အပိုင်း ၁၁၁၅
Viewers 54k

အခန်း ၁၁၁၅

ကမ္ဘာမြေအကျဉ်းထောင်သို့ နေရာကူးပြောင်းခြင်း


" အခြေအနေလား ..."

ပုဖန်၏ စကားက နယ်ပယ်သခင်ကို အံ့အားသင့်သွားစေသည်။


ပုဖန်က အခြေအနေတစ်ခုတောင်းဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


" ပုပုလေး ငါတို့ကဘာလဲ ... ဘာလို့ အဲ့လိုတောင်းဆိုချက်အကြောင်း ပြောနေရသေးတာလဲ ..."

နယ်ပယ်သခင်တိထိုင်က သူ၏ဆံပင်များကို ညင်သာစွာပွတ်ပြီး ပြုံးနေသည်။


ပုဖန် သူ့ကို ဘာပြောရမည်မသိ ဖြစ်သွားသည်။


" နောက်လှည့်ပြီး ညာဘက်ကွေ့သွားလိုက်တော့ ကျုပ် ခင်ဗျားကို မတွေ့ချင်တော့ဘူး ..."

ထို့နောက် ပုဖန် တစ်ဖက်သို့လှည့်ပြီး မီးဖိုချောင်လိုက်ကာစကိုဖွင့်ကာ အထဲဝင်ရန်ပြင်နေသည်။


သို့သော် နယ်ပယ်သခင်တိထိုက်က တားမြစ်လိုက်သည်။


" ပုပုလေး မင်းပိုပြီး စိတ်မရှည် ဖြစ်လာတာပဲ ... အဲ့လိုပြောတာ မဟုတ်ပါဘူး ... အဲ့လိုစိတ်မရှည်ပုံနဲ့ဆို ဇနီးကောင်းကောင်းရမှာ မဟုတ်ဖူး ..."

နယ်ပယ်သခင်က ရေရွတ်နေသည်။


သို့ရာတွင် ပုဖန်၏ စူးရှခက်ထန်လှသည့်မျက်လုံးများကို မြင်သည့်အခါ ပါးစပ်ပိတ်သွားသည်။


" ကျုပ်ရဲ့အခြေအနေက မခက်ပါဘူး ... ရိုးရိုးရှင်းရှင်းပဲ ..."


သူ၏တောင်းဆိုချက်က နယ်ပယ်သခင်အတွက် အမှန်ပင် မခက်ခဲလှပေ။ 


" ဘာအခြေအနေလဲ ပြောလေ ..."


ပုဖန် နယ်ပယ်သခင်ကိုကြည့်၍ မေးစေ့ကိုပွတ်ကာ နှုတ်ခမ်းများ တွန့်ချိုးလိုက်သည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ မသေမျိုးမီးတောက်တွေရဲ့စာရင်း ရှိတယ်လို့ကြားတယ် ... အဲ့ထဲက ဘယ်သူမှ မပိုင်ဆိုင်ရသေးတဲ့ မသေမျိုးမီးတောက်တွေကို သိချင်တယ် ... တကယ်လို့ မီးတောက်သုံးမျိုးလောက်ကိုပဲ ပြောပြပေးရင်တောင် ကူညီပေးနိုင်တယ် ..."

ပုဖန် ပြောလိုက်သည်။


ပုဖန်၏ တောင်းဆိုချက်က နယ်ပယ်သခင်အတွက်မူ တောင်းဆိုချက်ဟုပင် မခေါ်ဆိုနိုင်ပေ။ ထိုမသေမျိုးမီးတောက်များ၏ တည်နေရာကို သိရုံမျှဖြင့် ၎င်းတို့ကို ရှာဖွေနိုင်သည်။


ယခုသူ့ထံတွင် မသေမျိုးမီးတောက်များကို ပေါင်းစပ်နိုင်သည့်စွမ်းရည်ရှိနေပြီဖြစ်၍ နောက်ထပ်မီးတောက်များ ပေါင်းစပ်ရန် အခွင့်အရေးကို လက်မလွှတ်နိုင်ပေ။ 


မသေမျိုးမီးတောက်များ ပို၍ပေါင်းစပ်နိုင်လေ သူ၏မီးလျှံက ပို၍ အားကောင်းလေဖြစ်ပြီး မြင့်မားသောအဆင့်များအထိ တိုးလာနိုင်သည်။


ဖြစ်နိုင်သည်က အားလုံးကိုပေါင်းစပ်ပြီးသွားပါက အဆင့်သတ်မှတ်ချက်ထဲတွင် စွမ်းအားအကြီးဆုံး မသေမျိုးမီးတောက်ကိုပင် ရရှိနိုင်သည်။


" ပိုင်ရှင်မရှိတဲ့ မသေမျိုးမီးတောက်တွေလား ... ဒါတွေကိုစီမံဖို့က မခက်ခဲပါဘူး ... ယာယာ့ကို မေးလိုက်ရင်ရတယ် ... မင်းပြန်လာရင် ငါကိုယ်တိုင်ပေးမယ် ..."

