အခန်း ၁၁၂၆
တစ်မြို့လုံးတိတ်ဆိတ်သွားခြင်း
ခပ်ဖျော့ဖျော့အနံ့က တစ်နေရာလုံးကို ပျံ့နှံ့သွားပြီး လူတိုင်း၏ နှာခေါင်းကို တိုက်ခိုက်လေတော့သည်။
ပုဖန်က အငွေ့တလူလူထွက်နေကာ ရနံ့သင်းလှသော ဟင်းပွဲတစ်ခုကို လက်ထဲတွင် ကိုင်ပြီး နွေဦးလေပြည်စားသောက်ဆိုင် အထက်တွင် ရပ်နေသည်။
ထိုဟင်းပွဲ၏ ရနံ့က အလန်ကောင်းမွန်လှသည်။ အကြည့်တစ်ချက်ဖြင့် ၎င်းက မှော်ပညာဖြင့် ပြုစားလိုက်သလို လူတိုင်း၏ အာရုံကို ရရှိသွားသည်။
ပုဖန်က လေးနက်ကာ အေးစက်နေသော မျက်နှာဖြင့် အိုးကိုကိုင်ထားသည်။ အိုးမှ ထုတ်လွှတ်နေသည့် စွမ်းအင်က အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး စွမ်းအင်အတက်အကျဖြစ်နေသည်မှာ လူတိုင်း၏ နှလုံးကို မတည်မငြိမ်ဖြစ်နေစေသည်။
ရနံ့က အလွန်အံ့ဖွယ်ကောင်းလှသော်လည်း လူများက ၎င်း၏ သေခြင်းအငွေ့အသက်များကို ခံစားမိနေသည်။ သာမန်လူတစ်ယောက်က ထိုအိုးနားသို့ သွားရဲမည် မဟုတ်ပေ။
ပုဖန်က သူ့လက်ထဲတွင် သံအိုးကိုကိုင်ထားပြီး သူ၏စိတ်ဝိဉာဉ်ပင်လယ်အတွင်းရှိ စိတ်စွမ်းအင်များ အဆက်မပြတ် လျော့ပါးနေသည်ကို ခံစားနေမိပြီး ထိုသံအိုးက အဆက်မပြတ် စုပ်ယူနေသည်ကိုလည်း ခံစားနေရသည်။
ဟင်းပွဲ၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန်နှင့် သံအိုး၏ စိတ်စွမ်းအားကိုထိန်းသိမ်းရန် သူထုတ်လွှတ်ထားသော စိတ်စွမ်းအင်များက အလွန်အမင်း များပြားလှသည်။
သူသာ ဟင်းပွဲကို အမှန်တကယ်ချက်ချင်ပါက သင့်တော်သည့် တန်ဖိုးကို ပေးရလိမ့်ပေမည်။
နွေဦးလေပြည်စားသောက်ဆိုင်ထဲရှိ လူတိုင်း ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးက သူတို့နယ်မြေတွင် တစ်ခါမှမဖြစ်ဖူးပေ။
အံ့ဖွယ်အစောင့်လေးယောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာ ရသွားစေရအောင် အဲ့လူက ဘယ်လောက်တောင် အင်အားကြီးနေတာလဲ...
စစ်သူကြီးလင်းတမိန် သို့မဟုတ် စစ်သူကြီးချီစစ်ပင် ဤကဲ့သို့ လုပ်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ မဒမ်ကျင်းက ထိုအံ့ဖွယ်အစောင့်လေးယောက်ကို ငွေအများအပြားအသုံးပြု၍ ကျင့်ကြံခြင်းနှင့် လေ့ကျင့်ခြင်းတို့တွင် အသုံးချခဲ့ရသည်။
အံ့ဖွယ်အစောင့်လေးယောက်၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်လည်း သက်သေပြထားပြီးဖြစ်သည်။ ဧကရီဘုရင်မကြီးပင် သူတို့သင်ကြားထားခဲ့သော ရှေးဟောင်းတိုက်ပွဲ နည်းပညာများကို အသိအမှတ်ပြုပေသည်။
သို့သော်လည်း ...
