အပိုင်း ၁၁၃၁
Viewers 53k

အခန်း ၁၁၃၁

ပုဖန်၏ အထူးလက်လုပ် ရေခဲမုန့်


စားဖိုမှူးကျင်းယွမ်၏ မျက်လုံးများ တောက်ပသွားကာ သူမ၏လှပသော မျက်နှာလေးပေါ်တွင် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တို့ ပြည့်နှက်နေသည်။


မီးဖိုချောင်သုံး ဓားမျိုးစုံရှိနေသည့် ဓားချိတ်သည့်စင်တစ်ခုက သူမလက်ထဲတွင်ပေါ်လာသည်။ ထိုဓားများ၏ လက်ကိုင်များ အားလုံးကို စိတ်ဝိဉာဉ်သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး စွဲမက်ဖွယ်ကောင်းအောင် တောက်ပနေသည်။


ချီစစ်က စားဖိုမှူးကျင်းယွမ်နှင့် ပုဖန်ကိုကြည့်ပြီး ထိုင်ခုံပေါ် ပျင်းတိပျင်းရွဲဖြင့် လှဲလိုက်သည်။

" တော်ဝင်စားသောက်ပွဲကြီးရဲ့ ချက်ပြုတ်ပေးခွင့်အတွက် ယှဉ်ပြိုင်ပွဲ စတင်ပါပြီ..."


ရင်ပြင်ရှိ လူတိုင်းက စိတ်လှုပ်တရှားဖြင့် အော်ဟစ် အားပေးလာကြသည်။


နောက်ဆုံးတွင် နွေဦးလေပြည်စားသောက်ဆိုင် ပျက်ဆီးသွားမှု၏တရားခံ သူတို့ အကြာကြီးစောင့်နေခဲ့ရသည့်လူက နေရာယူလိုက်ပြီဖြစ်သည်။


ချီစစ် မတ်တတ်ရပ်ပြီးပြောလိုက်သည်။

"ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်... စားဖိုမှူးနှစ်ယောက်က ဟင်းပွဲတစ်ခုဆီ ချက်ပြုတ်ရမယ်... အဲ့ဒီ့ဟင်းပွဲတွေကို ကျွန်မရယ် စစ်သူကြီးလင်းတမိန်ရယ် စစ်သူကြီးဟေးမူ အကဲဖြတ်ပေးမယ်... အနိုင်ရရှိတဲ့လူက နောက်ခြောက်ရက်အတွင်းမှာ ကျင်းပတော့မယ့် တော်ဝင်စားသောက်ပွဲကြီးမှာ ချက်ပြုတ်ပေးခွင့်ရမယ်..."


သူမ၏အသံက ကျယ်လောင်သော်လည်း လူတိုင်းက သေချာကြားရအောင် တိတ်ဆိတ်ပေးနေကြသည်။


ပုဖန်က မျက်နှာသေဖြင့် ခေါင်းငြိမ့်လိုက်သည်။


စားဖိုမှူးကျင်းယွမ်လည်း လက်ထဲတွင် မီးဖိုချောင်သုံးဓားကိုင်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။


ငရဲဘုရင်အာဟက အစပ်ချောင်းကို ပျော်ပျော်ကြီး ဆက်စုပ်နေသည်။ သူက ပုဖန်၏အချက်အပြုတ် အရည်အချင်းကို အတော်လေး ယုံကြည်ချက် ရှိပေသည်။


ပုဖန်ကို ဒီကောင်မလေးက ရင်ဆိုင်မယ်တဲ့လား... ပုဖန်က ရှုံးဖို့ မဖြစ်နိုင်ဘူး...


