အခန်း ၁၁၃၀
ယောက်ျားတိုင်းက စိတ်မမှန်ဘူး
ဗြိ
အဝတ်အစား စုတ်ပြဲသံများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အစောပိုင်းက အော်ဟစ်နေကြသော အစောင့်များအားလုံးလည်း ငြိမ်ကျသွားသည်။
ထိုယောက်ျား၏ လက်ချောင်းအောက်တွင် သူတို့ခေါင်းဆောင်၏ ဝတ်ရုံက ပြဲစုတ်သွားကာ သူမခန္ဓာကိုယ်၏ နူးညံ့လှပသော အသားအရည်က လူတိုင်း၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။
သရဖူဆောင်းထားသည့် အမျိုးသမီးက ရုတ်တရက် ပျံထွက်သွားကာ လေထဲတွင် လွင့်ပျံနေသည်။
ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ငရဲဘုရင်အာဟက မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာတစ်ခုလုံး ပြုံးဖြီးသွားသည်။
"ခန္ဓာကိုယ်လှသားပဲ..."
သရဖူနှင့် အမျိုသမီး၏ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံး ရဲရဲနီသွားသည်။
ပုဖန်တစ်ယောက် နှဖူးသာနာနာပွတ်နေမိသည်။
ဝှီး
သရဖူနှင့် အမျိုးသမီးက အံကြိတ်လိုက်ကာ ငရဲဘုရင်အာဟထံ ပြေးထွက်သွားပြီး ပါးရိုက်လိုက်သည်။
ချက်ချင်းလက်ငင်း ငရဲဘုရင်အာဟ မြေပေါ် ပြန်ကျလာသော်လည်း ခန္ဓာကိုယ်ကို မြန်မြန်ထိန်းချုပ်နိုင်သွားပြီး ပုဖန်ဘေးတွင် ဆင်းသက်လိုက်သည်။
အဝတ်များ အဖြဲခံရသော အမျိုးသမီးက မည်သည့်အချိန်မဆို ငိုချတော့မလိုဖြစ်နေသည်။ ယခုကဲ့သို့သော အရှက်ခွဲခံရသည့် ခံစားချက်မျိုးကို သူမ မခံစားနိုင်ပေ။
သူမ၏ နီနီရဲနေသည့် နှုတ်ခမ်းများကို ဖိကိုက်ပြီး ဒေါသတကြီးအော်လိုက်သည်။
"သောက်တဏှာရူးကောင်... ငါ... ငါ နင့်ကို အသေသတ်ပစ်မယ်..."
သို့သော် သူမစတင် မတိုက်ခိုက်မီ ကောင်းကင်ပေါ်မှ ရုတ်တရက် အသံတစ်ခု ထွက်လာသည်။
သူမ၏ ရုတ်ချည်းတောင့်ခဲသွားကာ ခေါင်းလှည့်၍ ကြည့်လိုက်သည်။
ထိုနေရာတွင် လေပေါ်၌ဝဲပျံနေသော အဖြူရောင်ဝတ်ရုံဖြင့် လူတစ်ယောက်ရှိနေသည်။
"မြင့်မြတ်အပျိုစင်..."
သူမ၏ ဆံပင်ရှည်ရှည်များပင် မြေပြင်ပေါ်ထိသွားသည်ကိုပင် ဂရုမစိုက်ဘဲ သရဖူနှင့် အမျိုးသမီးက မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။
မြင့်မြတ်အပျိုစင်က လေပေါ်တွင် ပျံသန်းနေပြီး မသေမျိုးတစ်ပါးနှင့် တူနေသည်။ ထိုအချိန်တွင် လေဟာနယ်တစ်ခုလုံး လုံးဝအေးခဲသွားသည်နှင့် ပင် တူနေသည်။
ငရဲဘုရင်အာဟက မြင့်မြတ်အပျိုစင်ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"ငရဲကမ္ဘာရဲ့အရှင်သခင်က နတ်ဘုရားမမြို့တော်ကို လူကိုယ်တိုင် ကြွချီလာတာပဲ... ဒီမြင့်မြတ်အပျိုစင်က လာရောက်မကြိုဆိုမိပါဘူး... ကျွန်မကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်..."
