အခန်း ၁၁၂၃
ကျုပ်ကို အဲ့ဟင်းပွဲဝယ်ကျွေးပါ
ဝိုင်ရနံ့ပျံ့နှံ့သွားပြီး နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။
ပုဖန်၏ရှေ့မှ လင်းတမိန်က ဝိုင်ကရားကိုသာကြည့်နေသည်။ သူမမျက်လုံးများ အရောင်တောက်လာပြီး မျက်နှာက ပို၍ပ်ို၍နီလာသည်။
" မွှေးလိုက်တာ ... ဒီဝိုင် တော်တော်မွှေးတာပဲ ..."
လင်းတမိန် တံတွေးမျိုချလိုက်ပြီး ဝိုင်ပုလင်းကို လိုချင်စိတ်ဖြင့် ကြည့်နေသည်။
လင်းတမိန်က နတ်ဘုရားမမြို့တော်၏ နာမည်ကြီးယစ်ထုပ်တစ်ယောက်ဖြစ်သည်။ စစ်သူကြီးတစ်ယောက်၏ဘဝက မလွယ်ကူသည့်အတွက် ထိုအရာကြောင့်ပင် သူမ၏ငွေအားလုံးကို ယမကာများဝယ်ယူခြင်းတွင်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
တွေဦးလေပြည်စားသောက်ဆိုင်မှဝိုင်က ကရားတစ်ခုကိုပင် နယ်သာသလင်းကျောက်ကိုးထောင် တန်ဖိုးရှိသည်။ ထိုသို့ ဈေးနှုန်းမြင့်မားသောကြောင့် သာမန်လူများ မသောက်နိုင်သည့်ဝိုင်ဖြစ်သည်။
သို့ရာတွင် နွေဦးလေပြည်စားသောက်တိုင်၏ဝိုင်ထက် မွှေးသောဝိုင်ကို သူမအာရုံခံနိုင်ခဲ့သည်။ ထိုဝိုင်၏ရနံ့က စိတ်ကူးယဉ်ဖွယ်ကောင်းပြီး သူမ၏အာရုံများက အဆက်မပြတ်လှုံဆော်နေသည်။
လင်းတမိန်၏စိတ်က ပုံမှန်နှင့်မတူ တစ်မူထူးခြားတနေသည်။ ထို့နောက်ပြောလိုက်သည်။
" ဒါ ... ဒါမင်းရဲ့ ဝိုင်လား ..."
ပုဖန် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
" ဒီဝိုင်ရဲ့နာမည်က တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင် ... ကျုပ်ကိုယ်တိုင်ချက်ထားတာ ..."
လက်ကိုတစ်ချက်ခါလိုက်သောအခါ ကြွေခွက်တစ်ခွက် ပေါ်လယသည်။ ထို့နောက် ဝိုင်ကိုကြွေခွက်ထဲလောင်းထည့်လိုက်သည့်အခါ ပြောင်မြောက်သည့် အသံတစ်မျိုး ထွက်လာသည်။
ဝိုင်ပုလင်းထဲတွင် တစ်ပတ်ခန့် ထည့်ထားပြီးသည့်အခါ ပို၍နူးညံ့ချိုမြိန်လာသည့်ပုံပင်။
လင်းတမိန်သူ့က်ု မနာလိုစွာကြည့်နေစဉ်တွင် ပုဖန် ခွက်ကို ပါးစပ်နားတေ့လိုက်သည်။ ဝိုင်များ လည်ချောင်းထဲ ဝင်သွားသည်နှင့် ချောမွေ့စွာစီးဆင်းပြီးနောက် အစာအိမ်ထဲရောက်သွားသည်။
ထို့နောက်တွက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ ဖြစ်သွားပြီး အခြားဝိုင်၏အရသာကို လုံးဝမေ့သွားသည်။
ပုဖန် မျက်လုံးမှိတ်ပြီး ခံတွင်းထဲမှ ဝိုင်ရနံ့ကိုခံစားနေသည်။
လင်းတမိန်၏ စိတ်မသက်မသာဖြစ်မှုက ပို၍ကြီးထွားလာသည်။ လူမလက်ချောင်းသွယ်သွယ်များကို ဆန့်လိုက်ပြီး ပုဖန်၏ဝိုင်ပုလင်းကို ဆွဲယူလိုက်သည်။
ပုဖန်က သူမ၏လှုပ်ရှားမှုကို ခန့်မှန်းပြီးသားဖြစ်၍ ပုလင်းပေါ်တွင် လက်တစ်ဖက်ဖြင့်အုပ်ကာ ပိတ်ထားလိုက်သည်။ ထို့နောက် သူ၏အကြည့်များက လင်းတမိန်ပေါ်ရောက်သွားကာ ပြုံးပြလိုက်သည်။
" သောက်ချင်လို့လား ..."
