပဲ နယ်ပယ်သခင်ကို မျက်နှာသေဖြင့် ကြည့်နေသည်။
နယ်ပယ်သခင် အနည်းငယ် နောင်တရသွားပုံပေါ်ကာ ပုဖန်ကို စိုက်ကြည့်နေသည်။
" အဆင်ပြေနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက ကမ္ဘာမြေအကျဉ်းထောင်ကိုသွားပြီး အသက်စမ်းရေကို ရှာဖို့ပဲ ... အဲ့ဒါကြောင့်လေ ပုပုလေး ငါ့ကိုကူညီပြီး သွားရှာပေးလို့ရလား ..."
" အသက်စမ်းရေလား ..."
ပုဖန် မျက်ခုံးပင့်လိုက်သည်။
ဘေးတွင်ထိုင်နေသည့် နယ်သာရီလည်း မျက်မှောင်ကြုတ်သွားသည်။ သူမ မျက်ဆံများက ပို၍ မည်းနက်လာကာ ပြောလိုက်သည်။
" အသက်စမ်းရေက ကမ္ဘာမြေအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေတစ်ခုဖြစ်တဲ့ နတ်ဘုရားပျောက်ကွယ်တောင်တန်းမှာ စီးဆင်းတယ် ... အဆင့်နိမ့်နတ်ဘုရားတွေ အဲ့နေရာသွားမိရင်တောင် သေသွားနိုင်တယ် ... ရှင်က ပုဖန်ကို အဲ့နေရာသွားခိုင်းနေတာလား ..."
နယ်ပယ်သခင်တိထိုက် စိတ်ဓာတ်ကျသွားသည်။
" ငါ့မှာလည်း တခြားရွေးချယ်စရာမရှိတော့လို့ပါ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ငါမရှိလို့်မရဘူး ... အဲ့ဒါကြောင့် ပုပုလေးကိုပဲ အကူအညီတောင်းရတာပါ ..."
ခဏအကြာတွင် သူ၏မျက်လုံးများ အရောင်တောက်လာသည်။
" အာ ပုပုလေးနဲ့အတူ ဝဲစားခွေးကိုခေါ်သွားလေ ... အဲ့ဝဲစားခွေးနဲ့ဆိုရင် အသက်စမ်းရေကိုယူဖို့ ပြဿနာမရှိဘူး ..."
ထောင့်တစ်ထောင့်တွင် လှဲအိပ်နေသည့်ခွေးဘုရင်က သမ်းဝေကာ ပြောလိုက်သည်။
" ခွေးဘုရင်သာ နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားရင် အသက်စမ်းချောင်းက စမ်းရေကို ရဖို့မေ့ထားလိုက်တော့ ဟိုအရူးမက ငါ့ကိုမြင်တာနဲ့ တစ်နေရာလုံးကို ဖျက်ဆီးပစ်မှာ ... အဲ့ဒါကြောင့် ခွေးဘုရင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဘယ်တော့မှမသွားဘူး ခြေတစ်လှမ်းတောင် မချတော့ဘူး ..."
နယ်ပယ်သခင်တိထိုက်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။
" ဝဲစားခွေး နတ်ဘုရားပျောက်ကွယ်တောင်တန်းက အဲ့မိန်းမရဲ့ အတွင်းခံတွေ ခိုးထားတာမလား ... မင်းတို့ကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိနေကြတာလဲ ..."
" ပါးစပ်ပေါက်ပိတ်ထား ... ခွေးဘုရင်ရဲ့ကိစ္စတွေ မင်းသိစရာမလိုဘူး ဟမ့် ..."
ခွေးဘုရင် ခေါင်းငုံ့ပြီး ပြန်အိပ်သွားသည်။
နယ်ပယ်သခင်တိထိုက်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
" မသေမျိုးအပင်ပေါက်တွေက အိပ်မောကျနေပြီ ... အသက်စမ်းချောင်းက ရေနဲ့ပဲ သူတို့ကိုနှိုးလို့ရမှာ ... ဒါပေမဲ့ ငါကလည်း အခုချိန်မှ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မထားခဲ့နိုင်ဘူး ..."
" အခု ငရဲအကျဉ်းထောင်က အထွဋ်အမြတ်အဆင့်ကျင့်ကြံသူတွေ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲမဝင်နိုင်တာ အရံအတားကြောင့်ပဲ ... ဒါပေမဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဆုတ်ယုတ်နေပြီဆိုတော့ အရံအတားကလည်း သူတို့ကို တောင့်ခံမထားနိုင်တော့ဘူး ... အဲ့ဒါဆိုငရဲအကျဉ်းထောင်က လာတိုက်ခိုက်ပြီး နယ်ပယ်တစ်ခုလုံး ဖျက်ဆီးခံရမှာ ... မသေမျိုးသစ်ပင်ဝိညာဉ်ကိုပါ အနိုင်ယူလိုက်ရင် ငါတို့မှာ မျှော်လင့်ချက် မရှိတော့ဘူ ..."
" အဲ့ဒါကြောင့် ငါဒီမှာနေပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကာကွယ်မှဖြစ်မယ် ..."