တိထိုက်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။


ပုဖန် ဘာမှထပ်မပြောတော့ပေ။ ခေါင်းငုံ့လိုက်ပြီးနောက် စားသောက်ဆိုင်အတွင်း တိတ်ဆိတ်သွားပြန်သည်။


ပုဖန် မည်သို့တွေးနေသည်ကို မခန့်မှန်းနိုင်သဖြင့် နယ်သာရီ တစ်စုံတစ်ရာကို ပြောချင်သော်လည်း မပြောတော့ပေ။


ပုဖန်က နတ်ဘုရားပျောက်ကွယ်တောင်တန်း မည်မျှအန္တရာယ်ကြီးကြောင်း မသိသောကြောင့်ဖြစ်မည်။ 

အဲ့ဒီ ခေါင်းမာတဲ့သူက ဘာကိုမှ မကြောက်ဖူး ...


သို့သော် ငရဲကမ္ဘာအမျိုးသမီးက ကမ္ဘာမြေအကျဉ်းထောင်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့၍ တားမြစ်နယ်မြေများက မည်မျှကြောက်စရာကောင်းကြောင်း ရှင်းလင်းစွာ သဘောပေါက်ထားသည်။


" ပုဖန် ..."


" ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှထပ်မပြောနဲ့တော့ ... ကျုပ် ဆုံးဖြတ်လိုက်ပြီ ... မသေချာတဲ့အရာ ဘယ်ဟာကိုမှမလုပ်ဖူးဆိုတာ ယုံပါ ..."

ပုဖန် နယ်သာရီကို စကားဖြတ်ပြောလိုက်ပြီး ပြုပြလိုက်သည်။


နယ်သာရီ အံ့ဩသွားသည်။ မူလက အေးစက်နေသည့် သူမ၏မျက်နှာက ပို၍ အေးစက်လာပြီး ပုဖန်ကို ခေါင်းငြိမ့်ပြလိုက်သည်။


သူမ ပုဖန်ကို ယုံကြည်သည်။


" ပုပုလေး ကမ္ဘာမြေအကျဉ်းထောင်အထိ ငါမင်းကို လက်ဗလာနဲ့ မသွားခိုင်းပါဘူး ... တားမြစ်နယ်မြေတွေက အရမ်းအန္တရာယ်များတယ် မင်းကိုငါက ငတုံးလိုမျိုးသွားခိုင်းပါ့မလား ..."

တိထိုက် အပြုံးဖြင့်ပြောလိုက်သည်။


သူ့လက်ကိုဝှေ့ယမ်းလိုက်သည်အခါ အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ခဏတွင်းချင်းပင် လက်ထဲ၌မြောက်များစွာသော ကျောက်စိမ်းအဆောင်အင်းကွက်များ ပေါ်လာသည်။


ပုဖန်ကို အဆောင်များပေးပြီးသည့်အခါ နယ်ပယ်သခင်တိထိုက် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။

" ဒါတွေက အသက်ကယ်လို့ရတဲ့ အဆောင်တွေပဲ ... မတွန်းလှန်နိုင်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့လာခဲ့ရင် ဒါကိုသုံးပြီး ကိုယ့်အသက်ကိုယ် ကာကွယ်ပါ ... ငါ့ကိုဆင့်ခေါ်လိုက်ရင်လည်းရတယ် ... ငါချက်ချင်းရောက်လာပြီး မင်းနဲ့တူတူ ထွက်ပြေးမယ်လေ ..."


