အပိုင်း ၁၁၂၈
Viewers 53k

အခန်း ၁၁၂၈

နတ်ဘုရားမမြို့တော်၏ မြင့်မြတ်အပျိုစင်


"ပုဖန်.. နင်အဆင်ပြေရဲ့လား..."

နယ်သာရီ ပုဖန်ကို လေးနက်သော မျက်နှာဖြင့် ကြည့်၍မေးလိုက်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ သူအဆင်ပြေပေသည်။ သံကြာပန်းအိုးက သူ၏စွမ်းအင်အများစုကို ကုန်ဆုံးသွားစေသော်လည်း သူကိုင်တွယ်နိုင်သည့် အခြေအနေထဲတွင် ရှိနေဆဲဖြစ်သည်။


သူ၏ စိတ်ဝိဉာဉ်ပင်လယ်ထဲရှိ ပစ္စည်းလေးမျိုး၏စိတ်ဝိဉာဉ်က စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနေသည်။ ထို့အပြင် သူတို့အားလုံးက စွမ်းအင်လေပွေကြီးများနှင့် တူသဖြင့် သူ၏စိတ်စွမ်းအင်မှာ ပြန်လည်ကောင်းမွန်လာနေသည်။


"ညီမလေး နယ်သာရီ... နင် ကိုယ့်အစ်မကြီးကို ပိုပြီးဂရုစိုက်သင့်တယ် မဟုတ်ဘူးလား... ဘာလို့ ယောက်ျားတစ်ယောက်ကို ပိုပြီးစိတ်ပူနေရတာလဲ... နင်ပြောင်းလဲသွားပြီ... နင်ဒီလို မဖြစ်ရဘူးလေ...."


ဧကရီပိလော့က ပုဖန်ကို ကြည့်ပြီး နယ်သာရီကို ပြန်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများ တွန့်ချိုးသွားကာ အလွန် စိတ်မကျေမနပ်ဖြစ်နေသည်။


နတ်ဘုရားမ မြို့တော်ရဲ့ ဧကရီဘုရင်မက ယောက်ျားသားတစ်ယောက်ထက် အရေးမကြီးဘူးတဲ့လား..


"ပုဖန်... ငါဗိုက်ဆာနေပြီ..."

နယ်သာရီ ပြောလိုက်သည်။


ဘုရင်မပိလော့၏ အကြည့်များကို လျစ်လျူရှုပြီး ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ နယ်သာရီက သူရှိရာနေရာဆီ လာလိမ်မည်ဟု မထင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူမရောက်လာပြီဖြစ်၍ သူမ၏ တောင်းဆိုချက်ကို လိုက်လျောပေးရတော့မည် ဖြစ်သည်။


သို့သော် ပုဖန်က နယ်သာရီကို ယင်းလုံနှင့် အခြားလူများက ပြန်ခေါ်သွားမည်ကို ကာကွယ်ပေးနိုင်မည်ဟု အာမခံမပေးနိုင်ပေ။ သူမကို သူရှိရာ နေရာတွင် ထားချင်ပါက နောက်ထပ် ဆွေးမြေ့အိုးတစ်အိုးပါ ပြင်ဆင်ပေးလိုက်မည်ဖြစ်သည်။ 


"ညီမလေးနယ်သာရီ...ဗိုက်ဆာလို့လား... ဘာလို့ တို့ကိုမပြောတာလဲ... နင့်ရဲ့ အစ်မကြီးက အခုချက်ချင်းပဲ ထိပ်တန်းစားဖိုမှူးခေါ်ပြီး ချက်ကျွေးမှာပေါ့... စားချင်တာစားလို့ရတယ်... တော်ဝင်စားသောက်ပွဲကြီးအဆင့်ကိုတောင် စားလို့ရတယ်... ပြဿနာမရှိဘူး..."