လင်းတမိန် မျက်တောင်ခတ်ပြီး အဆက်မပြတ် ခေါင်းငြိမ့်ပြလိုက်သည်။ သူမပြုံးပြကာ ပြောလိုက်သည်။
" ငါ့ကို တစ်ငုံလောက်တိုက်လေ ..."
ပုဖန် ပြန်မဖြေပဲ သူ့ခွက်ထဲကို ဝိုင်များထည့်လိုက်သည်။
ကြွေခွက်ထဲသို့ ဝိုင်များစီးဝင်လာသည်နှင့် ဝိုင်၏သင်းပျံ့သောရနံ့က ထပ်မံမြင့်တက်လာပြန်သည်။
" ကျုပ် တိုက်ချင်ပါတယ် ... ဒါပေမဲ့ ကျုပ်ကို ဟင်းတစ်ပွဲဝယ်ကျွေးရမယ် ..."
ပုဖန် ပြောလိုက်သည်။
လင်းတမိန် ရင်ဘတ်ကိုပုတ်ပြီး အခိုင်အမာပြန်ပြောလိုက်သည်။
" က်ိစ္စမရှိပါဘူး ... ဒီစစ်သူကြီးက ကုန်ကျစရိတ်အားလုံးကိုရှင်းမယ် ... မင်းကြိုက်တာစား ..."
ပုဖန်၏ မျက်လုံးများအရောင်လက်သွားသည်။ ထို့နောက် ပြုံးပြကာပြောလိုက်သည်။
" ကောင်းပါပြီ ... ပြောပြီးသားစကား ပြန်မရုတ်သိမ်းပါနဲ့ ..."
ထို့နောက် သူ့လက်ကိုခါလိုက်သည်နှင့် ကြွေခွက်တစ်ခု ပေါ်လာသည်။ ဝိုင်က ထိုခွက်ထဲထည့်ပြီး လက်ဖြင့်တောက်လိုက်သည်။
ဝိုင်ခွက်က လင်းတမိန်ထံသို့ ဖြည်းညှင်းစွာလွင့်မျောသွားသည်။
လင်းတမိန်၏မျက်လုံးများ အရောင်လက်လာသည်။ လက်ဆန့်ထုတ်၍ ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။
တစ်ငုံသောက်ပြီးနောက် သူမ ပုဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။
ပုဖန်၏ဝိုင်က ထိုစားဖိုမှူး၏ဝိုင်ထက် အမှန်ပင်သာလွန်နေသည်။
ပုဖန် ပြောလိုက်သည်။
" အဲ့စားဖိုမှူးရဲ့ဝိုင်က ပါဝင်ပစ္စည်းတွေက အဆင့်မြင့်ပေမယ့် ဝိုင်ချက်တဲ့နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေမှာ လိုအပ်နေတာတွေရှိသေးတယ် ... ဒါကြောင့် သိသာတာတော့ မင်းပြောတဲ့စားဖိုမှူးကိုယ်တိုင် မလုပ်ထားဘူးထင်တယ် ..."
