အခန်း ၁၁၂၄
ကျုပ်ကို ထွက်သွားခိုင်းနေတာလား
" ဘာ ... နင်အခု လောင်ချီလို့ ပြောလိုက်တာလား ..."
ချီစစ်က ချက်ချင်းပင်မျက်စောင်းထိုးပြီး လင်းတမိန်ကို စူးစူးရဲရဲကြည့်နေသည်။ သူမ၏လက်ချောင်းသွယ်သွယ်များက စားပွဲကို ထိနေသည်။
" ငါ့ရဲ့အလှကို ဘယ်လောက်တောင် မနာလိုဖြစ်နေလို့ လောင်ချီလို့ ခေါ်ရတာလဲ ..."
ထို့နောက် ချီစစ်က ပုဖန်ကိုကြည့်နေသည်။ သူမ နန်းတော်ထဲတွင် ဧကရီဘုရင်မကြီးထံသို့ သွားတွေ့ချိန်က ပုဖန်ကို မတွေ့လိုက်ရသည့်အတွက် ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။
ချီစစ်က ပြောလိုက်သည်။
" ဒါ ဧကရီဘုရင်မနဲ့ အလောင်းအစားလုပ်ခဲ့တဲ့ ယောကျာ်းလား ... သူက ဘုရင်မကြီးကို တော်ဝင်စားသောက်ပွဲကြီးမှာ စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားခွင့်ရမယ့်သူပေါ့ ..."
သူမအသံက ရင့်ကျက်သောအမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။
ချီစစ်ပြောပြီးသောအခါ လူအများစု ဆူဆူညံညံဖြစ်သွားသည်။ အားလုံး၏အကြည့်များက ပုဖန်ဆီသို့ပြန်ရောက်သွားပြီး သူ့ကို ထူးခြားဆန်းကြယ်သည့် တည်ရှိမှုတစ်ခုကဲ့သို့ ကြည့်နေကြသည်။
လင်းတမိန်က ဝိုင်ပုလင်းကိုဆွဲယူကာ စိတ်မရှည်စွာဖြင့် လှုပ်ရမ်းလိုက်သည်။
" ချီစစ် ငါ့မေးခွန်းကို မဖြေသေးဘူးနော် ..."
ချီစစ်က မေးစေ့ကို လက်တစ်ဖက်ဖြင့်ထောက်ထားပြီး လင်းတမိန်ကိုကြည့်နေသည်။
" ငါ့ကို အရူးလုပ်နေတာလား ... ငါလို စစ်သူကြီးတောင် နယ်သာသလင်းကျောက်တစ်သိန်းတန် ဟင်းပွဲကို ဝယ်စားနိုင်ရင် ကြီးမြတ်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တဲ့ နင်ကလည်း အဲ့လိုပဲ လုပ်နိုင်ရမှာပေါ့ ..."
" နင်မငှားချင်ရင်လည်း မငှားနဲ့ ... ဘာလို့ အဲ့လိုတွေပြောနေတာလဲ နားမလည်ဘူး ..."
လင်းတမိန် မျက်ဆံလှန်လိုက်သည်။ ထို့နောကိ သူမအကြည့်များက စားဖိုမှူးကျင်းယွမ်ထံသို့ ရောက်သွားသည်။
ကျင်းယွမ် ကြောင်အအဖြစ်သွားသည်။ လင်းတမိန်က သူမကိုအဘယ့်ကြောင့် ကြည့်နေကြောင်းမသိပေယ
သူမ၏အာရုံက ပုဖန်လက်ထဲမှ ဝိုင်ပုလင်းထံတွင်သာ ရှိသည်။ ဝိုင်ရနံ့က နှာခေါင်းတစ်ဝိုက်ရစ်ဝဲလာသည်နှင့် သူမမျက်နှာတွင် သဘောပေါက်မှုတစ်ခု ရောက်ပြန်ဟပ်လာသည်။
" စမ်းချောင်းဝါမြက် ကူကယ်ရာမဲ့ပန်း ... ဒီဝိုင်ထဲမှာ ရှားပါးတဲ့ ပါဝင်ပစ္စည်းတွေ သုံးထားတာပဲ ..."
