အခန်း ၁၁၁၉
ဧကရီဘုရင်မကြီးပိလော့နှင့် တော်ဝင်စားသောက်ပွဲကြီး
" ကဲအခု မင်းရဲ့နာမည်ပြောပြပါဦး ..."
ဧကရီဘုရင်မကြီး၏ရယ်သံက နန်းတော်ထဲတွင် ပဲ့တင်ထပ်နေသည်။ သူမ၏အသံက ကြားရသူတိုင်းအတွက် သာယာနာပျော်ဖွယ်ဖြစ်နေသည်။ အသံက နူးညံ့ညင်သာနေသော်လည်း ထိုအသံထဲတွင် အေးစက်မှုများ ရှိနေဆဲဖြစ်သည်။
သူမ၏စကားက ပုဖန်ကို အံ့အားသင့်သွားစေသည်။
သူက နှစ်ထောင်ပေါင်းများစွာအတွင်း ဒီနေရာကို ခြေချဖူးတဲ့ ဒုတိယမြောက်ယောက်ျားလား ...
ပထမတစ်ယောက် နာမည်က ငရဲဘုရင်ထျန်စန်းတဲ့လား ...
နပေါဦး ...
ပုဖန် ရှုပ်ထွေးသွားသည်။ ဧကရီဘုရင်မကြီးကို ကြည့်နေသည့် မျက်လုံးများက သံသယများနှင့် ပြည့်သွားသည်။
" ငရဲဘုရင်ထျန်စန်းက ဘယ်သူလဲ ... ကျုပ်သိတဲ့ ငရဲဘုရင်နာမည် အာဟပါ ..."
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးလျက် မေးလိုက်သည်။
" ငရဲဘုရင်အာဟလား ... ငါ သူ့ကိုမသိဘူး ... ဘယ်လိုပဲဖြစ်ဖြစ် ငရဲဘုရင်ထျန်စန်းကတော့ အရမ်းကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို စွမ်းအားကြီးတယ် ... ငါ့အမေ အယ် ... ငရဲဘုရင်ထျန်စန်းက သေသွားပြီတဲ့ ... ငါကြားတာတော့ ငရဲအကျဉ်းထောင်ကို သွားတိုက်ခိုက်ခဲ့ပြီး အိမ်နဲ့အဝေးမှာ သေခဲ့ရတယ်တဲ့ ..."
ဘုရင်မကြီးက သူမ၏ရွှေပလ္လင်တွင် ပြန်ထိုင်လိုက်ပြီး ခြေချောင်းသွယ်သွယ်များကို ချိတ်ထားသည်။
သူမခေါင်းမော့၍ ပုဖန်ကို ကြည့်နေသည်။
" ငရဲနန်းတော်ကို တိုက်ခိုက်ပြီး အိမ်နဲ့ဝေးရာမှာသေတယ် ..."
ပုဖတ် လေအေးကိုရှုရှိုက်လိုက်ရသည်။ ဤအကြောင်းအရာကို ကြားပြီးနောက် ငရဲဘုရင်ထျန်စန်း မည်သူဖြစ်ကြောင်း သူသိရှိသွားသည်။
" အဲ့ဒါ ငရဲဘုရင်အာဟရဲ့ အဖေလား ..."
" အင်း ... ငါသူ့ကို ဂရုမစိုက်ပါဘူး ... မင်းနာမည်ပြောပြဦးလေ ... မင်းကဘာလို့ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်တာလဲ ..."
ဧကရီဘုရင်မကြီးက ထိုကိစ္စများကို ဖြစ်လေ့ဖြစ်ထများဟုပင်တွေးပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
အခြားမိန်းမများလည်း အကြည့်ချင်းဖလှယ်နေကြပြီး ပြောစရာစကားများ ပျောက်ရှကုန်သည်။
သို့သော်လည်း သူတို့ဧကရီ၏ စုံစမ်းမေးမြန်းခြင်းကို မနှောင့်ယှက်ကြပေ။ ထိုသို့ပြုလုပ်ကြရန်လည်း သတ္တိမရှိပေ။
" ကျုပ်နာမည်က ပုဖန်လို့ခေါ်ပါတယ် ... စားဖိုမှူးတစ်ယောက်ပါ ..."
