အပိုင်း ၁၁၂၅
Viewers 62k

အခန်း ၁၁၂၅

ဒီလူက အသားလုံးတွေလုပ်တဲ့နေရာမှာ တကယ်တော်တာပဲ


ပုဖန်၏ အသံက နွေဦးလေပြည်စားသောက်ဆိုင်ထဲတွင် မိုးခြိမ်းသံတစ်ခုနှယ် ပျံ့နှံ့သွားသည်။


လူတိုင်း လေအေးတစ်ချက်ရှုသွင်းမိပြီး ပုဖန်ကို ကြည့်လိုက်ကြသည်။


ဒီလူက တကယ် လွှမ်းမိုးနိုင်တာပဲ..


သူ ဘယ်သူ့ကို အော်ထုတ်လိုက်မိလဲဆိုတာကိုရော သိရဲ့လား..


အဲ့လူက နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ ပိုင်ရှင် နတ်ဘုရားမမြို့တော်ရဲ့ အချမ်းသာဆုံးလူပဲ... နတ်ဘုရားမမြို့တော်ရဲ့ အရာရှိတွေကတောင် မဒမ်ကျင်းကို မဆန့်ကျင်ရဲကြဘူး...


ဒါပေမဲ့ ပုဖန်ကတော့ သူမကို အော်ရဲတယ်...


ချီစစ် ပုဖန်ကို ကြောင်တောင်တောင်လေး ကြည့်မိလိုက်သည်။


လင်းတမိန်လည်း ကြောင်သွားသည်။ ပုဖန်က မဒမ်ကျင်းကို ဤသို့ တကယ်ပြန်ပြောရဲမည်ဟု မထင်ခဲ့ပေ။ 


မဒမ်ကျင်းသည်လည်း ပုဖန်၏ စကားကြောင့် တောင့်ခဲနေမိသည်။


ဘယ်လောက်တောင်ကြာပြီလဲ...


ဒီနတ်ဘုရားမမြို့တော်ထဲမှာ သူမကို ဒီလိုလေသံနဲ့ ပြောရဲတဲ့လူ မရှိတာ နှစ်ပေါင်းများစွာတောင် ကြာပြီပဲ... ပြီးတော့ သူမဆိုတဲ့ မဒမ်ကျင်းက ဧကရီဘုရင်မနဲ့ ဘုန်းတော်ကြီးတွေကိုတောင် ကြောက်ဖူးလို့လား...


ဘယ်အရာရှိကများ သူမကို မျက်နှာသာ မပေးရဲပဲနေလို့လဲ...


သူမရှေ့မှာရှိတဲ့ ဒီနယ်မြေကလူတောင် မဟုတ်တဲ့ ယောက်ျားတစ်ယောက်က သူမကို တကယ်ကြီးအော်ရဲတယ်...


ရဲတင်းလှချေလား...


မဒမ်ကျင်း၏မျက်နှာ တဖြေးဖြေးအရုပ်ဆိုးလာကာ ဒေါသအပြည့်ဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းလှချေလား... မင်းက ငါဆိုတဲ့မဒမ်ကျင်းကို တကယ်အော်ဟစ်ဆူပူရဲတယ်ပေါ့လေ..."


ပုဖန် အပြုံးဖျော့ဖျော့လေးဖြင့် ပြန်ပြောလိုက်သည်။

"ခင်ဗျားတစ်ယောက်တည်းပဲ ကျိန်ဆဲနိုင်တဲ့လူလို့ ထင်နေတာလား... ဒီလိုလေသံမျိုးနဲ့ ဒီလိုအသက်အရွယ်မှာ ပြောတယ်ဆိုတော့.. တကယ်ရှက်စရာပဲ..."


"ဟမ့်... မင်းငါ့ကို ပြန်ပြောနေရဲသေးတယ်လား... ပါးစပ်ပိတ်စမ်း.."