မြင့်မြတ်အပျိုစင် ပန်းခြံထဲတွင် လမ်းလျှောက်နေသလို လေထဲမှ မြေပြင်ပေါ် ဆင်းသက်လာသည်။ သူမ၏ အနက်ရောင်ဆံနွယ်များနှင့် အဖြူရောင် ဝတ်ရုံစများက လေနှင့်အတူ လွင့်မျောနေသည်။
ထို့နောက် သူမက မြေပြင်ပေါ်ဒူးထောက်နေသည့် သရဖူဆောင်းထားသော အမျိုးသမီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဝေ့ကျင်း.. ငရဲကမ္ဘာရဲ့အရှင်သခင်ကို မြန်မြန်တောင်းပန်လိုက်စမ်း...."
သရဖူဆောင်းထားသည့် အမျိုးသမီး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။
ငရဲကမ္ဘာရဲ့ အရှင်သခင်တဲ့လား...
ဒီနှာဘူးက ဘယ်လိုလုပ်ပြီး ငရဲကမ္ဘာရဲ့ အရှင်သခင်ဖြစ်နိုင်မှာလဲ....
ငရဲကမ္ဘာရဲ့အရှင်သခင်ဆိုတာ နတ်ဘုရားမမြို့တော်ထဲမှာဆိုရင်တောင် အထူးအဆင့်အတန်းရှိတဲ့ တည်ရှိမှုတစ်ခုလေ..
"စိတ်မပူပါနဲ့... ဒီဘုရင်က လောကဝတ်တွေကို တကယ် ဂရုမစိုက်ပါဘူး...."
ငရဲဘုရင်အာဟ ရှက်သွေးဖြာသွားသည်။ သူက အခြားလူ၏ အဝတ်များကို ဖြဲလိုက်သော်လည်း အဖြဲခံလိုက်ရသောသူက တောင်းပန်ရဦးမည်ဆိုသဖြင့် ရှက်မိသွားရသည်။
မည်သို့ပင်ဆိုစေ သူ၏မြင့်မားလှသော အဆင့်အတန်းဖြင့်ပင် နတ်ဘုရားမမြို့တော်ထဲတွင် ဖြစ်သလို လူမသတ်ရဲပေ။ သို့မဟုတ်ပါက သူ့ရှေ့ရှိ မိန်းမတိုင်း သေပြီးသည်မှာ ကြာလှပြီဖြစ်လေသည်။
သို့သော် ...
သူ၏အဖေကြောင့် နတ်ဘုရားမမြို့တော်ထဲတွင် ဘာကိုမှ ဂရုမစိုက်ပဲ မသတ်ဖြတ်ရဲပေ။
"ငရဲကမ္ဘာရဲ့အရှင်သခင်က ခွင့်လွှတ်ပေးနေမှတော့... ကျွန်မကပဲ ဝေ့ကျင်းအစား ကျေးဇူးတင်ပါတယ်...."
မြင့်မြတ်အပျိုစင်က အေးစက်စွာပြောလိုက်သည်။
လေထဲတွင် ခြေဗလာဖြင့် ရပ်နေရင်း သူမ၏ ဝတ်ရုံလက်ဖျားများကို ကြမ်းတမ်းစွာ လွှဲရမ်းလိုက်သည်။ ထို ဝတ်ရုံလက်များ၏အောက်တွင် ကောင်းကင်တစ်ခုလုံး ဖုံးအုပ်သွားတော့မယောင် ဖြစ်နေသည်။
ဝတ်ရုံလက်ဖျားများ နေရာတကျပြန်ဖြစ်သွားသောအခါ ဝေ့ကျင်းနှင့် အစောင့်အရှောက်စစ်တပ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။
ထိုလှုပ်ရှားမှုလေးတစ်ခုဖြင့်ပင် ပုဖန် လေအေးတစ်ချက် ရှိုက်မိသွားရသည်။
ငရဲဘုရင်အာဟ၏ မျက်လုံးများလည်း ပြူးကျယ်သွားရသည်။
မြင့်မြတ်အပျိုစင်က ငရဲဘုရင်အာကိုကြည့်ပြီး ပုဖန်ကို ကြည့်ကာ မေးလိုက်သည်။
"ငရဲဘုရင်... စားရ သောက်ရ အဆင်ပြေပါစေ... တစ်ခုခုဖြစ်ခဲ့ရင် ဂရုတစိုက် ပြုမူပေးပါ..."