အံ့ဖွယ်အစောင့်လေးယောက်၏ လက်ရှိအခြေအနေကို ကြည့်ပြီး လူတိုင်းတံတွေးပင် မျိုချမိသည်။
တကယ် ကြောက်ဖို့ကောင်းတာပဲ...
လင်းတမိန် ထိတ်လန့်လွန်း၍ တုန်တုန်ယင်ယင် ဖြစ်နေသည်။
ချီစစ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသည်က သူမအတွက် ပုဖန်ကဲ့သို့သော လူမျိုးကို နဖူးတွေ့ဒူးတွေ့ကြုံရသည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ပုဖန်က အသားလုံးများကို အသုံးပြုပြီးသာ အံ့ဖွယ်အစောင့်များကို ရင်ဆိုင်ခဲ့သော်လည်း သူ၏သန်မာမှုက မထီမဲ့ပြင် ပြုနိုင်စရာမျိုး မဟုတ်ပေ။
အဲ့ဒီ့ ပေါက်ကွဲတဲ့ အသားလုံးတွေကို.. သူလုပ်ခဲ့တာလား....
ဤသည်က ချီစစ်တစ်ယောက် အစားအသောက်ကို လက်နက်အဖြစ် အသုံးပြု၍ရကြောင်း ကြုံဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
အဲ့ဒီ့ အသားလုံးတွေက စားလို့ကောင်းလောက်လား...
စားကောင်းလောက်မှာပါ... အနံ့က အရမ်းကောင်းလွန်းတယ်လေ...
ဒါပေမဲ့ အဲ့တာတွေက ဘယ်လိုပေါက်ကွဲကုန်တာလဲ...
တကယ်ထူးဆန်းတာပဲ..
ယခုတွင် ပုဖန်က ပိုမိုပြင်းထန်သည့် ရနံ့ကိုထုတ်လွှတ်နေသည့် သံအိုးတစ်ခုကိုကိုင်ထားပြီဖြစ်လေသည်။ ထို့ကြောင့် လူတိုင်းက ကြောက်ရွံ့နေကြလေပြီ။
လူတိုင်း သူ့လက်ထဲရှိ အိုးကိုကြည့်ပြီး သူတို့၏ သေမင်းကို မြင်နေရသလို တုန်ယင်နေကြသည်။
ကြောက်ဖို့ ကောင်းလိုက်တာ...
ဘုန်း
နွေဦးလေပြည်စားသောက်ဆိုင်၏ နံရံပြိုကျသွားပြီး အပျက်အဆီးများက နတ်ဘုရားမမြို့တော်၏ လမ်းမများအပေါ် ကျဆင်းသွားသည်။
လမ်းပေါ်ရှိ မိန်းမများစွာက အော်ဟစ်ကာ ထိတ်လန့်တကြား ထွက်ပြေးလိုက်ကြလေသည်။ နွေဦးလေပြည် စားသောက်ဆိုင်မှ နံရံပြိုကျသည်ဆိုသည်မှာ သူတို့ တစ်ခါမှ တွေးဖူးသည့် အရာမျိုး မဟုတ်ပေ။
သို့သော် နွေဦးလေပြည် စားသောက်ဆိုင်အပြင်ရှိ လူများကို အမှန်တကယ် ကြောက်လန့်စေသည့်အရာမှာ နွေဦးလေပြည် စားသောက်ဆိုင်ကိုယ်တိုင်ပင် ဖြစ်နေသည်။ အဆောက်အဦးတစ်ခုလုံးက အက်ကြောင်းများဖြင့် ပြည့်နေပြီး မည်သည့်အချိန်မဆို ပြိုကျနိုင်သလို ဖြစခနေသည်။
နွေဦးလေပြည် စားသောက်ဆိုင်မှာ ဘာတွေဖြစ်နေတာလဲ...
နွေဦးလေပြည် စားသောက်ဆိုင်က ဖျက်ဆီးခံလိုက်ရသလိုပဲနော်....
