အပိုင်း ၁၁၂၇
Viewers 53k

အခန်း ၁၁၂၇

ရူးနေတဲ့ယောက်ျား


နတ်ဘုရားမမြို့တော် တစ်ခုလုံး ငြိမ်ကျသွားသည်။


မျက်စိကျိန်းစေသည့် အဖြူရောင်အလင်းတန်းကြီးက နတ်ဘုရားမမြို့တော်တွင် အမြင့်ဆုံးနှင့် အဆင့်မြင့်ဆုံးစားသောက်ဆိုင်ဖြစ်သော နွေဦးလေပြည်စားသောက်ဆိုင်၏ အပေါ်တွင် တောက်ပနေသည်။


လူတိုင်း ခေါင်မိုးမှနေ၍ ဖြာထွက်လာသော အဖြူရောင်ကြာပန်းကြီးက နေရာတိုင်းကို ပျံ့နှံ့သွားသည်ကိုသာ ကြည့်နေကြသည်။


လင်းတမိန်နှင့် သူမ၏ လက်အောက်ငယ်သားများက ထိုကြောက်မက်ဖွယ်မြင်ကွင်းကိုကြည့်ရင်း နွေဦးလေပြည် စားသောက်ဆိုင်မှ ဆုတ်ခွာနေကြသည်။


သူမ၏ လက်အောက်ငယ်သားများကလည်း ကြောက်လွန်း၍ တုန်ရီနေကြလေပြီ။


မြို့ထဲရှိလူတိုင်းကို အကြောက်တရားက လွှမ်းခြုံသွားသည်။ 


ယခုဖြစ်ပျက်နေသော မြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းနေပေသည်။


အဲ့ယောက်ျားဆီမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအင်ရှိတယ်လား...


ချီစစ်သက်ပြင်းရှိုက်မိသွားသည်။ ခဏအကြာတွင် အနီရောင်နဂါးကြီးက ၎င်း၏အတောင်ပံကို တဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ပေါ် ပျံသန်းသွားသည်။


စားဖိုးမှူးကျင်းယွမ်က ချီစစ်နောက်မှနေ၍ အနီရောင်နဂါးပေါ်တွင်ရပ်နေသည်။ သူမ၏ စိတ်က ယခုအထိ မယုံကြည်နိုင်ဖြစ်နေသေးသည်။


"ငါ... ငါအဲ့လူက ဒီလောက်အထိ အင်အားကြီးလိမ့်မယ်လို့ မထင်မိခဲ့ဘူး...."

ချီစစ် သက်ပြင်းချလိုက်သည်။ သူမ ထိုမြင်ကွင်းကို မသိမသာရှောင်ဖယ်နေမိသည်ကို သတိမထားမိသေးပေ။ ပုဖန်၏ကျင့်ကြံခြင်း အဆင့်က သိပ်မမြင့်သော်လည်း သူပိုင်ဆိုင်သည့် စွမ်းအင်က အစစ်အမှန်မသေမျိုးအဆင့်ကျင့်ကြံသူများကို ကြောက်ရွံ့စေသည်အထိ ပြင်းထန်ပေသည်။


ပထမက ထိုပေါက်ကွဲနိုင်သည့် အသားလုံးများဖြစ်သည်။ ထို့နောက် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကို ဖြစ်စေသည့် သံအိုးဖြစ်သည်။


"နွေဦးလေပြည် စားသောက်ဆိုင်က ဒီအတိုင်းတကယ်ဖျက်ဆီး ခံလိုက်ရတာလား...."

ကျင်းယွမ်၏ မျက်လုံးများက ယခုထိတိုင်ပေါက်ကွဲမှုကြောင့် လင်းထိန်နေသေးသော နွေဦးလေပြည်စားသောက်ဆိုင်ကိုကြည့်ပြီး တစ်ကိုယ်လုံး တုန်ယင်နေမိသည်။


ချီစစ် သက်ပြင်းချလိုက်ကာ အနီရောင်နဂါးကြီးက ခပ်ဝေးဝေးသို့ ပျံသန်းထွက်ခွာသွားသည်။ စွမ်းအင် အတက်အကျမှနေ၍ နွေဦးလေပြည်စားသောက်ဆိုင်၏ပျက်ဆီးမှုက အစပြုခြင်းသာဖြစ်ကြောင်း သိပေသည်။ 


သူ ထိုစွမ်းအင်လှိုင်းများကို ကြောက်ရွံ့မိပြီး ၎င်းကို မျက်နှာချင်းဆိုင်ရန် သတ္တိမရှိပေ။


"မဟုတ်ဘူး... နတ်ဘုရားမမြို့တော် တစ်ခုလုံးပါ ဖျက်ဆီးခံရတော့မှာလား..."

