အပိုင်း ၁၁၂၁
Viewers 53k

အခန်း ၁၁၂၁

အထင်အမြင်သေးစရာ ဘယ်လိုဖြစ်လာတာလဲ 


နွေဦးလေပြည်စားသောက်ဆိုင်က ဝင်လာသူတိုင်းကို မှင်သက်သွားစေနိုင်သည့် စားသောက်ဆိုင်မျိုးဖြစ်သည်။


အလှဆင်ထားပုံများက နန်းတော်ထဲမှာရှိစဉ်က ခံစားချက်မျိုးကဲ့သို့ မဟုတ်ပဲ သူ၏ကိုယ်ပိုင်ဟန်ဖြင့်ပင် တစ်မျိုးတစ်ဖုံ တောက်ပဝင်းလက်‌နေသည်။ အတွင်းပိုင်းအပြင်အဆင်များက သူကမ္ဘာပေါ်တွင်ရှိစဉ်က အဆင့်အတန်းမြင့်သည့် အနောက်တိုင်းစားသောက်ဆိုင်များနှင့် တူနေသည်။


အထဲသို့ဝင်လိုက်သည်နှင့် ကျောက်စိမ်းနံရံများက ချက်ချင်းပင် မျက်လုံးကို ဖမ်းစားထားနိုင်သည်။ ၎င်းတို့က နံရံကိုပြောင်လက်တောက်ပနေသည်ဟု ထင်သွားစေသည်။


ထိုနေရာတွင် စားသောက်ဆိုင်၏ မည်သည့်အထပ်ကိုမဆို သွားလာနိုင်သည့် ကြောင်လိမ်လှေကားတစ်ခုလည်းရှိသည်။


စားသောက်ဆိုင်၏ အထပ်တိုင်းက ကျယ်ပြန့်သည့် စက်ဝိုင်းပုံဧရိယာများဖြစ်ပြီး အထပ်တိုင်း၏အလယ်ဗဟိုတွင် ကြောင်လိမ်လှေကားများ တည်ရှိသည်။ ထိုလှေကားများကို ရေကဲ့သို့ကြည်လင်သည့်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ 


နွေဦးလေပြည်စားသောက်ဆိုင်က မြင့်မြတ်ပြီး ငြိမ်သက်သောလေထုကို ပေးစွမ်းနိုင်သည်။


ပုဖန် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ တစ်မူထူးခြားသည့် အရာများဖြစ်ပေါ်လာသည်။


ထိုသို့သောစားသောက်ဆိုင်မျိုးကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နှင့် ပုန်းကွယ်နဂါးဆိုက်ကြီးတွင် ထိုခံစားချက်မျိုးမတွေ့ကြုံခဲ့ဖူးပေ။


ဤနေရာ၏ပုံစံက ပုဖန်ကို အဆင့်မြင့်အနောက်တိုင်းစားသောက်ဆိုင်တစ်ခုတွင် ရှိနေသကဲ့သို့ ခံစားရစေသည်။ ထို့ကြောင့် ကမ္ဘာပေါ်မှစားသောက်ဆိုင်များကို မစဉ်းစားမိပဲမနေနိုင်ပေ။


သို့ရာတွင် သိသာထင်ရှားသည်မှာ နွေဦးလေပြည်စား‌သောက်ဆိုင်၏ အလှဆင်ထားပုံနှင့် အတွင်းပိုင်းအပြင်အဆင်များမှာ ကမ္ဘာပေါ်မှသားနားသည့် စားသောက်ဆိုင်များထက်ပို၍ ခေတ်ဆန်သည်။


နားဝင်ချိုသောတေးသံတစ်ခုက စားသောက်ဆိုင်ထဲတွင် ပျံ့လွင့်နေသည်။ ၎င်းအသံက အားလုံး၏စိတ်များကို အေးချမ်းသွားစေပြီး လုပ်လက်စများကိုရပ်ပြီး အသံ၏အရင်းအမြစ်နေရာကို လှည့်ကြည့်လိုက်ကြသည်။