ပုဖန် တဗျစ်တောက်တောက် မပြောသလို ယဉ်ကျေးစွာလည်း မပြုမူခဲ့ပါ။ စိတ်ထဲ တစ်ချက်လှုပ်ရှားပြီး ထိုအဆောင်များကို တစ်ခုပြီးတစ်ခု သိမ်းယူထားလိုက်သည်။


ဤကဲ့သို့ကိစ္စများတွင် အကျိုးမရှိသည့်စကားများ မပြောလိုပေ။ 


ပုဖန် အဆောင်များကို သိမ်းပြီးသည့်အခါ လက်နှစ်ဖက်လုံး စားပွဲပေါ်တင်ကာ နယ်ပယ်သခင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

" တခြား ဘာပြောစရာရှိသေးလဲ ..."


နယ်ပယ်သခင်တိထိုက် အနည်းငယ်ရှက်ရွံ့သွားပြီး ပုဖန်ကို ငေးကြည့်လိုက်ကာ လက်ကိုလှမ်းဆွဲထားရန် ပြင်လိုက်သည်။


" ပုပုလေး ငါတို့ရဲ့ခင်မင်မှုကိုထောက်ထားပြီး ထစ်ချုန်းမိုးအမဲသားလုံးလေးနည်းနည်း ပေးခဲ့ပါလား ... အများကြီးမလိုပါဘူး တစ်ဒါဇင်လောက်‌ဆိုရပြီ ..."

တိထိုက်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။


" မရဘူး ... ဝေးဝေးနေ ... ခင်ဗျားထပ်ပြောရင် ခွေးဘုရင်ကို ခေါ်လိုက်မယ် ..."


တိထိုက် ဆွံ့အသွားသည်။


" ညစ်ပတ်တဲ့ လူလိမ်လူကောက် ..."

သူ‌ ရေရွတ်လိုက်သည်။ ပြောစရာရှိသည်များ အားလုံးပြောပြီးပြီဖြစ်၍ ဤနေရာတွင် ဆက်နေပါကလည်း ဘာမှလုပ်စရာမရှိတော့ပေ။


ထို့ကြောင့် ပုဖန်ကိုနှုတ်ဆက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။


အမှန်တကယ်တွင် ယခုအချိန်၌ သူ့ထံတွင် အာရုံစိုက်စရာ ကိစ္စများစွာရှ်ိနေသောကြောင့် ကြာကြာမနေနိုင်ပေ။ မဟုတ်ပါက တွယ်တာရာမဲ့စမ်း‌‌ချောင်းဝါဝိုင်ကိုသောက်ရန် စားပွဲခြေထောက်ကိုပါ ဖက်ထားမည်ဖြစ်သည်။


" ပုပု‌လေး ဘယ်အချိန်စထွက်မှာလဲ ..."

နယ်ပယ်သခင်က မျက်လုံးများပင့်ကာ မေးလိုက်သည်။


ပုဖန် စောစီးစွာထွက်ခွာ၍ အသက်စမ်းချောင်းမှရေကို မြန်မြန်သွားယူရန် မျှော်လင့်နေမိသည်။ မဟုတ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် မည်မျှကြာကြာ တောင့်ခံနိုင်မည်ကို မသိပေ။


သူ၏ခန့်မှန်းချေအရ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တစ်လခန့်သာ တောင့်ခံထားနိုင်တော့မည်။


ထိုတစ်လကုန်ဆုံးသွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ပြိုလဲသွားမည်ဖြစ်သည်။


ထို့အပြင် တစ်လအကြာတွင် နတ်ဘုရားစားဖိုမှူးချိပ်ပိတ်ခဲ့သောအရံအတားမှာ ပျက်စီးလုနီးနီး ဖြစ်လာလိမ့်မည်။ ထိုအခါတွင် ကြေးတံခါးကြီးကလည်း ငရဲအကျဉ်းထောင်ကျင့်ကြံသူများကို တားဆီးနိုင်လိမ့်မည် မဟုတ်တော့ပေ။


ထို့ကြောင့် မသေမျိုးသစ်ပင်၏ဝိညာဉ်က အိပ်စက်နေဆဲဖြစ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက် စစ်မှန်သောဘေးဥပဒ်ဖြစ်စေလိမ့်မည်။


" ကျုပ် ပစ္စည်းတချို့ ပြင်ဆင်ရဦးမယ် အဲ့ဒါမှ မနက်ဖြန်မနက်လောက် ထွက်နိုင်မှာ ..."