ဧကရီပိလော့က နယ်သာရီ ပခုံးကို ဖက်ရင်းပြောလိုက်သည်။


ပုဖန်ကြည့်နေရင်းနှင့် တွေးလိုက်မိသည်။

"ဒီဘုရင်မ လော့ပိက အစစ်မဟုတ်လောက်ဘူးမလား... အရင်က ခန်းမထဲမှာတုန်းကလို ဂုဏ်ကျက်သရေရှိတဲ့ပုံနဲ့ လုံးဝတစ်ခြားဆီပဲ..."


"တော်ဝင်စားသောက်ပွဲကြီးက ကျွန်မရဲ့ကျိန်စာကို ဖိနှိပ်ပေးနိုင်လား..."

နယ်သာရီ၏ အနက်ရောင်မျက်လုံးများက ဘုရင်မလော့ပိထံ ကျရောက်လာသည်။


ဧကရီဘုရင်မလော့ပိက ရုတ်တရက်တောင့်ခဲသွားရသည်။ သူမ၏နီထွေးလှသော နှုတ်ခမ်းလေးများကို ဖိကိုက်ကာ ခေါင်းခါလိုက်သည်။


နယ်သာရီ၏ကျိန်စာက သာမန်မဟုတ်၍ တော်ဝင်စားသောက်ပွဲကြီးကပင် ထိုကျိန်စာကို မဖိနှိပ်နိုင်ပေ။ တော်ဝင်စားသောက်ပွဲကြီးကသာ ဖိနှိပ်နိုင်လျှင် သူမဘက်က နယ်သာရီအတွက် တစ်နေ့တစ်ပွဲပြင့ဆင်ပေးရလျှင်ပင် ကိစ္စမရှိပေ။


နယ်သာရီပြောလိုက်သည်။

"ပုဖန်ရဲ့ ဟင်းပွဲတွေက ငါ့ရဲ့ကျိန်စာကို ဖိနှိပ်နိုင်တယ်..."


ဧကရီဘုရင်မ လော့ပိ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။ သူမ ပုဖန်ကို စိတ်ရှုပ်ထွေးနေသော အမူအယာဖြင့် ကြည့်လိုက်သည်။


"ဟင်းပွဲတစ်ပွဲက အဲ့ဒီ့ထူးဆန်းတဲ့ ကျိန်စာကို တကယ်ဖိနှိပ်နိုင်တာလား..."


ထိုအတွေးက ဘုရင်မလော့ပိ၏စိတ်ထဲ ပဲ့တင်ထပ်နေသည်။ သူမ အပြည့်အဝမယုံကြည်နေသော်လည်း နယ်သာရီ လုပ်ချင်တာလုပ်စေရန် ခွင့်ပြုပေးလိုက်သည်။


ဧကရီလော့ပိက ပုဖန်ကို ပြောလိုက်သည်။

"စကားမစပ်... မင်က မဒမ်ကျင်းကို သတ်လိုက်တာပဲ... မင်းကို ပြဿနာတက်လာလိမ့်မယ်လို့ စိုးရိမ်မိတယ်... မြင့်မြတ်အပျိုစဉ်က မင်းကို ခွင့်မလွှတ်လောက်ဘူး... ပြီးတော့ သူမရောက်လာရင်... ငါတောင် မင်းကို မကယ်နိုင်လောက်ဘူး..."


ပုဖန် ကြောင်အကာ ထိတ်လန့်သွားမိသည်။


အမှန်ပင်။ မဒမ်ကျင်းက နတ်ဘုရားမမြို့တော်ရှိ အကောင်ကြီးကြီးတစ်ယောက်၏ နောက်ခံမရှိဘဲ နွေဦးလေပြည် စားသောက်ဆိုင်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။


နွေဦးလေပြည်စားသောက်ဆိုင်တွင် အကျိုးကျေးဇူးကြီးကြီးမားမားရှိပြီး အကျော်အမော်ပုဂ္ဂိုလ်တစ်ယောက်၏ နောက်ခံမရှိပါက အခြားလူများ၏ ဂုတ်သွေးစုပ်ခြင်းကို ခံနေရမည်ဖြစ်သည်။