လူအုပ်ကြီးက စတင်၍ ဆွေးနွှေးတော့သည်။ သို့သော် ချီစစ်က လက်မြှောက်ပြလိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားရသည်။


နဂါးနီစစ်တပ်၏ စစ်သူကြီးဖြစ်သူအနေဖြင့် ချီစစ်က နတ်ဘုရားမ မြို့တော်တွင် အာဏာရှိသူဖြစ်သည်။



ရင်ပြင်နှင့် မိုင်ရာပေါင်းများစွာ အကွာတွင် လေပေါ်၌ပေါလောပေါ်နေသော စိတ်ဝိဉာဉ်သတ္တုဖြင့် ပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် ပုံရိပ်နှစ်ခု ထိုင်နေကြသည်။


ထိုထဲမှတစ်ယောက်မှာ အနီရောင်ဝတ်ရုံဖြင့် ဧကရီဖြစ်ပြီး နောက်တစ်ယောက်မှာ အေးစက်နေသော အမူအယာနှင့် နယ်သာရီဖြစ်သည်။


နှစ်ယောက်စလုံးက ရင်ပြင်ကိုကြည့်နေကြပြီး ပြိုင်ပွဲကို စောင့်ကြည့်နေကြသည်။


" နယ်သာရီလေး... ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်ထင်လဲ...."

ဧကရီပိလော့က ထိုင်ခုံပေါ်တွင် လှဲလျောင်းရင်း သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။


နယ်သာရီ၏ နက်မှောင်နေသည့် မျက်လုံးများက ခပ်လှမ်းလှမ်းရှိ တည်ငြိမ်နေသည့် မျက်နှာနှင့် ပုဖန်ကိုကြည့်လိုက်သည်။

"ပုဖန်..."


ဧကရီပိလော့က နယ်သာရီကို လှည့်ကြည့်လိုက်ရသည်။

"ဘာလို့လဲ... စားဖိုမှူးကျင်းယွမ်က တော်ဝင်စားသောက်ပွဲကြီကို အကြိမ်ပေါင်းများစွာ ချက်ဖူးတယ်လေ... သူ့ရဲ့ အချက်အပြုတ်အရည်အချင်းက အတော်လေးကောင်းတယ်... ဒီဧကရီတောင် သူ့ရဲ့ ဟင်းပွဲတွေကို သဘောကျတယ်...."


"ဘာကြောင့်ရယ်လို့ အကြောင်းပြချက်မရှိပါဘူး.. သူက ပုဖန်ဖြစ်နေလို့လေ... ပြီးတော့ သူက ဘယ်ပြိုင်ပွဲမှာမှ မရှုံးဖူးဘူး..."

နယ်သာရီ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့တက်သွားကာ အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။


ဧကရီပိလော့က ဆွံ့အသွားရကာ ကူကယ်ရာမဲ့နေသော အမူအယာကိုသာ ပြလိုက်သည်။ ခဏအကြာတွင် ဆက်ပြောပြန်သည်။

" တို့မမေးသင့်ပေမဲ့... နင့်ဘယ်တုန်းက နင့်ရဲ့ယုံကြည်မှုတွေ အားလုံးကို အဲ့ဒီ့စားဖိုမှူးလေးအပေါ် ပုံအောလိုက်တာလဲ..."


နယ်သာရီ ဧကရီပိလော့ကို တစ်ချက်စောင်းကြည့်လိုက်ပြ ညင်သာစွာ ပြောလိုက်သည်။

"ကျွန်မကိုမယုံဘူးလား... ကျွန်မတို့ လောင်းကြမယ်ဆိုရင်ကော..."


ဧကရီပိလော့၏ မျက်လုံးများ တောက်ပသွားသည်။

"လောင်းမယ်... ဒါဆို နိုင်တဲ့လူက ဘာရမှာလဲ..."


နယ်သာရီလည်း စိတ်လှုပ်ရှားလာရသည်။

"အမ်း... ရှုံးတဲ့လူက နိုင်တဲ့လူလုပ်စေချင်တာကို လုပ်ပေးရမယ် ဆိုရင်ကော..."


"ကောင်းပြီလေ... လောင်းကြတာပေါ့... ဟီးဟီး ... ဒီဧကရီက လောင်းမယ်ဆို ဘယ်တော့မှ မရှုံးဘူး...."