သူမ၏ ကျီစယ်သလို မျက်လုံးများကြောင့် ပုဖန်၏နှလုံးပင် ဆောင့်ခုန်မိသွားသည်။ ထိုမျက်လုံးများက ကမ္ဘာလောကတစ်ခွင်ကို ကစားပွဲတစ်ခုနှယ် ကြည့်နေသည့်ပုံ ဖြစ်နေသည်။
ဒီမိန်းမရဲ့ သန်မာမှုက လုံးဝကို သာမန်မဟုတ်ဘူး...
ထို့နောက် မြင့်မြတ်အပျိုစဉ် ထွက်ခွာသွားခဲ့သည်။ တဖြေးဖြေး သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
"နတ်ဘုရားမမြို့တော်ထဲက မိန်းမတွေအကုန်လုံးက စိတ်မမှန်ကြဘူး...."
ငရဲဘုရင်အာဟ သူ့ပါးစပ်သူ ရိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီ့မိန်းမက အရမ်းသန်မာတာပဲ..."
ပုဖန် ပြောလိုက်သည်။
"ဒါပေါ့ သူက အရမ်းသန်မာတာပေါ့.... သူက နတ်ဘုရားပျောက်ကွယ်တောင်တန်းတစ်ခုလုံးကို ကိုယ်စားပြုတဲ့လူလေ... ယင်းလုံလို အကျင့်ပုတ်တဲ့ နဂါးကတောင် နတ်ဘုရားမမြို့တော်ကို မဆန့်ကျင်ရဲဘူး... နတ်ဘုရားမ မြို့တော်သာ မရှိခဲ့ရင် ငရဲကမ္ဘာက အတော်လေး ကွဲပြားသွားမှာ..."
ငရဲကမ္ဘာတွင် နယ်မြေသုံးခုပိုင်းခြားထားပြီး တစ်ခုချင်းဆီတွင် ၎င်းတို့၏ ကိုယ်စားပြုအင်အားစုများရှိပြီး အလွန်သန်မာလှပေသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် နယ်မြေတစ်ခုဆီတွင် အလွန်သန်မာလှသော တည်ရှိမှုများ ရှိကြသည်။
"ထားပါလေ ဘာပဲဖြစ်ဖြစ်... ငါ နတ်ဘုရားပျောက်ကွယ်တောင်တန်းထဲ ဝင်ချင်တယ်... အဲ့ကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်ပေးနိုင်မလား..."
ပုဖန် ငရဲဘုရင်အာဟကို ကြည့်ပြီးမေးလိုက်သည်။
"နတ်ဘုရားပျောက်ကွယ်တောင်တန်းလား... အဲ့ဒီစုတ်ပြတ်နေတဲ့ နေရာမှာ ဘာသွားလုပ်မလို့လဲ... "
ငရဲဘုရင် အာဟမျက်မှောင်ကြုတ်ကာ ပုဖန်ကို သံသယဖြင့် ကြည့်လိုက်သည်။
ပုဖန် ရှင်းပြလိုက်သည်။
"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပြိုလဲပျက်ဆီးတော့မယ်... မသေမျိုးသစ်ပင် အပင်ပေါက်လည်း နက်နက်ရှိုင်းရှိုင်းအိပ်စက်သွားပြီး နတ်ဘုရားပျောက်ကွယ်တောင်တန်းမှာရှိတဲ့ အသက်စမ်းချောင်းဆီက ရေကိုသုံးပြီးမှပဲ နှိုးလို့ရတော့မယ်... အဲ့တာကြောင့် ငါအဲ့ဒီကို သွားရမှာ..."
"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပြိုလဲပျက်ဆီးတော့မယ်... ကျွတ် ကျွတ် ကျွတ်... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဟောင်းနွမ်းဆွေးမြေ့နေပြီမှန်း သိပေမဲ့.. ဒီအခြေအနေကို ဒီလောက်စောစောကြီး ရောက်လာမယ်လို့ မထင်မိဘူး..."