ဘုရင်မလော့ပိက ဆက်ပြောလာသည်။

"ဘာပဲဖြစ်ဖြစ် မြင့်မြတ်အပျိုစင်ရောက်လာရင်တောင်... မဒမ်ကျင်းက ဧကရီကို ပုန်ကန်ဖို့ အစီအစဉ်ရှိပြီး လျှို့ဝှက်စစ်တပ်တစ်ခု တည်ထောင်ထားမှန်း သိသွားရင်တော့ အံကြိတ်ပြီး လက်ခံပေးရမှာပါပဲလေ... မင်းဘာမှ စိတ်ပူစရာမလိုပါဘူး.. အခုကစပြီး မနက်ဖြန်အတွက် အချက်အပြုတ်ပြိုင်ပွဲကို ပြင်ဆင်ထားပေါ့...."


အရှုပ်အထွေးများ အတည်တကျဖြစ်ပြီးနောက်တွင် လူအုပ်ကြီးက တစ်ကွဲတစ်ပြားဖြစ်သွားလေပြီ။


ဧကရီဘုရင်မပိလော့က ချီစစ်နှင့် သူမ၏တပ်စုကို လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပြိုင်ပွဲကျင်းပဖို့ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခိုင်းလိုက်သည်။


ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လူအချို့က ထိတ်လန့်တကြားဖြစ်နေသေးသော်လည်း ပြဿနာအကြီးကြီးမဟုတ်၍ ဘုရင်မပိလော့က သူတို့ကို မနှောင့်ယှက်တော့ပေ။


ပုဖန်ဟင်းပွဲတစ်ခု ချက်ကာ နယ်သာရီကိုပေးလိုက်သောအခါ သူမ ပျော်ပျော်ရွှင်ရွှင်ဖြင့်အကုန်စားလေသည်။


ထို့နောက် ပုဖန်၏ ရှေ့မှောက်တွင် ဧကရီပိလော့က နယ်သာရီကို ခေါ်၍ထွက်သွားခဲ့သည်။


ပုဖန်က ထိုနေရာတွင်ရပ်နေဆဲဖြစ်ပြီး ဧကရီထွက်မသွားခင် သတိပေးခဲ့သော စကားများကို ပြန်တွေးနေသည်။


ဘုရင်မလော့ပိ မရှိတော့မှ ပုဖန်က ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်လိုက်သည်။ ထို့နောက် သက်ပြင်းဖွဖွချကာ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲ ဝင်လိုက်သည်။


ယခုတွင် သူ့၌ နယ်သာသလင်းကျောက် တစ်တုံးမှမရှိ၍ တည်းခိုခန်းငှားရန် မတတ်နိုင်ပြီဖြစ်သောကြောင့် လယ်ယာမြေထဲကိုသာ ဝင်နေလိုက်ခြင်းက ပိုကောင်းပေသည်။


ထို့အပြင် မနက်ဖြန် အချက်အပြုတ်ပြိုင်ပွဲအတွက် ပြင်ဆင်ရပေဦးမည်။ သူ တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ပေးရန် အဆင့်မီမှရပေမည်။


ဧကရီလော့ပိတစ်ယောက်တည်းကသာ သူ့ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းသို့ ခေါ်သွားနိုင်သည်။


ပုဖန်ထွက်သွားသည်နှင့် အနက်ရောင်ဝတ် လူတစ်ယောက် ပေါ်လာခဲ့သည်။


ဗလာဖြစ်နေသော မြေပြင်ကို ကြည့်ရင်း သူ့ခေါင်းသူ ကုတ်လိုက်လေသည်။

"ပုဖန် ဘယ်ရောက်သွားလဲ... သူခုဏလေးတင် ဒီမှာရှိနေတာပါ... ဘယ်လိုလုပ် ရုတ်တရက်ကြီး လေထဲမှာ ပျောက်သွားရတာလဲ...."