ချီစစ် ပြောလိုက်ရင်း သူမ၏ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာသလို ခံစားလိုက်ရသည်။


ဘုန်း


တိတ်ဆိတ်ပြီးနောက်တွင် ကြီးမားသည့်ပေါက်ကွဲမှုကြီးက နောက်ဆုံးမှ ပေါ်ထွက်လာသည်။


မီးတောက်ကြီးများက ကောင်းကင်တစ်ခွင်ပျံသန်းနေပြီး နေရာတိုင်းမှ ပေါက်ကွဲသံများကြားနေရကာ လူတိုင်း၏ နားကို တုန်ခါနေစေသည်။


လူတိုင်း တောင့်တင်းသွားကြသည်။


နွေဦးလေပြည် စားသောက်ဆိုင်အတွင်းနှင့် အနီးဆုံးနေရာတွင်ရှိသော လူများက အရင်ဆုံးအသိပြန်ဝင်လာသည်။ ခဏအကြာတွင် တစ်ယောက်ပြီးတစ်ယောက် နေရာအနှံ့သို့ ပျံပြေးသွားကြသည်။


သူတို့သာ ထွက်မပြေးလျှင် သေခြင်းတရားနှင့် အဆုံးသတ်ရတော့မည် ဖြစ်ကြောင်း သိနေကြပေသည်။


အသက်ရှင်ကျန်နိုင်ရန်အတွက် လူတိုင်း စတင်၍ ထွက်ပြေးတော့သည်။


ဧရာမကြာပန်းကြီးက တဖြေးဖြေးပြန့်ကား လာသည်နှင့်အမျှ စွမ်းအင်ကြီးမားလာပြီး နွေဦးလေပြည်စားသောက်ဆိုင်လည်း တစ်လက်မပြီး တစ်လက်မ အက်ကွဲလာသည်။


မဒမ်ကျင်းက မယုံကြည်နိုင်ဖြစ်နေရသည်။ သူမ၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး မျက်နှာပေါ်တွင် ထိတ်လန့်လွန်း၍ ကြက်သေသေနေသည့် အမူအယာက ရှိနေသည်။


သို့သော် သူမကို ပိုမို နာကျင်စေသည်က ထိုအင်အားကြီးမားလှသည့် ကြာပန်းကြီး၏အောက်တွင် နွေဦးလေပြည် စားသောက်ဆိုင်တစ်ခုလုံးက အဆက်မပြတ် အက်ကွဲနေ၍ဖြစ်သည်။


နွေဦးလေပြည် စားသောက်ဆိုင်က သူမတစ်ဘဝလုံး အလုပ်လုပ်ခဲ့သည့်နေရာ ဖြစ်သည်။ ၎င်းက သူမနှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားရသည့် အရာလည်း ဖြစ်နေသေးပေသည်။


၎င်း ဒီအတိုင်းဖျက်ဆီးခံရမည်ကို သူမ မည်သို့ ကြည့်နေနိုင်မည်နည်း။


"အား.... ဒီမိန်းမအိုကြီးက နင့်ကို သတ်ပစ်မယ်...."

မဒမ်ကျင်း သူ၏ရွှေရောင်ချိုင်းထောက်ကြီးကို ဝှေ့ယမ်းကာ ကြာပန်းကြီးကို လက်ညှိုးထိုးလိုက်သည်။


ကြာပန်းကြီးက မြင်လိုက်သည်နှင့် လူတိုင်းကို ကြောက်ရွံ့ပြီး ထွက်ပြေးသွားစေနိုင်သော်လည်း မဒမ်ကျင်းက ၎င်းထံတည့်တည့်ကို ဦးတည်၍ပြေးနေလေသည်။


ခဏအကြာတွင် 


သူမ၏ ရွှေရောင်ချိုင်းထောက်ကြီးကို ဝေ့ရမ်းကာ အော်ဟစ်နေသော မဒမ်ကျင်းကို စွမ်းအင်များက လုံးလုံးလျားလျားစုပ်ယူလိုက်သည်။