ပုဖန် မျက်ခုံးများပင့်ပြီး ခေါင်းမော့၍ အပေါ်ကိုကြည့်လိုက်သည်။


စားသောက်ဆိုင်၏အလွှာတိုင်းတွင် အရွယ်ကောင်းအမျိုးသမီးများက သီချင်းဆိုနေကြသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းကလေးများ‌ကို သေသေချာချာ လေ့ကျင့်ပေးထားကြောင်းသိနိုင်သည်။ ထိုသီချင်းသံများကို ပဖန် ယခင်က မကြားခဲ့ဘူးသော်လည်း ထိုတေးသံများက ဤနေရာနှင့်လိုက်ဖက်နေသည်ကို မချီးကျူးပဲ မနေနိုင်ပေ။ 


ပုဖန် ရေရွတ်ပြောဆိုနေစဉ် တစ်စုံတစ်ယောက်က သူ့ကိုချဉ်းကပ်လာသည်။


" မင်္ဂလာပါရှင် ... ညစာစားဖို့များ ကြွလာတာလား ..."


ညင်သာသောအသံတစ်ခု ပုဖန်နားထဲဝင်လာသည်။


ပုဖန် ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။

" မင်းတို့ နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ခေါင်းဆောင် တွေ့လို့ရမလား ..."


သူမ၏ခန္ဓာကိုယ်အလှအပကို ပေါ်လွင်စေသည့် ဆွဲဆောင်မှုရှ်ိသောဝတ်စုံ ဝတ်ဆင်ထားသည့် စားပွဲထိုးမလေးမှာ ထိုမေးခွန်းကိုကြားသည့်အခါ အံ့အားသင့်သွားသည်။


ဘယ်သူက နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံးမှာ ရာထူးအမြင့်ဆုံးလဲတဲ့လား ...


သေချာတာကတော့ ဆိုင်ပိုင်ရှင်မဟုတ်ဖူး ... ခေါင်းဆောင်စားဖိုမှူးကို ပြောချင်တာများလား ...


စားဖိုမှူးသည် နွေဦးလေပြည်စားသောက်ဆိုင်၏ အသက်သွေးကြောဖြစ်သည်။ စားဖိုမှူးရှိနေသရွေ့ စားသောက်ဆိုင်တွင် ဧကရီဘုရင်မကြီး စိတ်ကျေနပ်စေနိုင်သည့် အဆင့်မြင့်အစားအသောက်များစွာ ချက်ပြုတ်နိုင်သည်။


ဘယ်သူဘယ်ဝါမှန်း မသိတဲ့လူတစ်ယောက်က စားသောက်ဆိုင်ထဲ ဝင်လာပြီးတာနဲ့ ခေါင်းဆောင်စားဖိုမှူးကိုတွေ့ချင်တယ်လို့ ပြောရဲတယ်ပေါ့ ...


အမြဲအလုပ်ရှုပ်နေတဲ့ နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးက ဒီလိုကြုံရာလူတစ်ယောက်ဆီကိုလာပြီး ဖြေပေးပါ့မလား ...


" ဧည့်သည် ကျွန်မကိုနောက်နေတာထင်တယ် ..."

စားပွဲထိုးမလေးက ပြုံးပြပြီး ကြောင်လိမ်လှေကားမှတစ်ဆင့် ပုဖန်ကို ဒုတိယထပ်ကို ခေါ်သွားသည်။


စားသောက်ဆိုင်၏ ပထမထပ်မှာ နေရာကျယ်ဝန်းသော်လည်း စားပွဲများမရှိပဲ နေရာလွတ်များသာဖြစ်သည်။


နွေဦးလေပြည်စားသောက်ဆိုင်၏ ပထမထပ်မှလွဲ၍ အထပ်တိုင်းတွင် စားပွဲများ ထားရှိရာ စင်္ကြံများစွာပါ၀င်သည် ။ ထိုနေရာတွင် စားသောက်နေကြသည့် လူအများစုကဝိုင်ခွက်များကိုကိုင်၍ မျက်လုံးမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေကြသည်။


ဤစားသောက်ဆိုင်က စိတ်ဝိညာဉ်များကိုပင် သန့်ရှင်းပေးနေသည်ဟု ထင်ရသည်။


ပုဖန် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။ တိတ်ဆိတ်နေပြီး စားပွဲထိုးမလေးကို စားဖိုမှူးကိုရှာပေးရန် မနှောင့်ယှက်နေပေ။


" ဧည့်သည် ကျေးဇူးပြုပြီးထိုင်ပါ ..."