ပုဖန် ပြောလိုက်သည်။


တိထိုက်၏မျက်လုံးများ အရောင်တောက်သွားသည်။ ပုဖန်ကို ခဏစိုက်ကြည့်နေပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် စားသောက်ဆိုင်တံခါးကို တွန်းဖွင့်ကာ ထွက်သွားသည်။


တခါးတကျွိကျွိမြည်သံ ထွက်ပေါ်လာသည်။


" ငါတို့ မင်းကိုအားကိုးမယ်နော် ..."


နယ်ပယ်သခင်၏ အသံထွက်ပေါ်လာသော်လည်း လူက အဝေးသို့ရောက်သွားပြီဖြစ်သည်။


စားသောက်ဆိုင်ထဲမှ လေထုကတိတ်ဆိတ်သွားပြန်သည်။


" ကျွန်မလည်းသွားမယ် ..."

နယ်သာရီ၏ မျက်လုံးများက ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


" မရဘူး ..."


ပုဖန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပန်းကန်လုံးများကို သိမ်းဆည်းနေသည်။ သူ၏တင်းမာသော ငြင်းဆိုမှုကြောင့် သူမ ကန့်ကွက်ရန်လမ်းစ ရှာမတွေ့ခဲ့ပေ။


နယ်သာရီ မျက်ခုံးများပင့်ထားပြီး ပုဖန်ကို ဘာမှမပြောပဲ စိုက်ကြည့်နေသည်။


" မင်းရဲ့ခန္ဓာကိုယ်မှာ ကျိန်စာတွေရှိတယ် ... အဲ့ဒါကြောင့် ငါတစ်ယောက်တည်းသွားတာက ပိုအဆင်ပြေလိမ့်မယ် ..."

ပုဖန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။


ပုဖန်၏ သရဲဇာတ်လမ်းများကို နယ်သာရီ မယုံကြည်ပေ။


သူမတွင် ကျိန်စာရှိသည်ဖြစ်၍ ယင်းလုံ၏ကျင့်ကြံသူများက သူမကိုဖမ်းခေါ်သွားနိုင်သည်ကို ပုဖန်စိုးရိမ်နေကြောင်း သူမသဘောပေါက်သည်။ ပုဖန်၏ ဟင်းလျာက ၎င်းတို့ကိုဖိနှိပ်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုက လျော့ပါးသွားသည်။


၎င်းကို ယင်းလုံသိရှိသွားပါက သူမ ကမ္ဘာမြေအကျဉ်းထောင်မှ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။


သူမ စိတ်ကောက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အသက်ရှုထုတ်လိုက်တိုင်း အဖြူရောင်မီးခိုများ ထွက်လာသည်။


ပုဖန်၏ နှုတ်ခမ်းက တစ်ကြိမ်ခန့် တွန့်ချိုးသွားသည်။ လက်ဆတ့်ထုတ်လိုက်ပြီးနောက် နယ်သာရီ၏ခေါင်ကို ခပ်ဖွဖွ ပုတ်လိုက်သည်။

" လိမ်လိမ်မာမာနဲ့စောင့်နေပါ ... ပြန်ရောက်လာရင် အစားအသောက်ကောင်းကောင်းတွေ ချက်ကျွေူမယ်လေ ..."


ထို့နောက် ပန်းကန်လွတ်များကို ယူဆောင်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။


နယ်သာရီနှုတ်ခမ်းစူထားသည်။ သူမ ‌မကျေနပ်နိုင်သေးပေ။



နယ်ပယ်သခင်တိထိုက် ပဉ္စမအလွှာသို့ ပြန်ရောက်သည့်အခါ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ အင်မော်တယ်စားဖိုမှူးအားလုံးကို စုစည်းရန် မိုးကြိုးကဲ့သို့ လျင်မြန်စွာ အမိန့်ထုတ်ပြန်လိုက်သည်။


သားရဲအသိုက်ကို တွန်းလှန်ရန်အတွက် သူတို့အားလုံးလက်တွဲရန် လိုအပ်သည်။


ထို့နောက် မြောက်များစွာသော ကျင့်ကြံသူများ မြို့ရိုးဆီသို့သွားကာ ကြမ်းကြုတ်သည့်သားရဲများကို တိုက်ခိုက်ကြသည်။


ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုများဖြင့် ပိတ်ဆို့တိုက်ခိုက်ကြသဖြင့် သားရဲများဟိန်းဟောက်အော်မြည်ပြီး သေဆုံးကုန်ကြသည်။