ပုဖန် တင်းမာစွာပြောလိုက်သည်။
" စားဖိုမှူးလား ..."
ပုဖန် ပြောလိုက်သည်နှင့် နန်းတော်တစ်ခုလုံး ဆူညံ့အော်ဟစ်ကုန်ပြန်သည်။
ဧကရီဘုရင်မကြီးက ခဏတာအံ့ဩသွားပြီးနောက် သူမ၏နီရဲသော နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
" စားဖိုမှူးလား ... မီးဖိုချောင်ထဲမှာ တစ်ခုခုချက်ရတဲ့လူပေါ့ ..."
" ခင်ဗျား နားလည်ထားတာ မှန်ကန်ပါတယ် ..."
ပုဖန်ပြောလိုက်သည်။
သူက စားသောက်ဆိုင်များသာ ဖွင့်လှစ်သည့် ရိုးရှင်းသည့်စားဖိုမှူးတစ်ယောက်သာဖြစ်သည်။
" စိတ်ဝင်စားစရာပဲ ... မင်းရဲ့အချက်အပြုတ်က ငါတို့ရဲ့ နွေဦးလေပြည်စားသောက်ဆိုင်က စားဖိုမှူးတွေနဲ့ နှိုင်းယှဉ်လို့ရနိုင်လား ... နွေဦးလေပြည်စားသောက်ဆိုင်က စားဖိုမှူးက ငါတို့မြို့တော်မှာ အကောင်းဆုံးပဲ ..."
ပလ္လင်ပေါ်တွင် သက်တောင့်သက်သာထိုင်နေသည့် ဘုရင်မကြီးက အေးအေးလူလူပြောလိုက်သည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ဧကရီဘုရင်မကြီး၏ ရည်ရွယ်ချက်ကို သူ နားမလည်ပေ။
သို့သော် သူ သက်ပြင်းချလိုက်သည်။
" ကျုပ်ကို ဘယ်သူမှမကျော်လွှားနိုင်ဘူး ..."
ထိုစကားများက ခန်းမထဲတွင် ပဲ့တင်သွားပြီး ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။
ဒီယောကျာ်းက အရမ်းကိုစိတ်ကြီးဝင်နေတာပဲ ...
နွေဦးလေပြည်စားသောက်ဆိုင်မှ စားဖိုမှူးက သူတို့၏ နတ်ဘုရားမမြို့တော်တွင် အကောင်းဆုံးစားဖိုမှူးဖြစ်သည်။ ဘုရင်မကြီးက အင်ပါယာစားသောက်ပွဲကြီးကျင်းပတိုင်း နွေဦးလေပြည်စားသောက်ဆိုင်မှ စားဖိုမှူးကိုခေါ်ယူ၍ ချက်ပြုတ်ခိုင်းလေ့ရှိသည်။
အခုဒီယောကျာ်းက နွေဦးလေပြည်စားသောက်ဆိုင်က စားဖိုမှူးထက် အချက်အပြုတ်တော်တယ် ပြောလိုက်တာလား ...
ပုဖန်၏ မျက်နှာ၏ မျက်နှာအမူအရာက အေးစက်နေသည်။
ဧကရီဘုရင်မကြီးက မျက်လုံးများမှေးစင်း၍ ပုဖန်ကို လေ့လာနေသည်။ ခဏအကြာတွင် သူမ လက်မြှောက်လိုက်သည်။
" မင်းက နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်တာမလား ... အဲ့နေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ သိရဲ့လား ..."
ဘုရင်မကြီးက မေးလိုက်သည်။
" ကမ္ဘာမြေအကျဉ်းထောင်ရဲ့ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို မဖြစ်မနေသွားရမယ်ဆိုတာပဲ ကျုပ်သိပါတယ် ..."