ပုဖန်အတွက် ဒုတိယထပ်တွင် နေရာတစ်ခု ရှာတွေ့သွားသည်။


ပုဖန်က အနက်ရောင်ဝတ်ရုံ ဝတ်ထားသော်လည်း လူအချို့၏ အာရုံစိုက်မှု ခံနေရဆဲဖြစ်သည်။ သို့သော်လည်း မည်သူမျှ ပြဿနာမရှာကြပေ။


စားပွဲထိုးမလေးက ခုံကိုဆွဲပေးပြီး စားပွဲပေါ်တွင် အဖြူရောင်အဝတ်တစ်ခုကို ခင်းလိုက်သည့်အခါ စားပွဲခင်းအစွန်းများက သေသပ်စွာ ‌ကျလာသည်။


ပုဖန် အဝတ်စကို ထိကြည့်လိုက်သည့်အခါ ၎င်းက အရည်အသွေးမြင့်ကြောင်း သိလိုက်ရသည်။


" ဧည့်သည် ဒါကမီနူးပါ ... အဆင်သင့်ဖြစ်၍ ကျွန်မကို ဘာမှာမလဲ ပြောလို့ရပါတယ် ..."

စားပွဲထိုးမလေးက ကြင်နာစွာပြုံးပြီး ပြောလိုက်သည်။ ပုဖန် အစောပိုင်းက မေးခဲ့သောမေးခွန်းအတွက် အထင်သေး၍လှောင်ပြောင်ခြင်း မရှိပေ။


နွေဦးလေပြည်စားသောက်ဆိုင်မှ ဝန်ဆောင်မှုများက အလွန်ကောင်းမွန်လှသည်ကို ပုဖန်ဝန်ခံရမည်။


အလှဆင်မှုပင်ဖြစ်စေ ဝန်ဆောင်မှုပိုင်းပင်ဖြစ်စေ နွေဦးလေပြည်စားသောက်ဆိုင်က စားသုံးသူများကို ဝန်ဆောင်မှုပေးရန်အတွက် အရာအားလုံးကို ထည့်သွင်းစဉ်းစားထားသည်။


ယခု ပုဖန်အတွက် ကျန်သည့်အရာတစ်ခုမှာ အစားအစာများကို တွေ့ကြုံခံစားကြည့်ရန်ဖြစ်သည်။


အကယ်၍ အစားအစာများက အရသာမရှိပါက မည်မျှပင်ဝန်ဆောင်မှုကောင်း၍ အပြင်အဆင်များ လှပစေကာမူ နွေဦးလေပြည်စားသောက်ဆိုင်က အောင်မြင်လာမည်မဟုတ်ပေ။


ထို့ကြောင့် ပုဖန်မီနူးကိုယူလိုက်သည်။ ကြည့်လိုက်သည့်အခါ မျက်နှာတစ်ခုလုံး အေးစက်တောင့်တင်းသွားသည်။ မီနူးမှဟင်းပွဲများမှာ ဈေးကြီးလွန်းလှသည်။


ဈေးအပေါဆုံး ဟင်းလျာမှာ ကိန်းဂဏန်းလေးခုခန့်ရှိသည်။


ထို့ကြောင့် နယ်သာသလင်းကျောက်ငါးရာသာရှိသော ပုဖန် အနည်းငယ် ရှက်လာသည်။


စားသောက်ဆိုင်ထဲတွင် သာယာငြိမ့်ညောင်းသောတေးသံများ ထွက်ပေါ်နေသည်။


" နွေဦးလေပြည်စားသောက်ဆိုင်ကိုလာပြီး လှပတဲ့တေးသံတွေ နားထောင်ရတာက ဤနေရာမှာရှိနေတဲ့ အခိုက်အတန့်လေးကို တန်ဖိုးထားမိစေတယ် ..."