ဝှီး


ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မဒမ်ကျင်း၏ လက်ထဲတွင် ရွှေရောင်ချိုင်းထောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမက ထိုချိုင်းထောက်ကို သုံး၍ မြေပြင်ပေါ်ဆောင့်ချလိုက်ပြီး ကြောက်မက်ဖွယ်လေလှိုင်းလုံးတစ်ခု ချက်ချင်းထွက်ပေါ်လာစေသည်။


နွေဦးလေပြည်စားသောက်ဆိုင်ရှိ လူတိုင်းက ထိုလေလှိုင်းမှ အံ့ဩတုန်လှုပ်ဖွယ်ရာ စွမ်းအင်တစ်ခုကို ခံစားမိလိုက်ကြသည်။


ရုတ်တရက် သူတို့အပေါ်တွင် ပုံရိပ်လေးခု ထွက်ပေါ်လာသည်။


ပုံရိပ်တစ်ခုစီတိုင်းက အင်အားကြီးလှသည့် အော်ရာများကို ထုတ်ဖော်နေပြီး မမြင်ရသော ဖိအားတစ်ခုက လူတိုင်းကို ဖိချနေပြီး သူတို့၏မျက်နှာများကို ပြောင်းသွားစေသည်။


စားဖိုမှူးကျင်းယွမ်၏ အသားအရည်က ချက်ချင်းဖြူဖျော့သွားသည်။


မဒမ်ကျင်းက အမှန်တကယ် စိတ်တိုသွားပုံပင်။ သူမက နွေဦးလေပြည်စားသောက်ဆိုင်၏ အံ့ဖွယ်အစောင့်လေးယောက်ကိုပင် ဆင့်ခေါ်လိုက်လေပြီ။


ထိုအံ့ဖွယ်အစောင့်လေးယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားက သာမန်လူများနှင့် လားလားမှမတူနေပေ။ တစ်ယောက်ချင်းဆီက ကြယ်ရှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်နေပြီး ရှေးဟောင်းတိုက်ပွဲ နည်းပညာများတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ချီစစ်နှင့် လင်းတမိန်တို့ပင် သူတို့ကိုကြောက်နေရသည်။


ဒီအမျိုးသားစားဖိုမှူးက အတော်လေးကို အန္တရယ်များတဲ့ အခြေအနေထဲ ရောက်နေတာပဲ...


ဒီလူက စစ်သူကြီးလင်းတမိန်နဲ့ ဆက်ဆံရေးကောင်းကောင်း ရှိတယ်ဆိုပေမဲ့ လင်းတမိန်က သူ့အတွက်ကြောင့်နဲ့ နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ အံ့ဖွယ်အစောင့်လေးယောက်ကို တိုက်ခိုက်ပေးပါ့မလား...


ဤကဲ့သို့သော တန်ဖိုးက စစ်သူကြီးလင်းတမိန် တတ်နိုင်သည့် အရာမျိုး မဟုတ်ပေ။


ထို့ကြောင့် အံ့ဖွယ်အစောင့်လေးယောက် ထွက်ပေါ်လာသည်နှင့် နွေဦးလေပြည် စားသောက်ဆိုင်တစ်ခုလုံး ဆိတ်ငြိမ်သွားရသည်။


မည်သူမှ စကားမပြောရဲသလို အသက်ပင် ဖြောင့်ဖြောင့်မရှူရဲပေ။ သူတို့က ရွှေရောင်ချိုင်းထောက်ကို ကိုင်ထားသော မဒမ်ကျင်းကိုသာ ကြည့်နေကြသည်။


အံ့ဖွယ်အစောင့်လေးယောက်က နွေဦးလေပြည်စားသောက်ဆိုင်၏ ထောင့်လေးထောင့်မှ ထွက်ပေါ်လာပြီး သူတို့ထုတ်လွှတ်နေသော ဖိအားများကမူ တည်နေရာတစ်ခုတည်းကိုသာ ဦးတည်၍ ထုတ်လွှတ်နေကြသည်။ 


ပုဖန်နှင့် အနီးဆုံးတွင်ရှိသော လင်းတမိန်က ချက်ချင်း မျက်နှာပျက်သွားသည်။


ချီစစ်တွင်လည်း တူညီသည့် အမူအယာဖြစ်နေသည်။ သို့သော် သူမ ထိုအံ့ဖွယ်အစောင့်လေးယောက်ကို မလေးမစား မလုပ်ရဲပေ။


မဒမ်ကျင်းက ရွှေရောင်ချိုင်းထောက်ကို ကိုင်ကာ အေးစက်နေသောမျက်လုံးများဖြင့် ပုဖန်ကို သတ်ချင်နေသည့်ပုံစံဖြင့် ကြည့်နေသည်။


"ကောင်လေး... ဒီမိန်းမအိုကြီးကို အသက်ရှင်ခွင့်ပေးဖို့ တောင်းဆိုစမ်း ဒါဆို မင်းရဲ့ခွေးအသက်ကလေးက်ို လွှတ်ပေးမယ်.... မဟုတ်ရင် ငါ့ကိုအာခံပြီး ငါ့ရဲ့နွေဦးလေပြည် စားသောက်ဆိုင်မှာ ပြဿနာရှာတယ်ဆိုတာ မင်းရဲ့အသက်ကိုယူဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေပဲ...."