အောက်ဘက်ရှိ မြေပြင်ပင် စတင်၍ အက်ကွဲလာသည်။


ဝှစ်


အနီရောင်ဝတ်ရုံတစ်ထည်က လေထဲတွင် ပျံ့လွင့်သွားသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းတွင် ထိုအနီရောင်ဝတ်ရုံရှိရာနေရာမှ သန်မာလှသည့် စွမ်းအင်လှိုင်းများကို ခံစားနေရသည်။


၎င်းက ကောင်းကင်ဘုံမှ ကျဆင်းလာသည့် အလင်းတန်းတစ်ခုနှယ် အပျက်အဆီးများကြားထဲမှ မျှော်လင့်ချက် မီးတောက်လေး ပြန်လည်ကျွမ်းလောင်လာသည်။


ပြေးလွှားနေသည့် လူများက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး တစ်ညီတစ်ညွတ်တည်း ကောင်းကင်ကို မော့ကြည့်လာကြသည်။


ထိုနေရာတွင် သူတို့ မြင်ရသည်မှာ...


အနီရောင်ဝတ်ရုံကို ပတ်ထားသည့် ခြေဗလာဖြစ်နေသော လှပလွန်းသည့် ပုံရိပ်လေးတစ်ခုဖြစ်ပြီး သူမ၏ခြေတံရှည်ရှည်များကလည်း ဝတ်ရုံအောက်မှ လှစ်ကနဲလှစ်ကနဲ ထွက်ပေါ်နေသည်။


ရှည်လျားနက်မှောင်သည့် ဆံနွယ်နက်နက်ကလေးများက လေနှင့်အတူမျောလွင့်နေကာ ဧကရီဘုရင်မကြီးက လေထဲတွင် နင်းလျှောက်ရင်း အပြေးလာနေသည်။


ပွင့်အာလာသည့် ကြာပန်းကြီးကိုကြည့်နေရင်း သူမမျက်နှာလေးမှာ အလွန်ကျက်သရေရှိနေသည်။


ထို့နောက်


လက်တစ်ဖက်မြှောက်လိုက်သည်။


ထို့နောက် အခြားသော ပုံရိပ်များ စတင်ဖြစ်တည်လာသည်။


သူမခေါင်းပေါ်တွင် ငရဲစွမ်းအင်များ စုဝေးလာပြီး ဧရာမလက်ကြီးတစ်ချောင်း ဖြစ်တည်လာသည်။ ထိုဧရာမလက်ကြီးက ကြာပန်းရှိတာတည့်တည့်ကို လွှဲခါလိုက်သည်။


ထွက်ပြေးနေသည့် လူများက ရပ်တန့်သွားကာ ကောင်းကင်ယံကို ကြည့်လိုက်ကြသည်။


အနီရောင်နဂါးကြီးပေါ်တွင် ရှိနေသော ချီစစ်သည်လည်း အလွန်လှပပြီး ခြေဗလာဖြစ်နေသော ဧကရီဘုရင်မကြီးကို တလေးတစား ကြည့်လိုက်သည်။


"ဧကရီဘုရင်မကြီးကြွချီလာပြီ..."


"ဘု... ဘုရင်မကြီးကြွချီလာပြီ..."

စားဖိုမှူးကျင်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


လင်းတမိန်က သူမ၏ လက်အောက်ငယ်သားများဖြင့် အတော်ဝေးဝေးကို ရောက်နေပြီဖြစ်သော်လည်း ဧကရီဘုရင်မကြီးကို မြင်သည်နှင့် ရပ်တန့်လိုက်သည်။


"အားလုံးပဲ ရပ်လိုက်ကြတော့... အဆင်ပြေသွားပြီ... ဧကရီဘုရင်မကြီး ကြွချီလာပြီလေ..."


ထို့နောက် လင်းတမိန်က တဖြေးဖြေးပျံ့ကျဲလာသည့် ကြာပန်းကြီးကိုကြည့်လိုက်ကာ ကြောက်ရွံ့နေဆဲဖြစ်သည်။


အဲ့လူ ပုဖန်ကတော့... တကယ့်ကို ကြီးလွန်းတဲ့ ပြဿနာရှာလိုက်ပြီပဲ...


