အခန်း ၁၁၂၀
ငရဲဘုရင်အာဟ မိန်းမကဲ့သို့ ပြောင်မြောက်စွာရုပ်ဖျက်ခြင်း
လင်းတမိန်က ပုဖန်ကို ဂုတ်မှဆွဲပြီး ခန်းမအပြင်ဘက်ကို ခေါ်ထုတ်သွားသည်။
ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံက တည်ငြိမ်သွားပြီး ဖြူနီရောင် ပြန်ဖြစ်သွားသည်။ သူ၏အနောက်မှ မီးတောက်တောင်ပံများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
လင်းတမိန် လက်ပြန်ရုတ်လိုက်သည်။ နေရခက်သောမျက်နှာဖြင့် ပုဖန်ကို ခေါင်းစခြေဆုံးကြည့်နေသည်။
" ဟေး ယောကျာ်း မင်းနာမည်က ပုဖန်မလား ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
အကယ်၍ဖြစ်နိုင်မည်ဆိုလျှင် ဤနေရာမှ မိန်းမအားလုံး သူ့နာမည်ကိုသာ ခေါ်စေချင်သည်။ သူ့ကို "ယောကျာ်း" ဟုသုံးနှုန်းကြသည့်အခါ နေရခက်စေသည်။
" ကောင်းပြီလေ ငါမင်းကို အခုကစပြီး ယောကျာ်းလို့ပဲ ခေါ်မယ် ..."
လင်းတမိန် ရယ်လိုက်သည်။
ပုဖန် ဆွံ့အသွားသည်။
" ကဲ စတာနောက်တာတွေထားလိုက်ပါတော့ ... မင်းက ဘုရင်မကြီးရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီဆိုတော့ အဲ့ဒါကို ဖြည်းဆည်းနိုင်ဖို့ ကြိုးစားပါ ... ငါမင်းကို အကြံပေးချင်တာကတော့ ... ကိုယ့်ရဲ့ခွန်အားကို နားလည်ပါ ..."
စကားပြောနေလျက် နန်းတော်အပြင်ဘက်သို့ ထွက်သွားကြသည်။
ပုဖန် မျက်ခုံးများတွန့်ချိုးလျက် သူမနောက်မှ လိုက်လာသည်။
" နွေဦးလေပြည်စားသောက်ဆိုင်က နတ်ဘုရားမမြို့တော်မှာ နာမည်ကောင်းအရဆုံးစားသောက်ဆိုင်ပဲ ... သူတို့ရဲ့ စီးပွားရေးကတော့ တော်တော်ကောင်းတယ် ... အစားအသောက်တွေအပြင် အကနဲ့ တခြားဖျော်ဖြေရေးတွေလည်း လုပ်ကြတယ် ... အဲ့နေရာက မှူးမတ်အရာရှိတွေ စိတ်အပန်းဖြေကြဖို့ လာကြတဲ့ နေရာပဲ ... အဲ့ဒါကြောင့် သူတို့ဆိုင်က ဟင်းလျာတွေကို အထင်သေးလို့ မရဘူး ... သူတို့က ပြိုင်ဘက်ကင်းအင်္ဂါရပ်တွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ထားတယ် ..."
မကြာမီ သူတို့နှစ်ယောက် နန်းတော်ထဲမှထွက်လာပြီး နဂါးရေကန်ဆီသို့ လျှောက်လာကြသည်။
လင်းတမိန်က နွေဦးလေပြည်စားသောက်ဆိုင်မှအာရုံစိုက်ရမည့် အရာများကို ရှင်းပြနေသဖြင့် ပုဖန် အဆက်မပြတ် ခေါင်းငြိမ့်နေရသည်။
လင်းတမိန်၏လေသံအနေအထားကို နားထောင်ခြင်းဖြင့် နွေဦးလေပြည်စားသောက်ဆိုင်က သာမန်မြင်တွေ့နေကြ စားသောက်ဆိုင်မဟုတ်ကြောင်း သိနိုင်သည်။ နတ်ဘုရားမမြို့တော်တွင် စားသောက်ဆိုင်များစွာ ရှိသော်လည်း နွေဦးလေပြည်စားသောက်ဆိုင်ကသာ ထိပ်ဆုံးနေရာရောက်နေပြီး လူအများဆုံးနှစ်သက်ကြသည့်ဆိုင်ဖြစ်သည်။
ထို့ပြင် ဧကရီဘုရင်မ၏ အင်ပါယာစားသောက်ပွဲကြီးကို တည်ခင်းချက်ပြုတ်ပေးရသည်ဆို၍ နွေဦးလေပြည်စားသောက်ဆိုင်မှ စားဖိုမှူးတွင် စွမ်းရည်ကောင်းများ ရှိလိမ့်မည်။
" ငါဒီည လက်အောက်ငယ်သားတွေကို နွေဦးလေပြည်စားသောက်ဆိုင်မှာ လိုက်ကျွေးမလို့ ... မင်းရောလာပြီး အဲ့ဆိုင်ကို လေ့လာချင်လား ... နောက်မှ ငါမကူညီလို့ဆိုပြီး အပြစ်မတင်နဲ့နော် ..."