 မငယ်ရွယ်တော့သော်လည်း မဒမ်ကျင်း၏အသံက သန်မာမှုနှင့် အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။


စကားလုံးတိုင်းက လူတိုင်း၏ စိတ်ထဲတွင် မြည်ဟီးသွားသည်။ သူမ၏ အင်အားနှင့် လွှမ်းမိုးနိုင်စွမ်းက လုံးဝမပျော့ညံ့ပေ။


နွေဦးလေပြည်စားသောက်ဆိုင်က နတ်ဘုရားမမြို့တော်ရဲ့ အကောင်းဆုံးစားသောက်ဆိုင် ဆိုမှတော့ မဒမ်ကျင်းက နတ်ဘုရားမမြို့တော်မှာ အချမ်းသာဆုံးပဲလေ...


ဒီလူတော့ အဆုံးသတ်ပြီပဲ...


ရုတ်တရက် ချီစစ် မူးမေ့သတိလစ်တော့မလို ဖြစ်သွားရသည်။


သူမက ပုဖန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသဖြင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။


သူ့မျက်နှာပေါ်ရှိ အေးဆေးတည်ငြိမ်နေသော အမူအယာက သူမကို ထူးဆန်းသလို ခံစားရစေသည်။


ပုဖန်ဘေးတွင် အပူရှိန်နှင့်ရနံ့များကို ထုတ်လွှတ်နေသည့် အသားလုံးခုနစ်လုံးက ပျံဝဲနေသည်။


လွန်ခဲ့သည့် အချိန်ခဏလေးက စားသောက်ဆိုင်ထဲတွင် ထိုအသားလုံးများက မိုးခြိမ်းသံလို ပေါက်ကွဲသံကြီးများ မြည်ဟီးစေခဲ့၍ ထိုအသားလုံးများက ဟာသမဟုတ်ကြောင်း သိနေကြလေသည်။


သို့သော် ထိုအရာများက အဆင့်နိမ့်စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိသော ကျင့်ကြံသူများကို ကိုင်တွယ်နိုင်သော်လည်း ကြယ်ရှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင်ရှိပြီး ရှေးဟောင်းတိုက်ပွဲနည်းစနစ်များကိုလည်း ကျွမ်းကျင်သည့် လူများနှင့်ဆိုလျှင်တော့ အလကားသာဖြစ်သည်။


ထိုသည်က စားသောက်ဆိုင်အတွင်းရှိ လူများ တွေးနေသည့် အတွေးမျှသာဖြစ်သည်။


ပုဖန်က သူတို့မသိသည့် အရာတစ်ခုကိုသိပေသည်။


လင်းတမိန်က ပုဖန်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်လိုက်သည်။ အ းခြေအနေများက ဤကဲ့သို့ပြောင်းလဲသွားမည်မှန်း မထင်မိခဲ့ပေ။


ပုဖန်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

"အသက်ရှင်ခွင့်ပေးဖို့ တောင်းဆိုရမယ်တဲ့လား... ကျုပ်ဘက်က ခင်ဗျားကိုမျက်နှာသာပေးတာကိုလိုချင်တာပေါ့လေ... ကျုပ်က ဒီနွေဦးလေပြည်စားသောက်ဆိုင်ကို ဖောက်ခွဲလိုက်မယ်ဆိုရင်ရော...."