နတ်ဘုရားမမြို့တော် ယဇ်ပူဇော်ခန်းမ


လှပသော ပုံရိပ်လေးတစ်ခုက ပြတင်းပေါက်ရှေ့တွင်ရပ်နေပြီး သူမ၏တည်ငြိမ်လှသည့် အကြည့်က ခပ်လှမ်းလှမ်းကို ကြည့်နေသည်။


ခန်းမအပြင်တွင် ရုတ်တရက်အသံတစ်ခု ထွက်လာသည်။


လျော့ရိလျော့ရဲဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့်အတူ လူအုပ်စုတစ်အုပ် တဖြေးဖြေးချင်း ဝင်ရောက်လာသည်။ သူမ၏ လက်များကို ယှက်ထားပြ ဒူးထောက်လိုက်သည်။


"မြင့်မြတ်အပျိုစင်... နွေဦးလေပြည်စားသောက်ဆိုင် ဖျက်ဆီးခံလိုက်ရပါပြီ... ဧကရီရဲ့ ဗစစ်သူကြီးချီစစ်က နွေဦးလေပြည် စားသောက်ဆိုင်ကို သိမ်းယူနေပါတယ်... မဒမ်ကျင်းနဲ့ ကျွန်မတို့ လေ့ကျင့်ပေးထားတဲ့ အံ့ဖွယ်အစောင့်လေးယောက်လုံး ကျဆုံးသွားပါပြီ.. ကျွန်မတို့ နွေဦးလေပြည် စားသောက်ဆိုင်ကို နောက်ထပ် မထိန်းချုပ်နိုင် လောက်တော့ပါဘူး..."

လူအုပ်နှင့်အတူ လာခဲ့သည့် အမျိုးသမီးက ပြတင်းပေါက်ကို ကြည့်နေသော အမျိုးသမီးကို ကြောက်ရွံ့ရိုသေစွာ ပြောလိုက်သည်။


မြင့်မြတ်အပျိုစင်က အလွန်လှပပြီး မသေမျိုးတစ်ပါးလိုတည်ငြိမ်ကာ ဆန်းကျယ်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ သူမ၏ ဆံပင်များက ဖြောင့်စင်းညွတ်ကျနေပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အပြာရောင်ပိုးသားချည်မျှင် သုံးထောင်က ပြန့်ကျဲနေသည်။ 


သူမက နောက်သို့ ဖြေးဖြေးချင်း လှည့်လာပြီး နီထွေးနေသည့် နှုတ်ခမ်းလေးများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။


"နွေဦးလေပြည် စားသောက်ဆိုင် ကျရှုံးသွားရတာ ငါ့အတွက် ရှင်းလင်းသွားတာပဲ... ဒါတွေအားလုံးက ယောက်ျားတစ်ယောက်ကြောင့် ဖြစ်လာရတာ... ဧကရီဘုရင်မက နွေဦးလေပြည် စားသောက်ဆိုင်ကို လိုချင်တာ အတော်ကြာနေခဲ့ပြီ... အဲ့ဒီ့ယောက်ျား နွေဦးလေပြည်စားသောက်ဆိုင်ကို ဖျက်ဆီးတာက သူမအကြံပဲဖြစ်လောက်တယ် ... အမ်း မဟုတ်သေးပါဘူး .... ဘုရင်မက အရမ်းကိုအပျင်းကြီးလွန်းတယ် အဲ့တာ သူမရဲ့အကြံမဟုတ်လောက်ဘူး...."

မြင့်မြတ်အပျိုစဉ်က ရေရွတ်လိုက်သည်။


လူအုပ်ကြီးနှင့်အမျိုးသမီးမှာလည်း ဆက်လက်ဒူးထောက်နေပြီး ဝင်မနှောင့်ယှက်ရဲပေ။


အချိန်အတော်ကြာမှ မြင့်မြတ်အပျိုစင်က ခေါင်းလေးမော့ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"အဲ့ဒီ့ယောက်ျားက ငါတို့ဒီအတိုင်း သတ်လို့ရတဲ့လူမဟုတ်ဘူး.... အခုနွေဦးလေပြည် စားသောက်ဆိုင် ဖျက်ဆီးခံလိုက်ရပြီဆိုတော့ လတိုင်း နန်းတော်က ကောက်ခံရရှိတဲ့ နယ်သာသလင်းကျောက်က အတော်လေး လျှော့နည်းသွားမှာ...."