လူများစွာက နယ်ပယ်သခင်တိထိုက်ကို ရွှေရောင်သံချပ်ဝတ်ဖြင့် တွေ့မြင်လိုက်ရသည်။ မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ ကောင်းကင်မှဆင်းသက်လာပြီး ခုတ်ပိုင်းလိုက်ရာ သားရဲများစွာက ဤဓားချက်အောက်တွင် မှိုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


ဖြေးဖြေးမှန်မှန်ဖြင့် တည်ကြည်စွာ တိုက်ခိုက်နေသည့် နယ်ပယိသခင်တိထိုက်ကို ကြည့်ရသည်မှာ မလွှမ်းမိုးနိုင်ပုံရသဖြင့် အင်မော်တယ်စားဖိုမှူးများ မျှော်လင့်ချက်ရောင်ခြည် သန်းလာသည်။


တစ်ချိန်တည်းမှာပင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၌ ရှုပ်ထွေးမှုများ ပိုမိုဖြစ်ပေါ်လာသည်။


နယ်သာစားဖိုမှူးအုပ်စုက နေရာအနှံ့မှ အင်မော်တယ်စားဖ်ိုမှူးများကို စတင်စိန်ခေါ်ကြသဖြင့် အင်မော်တယ်စားဖိုမှူးများ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဆုံးရှုံးပြီး ချက်ပြုတ်ပိုင်ခွင့်များလည်း ဆုံးရှုံးသွားကြသည်။


ဤအကျပ်အတည်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း ကြာရှည်မခံခဲ့ပေ။


နယ်ပယ်သခင်တိထိုက်ရောက်လာပြီး နယ်သာစားဖိုမှူးများကို နှင်ထုတ်ခဲ့သည်။


အင်မော်တယ်စားဖိုမှူးများကို အသက်ရှုချိန်ပေးခဲ့သည်ဟု ဆိုရမည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကျင့်ကြံသူများ လုံခြုံသွားသည်ဟု ခံစားရပြီး စိတ်အေးလက်အေး နေနိုင်သွားကြသည်။


နယ်ပယ်သခင်တိထိုက်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နှလုံးသားဖြစ်သည်။ မသေမျိုးသစ်ပင်ကြီးလည်း သေဆုံးသွားသဖြင့် ရုတ်ချည်းဖြစ်ပေါ်လာသော ကပ်ဘေးကို တားဆီးပေးရန် နယ်ပယ်သခင်တစ်ဦးတည်းကိုသာ မှီခိုရမည်ဖြစ်သည်။


ကျင်းလောနှင့် အခြားသူများလည်း ပြဿနာမတက်လိုကြပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်က အထွဋ်အမြတ်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသည့် ကျင့်ကြံသူဖြစ်သည်။ သူတို့က ငရဲအကျဉ်းထောင်တွင် မြင့်မြတ်သည့်အဆင့်အတန်းများ ရှိကြသော်လည်း ထိုသို့စွမ်းအားကြီးသော ကျင့်ကြံသူရှေ့တွင် ရိုင်းစိုင်းစွာ မပြုမူရဲကြပေ။


ထို့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကြီး လုံးဝ ပျက်စီးသွားမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြမည်ဖြစ်သည်။


ထိုအခါမှ လှုပ်ရှားကြရန် ကြံစည်ထားသည်။


မည်သို့ပင်ဖြစ်စေ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ရှိသော အင်မော်တယ်စားဖိုမှူးမြောက်များစွာရှိသည်။ ၎င်းတို့ကို ဖမ်းဆုပ်နိုင်သည်နှင့် သူတို့၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ဘုံကိုးပါးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။


ထို့အပြင် ဤဘုံကိုးပါးက လျှို့မော့ပိုင်ရရှိသကဲ့သို့ ပြဿနာများမည် မဟုတ်ပေ။


ထို့ကြောင့် ကျင်းလောနှင့် ငရဲအကျဉ်းထောင်နောက်လိုက်များက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဖြစ်ပေါ်လာမည်များကိုသာ စောင့်မျှော်နေလိုက်ကြသည်။



နယ်ပယ်သခင်တိထိုက် မသေမျိုးသစ်ပင်နေရာတွင် ရုတ်တရက် ပေါ်လာသည်။


ဤအချိန်တွင် နေရာတစ်ခုလုံး ပျက်စီးနေပြီး အထက်တွင်လည်း မဲမှောင်နေသည့် ကောင်းကင်ကြီးသာရှိသည်။