လင်းတမိန် ချက်ချင်းပင် ဒေါသထွက်လာသည်။
" မဖြစ်နိုင်တာ ... နွေဦးလေပြည်စားသောက်ဆိုင်က ငါ့ကို အမှ်ိုက်တစ်ခုနဲ့ အရူးမလုပ်နိုင်ပါဘူ ..."
နွေဦးလေပြည်စားသောက်ဆိုင်က သူမကိုလှည့်စားမည်ဟု မယုံကြည်ပေ။
ပုဖန် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
" အဲ့ဒီဝိုင်မှာ ခုနစ်ပုံလောက်က သာမန်ဝိုင် သုံးပုံလောက်က စားဖိုမှူးရဲ့ဝိုင်ပဲ ... ခင်ဗျားက သောက်ပြီးတာနဲ့ မူးသွားတာဆိုတော့ ကွာခြားချက်တွေကို ကျိန်းသေပေါက် မပြောနိုင်တော့ဘူးပေါ့ ..."
သူက အဖုံးကိုယူကာ အဝတွင်ပြန်ပိတ်ထားလိုက်သည့်အတွက် ရနံ့များ မပျံ့နှံ့တော့ပေ။ ထို့နောက်လက်ကိုခါလိုက်သောအခါ ဝိုင်ပုလင်းပျောက်ကွယ်သွားသည်။
ဘေးမှလူများက ထိုဝိုင်က စားဖိုမှကိုယ်တိုင်မချက်ထားကြောင်း ပုဖန်ပြောသည်ကို ကြားလိုက်ရသောအခါ မျက်မှာများ ပြောင်းလဲကုန်သည်။
သာယာငြိမ့်ညောင်းသော တေးသံတစ်ခုက စားသောက်ဆိုင်ထဲတွင် ထွက်ပေါ်နေသည်။
အနီရောင်လိုက်ကာစကို ဖွင့်လိုက်သည့်အခါ ပုံရိပ်များက တေးသံထွက်ပေါ်လာသည့်နေရာတွင် ရပ်နေကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထေဲတွင် ကခုန်နေကြသည်။
သူတို့ အလွန်လှပစွာ ကပြဖျော်ဖြေနေသောကြောင့် ပုဖန်ပြောလိုက်သည့်စကားကို မေ့သွားကြသည်။
လင်းတမိန် ပြုံး၍ လက်ခုပ်များတီးပြီးနောက် တခစ်ခစ်ရယ်နေသည်။
" စားဖိုမှူးကျင်းယွမ်ရဲ့ ဟင်္သာပြဒါးနဂါးစဥ်းကော ကို နဂါးနီစစ်တပ် စစ်သူကြီးချီစစ်ကို တည်ခင်းပါမယ် ..."
သာယာသောအသံတစ်ခုက နွေဦးလေပြည်စားသောက်ဆိုင်တစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။
လင်းတမိန်၏ ငတုံးကဲ့သို့မျက်နှာက ချက်ချင်းအေးခဲသွားပြီး နှုတ်ခမ်းစူကာ နှာမှုတ်လိုက်သည်။
ပုဖန် အံအားသင့်သွားသည်။
ဟင်္သာပြဒါးဝိုင်နဂါးအသားလွှာကင် တဲ့လား ...
ပုဖန် မီနူးကို ပြန်ကြည့်လိုက်သည်။
အဲ့ဒီဟာက နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ သီးသန့်ဟင်းလျာထဲမပါဘူးလား ...