ဧကရီပိလော့ ရယ်လိုက်သည်။


ပြန်လည်တုန့်ပြန်သည့် အနေဖြင့် နယ်သာရီက ဧကရီပိလော့ကို ကျီစားလိုသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။



စင်ပေါ်တွင်


ချီစစ်၏ စကားကိုကြားသည်နှင့် ပုဖန်နှင့် စားဖိုမှူးကျင်းယွမ်တို့ ချက်ပြုတ်ရန် ပြင်ဆင်ကြတော့သည်။


အနည်းဆုံး ဤသည်က ပုဖန် သူ့အသက်သူ လောင်းကြေးထပ်ထားရသည့် ပြိုင်ပွဲမျိုးမဟုတ်၍ မည်သည့်တိုက်ခိုက်ရေး ဟင်းပွဲကိုမှ မထုတ်လိုက်ပေ။


မည်သို့ပင်ဆိုစေ ၎င်းက သူစိတ်သက်သာရာ ရစွာနေရမည်ဟု မဆိုလိုပေ။ သူ ဤပြိုင်ပွဲကို နိုင်မှရပေမည်။


ဘာချက်ရမည်ဆိုသည်ကို ပုဖန် ညကလယ်ယာမြေထဲတွင် ရောက်နေကတည်းက အကြံရပြီးဖြစ်သည်။


ဤဟင်းပွဲက လူတိုင်းကို သေချာပေါက် အံ့ဩသွားစေလိမ့်မည် ဖြစ်သည်။


စားဖိုမှူးကျင်းယွမ်၏ ချက်ပြုတ်ခြင်းအပေါ် ချစ်ခင်သဘောကျမှုမှာ သန်မာလှသော်လည်း သူမ၏ ချက်ပြုတ်ပုံမှာ သာမန်မဟုတ်ပေ။ သူ၏ အမြင်အရ သူမက သူမဘာချက်ချင်သည်ကို မရှာဖွေနိုင်သေးပေ။


စားဖိုမှူးကျင်းယွမ်က အတွေးနက်နေသည်။


ပုဖန် ဖြေးဖြေးချင်း အသက်ရှူထုတ်လိုက်သည်။ ထို့နောက် သူ့အတွက် သတ်မှတ်ထားသည့် နေရာကိုသွားလိုက်သည်။


သူ့လက်သူ ဆန့်ထုတ်လိုက်ပြီး သူ့ခါးမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။


ဝှီး


ပုဖန် ရပ်နေသည့်နေရာမှ အလင်းတန်းတစ်ခု တောက်ပလာသည်။ ရုတ်တရက် ကျားဟိန်းသံနှင့်တူသည့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို နှလုံးတုန်သွားစေသည်။


ဘုန်း


ကျယ်လောင်သောအသံနှင့်အတူ ကျားဖြူကောင်းကင်မီးဖိုက ပုဖန်ရှေ့သို့ ရောက်ရှိလာသည်။


စားဖိုမှူးကျင်းယွမ်၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။ ကျားဖြူကောင်းကင်မီးဖိုကို ကြည့်ပြီး သူမ ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားနေရသည်။


အဲ့ဒီ့ မီးဖိုက...


စားဖိုမှူးကျင်းယွမ် အသက်ပြင်းပြင်းရှူကာ သူမ မကြုံဖူးသည့် ဖိအားကို တောင့်ခံလိုက်သည်။


သို့သော် မီးဖိုဆီမှ ခံစားရသည့်ဖိအားကြောင့်ဖြင့်ပင် ရှုံးသွားပြီဟု ဝန်မခံနိုင်ပေ။ ယင်းအစား သူမ အကောင်းဆုံးလုပ်ရန် ပိုမိုစိတ်ဓာတ်ကြွလာသည်။


နွေဦးလေပြည် စားသောက်ဆိုင်၏ စားဖိုမှူးခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့သဖြင့် ကျင်းယွမ်က ဖိအားများစွာကို ကြုံရဖူးသည်။ ရလဒ်အနေဖြင့် သူမက ပိုမိုကြိုးစား ရုန်းကန်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူမ ဆက်လက်ကြိုးစားရပေမည်။


အတွေးတစ်ချက်ဖြင့် မီးဖိုချောင်သုံးဓားနှစ်ချောင်းက လေပေါ်ပျံလာသည်။


၎င်းတို့က လည်ပတ်နေပြီး ကျင်းယွမ်က လက်ဆန့်လိုက်ကာ ဓား၏လက်ကိုင်နေရာမှ ကိုင်လိုက်သည်။ သူမ၏မျက်လုံးများက စိတ်ဆုံးဖြတ်ချက်ချပြီး၍ တောက်ပနေသည်။