မဒမ်ကျင်းက ပုဖန် နွေဦးလေပြည်စားသောက်ဆိုင်အပေါ် လုပ်ထားသည်များကို ဒေါသထွက်နေဆဲဖြစ်သည်။ သူမ ရွှေရောင်ချိုင်းထောက်ကြီးကို ဆောင့်ချကာ အော်လိုက်သည်။
"သူ့ကို ငါ့အတွက် သတ်ပေးကြစမ်း... သူ့ရဲ့ ခြေလက်တွေအကုန်လုံး ချိုးချပစ်လိုက်..."
ခဏအကြာတွင် နွေဦးလေပြည်စားသောက်ဆိုင် အတွင်း၌ စွမ်းအင်လှိုင်းများ ထလာပြန်သည်။
စားသောက်ဆိုင်၏ အစောင့်များက ကောင်းကင်ပေါ် ပျံတက်သွားကြသည်။ သာမန်အစောင့်များ၏ ခွန်အားက အံ့ဖွယ်အစောင့်လေးယောက်နှင့် လားလားမျှမတူသော်လည်း သူတို့က ကြယ်သုံးပွင့် အစစ်အမှန် မသေမျိုးအဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ထိုအစောင့်များက မဒမ်ကျင်း တိတ်တိတ်ကလေး မွေးမြူထားသော အစောင့်များဖြစ်ကြသည်။
လွန်ခဲ့သည့် အချိန်တွေကတည်းက သူမကမထုတ်ပြရဲသော် အစောင့်များကို တိတ်တဆိတ် မြေတောင်မြှောက်ထားခဲ့သည်။ သို့သော် ယခုတွင်တော့ သူမတွင် ရွေးချယ်စရာမရှိတော့၍ ထုတ်ပြလိုက်ရပေသည်။
မဒမ်ကျင်းက သူမ၏ ရွှေရောင်ချိုင်းထောက်ကြီးကို ဝံ့ကာ အမိန့်ပေးလိုက်သည်။
"သူ့မှာ အဲ့ဒီ့ထူးဆန်းတဲ့ အသားလုံးတွေမရှိတော့ဘူး... သူပြန်မတိုက်နိုင်လောက်တော့ဘူး... သူ့ကို အမှောက်သိပ်လိုက်ကြစမ်း...."
"ဟုတ်ကဲ့...."
အစောင့်များက တညီတညာတည်း ပြန်ဖြေလာကြသည်။ ထို့နောက် ဓားဆွဲထုတ်သံများ ထွက်ပေါ်လာပြီး အသင့်ပြင်လိုက်ကြသည်။
အစောင့်အရေအတွက်မြောက်များစွာက ပုဖန်ထံပြေးဝင်သွားကြသည်။
ထိုအချိန်တွင် အံ့ဖွယ်အစောင့်လေးယောက်က ပုဖန်ကို ပြင်းထန်လှသည့် လူသတ်ချင်စိတ်ဖြင့် ကြည့်လာကြသည်။ သူတို့က အတော်လေး အဆင်ပြေနေပုံပေါက်ပြီး မကြာခင် လုံးဝပြန်ကောင်းခါနီးပြီ ဖြစ်သည်။
သူတို့လေးယောက်က အသားလုံးကို လက်နက်အဖြစ် အသုံးပြုသော ယောက်ျားတစ်ယောက်ထံမှ အသတ်ခံရမလို ဖြစ်ခဲ့သည်။
၎င်းက လုံးဝခွင့်မလွှတ်နိုင်စရာပင်။
မဒမ်ကျင်းက ဘာမှမပြောသော်လည်း သူတို့က ပုဖန်ကို လုံးဝခွင့်လွှတ်မည် မဟုတ်ပေ။
ဗြိ ...
လေဟာနယ်ထဲတွင် ဆုတ်ဖြဲရာ တစ်ကြိမ်ထွက်ပေါ်လာသည်။
အံ့ဖွယ်အစောင့်လေးယောက်က အစောင့်တစ်အုပ်တစ်မဖြင့် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။
ထိုကြီးမားလှသည့် အင်အားကြီးက အကြောက်တရားကို စိမ့်ဝင်သွားစေပြီး နတ်ဘုရားမမြို့တော်ထဲရှိ မည်သူ့ကို မဆို ကြောက်ရွံ့သွားစေမည် ဖြစ်သည်။
နွေဦးလေပြည် စားသောက်ဆိုင်ထဲရှိ လူများက သူတို့ခေါင်းပေါ်တွင် ဖြစ်ပျက်နေသော အံ့ချီးဖွယ်ရာ မြင်ကွင်းကို ကြည့်ရုံသာ ကြည့်နေနိုင်ကြသည်။
လင်းတမိန် ဘာပြောရမလဲပင် မသိတော့ချေ။
အသားလုံးတွေ မရှိဘဲနဲ့ ပုဖန်တိုက်ခိုက် နိုင်ပါဦးမလား....