ရုတ်တရက် သူ့ခြေထောက်အောက်တွင် အစီအရင်တစ်ခု တောက်ပလာသည်။ ခဏအကြာတွင် ထိုအထဲမှ ဝှိုက်တီနှင့် ပုစွန်ပိစိတို့ ထွက်ပေါ်လာပြီး ပုဖန်အနောက်တွင် ရပ်လိုက်ကြသည်။


မဒမ်ကျင်းက ဝှိုက်တီနှင့်ပုစွန်ပိစိကို မြင်သောအခါ ချက်ချင်းလက်ငင်း ရယ်မောလိုက်လေသည်။


"ရုပ်သေးရုပ်တွေလား.... ဒါတွေကြောင့် မင်းက တည်ငြိမ်နေရတာပေါ့လေ...."


သူမ၏ အတွေးထဲတွင် ပုဖန်က ဆင်းရဲသား လူ့ငနွားလေးသာဖြစ်သည်။ ထိုကဲ့သို့သော အင်မော််ရုပ်သေးရုပ်များက ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့် စစ်မှန်မသေမျိုးနယ်ပယ် အဆင့်များသာ ဖြစ်ကြပေသည်။ ထို့အဆင့်ရှိ ရုပ်သေးရုပ်များက အစောင့်များထဲမှ မည်သူမဆို၏ လက်ဖဝါးတစ်ချက်စာကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။


ပွင့်ပွင့်လင်းလင်းပြောရလျှင် လင်းတမိန်ကသာ မဒမ်ကျင်းကိုအနည်းငယ် စိုးရိမ်မိစေသည့် လးဖြစ်သည်။ မည်သို့ပင်ဆိုစေ အစကတည်းက ပုဖန်၏ဘေးတွင် နဂါးစိမ်းစစ်တပ်၏စစ်သူကြီး တစ်ယောက်ကရပ်နေခဲ့ပေသည်။


မဒမ်ကျင်းပင်လျှင် စစ်သူကြီးများကို ကိုင်တွယ်ရန်မလွယ်သည့် လူများအဖြစ် ရှုမြင်လေသည်။


ဤနတ်ဘုရားမမြို့တော်ထဲတွင် စစ်သူကြီးငါးယောက်ရှိပြီး တစ်ယောက်ချင်းဆီတိုင်းက သူတို့၏ စစ်တပ်တွင် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။


နဂါးစိမ်းစစ်တပ်၊ နဂါးနီစစ်တပ်၊ နဂါးနက်စစ်တပ်၊ သားရဲစစ်တပ် နှင့် ကာကွယ်သူစစ်တပ်... မည်သည့်စစ်တပ်ကိုမှ မထီမဲ့မြင်ပြု၍မရချေ။


လင်းတမိန်က ပုဖန်ဘက်က ထွက်သွားမည်ပုံလည်း မရပေ။


ထို့ကြောင့် ပုဖန်ကို ကိုင်တွယ်ရန်မှာ အလွန်တရာ လွယ်ကူတော့မည်မဟုတ်ချေ။


သူ့လုပ်နိုင်စွမ်းသူတောင် မသိတဲ့ လူတစ်ယောက်က တော်ဝင်စားတော်ပွဲအတွက် ချက်ပြုတ်ပေးရမယ့်အခွင့်အရေးကို ကျင်းယွမ်နဲ့ ပြိုင်လုချင်တယ်တဲ့လား... သူ့ကိုယ်သူ ဘာများထင်နေလဲ..


ဘုန်း


အံ့ဖွယ်အစောင့်လေးယောက်က ပုဖန်ပတ်ပတ်လည်တွင် ကျယ်လောင်သော အသံဖြင့် သက်ဆင်းလာသည်။ သူတို့က ပုဖန်ပတ်ပတ်လည်တွင် အစီအရင်တစ်ခု စတင်ဖန်တီးလိုက်လေသည်။


ပုဖန်က မျက်မှောင်ကုတ်၍ ကြည့်လိုက်သည်။


မဒမ်ကျင်းက သူမ၏ရွှေရောင် ချိုင်းထောက်ကြီးကို ကိုင်ကာ ပုဖန်နှင့်လင်းတမိန်ကိုသာ အစီအရင်ထဲတွင် ချန်ထားလိုက်သည်။


ကျင်းယွမ်က တစ်ခုခုပြောရန် ပါးစပ်ကလေးဟလိုက်သော်လည်း သူမကိုမဒမ်ကျင်းက တစ်ချက်စိုက်ကြည့်လာသည်။


"ပါးစပ်ပိတ်ထား... ကြည့်နေလိုက် ပြီးရင် ငါကိုယ်တိုင် နင့်ကိုသင်ခန်းစာပေးပြမယ်...."