ပုဖန်၏ အသံက အလွန်လေးနက်နေသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကံကြမ္မာက ဤမစ်ရှင်၏ ရလဒ်ပေါ် မူတည်နေသည်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ အသက်စမ်းချောင်းမှရေကို ရယူရမည်ဖြစ်သည်။
" မင်းဘာလို့ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်နေလဲတော့မသိဘူး ... ဘာပဲဖြစ်ဖြစ်လေ ငါသိဖို့လည်း မလိုပါဘူး ... ဒါပေမဲ့ ငါမင်းကို အခွင့်အရေး ပေးနိုင်ပါတယ် ... မင်း ဖမ်းဆုပ်နိုင်မလားတော့ ကြည့်ရသေးတာပေါ့ ..."
ဘုရင်မကြီးက သူမနှုတ်ခမ်းပေါ်တွင် လက်ချောင်းသွယ်သွယ်များကို တင်ထားလျက် ပုဖန်ကို ကြည့်နေသည်။
" ဘာများပါလိမ့် ... ကျုပ် တကယ်အချိန်မရဘူး ..."
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
" မင်း အလျင်လိုနေတယ်ပြောလည်း အသုံးမဝင်ဘူး ... နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်တယ်ဆိုရင် ငါကိုယ်တိုင်လမ်းပြဖို့ကို မင်းလိုအပ်မှာပဲ ... ငါသာ မခေါ်သွားရင် မင်းအဲ့ဒီကိုရောက်မှာ မဟုတ်ဖူး ..."
ဘုရင်မက ခပ်ဖျော့ဖျော့ပြုံးပြပြီး ဆက်ပြောလိုက်သည်။
" ငါပေးတဲ့ အခွင့်အရေးကို ဖမ်းဆုပ်ရုံကလွဲပြီး မင်းမှာ ရွေးချယ်စရာမရှိဘူး ... ငါမင်းကို နတ်ဘုရားပျောက်ကွယ်တောင်တန်း ခေါ်သွားနိုင်ဖို့လည်း ဖြစ်နိုင်ချေရှိတာပဲ ..."
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။ အကယ်၍ ဧကရီဘုရင်မကြီး၏ စကားများက မှန်ကန်ခဲ့လျှင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားရန်က အလွန်ခက်ခဲလိမ့်မည်။
" ကောင်းပြီ ကျုပ်သဘောတူပါတယ် ... ဘာလိုချင်တာလဲ ပြောပါ ..."
ပုဖန် သက်ပြင်းချလိုက်သည်။ သူ၏လက်မောင်းပေါ်သို့ ပတ်တီးပြန်စည်းလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းဆည်းလိုက်သည်။
ဘုရင်မက ဘေးတစ်ဖက်သို့မှီလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသောပေါင်တံများကို ပြသနေသည်။
" ငါမင်းကို ပေးမယ့်အခွင့်အရေးကတော့ ... ငါ့ကို စိတ်ကျေနပ်စေနိုင်တဲ့ တော်ဝင်စားသောက်ပွဲကြီး ချက်ပေးဖို့ပဲ ..."
စားသောက်ပွဲတဲ့လား ...
ပုဖန် အံ့အားသင့်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
စားသောက်ပွဲအတွက် ချက်ပြုတ်ရသည်က ဟင်းလျာတစ်ခုတည်း ချက်ပြုတ်ရသည်နှင့် မတူပေ။ ဟင်းပွဲပေါင်းမြောက်များစွာ ချက်ရသည့်အပြင် ၎င်းတို့ကို ကွဲပြားသည့် ဆိုလိုရင်းများနှင့် ချက်ရန်လည်းလိုသည်။
သာမန်ချက်ပြုတ်ခြင်းနှင့် ယှဉ်ပါက စားသောက်ပွဲကြီးကို ချက်ပြုတ်ရခြင်းက ပို၍စိန်ခေါ်ရာရောက်သည်။
ပုဖန် ယခင်က စားသောက်ပွဲကြီးကို မချက်ပြုတ်ခဲ့ဖူးပေ။ သို့ရာတွင် ထိုကိစ္စ သူ၏ ယုံကြည်ချက်ကို မထိခိုက်စေနိုင်ပေ။
" ပြဿနာမရှိပါဘူး ဘယ်တော့လဲ ..."