စားပွဲထိုးမလေးက ခေါင်းမော့၍ အပေါ်ထပ်များကို ကြည့်နေသည်။


ပုဖန်၏မျက်နှာတွင် သဘောကျနှစ်သက်သည့် အမူအရာတစ်ခု ပေါ်လာသည်။


ပုဖန် မီနူးကိုကြည့်လိုက်ပြန်သည်။ သူ့ထံတွင် နယ်သာသလင်းကျောက်များ လုံလောက်စွာမရှိသဖြင့် အမျိုးအစားစုံလင်လှသော ဟင်းလျာများကို ကြည့်ရုံသာကြည့်လိုက်သည်။


ပုဖန် မီနူးကိုကြည့်နေစဉ် ထူးဆန်းသည်များကို တွေ့ရှိသွားသည်။ အခြားဟင်းလျာအမျိုးအစားများထက်စာလျှင် အသားကင်ဟင်းလျာများက ပိုများနေသည်။ သို့သော်လည်း အခြားဟင်းလျားအမျိုးအစားများက များပြားနေဆဲပင်ဖြစ်သည်။


" ရနံ့မွှေးနဂါးစဉ်း‌ကောလား ..."

ပုဖန် မီနူး၏ထိပ်ဆုံးဟင်းလျာကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်မိသည်။


" ရှင် ... ဧည့်သည် အဲ့ဒီဟင်းလျာမှာချက်လို့လား ... ဒီဟင်းလျာက ကျွန်မတို့ဆိုင်ရဲ့ အရောင်းရဆုံးတွေထဲက တစ်ခုပဲ ... စားဖိုမှူးရဲ့ အကောင်းဆုံးဟင်းလျာထဲမှာလည်းပါတယ် ..."

စားပွဲထိုးမလေးက အပြုံးဖြင့် ဖြေလိုက်သည်။


" ဧည့်သည်အတွက် ဒါကိုချက်ပေးတာ ခေါင်းဆောင်စားဖိုမှူးမဟုတ်ပေမယ့် အလုပ်သင်စားဖိုမှူးတွေကလည်း ဟင်းလျာရဲ့အရသာကို ပေါ်လွင်လာအောင် ချက်ပေးနိုင်ပါတယ် ..."


ပုဖန် မေးလိုက်သည်။

" ဒါဆို မီနူးပေါ်က ပထမဆုံးဟင်းလျာက ခေါင်းဆောင်စားဖိုမှူးရဲ့ အကောင်းဆုံးဟင်းလား ..."


စားပွဲထိုးမလေးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

" အဲ့လိုပြောလို့ရပါတယ် ... ဒါပေမဲ့ ခေါင်းဆောင်စားဖိုမှူးရဲ့ သီးသန့်ဟင်းလျာကတော့ နဂါးကောင်လုံးပေါင်း ဖြစ်မယ်ထင်ပါတယ် ..."


" မီနူးထဲမှာ မပါဘူးလား ..."

ပုဖန် စာရွက်များလှန်ကာ သံသယဝင်စွာဖြင့် မေးလိုက်သည်။


စားပွဲထိုးမလေးက ဂုဏ်ယူစွာဖြင့် ပုဖန်ကို ရှင်းပြနေသည်။

" ဧည့်သည် နဂါးကောင်လုံးပေါင်းက နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ အမြင့်ဆုံးအထပ်မှာပဲ တည်ခင်းပေးတာပါ ... ပြီးတော့ ပြောရတာ‌အားနာပါတယ် ... စားဖိုမှူးက ဒီဟင်းလျာကို တစ်လမှတစ်ခါပဲ ချက်တာပါ ... ပြီးတော့ ဒီဟင်းက ဧကရီဘုရင်မကြီးရဲ့ အကြိုက်ဆုံးဖြစ်တော့ တော်ဝင်စားသောက်ပွဲကြီးမှာပဲ တည်ခင်းပေးရပါတယ် ..."