ကျင်းယွမ် သူမပါးစပ်လေးကို ပိတ်၍ အောက်ကိုသာ ငုံ့ကြည့်လိုက်သည်။


မဒမ်ကျင်းက ရွှေရောင်ချိုင်းထောက်ကြီးကို ဆုပ်ကိုင်ကာ ပုဖန်ဘက်ကို ကြမ်းကြမ်းတမ်းတမ်း ညွှန်ပြလိုက်သည်။

"အံ့ဖွယ်အစောင့်တွေ ဒီလူကို ငါ့အတွက် ဖမ်းပေးကြစမ်း... ခုခံမယ်ဆိုရင် သတ်ပစ်လိုက်... ဒါက ငါနဲ့ ငါ့ရဲ့နွေဦလေပြည်စားသောက်ဆိုင်ကို မလေးစားပဲနေရဲတဲ့လူတွေ သွားရမယ့်လမ်းပဲ..."


အံ့ဖွယ်အစောင့်လေးယောက်က ရွှေရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။ သူတို့တွင် ရှည်လျားသည့် ရွှေရောင်ဆံပင်များရှိကြပြီး နှင်းလိုဖြူဖွေးသည့် အသားအရောင်နှင့် လှပသော မျက်နှာများရှိကြသည်။


သို့သော် ထိုအစောင့်လေးယောက်လုံး၏ မျက်လုံးတွင် အေးစက်ကာ ရက်စက်ကြမ်းတမ်းသော အော်ရာများကို ထုတ်လွှတ်နေသည်။ သူတို့ကိုကြည့်ရသည်မှာ သတ်ဖြတ်ခြင်းမှလွဲ၍ ကျန်သည်ကို စိတ်မဝင်စားဟန်ဖြစ်နေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


ပုံရိပ်တစ်ခု ရွှေ့လျားသွားပြီး ကြယ်ရှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ရှိ ကျင့်ကြံသူတစ်ယောက်၏ ဖိအား ထွက်ပေါ်လာသည်။


အခြား ပုံရိပ်များကလည်း ပုဖန်ထံ ချည်းကပ်ကြသည်။


မီတာအနည်းငယ် ခန့်ရှိနေရာတွင် မဒမ်ကျင်းက လှောင်ပြောင်သရော်နေသည်။


လူတိုင်း အသက်အောင့်ပြီး ဆက်ဖြစ်လာမည့် အခြေအနေကို စူးစိုက်ကြည့်နေကြသည်။


စားဖိုမှူးကျင်းယွမ်က စိတ်ဓာတ်ကျနေပုံပေါ်သည်။


ဘုန်း


ရုတ်တရက် လင်တမိန်က သူမရှေ့တွင် ရှိသော ပုံရိပ်ကိုတားဆီးလိုက်သည်။ သူမ၏လှုပ်ရှားမှုလေး တစ်ခုဖြင့် ထိုအံ့ဖွယ်အစောင့်က နောက်ပြုဆုတ်လိုက်ရသည်။


မဒမ်ကျင်းက လင်တမိန်ကို လှောင်ပြောင်သလို ပြောလိုက်သည်။

" စစ်သူကြီးလင်း မင်းက ငါ့ကိုဆန်ကျင်တဲ့ ဒီလူဘက်မှာ နေချင်တာလား... ဒါဆိုလည်း အရှင်ဘုရင်မကြီးသာ ဒီအကြောင်းသိသွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းသိမှာပါ.."


လင်တမိန်၏ ခန္ဓာကိုယ် တောင့်ခဲသွားရသည်။


နတ်ဘုရားမမြို့တော်ရှိ အချမ်းသာဆုံးလူဖြစ်သော မဒမ်ကျင်းကသာ ဤအကြောင်းကို ဧကရီကို ပြောလိုက်ပါက လင်းတမိန် အပြစ်အပေးခံရပြီး လက်ရှိရာထူးမှပင် ထုတ်ပယ်ခံရနိုင်သည်။


လင်းတမိန် အံတင်းတင်းကြိတ်မိလိုက်သည်။

အရှက်မရှိတဲ့ အဒေါ်ကြီးကတော့...