ငရဲဘုရင်အာဟ သူ့မေးစေ့သူပွတ်ရင်း ဆက်ပြောလိုက်သည်။
"အသက်စမ်းချောင်းက နတ်ဘုရားပျောက်ကွယ်တောင်တန်းထဲမှာ တကယ်ရှိတယ်ဆိုပေမဲ့... အထဲဝင်သွားရင်တောင် အသက်စမ်းချောင်းကို ရှာတွေ့ဖို့က လွယ်မှာမဟုတ်ဘူးနော်... မင်းတကယ်သွားချင်တာ သေချာရဲ့လား..."
ပုဖန် သူ့ကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
"အခု ငါ့မှာရွေးချယ်စရာ ရှိသေးတယ် ထင်လို့လား...."
"ကောင်းပြီလေ... ဒါဆို ငါမင်းနောက် လိုက်လို့မရဘူး... နတ်ဘုရားမမြို့တော်က ရူးနေတဲ့မိန်းမကိုပဲ မင်းကို လိုက်ပို့ခိုင်းမှ ရမယ်..."
ငရဲဘုရင်အာဟ ပြောလိုက်သည်။
ပုဖန် မျက်ဆံလှန်လိုက်သည်။
"မင်းသိတဲ့အတိုင်းပဲ... ငါ့မှာ တော်ဝင်စားသောက်ပွဲမှာ ချက်ပြုတ်ပေးဖို့ အရည်အချင်းပြည့်မီကြောင်း ပြိုင်ပွဲလုပ်မလို့လေ... ပြီးရင် ဧကရီကို ငါ့ရဲ့ ဟင်းပွဲတွေနဲ့ ချွေးသိပ်ပြီး နတ်ဘုရားပျောက်ကွယ် တောင်တန်းကို ဝင်ခွင့်ပေးခိုင်းရမယ်..."
ထိုသို့ပြောပြီးနောက်တွင် ပုဖန်က လှည့်ထွက်သွားလိုက်သည်။ သူခြေတစ်လှမ်းချပြီး မြေပြင်ပေါ် နင်းလိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ခပ်ဝေးဝေးကို ရောက်သွားခဲ့သည်။
"ပုဖန်က ရူးနေတဲ့ မိန်းမကို ချွေးသိပ်မယ်ဆိုပဲ.."
ငရဲဘုရင်အာဟ အံ့အားတကြီး ရေရွတ်လိုက်သည်။ သူ သတိပြန်ဝင်လာသည့်အချိန်တွင် ပုဖန်က အဝေးကို ရောက်နေပြီဖြစ်သည်။
"အာ... ပုဖန် ဒီဘုရင်ကိုစောင့်ပါဦး... ပြီးတော့ မင်းထွက်မသွားခင် ဒီဘုရင်ရဲ့ စားချင်စိတ်ကလေးကို အဆင်ပြေစေဖို့ တစ်ခုခုပေးခဲ့ဦးလေ..."