"သွား အဲ့ဒီ့လူကို သွားဖမ်းချေ...သူက ငါ့ရဲ့နွေဦးလေပြည် စားသောက်ဆိုင်ကို တကယ်ဖျက်ဆီးရဲတယ်.... သူ့မှာ ကျောထောက်နောက်ခံအဖြစ် ဧကရီရှိတယ်ဆိုရင်တောင်.... ဒီမြင့်မြတ်အပျိုစင်က သူ့ရဲ့ပေါက်ကွဲနိုင်တဲ့ ကြာပန်းကြီးကို စိတ်ဝင်စားနေသေးတယ်.... အဲ့ထဲမပါတဲ့ စွမ်းအင်နဲ့ အသုံးပြုရတဲ့စွမ်းအင်ကိုသိချင်နေတယ်...."


လူအုပ်နှင့် အတူလာခဲ့သော အမျိုးသမီးက တိတ်တဆိတ်နားထောင်ပြီး မြင့်မြတ်သူတော်စင် စကားဆုံးသည်အထိ စောင့်လိုက်သည်။ ထို့နောက် နားလည်ကြောင်းအသံပြုကာ အရိုအသေပေးရင်း ခန်းမထဲက ထွက်လာခဲ့သည်။


သူမ ခန်းမထဲမှ ထွက်လာသောအခါ သူမခန္ဓာကိုယ်ပေါ်ရှိ ဖိအားက ချက်ချင်းပျောက်ကွယ်သွားသည်။


မြင့်မြတ်အပျိုစင်က သူမအပေါ် ဖိအားအတော်လေး ပေးထားသည်။


ခဏအကြာတွင် လူအုပ်နှင့်လာသောအမျိုးသမီးက အလွန်လေးလေးနက်နက်ဖြစ်သွားသည်။ သူမကိုယ်တိုင်က စစ်သူကြီး ငါးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်၍ နတ်ဘုရားမမြို့တော်ထဲတွင် ယောက်ျားတစ်ယောက်ကို ရှာပုံတော်ဖွင့်သည်မှာ လွယ်လှပေသည်။


အမိန့်တစ်ချက်ဖြင့် စစ်တပ်တစ်ခုလုံးကို စုစည်းက တစ်မြို့လုံးကို မြေလှန်ရှာစေသည်။


မြင့်မြတ်အပျိုစင်သာ ယောက်ျားတစ်ယောက်ကို ဖမ်းချင်လျှင် မည်သာမှ ထိုလူကို မကာကွယ်ပေးနိုင်ပေ။


သို့သော် သူတို့ မှားတွက်မိလိုက်လေပြီ။


သူတို့ ထိုယောက်ျား၏ အရိပ်အရောင်လေးတစ်ခုကိုသာမက တစ်မြို့လုံးကိုပါ ရှာသော်လည်း တစ်ဖက်လူက ကမ္ဘာလောကကြီးထဲက ပျောက်သွားသလို ပျောက်ချင်းမလှပျောက်နေလေသည်။


သူ့ကို တစ်ညလုံးရှာနေသော အစောင့်များအားလုံး စိတ်ရှုပ်လာရသည်။


အုပ်စုခေါင်းဆောင်ဆိုလျှင် ပိုမိုမျက်မှောင်ကြုတ်နေရသည်။


သူမ သူ့ကို မရှာနိုင်ခဲ့ဘူး... မြင့်မြတ်အပျိုစင်ကို ဘယ်လို ရှင်းပြရတော့မှာလဲ...