နဂါးစိမ်းစစ်တပ်လား ယောက်ျားတစ်ယောက်လား....


သဘာဝကျစွာဖြင့် လင်းတမိန် နဂါးစိမ်းစစ်တပ်ကိုသာ ရွေးလိုက်သည်။ ထို့ကြောင့် သူမ နောက်ဆုတ်လိုက်သည်။


"ပုဖန်... ဒီစစ်သူကြီးက နင့်ကိုထပ်မကူညီနိုင်တော့ဘူး... ငါတို့ ထွက်ပြေးနိုင်တယ်ဆိုရင် ထွက်ပြေးကြရအောင်ပါ..."


"ထွက်ပြေးမယ်တဲ့လား..."

မဒမ်ကျင်း သရော်လိုက်သည်။


ပုဖန်က လင်တမိန်ကို တည်တည်ငြိမ်ငြိမ်သာကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် အံ့ဖွယ်အစောင့်တစ်ယောက်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် အသားလုံးတစ်လုံးကို ယူပြီး ခပ်ဖွဖွကိုက်ဝါးလိုက်ည်။


ဖြူး


အသားလုံးဆီမှ သန်မာလှသော အပူလှိုင်းတစ်ခု ထွက်ပေါ်လာသည်။


"ပုစွန်ပိစိ..."


ပုဖန် ပုစွန်ပိစိကို ခေါ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက တောက်ပလာသည်။


ကြမ်းတမ်းစွာထွက်ပေါ်လာသော ရွှေရောင်ရောင်အလင်းတန်းနှင့်အတူ ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။


ပုစွန်ပိစိက ဧရာမသားရဲအကြီးအဖြစိ ပြောင်းလဲသွားခဲ့သည်။


ပုဖန်က ပုစွန်ပိစိနောက်ကျောပေါ် ခုန်တက်လိုက်သည်။ ထို့နောက် လက်ချောင်းများကို လှုပ်ခါ၍ အသားလုံးများကို အံ့ဖွယ်အစောင့်များထံ ပစ်လွှတ်လိုက်သည်။


ရွှေရောင်အလင်းတို့ တောင်ပနေသော ပုစွန်ပိစိက ကောင်းကင်ပေါ်တက်သွားပြီး နွေဦးလေပြည် စားသောက်ဆိုင်၏ခေါင်မိုးပေါ် တက်လိုက်သည်။


မဒမ်ကျင်၏ ရွှေရောင်ချိုင်းထောက်ကြီးက မြေပြင်ပေါ်ကို ထပ်မံဆောင့်ချခံလိုက်ရပြန်သည်။

"သွားဖမ်းကြစမ်း...."


ဘုန်း


အံ့ဖွယ်အစောင့်လေးယောက်လုံး တစ်ချိန်တည်း ပြေးထွက်သွားကြသည်။


လူတိုင်း တိုက်ပွဲကို စောင့်ကြည့်နေကြသည်။


ရုတ်တရက်


အံ့ဖွယ် အစောင့်တစ်ယောက်က သူမလက်ကို မြှောက်လိုက်ပြီး သူမထံပျံထွက်လာသော အသားလုံးကို ရိုက်ချလိုက်သည်။ 


ဘုန်း


ပေါက်ကွဲမှုက လူတိုင်းကို ပင့်သက်ရှိုက်မိသွားစေသည်။


လူတိုင်း မယုံကြည်နိုင်ဟန် ဖြစ်သွားကြသည်။ ပေါက်ကွဲမှုအားက အရင်တစ်ခေါက်ကထက် သန်မာနေပုံပေါ်သည်။


ခရက်


အသားလုံးကို လက်ဖဝါးသက်သက်ဖြင့် ရိုက်လိုက်သော အစောင့်က မချိတင်ကဲအော်ဟစ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးတွင် နာကျင်မှုတို့ မွှန်းထုံလျက်ရှိသည်။


အသားလုံးကို တိုက်ရိုက် ရိုက်ချလိုက်သော သူမ၏ လက်က ပေါက်ကွဲသွားခဲ့သည်။


ခဏအကြာတွင် သူမ၏ပုံရိပ်က လေထဲမှ မြေပြင်ပေါ် ပြုတ်ကျလာသည်။


မဒမ်ကျင်း ထိတ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်မိသည်။ သူမရှေ့ရှိ မြေပြင်က နက်ရှိုင်းလှသော ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။


အံ့ဖွယ်အစောင့် လေးယောက်ထဲမှ တစ်ယောက်က အသားလုံးတစ်ခုကြောင့် စိုးစိုးဝါးဝါးဒဏ်ရာ ရသွားခဲ့သည်။


ဘာ...