ကောင်းကင်ပေါ်တွင် လှုပ်ရှားမှုတစ်ခုကို မြင်နိုင်သည်။


ပုစွန်ပိစိက အရှိန်မြှင့်ကာ ရှေ့ဆက်သွားနေသော်လည်း မကြာခင် အတင်းအကြပ် ရပ်တန့်ခံလိုက်ရသည်။


သို့သော် ၎င်းက လုံလောက်ပေသည်။ ပုဖန်က အောက်ဘက်ရှိ တဖြေးဖြေးပွင့်အာလာသော ကြာပန်းကိုကြည့်၍ ဂုဏ်ယူနေသော အမူအယာကို ပြသနေသည်။


ထို့နောက် မောပန်းနွမ်းနယ်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။


၎င်းက သူ၏စိတ်ဝိဉာဉ်ပင်လယ်အတွင်းရှိ စိတ်စွမ်းအင်များ ကုန်ဆုံးခြင်းကြောင့်ဖြစ်သည်။ သံအိုးကို အသက်သွင်းရန် သူ၏စိတ်ဝိဉာဉ်ပင်လယ်တစ်ခုလုံး ခမ်းခြောက်လုမတတ် ဖြစ်သွားရသည်။


ရုတ်တရက် ပုဖန် တောင့်တင်းသွားသည်။


သူ ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုကို ကြည့်လိုက်သည်။

 

ထိုနေရာတွင် အနီရောင်ဝတ်ရုံဝတ်ထားပြီး အသက်ရှူမှားအောင် လှသော ဘုရင်မကြီးရှိနေသည်။ သူမ၏ နီရဲဖူးစိုနေသော နှုတ်ခမ်း နှစ်လွှာက ပုရိသတိုင်းကို ဆွဲဆောင်နိုင်ပေသည်။


ဧရာမလက်ဖဝါးကြီးက တောက်ပနေသည့် ကြာပန်းကြီးကို ရိုက်ချလိုက်သည်နှင့် အနက်ရောင်စွမ်းအင်များက ချက်ချင်း ပြန့်ကျဲသွားကာ အဖြူရောင်ကြာပန်းကို အနက်ရောင်အဖြစ် ဖုံးအုပ်သွားသည်။


ဝှစ်


အနက်ရောင်စွမ်းအင်များက ပုံသဏ္ဍာန်ဖွဲ့တည်လာကာ ဧရာမကြာပန်းဖြူကြီး ထပ်မံကြီးထွားလာသည်ကို ရပ်တန့်လိုက်ပြီး အခြားသော အပျက်အဆီးများကို ရပ်တန့်လိုက်သည်။


အနက်ရောင်ကြာပန်းကြီးပွင့်လာကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်ကို မြင်သည်နှင့် လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


ဧကရီဘုရင်မကြီးလည်း သက်ပြင်းချလိုက်သည်။

"ငါအချိန်မီရောက်လာတာ ကံကောင်းလို့... ငါ့ကို ရေလေးအေးအေးဆေးဆေးချိုးခွင့် မပြုကြဘူးလား..."


ထို့နောက် ကြာပန်း တဖြေးဖြေးချင်း ပျက်ဆီးသွားသည်ကို ကြည့်ငုံ့ကြည့်လိုက်သည်။


ဧရာမကြာပန်းကြီးနှင့် တစ်ဝက်မျှသာကျန်တော့သော နွေဦးလေပြည် စားသောက်ဆိုင်ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။


"အာ... နွေဦးလေပြည် စားသောက်ဆိုင်လား...."


ဧကရီဘုရင်မကြီး တောင့်ခဲသွားသည်။ ထို့နောက် အရာအားလုံးကို နားလည်သွားဟန် ခပ်ဖွဖွပြုံးလိုက်သည်။ 


"ဒါတွေအားလုံး နွေဦးလေပြည် စားသောက်ဆိုင်ကြောင့် ဖြစ်သွားတယ်ထင်ပါရဲ့... ပုဖန်က တော်ဝင်စားတော်ပွဲအတွက် အရည်အချင်းရှိကြောင်း သက်သေပြရင်း ဒီလို ပြဿနာတွေ ဖြစ်သွားစေပုံပဲ..."


ဘုရင်မကြီးကခေါင်းခါရင်း ရယ်မောလိုက်သည်။ ထို့နောက် လက်မြှောက်ကာ ရမ်းခါလိုက်ရင်း ကြာပန်းကို ဖျက်ဆီးလိုက်သည်။


ဘုန်း


ကျယ်လောင်သော အသံနှင့်အတူ နွေဦးလေပြည် စားသောက်ဆိုင်ကာ ပြင်းပြင်းထန်ထန် တုန်ခါလာကာ အကျိုးအပဲ့ အပျက်အစည်းများ လိမ့်ကျလာသည်။