ဤဟင်းလျာကို လေထဲတွင် ကခုန်နေသူများနှင့် ခမ်းနာထည်ဝါစွာ ကြိုဆိုထားသည်။ မကြာမီ ကပြဖျော်ဖြေသူများ ရှစ်ထပ်သို့ ဆင်းသွားကြသည်။
အနီရောင်ဝတ်စုံဝတ်ထားသည့် စစ်သူကြီးချီစစ်က ပြုံးနေပြီး ဟင်းလျာကိုမျှော်လင့်နေပုံရသည်။
သီချင်းဆိုသူ၏ အသံကပို၍ပို၍ ပြင်းထန်လာပြီး အားလုံး၏မျက်လုံးများ မှေးကျဉ်းကုန်သည်။
အလင်းတန်းတစ်ခု ဖြာထွက်နေသည်ကို အားလုံး မြင်လိုက်ရသည်။
ခဏအကြာတွင် အဖြူရောင်စားဖိုမှူးဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်၏ ထိပ်မှ ဖြည်းညှင်းစွာဆင်းလာသည်။
ဟင်းလျာကို ငွေရောင်အဖုံးဖြင့် ပိတ်ထားသဖြင့် အတွင်းတွင် မည်သို့ပုံစံဖြစ်ကြောင်း မသိရှိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ လေထဲတွင်ရောနှောနေသောရနံ့က လူအားလုံး၏ အာရုံများကို လှုံ့ဆော်နေသော သန်မာသည့် ရေစီးကြောင်းနှင့်တူသည်။
ပုဖန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး စားဖိုမှူးဝတ်စုံဖြင့် အမျိုးသမီးကို ကြည့်လိုက်သည်။
ယခုပေါ်လာသည့် အမျိုးသမီးမှာ လင်းတမိန်ပြောပြနေသည့် စားဖိုမှူးဖြစ်မည်မှာ မလွဲပေ။
သူက တော်ဝင်စားသောက်ပွဲကြီးကို တာဝန်ယူရတဲ့လူပေါ့ ...
နွေဦးလေပြည်စားသောက်ဆိုင်ကိုလာလိုက်ရတာ အလဟဿတော့ မဖြစ်ဘူးပဲ ... အနည်းဆုံးတော့ စားဖိုမှူးကို မြင်လိုက်ရတော့ မဆိုးဘူးဆိုတာသိသွားတာပေါ့ ...
စားဖိုမှူး၏ခွန်အားက မနိမ့်ကျကြောင်း သိသာနေသည်။ သူမ၏ခြေလှမ်းများက လေထဲတွင် ဖြည်းဖြည်းမှန်မှန်လှမ်းနေပြီး ရှစ်ထပ်ဆီသို့ ဖြည်းညှင်းစွာတက်သွားသည်။
စစ်သူကြီးချီစစ်၏ မျက်နှာက အေးစက်စက်ဖြစ်သည်။ သူမစားပွဲဆီသို့ လျှောက်လာနေသောစားဖိုမှူးကို တည်ငြိမ်စွာကြည့်နေသည်။
စားဖိုမှူးစကားပြောလိုက်သည်။
" စစ်သူကြီးချီစစ်မှာထားတဲ့ ဟင်္သာပြဒါးဝိုင်နဂါးအသားလွှာကင် ရပါပြီ ..."