…
နတ်ဘုရားမမြို့တော်၊ နဂါးရေကန်
ယခုအချိန်တွင် နဂါးရေကန်ကို လူအုပ်ကြီးက ဝန်းရံထားသည်။
လူများစွာက ရင်ပြင်တွင် ဘာလုပ်သည်ကို ကြည့်ချင်နေကြသည်။ ချပ်ဝတ်များဖြင့် စစ်သားများရှိနေပြီး မြင့်မြတ်လှသည့် လူများစွာကလည်း ထိုင်စောင့်နေကြသည်။
ပြည်သူ့ရင်ပြင်ပေါ်တွင် ချက်ပြုတ်ခြင်း စင်မြင့်တစ်ခု ရှိနေသည်။
စားဖိုမှူး ဝတ်ရုံဝတ်ဆင်ထားသည့် စားဖိုမှူးကျင်းယွမ်က လေးနက်သော အမူအယာဖြစ်နေသည်။ သူမက မီးဖိုကို စိုက်ကြည့်ရင်း အတွေးနက်နေပေသည်။
သူမ ပုဖန်အလာကို စောင့်နေခြင်းဖြစ်သည်။
တော်ဝင်စားသောက်ပွဲကြီး၏ ချက်ပြုတ်ပေးခွင့်က အလွယ်တကူအရှုံးပေးရမည့် အရာမျိုးမဟုတ်ပေ။ သူမ ပုဖန်၏ ချက်ပြုတ်ခြင်းအဆင့်ကို မသိသော်လည်း သူ၏ အချက်အပြုတ်အရည်အချင်းက သာမန်မဟုတ်လောက်ပေ။ ပေါက်ကွဲအသားလုံးနှင့် ပေါက်ကွဲသံအိုးများကိုကြည့်ခြင်းဖြင့် မြင်နိုင်လေသည်။
ထိုအရာများက ဖျက်ဆီးနိုင်စွမ်းရှိသည့် ဟင်းပွဲများဖြစ်သော်လည်း ၎င်းထံမှ လွင့်ပျံနေသည့် ရနံ့အရ ထိပ်တန်းအဆင့် ဟင်းပွဲများဖြစ်ကြောင်း သိသာပေသည်။
မည်သည့် သာမန်စားဖိုမှူးမှ ထိုကဲ့သို့ ရနံ့ရှိသည့် ဟင်းပွဲမျိုး မချက်ပြုတ်နိုင်ပေ။
နဂါးရေကန်ကို အစောကတည်းက ရောက်နေကြသူများက မည်သည်ကို ပြုလုပ်မည်မှန်း သိကြလေသည်။ သူတို့အားလုံး အရင်က တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ပေးရန် ယှဉ်ပြိုင်ကြသည်ကို မြင်ဖူးသော်လည်း ယမန်နေ့က တစ်မြို့လုံးကို ထိတ်လန့်သွားစေသည့် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
နွေဦးလေပြည်စားသောက်ဆိုင်ကို ယောက်ျားတစ်ယောက်က ဖျက်ဆီးသွားခဲ့သည်။
နတ်ဘုရားမမြို့တော်ဆိုသည်မှာ အမျိုးသမီးမြို့တော်ဖြစ်သည်။ အမျိုးသမီးဦးရေများပြားမှုကြောင့် အတင်းအဖျင်းပျံ့နှံ့နှုန်းကလည်း အတော်လေး မြန်ဆန်လေသည်။
ထို့ကြောင့် တစ်ရက်အတွင်း ယောက်ျားတစ်ယောက်နှင့် နွေဦးလေပြည်စားသောက်ဆိုင်၏ စားဖိုမှူးခေါင်းဆောင်၏ ပြိုင်ပွဲအကြောင်း သတင်းကို လူတိုင်း သိနေကြပြီဖြစ်သည်။
လူတိုင်းက စပ်စုချင်လှ၍ သတင်းကြားသည်နှင့် ရောက်လာကြသည်။
သို့သော် အချိန်အတော်ကြာ စောင့်ပြီးပြီဖြစ်သော်လည်း ထိုယောက်ျားက အခုထိမရောက်သေးပေ။ ၎င်းက လူများစွာကို မကျေမနပ်ဖြစ်နေစေသည်။
ရင်ပြင်တွင် ချီစစ်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူမရှေ့တွင် သစ်ကတိုးသား စားပွဲခုံလေးရှိနေသည်။
သူမဘေးတွင် လင်းတမိန်လည်း ထိုင်နေသည်။
လင်းတမိန်ဘေးတွင် လှပသည်ဟု မဆိုသာသော အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက သန်မာလှကာ ကျင့်ကြံခြင်းအဆင့် မြင့်မားပေသည်။
ထိုလူက နဂါးနက်စစ်တပ်၏ စစ်သူကြီးဖြစ်ပြီး ချီစစ်နှင့် လင်းတမိန်တို့ထက် အားမနည်းပေ။
ထိုသုံးယောက်က ဟင်းချက်ပြိုင်ပွဲ၏ ဒိုင်လူကြီးများ ဖြစ်ကြသည်။
ထိုကဲ့သို့သော ဒိုင်များကြောင့် လူအုပ်ထဲရှိ လူတိုင်း လေအေးမျာပင် ရှူရှိုက်မိကုန်ကြသည်။
စစ်သူကြီးတွေ တစ်ချိန်တည်းအတူဆုံတာကို မတွေ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ... ပြီးတော့ အခု သူတို့က ဟင်းချက်ပြိုင်ပွဲရဲ့ ဒိုင်တွေတဲ့လေ....