ကျင်းယွမ် ရေရွတ်လိုက်သည်။
ထိုစားဖိုမှူးက ဝိုင်အနံ့ရရုံဖြင့် အဓိကပါဝင်ပစ္စည်းများကို သိရှိသွားလိမ့်မည်ဟု ပုဖန်မထင်ခဲ့ပေ။
" စားဖိုမှူးကျင်းယွမ် ... အဲ့ဒီဝိုင်ကိုအရင်မကြည့်ပဲ ကိုယ့်ဝိုင်ကိုယ်ကြည့်ပါဦး ..."
လင်းတမိန်က သူမသောက်နေခဲ့သည့် ဝိုင်ပုလင်းကို စားဖိုမှူး၏ရှေ့တွင် လှုပ်ခါပြလိုက်သည်။
စိတ်ရှုပ်သွားသော ကျင်းယွမ်က ပြန်မေးလိုက်သည်။
" ဟမ် ... ဘာဖြစ်လို့လဲ ..."
လင်းတမိန်က ကျင်းယွမ်ကို စူးစူးရဲရဲကြည့်နေပြီး ပြောလိုက်သည်။
" စားဖိုမှူး ဒီလူပြောတာ ဒီဝိုင်ကို မင်းကိုယ်တိုင်အပြည့်အဝ လုပ်ထားတာ မဟုတ်ဖူးဆို ... ဒီဝိုင်ရဲ့ ခုနစ်ပုံလောက်က လက်ထောက်တွေက လုပ်ထားပြီး မင်းက သုံးပုံလောက်ပဲ ချက်ထားတာတဲ့ ..."
ထိုအချိန်တွင် ချီစစ်က ဓားနှင့်ခက်ရင်းကိုကိုင်ကာ ဟင်္သာပြဒါးဝိုင်နဂါးအသားလွှာကို သိမ်မွေ့စွာစားနေသဖြင့် အသား၏ သိပ်သည်းသောရနံ့က လွင့်ပျံနေသည်။
အသားကိုလှီးလိုက်သည့်အခါ အပြင်လွှာက အညိုရင့်ရောင်ဖြစ်ပြီး အတွင်းပိုင်း အရောင်က အနည်းငယ်ပိုနုကာ နူးညံ့နေပုံရသည်။
ချီစစ် စိတ်ကျေနပ်သွားပြီး အသားတစ်ပိုင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။
သူမနှုတ်ခမ်းပါးများဖြင့် အသားကိုကိုက်လိုက်ချိန်တွင် အရည်များက နှုတ်ခမ်းကြားသို့ စိမ့်ဝင်သွားသည်။သူမ နှုတ်ခမ်းထောင့်စွန်းများကို လျှာဖြင့်သပ်လိုက်သည်။
ချီစစ်က ဟင်းလျာကို ပို၍ဆွဲဆောင်မှုရှိစေသည်။
ပုဖန် တစ်ချက်ကြည့်လိုက်ရုံဖြင့် အသားလွှာကင်အတွက် မီးတောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုထားကြောင်း ခံစားလိုက်ရသည်။ ဤနည်းလမ်းက အသားကို ပြီးပြည့်စုံလုနီးပါးမီးတောက်ဖြင့် ချက်ပြုတ်ထားသဖြင့် လှီးဖြတ်လိုက်သည်နှင့် မွှေးပျံ့သော နဂါးအသား၏ရနံ့ကို ထွက်ပေါ်လာစေသည်။
လင်းတမိန်၏ မေးခွန်းထုတ်ခြင်းခံနေရသော စားဖိုမှူးကျင်းယွမ်ဘက်ကို ပုဖန် လှည့်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်က မျှော်လင့်ထားသကဲ့သို့ ကြံ့ခိုင်သန်စွမ်းသည့် အင်အားကြီး စားဖိုမှူးတစ်ယောက်မဟုတ်ပေ။ ထိုအစား နွေဦးလေပြည်စားသောက်ဆိုင်တွင် တော်ဝင်စားသောက်ပွဲကြီးအတွက် တာဝန်ယရသူက အရှက်ကြီးပုံရသည့် မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေသည်။
စားဖိုမှူးက လင်းတမိန်၏မေးခွန်းကြောင့် ချွေးပြန်နေပုံရသည်။
နောက်ဆုံးတွင် ကျင်းယွမ်ပြန်ဖြေလိုက်သည်။
" စစ်သူကြီးလင်း စိတ်မဆိုးပါနဲ့ ... ကျွန်မ ဒီဝိုင်ကို မြည်းကြည့်လိုက်ပါ့မယ် ... ရှင်ပြောတာ အမှန်ဆိုရင် ကျွန်မပြန်လျော်ပေးပါ့မယ် ..."