လင်းတမိန် ချောင်းတဟွတ်ဟွတ်ဆိုးကာပြောလိုက်သည်။ ထို့နောက် ခါးထောက်၍ ပြုံးပြလိုက်သည်။
ပုဖန် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။
လင်းတမိန် သူ့တပ်စုကိုပြောတာ သေချာကို ကြားခဲ့တယ်လေ ... သူ့ကိုဖမ်းမိတဲ့အတွက် စားပွဲသောက်ပွဲကျင်းပတာမလား ...
ထို့ကြောင့် ဤကဲ့သို့ပါတီကို ပုဖန်မသွားပါက အမှန်ပင် ထူးဆန်းနေလိမ့်မည်။
" ကောင်းပါပြီ ကြည့်ရတာ သွားချင်ပုံမရဘူး ... ဒါဆိုရင် မင်းတည်းခိုရမယ့်နေရာ ခေါ်သွားပေးမယ်လေ ..."
လင်းတမိန် ပခုံးတွန့်ပြလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ကြင်နာတဲ့စိတ်ထားရှိသူတစ်ယောက်အနေနဲ့ ငါမင်းကိုတစ်ခုတော့ ပြောပြလိုက်မယ် ... မင်းက နတ်ဘုရားမမြို့တော်မှာ တစ်ဦးတည်းသော ယောကျာ်းလေးဆိုတော့ ကိုယ့်ကိုကိုယ်အလေးထားပါ ... အလျင်စလိုလုပ်စရာ ကိစ္စမရှိရင် အပြင်မထွက်ပါနဲ့ ... အခြားလူတွေရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေက မင်းအပေါ် နစ်မွန်းသွားလိမ့်မယ် ... ငါကြားဖူးတာ ယောက်ျားတွေမှာ ..."
လင်းတမိန် ပုဖန်ကို အနေခက်စွာကြည့်လိုက်ပြီး သူမမျက်လုံးတွင် ဖုံးကွယ်ထားသည့် အဓိပ္ပါယ်များဖြင့် ပြည့်နှက်နေသည်။
ပုဖန် ဝေခွဲမရဖြစ်သွားသည်။
ဘာလဲဟ သောက်ကျိုးနည်း ...
သို့ရာတွင် လင်းတမိန် ဘာမှထပ်မပြောတော့ပေ။ ခဏအကြာတွင် ရင်ပြင်ကို ဖြတ်သွားကြပြီး ထိုမှတစ်ဆင့် သက်ဝင်လှုပ်ရှား၍ အဆင့်အတန်းမြင့်သော မြို့ကြီးဆီသို့ ပုဖန်ကို ခေါ်ဆောင်သွားသည်။
ဘယ်ကွေ့ပြီးနောက် ညာထပ်ကွေ့သည်။ ထို့နောက် ပြည့်ကျပ်နေသောမြို့ထဲတွင် သာမန်တည်းခိုခန်းတစ်ခုကို တွေ့လိုက်ရသည်။
" ပြောရတာ နည်းနည်းတော့ ရှက်စရာကောင်းတယ် ... ငါ့မှာငွေသိပ်မရှိတော့ လောလောဆယ် ဒီနေရာမှာပဲ ခဏနေပါဦး ... စိတ်မပူပါနဲ့ နတ်ဘုရားမမြို့တော်က လုံခြုံရေးတင်းကျပ်တယ် ... မင်းပြဿနာမရှာသရွေ့ ဘာမှမဖြစ်ဘူး ..."
လင်းတမိန် ပြုံးပြလိုက်သည်။
" အိုး ဟုတ်သားပဲ ... ဘုရင်မက မင်းကို အခွင့်အရေးပေးထားတယ်ဆိုပေမယ့် အချိန်ကန့်သတ်ထားတယ်နော် ... နတ်ဘုရားမမြို့တော်ရဲ့ နတ်ဘုရားပွဲတော်က ခုနစ်ရက်ပဲလိုတော့တာ ... ဘုရင်မအတွက် ချက်ပေးချင်တယ်ဆိုရင် သုံးရက်အတွင်း အရည်အချင်းပြည့်မီအောင်လုပ်ပြီး စံသတ်မှတ်ချက်နဲ့ညီတဲ့ တော်ဝင်စားသောက်ပွဲကို လေးရက်အတွင်း ပြင်ဆင်ရမယ် ..."