တော်ဝင်စားသောက်ပွဲကြီးလား ...


ပုဖန် သက်ပြင်းချပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

" ဒါဆိုလည်း ဒီဟင်းပဲမှာတော့မယ် ..."


နောက်ဆုံးတွင် ပုဖန်တစ်စုံတစ်ခုကို မှာလိုက်သည့်အခါ စားပွဲထိုးမလေး၏ မျက်လုံးများ အရောင်လက်သွားသည်။ သို့သော် ပုဖန် လက်ညိုးထိုးပြနေသည်ကို မြင်သောအခါ သူမမျက်နှာက ရုတ်ချည်းအေးခဲသွားသည်။ သူမ သေချာစေရန် အသံထွက်ပြောလိုက်မိသည်။

" ကျောက်စိမ်းနဂါးအသည်းလားရှင့် ..."


စားပွဲထိုးမလေး၏ သံသယများကြောင့် ပုဖန် ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ကျောက်စိမ်းနဂါးအသည်းဟင်းလျာကသာ နယ်သာသလင်းကျောက်ငါးရာတန်သည်။


ပုဖန်က နဂါးအသည်းနှင့် စိမ်းသည်မဟုတ်ပေ။ သူကိုယ်တိုင်သည်လည်း နဂါးအသဲဟင်းလျာဟူခေါ်သည့် ဟင်းကို ချက်ပြုတ်ခဲ့ဖူးသည်။ သို့ရာတွင် ထိုဟင်းလျာက စားကောင်းသောက်ဖွယ်ဟု ခေါ်‌ဆိုနိုင်ရန်အတွက် အထူးရောစပ်မှုတစ်မျိုးလိုအပ်သည်။


စားပွဲထိုးမလေး အနည်းငယ် စူပုပ်သွားကာပြောလိုက်သည်။

" ကောင်းပါပြီ ... ခဏကြာရင် မှာထားတာရောက်ပါမယ် ..."


မီနူးကို အချိန်ကြာမြှင့်စွာ ကြည်နေပြီးသည့်နောက် ဈေးအပေါဆုံးဟင်းလျာကိုသာ မှာလိုက်ပြီး အဆုံးသတ်သွားသည်။ ထိုစားပွဲထိုးများကို ‌ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော်လည်း သူမမျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အမြွက်များ ပေါ်လာသည်။


လူများကို သူတို့ပြသသည့် တန်ဖိုးအတိုင်း ကွဲပြားစွာဆက်ဆံကြသည်မှာ နတ်ဘုရားမမြို့တော်တွင်လည်း အပြင်လောကအတိုင်းသာဖြစ်သည်။


၎င်းကဈေးအပေါဆုံးဟင်းလျာတစ်ခု ဖြစ်သော်လည်း ပုဖန်အနည်းငယ်မျှော်လင့်ထားသည်။ တစ်ခါတစ်ရံတွင် စားဖိုမှူးတစ်ယောက်အတွက် ဟင်းလျာတစ်မျိုးတည်းတွင် ကွဲပြားသောအရသာပေါင်းစုံကို ခံစားနိုင်သည့်အချိန်လည်းရှိသည်။


စားပွဲထိုးမလေးက အဝေးသို့ရောက်သည့်အခါ ပုဖန်ကို လှောင်ပြောင်သကဲ့သို့ ကြည့်နေသည်။ သူက ဟင်းလျာတစ်ပွဲတည်းသာ မှာသည့်အပြင် ဝိုင်ကိုလည်းမမှာပေ။