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ရတာ ဒီကိစ္စကို စားဖိုမှူးကျင်းယွမ်ကိုယ်တိုင် အမှန်တရားကို မသိတဲ့ပုံပဲ ... ဒါဆိုရင် နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်က လုပ်တာများလား ...
နွေဦးလေပြည်စားသောက်ဆိုင်ပိုင်ရှင်သည်လည်း စီးပွားရေးသမားတစ်ယောက်သာဖြစ်သည့်အတွက် ဤသို့ကိစ္စမျိုးတွင် ကြားထဲမှ မသမာစွာ လုပ်ဆောင်ထားခြင်းက အမြတ်ပိုရစေသည့်အတွက် မထူးဆန်းပေ။
စီးပွားရေးနဲ့ ပက်သတ်လာရင် လှည့်စားမှုနည်းနည်းလုပ်တယ်ဆိုတော့ ဒါကသာမန် ဖြစ်ရိုးဖြစ်စဉ်ပါပဲ ...
လင်းတမိန် တိတ်ဆိတ်သွားပြီး စားဖိုမှူးကျင်းယွမ်ကို စိုက်ကြည့်နေသည်။
စားဖိုမှူးကျင်းယွမ် ဝိုင်တစ်ခွက်သောက်လိုက်သည့်အခါ ချက်ချင်းပင် သူမမျက်ခုံးများ တွန့်ချိုးသွားသည်။ ဝိုင်ကို ချက်လုပ်ထားသည့် လူတစ်ယောက်ဖြစ်သော်ကြောင့် တစ်ငုံစာခန့်ကသာ သူမပြုလုပ်ထားခြင်းဖြစ်ပြီး လက်ကျန်ကို အခြားလူများပြုလုပ်ထားကြောင်း သိသွားသည်။
" ကျွန်မရဲ့ ပေါ့ဆမှုအတွက် တောင်းပန်ပါတယ် ..."
စားဖိုမှူးကျင်းယွမ် သက်ပြင်းချလိုက်သည်။ သူမက ငတုံးမဟုတ်သည့်အတွက် ဤနေရာတွင် ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသည်။
စားဖိုမှူး၏ မျက်နှာအမူအရာကို မြင်သည့်အခါ လင်းတမိန်၏မျက်နှာ အေးခဲတောင့်တင်းသွားသည်။
ဒါဆို ပုဖန်ပြောတာ မှန်နေတာပေါ့ ...
သူမ တစ်ချိန်လုံး သောက်နေခဲ့တဲ့ဝိုင်က လှည့်စားထားတဲ့ဟာကြီးလား ...
မယုံကြည်နိုင်စွာဖြင့် ပုဖန်ကို ကြည့်လိုက်မိသည်။ တစ်ငုံသောက်ရုံဖြင့် ထိုအကြောင်းကို ပုဖန် သိသွားမည်ဟု မထင်ခဲ့ပေ။
" မင်း ..."
လင်းတမိန် တစ်စုံတစ်ရာပြောချင်သော်လည်း ဘာပြောရမည်မသိ ဖြစ်နေသည်။
ပုဖန် ပြောလိုက်သည်။
" ခင်ဗျားကို ပြောတယ်နော် ... အခု ကျုပ်ကို ဝယ်ကျွေးဖို့ မမေ့နဲ့ ..."
စားဖိုမှူးကျင်းယွမ်က ရုတ်တရက် ပုဖန်ကိုကြည့်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
" ကျွန်မ အဲ့ဒီဝိုင်ကို နည်းနည်းမြည်းကြည့်လို့ ရမလား ..."