ပုဖန်မေးလိုက်သည်။
ဧကရီဘုရင်မကြီးက သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေသည်။
" ဟေး မင်းနည်းနည်း တုံးနေတာထင်တယ် ... ငါ့ရဲ့ တော်ဝင်စားသောက်ပွဲကြီးကို အချိန်မရွေး ချက်နိုင်တယ် ထင်နေတာလား ... ငါ့အတွက် ချက်ပြုတ်ပေးချင်လို့ တန်းစီစောင့်နေတဲ့လူတွေ အများကြီးပဲ ... အရင်ဆုံး စားသောက်ပွဲကြီးချက်ဖို့ အရည်အချင်းပြည့်မီကြောင်းပြရမယ်လေ ... အရည်အချင်း ပြည့်မီဖို့ ဘယ်လိုလုပ်ရလဲဆိုတာတော့ ငါမသိဘူး ... ကိုယ့်ဘာသာရှာလိုက် ... ကောင်းပြီ ငါပင်ပန်းနေပြီ စကားမပြောချင်တော့ဘူး သွားနိုင်ပြီ ..."
သူမ သမ်းဝေလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းပြ၍ အခြားသူများကို ထွက်သွားခိုင်းလိုက်သည်။
မေးခွန်းများ မေးစရာရှိနေသေးသည့်ပုဖန်က မျက်မှောင်ကြုတ်ထားမိသည်။
လင်းတမိန်က သူမလက်ကို သူ၏ပခုံးပေါ်တင်လိုက်သည်။
" ပါးစပ်ပိတ်ထားလိုက်တော့ အရှင်မက သွားခိုင်းနေပြီ ... ဒီတိုင်းထွက်သွားလိုက် ..."
ဘုန်း ...
လင်းတမိန် ခြေဆောင့်ချလိုက်သည့်အခါ ပြင်းထန်သောပေါက်ကွဲသံကြီးဖြင့် ပုဖန်ကို မဟာခန်းမအပြင်ဘက်သို့ ဆွဲခေါ်သွားသည်။
ကျွိ ...
ရွှေရောင်ခန်းမကြီး၏ ဧရာမ တံခါးချပ်များ ဖြည်းညှင်းစွာ ပိတ်သွားသည်။
အမှောင်ထုက နေရာတစ်ခုလုံးကို လွှမ်းမိုးလာသည်။
ဆွဲခေါ်သွားခံရသည့် ပုဖန်က နောက်သို့ လှည့်ကြည့်လိုက်သည်။ ပိတ်နေသောတံခါးနှစ်ချပ်ကြားမှ ကျဉ်းမြောင်းသော ဟရာကြားမှ ရင်သပ်ရှုမောဖွယ်ကောင်းသော ဧကရီဘုရင်မကြီး လှဲလျောင်းနေသည်ကို မြင်လိုက်ရသည်။
သူတို့ မျက်လုံးများ ဆုံသွားသည်။
နောက်ဆုံးတွင် တံခါးက ကျယ်လောင်စွာ ပိတ်သွားသည်။
အားလုံးကို အပြင်ထွက်ခိုင်းလိုက်ခြင်းဖြစ်သည်။
သူမ အကြောဆန့်လိုက်သည်။ သူမရင်သားများ အလွန်လှုပ်ခါသွားသည့်အတွက် ရင်ဘတ်ပေါ်မှ ခုန်ထွက်တော့မည်ကဲ့သို့ပင် ထင်ရသည်။
" သာမန်စားဖိုမှူးတစ်ယောက်က နတ်ဘုရားမမြို့တော်ကို လာတယ်ပေါ့ ... ငါ့ရဲ့မြို့ကို ဘယ်သူမဆို လာလို့ရတယ်များထင်နေလား ... စားဖိုမှူးကောင်လေး မင်းက ဘယ်လိုကွဲပြားတယ်ဆိုတာ ကြည့်ရသေးတာပေါ့ ..."