ထိုကဲ့သို့ ရယ်စရာကောင်းသည့် စားသုံးသူကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ပုဖန်က သူမအတွက် ခန္ဓာကိုယ်တောင့်တင်းသည့် ကြုံရာလူတစ်ယောက်သာဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ နွေဦးလေပြည်စားသောက်ဆိုင်သို့ဝင်ရောက်နိုင်သူများမှာ အဆင့်အတန်း သို့မဟုတ် စွမ်းရည်ရှိသောသူများသာဖြစ်သည်။ အကယ်၍ သူတို့သည် အရာရှိများမဟုတ်ပါကလည်း အောင်မြင်သော ကုန်သည်များသာဖြစ်သည်။


ပုဖန် တည်ငြိမ်စွာထိုင်နေသည်။ သူ့ထံတွင် ရွေးချယ်စရာများမရှိသောကြောင့် သူလုပ်နိုင်သမျှအရာအားလုံးကိုသာ လုပ်ရမည်ဖြစ်သည်။


အကယ်၍ ဟင်းလျာများကို အင်မော်တယ်သလင်းကျောက်ဖြင့် ပေးချေရမည်ဆိုပါက အခြားဟင်းများကိုပါ မှာယူနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ဈေးနှုန်းများက နယ်သာသလင်းကျောက်များသာ ဖြစ်နေသောကြောင့် မတတ်နိုင်ပေ။


သို့သော်လည်း ကျောက်စိမ်းနဂါးအသည်းကိုစားရန် ပုဖန်မျှော်လင့်နေမိသည်။


သာယာသောသီချင်းဆိုသံကို နောက်တစ်ကြိမ်ကြားရပြန်သည်။ ၎င်းက သူ့နားထဲတွင် ရစ်ဝဲနေကာ သူ၏တစ်ကိုယ်လုံးကို အေးချမ်းသွားစေသည်။


" တကယ်ကို အံ့အားသင့်ဖွယ်ပဲ ..."

ပုဖန် ရေရွတ်လိုက်သည်။


တေးဆိုသံကို ချီးကျူးရုံမက ၎င်း၏တူရိယာသံကိုပါ ချီးကျူးလိုက်ခြင်းဖြစ်သည်။


ဤထူးဆန်းသောကမ္ဘာ၏ တူရိယာများက အမှန်တကယ်ပင် ကွဲပြားလှသည်။ ထွက်လာသည့် အသံက နားထဲကို နွေးထွေးနေစေသည်။


တေးသံသာများနှင့် အစားအစာကောင်းများ စားရသည့်အတွက် နွေဦးလေပြည်စားသောက်ဆိုင်က အလည်လာရန် အကောင်းဆုံးနေရာဖြစ်နေသည်။


ရုတ်တရက် ကြမ်းပြင်နှင့်ထိနေသော ဒေါက်ဖိနပ်သံက ပုဖန်၏ တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်သွားစေသည်။


ပုဖန် မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်သည့်အခါ ချဉ်းကပ်လာသည့် စားပွဲထိုးမလေးကို မြင်လိုက်ရသည်။


" ဧည့်သည်မှာထားတဲ့ဟင်း ရပါပြီ ..."

စားပွဲထိုးမလေး၏အသံက စိတ်အားထက်သန်မှု မရှိသည့်အပြင် မျက်နှာတွင်လည်း အပြုံးမရှိပေ။


သူမ ဟင်းပွဲကိုချထားပြီး ထွက်သွားသည်။ ထိုနေရာတွင် တူ ဓား ခက်ရင်း တစ်ခုမှမရှိပေ။ သူမက ပုဖန်ကို တန်ဆာပလာတစ်ခုမှ မပေးသွားပေ။


စားပွဲထိုးမလေး ထွက်သွားသည်ကို ပုဖန် ကြည့်နေပြီး စားပွဲခုံကို ခေါက်နေသည်။


ဒေါက် ဒေါက် ဒေါက် ...


ခဏကြာသောအခါ ပုဖန် စားပွဲထိုးမလေးကို ကြည့်ရမည့်အစား ရှေ့မှဟင်းလျာကိုသာ ကြည့်နေသည်။


စားပွဲထိုးမလေးက သီချင်းညည်းကာ ထွက်သွားသည်။


ထိုမိန်းကလေး သူ့ကိုအထင်သေးနေသည်ကို သိသော်လည်း ပုဖန်ဂရုမစိုက်ပေ။


ကျောက်စိမ်းနဂါးအသည်း ...