ယောကျာ်းတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရသဖြင့် သူမ စိတ်လှုပ်ရှားနေသည်။
ယခု စားဖိုမှူးကျင်းယွမ်က သူ့ရှေ့တွင် ရှိနေသဖြင့် ပုဖန် အလျင်မလိုတော့ပေ။ ခုံတစ်ခုံကိုယူကာ ချီစစ်၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
သူမ အစားအစာကို သိမ်မွေ့စွာစားနေသည့် ချီစစ်က မျက်ခုံးများပင့်လျက် ပုဖန်ကို ကြည့်လိုက်သည်။
ပုဖန်က စားဖိုမှူးကျင်းယွမ်ကိုကြည့်ကာ ပြောလိုက်သည်။
" ကျုပ်က ခင်ဗျားတို့ဘုရင်မနဲ့ အလောင်းအစား လုပ်ထားတယ် ... သူမပြောခဲ့တာက တော်ဝင်စားသောက်ပွဲကြီးမှာ သူမစိတ်ကျေနပ်အောင် လုပ်နိုင်ရင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ခေါ်သွားပေးမယ်တဲ့ ... ကျုပ်အဲ့ဒီနေရာမှာ အရေးတကြီးလုပ်စရာတစ်ခုရှိတယ် ... ကျုပ်သိချင်တာ တော်ဝင်စားသောက်ပွဲကြီး ချက်ပြုတ်ခွင့်ရဖို့ ဘယ်လ်ုလုပ်ရမယ်ဆိုတာပဲ ..."
ဖြူပြာရောင်ကြွေခွက်ထဲသို့ ဝိုင်လောင်းထည့်လိုက်ပြီး လက်ချောင်းဖြင့် တောက်လိုက်သည့်အခါ ၎င်းက စားဖိုမှူးကျင်းယွမ်ဆီသို့ မျောသွားသည်။
သန့်ရှင်းသပ်ရပ်သည့် စားဖိုမှူးဝတ်စုံဝတ်ထားသည့် ကျင်းယွမ်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ ပုဖန် သူမကိုပေးသည့်ခွက်ကို လက်နှစ်ဖက်ဖြင့်ယူလိုက်ကာ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို သောက်လိုက်သည်။
လည်ချောင်းထဲသို့ ဝိုင်စီးဝင်သွားသည်နှင့် သူမမျက်နှာက အနည်းငယ်နီရဲလာသည်။
ပုဖန်ကို ပြန်ဖြေရမည့်အစား သူမ ထိုနေရာ၌ပင် တိတ်ဆိတ်စွာရပ်နေပြီး ဝိုင်အရသာကိုခံစားနေသည်။
ခဏအကြာတွင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သက်ပြင်းချလိုက်သည်။
" ကောင်းလိုက်တဲ့ဝိုင် ... တကယ်ကို ကောင်းတာပဲ ..."
ယခုအခါ သူမ ပုဖန်ကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်သည်။
သူမ မည်သည့်အရာကိုမှ မကွယ်ဝှက်ပဲ ပြောပြလိုက်သည်။
" တော်ဝင်စားသောက်ပွဲကြီးမှာ ချက်ပြုတ်ဖို့အတွက် အရည်အချင်းပြည့်မီအောင်လုပ်ရမယ့် လုပ်ငန်းစဉ်က ရိုးရှင်းပါတယ် ... ကျွန်မကိုနိုင်အောင် ချက်ပြုတ်ဖို့ပဲ ... နတ်ဘုရားမမြို့တော်က တော်ဝင်စားသောက်ပွဲကြီးမှယ ချက်ပြုတ်ဖို့ ပြိုင်ပွဲလုပ်တိုင်း ကျွန်မအမြဲတမ်းနိုင်တယ် ... အဲ့ဒါကြောင့် ကျွန်မကိုရှုံးအောင်လုပ်နိုင်ရင် ဧကရီဘုရင်မအတွက် ချက်ပြုတ်ဖို့ အရည်အချင်းပြည့်မီပြီ ...ရှင်နိုင်သွားရင်လည်း ချက်ပြုတ်ရမယ့်ဟင်းတွေကို ကိုယ်တိုင်ရွေးလို့ရပေမယ့် ကျွန်မလည်း ရှင်နဲ့တူတူချက်ရမှာပဲ ... ရှင်အစားအစာထဲမှာ တစ်ခုခုမထည့်ထားတာ သေချာအောင်လို့ ကျွန်မရဲ့အတည်ပြုချက် လိုသေးတယ် ..."