ဘုရင်မက နှာခေါင်းရှုံ့ပြီးနောက် လျှာသပ်လိုက်သည်။
ရုတ်တရုတ် မျက်လုံးများမှေးစင်းပြီး ကောင်းကင်ကို မြင်နေရသကဲ့သို့ မော့ကြည့်လိုက်သည်။ ခဏအကြာတွင် သူမမျက်နှာ၌ အပြုံးတစ်ခုပေါ်လာသည်။
...
ခမ်းနားထည်ဝါသည့် နတ်ဘုရားမမြို့တော်၏ အပြင်ဘက်တွင် ဟင်းလင်းပြင်က ဆုတ်ပြဲသွားပြီး ငရဲကမ္ဘာသင်္ဘော ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားလှသည့် မြို့တံခါးကြီးကိုကြည့်နေလျက် နယ်သာရီ၏ မျက်လုံးများက ပို၍နက်မှောင်လာသည်။
ပန်းပွင့်လေးလည်း ထိုမြို့ကို ကြည့်နေသည်။ သူမ သင်္ဘောဦးပိုင်းသို့ တွားသွားလာပြီး ဇာတ်စောင်း၍ လှပသည့် ရှု့ခင်းကို ကြည့်နေသည်။
" ကြီးလိုက်တဲ့မြို့ကြီးပါလား ... အော်ရာကလည်း တကာ့်ကြောက်စရာကြီး ..."
" နတ်ဘုရားမမြို့တော်က တားမြစ်မြို့တော်တစ်ခုပဲ ... နတ်ဘုရားပျောက်ကွယ်တောင်တန်းကလည်း ဒီမြို့ရဲ့ အနောက်မှာရှိတယ် ...ပြီးတော့ အဲ့ဒါကလည်း အရမ်း ထူးခြားဆန်းကြယ်တယ် ..."
နယ်သာရီပြောလိုက်သည်။
ရုတ်တရက် နယ်သာရီ၏မျက်လုံးများ မှေးကျဉ်းသွားသည်။
သူမနောက်မှလေဟာနယ်က ကွဲအက်လာသည်။
လက်ကောက်ဝတ်တွင် အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသော လက်မောင်းသွယ်သွယ်တစ်ခု ဆန့်ထွက်လာပြီး နယ်သာရီ၏ လည်ပင်းကို ဖက်လိုက်သည်။
ထိုအက်ကွဲကြောင်းမှ သိမ်မွေ့သည့် ပုံရိပ်တစ်ခု ထွက်လာသည်။ လှစ်ဟပြထားသော သူမ၏ နို့နှစ်ရောင် ပေါင်တံများက အလွန်ဆွဲဆောင်မှုရှိလွန်းသည့်အတွက် မြင်ရသူတိုင်းကို စိတ်လှုပ်ရှားစေသည်။
" ဟေး ငါ့ရဲ့နယ်သာရီလေး ... နောက်ဆုံးတော့ တို့ကိုလာတွေ့ပြီပေါ့ ..."
ထိုအမျိုးသမီးက နယ်သာရီ၏ခေါင်းကို သူမရင်ဘတ်ထဲ ဆွဲလိုက်သည်။ ရင်မ၏ ရင်သားများကြားမှ နေရာသို့ နယ်သာရီကို နှစ်ထားသည်။
ပန်းပွင့်လေး ပါးစပ်အဟောင်းသားဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။
အခုမှ ထွက်လာတဲ့ အမျိုးသမီးက ကြယ်ပွင့်လိုပဲ တောက်ပနေလိုက်တာ ...
ဘာတွေဖြစ်ကုန်တာလဲ ...
သူမ ပေါ်ပေါ်လာချင်း ဘာလို့ နယ်သာရီကို ဖက်ထားရတာလဲ ...
နယ်သာရီပြောဖူးတာ ဒီမြို့က မိန်းမတွေအားလုံးက အရမ်းလှတဲ့ မိန်းမလည်တွေတဲ့ ...
ဒီမိန်းမကရော မိန်းမလည်တွေထဲက တစ်ယောက်လား ...