ချီစစ်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးပြလိုက်သည်။ ဟင်းက်ုကြည့်လိုက်သည့်အခါ ငွေရောင်အဖုံးဖြင့် ပိတ်ထားသည်ကို မြင်လိုက်ရသည်။
ထိုအချိန်၌ အားလုံးအသက်အောင့်ထားကြပြီး တည်ခင်းထားသည့်ဟင်းလျာကို ကြည့်နေကြသည်။
ထိုဟင်းလျာက တော်ဝင်စားသောက်ပွဲကြီး၌ တည်ခင်းသည့်ဟင်းလျာဖြစ်ကြောင်းကိုလည်း လူအများစု သိကြသည်။
ဟင်းလျာက မီနူးတွင်ပါသော်လည်း ဈေးကြီးသောကြောင့် လူအနည်းငယ်သာ မှာစားနိုင်ကြသည်။
ထိုဟင်းလျာတစ်မျိုးတည်းပင် နယ်သာသလင်းကျောက်တစ်သိန်းကျသင့်သည့်အတွက် မည်သူမဆို စားနိုင်သည့်ဟင်းလျာ မဟုတ်ပေ။
စစ်သူကြီးချီစစ်ကဲ့သို့ လူအနည်းငယ်သာ ထိုဟင်းလျာမျိုးကို တတ်နိုင်ကြသည်။
စားဖိုမှူးက ချီစစ်၏စားပွဲရှေ့သို့ ရောက်လာသည်။ ပန်းကန်ကို ချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည့်အခါ ငွေရောင်တက်လက်တောက်နေသည့် ပန်းကန်ခွက်ယောက်များ ချီစစ်၏ရှေ့တွင် ပေါ်လာသည်။
ထိုအသုံးအဆောင်များကိုကြည့်ကာ ပုဖန် အံ့အားသင့်သွားသည်။
ထိုပစ္စည်းများနှင့် ပုဖန်အကျွမ်းတဝင်ရှိသော်လည်း အစောပိုင်းက နဂါးအသည်းကိုစားခဲ့စဉ်က ခက်ရင်းနှင့်ဓားကိုသာ အသုံးပြုခဲ့သည်။
စားဖိုမှူးက အလွန်ဆွဲဆောင်မှုရှိသူဖြစ်သည်။ အမှန်တကာ်တွင် နတ်ဘုရားမမြို့တော်ရှိ အမျိုးသမီးအားလုံးနီးပါးက ချောမောလှပကြပြီး ရုပ်ဆိုးသောမိန်းကလေးများကို မြင်ရခဲသည်။
သို့သော် အားလုံးတွင် ပြိုင်ဘက်ကင်းအလှတစ်မျိုးစီ ရှိကြသည်။ စားဖိုမှူးက အိမ်နီးချင်မိန်းကလေးတစ်ယောက်၏ အလှမျိုးဖြစ်သော်လည်း ချီစစ်က အန္တရာယ်ကြီးသော အလှမျိုးဖြစ်သည်။
ဧကရီဘုရင်မ၏အလှက သူမ၏အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ပြသထားသည့် အလှမျိုးဖြစ်သည်။ လင်းတမိန်ကမူ မိုက်မဲတတ်သောမိန်းကလေးတစ်ယောက်ကဲ့သို့ လှပသည်။
သူတို့အားလုံးတွင် ပြိုင်ဘက်ကင်းသွင်ပြင်လက္ခဏာများရှိသည်။
ဝှီး ...
ငွေရောင်အဖုံးကို မလိုက်သည့်အခါ ရေနွေးငွေ့များ ထွက်ပေါ်လာသည်။
ရနံ့က ချက်ချင်းမွှေးပျံ့လာကာ နေရာအနှံ့ကို ပျံ့နှံ့သွားသည်။
နွေဦးလေပြည်စားသောက်ဆိုင်တွင် ယခုချိန်၌ ရှိနေသူတိုင်း ဤရနံ့ကို ရရှိနိုင်သည်။
ချီစစ်က ပြောလိုက်သည်။
" စားဖိုမှူးကျင်းယွမ်ရဲ့ အချက်အပြုတ်ကတော့ အရင်လို ကောင်းနေတုန်းပဲ ... အနံ့ရတာနဲ့ ဖမ်းစားခံလိုက်ရပြီ ..."