ပုဖန် အဖြေကိုကြားသည့်အခါ အံ့အားသင့်သွားသည်။ နွေဦးလေပြည်စားသောက်ဆိုင်၏ စားဖိုမှူးက တော်ဝင်စားသောက်ပွဲကြီး ချက်ပြုတ်ရာတွင် မည်သို့အရည်အချင်းပြည့်မီရန် လုပ်ရမည်ကို မပြောပြခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးခဲ့မိသည်။
တစ်ဖက်လူက ဤသို့ တဲ့တိုးဆန်မည်ဟု မထင်ခဲ့မိပေ။ သို့ရာတွင် လင်းတမိန်၏မေးခွန်းကြောင့် အရှက်ကွဲသွားသဖြင့် ဤနေရာတွင် သူသာဖြစ်နေလျှင်လည်း မှန်မှန်ကန်ကန် ဖြေလိမ့်မည်သာ။
စားဖိုမှူးကျင်းယွမ်က အတွေးများသည့်လူ မဟုတ်သကဲ့သို့ လိမ္မာပါးနပ်သူလည်းမဟုတ်ပေ။
ချီစစ်က ပုဖန်နှင့် စားဖိုမှူးကြားမှ အပြောင်းအလဲများကို စိတ်ဝင်တစား ကြည့်နေသည်။
ဒီနှစ်ယောက် အချက်အပြုတ်ပြိုင်ပွဲ လုပ်ကြတော့မယ်ပေါ့ ...
စိတ်ဝင်စားစရာပဲ ... စားဖိုမှူးကျင်းယွမ်က နတ်ဘုရားမမြို့တော်ရဲ့ အတော်ဆုံးစားဖိုမှူးဆိုပေမယ့် ဒီယောက်ျားက သူမကို ပြိုင်ပွဲအတွက် စိန်ခေါ်ချင်နေတဲ့ပုံပဲ ...
ပြီးတော့ ဒီလူက နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားချင်နေတဲ့ပုံပဲ ... အဲ့ဒီနေဂာက တားမြစ်နယ်မြေဖြစ်တဲ့အပြင် သွားမိတဲ့လူတိုင်း ပြန်မလာနိုင်ကြဘူး ...
သူ ရူးနေတာလား ...
စားဖိုမှူးကျင်းယွမ်က ဝိုင်သောက်ပြီးသွားသည်နှင့် ကြွေခွက်ကို ပုဖန်ဆီသို့ လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်သည်။
" ဒီမှာရှင့်ရဲ့ခွက်ပါ ..."
ပုဖန် ခွက်ကိုပြန်ယူပြီး သူမကိုကြည့်ကာ ပြောလိုက်သည်။
" အချက်အပြုတ်ပြိုင်ပွဲလား ကောင်းပြီလေ ... ကျုပ်တို့ ဘယ်တော့ပြိုင်မလဲ ..."
ဒီလူ တကယ်ပဲ စားဖိုမှူးကျင်းယွမ်နဲ့ ပြိုင်တော့မှာလား ...
စားဖိုမှူးကျင်းယွမ်က ရိုးသားစွာပြန်ဖြေလိုက်သည်။
" မနက်ဖြန် ပြိုင်ကြတာပေါ့ ... ရှင့်ရဲ့ဝိုင်ကို သောက်ပြီးတဲ့နောက် ရှင့်ရဲ့အချက်အပြုတ်စွမ်းရည်မနိမ့်နိုင်ဘူဆိုတာ ယုံကြည်သွားပါပြီ ... ကျွန်မ ဂရုတစိုက် ပြင်ဆင်ထားပါမယ် ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းပါပြီ မနက်ဖြန် နွေဦးလေပြည်စားသောက်ဆိုင်ကိုပဲ လာခဲ့ပါ့မယ် ... အဲ့အချိန်မှ အချက်အပြုတ်စွမ်းရည်တွေ နှိုင်းယှဉ်ကြည့်ကြတာပေါ့ ..."