မသေမျိုးသစ်ပင်ဝိညာဉ်က နက်ရှိုင်းစွာ အိပ်မောကျနေသည်။


ထို့အပြင် ထိုဝိညာဉ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စွမ်းအင်အားလုံးကို မသေမျိုးသစ်ပင်ကြီး မခြောက်သွေ့သွားအောင် စုဝေးနေသည်။


ဤဖြစ်စဉ်က အနောက်ဘက်မှနံရံကိုပြုပြင်ရန် အရှေ့ဘက်ရှိနံရံကို ဖြိုဖျက်နေသည်နှင့် တူညီပြီး ပြဿနာ၏ မူလဇစ်မြစ်ကို မဖျက်ဆီးနိုင်ပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စွမ်းအင်များ ခမ်းခြောက်ကုန်ဆုံးသွားပါက မသေမျိုးသစ်ပင်ဝိညာဉ်က အိပ်မောကျလျက် သေဆုံးသွားမည်ဖြစ်သည်။


ထိုအခါ နယ်ပယ်တစ်ခုလုံး လုံးဝပျက်စီးသွားလိမ့်မည်။


ဟင်း ...


နယ်ပယ်သခင်တိထိုက် ခေါင်းမော့၍ အဝေးကိုကြည့်နေစဉ်တွင် သူ၏ရွှေရောင်ဆံပင်များက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။


သူ၏မျက်လုံးထဲတွင် ဧရာမသစ်ပင်ကြီးက အဝေးတွင် တိတ်ဆိတ်စွာ ရပ်တည်နေသည်။


သေဆုံးခြင်းအော်ရာများက သစ်ပင်တစ်ဝိုက် ရစ်ဝဲနေသည်။ အသက်ရှုလိုက်တိုင်း အလင်းတန်းအစက်အပြောက်များ စုဝေးလာသည်ကို မြင်နိုင်သည်။


" သစ်ပင်ကြီး တစ်ဆင့်ချင်းပျက်သုဉ်းလာတာကိုမြင်နေရတာ ခံစားချက်မကောင်းလိုက်တာ ... ပုပုလေးက ငါ့ကိုမျှော်လင့်ချက်တွေယူလာပေးဖို့မျှော်လင့်တယ် ..."


နယ်ပယ်သခင်တိထိုက် အသက်ပြင်းပြင်းရှုပြီး လက်ထဲကိုကြည့်လိုက်သည်။


အပင်ပေါက်နှစ်ခုက အရောင်တောက်ပလျက် လက်ဝါးပေါ်တွင်ရှိနေသည်။


၎င်းက မသေမျိုးအပင်ပေါက်နှစ်ပင်ဖြစ်ပြီး ၎င်းတို့၏ မျှော်လင့်ချက်များကို ရုပ်လုံးသွင်းပေးမည့်အရာဖြစ်သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ


ညအချိန်ဖြစ်သည်။


မသေမျိုးမြို့တော်၏ ညအချိန် မြင်ကွင်းက အံ့မခမ်းစရာပင်ဖြစ်သည်။


ပုဖန် စားသောက်ဆိုင်၏တံခါးများဖွင့်ကာ လမ်းလျှောက်ထွက်သွားသည်။ အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေသဖြင့် အနီရောင်စားဖိုမှူးဝတ်ရုံ၏ အင်္ကျီလက်များက လေနှင့်အတူ လွင့်နေသည်။


ယနေ့ညအတွက် ပုဖန်၏ရည်မှန်းချက်က မသေမျိုးမြို့တော်တစ်ဝိုက် လမ်းလျှောက်ထွက်ရန်ဖြစ်သည်။


အသက်စမ်းရေကိုယူရန် ‌ကမ္ဘာမြေအကျဉ်းထောင်၏ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို နောက်နေ့မနက်တွင် သွားရမည့်ခရီးအတွက် ကောင်းမွန်စွာ ပြင်ဆင်ပြီးပြီဖြစ်သည်။


လောလောဆယ်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကျက်သရေနှင့် ကြွယ်ဝမှုကို သူကိုယ်တိုင်မျက်မြင်တွေ့လိုသည်။


အကယ်၍ အသက်စမ်းရေကို မရရှိပဲ မစ်ရှင်ကျရှုံးသွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ လှပသောအရာများမှာ မီးခိုးကဲ့သို့ ပျောက်ကွယ်သွားမည်ဖြစ်သည်။


အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး ပျောက်ကွယ်သွားမည်ကို ပုဖန် မစိုးရိမ်ပေ။ စနစ်မှ တည်ဆောက်ပေးထားသောဆိုင်ဖြစ်၍ လွယ်လွယ်ဖြင့် ဖြိုခွင်းခံရမည်မဟုတ်ပေ။


သို့သော် ထိုအချိန်တွင် ဤကဲ့သို့ ကြွယ်ဝမှုများ ရှိနိုင်တော့မည် မဟုတ်ပေ။


ပုဖန် သက်ပြင်းချလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က နေ့ဘက်တွင် အလွန်ပူပြီး ညပိုင်းတွင် ‌ခါးသီးစွာ အေးစက်လွန်းသည်။


ပုဖန် ပါးစပ်ဟလိုက်သည့်အခါ အဖြူရောင်ရေငွေ့များ ထွက်လာသည်။


နောက်ပိုင်းတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ‌ရာသီဥတုက ပုံမှန်မဟုတ်တော့ပေ။


ပုဖန် လမ်းကြားလေးထဲမှ ထွက်လာပြီး လမ်းမကြီးဆီသို့ ဦးတည်လိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ပထမဆုံးအကြိမ် လာခဲ့စဉ်က တက်ကြွပြီး စည်ကားသော လမ်းရှည်ကြီးကို သူမြင်ခဲ့ရသည်။


ညနက်လာသည်နှင့်အမျှ အအေးပိုလာသည်။


သို့သော် လမ်းတစ်လျှောက်မှ လေထုက အလွန်အသက်ဝင်လွန်းသည်။ လမ်းတစ်လျှောက် အလင်းရောင်ကောင်းစွာရပြီး ဈေးသည်များ၏ အော်ဟစ်သံများဖြင့် ပြည့်နေသည်။


မီးတောက်များ၏ တရှဲရှဲအသံနှင့် ဒယ်အိုးများထဲတွင် ကြော်ချက်နေသည့်အသံများ ကြရသည်။


လေထုထဲတွင် ချိုမြသည့်ရနံ့များဖြင့် ပြည့်နေသည်။


စွပ်ပြုတ်များ တပွက်ပွက်ဆူပွက်နေကာ တရှဲရှဲအသံများမြည်နေသည်။ ပါဝင်ပစ္စည်းများကို အိုးထဲထည့်လိုက်သည့်အခါ အချို့လူများက မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။


၎င်းက ပုဖန် ဤကမ္ဘာသို့သယ်ဆောင်လာသည့် ဟော့ပေါ့ဖြစ်သည်။


အံ့အားသင့်ဖွယ်ကောင်းလွန်းသဖြင့် ပုဖန် တစ်ဖက်လှည့်ကာ ကြည့်လိုက်သည်။


၎င်းက ပုဖန် ဖန်တီးထားသည့်ဟင်းလျာကို မြို့ထဲတွင် ပထမဆုံး ရောင်းချသည့်ဆိုင်ဖြစ်သည်။


ယခုအချိန်တွင် မြောက်များစွာသော စားသောက်ဆိုင်များက သူ၏ဟင်းလျာကို ရောင်းချနေကြသည်။ သို့သော်လည်း အနေအထားနှင့် အရသာများကမူ ပုဖန်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။


သို့သော် သူတို့၏စားသောက်ဆိုင်များက စားသုံးသူများစွာဖြင့် ပြည့်နှက်နေသဖြင့် ပုဖန်ကို လန့်သွားစေသည်။


ကောင်းကင်မှ နှင်းပွင့်များ စတင်ကျလာပြီး ငှက်မွှေးများကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


အရာအားလုံးကို အဖြူရောင် ချည်ထည်ဖြင့် ဖုံးအုပ်ထားသည်ဟုပင် ထင်ရသည်။


ပုဖန် လက်မြှောက်ပြီး နှင်းပွင့်များကို လက်ဖဝါးပေါ်တင်ကာ အရည်ပျော်ကျသွားသောအခါ အေးစက်မှုကို ခံစားလိုက်သည်။ သူ၏အေးစက်သောမျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။


ခေါင်းမော့ကြည့်လိုက်သည့်အခါ နှင်းပွင့်များက သူ့မျက်နှာပေါ် ကျလာသည်။


ညကောင်းကင်အောက်တွင် ကြီးကျယ်ခမ်းနားသော ရောင်စုံမီးရောင်များက ထိုနှင်းပွင့်များပေါ်တွင် ရောင်ပြန်ဟပ်နေသည်။


မြင်ကွင်းက ခမ်းနားလွန်းနေတယ် ...