" အယ် တစ်ခုရှိသေးတယ် ... မင်းက အင်ပါယာစားသောက်ပွဲ ချက်ပြုတ်ဖို့ အရည်အချင်းပြည့်မီပေမယ့် ဘုရင်မရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီရင်တော့ ..."
လင်းတမိန် စကားဆုံးအောင်မပြောပဲ ပုဖန်ကို ထူးဆန်းစွာ ကြည့်နေသည်။ ထို့နောက် လက်ကိုဖြည်းညှင်းစွာမြှောက်ပြီး လက်ပင်းကိုဖြတ်သည့် လက်အမူအရာ လုပ်ပြလိုက်သည်။
ပုဖန် ကြောက်ရွံ့မှုကြောင့် ဦးရေပြားများပင် တောင့်တင်းသွားသည်။
လင်းတမိန်က နှုတ်ခမ်းများကွေးညွှတ်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။ ထို့နောက် တစ်ဖက်သို့လည်းလိုက်ပြီး အားရပါးရအော်ရယ်ကာ ထွက်သွားသည်။ ပုဖန် သူမ၏ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ပြီး ဆွံ့အကာကျန်ခဲ့သည်။
" သုံးရက်အတွင်း အရည်အချင်းပြည့်မီအောင် လုပ်ရမှာလား ... ဒါဆိုရင်တော့ အလျင်လိုနေပြီ ..."
ပုဖန် မေးစေ့ကိုပွတ်ကာ လေးလေးနက်နက်စဉ်းစားနေသည်။ ထို့နောက် တည်းခိုခန်းကို အကဲခတ်လိုက်သည်။
ခဏခန့်အကဲခတ်ပြီးနောက် သူ၏မျက်နှာက မည်းမှောင်သွားသည်။
မိန်းကလေးတစ်ယောက်က ပုဖန်ကို ကောင်တာမှ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
" ယီးတဲ့မှ ... ယောကျာ်းကြီးလား ..."
ထိုမိန်းကလေးက ပါးစပ်အဟောင်းသားဖြင့် ပုဖန်ကို အချိန်အတန်ကြာစိုက်ကြည့်နေသည်။
သူမအသံက မိုးခြိမ်းသံကြီးကဲ့သို့ ဖြစ်နေသည့်အတွက် ပုဖန်ကို လန့်သွားစေသည်။
ထိုမိန်းကလေးက ပါးစပ်မှသွားရည်များကိုသုတ်ကာ မေးလိုက်သည်။
" ယောကျာ်း ရှင်အခန်းရှာနေတာလား ... ကောင်းတဲ့အခန်းတွေက နယ်သာသလင်းကျောက်တစ်ရာကျမယ် ..."
နယ်သာသလင်းကျောက် ...
ပုဖန် ဇဝေဇဝါဖြစ်သွားပြီး လင်းတမိန် သူ့ကို ပေးခဲ့သည့် အနက်ရောင်တိုကင်ကို ကြည့်လိုက်သည်။
စိတ်ကိုနစ်မြုပ်လိုက်သည့်အခါ ကျောက်စိမ်းအဆောင်အင်းကွက်မှ တန်ဖိုးများကို ခံစားမိလာသည်။
နယ်သာသလင်းကျောက် ငါးရာ ...
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး ဆဲရေးလိုက်သည်။
ဒီမိန်းမက စစ်သူကြီးဖြစ်ပြီး ဘာမှကို အားမကိုးရဘူး ... အခြေအနေကောင်းပုံမရဘူး ...
ပုဖန် ခေါင်းခါလိုက်ပြီး တည်းခိုရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဤတည်းခိုခန်းက သူ့ကို အဆင်မပြေဖြစ်စေသည်။ ထိုမိန်းကလေး၏ မျက်လုံးထဲမှ အကြည့်တစ်ခုကြောင့်ပင် သူ့ကိုစိုးရိမ်ပြီး စိတ်ပြောင်းသွားစေသည်။
သို့ရာတွင် ပုဖန်တွေးနေရန် အချိန်မရှိပေ။ အကာ်၍ သူအနားယူလိုပါက အတွေးတစ်ခုနှင့်ပင် လယ်ယာမြေသို့ သွားနိုင်သည်။ ထိုနေရာက မည်သည့်တည်းခိုခန်းထက်မဆို ပိုအဆင်ပြေသည်။
" ကျုပ်မှာ နယ်သာသလင်းကျောက်ငါးရာရှိတယ် ... နယ်သာသလင်းကျောက်တွေက ငရဲကမ္ဘာရဲ့ငွေကြေးဖြစ်မယ်ထင်တယ် ..."