သို့သော် အခြေအနေကို သေချာတွေးမိပြီးနောက်တွင် ရုတ်တရက် အပြုံးတစ်ခုဖြစ် ပေါ်လာတော့သည်။ ပုဖန်က တော်ဝင်စားသောက်ပွဲကြီးတွင်ချက်ပြုတ်ရန် အရည်အချင်းပြည့်မှီကြောင်း အလွန် သက်သေပြချင်နေမှန်းသိ၍ မနက်ဖြန်တွင် စားဖိုမှူးကျင်းယွမ်နှင့် ယှဉ်ပြိုင်မည်ကို သိထားသည်။


ဒါဆို မနက်ဖြန်ကြရင် သူ့ကို ဖမ်းလိုက်မှာပေါ့....



ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေတွင်


ပုဖန် သစ်သားအိမ်ငယ်လေးရှေ့တွင် ရောက်ရှိနေသည်။


မြက်ခင်းရနံ့လေးဖြင့် လေညင်းများက တိုက်ခတ်နေကြသည်။


ကောင်းကင်က ကြည်လင်ပြီး တိမ်များကလည်း ဖြေးဖြေးချင်း ရွေ့လျားနေသည်။


ပုဖန် ပေါ်လာသည့်အချိန်တွင် နျိုဟန်ဆန်းသည်လည်း ထွက်ပေါ်လာသည်။ ခဏအကြာတွင် နျိုဟန်ဆန်းက မဟာနိယာမလမ်းကြောင်းကို သူ၏အစားအသောက်ထဲတွင် မည်သို့ ပေါင်းထည့်ရမလဲဟု လေ့လာနေသည်။


သူတို့ဖန်တီးလိုက်သော ဆွေးမြေ့အိုး၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်အံ့ဖွယ်ကောင်းလှပေသည်။ နျိုဟန်ဆန်းက အလွန်စိတ်လှုပ်ရှားနေကာ နောက်ထပ် စမ်သပ်ချက်များ လုပ်ချင်နေလေသည်။


"ပိုင်ရှင်ပု...နောက်ဆုံးတော့ ရောက်လာပြီပဲ... ဒီကျွဲအိုကြီးမှာ သတင်းကောင်းရှိနေတယ်ဗျ..."


နျိုဟန်ဆန်းက ပုဖန်ကို ပြုံးပြပြီး အခန်းထဲခေါ်သွားလိုက်သည်။ သူရေပုံးတစ်ခုယူပြီး အဖုံးဖွင့်ပြလိုက်သည်။


ပုဖန် အံဩသွားရသည်။ ရေပုံးထဲမှ နို့ရနံ့ပြင်းပြင်းထွက်ပေါ်လာသည်။


"ဒါက ပိုင်ရှင်ပုယူလာတဲ့ နွားက ရတဲ့ နွားနို့ဗျ... ပထမဆုံး ကျုပ်က မဟာနိယာမလမ်းကြောင်းရဲ့ စိတ်စွမ်းအားကို နွားရဲ့ခန္ဓာကိုယ်ထဲ ထည့်လိုက်တယ်... ပြီးတော့ အဲ့နွားထုတ်လုပ်ပေးတဲ့ နွားနို့မှာလည်း မဟာနိယာမလမ်းကြောင်းရဲ့ စိတ်စွမ်းအားတွေ ပါနေပြီး... အရမ်းကို သန့်စင်နေတာပဲ...."


နျိုဟန်ဆန်းပြုံးလိုက်ပြီး သူလုပ်ခဲ့သည်ကို ဂုဏ်ယူနေဟန် ဖြစ်နေသည်။


ပုဖန် အနည်းငယ် အံ့ဩသွားသည်။

အဲ့လို တကယ်ဖြစ်နိုင်တယ်လား....


ပုဖန် သစ်သားဇွန်းကိုယူ၍ ဇွန်းအပြည့် ခပ်ယူလိုက်သည်။


ဝှစ်


သစ်သားဇွန်းမှ နွားနို့တို့ကျဆင်းလာသည်နှင့် နွားနို့၏ ကြွယ်ဝလှသော ရနံ့က ပျံ့နှံ့သွားသည်။ ၎င်းက လန်းဆန်းပြီး ချိုမြမြရနံ့လေးဖြစ်သည်။


သူ နွားနို့တစ်ငုံသောက်လိုက်ပြီး သူ့ပါးစပ်နှင့် လည်ချောင်းတစ်လျှောက်တွင် နွားနို့တို့ ပြည့်နှက်နေသည်။


"ကောင်းချက်ပဲ..."