အချိန်အတော်ကြာ စောင့်ပြီးနောက်တွင်ပင် ထိုလူက ပေါ်မလာသေးပေ။
"အဲ့လူကြောက်နေတာလား..."
"ယောက်ျားတိုင်းက လေကြီးတယ်လို့ပြောစမှတ်ရှိကြတယ်လေ... အဲ့ယောက်ျားက စိတ်ပြောင်းသွားပြီး ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ်..."
"စားဖိုမှူးကျင်းယွမ်က နွေဦးလေပြည် စားသောက်ဆိုင်ရဲ့ စားဖိုမှူးခေါင်းဆောင်လေ... ပြီးတော့ သူက တော်ဝင်စားသောက်ပွဲကြီးတွေကို အကြိမ်ရေအများကြီး ချက်ခဲ့ဖူးပြီးပြီ.. မနေ့တနေ့ကမှသိတဲ့ ယောက်ျားတစ်ယောက်က စားဖိုမှူးကျင်းယွမ်ကို တကယ်စိန်ခေါ်ရဲတယ် တဲ့လား..."
ပရိတ်သတ်များက ဆက်လက်ပြောဆိုနေကြသည်။ သူတို့၏ စိတ်ထဲတွင် ပုဖန်က မျက်နှာပျက်ရမည်စိုး၍ ထွက်ပြေးသွားသည်ဟုသာ ထင်နေကြသည်။
စားဖိုမှူးကျင်းယွမ်က တည်ငြိမ်နေဆဲဖြစ်သည်။
သဘောတူထားသည့် အချိန်မရောက်သေးပေ။ မနေ့က ပုဖန်၏ အပြုအမူများအရ သူက တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ပေးခွင့်ကို အမှန်တကယ် လိုချင်နေသည့်ပုံ ပေါ်သည်။ ထို့ကြောင့် ယနေ့ သူလာကို လာပေလိမ့်မည်။
ကျင်းယွမ် သက်တောင့်သက်သာ မနေရဲပါချေ။
လင်းတမိန်က ထိုင်ခုံပေါ်တွင် ပျင်းပျင်းရိရိထိုင်နေပြီး လက်ပေါ်မေးတင်ထားသည်။
အဲ့လူ ပုဖန်က တကယ်ကြောက်သွားတာလား...
နွေဦးလေပြည် စားသောက်ဆိုင်ကို ဖျက်ဆီးရဲတဲ့လူက လိပ်လိုမျိုး အခွံထဲပုန်းနေပြီပေါ့... ဒါကြောင့်ပဲ ဒဏ္ဍာရီတွေထဲမှာ ယောက်ျားတိုင်းက စိတ်မမှန်ဘူးလို့ မှတ်တမ်းတင်ထားကြတာ နေမှာ...
လင်းတမိန် သန်းဝေလိုက်သည်။
သူမ သန်းနေရင်းတန်းလန်းတွင် လူအုပ်ထဲမှ အသံမျိုးစုံ ထွက်လာခဲ့သည်။
လင်းတမိန် လှည့်ကြည့်ရင်း တံတွေးသီးမလို ဖြစ်သွားခဲ့သည်။
ထိုနေရာတွင် လူအုပ်ကြီးက လမ်းဖယ်ပေး၍ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
ထိုလူများက ယောက်ျားနှစ်ယောက်ဖြစ်သည်။
"သောက်ကျိုးနည်း..."
နတ်ဘုရားမမြို့တော်ထဲမှာ ယောက်ျားတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား...
ပုဖန်ဘေးက ရင်ဘတ်ဟပြဲနဲ. ယောက်ျားက ဘယ်သူလဲ..