နယ်ပယ်သခင်တိထိုက် ရိုးသားစွာဖြင့် အမှန်တရားကိုသာ ပြောလိုက်သည်။
မသေမျိုးအပင်ပေါက်များ အညှောင့်ထွက်လာသည်အထိ ဤအန္တရာယ်များကို နယ်ပယ်တစ်ခုလုံး တောင့်ခံထားရမည်ဖြစ်သည်။
ထို့ကြောင့် နယ်ပယ်သခင်က ပုဖန်ကို အကူအညီတောင်းရုံမှလွဲ၍ မရှိတော့ပေ။ မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့ပင် ဤကိစ္စကို မလုပ်နိုင်ပေ။
ပုဖန် မျက်ခုံးများပင့်လိုက်သည်။
" အသက်စမ်းချောင်းကရေကို ကျုပ်ယူနိုင်မယ်လို့ ယုံကြည်နေတာလား ...
" ဒါပေါ့ ငါမင်းကိုယုံတယ် ပုပုလေး ... အဲ့ဒါက မြင်းသေတစ်ကောင်ကိုသုံးတာနဲ့ ဘာမှမကွာဘူးလေ ..."
တိထိုက် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
ပုဖန် ဆွံ့အသွားသည်။
စားသောက်ဆိုင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။
နယ်သာရီလည်း သူမပြောသင့်သမျှ ပြောပြပြီးပြီဖြစ်၍ တိတ်ဆိတ်နေသည်။ နတ်ဘုရားပျောက်ကွယ်တောင်တန်းမှာ ကမ္ဘာမြေအကျဉ်းထောင်ရှိ အန္တရာယ်ရှိသော တားမြစ်နယ်မြေတစ်ခုဖြစ်သည်။
အကယ်၍ ပုဖန်သွားချင်ပါက သူမ မတားမြစ်ပေ။
ပုဖန် မေးစေ့ကိုပွတ်လိုက်သည်။ ရိုးသားစွာပြောရလျှင် သူမသွားချင်ပေ။
သို့သော် ဤနေရာတွင်ထိုင်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကြီးပြိုလဲသွားမည်ကိုလည်း ကြည့်မနေနိုင်ပေ။ အသက်စမ်းချောင်းမှရေကို ယူဆောင်လာခဲ့ပါက သူ့အတွက်လည်း အကျိုးရှိနိုင်သည်။
သူ၏လယ်ယာမြေတွင်လည်း မသေမျိုးအပင်ပေါက်တစ်ခုရှိပြီး နျိုဟန်စန်းက ၎င်းကိုမနိုးထနိုင်ပေ။ ထို့ကြောင့် အသက်စမ်းချောင်းမှရေကို ယူရန် လိုအပ်လိမ့်မည်။
ပုဖန် တွေးတောနေစဉ်မှာပင် စနစ်၏ တည်ငြိမ်သောအသံက စိတ်ထဲတွင် ပဲ့တင်လာသည်။
" လက်ရှိပစ်ရှင် : ကမ္ဘာမြေအကျဉ်းထောင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားရောက်ပြီး အသက်စမ်းချောင်းကရေကိုယူဆောင်လာပြီး မသေမျိုးအပင်ပေါက်တွေကို ရှင်သန်လာအောင်လုပ်ပါ မစ်ရှင်ဆု : နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ အပိုင်းတစ်ခုနှင့် ဘုံကိုးပါးသိမြင်မှုလက်ဖက်ရွက် ..."
ပုဖန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။ ထို့နောက် အသက်ပြင်းပြင်းရှုလိုက်သည်။ စနစ်က ဤအချိန်မှ ထိုသို့ပြောလာမည်ဟု မထင်ထားပေ။
သို့သော် သူ၏အာရုံစိုက်မှုကို ရရှိသွားသည်က မစ်ရှင်မဟုတ်ပဲ ဆုများဖြစ်သည်။
နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ အပိုင်းတစ်ခုတဲ့လား ... အပိုင်းတွေအကုန် စုပြီးပြီမဟုတ်ဖူးလား ...
ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။
ကျားဖြူကောင်းကင်မီးဖိုကို နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ နောက်ဆုံးအပိုင်းတစ်ခုဟု ထင်ခဲ့သော်လည်း မှားသွားပုံရသည်။
ဤဖော်ပြချက်ကြောင့် ပုဖန် အားတက်သွားပုံရသည်။
နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံက သူ့အတွက်အရေးကြီးသောကြောင့် ဤကဲ့သို့ဆုမျိုးအတွက် သူစောဒက မတက်တော့ပေ။
ထို့အပြင်စာရင်းထဲတွင် ဘုံကိုးပါးသိမြင်မှုလက်ဖက်ရွက်ပါသေးသည်။
ဒါက အံ့ဩစရာကြီးပဲ ...
ပုဖန် မေးစေ့ကိုပွတ်ကာ အတွေးထဲ နစ်မျောနေသည်။
နယ်ပယ်သခင်က ပုဖန်ကို မျှော်လင့်တကြီးကြည့်နေသည်။
ပုဖန် ရုတ်တရက်ခေါင်းမော့ပြီး တိထိုက်ကိုကြည့်လိုက်သည်။ ထို့ကြောင့် တိထိုက် အသက်ရှုရပ်သွားသည်။
" ကျုပ် ကမ္ဘာမြေအကျဉ်းထောင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားပြီး အသက်စမ်းရေကို ရှာပေးမယ် ..."
ပုဖန်က မျက်လုံးများ အရောင်တောက်စွာဖြင့် နယ်ပယ်သခင်ကို ကြည့်နေသည်။
" ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ် ..."