ပုဖန် ကျောက်စိမ်းအဆောင်အင်းကွက်ကို ပွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
ပုဖန် တည်းခိုခန်းထဲမှ ထွက်လာပြီးနောက် တစ်ကိုယ်လုံးအေးခဲတောင့်တင်းသွားသည်။
မျက်လုံးများစွာက သူ့ကိုစိုက်ကြည့်နေသည်။
ကလေးပေါက်စ ကလေးငယ် ဆယ်ကျော်သက် အရွယ်ရောက်ပြီးမိန်းမများပင်ဖြစ် သူတို့အားလုံးက သူ့ကို မကောင်းဆိုးဝါးကဲ့သို့ စိုက်ကြည့်နေကြသည့်အတွက် ပုဖန် ကြက်သီးထလာသည်။
ပုဖန် အရှိန်မြှင့်လိုက်သည်။ သူတို့၏အကြည့်များကို ဂရုမစိုက်သော်လည်း ထိုနေရာတွင် ဝေ့မနေရဲပေ။
" နတ်ဘုရားမမြို့တော်မှာ မိန်းမတွေပဲရှိရင် ကလေးဘယ်လိုရကြတာလဲ ..."
အတွေးတစ်ခုက ပုဖန်၏ခေါင်းထဲတွင် ရုတ်ချည်းပေါ်လာသည်။
ကမ္ဘာပေါ်တွင် ယင်နှင့်ယန် ဓာတ်နှစ်မျိုးရှိသည့်အတွက် ယောကျာ်းရှိလည်း မိန်းမရှိသည်။ ယင်တစ်ခုနှင့် ယန်တစ်ခုပေါင်းစပ်ခြင်းဖြင့်သာ လူများကို မွေးထုတ်နိုင်သည်။
သူတို့တွေက အကုန်မိန်းမတွေဆိုတော့ ကလေးဘယ်လိုမွေးလဲ ...
ပုဖန်စဉ်းစားမရပေ။ ထို့ကြောင့် မတွေးတောရန် ဆုံးဖြတ်လိုက်တော့သည်။ ယခုလက်ရှိ ပူပန်စရာတစ်ခုမှ အင်ပါယာစားသောက်ပွဲကြီးကို ချက်ပြုတ်ရန် မည်သို့ အရည်အချင်းပြည့်မီအောင် လုပ်ဆောင်ရမည်ကိုပင်။
သူ၏ပုံပန်းသွင်ပြင်ကို ကွယ်ဝှက်ပေးထားရန် အနက်ရောင်ဝတ်ရံတစ်ခု ခြုံလိုက်သည်။ ထိုမှသာ မီးတောက်မတတ်ကြည့်နေသူများထံမှ ကာကွယ်နိုင်လိမ့်မည်။
" နယ်သာသလင်းကျောက်ငါးရာက နွေဦးလေပြည်စားသောက်ဆိုင်မှာ ထမင်းတစ်နပ်စားဖို့ လောက်ပါ့မလား ..."