နယ်သာရီ၏ ဦးခေါင်းက နတ်ဘုရားမကဲ့သို့ လှပသည့် အမျိုးသမီး၏ရင်သားထဲတွင် နစ်မြုပ်နေသည်။ သူမ ရုန်းကန်နေပြီးနောက် ထိုအမျိုးသမီး၏ အဖြူရောင်လက်များကြားမှ လွတ်မြောက်သွားသည်။
သူမ သက်ပြင်းချလိုက်ပြီးနောက် မျက်နှာက အေးတိအေးစက်ဖြစ်သွားသည်။
" ပိလော့ ရှင်က နတ်ဘုရားမမြို့တော်ရဲ့ ဧကရီနော် ... နည်းနည်းပါးပါး ဂရုစိုက်ပါဦး ..."
ဧကရီပိလော့က နယ်သာရီကို ကြည့်နေသည်။ သူမ စိတ်မထိန်းနိုင်ပဲ ထပ်မံပွေ့ဖက်လိုက်သောကြောင့် ရင်သားနှစ်စုံက တိုက်မိကုန်သည်။
" ညီမလေးနယ်သာရီ မတွေ့ရတာကြာပြီ ... ဝိတ်တက်လာတာပဲ ... ဖက်ပါရစေဦး ..."
ဧကရီဘုရင်မကြီးက မျက်လုံးမှိတ်ပြီး သူမကို ဖက်ထားသည်။ သူမ၏ကိုယ်နေဟန်ထားက ဆွဲဆောင်မှုရှိနေသည်။
ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးက မသိမသာ လှုပ်ရှားသွားပြီး တစ်ခုခုကို သဘောပေါက်နားလည်လာသည်။
ဤမြို့မှ မိန်းမအားလုံးက လှပသည့် မိန်းမလည်များဖြစ်ကြောင်း နယ်သာရီပြောခဲ့သည်မှာ မထူးဆန်းပေ။ ဤသို့ပြောဆိုခြင်းက အကြောင်းအရင်းများ ရှိနေသည်။
" အိုး ဟေး ညီမလေး ... မင်းက ချစ်စရာလေးပဲ ... လာပါ မင်းကိုထိကြည့်ချင်လို့ ..."
ဧကရီပိလော့က နယ်သာရီကို လွှတ်ပေးလိုက်ပြီး ပန်းပွင့်လေးဘက်သို့ လှည့်လာသည်။ ပန်းပွင့်လေးကို မြင်ချိန်၌ သူမ၏မျက်နှာက အရောင်တောက်လာပြီး မကြာမီအချိန်မှာပင် ပန်းပွင့်လေး၏မျက်နှာ တိုက်ခိုက်ခံလိုက်ရသည်။
သူမပါးများကို ပွတ်သပ်နေလွန်းသဖြင့် ပုံသဏ္ဍာန်ပြောင်းလုနီးပါးပင် ဖြစ်လာသည်။
ပန်းပွင့်လေး သူမဘဝကိုပင် မုန်းတီးလာမိသည်။
ဘာတွေဖြစ်နေတာလဲ ... သူမ ဘယ်ရောက်နေတာလဲ ... သူကရော ဘာလာလုပ်နေတာလဲ ...
နယ်သာရီ မျက်ဆံလှန်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ဤမိနိးမက နည်းနည်းမှ မပြောင်းလဲသေးပေ။
ဧကရီပိလော့က ဘာမှမပြောတော့ပေ။ သူမက နယ်သာရီနှင့် ပန်းပွင့်လေးကို နတ်ဘုရားမမြို့တော်သို့ ဦးဆောင်ခေါ်သွားသည်။
နန်းတော်တွင်းသို့ ရောက်သည့်အခါ သူမက နယ်သာရီနှင့် ပလ္လင်ပေါ်တွင် တူတူထိုင်သည်။
ဧကရီပိလော့က နှုတ်ခမ်းများကွေးညွှတ်၍ နယ်သာရီ့ကို ခေါင်းအစ ခြေအဆုံး စစ်ဆေးနေသည်။ ထို့နောက် သူမ၏ လက်ချောင်းသွယ်သွယ်များကိုဆန့်၍ နယ်သာရီ၏ မျက်ခုံးနှစ်ခုကြားနေရာကို ထိလိုက်သည်။
နန်းတော်ခန်းမထဲတွင် အစိမ်းရောင်အလင်းတန်းများ ချက်ချင်းပင် တောက်ပလာသည်။ ခဏအကြာတွင် နယ်သာရီ၏ ကျိန်စာမြွေများ ထွက်ပေါ်လာသည်။
မြွေများကိုမြင်သည့်အခါ ပိလော့ မျက်နှာပျက်ယွင်းသွားသည်။
" ဒီမြွေတွေကို ရှင်းထုတ်နိုင်မယ့်နည်းလမ်း မရှိသေးဘူးပေါ့ သေစမ်း ... ငါ့ရဲ့သနားစရာကောင်းတဲ့ နယ်သာရီလေး ..."