မည်သို့ပင်ဆိုစေ သူ့လက်ထဲရှိ ဟင်းပွဲကလည်း အတော်လေး ထူးခြားပြောင်မြောက်နေသေးပေသည်။
လင်းတမိန် ခပ်တိုးတိုးရေရွတ်မိသည်။
"ငါတော့ ပုဖန် အဲ့ဒီ့မိန်းမအိုကြီးကို ငါ့အစား ရိုက်နှက်စေချင်တယ်... အဲ့ဒီ့မိန်းမအိုကြီးက ငါ့ကို အမြဲတမ်းစိတ်အနှောင့် အယှက်ပေးနေတာ..."
ချီစစ်၏ အနီရောင်ဝတ်စုံက လေနှင့်အတူ လွင့်မျောနေပြီး လေးနက်နေသော မျက်လုံးများဖြင့် အပေါ်ကို မော့ကြည့်နေသည်။ ဆိုးဝါးသည့် အရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူမ အာရုံရနေသည်။
ဘုန်း
ပုဖန် လုံးဝအဝိုင်းခံလိုက်ရလေပြီ။
ခေါင်းမိုးပေါ်တွင် မဒမ်ကျင်း၏ အစောင့်များဖြင့် ပြည့်သွားလေပြီ။
ထိုအချိန်တွင် နွေဦးလေပြည်စားသောက်ဆိုင် အပြင်တွင် လူအုပ်ကြီး ဖြစ်နေလေပြီ။ အဆုံးတွင် နတ်ဘုရားမမြို့တော်ရှိ အကြီးဆုံးစားသောက်ဆိုင် ဖြစ်သည့် နွေဦးလေပြည် စားသောက်ဆိုင်တွင် ဖြစ်ပျက်သမျှအရာတိုင်းက လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေသည်။
ပုဖန် အသက်ရှူထုတ်လိုက်ပြီး တစ်ပတ် လှည့်ကြည့်လိုက်သည်။
သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်များက အဆက်မပြတ်လျော့နည်းနေပြီး မကြာခင် ခြောက်သွေ့သွားတော့မည့်ပုံ ဖြစ်နေသည်။
သံအိုးကို အသုံးပြုခြင်းမှာ သူ့အတွက် အလွန်လေးလံလှသည့် တာဝန်တစ်ခုဖြစ်နေသည်။ ကြည့်ရသည်မှာ ယနေ့တွင် သူအထွတ်အထိပ်အခြေအနေ၌ ရှိမနေသည့် ပုံပင်။
သူ့ကို ဝန်းရံနေသော လူများနှင့် သရော်တော်တော်ကြည့်နေသော မိန်းမကြီးကို ကြည့်လိုက်ပြီး ပုဖန်၏ မျက်နှာ ပိုမိုအေးစက်လာသည်။
မိန်းမကြီးက သေခြင်းတရားကို တကယ်မကြောက်ပုံပင်။
အသားလုံးတွေက အဲ့ဒီ့မိန်းမကြီးကို မရပ်တန့်နိုင်ဘူး ဆိုမှတော့ အစားကြူးနျူကလီးယားဗုံးဆိုရင်ကော ဘယ်လိုလဲ... သူတို့ကို သံအိုးရဲ့ ပေါက်ကွဲစွမ်းအားကို မြည်းစမ်းခိုင်းလိုက်မယ်....