ချိုမြလှသည့် နွားနို့က ပုဖန်၏ မျက်လုံးများကို အံ့ဩမှုကြောင့် တောက်ပသွားစေသည်။ ၎င်းထဲရှိ သန်စင်လှသည့် မဟာနိယာမလမ်းကြောင်း၏ စိတ်စွမ်းအားက အတော်လေး အံ့ဖွယ်ကောင်းလှပေသည်။


ဤမဟာနိယာမလမ်းကြောင်း၏ စိတ်စွမ်းအားက အရင်တစ်ခုနှင့် ခြားနားပေသည်။ ဤ သန့်စင်လှသည့် စိတ်စွမ်းအင်က အလွန်တည်ငြိမ်ပြီး ချက်ပြုတ်ရာတွင် သုံးနိုင်သလို ပေါက်ကွဲမည့် ရလဒ်လည်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။


ပုဖန် နောက်ထပ် ဇွန်းအပြည့် ထည့်ကာ သူ့ပါးစပ်ထဲလောင်းထည့်တော့သည်။


နွားနို့ကိုကြည့်ရင်း ပုဖန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ့စိတ်ထဲတွင် နို့ထွက်ပစ္စည်းအမျိုးမျိုးကိုသုံး၍ ချက်ပြုတ်ရမည့် နည်းမျိုးစုံကို တွေးမိနေပြီဖြစ်သည်။


အမှန်တကယ်တွင် စနစ်က နွားနို့ စီစဉ်ပေးလို့ရသော်လည်း သာမန် နွားနို့သာဖြစ်ပေသည်။ ဤ စိတ် စွမ်းအင်တို့ ပါနေသည့် နွားနို့မျိုး ရမည်မဟုတ်ပေ။


သို့မဟုတ်လျှင် ပုဖန်က နို့ထွက်ပစ္စည်းအမျိုးမျိုးကို ခဏခဏလုပ်နေမည်ဖြစ်သည်။


"ဆိုင်ရှင်ပု.... ဘယ်တော့လောက် သစ်သီးကောင်းကောင်းလေးတွေ ရလောက်မလဲ... ကျွန်တော်တို့ လယ်ယာမြေထဲမှာ အဆင့်မြင့်သစ်သီးတွေကလွဲလို့ အခြား အရာတွေ မလိုတော့ဘူးရယ်..."


ပုဖန် နွားနို့ရေပုံးကို အဖုံးပြန်ဖုံးကာ နျိုဟန်ဆန်းကိုကြည့်ပြီး ထိုအကြောင်းစဉ်းစားနေသည်။


သူတို့တွင် သစ်သီးများရှိပါက အမှန်တကယ်ပင် အဆင်ပြေသွားမည်ဖြစ်သည်။ ထိုသစ်သီးများကို သုံး၍ ဝိုင်နှင့် ရှာလကာရည် လုပ်၍ရပေလိမ့်မည်။


ပုဖန်တွင် ရှလကာရည်ကောင်းကောင်း မရှိပေ။ သူ ပုန်းကွယ်နဂါးတိုက်ကြီးတွင် ရှိစဉ်ကတည်းက ရှာလကာရည်လုပ်ရန် အကြံရှိသော်လည်း ယခုအချိန်အထိ ထိုသို့လုပ်ရန်အစီအစဉ်မရှိသေးပေ။


ယခု သူ့တွင် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ ရှိနေပြီဖြစ်၍ ရှာလကာရည်လုပ်ရန် အခွင့်အရေး ရှိလာပြီဖြစ်သည်။


ပုဖန် ခဏမျှတွေးပြီး ပြောလိုက်သည်။

"အဆင့်မြင့်သစ်သီးတွေရှာရတာ ဘယ်လိုလုပ်လွယ်မှာလဲ... ဒါပေမဲ့ စိတ်တော့မပူပါနဲ့... ကျုပ်ရှာတွေ့တာနဲ့ ဒီကို ယူလာပါ့မယ်...."