အနက်ရောင်ကြာပန်းကြီးကိုလည်း ဘုရင်မက မြှောက်လိုက်သည်။


ဘုရင်မကြီးက လေထဲတွင် ပျံဝဲနေပြီး တောင်တစ်လုံးအရွယ်ရှိ အနက်ရောင်ကြာပန်းကြီးကိုကိုင်ကာ ခပ်လှမ်းလှမ်းကို သွားလိုက်သည်။


ထို့နောက် သူမ နတ်ဘုရားမမြို့တော်မှ ထွက်သွားခဲ့သည်။


ချီစစ်က အနီရောင်နဂါးကြီးကို စီးကာ နောက်မှ လိုက်သွားခဲ့သည်။ ခဏအကြာတွင် ဘုရင်မကြီးက နတ်ဘုရားမမြို့တော် အပြင်ဘက်ရှိ တောအုပ်တွင် ရပ်လိုက်ကြောင်း တွေ့လိုက်ရသည်။


ဘုရင်မကြီးက အသက်ပြင်းပြင်းရှူကာ ဧရာမကြာပန်းကြီးကို လွှင့်ပစ်လိုက်သည်။ ၎င်းက သစ်တောထဲရှိ လူသူမရှိသည့် နေရာကို ကျဆင်းသွားခဲ့သည်။


ဧကရီဘုရင်မ ပိလော့က လက်ခုပ်တီးကာ အသက်ရှုသွင်းလိုက်သည်။ထို့နောက်သူမ၏ လှပလှသော ပုံရိပ်လေးက ဗလာဖြစ်နေသော ကောင်းကင်တွင် ပျံဝဲကာ ခပ်တိုးတိုးရေရွတ်နေသည်။

"အဲ့ဒီ့ကြာပန်းမှာ မဟာနိယာမလမ်းကြောင်းတွေ ပါဝင်တာပဲ... အရမ်းကြီးမားတဲ့ စွမ်းအားတွေရှိတာ အံဩစရာတောင်မရှိတော့ပါဘူး... သူက တကယ့်ကို ရူးနေတဲ့လူပဲ.. ကံကောင်းစွာနဲ့ ဒီဘုရင်မမှာ သူ့ရဲ့ အရှုပ်တွေကို ရှင်းပေးနိုင်တဲ့ အစွမ်းရှိနေတာ...."


ချီစစ် ပြေးထွက်လာသည်။ အနီရောင်နဂါးကြီးပေါ်တွင် ရပ်နေပြီး ဧကရီပိလော့ကို အရိုအသေပေးလိုက်သည်။


စားဖိုမှူး ကျင်းယွမ်ကလည်း ထပ်တူထပ်မျှအရိုအသေပေးလိုက်သည်။


ဧကရီပိလော့က အထွန့်တက်သည်။

"ထပါ ထပါ ချီစစ်လေးရယ်... မင်းဒီမှာရှိနေတယ်ဆိုမှတော့ အဲ့ဒီ့ရူးနေတဲ့လူကို ဘာကြောင့် သွားစစ်ဆေးမကြည့်ရမှာလဲ ဟုတ်တယ်မလား... အကယ်၍ အဲ့တာသာ တကယ်ပေါက်ကွဲသွားရင် နတ်ဘုရားမမြို့တော်တစ်ဝက်က တစ်စစီဖြစ်သွားမှာမှန်း မင်းသိတယ်မလား..."


ချီစစ် ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားသည်။ ပုဖန်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်နိုင်စွမ်းရှိနေမည်ဟု သူမ မထင်မိခဲ့ပေ။


ရုတ်တရက်


ဘုန်း


ကမ္ဘာလောကတစ်ခုလုံး တုန်လှုပ်သွားပုံပေါ်နေသည်။


ချီစစ်ရှိရာကို လေပြင်းတို့ ဖြတ်တိုက်လာပြီး ခပ်လှမ်းလှမ်းကို ကြည့်လိုက်သည်။


ပေါက်ကွဲမှုနှင့် လေပြင်းများက ဧကရီဘုရင်မကြီး ကြာပန်းကို လွှင့်ပစ်လိုက်သည့် နေရာမှ လာပုံပင်။


ဧရာမမှိုပွင့်ပုံ တိမ်တိုက်ကြီးက ကောင်းကင်ပေါ် မြင့်တက်သွားပြီး မြေပြင်ပေါ် ပြန်ပြတ်ကျလာသည်။ ၎င်းက ကောင်းကင်နှင့် မြေပြင်ပါ ပြိုကျပျက်ဆီးသွားသည်နှင့် တူနေတော့သည်။


ဧကရီဘုရင်မကြီးက ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"မြင်လား.... ငါအချိန်မှီရောက်လာပြီး လွှင့်ပစ်မိခဲ့လို့ပေါ့... မဟုတ်ရင် ဒီပေါက်ကွဲမှုကနေ ဘယ်သူတွေ အခံစားရဆုံး ဖြစ်မယ်ထင်လဲ..."