ပုဖန် ကိုယ်တိုင်လည်း သံအိုး၏ပေါက်ကွဲနိုင်စွမ်းက မည်မျှအင်အားကြီးကြောင်း မသိပေ။
သူသိသည်မှာ သူသံအိုးကို ငရဲ အကျဉ်းထောင်၏ ကြေးတံခါးကို ပစ်ခဲ့သောအခါက စိမ်းပြာရောင်လက်ဖဝါးကြီး ပေါက်ကွဲသွားပြီး အရိုးများသာ ကျန်ခဲ့သည်ကိုသာ ဖြစ်သည်။
လက်ဖဝါးကြီး၏ ပိုင်ရှင်က လုံးဝအားမနည်းပေ။ သံအိုး၏ ပေါက်ကွဲမှုက ထိုလူ၏ အရည်နှင့် အသားကိုပါ တစ်စစီဖြစ်သွားစေခဲ့၍ အသားလုံးများထက်ပိုမို အင်အားကြီးကြောင်း သိနိုင်ပေသည်။
သို့သော် ၎င်းက မည်မျှအားပြင်းကြောင်း တိတိကျကျမသိသေးပေ။
ပုဖန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ယှက်သန်းနေသည်။ ယခု သူ ဤမိန်းမကြီးကို သံအိုး ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကြုံတွေ့စေတော့မည်ဖြစ်သည်။
သူ ခပ်ပြုံးပြုံးလုပ်လိုက်ပြီး သူ့မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်သည်။
ထိုအချိန်တွင် ပုဖန်၏ စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် နဂါးတစ်ကောင် ဟိန်းသံ လွင့်ပျံလာသည်။
မဟူရာလိပ်နက် ဖီးနစ်ငှက် နှင့် ကျားဖြူတို့ အားလုံးက ကျယ်လောင်သော အသံများကို ထုတ်လွှင့်နေကြသည်။
သူတို့၏ တစ်ချိန်တည်းဟစ်ကြွေးနေမှုက ပုဖန်၏ စိတ်စွမ်းအင်ကို ခပ်မြန်မြန်မြင့်တက်စေသည်။
ထို့နောက် ပုဖန်က သူ၏လက်ဖဝါးဖြင့် ပေါက်ကွဲနိုင်သော သံအိုးကို တွန်းလိုက်သည်။ ထိုတွန်းချက်က ဗုံး၏ စနက်တံကို ဆွဲဖြုတ်လိုက်သည်နှင့် တူပေသည်။
ခဏအကြာတွင် ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျတို့ ထွက်ပေါ်လာသည်။
လူတိုင်း၏ နားထဲတွင် အော်ဟစ် ဟိန်းဟောက်သံတွင် ပဲ့တင်ထပ်လာသည်။
ပေါက်ကွဲနိုင်သော သံအိုးမှ အပြာရောင် အလင်းတန်း တောက်ပလာပြီး ၎င်းက ဖြေးဖြေးချင်းစီ စတင်လည်ပတ်လာတော့သည်။
ဟမ်..
ပုဖန် အံ့အားတကြီး အော်လိုက်သည်။
"ပုစွန် ပိစိ..."
ရွှေရောင် အလင်းတန်းတစ်ခုက ပုဖန်နောက်မှ လျှပ်ပြက်သလို ထွက်ပေါ်လာပြီး ကောင်းကင်ပေါ် ထိုးတက်သွားသည်။
လင်းတမိန်၏ မျက်နှာက ဇာတ်ဟန်ပါပါ ပြောင်းလဲသွားသည်။ ပုဖန် အိုးကို မြှောက်လိုက်ချိန်တွင် သူမ၏မျက်နှာက ကြောက်လွန်း၍ ဖြူဖျော့သွားခဲ့သည်။
သူမ ဆဲလိုက်မိသည်။
"ငလူး...."
ထို့နောက် နွေဦးလေပြည်စားသောက်ဆိုင်၏ ခုနစ်ထပ်မြောက်မှ ပျံသန်း၍ ထွက်ပြေးတော့သည်။
အခြားလူများက သူမလိုပင် တကွဲတပြားဆီ ထွက်ပြေးတော့သည်။
ချီစစ်သည်လည်း ဖြူဖျော့သွားရသည်။
ဒီ ခွန်အားက....