စားဖိုမှူးနှစ်ယောက်ကြားမှ လင်းတမိန်မှာ သူတို့ပြောနေသည်ကို နားထောင်ကာ စိတ်ရှုပ်လာသည်။
ခဏအကြာမှ အခြေအနေကို နားလည်သဘောပေါက်လာကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
" ဒါဆို အဲ့လိုပဲ သတ်မှတ်လိုက်ပြီနော် ... မနက်ဖြန် ဒီစစ်သူကြီးကလည်း အားနေတာနဲ့အတော်ပဲ ... မင်းတို့ရဲ့ အချက်အပြုတ်ပြိုင်ပွဲလေးမှာ ဒိုင်လူကြီး လုပ်ပေးမယ်လေ ..."
ချီစစ်သည်လည်း နဂါးအသားတစ်ပိုင်းကို ခက်ရင်းဖြင့်ယူကာ ပြောလိုက်သည်။
" ကောင်းပြီလေ ... ဒီစစ်သူကြီးလည်း မနက်ဖြန် အားတယ် ..."
ရုတ်တရက် အော်သံကျယ်ကြီးတစ်ခု ကြားလိုက်ရသည်။
" ပြိုင်မယ်တဲ့လား ... ဘာကိုပြိုင်မှာလဲ ..."
မိန်းမကြီးတစ်ယောက်က သူတို့ဆီလျှောက်လာသည်။
ပုဖန်၏ မျက်လုံးများက မသိလိုက်ပဲ ထိုသူကို ကြည့်မိသွားသည်။
ထိုမိန်းမကြီး၏ အသံတွင် ဒေါသများဖြင့် ပြည့်နေသည်။ ချက်ချင်းတွင် ပုဖန်၏ရှေ့၌ ပေါ်လာပြီး အော်ဟစ်တော့သည်။
" အချက်အပြုတ်စွမ်းရည်တွေ ပြိုင်မယ်တဲ့လား ... နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ စားဖိုမှူးနဲ့ပြိုင်ဖို့ ဘယ်သူက အရည်အချင်းရှိလို့လဲ ... ငါ့စားသောက်ဆိုင်က စားဖိုမှုးကို ဘာများထင်နေကြလဲ ..."
စားဖိုမှူးကျင်းယွမ်၏မျက်နှာ မသက်မသာဖြစ်သွားသည်။ သူမ မျက်နှာတစ်ခုလုံးနီရဲလာပြီး နောက်ကိုတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
" မဒမ်ကျင်း ..."
ထိုမိန်းမကြီးက သူမကိုကြည့်ပြီး အော်လိုက်သည်။
" ကောင်မလေး ငါ့ခွင့်ပြုချက်မရပဲ လုပ်ချင်တာလုပ်လို့ရတယ်လို့ ညည်းကိုဘယ်သူသင်ပေးထားတာလဲ ..."
" အိုး ... မဒမ်ကျင်းက တကယ်ကို အစွမ်းရှိတာပဲ ..."
ချီစစ်က သူမလက်ထဲမှ ဓားနှင့် ခက်ရင်းကိုကိုင်ထားပြီး မဒမ်ကျင်းကို အေးစက်စွာကြည့်နေသည်။
မဒမ်ကျင်းက ချီစစ်ကို အပြုံးဖြင့်ကြည့်လိုက်သည်။
" စစ်သူကြီးချီစစ် ဒီကဟင်းလျာတွေကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ် ... ကျင်းယွမ်က တစ်ခါတစ်လေ အာရုံမခံစားတတ်ဖူး ... ကျွန်မသူ့ကို ဂရုစိုက်ပြီး သင်ပေးပါ့မယ် ..."