ပုဖန်တွေးနေသည်။ သူ၏လက်ထဲမှ ကျောက်စိမ်းအဆောင်ကိုညှစ်ကာ လမ်းမြန်မြန်လျှောက်လိုက်သည်။
နွေဦးလေပြည်စားသောက်ဆိုင်သည် နတ်ဘုရားမမြို့တော်တွင် အကြီးဆုံးဖြစ်သည်။ ၎င်းက ခမ်းနာထည်ဝါ၍ အဆင့်အတန်းမြင့်ပုံရသော မျှော်စင်ကဲ့သို့ အဆောက်အဦးကြီးဖြစ်သည်။
ဤအဆောက်အဦးက ချွန်ထက်သည့်အစွယ်ပုံစံနှင့်တူပြီး အထက်သို့ရောက်လေ ပုံစံကချွန်သွားလေဖြစ်သည်။
နွေဦးလေပြည်စားသောက်ဆိုင်ထဲ ဝင်သွားသည့်အခါ နတ်ဘုရားမမြို့တော်၏ စုံလင်သောအရောင်အသွေးများကို မြင်လိုက်ရသည်။
ဤနေရာတွင် အမျိုးသမီးများသာ ရှိသော်လည်း သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းများသည် အခြားနေရာများနှင့် ယှဉ်၍ရသည်။
စားသောက်ဆိုင်၏ရှေ့တွင် အမျိုးသမီးအစောင့်များ စောင့်ဆိုင်းနေသည်။ သူတို့အားလုံးက ကြောက်မက်ဖွယ်ကောင်းသည့်အတွက် ဤနေရာက လူများ စားသောက်ကြရန်လာသည့်ဆိုင်နှင့်ပင် မတူပေ။
ပုဖန် ထောင့်တစ်ထောင့်တွင်ရပ်ကာ စားသောက်ဆိုင်ကို ကြည့်နေသည်။
ရုတ်တရက် တပ်စုတစ်စုရောက်ရှိလာပြီး သူတို့၏အလယ်တွင် ရယ်မောနေသည့် လင်းတမိန်ကိုမြင်သည့်အခါ ပုဖန် အံ့အားသင့်သွသည်။
ထိုအုပ်စု နွေဦးလေပြည်ဆိုင်သို့ ရောက်လာသည့်အခါ စားသောက်ဆိုင်ထဲမှထွက်လာသည့် မိန်းမလှတစ်ဦးကို လင်းတမိန်က ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမတပ်စုကိုခေါ်ကာ အထဲဝင်သွားသည်။
စားသောက်ဆိုင်တွင် လူများစွာဝင်ထွက်သွားလာနေသည်။ ယမကာနံ့များ လှိုင်နေလျက် မူးနေသောမိန်းကလေးအချို့က ဆိုင်ထဲမှ ဒယိမ်းဒယိုင်ထွက်လာကြသည်။
ခဏအကြာတွင် ဧရာမနဂါးနီကြီးတစ်ကောင် အတောင်များတဖျတ်ဖျတ်ခတ်ကာ ဆိုင်ရှေ့သို့ဆင်းလာသည်။
အစောင့်များ ချက်ချင်းပင် ဘေးကပ်သွားကြပြီး လင်းတမိန်နှုတ်ဆက်ခဲ့သည့် မိန်းမလှလေးက ပြေးထွက်လာသည်။
ထို့နောက် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က နဂါးနီကြီးပေါ်မှ ဆင်းလာသည်။
သူမက ဧကရီဘုရင်မကြီးလောက် မလှပသော်လည်း ထိုမိန်းမလှလေးက စားသောက်ဆိုင်သို့ လိုက်ပါပို့ဆောင်ပေးနေသဖြင့် ရာထူးကြီးသူတစ်ယောက် ဖြစ်ဟန်တူသည်။
အစောင့်များက နေရာပြန့်ကျဲသွားကာ နဂါးနီကြီးစီးလာသည့် အမျိုးသမီးကို ကြိုဆိုကြသည်။
ပုဖန် သက်ပြင်းချလိုက်သည်။
ဂရား ...
နဂါးနီက နဂါးစိမ်းထက်ပို၍ ကြမ်းကြုတ်သည်။ ၎င်းက နွေဦးလေပြည်စားသောက်ဆိုင်တွင် ရှိနေသဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။
နဂါးနီကြီးထံမှ ကြောက်မက်ဖွယ်အော်ရာ ပျံ့နှံ့နေသည်။ သတ္တုကဲ့သို့ နဂါးကြေးခွံများက အလင်းရောင်တောက်ပနေပြီး ချွန်ထက်နေသည်။
နဂါးနီ၏ နှာခေါင်းမှ မီးခိုးငွေ့များ ထွက်နေသည်။ ထို့နောက် ၎င်းက မြေပြင်ပေါ်တွင် ခွေနေသည်။
ပုဖန် နဂါးနီကြီးကိုကြည့်ကာ ရေရွတ်လိုက်သည်။
" ပါဝင်ပစ္စည်းအနေနဲ့ဆို မဆိုးပါဘူး ..."
နဂါးနီက သူမြင်ဖူးခဲ့သော နဂါးများနှင့်ယှဉ်ပါက အနည်းငယ်နိမ့်နေသေးသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် တွေ့ခဲ့သည့် နဂါးကြီးယင်းလုံက သူ့ထက်ပိုကောင်းသည်။
သို့သော် နဂါးနီတွင် နဂါးအစစ်၏ သွေးမြောက်များစွာပါဝင်ကြောင်းကို ပုဖန်ရှင်းလင်းစွာသိသည်။
" ဒါက တော်ဝင်စားသောက်ပွဲကြီး အတွက် ဟင်းလျာတစ်မျိုးဖြစ်နိုင်တယ် ..."