ချီစစ်တစ်ယောက် တုံ့ဆိုင်းခြင်းမရှိဘဲ မီးနီရောင် အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးတော့သည်။ ဟန်ယွဲ့ကို ခါးမှ ဆွဲကာ အနောက်သို့ ပြန်ကိုမကြည့်တော့ဘဲ နွေဦးလေပြည်စားသောက်ဆိုင်မှ ထွက်ပြေးလေသည်။
လူတိုင်း စစ်သူကြီး နှစ်ယောက်လုံးပင် ပျံသန်း၍ ထွက်ပြေးသွားရသည်ကို မြင်ပြီး မကောင်းသည့်တစ်ခုခု ဖြစ်တော့မည်ဟု သိလိုက်၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကြလေသည်။ ခဏအကြာတွင် နွေဦးလေပြည် စားသောက်ဆိုင်တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်သွားရသည်။
စားပွဲများနှင့် ထိုင်ခုံများ လဲကျသံ၊ ကြွေပန်းကန်များ ကြမ်းပြင်ပေါ် ကွဲကျသံတို့က စားသောက်ဆိုင်ထဲတွင် ပလုံစီအောင် ထွက်ပေါ်နေသည်။
မဒမ်ကျင်း နောက်တစ်ခေါက် ဒေါသထွက်လာတော့သည်။
"လူတိုင်း စိတ်အေးအေးထားကြပါ.... မစိုးရိမ်ကြပါနဲ့...အံ့ဖွယ်အစောင့်လေးယောက်နဲ့ နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ အစောင့်တွေ ဒါဇင်ပေါင်းများစွာ ရှိနေတာပဲ... ဘာမှ စိုးရိမ်စရာမလိုပါဘူး...."
ထို့နောက် ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်ကြီးက ငြိမ်ကျသွားသည်။ သို့သော် နွေဦးလေပြည်စားသောက်ဆိုင်ထဲမှ ထွက်ပြေးနေသောလူများ ရှိနေဆဲပင်ဖြစ်သည်။
တစ်ချိန်တည်းတွင် သံအိုးကလည်း ဆက်လည်နေပြီး အပြာရောင်အလင်းများကလည်း လျှပ်ပြက်သလို ထွက်ပေါ်နေသည်။
အံ့ဖွယ်အစောင့်လေးယောက်နှင့် ကျန်အစောင့်များအားလုံး၏ နှလုံးသားများက တုန်ယင်နေကြပြီ ဖြစ်သော်လည်း သူတို့၏ မျက်နှာများက တည်ငြိမ်နေကြဆဲဖြစ်သည်။ သူတို့တွေအားလုံးက ထိုပေါက်ကွဲတော့မည့် သံအိုးကို ပတ်ပတ်လည်ဝိုင်းနေကြခြင်းဖြစ်ပြီး ဆံပင်များလည်း ပျံဝဲနေကြကာ အချင်းချင်းအကြည့်ချင်း ဖလှယ်နေကြသည်။
ရုတ်တရက် သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် လက်ကမ်းလိုက်ကြသည်။
အစောင့်တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ စွမ်းအင်အကုန်လုံးကို အံ့ဖွယ်အစောင့်လေးယောက်ကို ပေးအပ်လိုပ်သည်။
၎င်းက ရှေးဟောင်းအစီအရင်ကို ပိုမိုကျစ်လျစ်စေသည်။
သူတို့က ထိုသံအိုး၏ပေါက်ကွဲမှုကို တားဆီးရန် ကြံရွယ်နေကြသည်။
မဒမ်ကျင်းက လှောင်ပြောင်လိုက်သည်။
"ကြည့်လေ... အံ့ဖွယ်အစောင့်လေးယောက်က အခုထိ ဒီမှာရှိနေသေးတယ်... အဲ့လူက သူတို့ကို နိုင်မှာမဟုတ်ဘူး...."
သူမ၏ စကားများက နွေဦးလေပြည် စားသောက်ဆိုင်ရှိ လူများစွာကို စိတ်ငြိမ်သွားစေပြီး စိတ်သက်သာရာရသွားစေသည်။
ဗိုလ်ချုပ်ကြီးနှစ်ယောက်၏ ထွက်ပြေးမှုက သူတို့ကို အဆုံးသတ်ပြီဟု ထင်သွားစေခဲ့ခြင်းဖြစ်သည်။
သို့သော်
လူတိုင်း၏ မျက်နှာတွင် စိတ်သက်သာရာ ရသွားပြီး မဒမ်ကျင်းစကားဆုံးပြီးသည်နှင့်...