လူတိုင်း အံ့ဩထိတ်လန့်သွားကြသည်။


ကျန်သော အစောင့်သုံးယောက်ကလည်း အချင်းချင်းကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ကို မြင်လိုက်ရသည်။


ပုဖန်က လက်ပိုက်ကာ ကခေါင်မိုးပေါ်တွင် ရပ်နေပြီး သူ၏အနောက်တွင် ရွှေရောင် အသားလုံးများက လွင့်မျောနေသည်။


သူက မဒမ်ကျင်းကို ကြည့်လိုက်ပြီး လက်မြှောက်၍ နောက်ထပ် အသားလုံးတစ်လုံးကို ကိုက်ဝါးလိုက်သည်။ 


ဤအချိန်တွင် အခြားအံ့ဖွယ်အစောင့်များကလည်း အသားလုံးများကို မရိုက်ရဲတော့ပေ။ ပထမဆုံး အစောင့်၏လက်မောင်း မည်သို့ ပေါက်ကွဲသွားသည်ကို သူတို့ မြင်ပြီးပြီဖြစ်သည်။


သူတို့ ထိုရွှေရောင် အသားလုံးများ၏အစစ်အမှန် စွမ်းအင်ကို မြင်တွေ့ပြီးလေပြီ။


ပုဖန်က အဆင့်မြင့် အစစ်အမှန်မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးကို အသားလုံးတစ်လုံးကိုသုံး၍ ဖောက်ခွဲပြပြီးဖြစ်သောကြောင့် သူက အထင်သေး၍မရသောလူတစ်ယောက်ဖြစ်ကြောင်း သိသာလှပေသည်။


ကျန်ရှိနေသော အံ့ဖွယ်အစောင့်များကလည်း ထိုအစောင့်နှင့် အဆင့်တူသူများသာ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ အသားလုံးကို လက်ဖဝါးသပ်သပ်ဖြင့် ရိုက်လျှင် တူညီသော ကံကြမ္မာကို ခံစားရမည်သာဖြစ်သည်။


ပုဖန်၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး အသားလုံးများကို ရှောင်ရှားနေကြသော အံ့ဖွယ်အစောင့်များကို ကြည့်လိုက်သည်။


ပုဖန်က အသားလုံးများကို ထပ်မံထိန်းချုပ်မနေတော့၍ ၎င်းက နွေဦးလေပြည်စားသောက်ဆိုင်၏ နံရံများအပေါ် ကျဆင်းသွားတော့သည်။


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နွေဦးလေပြည်စားသောက်ဆိုင် တစ်ခုလုံးက ငလျှင်လှုပ်သည့်အလား လှုပ်ခါသွားသည်။ 


နံရံပေါ်တွင် ဧရာမအပေါက်ကြီးတစ်ခု ကျန်ခဲ့စည်။


အကျိုးအပဲ့များက ကောင်းကင်ပေါ်မှ ကျဆင်းနေဆဲဖြစ်သည်။


မဒမ်ကျင်းက နံရံပေါ်ရှိ ဧရာမအပေါက်ကြီးကို မြင်လိုက်သောအခါ အလွန်အမင်း ဒေါသူပုန်ထသွားရသည်။

"သောက်ကျိုးနည်း... ငါ့ကို အဲ့ဒီ့ပေါက်ကွဲစေတဲ့ အသားလုံးတွေဆီကနေ ကာကွယ်ပေးကြစမ်း... သူ့ကို နွေဦးလေပြည်စားသောက်ဆိုင်ကိုမဖျက်ဆီးစေနဲ့... ရှေးဟောင်းအစီအရင်နည်းလမ်းကို သုံးကြ..."