ပြောပြီးသည့်အခါ မဒမ်ကျင်း၏မျက်လုံးများက ပုဖန်ဘက်လှည့်လာကာ ဆူပူကျိန်းမောင်းတော့သည်။
" ယောက်ျားတစ်ယောက်လား ... ဟမ်း ... မင်းက ယောက်ျားတစ်ယောက်ဖြစ်တာနဲ့ပဲ ...မင်းရဲ့အချက်အပြုတ်စွမ်းရည်ကို နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ စားဖိုမှူးတွေနဲ့ နှိုင်းယှဉ်ချင်နေတာလား ... တော်ဝင်စားသောက်ပွဲကြီးမှာ ချက်နိုင်မယ်လို့ရောထင်နေတာလား ... ကိုယ့်ကိုကိုယ် ဘာမှတ်နေလဲ ..."
မဒမ်ကျင်းက နွေဦးလေပြည်စားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။ သူမက စားဖိုမှူကျင်းယွမ်ကို ယောကျာ်းတစ်ယောက်နှင့် မပြိုင်ဆိုင်စေချင်ပေ။
စားဖိုမှူးကျင်းယွမ်က ပြောလိုက်သည်။
" မဒမ်ကျင်း တကယ်လို့ သူ့ရဲ့အချက်အပြုတ်က ကျွန်မထက် သာနေတယ်ဆိုရင် သူကပဲ တော်ဝင်စားသောက်ပွဲကြီးကိုချက်တာ ပိုသင့်တော်တယ်လေ ..."
" နင့်ထက်သာမယ်ဟုတ်လား ... ယီးကိုသာလေ ... ဒီယောကျာ်းက တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပေးနိုင်စွမ်းရှိမယ်များ ထင်နေလား ..."
မဒမ်ကျင်းက ခွန်းတုံ့ပြန်လိုက်သည်။
ကျင်းယွမ် ထိတ်လန့်သွားသည်။ ထို့နောက် နောက်ဆုတ်ကာ တိတ်ဆိတ်နေပြီး မျက်လုံးများနီရဲကာ မျက်ရည်ဝဲလာသည်။
လင်းတမိန် ဒေါသထွက်လာ၍ အံကြိတ်ကာပြောလိုက်သည်။
" အဘွားကြီး ... ရှင်က ဝန်ထမ်းတွေကို ဝိုင်တွေ ခိုးရောခိုင်းဖို့ ညွှန်ကြားတဲ့သူမလား ... ကျွန်မ အလုပ်လုပ်ပြီး စုဆောင်းထားတဲ့ နယ်သာသလင်းကျော်ကိုးထောင်ကို ဒီအတုနဲ့ လဲလိုက်ရတာပေါ့လေ ..."
မဒမ်ကျင်းက မေးခွန်းထုတ်ဟန်ဖြင့် လင်းတမိန်ကို ကြည့်လိုက်သည်။
" အဲ့ဒါ ဒီယောကျာ်းပြောတဲ့စကားလား ... အခု သူပြောသမျှကို ယုံနေတယ်ပေါ့လေ ..."
မဒမ်ကျင်းက အသံကိုမြှင့်၍ ပြောလိုက်သည်။
" ဒီဝိုင်တွေကို ရောထားတာက ဒီယောကျာ်းလို့ ကျွန်မ သံသယရှိတယ် ... ပြီးတော့ စစ်သူကြီးလင်းက ဒီယောကျာ်းနဲ့ပူးပေါင်းပြီး ကျွန်မရဲ့ နွေဦးလေပြည်စားသောက်ဆိုင်ကို ချောင်ပိတ်ဖို့ကြံစည်နေတယ်လို့ထင်တယ် ..."