ဧကရီပိလော့က နယ်သာရီ၏ ခေါင်းကို ခပ်ဖွဖွပုတ်၍ သက်ပြင်းချလိုက်သည်။
" ပြဿနာမရှိပါဘူး ... ပုဖန်ရဲ့ ဟင်းလျာတွေနဲ့ဆိုရင် ကျိန်စာက မနိုးထလာဘူး ...အဆင်ပြေပါတယ် ..."
နယ်သာရီ၏ မျက်လုံးများက တည်ငြိမ်နေလျက် သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။
နယ်သာရီ ပုဖန်၏အမည်ကို ပြောလိုက်သည့်အခါ ဧကရီပိလော့ အံ့အားသင့်သွားသည်။
" ပုဖန်လား ... အာ တို့ရဲ့နတ်ဘုရားမမြို့တော်ကို ကျုးကျော်လာတဲ့ယောကျာ်းလား ..."
" ဟုတ်တယ် ... ပုဖန်က ကျွန်မရဲ့သူဌေးပါ ... ကျွန်မက သူ့ရဲ့စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတယ် ... သူချက်ပေးတဲ့ ဟင်းတွေက ကျွန်မရဲ့ကိုယ်ပေါ်က ကျိန်စာတွေကို နှိမ်နင်းပေးတယ် ..."
နယ်သာရီ တွေးဆပြီး ပြောပြလိုက်သည်။
" ဘာ ... အဲ့ယောကျာ်းက ငါ့ညီမလေးကို စားပွဲထိုးလုပ်ခိုင်းတယ်ပေါ့ ... စိတ်ကြီးဝင်နေလိုက်တာ ..."
ဧကရီပိလော့ မျက်ဆံလှန်လိုက်သည်။ ထိုသို့ မျက်နှာမျိုး ပြုလုပ်နေသော်လည်း သူမကလှပနေဆဲဖြစ်သည်။
" သူ့ကို မြေအောက်အကျဉ်းထောင်ထဲ ထည့်ထားလိုက်ရမှာ ... အဲ့ဒါမှ ရေတွေကြားထဲက အကျဉ်းခန်းထဲပျော်မွေ့နေနိုင်မှာ ပြီးရင်တော့ နယ်သာရီ မင်းလွတ်မြောက်သွားပြီ ..."
နယ်သာရီ ဆွံ့အသွားသည်။
ရင်သားကြီးပြီး ဦးနှောက်မရှိသောမိန်းမက သူမစကား၏ ဒုတိယပိုင်းကို နေ့သွားပုံရသည်။
" ပုဖန် ဘယ်မှာလဲ ... သူက နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားချင်နေတာ ... ပိလော့ ရှင်သူ့ကို ခေါ်သွားပေးနိုင်မလား ..."
နယ်သာရီ ပြောလိုက်သည်။
ဧကရီပိလော့က လက်ပိုက်လိုက်သည်။
" မရဘူး ... သူ့ကို တို့အတွက် တော်ဝင်စားသောက်ပွဲကြီး ချက်ခွင့်ပေးထားတယ် ... တကယ်လို့ တို့ကျေနပ်တယ်ဆိုရင် သူ့ကိုခေါ်သွားမယ် ... ဒါပေမဲ့ ခုတော့ စိတ်ကျေနပ်တယ်ဆိုရင်တောင် တို့ရဲ့နယ်သာရီလေးကို စားပွဲထိုးလုပ်ခိုင်းလို့ သူ့ကို မခေါ်သွားတော့ဘူး ..."