ချီစစ် တံတွေးမျိုချလိုက်သည်။

"ကျွန်မ... ကျွန်မ..."


"ထားလိုက်ပါတော့... အခု မြို့တော်ကို ပြန်သွားကြတောပေါ့... စွမ်းအင်လှိုင်းတွေက အခုထိ မပျောက်ကွယ်သေးဘူး... နောက်ရက်တွေထဲမှာ ငါတို့ ကြာပန်းကကျန်တဲ့ စွမ်းအင်တွေကို ရှင်းလင်းပစ်ရမယ်... မဟုတ်ရင် မဟာနိယာမလမ်းကြောင်းရဲ့ ဆန္ဒဆီက တိုက်ခိုက်ခံရတာက သေနိုင်တယ်..."

ဘုရင်မက ပြောလိုက်ပြီး နတ်ဘုရားမမြို့တော်သို့ ပြန်သွားလိုက်သည်။


ပျံသန်းနေသည့် လမ်းတစ်ဝက်တွင် ဘုရင်မကြီးက ကောင်းကင်ရှိ ရွှေရောင်ပုံရိပ်ကို ကြည့်လိုက်သည်။ သူမ၏နီထွေးထွေးနှုတ်ခမ်းတို့က ကွေးညွတ်သွားပြီး တောက်ပနေသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်သည်။


ချီစစ်နှင့် ဧကရီဘုရင်မက လူတိုင်း ကြောင်အနေဆဲဖြစ်သော နတ်ဘုရားမမြို့တော်ကို ပြန်လာခဲ့ကြသည်။ 


ကံကောင်းစွာဖြင့် အစောင့်များထွက်ပေါ်လာပြီး ဝရုန်းသုန်းကားအခြေအနေကို ထိန်းသိမ်းလိုက်သည်။


ဧကရီဘုရင်မကြီးက နွေဦးလေပြည် စားသောက်ဆိုင်ရှိရာဆီ ပျံသန်းလာလိုက်သည်။ တစ်ဝက်မျှပျက်ဆီးသွားပြီဖြစ်သော စားသောက်ဆိုင်ကို ကြည့်ပြီး ပြောစရာစကားပင် ပျောက်ရှကာ သနားဟန် ကြည့်လိုက်မိသည်။


"ပြောစမ်း.... ဘာဖြစ်သွားခဲ့တာလဲ..."

ဘုရင်မကြီးက ထိုင်ခုံပေါ် ခြေချိတ်ထိုင်၍ မေးလိုက်သည်။


ချီစစ်က ဘာကိုမှ မကွယ်ဝှက်ရဲပဲ အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်သည်။


ဘုရင်မကြီးက သူမ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"မဒမ်ကျင်းက နောက်ဆုံးတော့ ပြဿနာရှာလိုက်တယ်ပေါ့လေ... ဒီဘုရင်မက သူကြိုက်ရာလုပ်ပါစေဆိုပြီး လွှတ်ထားပေးတော့ အတော်လေး ထောင်လွှားလာခဲ့တာပဲ.... ဒီတော့ သူက ကိုယ်ပိုင်စစ်တပ်တောင် ထောင်ထားပြီး အံ့ဖွယ်အစောင့်လေးယောက်ကို ဒီလောက် အဆင့်မြင့်အောင် ပျိုးထောင်ပေးခဲ့တယ်လား..."


ချီစီ ဘာမှမပြောရဲတော့ပေ။


"ထားလိုက်ပါတော့လေ... အနည်းဆုံးတော့ ဒီယောက်ျားက ငါ့ကို သူမကိုထိန်းသိမ်းဖို့အခွင့်အရေး ပေးလိုက်တာပါပဲလေ... ချီစီ နွေဦးလေပြည် စားသောက်ဆိုင်ကို သိမ်းလိုက်ဖို့ တစ်ယောက်ယောက်က်ို ပြောလိုက်စမ်းပါ။ ဒီနေ့ကစပြီး နွေဦးလေပြည် စားသောက်ဆိုင်က ... ဒီဧကရီပိုင်ဆိုင်သွားပြီ...."


"အာ..."