ချီစစ်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
ငွေရောင်အဖုံးကို ဖယ်လိုက်သည့်အခါ ပန်းကန်ပြားပေါ်မှ အလင်းတန်းများ ဖြာထွက်လာသည်။
နီညိုရောင် နဂါးအသားများကို ပန်းကန်ပြားပေါ်တွင် တွေ့ရသည်။ အသားများက နီညိုရောင်အရည်ရွှမ်းနေကာ ဘေးတစ်ဖက်တွင် သစ်သီးများကို တွေ့နိုင်သည်။
လှပပြီး မွှေးကြိုင်လွန်းသဖြင့် အားလုံး၏အာရုံကို ဖမ်းစားထားကာ သွားရည်များပင် ကျလာကြသည်။
အသီး၏ ချိုချဉ်အရသာနှင့် နဂါးအသား၏ သန်မာသည့်အရသာနှစ်ခုက မမေ့နိုင်ဖွယ်ပင် ။
ပုဖန် မျက်စိစွေကြည့်လိုက်သည်။ သူသည်လည်း ထိတ်လန့်သွားသည်။
ဤစားဖိုမှူး ချက်ပြုတ်သည့် နည်းလမ်းများက သူတစ်ကြိမ်မျှ မမြင်ဖူးခဲ့သည့်အရာဖြစ်သည်။
သေသပ်လွန်းသည်။
နဂါးအသားလွှာကင် ...
ပုဖန်လည်း ယခင်က နဂါးအသားလွှာကင် ချက်ပြုတ်ခဲ့ဖူးသည်။ အကယ်၍ ဤဟင်္သာပြဒါးနဂါးအသားလွှာနှင့် ယှဉ်လိုက်ပါက သူရှုံးမည်မှာသေချာလှသည်။
လင်းတမိန် ဝိုင်ပုလင်းကိုပုတ်ကာ ပြောလိုက်သည်။
" ပုဖန် မင်း အနံ့ရတယ်မလား ... အဲ့ဟင်းလျာထဲက ဝိုင်ရဲ့အနံ့က ဒီပုလင်းထဲက ဝိုင်နံ့နဲ့ တူတူပဲ ..."
" အိုး ... အဲ့ဒါဆို ဆက်သောက်နေလေ ..."
ပုဖန် လင်းတမိန်ကိုကြည့်ကာ ထပ်ပြောလိုက်သည်။
" ပြီးတော့ ကျုပ်ကိုဟင်းဝယ်ကျွေးမယ် ပြောထားတယ်မလား ..."
ဟင်းတမိန် ဘာပြောရမည်မသိတော့ပေ။
" အင်း ..."
လင်းတမိန် ပုဖန်၏ အမူအရာကိုကြည့်ကာ မကောင်းသည့် ခံစားချက်များရလာသည်။
" မင်း ..."
ပုဖန် လက်မြှောက်ပြီး ချီစစ်၏ စားပွဲပေါ်မှ ဟင်္သာပြဒါးဝိုင်နဂါးအသားလွှာကင်ကို လက်ညိုးထိုးပြလိုက်သည်။
" ကျုပ် အဲ့ဒါစားမယ် မှာပေးလို့ရမလား ..."
လင်းတမိန်၏မျက်နှာက ချက်ချင်း မဲမှောင်သွားသည်။
အာ ငါသိနေတယ် ...
သေချာပေါက် သူအဲ့ဟင်းကို မြည်းချင်းနေမှာပဲ ...
အဲ့ဒါက နယ်သာသလင်းကျောက်တစ်သိန်းတောင်နော် ...
သူမတွင် ထိုမျှငွေပမာဏရှိပါက ဝိုင်များသာ ဝယ်သောက်နေမည်ဖြစ်သည်။
" ငါ ..."
လင်းတမိန် ငြင်းဆိုမည့်အချိန်တွင် မျက်လုံးများမှေးကျဉ်းသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပုဖန်က အစောပိုင်းက ဝိုင်ပုလင်းကိုထုတ်ကာ ကြွေခွက်ထဲဝိုင်များ လောင်းထည့်နေသည်။ ပြင်းထန်သည့်ရနံ့က လေထဲ ပျံ့လွင့်သွားပြန်သည်။
တွယ်တာရာမဲ့စမ်းချောင်ဝါဝိုင်၏ ရနံ့က ရှစ်ထပ်မြောက်မှ စားဖိုမှူး၏အကြည့်များကို ဆွဲဆောင်သွားသည်။
ငုံ့ကြည့်လိုက်သည့်အခါ ပုဖန်နှင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို မြင်လိုက်သည်။
" ဟမ် ..."