နျိုဟန်ဆန်း၏ မျက်လုံးများ တောက်ပသွားသည်။ သူလည်း ပုဖန်ကို သစ်သီးပင်ပေါက်များ ယူလာပြီး စိုက်စေချင်သည်မှာ ကြာလှပြီဖြစ်သည်။


မမျှော်လင့်စွာဖြင့် ပိုင်ရှင်ပုက မသေမျိုးသစ်ပင် အပင်ပေါက်ကို ယူလာခဲ့သည်။ တကယ်မိုက်ချက်ပဲ.....


နျိုဟန်ဆန်းက ဤလယ်လာမြေလေးကို အကောင်းဆုံး ဖြစ်စေချင်သည်။ မသေမျိုးသစ်ပင် ကြီးထွားလာပါက မသေမျိုးသစ်သီးများ ရလာမည်ဖြစ်သည်။ မသေမျိုးသစ်ပင် များများရလေလေ ကောင်းလေလေသာဖြစ်သည်။


ထိုအတွေးကပင် နျိုဟန်ဆန်းကို ယစ်မူးသွားစေသည်။


ယနေ့အထိ လယ်ယာမြေက ထိုအဆင့်ထိမရောက်သေးသော်လည်း သူမျှော်လင့်နေမိပေသည်။


"စကားမစပ်... ဆိုင်ရှင်ပုပေးထားတဲ့ အစေ့က အခုထိ အပင်မပေါက်သေးဘူး... ကျွန်တော်တို့ အဲ့တာကို လှုံ့ဆော်ပေးဖို့ အတော်လေးသန်မာတဲ့ အသက်စွမ်းအင်ရှာကြရမယ်... မဟုတ်ရင် ဒီအတိုင်းပဲ ကျန်နေလိမ့်မယ်...."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ မသေမျိုးသစ်ပင်၏ အပင်ပေါက်ပြောပြချက်အရ သူနတ်ဘုရားပျောက်ကွယ်တောင်တန်းကို ထပ်တွေးမိသွားသည်။


သူ မနက်ဖြန် ပြိုင်ပွဲကို အမှန်တကယ် နိုင်မှရပေတော့မည်။


သူနောက်ထပ် အချိန်ဆွဲနေ၍ မရတော့ပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အပြင်းအထန် ဆုတ်ယုတ်နေလေသည်။ သူအချိန်ဖြုန်းလေလေ ပိုဆိုးလေလေဖြစ်တော့မည် ဖြစ်သည်။


နွားနို့ပုံးကိုကိုင်၍ ပုဖန် အပြင်ဘက် ကမ္ဘာဆီ ထွက်ခဲ့တော့သည်။


ပုဖန် ထွက်သွားသည်ကိုကြည်ပြီး နျိုဟန်ဆန်းကလည်း အခန်းထဲ ပြန်ဝင်သွားတော့သည်။


မကြာခင် နွားများထံမှ မကျေမနပ်နှာမှုတ်သံများကို ကြားလိုက်ရသည်။



ပုဖန် နွားနို့ပုံးကို စနစ်သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။


ထို့နောက် နတ်ဘုရားမမြို့တော်သို့ ပြန်ရောက်လာခဲ့သည်။


သို့သော် သူပြန်ပေါ်လာသည်နှင့် ပတ်ပတ်လည်မှ အကြည့်များကို ဆွဲဆောင်မိသွားသည်။


ခပ်လှမ်းလှမ်းများအသံများ ကြားရပြီး သူ့ကို ချဉ်ကပ်လာသည့်ပုံပင်။


ပုဖန် ခေါင်းမော့၍ကြည့်လိုက်သည်။


ခဏအကြာတွင် ချပ်ဝတ်တန်ဆာအပြည့်နှင့် စစ်သည်တစ်အုပ်က လက်နက်များကို စွဲကိုင်ကာ သူ့ကို ဝန်းရံလာသည်။