ဘုန်း
နားကန်းလုမတတ်ပေါက်ကွဲသံက နတ်ဘုရားမမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
လေလှိုင်းလုံးများ ပေါက်ကွဲထွက်လာပြီး ဆူညံစွာ ထွက်ပေါ်လာသည်။ လေပြင်းများက ငြီးတွားကာ မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။
မဒမ်ကျင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပျံ့နှံ့သွားရပြီး သူမ၏ ချိုင်းထောက်ကြီးပင် မြေပြင်ပေါ် ကျသွားရသည်။ သူမ၏ တစ်ကိုယ်လုံး သွက်ချာပါဒလိုက်သလို တဆတ်ဆတ်တုန်ရီသွားလေသည်။
မြင့်မြတ်လှသော နွေဦးလေပြည်စားသောက်ဆိုင်က လုံးဝတိတ်ဆိတ်သွားသည်။
လူတိုင်း သူတို့ ဘာမှမကြားရတော့ဘဲ တိတ်ဆိတ်ပွင့်အာနေသော အဖြူရောင် ကြာပန်းကြီးကိုသာ မြင်နေရကြောင်း သိသွားကြသည်။
ကြာပန်းကြီးက စတင်၍ပွင့်အာလာပြီး ၎င်း၏ပွင့်ချပ်များက လည်ပတ်နေသည်။
ထိုအဖြူရောင်ကြာပန်းအောက်တွင်...
အံ့ဖွယ်အစောင့်လေးယောက်၏ ရှေးဟောင်းတိုက်ပွဲအစီအရင်က အလုပ်လုပ်တော့သည့်ပုံပင်။
အိုးပေါက်ကွဲသွားသည်နှင့် အံ့ဖွယ်အစောင့်လေးယောက်မှာ အော်ပင် မအော်နိုင်တော့ချေ။ ယင်းအစား သူတို့ကိုယ်သူတို့ အဖြူရောင်ကြာပန်းကြီး ဝါးမျိုသွားသည်ကိုသာ ကြည့်နေရသည်။
အစောင့်များကလည်း သွေးထွက်သံယိုဖြစ်နေကြသည်။ သူတို့ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။
ဤမြင်ကွင်းက
လူတိုင်း၏မျက်လုံးထဲတွင် ကမ္ဘာပျက်သည့်မြင်ကွင်းလို ဖြစ်နေသည်။
ထိုအချိန်တွင် စည်ကားလှသည့် နတ်ဘုရားမမြို့တော်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း နွေဦးလေပြည် စားသောက်ဆိုင်ကို ကြည့်လိုက်သောအခါ ခေါင်မိုး ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။ ထိုနေရာတွင် စွမ်းအင်များမှဖြစ်ပေါ်လာသည့် အဖြူရောင်ကြာပန်းကြီး ထွက်ပေါ်လာပြီး ပွင့်အာနေသည်နှင့်တူနေသည်။
ထိုကြာပန်းဖြူကြီးက ကောင်းကင်တစ်ခွင်ကို ဖုံးအုပ်တော့မည့်ဟန် ဖြစ်နေသည်။
၎င်းက နေမင်းကဲ့သို့ တောက်ပနေသည်။
လူတိုင်း တောင့်ခဲသွားကြကာ ရောက်သည့်နေရာတွင် သံမှိုဆွဲသလို ရပ်တန့်သွားကြသည်။
…
နတ်ဘုရားမမြို့တော် ဧကရီနန်းတော်
အပူလှိုင်းနှင့် အဖြူရောင်စွမ်းအင်များက အနောက်ဘက် ခန်းမတွင် ပြည့်နှက်နေသည်။
အနောက်ဘက်ခန်းမ၏ အလယ်တွင် တိုးလျှိုပေါက်ဖြစ်နေသည့် ရေကူးကန်တစ်ခုရှိနေပြီး စိမ်းပြာရောင်ရေပူများက အဆက်မပြတ်လှိုင်းထနေသည်။ ၎င်း၏ပတ်ပတ်လည်တွင် နဂါးပုံသဏ္ဍာန်ရုပ်ထု များ ရှိနေပြီး ၎င်းတို့၏ပါးစပ်ထဲမှ ရေကူးကန်ထဲသို့ ရေများကျဆင်းနေကြသည်။