ဘုရင်မက ထိုကဲ့သို့ ဆုံးဖြတ်ချက်ကြီးကို ချလိုက်၍ ချီစစ်အံ့ဩသွားခဲ့သည်။

"ဒါက... တိုက်ခိုက်ခံရလို့ ထိခိုက်သွားတဲ့လူဆီက အကျိုးအမြတ်ယူတာ မဟုတ်ဘူးလား..."


"မင်းဘာတွေ ကြောက်နေတာလဲ... မဒမ်ကျင်းက သူလုပ်တဲ့ လုပ်ရပ်ကြောင့် အသတ်ခံလိုက်ရတာလေ... အခု နွေဦးလေပြည် စားသောက်ဆိုင်မှာ ပိုင်ရှင် မရှိတော့ဘူး... ဒီဘုရင်မကလွဲလို့ ဒီနွေဦးလေပြည် စားသောက်ဆိုင်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း ပြည့်မီတဲ့လူ ရှိပါဦးမလား...."


ရုတ်တရက် ချီစစ်တိတ်ဆိတ်သွားခဲ့သည်။ ဧကရီဘုရင်မကြီးကို ကြည့်ပြီး နွေဦးလေပြည် စာသောက်ဆိုင်ကို သိမ်းယူရန်မှာ ချက်ချင်းလက်ငင်းထွက်ပေါ်လာသည့် အကြံမဟုတ်ကြောင်း ရိပ်မိသွားသည်။


စားဖိုမှူး ကျင်းယွမ်ကို နောက်တွင် ထားခဲ့ပြီး သူမ၏နဂါးနီစစ်တပ်ကိုခေါ်ကာ ဘုရင်မ သူမကို ခိုင်းထားသည့်အရာများကိုလုပ်လိုက်တော့သည်။


ကောင်းကင်ပေါ်တွင် ရွှေရောင်တောက်ပနေသည့် ပုံရိပ်က အဆက်မပြတ် သက်ဆင်းနေသည်။


ပုစွန်ပိစိ၏ ကျောပေါ်တွင် ပုဖန် ရပ်နေသည်ကို မြင်နိုင်ပေသည်။


"တော်ဝင်စားသောက်ပွဲမှာ ချက်ပြုတ်ဖို့ အခွင့်အရေးလေး ရနိုင်ဖို့ အတွက်နဲ့ နတ်ဘုရားမမြို့တော် တစ်ခုလုံးကို ဖျက်ဆီးမိတော့မလို ဖြစ်သွားတယ်ဆိုတာ နင်သိလား..."

ဘုရင်မကြီးပိလော့က ပုဖန်ကိုမြင်သည်နှင့် ပြောလိုက်သည်။


ကြာပန်း အပြည့်အဝမပေါက်ကွဲမီ သူမရောက်လာပြီး လျှို့ဝှက်နည်းပညာသုံးကာ ခဏမျှ ချိတ်ပိတ်ပြီး ခပ်မြန်မြန်နေရာရွေ့လိုက်ရ၍ ကံကောင်းသွားခြင်းဖြစ်သည်။


ပုဖန်ကတိတ်ဆိတ်နေဆဲဖြစ်သည်။ သံအိုး၏ ပေါက်ကွဲနိုင်စွမ်းက ဤမျှကြီးမားမည်ဟု သူမထင်မိခဲ့ပေ။ သူအမှားတစ်ခု လုပ်ခဲ့မိပေသည်။


ဘုရင်မက အပြစ်ဆက်တင်လိုက်သည်။

"တော်ဝင်စားသောက်ပွဲအတွက် ဒီလောက်အထိလုပ်ဖို့ တကယ်လိုလို့လား..."


သူမ၏ သိမ်မွေ့သည့်အသံလေးက ပုဖန်၏ မျက်ခုံးများကို တွန့်ချိုးသွားစေသည်။


ဒီမိန်းမရဲ့ ခေါင်းနဲ့ပတ်သတ်ပြီး တစ်ခုခုများ မှားနေတာလား...


သူမပဲ သူ့ကို တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ဖို့ အရည်အချင်းရှိတယ်ဆိုတာ ပြဖို့ နည်းလမ်းရှာရမယ်လို့ မပြောခဲ့ဘူးလား...


ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။

"စားဖိုမှူးကျင်းယွမ်က ကျုပ်တို့အချင်းချင်းပြိုင်ဖို့ သဘောတူပြီးပြီ... ဒါပေမဲ့ အဲ့ဒီ့မိန်းမကြီးက ငြင်းလိုက်တယ်... ပြီးတော့ လူလွှတ်ပြီး ကျုပ်ခြေထောက်ကိုချိုးပြီး သတ်ခိုင်းတယ်... ကျုပ်က ပြန်တိုက်ခိုက်ရုံပါပဲ..."