ထိုသို့ အရှက်မဲ့သည့်အလုပ်ရှင်နဲ့ အလုပ်လုပ်ရသဖြင့် ကျင်းယွမ်၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာသည်။
လင်းတမိန်ကို ကြည့်ရသည်မှာ အချိန်မရွေးပေါက်ကွဲမည့်ပုံ ပေါ်နေသည်။
ချီစစ်က စားချင်စိတ်ပျောက်သွားသကဲ့သို့ သူမကိုင်ထားသည့် ခက်ရင်းနှင့် ဓားကို ချလိုက်သည်။
ပုဖန်၏ အကြည့်များက အေးစက်လာသည်။
ဤမိန်းမက သူ့ကို ကျင်းယွမ်နှင့် မယှဉ်ပြိုင်ခိုင်းခြင်းမှာ ကျင်းယွမ်၏ ဂုဏ်သတင်းကိုသာ ဂရုစိုက်သောကြောင့်ဖြစ်သည်။ အကယ်၍ သူမရှုံးခဲ့ပါက နွေဦးလေပြည်စားသောက်ဆိုင်၏ စီးပွားရေးကို များစွာထိခိုက်နိုင်သည်ဖြစ်သည်။
ထို့အပြင် တော်ဝင်စားသောက်ပွဲကြီးတွင် ကျင်းယွမ်ကသာ အမြဲချက်ပြုတ်နေရခြင်းကလည်း သူတို့ကို ဂုဏ်သတင်းကျောစောစေသည်။
အကယ်ဤ ပြိုင်ပွဲတွင် သူတို့ရှုံးနိမ့်ခဲ့ပါက တော်ဝင်စားသောက်ပွဲကြီးတွင် ချက်ပြုတ်ခွင့်ဆုံးရှုံးနိုင်သည်။ ပေးဆပ်ရမည့် တန်ရာတန်ကြေးက မြင့်မားလွန်းသဖြင့် မစွန့်စားလိုခြင်းဖြစ်သည်။
ထို့ကြောင့် ပုဖန်နှင့် ကျင်းယွမ် ယှဉ်ပြိုင်လိုသည့် အချက်အပြုတ်ပြိုင်ပွဲကို မဒမ်ကျင်းက ဘယ်တော့မှ သဘောတူလိမ့်မည်မဟုတ်ပေ။
မဒမ်ကျင်းက ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။
" ပြိုင်ပွဲလုပ်ဖို့ စိတ်တောင်မကူးနဲ့ ... တော်ဝင်စားသောက်ပွဲကြီးမှာ ချက်ခွင့်ရဖို့ ကိုယ့်ဘာသာစဉ်းစားနေလိုက် ... တော်ဝင်စားသောက်ပွဲကြီးကို အမြဲတာဝန်ယူခွင့်ရှိတာ ငါတို့နွေဦးလေပြည်စားသောက်ဆိုင်က စားဖိုမှူးပဲ .. ထွက်သွားတော့ ... မဟုတ်ရင် အစောင့်တွေခေါ်ပြီး နှင်ထုတ်ပစ်မယ် ..."
မဒမ်ကျင်း၏ အသံက စားသောက်ဆိုင်တစ်ခုလုံး ပဲ့တင်ထပ်ပြီး ပျံ့လွင့်လာသည်။ နောက်ဆုံးစကားတစ်ခွန်းကိုပြောချိန်၌ လက်မြှောက်ကာ ပုဖန်၏ နှာခေါင်းကို လက်ညိုးဖြင့် ထိထားသည်။
အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ချီစစ်နှင့် လင်းတမိန်က မဒမ်ကျင်းကို အေးစက်စွာကြည့်နေသည်။
ကျင်းယွမ်က ငို့တော့မည်ပုံ ဖြစ်နေသည်။
ပုဖန် က မဒမ်ကျင်းကို တည်ငြိမ်စွာကြည့်နေသည်။ ထို့နောက် ဖြည်းညှင်းစွာထလာပြီး ဝိုင်ပုလင်းကို သိမ်းလိုက်သည်။
အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်သည့်အခါ သူ၏ ဖြူနီရောင်စားဖိုမှူးဝတ်စုံ ပေါ်လာသည်။
ပုဖန် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
ခဏအကြာတွင် ...
ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
တစ် နှစ် သုံး ...
ပုဖန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်ဘောလုံးခုနစ်လုံး ထွက်ပေါ်လာပြီး လင်းလက်တောက်ပနေသည်။
ပုဖန် ဘောလုံးတစ်လုံးကို လက်ချောင်းကြားထဲညှပ်လိုက်ကာ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ထိ အေးစက်လာသည်။
" အဘွားကြီး ... ကျုပ်ကို တကယ်ကြီး ထွက်သွားခိုင်းနေတာလား ..."