ထို့နောက်တွင် လက်နောက်ပစ်လျက် အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံလိုက်ပြီး နွေဦးလေပြည်စားသောက်ဆိုင်အဝင်ဝသို့ ဦးတည်သွားသည်။
အနီရောင် နဂါးကြီးက အမှန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်း၏ နှာခေါင်းမှအငွေ့များက မြေပြင်တစ်ခုလုံးကိုပင် အရည်ပျော်ကျသွားစေနိုင်သည်။
ရုတ်တရက် နဂါးနီက အနက်ရောင်ဝတ်ရုံနှင့် ပုဖန်ကိုစိုက်ကြည့်နေသည်။
သူ့မျက်နှာရှေ့ကနေ ဘယ်သူဖြတ်လျှောက်ရဲတာလဲ ...
နဂါးနီက အသက်ပြင်းပြင်းရှုနေသဖြင့် မီးတောက်အနည်းငယ်ထွက်လာပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ပုဖန်က နဂါးနီရှေ့မှ ဖြတ်လာသည့်အခါ ၎င်းကဒေါသထွက်လာသည်။
အံကြိတ်ကာ မြေပြင်ပေါ်မှထလာပြီး ခေါင်းမော့လိုက်သည်။ ၎င်းက ပါးစပ်ဟလိုက်ပြီး ပုဖန်ကို ဟိန်းဟောက်ရန် ပြင်နေသည်။
ပုဖန် လမ်းလျှောက်နေရာမှ ရပ်သွားသည်။
ပတ်ဝန်းကျင်မှ လူအများစုက လေအေးကိုရှုရှိုက်နေရသည်။ အားလုံးက ပုဖန်ကို လူသေတစ်ယောက်ကဲ့သို့ ကြည့်နေသည်။
ဖြတ်သွားစရာ လမ်းအများကြီးရှိတာကို အဲ့ယောက်ျားက ဘာလို့ အဲ့နဂါးနီကြီးရှေ့ကမှ ဖြတ်ရတာလဲ ...
ကြက်သွေးရောင်မဟာနဂါးစစ်သူကြီးက စိတ်တိုလွယ်သည့်အကြောင့် တစ်မြို့လုံးသိသည်။
နဂါးနီကြီး၏ အတောင်ပံများ တဖျတ်ဖျတ်ခတ်နေသည်။ ချက်ချင်းပင် လေပွေတစ်ခုက သူ့ကို လာရိုက်ခတ်သည်။
ပုဖန် မျက်ခုံးပင့်လိုက်ပြီး ခေါင်းစောင်းကာ ထိုနဂါးကြီးကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ဝိညာဉ်ပင်လယ်ထဲတွင် ရွှေရောင်နတ်နဂါးကြီးက စူးရှစွာအော်မြည်နေသည်။
ပုဖန် နဂါးနီကြီးကို စိုက်ကြည့်လိုက်သည့်အခါ ၎င်းကိုရွှေရောင်နဂါးကြီးက ရစ်ပတ်ထားသကဲ့သို့ မြင်လိုက်ရသည်။
နဂါးကြီး၏အရှိန်အဝါက ချက်ချင်းကြီး ကျယ်ပြန့်လာသည်။
ရွှေရောင်အလင်းတန်းများက နေရာအနှံ့ဖြာထွက်နေသည်။
ဟိန်းဟောက်ရန်ပြင်နေသော နဂါးနီကြီး အသံမထွက်နိုင်တော့ပေ။ ပုဖန်ဆီမှနဂါး၏ အရှိန်အဝါအောက်တွင် ၎င်းကမြေပြင်ပေါ်လှဲနေပြီး အမြှီးကုပ်နေသည်။
နဂါးနီက ပုဖန်ကို ကြောက်လန့်ရိုသေမှုဖြင့် ကြည့်နေသည်။
ပြီးတော့ ချစ်မြတ်နိုးနေတဲ့ပုံပဲ ...
အယ် ...
ပုဖန် အနည်းငယ် အံ့ဩသွားသည်။
ထို့နောက်တွင် သူ၏နှုတ်ခမ်းများ တစ်ကြိမ်ခန့် တွန့်ချိုးသွားသည်။ နတ်ဘုရားမမြို့တော်မှ နဂါးအားလုံးက နဂါးမများဖြစ်ဟန်တူသည်။ ရွှေရောင်နတ်နဂါးကြီး၏ အစွမ်းဖြင့် အားလုံးကို ဖိနှိပ်ရန် အသုံးပြုလိုက်သည်။
ဒါဆို ရွှေနဂါးကြီးက သောက်ရမ်းစွမ်းအားကြီးတဲ့နဂါးထီးပေါ့ ...