ကျင်းယွမ်၏ ပတ်ပတ်လည်တွင် ပါဝင်ပစ္စည်းများက လွင့်မျောနေသည်ကို မြင်နိုင်ပေသည်။


မီးဖိုချောင်သုံးဓား နှစ်ချောင်းကို ကိုင်ထားသော ကျင်းယွမ်က ဓားနှစ်ချောင်းကို ပြင်းထန်စွာ လွှဲရမ်းလေတော့သည်။


လေထဲတွင် မီးပွားများ လွင်ပျံလာသည်။ ပါဝင်ပစ္စည်းများက ဓားနှင့် ထိသွားသည်နှင့် မြေပြင်ပေါ် ကျသွားရသည်။


ကျင်းယွမ်၏ဓားက ပိုမိုမြန်ဆန်စွာ ရွေ့လျားလာပြီး မြင်ပင် မမြင်နိုင်တော့ပေ။


"ဒါ စားဖိုမှူးကျင်းယွမ်ရဲ့ ဓားနှစ်လက်ဖြတ်တောက်ခြင်း နည်းပညာမလား..."


"သူ့ရဲ့ တောက်ပနေတဲ့ ဓားကိုင်နည်းက တကယ် အံ့ဩဖို့ကောင်းတာပဲ..."


"စားဖိုမှူးကျင်းယွမ် ဒီနည်းကို သုံးတာကို မမြင်ရတာ အတော်ကြာပြီပဲ ..."


စင်ပတ်ပတ်လည်မှ လူများက စိတ်လှုပ်တရှား ဆွေးနွေးနေကြပြီး စင်ပေါ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။


သူတို့အတွက် စားဖိုမှူးကျင်းယွမ်၏ ချက်ပြုတ်နေပုံကို ကြည့်ရသည်ကိုကပင် ဂုဏ်ယူစရာဖြစ်နေလေပြီ။


ကျင်းယွမ်က စတင်ချက်ပြုတ်သည်နှင့် ဟိတ်ဟန်ရှိသည့် ပုံဖြစ်သွားသည်။ ပါဝင်ပစ္စည်းများကို မည်မျှနက်ရှိုင်းသည့် မည်မျှရှည်လျားသည့်ပုံဖြင့် ဖြတ်တောက်ချင်သည် စသည်ဖြင့် အရာရာတိုင်းကို သူမ၏စိတ်စေရာအတိုင်း လုပ်ဆောင်နိုင်ပေသည်။


ဤဓားနည်းပညာကို ဟန်ယွဲ့က နှစ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့၍ အမှားလုပ်မိရန်မှာ မဖြစ်နိုင်ပေ။


သူမကို စားဖိုမှူးကောင်းတစ်ယောက်ကို သတ်မှတ်ခံရစေရန် နေ့ရောညပါ လေ့ကျင့်ခဲ့ရပေမည်။ ဓားနည်းပညာဖြစ်စေ၊ ချက်ပြုတ်ခြင်းနည်းတွင်ဖြစ်စေ၊ အပူထိန်းချုပ်ခြင်းတွင်ဖြစ်စေ အရာရာတိုင်းတွင် သူမက အလွန်ကြိုးစား၍လေ့ကျင့်ခဲ့သဖြင့် သူမအလိုရှိရာအရသာအတိုင်း ချက်ပြုတ်နိုင်ခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် သူမ၏အတွေးထဲတွင် သူမလုပ်နေသည့် အရာများနှင့် ပြည့်နှက်နေသည်။


ရုတ်တရက် ခပ်လှမ်းလှမ်းမှ အံ့ဩတကြီးအော်သံကို ကြားလိုက်ရပြီး လူအုပ်ကြီးကလည်း မယုံနိုင်စရာ တစ်ခုကို မြင်နေရသည့်နှယ် ဖြစ်နေကြသည်။