" တော်ဝင်စားသောက်ပွဲကြီးလား ..."
နယ်သာရီ အံ့အားသင့်သွားသည်။
" ဟုတ်တယ်လေ ... အိုး မင်းလည်းစားသောက်ပွဲကိုလာနော် တူတူစားသောက်ကြမယ် ဟုတ်ပြီလား ..."
ဧကရီပိလော့က အပြုံးဖြင့်ပြောလိုက်သည်။
ပိလော၏ လှပသောမျက်နှာကိုကြည့်နေသော နယ်သာရီမှာ ပုဖန် စားသောက်ပွဲကြီးချက်ရမည့်အကြောင်းကို တွေးမိပြီး ပြုံးလိုက်မိသည်။
" ကောင်းပါပြီ ..."
…
နတ်ဘုရားမမြို့တော်၏ အပြင်ဘက်
ငရဲဘုရင်အာဟက လောင်တျဲနှင့်အတူ ရောက်ရှိလာသည်။
ကြီးမားထည်ဝါသည့် နတ်ဘုရားမမြို့တော်ကိုကြည့်လိုက်ပြီး ငရဲဘုရင်အာဟ နှုတ်ခမ်းသပ်လိုက်သည်။
" နတ် ... နတ် ... နတ်ဘုရားမမြို့တော်လား ..."
လောင်တျဲသည်လည်း နတ်ဘုရားမမြို့တော်ကိုသိသည်။ ငရဲဘုရင်အရှင်မင်းကြီးက သူ့ကိုဤနေရာခေါ်လာသည့်အတွက် ကြောက်လန့်နေသည်။
" ကောင်လေးပုဖန်က ဒီမြို့ထဲမှာရှိတယ်ဆိုတာ သေချာတယ် ... ကြည့်ရတာ အဲ့ထဲဝင်ဖို့ နည်းလမ်းရှာရမယ်ထင်တယ် ..."
ငရဲဘုရင်အာဟ စတင်တွေးတောနေသည်။
" ငရဲဘုရင်အရှင်မင်းကြီး ကျွန်တော်တို့ ထွက်သွားသင့်ပါတယ် ...ဒါက နတ်ဘုရားမမြို့တော်နော် ... အရှင်ယင်းလုံသာ ကျွန်တော်တို့ ဒီမှာမှန်းသိရင် ပြဿနာရှာမှာကျိန်းသေတယ် ..."
လောင်တျဲ မျက်ရည်များဝဲနေသည်။
သို့သော် ငရဲဘုရင်အာဟက သူပြောသည်ကို နားမထောင်ပေ။
ခဏအကြာ၌ သူ၏မျက်လုံးများ အရောင်တောက်လာသည်။
လက်မြှောင်ပြီး မျက်နှာကိုပွတ်နေသည်။ ထို့နောက် အကြည့်များက လောင်တျဲဆီသို့ ရောက်သွားသည်။
" ဟေး လောင်တျဲ ကျွန်တော့်ကိုကြည့်ပါဦး ... ပြီးတော့ ခင်ဗျား မိတ်ကပ်ပြင်တာ ဘယ်လောက်ကျွမ်းတယ်ဆိုတာလည်း ပြောပါဦး ... ကျွန်တော့်ကို နတ်ဘုရားမတစ်ယောက်လို လှသွားအောင်လုပ်ပေးနိုင်လား ..."
ငရဲဘုရင်အာဟ အတည်ပေါက် မေးလိုက်သည်။
ဘာပြောရမည်မသိပဲ ဆွံ့အနေသောလောင်တျဲမှာ ထိုစကားများကြားသည့်အခါ ကြောက်လန့်သွားသည်။
" အရှင်ငရဲဘုရင် အမျိုးသမီးတစ်ယောက်လို ရုပ်ဖျက်ပြီး မြို့ထဲဝင်မလို့လား ..."