ပန်းရောင်ပွင့်ချပ်လေးများက ရေကူးကန်ထဲ ကျဆင်းနေပြီး လှိုင်းဂယက်လေးများ ထနေစေသည်။
ရေခိုးရေငွေ့တို့ ဝန်းရံနေသော ရေကူးကန်ထဲတွင် လှပသည့် ပုံရိပ်လေးနှစ်ခု ဆော့ကစားနေသည်ကို မြင်နိုင်ပေသည်။
ထို ပုံရိပ်နှစ်ခုတွင် နူးညံ့သွယ်လျသော လက်လေးများ ရှိကြသည်။ ၎င်းတို့၏ လက်ကလေးများကို ရေထဲနှစ်ကာ ရေကိုခပ်ယူ၍ လည်ပင်းများကို ပွတ်တိုက်ဆေးကြောနေကြသည်။ ရေပူလေးများက သူတို့၏ နူးညံ့ပျော့ပြောင်းသော အသားအရေပေါ် တလိမ့်လိမ့် ကျဆင်းသွားသည်။
နယ်သာရီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရေထဲသို့ ခေါင်းတစ်ဝက်နှိမ့်ကာ ဧကရီဘုရင်မကြီး သူမကိုယ်သူမ ရေချိုးသန့်စင်နေသည်ကို ခပ်လှမ်းလှမ်းက ကြည့်နေသည်။
ဤကဲ့သို့သော လှုပ်ရှားမှုများက သူမကို အလွန်အမင်း ရှက်ရွံ့သွားစေသည်။
ရုတ်တရက်
ရေကူးကန် တစ်ခုလုံး ယိမ်းထိုးသွားသည်။
ရေများက ရေဝဲတစ်ခုအဖြစ်လည်ထွက်သွားသည်။
ဧကရီဘုရင်မကြီး၏ လှုပ်ရှားမှုများ တောင့်ခဲသွားကာ သူမမျက်နှာ ပြောင်းသွားသည်။
"ဂါး... ဒီအင်အား.... တစ်ယောက်ယောက် နတ်ဘုရားမမြို့တော်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား...."
ဘုန်း
လျှပ်တစ်ပြက်အတွင်း ဧကရီဘုရင်မကြီးက ရေကူးကန်ထဲမှ ပြေးထွက်သွားပြီး သူမ၏ မက်မောစရာ ခန္ဓာကိုယ်ကို အနီရောင် ဝတ်ရုံဖြင့် လွှမ်းခြုံလိုက်သည်။ သူမ နန်းတော်အပြင်သို့ ခြေဗလာဖြင့်ပြေးထွက်သွားသည်။
ပွင့်အာနေသည့် အဖြူရောင်ကြာပန်းက သူမ၏မြင်ကွင်းထဲ ဝင်လာပြီး တဖြေးဖြေးချင်း လျော့ပါးသွားကာ မှိုပုံသဏ္ဍာန် တိမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းတွင် နတ်ဘုရားမမြို့တော်၏ မြို့စွန်တွင်
ငရဲဘုရင်အာဟက ပေါက်ကွဲမှု၏ အရင်းအမြစ်ဖြစ်သော နွေဦးလေပြည်စားသောက်ဆိုင်ကို ကြည့်လိုက်သည်။
"ဘယ်လိုတွေတောင်လား... သူတို့ တစ်မြို့လုံးကို ဖျက်ဆီးဖို့များကြံရွယ်နေတာလားပဲ...."
ရုတ်တရက် သူ အတွေးနက်သွားသည်။ ရင်းနှီးနေသည့် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားသည်ကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"သောက်ကျိုးနည်း.... ဒီကိစ္စနောက်ကွယ်မှာ ကောင်လေးပုဖန်တော့ ရှိမနေလောက်ဘူးမလား...."