ပုဖန် မှာထားသည့်ဟင်းလျာက စားပွဲပေါ်တွင် အရောင်တဖိတ်ဖိတ်တောက်နေသည်။ ပန်းကန်ပြားကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရပြီး အစွန်းတွင် ရွှေရောင်ဖျော့ဖျော့ဖြစ်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါ အနောက်တိုင်းဟင်းလျာလား ..."


စားပွဲထိုးက ဘာမှမပေးသွားသည့်အတွက် ပုဖန်ကိုယ်တိုင်ပြင်ဆင်ရတော့မည်ဖြစ်သည်။


ဝှစ် ...


ပုဖန်၏ လက်ထဲတွင် ဓားနှင့်ဇွန်းတစ်ချောင်းပေါ်လာသည်။ သူယခင်က နဂါးအသားလွှာကို ချက်ပြုတ်ခဲ့ဖူးသဖြင့် စားသုံးရန်အတွက် ဓားနှင့်ခက်ရင်းလိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် လက်ဦးမှုယူတာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။


ဓားနှင့်ဇွန်းတို့ ဖြည်းညှင်းစွာ တိုက်မိသည့်အခါ မာဆတ်ဆတ်အသံတစ်ခု ထွက်လာသည်။


ထိုအသံက မြောက်မြားစွာသောလူများ၏ အာရုံစိုက်မှုကို ရယူသွားပြီး ပုဖန်ဆီသို့ လှည့်ကြည့်ကြသည်။


အဝေးတွင်ရပ်နေသည့် စားပွဲထိးမလေးမှာ ပုဖန် ဇွန်းနှင့်ဓားကိုင်ထားသည်ကို မြင်သောအခါ သူမမျက်နှာတွင် အံ့ဩရိပ်သန်းသွားသည်။ သို့ရာတွင် စူပုပ်နေပြီး ပမာမခန့် ကြည့်နေသည်။


ခဏအကြာတွင် ပုဖန်လက်ထဲမှ ခက်ရင်းကလှုပ်ရှားလာသည်။ 


နဂါးအသည်းကို ဖြည်းညှင်းစွာ လှီးနေစဉ်တစ်ဖက်က ခက်ရင်းဖြင့် ဖိထားသည်။ အပိုင်းငယ်လေးတစ်ခု ဖြတ်ပြီးသည့်အခါ နဂါးအသည်းကို ပါးစပ်ထဲ ထည့်လိုက်သည်။


အယ် ...


နဂါးအသည်း ပါးစပ်ထဲရောက်သွားသည်နှင့် ပုဖန် မျက်မှောင်ကြုတ်သွားသည်။


၎င်းက နဂါးအသည်းအရသာ မကောင်းသောကြောင့်မဟုတ်ပေ။ သူယခင်ကစားခဲ့သည်နှင့် တစ်ထပ်တည်းတူနေသောကြောင့်ဖြစ်သည်။


နဂါးအသည်းက နူးညံ့နေပြီး ကြော်ထားသည်မှာ အနေတော်ဖြစ်သည်။ ဓားဖြင့်လှီးနေစဉ်တွင် ၎င်း၏လှပသောအရောင်ကို တွေ့နိုင်သည်။


ပါးစပ်ထဲ ရောက်သွားသည်နှင့် နွေးထွေးသောအရသာကို ပေးစွမ်းနိုင်သည်။ ကိုက်လိုက်သည့်အခါ နဂါးအသည်း၏ ရနံ့က ခံတွင်းထဲ ပေါက်ကွဲထွက်လာသည်။ ၎င်းက အရည်ပျော်သွားပြီး အရသာခံဖုများပေါ် အလွှာတစ်ခု ထပ်ထားသကဲ့သို့ပင်။