ဘုန်း


လက်တစ်ဖက် ပြတ်နေသော အံ့ဖွယ်အစောင့်တစ်ယောက်က အမူအယာမဲ့နေသော မျက်နှာဖြင့် ပြေးထွက်လာသည်။ အံ့ဖွယ်အစောင့်လေးယောက်လုံး ထူးဆန်းသည့် နည်းလမ်းဖြင့် ရွေ့လျားနေကြသည်။


အစောင့်လေးယောက်လုံး၏ ခွန်အားက မြင့်တက်လာသောကြောင့် သန်မာလှသည့် စွမ်းအင်လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာသည်။


ပုဖန်က ကြည့်ရုံသာ ကြည့်နေလိုက်သည်။


ခဏအကြာတွင်ကျန်ရှိသည့် အသားလုံးငါးလုံးကို ပစ်လွှတ်လိုက်သည်။


ရွှေရောင်အငွေ့များက ကောင်းကင်တွင် လွင့်ပျံလာပြီး အံ့ဖွယ်အစောင့်လေးယောက်ထံ ပြေးဝင်သွားသည်။


ဘုန်း


နားကန်းလုမတတ် ပေါက်ကွဲသံနှင့်အတူ မျက်စိကန်းလုမတ် လင်းထိန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။


နွေဦးလေပြည်စားသောက်ဆိုင်၏ နံရံများတွင် အက်ကြောင်းကြီးများစွာ ပျံ့ပွားလာသည်။ ကြည့်ရသည်မှာ ၎င်းက မည်သည့်အချိန်တွင်မဆို ပြိုကျတော့မည့်ဟန် ဖြစ်နေသည်။


အလင်းတန်းများ မှိန်ဖျော့သွားပြီး မီးခိုးငွေ့များ ပျောက်ကွယ်သွားသည်။


နေရာတစ်ခုလုံးက စိတ်သောကရောက်ဖွယ်ဖြစ်နေပြီး အံ့ဖွယ်အစောင့်များသည်လည်း သနားစဖွယ်ဖြစ်နေကြသည်။


သူတို့ တစ်ကိုယ်လုံး သွေးများဖြင့် လွှမ်းခြုံနေသည်။


အသားလုံးငါးခု၏ပေါက်ကွဲအားက အသားလုံးတစ်လုံးထဲ၏ပေါက်ကွဲအားထက် အကြိမ်ပေါင်းများစွာ ပြင်းထန်ပေသည်။


ထို့အပြင် အသားလုံးတစ်ခုချင်းဆီ၏ အင်အားက တစ်ခုပြီးတစ်ခု ပေါင်းစပ်၍ ထွက်ပေါ်လာသည်မဟုတ်ပေ။ ယင်းအစား ထပ်ဆင့် အဆပေါင်းများစွာ ပွားများလာခြင်းဖြစ်သည်။


အံ့ဖွယ်အစောင့်များ၏ ခန္ဓာကိုယ်များက ကျိုးပဲ့ကာသွေးများဖြင့် လွှမ်းနေသည်။ သူတို့ကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်များကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။


လူတိုင်းက ထိုကြောက်မက်ဖွယ်မြင်ကွင်းကို ကြည့်နေကြသည်။


လင်းတမိန် တောင့်ခဲသွားကာ ချီစစ်လည်း တောင့်ခဲသွားရသည်။


လူတိုင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြရသည်။


အသားလုံး လက်တစ်ဆုပ်လေးနဲ့ ဒီလူက လူတိုင်းမတွေးနိုင်တာမျိုးကို လုပ်ပြလိုက်တာပဲ....


ဝှီး


ခပ်ဖျော့ဖျော့ဖြင့်မတည်မငြိမ်ဖြစ်နေသော အစီအရင်က ပျောက်ကွယ်သွားတော့သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


အံ့ဖွယ်အစောင့်လေးယောက်က သာမန်မဟုတ်ကြပေ။ ထိုကဲ့သို့သော ပေါက်ကွဲမှုကြီးနှင့် အနီးစပ်ဆုံးတွင် ရှိနေသော်လည်း တစ်ယောက်မှ မသေခဲ့ကြချေ။


ပုဖန် သက်ပြင်းချလိုက်သည်။


ထို့နောက်


သံကြာပန်းအိုး တစ်ခုက သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။ တောက်ပသော အလင်းတစ်ခုက အိုး၏အောက်ခြေတွင် ထွက်ပေါ်လာပြီး အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး တိတ်တဆိတ်လောင်ကျွမ်းနေသည်။