သက်ပြင်းချလိုက်ပြီး နဂါးနီကို ခေါင်းငြိမ့်ပြလိုက်သည်။
ပုဖန် လက်နောက်ပစ်ပြီး ရှက်ရွံ့ခြင်းမရှိ နှလုံးခုန် မြတ်လာခြင်းမရှိပဲ နွေဦးလေပြည်စားသောက်ဆိုင်ဘက်သို့ ဦးတည်သွားသည်။
နွေဦးလေပြည်စားသောက်ဆိုင်၏ အစောင့်အားလုံး အံဩသွားကြသည်။
အဲ့ဒါဘယ်သူကြီးလဲ ... သူက ကြက်သွေးရောင်မဟာနဂါးစစ်သူကြီးကိုပါ ဖိနှိပ်လိုက်တာလား ...
သူတို့ ကြက်သေသေနေကြသဖြင့် ပုဖန်မည်သူမည်ဝါဖြစ်ကြောင်း မေးရန်မေ့သွားသည်။ သူတို့အသိပြန်ဝင်လာချိန်တွင် ပုဖန်က စားသောက်ဆိုင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
နဂါးကြီးကမြေပေါ်လှဲကာ လက်သည်းများကို လျက်နေသည်ကိုကြည့်ပြီး အားလုံးကြောက်လန့်နေကြသည်။
ဤသို့နာခံနေသောနဂါးနီကြီးမှာ သူတို့၏မှတ်ဉာဏ်ထဲမှ ကြက်သွေးရောင်မဟာနဂါးစစ်သူကြီးနှင့် မည်သည့်နေရာမှ မတူညီပေ။
ဝတ်ရုံအနက်နဲ့လူက ဘယ်သူပါလိမ့် ...
…
မြို့တော်တံခါးဝတွင် ကျယ်လောင်သည့် တံခါးခေါက်သံတစ်ခု ပဲ့တင်ထပ်လာသည်။ တိတ်ဆိတ်နေသော ညအချိန်ဖြစ်သည့်အတွက် ထိုအသံက နားအူလာစေသည်။
အမျိုးသမီးအစောင့်နှစ်ယောက်က သံသယဝင်သွားပြီး အကြည့်ချင်းဖလှယ်နေကြသည်။
မြို့တံခါးကို ဒီအချိန်ကြီးမှဘယ်သူလာခေါက်တာလဲ ...
ဘုန်း ...
အစောင့်နှစ်ယောက်က မြင့်မားသည့်မြို့ရိုးပေါ်မှ ခုန်ချလာသည်။ ဘုန်းခနဲအသံဖြင့် ဆင်းသက်လာပြီး ထိုနေရာတစ်ဝိုက်ကို ဖုန်ထလာစေသည်။
ကျွိ ...
တံခါးကိုဖွင့်ပြီး တံခါးဟရာကြားမှကြည့်ကာ လှံရှည်များကို ကိုင်ထားကြသည်။
ထိုနေရာတွင် ပုံရိပ်တစ်ခုက ကြောင်တစ်ကောင်ကဲ့သို့ သိမ်မွေ့စွာလျှောက်လာနေသည်။
ဟမျ ဘာလဲ ...
အစောင့်နှစ်ယောက် အံ့ဩသွားသည်။
အလင်းရောင်တောက်လာမှ တစ်ဖက်လူ၏မျက်နှာကို မြင်တွေ့လိုက်ရသည်။
ထိုလူက မျက်နှာက ပေါင်ဒါဘူးထဲပြုတ်ကျလာသကဲ့သို့ မျက်နှာတစ်ပြင်လုံး ဖြူဖွေးနေသည်။ ပါးပြင်ပေါ်တွင်လည်း အနီရောင်အစက်ကြီးနှစ်စက်ရှိပြီး အလွန်တောက်နေသည့် အနီရောင်နှုတ်ခမ်းက အစောင့်နှစ်ယောက်ကို လန့်သွားစေသည်။
သူမ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လာသည့်အခါ သူမ၏ဆံပင်ကောက်ကောက်များက လေထဲလွင့်နေသည်။ သူမ၏ ရင်သားများက အလွန်ဝိုင်းစက်ပြီး အပေါ်ရောက်လွန်းနေသည်။ ကြမ်းတမ်းသည့် မျက်နှာသွင်ပြင်ကို ဝတ်ရုံရှည်ဖြင့် ဖုံးလွှမ်းထားသည်။
" အိုး ... အစောင့်နှစ်ယောက်ပါလား ... မိန်းမပျိုလေးဖြစ်တဲ့ ကျွန်မက အကြာကြီးလမ်းလျှောက်ခဲ့ရတာ နောက်ဆုံးတော့ မြို့တစ်မြို့ကို ရှာတွေ့ခဲ့ပြီ ..."