ဤချက်ပြုတ်နည်းလုပ်ငန်းစဉ်ကို နဂါးအသည်းကို ဖိချေပြီး အပူချိန်မြင့်သည့်မီးတောက်နှင့် တိုက်ရိုက်ကင်သည့်အခါမှသာ ရရနိုင်သည်။


အရသာကကောင်း‌သော်လည်း ဟင်းလျာက ကြမ်းတမ်းနေပြီး အပြသစ်အနာအဆာများ ရှိနေသည်။


ဟင်းကို အရသာခံပြီးမှ ပုဖန် အကဲဖြတ်နေခြင်းဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူအလျင်မလိုသောကြောင့် နဂါးအသည်းကို ဖြည်းညှင်းစွာ တစ်ခုပြီးတစ်ခု စားနေသည်။အရသာက ခံတွင်းထဲတွင် တောက်လျှောက်ပျံ့နှံ့နေသည်။


ချက်ပြုတ်ထားတဲ့နည်းလမ်းက ပြောင်မြောက်ပေမယ့် စားဖိုမှူးရဲ့ လိုလားမှုက ချို့တဲ့နေတယ် ...

၎င်းက ပုဖန်၏ နောက်ဆုံးအကဲဖြတ်မှုဖြစ်သည်။


ဤဟင်းလျာက နှုတ်မြိန်စာအဖြစ်သာ ကောင်းမွန်သည်။


ပုဖန် စား‌နေစဉ် ခြေသံများပဲ့တင်လာပြန်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိသဖြင့် ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


ပုဖန်၏ စားပွဲဘေးတွင် ပုံရိပ်နှစ်ခုရပ်နေသည်။ ပုဖန်ကို အထင်သေးခဲ့သည့် စားပွဲထိုးမလေးက ပုဖန်ဘေးမှ အမျိုးသမီးကို ပြုံးပြနေပြီးပြောလိုက်သည်။

" သခင်မလျှိူ့ ဒီဧည့်သည်က မကြာခင် စားလို့ပြီးတော့မှာပါ ... နွေဦးလေပြည်စားသောက်ဆိုင်က ဒီနေ့ လူအလာစိပ်နေလို့ နေရာရဖို့ ခက်နေတာပါရှင့် ..."


သခင်မလျှို့ဟူသည့်သူက ပုဖန်၏ စားပွဲပေါ်မှ ဟင်းပွဲကို ကြည့်လိုက်သည်။ သူမ မဲ့ပြုံးပြုံးလိုက်ပြီး လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။

" ထားလိုက်စမ်းပါ ငါဗိုက်ဆာနေပြီ ..."


စားပွဲထိုးမလေး၏ မျက်လုံးထဲမှ ဘဝင်မကျသည့်အကြည့်များက ပိုပြီးပြင်းထန်ကာ ပုဖန်ကိုကြည့်နေသည်။


" ဧည့်သည် ..."


သူမ စကားမဆုံးမီမှာပင် ပုဖန်က အေးစက်စွာပြောလိုက်သည်။

" ပါးစပ်ပိတ်ထားစမ်း ... မင်းရဲ့ဆိုင်ရှင်က ဖောက်သည်တစ်ယောက်စားနေတာကို မနှောင့်ယှက်ရဘူးလို့ မသင်ထားဘူးလား ..."


ထိုမိန်းကလေးကိုကြည့်လျက် ပုဖန် ပါးစပ်ထဲသို့ နဂါးအသည်းများထည့်ကာ စားနေဆဲဖြစ်သည်။


ထို့နောက်တွင် လက်တစ်ဖက်တည်းဖြင့် ဓားကို စားပွဲပေါ်ဆောင့်ချလိုက်သဖြင့် ဓားပွဲတစ်ခုလုံးတုန်ခါသည်။


စားပွဲထိုးမလေးက ကြောင်အအ ကြည့်နေသည်။


သူမဘေးမှ သခင်မလျှို့လည်း ထိတ်လန့်သွားသည်။


မျက်လုံးပေါင်းများစွာက သူတို့ကိုကြည့်နေကြသည်။


ခဏတွင်းချင်းမှာပင် လေထုက တင်းမာလာသည်။