ချီစစ် အံ့ဩသွားရသည်။
နဂါးနက်စစ်တပ်၏ စစ်သူကြီးကလည်း မျက်မှောင်ကြုတ်လိုက်သည်။
ငရဲဘုရင်အာဟကလည်း မျက်စိမှေးရင်း အစပ်ချောင်းကို ဆက်စုပ်နေသည်။
ဤအစပ်ချောင်းသာ ပုံမှန်အစပ်ချောင်းမဟုတ်ပေ။ ပုံစံအသစ်ဖြစ်ပြီး အရသာပိုပြင်းလေသည်။ ထို့ကြောင့် ငရဲဘုရင်အာဟကို မလျှက်ပဲ မနေနိုင်အောင် ဖြစ်နေစေသည်။
ပုဖန် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ တစ်ချိန်လုံး ဘာတွေလုပ်နေခဲ့တာလဲ...
သူ အစပ်ချောင်းကိုတောင် အဆင့်မြှင့်လာခဲ့သေးတယ်...
ယောက်ျားနှစ်ယောက် ရောက်လာခြင်းက လူအုပ်ကြီးကို တကွဲတပြားဖြစ်သွားစေသည်။
"ယောက်ျားနှစ်ယောက်လား..."
"ဒီယောက်ျားက တကယ်ထွက်မပြေးသွားဘူး... မထင်မှတ်ထားစရာပဲဟေ့... သူ့ကိုယ်သူ စားဖိုမှူးကျင်းယွမ်ကို တကယ်နိုင်မယ်များ ထင်နေတာလားပဲ..."
"စားဖိုမှူးကျင်းယွမ်က ဒီယောက်ျားကို ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ..."
လူအုပ်ကြီးက ပုဖန်ကို မြင်သည်နှင့် စတင်ပြောဆိုလာကြသည်။
စကားပြောသံများက ဆူညံလာတော့သည်။
ကျင်းယွမ် ခေါင်းမော့လိုက်ကာ ပုဖန်ကိုကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ယုံကြည်ချက်တို့ ပြည့်လျှံနေသည်။
"နောက်ဆုံးတော့... ရှင်ရောက်လာခဲ့ပြီပဲ..."
"တောင်းပန်ပါတယ်... ကျုပ်လမ်းမှာ အချိန်နည်းနည်းဖြုန်းမိ သွားတယ်...."
ပုဖန်၏ မျက်နှာတွင် ရှက်ရွံ့အားနာမှု တစ်စိုးတစ်စိမှ မရှိချေ။
"အဆင်ပြေပါတယ်... ကျွန်မအကြာကြီး မစောင့်လိုက်ရပါဘူး..."
ကျင်းယွမ်က ပြောလိုက်သည်။
ငရဲဘုရင်အာဟက လက်ထဲတွင် အစပ်ချောင်းတစ်ချောင်း ကိုင်ထားပြီး ပုဖန် စင်ပေါ်တက်သွားသည်ကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။
ပုဖန်က သူ၏အစပ်ချောင်းကို အရသာပိုရှိလာအောင် ချက်ပြုတ်ပေးနိုင်ပြီဖြစ်သော်လည်း သူ့ကို မတွေ့ရသည်မှာ ကြာလှနေပြီဖြစ်သည်။
"အခု ရှင်ရောက်လာပြီဆိုတော့... ပြိုင်ပွဲကို စကြတာပေါ့... ကျွန်မ ညှာတာနေမှာမဟုတ်ဘူးနော်.. ကျွန်မဆီကနေ တော်ဝင်စားသောက်ပွဲကြီးအတွက် ချက်ပြုတ်ပေးခွင့်ကို လွယ်လွယ်ရမယ်မထင်နဲ့...."
ကျင်းယွမ်၏ အသံချိုချိုလေးက လူအုပ်ကြီး၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ခဏအကြာတွင် သူမ၏လက်ကို လှုပ်လိုက်ကာ သစ်သားသေတ္တာများ ပြုတ်ကျလာသံကို ကြားလိုက်ရသည်။
သူမ၏လက်ထဲတွင် အမျိုးမျိုးသော မီးဖိုချောင်သုံးဓားများ ရှိနေသည်။
ချက်ချင်းလက်ငင်း စားဖိုမှူး ကျင်းယွမ်၏အော်ရာက ပြောင်းလဲသွားသည်။
ပုဖန် အံ့အားသင့်သွားသော်လည်း မျက်လုံးများက စူးရှသွားခဲ့သည်။
သူခပ်ဖြေးဖြေးအသက်ရှူထုတ်လိုက်သည်။
"စကြတော့မလား..."