ပုဖန်က ယခုတွင် အတော်လေး အားနည်းနေသည့် အခြေအနေတွင် ရှိနေပြီး စိတ်အခြေအနေမကောင်းဟန် မျက်မှောင်ကြုတ်နေသည်။


ဧကရီဘုရင်မကြီးက ပုဖန်ကို ကြည့်လိုက်ပြီးပျင်းတိပျင်းရွဲ ပြောလိုက်သည်။

"ဒီဘုရင်မက အကျိုးအကြောင်းမသင့်လျော်တဲ့လူ မဟုတ်ပါဘူး... မင်းနဲ့ ကျင်းယွမ်တို့ တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ပေးဖို့ အရည်အချင်းကို အချင်းချင်းဆုံးဖြတ်ဖို့ လုပ်ကြပေါ့... နောက်ခုနစ်ရက်နေရင် တော်ဝင်စားသောက်ပွဲကြီး ကျင်းပတော့မှာ... နိုင်တဲ့ ဘယ်သူမဆို ငါကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်...."


ကျင်းယွမ် ခေါင်းငြိမ့်လိုက်သည်။


ပုဖန်သည်လည်း ဤအချက်နှင့် ပတ်သတ်၍ ပြဿနာမရှိပေ။


"ဟုတ်ပြီလေ... ကျင်းယွမ် မနက်ဖြန်ကျရင် အချက်အပြုတ် ပြိုင်ပွဲစကြတာပေါ့... ငါ မင်းကိုစောင့်ကြည့်နေပါ့မယ်...'


ကျင်းယွမ်၏ မျက်လုံးများ တောက်ပသွားကာပုဖန်ကို ကြည့်လိုက်သည်။

"ရှင့်ရဲ့ ချက်ပြုတ်တဲ့ အရည်အချင်းက အရမ်းကောင်းမှန်း ငါသိတယ်... ဒါပေမဲ့ မယှဉ်ပြိုင်ရဘဲနဲ့ အနိုင်မပေးနိုင်ဘူး..."


အဝေးတစ်နေရာတွင်


သင်္ဘောတစ်စင်းက လေဟာနယ်ကို ချိုးဖျက်လိုက်သည်။


နယ်သာရီက သင်္ဘောကုန်းပတ်ပေါ်ထိုင်နေပြီး သူမ၏ ခြေတံရှည်ရှည်များနှင့် ဆံနွယ်ရှည်ရှည်များက လေထဲတွင် ယမ်းခါနေသည်။


ပုဖန် အံ့ဩသွားရသည်။

"နယ်သာရီလား..."


ဧကရီဘုရင်မကြီးက နယ်သာရီကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ သူမ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး နယ်သာရီဘေးတွင် ပြန်ပေါ်လာကာ နယ်သာရီ့ခေါင်းကို သူမရင်ဘတ်သို့ အပ်၍ ဖက်လိုက်သည်။


"ညီမလေးနယ်သာရီ... အစ်မကြီးကို စိုးရိမ်လို့ ဒီကိုရောက်လာတာလား... အစ်မကြီးက သန်မာပါတယ်... တို့အဆင်ပြေတယ်နော်..."


ပုဖန်က အသက်ရှုကျပ်သည်အထိ အဖက်ခံထားရသော နယ်သာရီကို ကြည့်လိုက်သည်။ ခဏမျှ သူစိတ်ရှုပ်သွားရသည်။


နယ်သာရီက ဒီမိန်းမကို သိတာလား....


အချိန်အတော်ကြာကြီး သိလာတဲ့ပုံပဲနော်...


နယ်သာရီက သူမကိုယ်သူမ လွတ်အောင် လုပ်လိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်သည်။


သူမ ဘုရင်မကိုကြည့်ကာ မျက်တောင်ခတ်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ ပုဖန်ကိုကြည့်လိုက်သည်။ ခဏမျှတွန့်ဆုတ်ပြီးနောက်တွင် မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။

"ပုဖန်... နင်အဆင်ပြေရဲ့လား..."


နယ်သာရီ၏စကားကို ကြားသည်နှင့် ဘုရင်မကြီး ကြောင်အသွားသည်။


ငါကရော... နင်ကိုယ့်အစ်မကြီးကိုတောင် မစိုးရိမ်ဘူးလား....