ထိုမိန်းကလေးက သူမ၏ လက်ကိုင်ပဝါကိုလှုပ်ရမ်းနေကာ အသံအက်အက်ကြီးဖြင့် ပြောလိုက်သည်။
အစောင့်နှစ်ယောက် အံ့ဩသွားသည်။
" ညနက်နေပြီနောက် ဒီလိုဝတ်စားထားပြီး လူသားလည်းမဟုတ် သရဲလည်းမတူပဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ ..."
အစောင့်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး လှံရှည်ဖြင့် ချိန်ရွယ်ထားကာ သူမကို တားမြစ်နေသည်။
" ဘယ်သူက လူနဲ့ရော သရဲနဲ့ရော မတူတာလဲ ... ဒီဘုရင် ... အဲ့ ... ကျွန်မက လှလှပပဝတ်စားထားတာပါ ... ရှင့်မှာ အသိဉာဏ်ရှိတဲ့အကြိုက်မရှိရင် ပါးသပ်ပိတ်ထားလိုက် ..."
ထိုမိန်းကလေးက မျက်ဆံလှန်လိုက်သည်။ စကားပြောနေစဉ် မျက်နှာမှ ပေါင်ဒါများကွာကျလာသည်။
အစောင့်နှစ်ယောက် ကြက်သီးထလာသည်။
" မရဘူး ... မင်းကထူးဆန်းတယ် ... ငါတို့နဲ့လိုက်ခဲ့ ..."
" အိုး ... ရှင်တို့က ကြင်နာတဲ့မိသားစုက အပျိုစင်လေးတစ်ယောက်ကို အနိုင်ကျင့်နေတာပဲ ... ကျွန်မကိုလွှတ် ..."
ထိုမိန်းကလေးက စိတ်မသက်မသာဖြင့် ဂနာမငြိမ်ဖြစ်လာသည်။ ရုတ်တရက် သူမခန္ဓာကိုယ်မှ ငရဲစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး ပျောက်ကွယ်သွားသည်။
အစောင့်များ မတုံ့ပြန်နိုင်မီမှာပင် သူမ၏ လက်ချောင်းများက သူတို့၏ မျက်ခုံးနှစ်ခုကြားမှ နေရာကို ထိလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အစောင့်များ ခွေလဲကျသွားသည်။
အစောင့်နှစ်ယောက်ကို ဖြေရှင်းပြီးသည့်အခါ ထိုမိန်းကလေး သက်ပြင်းချလိုက်သည်။ သူမဖိနပ်များကို အဝေးသို့ခါထုတ်လိုက်ကာ ခြေထောက်ကြီးနှစ်ဖက်က မြေပြင်ပေါ် နင်းလိုက်သည်။
" မိန်းမအဖြစ် ရုပ်ဖျက်ရတာ ငါနဲ့လည်း မလိုက်ပါလား ... မသေမျိုးချက်ပြတ်ခြင်းနယ်ပယ်က ကိုယ်လုံးတီးအရူးနဲ့တောင်မှ ဒီဝတ်စုံက ပိုလိုက်ဖက်ဦးမယ် ... ဘာပဲဖြစ်ဖြစ် နတ်ဘုရားမမြို့တော်ထဲရောက်လာပြီဆိုတော့ ကံကောင်းတာပဲ ... အရင်ဆုံး ကောင်လေးပုဖန်ကို ရှာရမယ် ... ပုဖန်ရေ မင်းကိုပိလော့ ခေါင်းမဖြတ်စေနဲ့ဦး ..."
စုတ်ပြဲသွားသော ဝတ်စုံကိုကိုင်ကာ ငရဲဘုရင်အာဟ မြို့ထဲသို့ ဝင်သွားသည်။
အပြင်ဘက်မှ ဆံပင်ဖြူဖြူနှင့် လောင်တျဲမှာ မျက်ခုံးမွှေးဆွဲသည့်ခဲတံကိုကိုင်၍ ထိတ်လန့်ကြောက်ရွံ့ကာ တစ်သိမ့်သိမ့်တုန်နေသည်။