စားဖိုမှူးကျင်းယွမ်က သာမန်အမျိုးသမီးများနှင့် ကွာခြားသည်။ ယျေဘုယျအားဖြင့် ပြောရလျှင် အမျိုးသမီးတစ်ယောက်က ပုဖန်ကို မြင်ပါက ပုဖန်ကို အရင်ကြည့်ပြီးမှ ဝိုင်ပုလင်းကို မြင်ကြလိမ့်မည်။ သို့သော် သူမက လက်ထဲက ဝိုင်ပုလင်းကိုမြင်ပြီးမှ ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။
" အဲ့ဝိုင်က အံ့မခမ်းပဲ ..."
စားဖိုမှူးကျင်းယွမ် မျက်ခုံးများ ပင့်လိုက်သည်။
ခုနစ်ထပ်မှ လင်းတမိန်လည်း ဤသို့ဆွဲဆောင်မှုကို သည်းမခံနိုင်တော့ပေ။
တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို မမြည်းကြည့်ခဲ့မိပါက သည်းခံနိုင်မည်ဖြစ်သည်။ သို့ရာတွင် အနည်းငယ်သောက်မိသွားသည့်အတွက် သူမ၏
၏စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပေ။
လင်းတမိန် လက်ဆန့်ပြီး ပုဖန်၏ ခွက်ကို ဖမ်းယူရန်ကြိုးစားသည်။
" ငါ့ကို အဲ့ဝိုင်ပေးစမ်း ..."
သူမ စားပွဲပေါ်ထိတက်သွားပြီး ခွက်ကိုလုတော့သည်။
ပုဖန် လေထဲပျံတက်သွားသည်။
" ဒီဝိုင်တစ်ခွက်အတွက် အဲ့ဟင်းကို မှာပေးရမယ် ..."
စားပွဲပေါ်မှ လင်းတမိန် မတ်တပ်ရပ်လိုက်သည်။
ပုဖန်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။
" ဟင်းတစ်ပွဲပဲကို ဒီစစ်သူကြီး မင်းအတွက်မှာပေးမယ် ..."
ထိုစကားကိုကြားသည့်အခါ ပုဖန် ခွက်ကို လင်းတမိန်ဆီပေးလိုက်သည်။
လင်းတမိန် ခွက်ကို ဆွဲယူလိုက်ချိန်တွင် အရည်များ လှုပ်ခါသွားသည်။ ထို့နောက် ၎င်းကိုသောက်လိုက်ချိန်တွင် သူမတစ်ကိုယ်လုံး အေးချမ်းသွားသည်။
လင်းတမိန် ဝိုင်ခွက်ကိုကိုင်ကာ အော်ပြောလိုက်သည်။
" ဟားဟားဟား ဝိုင်ကောင်းတစ်ခွက်ပဲ ..."
ထို့နောက်တွင် သူမပုံရိပ်က ပုဖန်ရှေ့တွင်ပေါ်လာသည့်အတွက် ကခုန်နေသူများ လန့်သွားကြသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ဝိုင်ပုလင်းကိုကိုင်ကာ လေထဲပျံဝဲနေသည့်အခါ အနက်ရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။
မကြာမီ လင်းတမိန် ရှစ်ထပ်ကိုရောက်လာပြီး ချီစစ်၏ရှေ့တွင် ဆင်းလိုက်သည်။ ထို့နောက် ပုဖန်လည်းရောက်လာသည်။
ချီစစ်က မျက်ခုံးများတွန့်ချိုးလျက် လင်းတမိန်ကိုကြည့်နေသည်။
" ဘာများလဲ ..."
လင်းတမိန် သူမ၏နီရဲနေသောပါးကို ပွတ်လိုက်ပြီး ရယ်ပြလိုက်သည်။
" လောင်ချီ ငါ့ကို ဒီဟင်းပွဲလေး ကျေးဇူးပြုပြီး ငှားပါလား ..."