" အရမ်းလှတာပဲ ... ဒီလို လှပတဲ့မြင်ကွင်းသာ ပျောက်ကွယ်သွားရင် ငါတော့ နောင်တအကြီးကြီး ရလိမ့်မယ်ထင်တယ် ..."

ပုဖန် ရေရွတ်လိုက်သည်။


ခးအချိန်အတော်ကြာပြီးနောက် စားသောက်ဆိုင်တစ်ခုကို ကျပန်းရွေးချယ်ပြီး ဝင်ထိုင်လိုက်သည်။ 


" အာ ... ဧည့်သည် ဘာမှာချင်လဲမသိဘူး ..."


စားသောက်ဆိုင်၏ပိုင်ရှင်က ဧည့်သည်တစ်ယောက်ဝင်လာသည်ကိုမြင်၍ လာရောက်ဧည့်ခံသည်။ သို့သော် ခဏအကြာတွင် ပိုင်ရှင်က အံ့ဩသွားသည်။


" ဝိုး ပိုင်ရှင်ပုပဲ ... ဒီလိုသေးနုပ်တဲ့ စားသောက်ဆိုင်ကို ဘာလို့များ ရောက်လာရတာလဲ ... အားကျိ မီနူးယူလာစမ်း ... ငါတို့မှာ အထူးဧည့်သည်ရှိတယ် ..."


ပိုင်ရှင်က အသစ်ဝင်လာသည့်ဧည့်သည်ကို ပုဖန်မှန်းသိသွားသည့်အခါ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။


ပုဖန်က ပထမအလွှာတွင် အလွန်နာမည်ကြီးသူဖြစ်သည်။ 


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားကာ မီနူးကိုကြည့်၍ ဟင်းလျာတစ်ပွဲမှာလိုက်သည်။



ဤစားသောက်ဆိုင်က နာမည်ကြီးလှသည်။


ပုဖန် စိတ်ကူးထားခဲ့သလောက် အရသာမရှိသော်လည်း စားသောက်ဆိုင်အတွင်းမှလေထုက ကြည်နူးဖွယ်ကောင်းပြီး အတိတ်ကို သတိရစေသည်။


၎င်းက သူ၏ယခင်ဘဝမှ စားသောက်ဆိုင်များ၏ စည်ကားပြီး အသက်ဝင်သောမြင်ကွင်းများကို အမှတ်ရစေသည်။


ရုတ်တရက် ထိုမြင်ကွင်းများ မည်သည့်အခါမှ ပျောက်ကွယ်မသွားစေရန် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။


" ငါကြိုးစားပြီး အသက်စမ်းရေကို ရှာမှဖြစ်မယ် ... နယ်ပယ်သခင်တိထိုက်အတွက်မဟုတ်ရင်တောင် ဒီစားသောက်ဆိုင်တွေ ကောင်းဖို့အတွက်ပဲ ..."

ပုဖန် ‌ရိုးသားစွာတွေးပြီး စိတ်ဆုံးဖြတ်လိုက်သည်။



နောက်နေ့မနက်တွင် ကောင်းကင်က အလွန် ကြည်လင်နေသည်။


ညအချိန်ကုန်‌ဆုံးသွားသည့်အခါ နှင်းများလည်း ပျောက်ကွယ်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အပူချိန်က တစ်ဟုန်ထိုး တက်လာသည်။


ပုဖန် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးထဲတွင် ရပ်နေသည်။


လက်နောက်ပစ်လျက် သူ၏မျက်လုံးများက တည်ငြိမ်နေသည်။ ဦးခေါင်းအထက်တွင် အလင်းရောင်အစက်အပြောက်များ ပြန့်ကျဲနေသည်။


စနစ်၏ လေးနက်သောအသံ ပဲ့တင်လာသည်။


" နေရာကူးပြောင်းအစီအရင် ပြီးမြောက်ပါပြီ ... ကမ္ဘာမြေအကျဉ်းထောင်ကို နေရာကူးပြောင်းဖို့ နံပါတ်စတင်ရေတွက်ပါမယ် တစ် နှစ် သုံး ... နေရာကူးပြောင်းမှု စတင်ပါပြီ ..."