စားဖိုမှူးကျင်းယွမ်သည်လည်လည်း အနည်းငယ်အံ့ဩသွားကာ သူ့အလိုလိုခေါင်းမော့၍ ကြည့်လိုက်မိသည်။


ထို့နောက် ပုဖန်စတင်ချက်ပြုတ်နေသည်ကို မြင်လိုက်ရသည်။


သို့သော်


ပုဖန်ချက်ပြုတ်နေသည့်အရာမှာ အလွန်ရိုးရှင်းလှသည်။


ကလက်ခ်


ပုဖန် ရေပုံးတစ်ပုံးကို ထုတ်လိုက်သည်။ အဖုံးကိုဖွင့်လိုက်သောအခါ နွားနို့အနံ့က လှိုင်နေအောင် ထွက်ပေါ်လာသည်။


ထိုနွားနို့၏ရနံ့က ညင်သာသိမ်မွေ့လှပြီး ပြိုင်ဘက်ကင်းသည့် စွမ်းအင်လှိုင်းအတက်အကျ ချီစစ်နှင့်လူတိုင်း၏မျက်နှာကို ပြောင်းလဲသွားစေသည်။ 


ထိုစွမ်းအင်လှိုင်းက သူတို့ကို ယခင်တစ်ကြိမ်က ပုဖန်အသုံးပြုခဲ့သည့် ပေါက်ကွဲအသားလုံးများနှင့် ပေါက်ကွဲသံအိုးကို သတိရသွားစေသည်။


"ဒီလူဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."


"နောက်ထပ် တစ်ခုခုကိုဖောက်ခွဲဖို့များ ကြိုးစားနေတာလား..."


လူတိုင်း တောင့်တင်းသွားကာ စင်ပေါ်ကို စိုက်ကြည့်လိုက်ကြသည်။


ပုဖန်က လက်ဖျောက်တီးလိုက်ပြီး မြေအိုးတစ်လုံး ပေါ်လာသည်။ ထို့နောက် ထိုမြေအိုးကို မီးဖိုပေါ်တင်လိုက်သည်။


ထိုသို့တင်ပြီးနောက်တွင် သူ့ပါးစပ်ထဲမှ အဖြူရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။


မီးတောက်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အပူရှိန်ပင်ပြောင်းလဲသွားခဲ့သလို တစ်ချိန်ဆည်းတွင် လူတိုင်းက စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


စားဖိုမှူးကျင်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


ပြင်းလိုက်တဲ့ မီးတောက်ပဲ...


ဤသည်က သူမဘဝတွင် ထိုမျှပြင်းထန်လှသည့် မီးတောက်ကို တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။


သူမ၏ စိတ်ဝိဉာဉ်အသိဖြင့် ထိုမီးတောက်က အလွန်အမင်း ခက်ထန်ကြမ်းတမ်းလှကြောင်း မြင်နိုင်ပေသည်။


ဝှစ်


မြေအိုးထဲမှ လေပူများ ထွက်ပေါ်လာသည်။


ပုဖန် အပူရှိန်ကို ချိန်ညှိပြီးသည်နှင့် ထိုအထဲကို နွားနို့လောင်းထည့်လိုက်သည်။


ဖြူဖွေးသန့်စင်လှသည့် နွားနို့များက ရေတံခွန်လို စီးကျလာပြီး နူးညံ့ သိမ်မွေ့လှသော နို့ရည်များက လူတိုင်းကို အံ့အားတကြီးအော်ဟစ်မိသွားစေသည်။


ရနံ့နှင့်ပင် လူတိုင်းကို ယစ်မူးသွားစေသည်။


စားဖိုမှူးကျင်းယွမ် အံကြိတ်လိုက်သည်။ ပုဖန်ဘာချက်နေသလဲ သူမ မသိသော်လည်း သူမသိသည့်အရာမှာ သူမ၏ကိုယ်ပိုင်ဟင်းပွဲကို စိတ်နှစ်၍ ချက်ရန် လိုအပ်နေသည် ဟူသော အချက်သာဖြစ်သည်။


စားဖိုမှူးကျင်းယွမ် လက်နှစ်ဖက်ကို ရှေ့ထုတ်လိုက်သောအခါ လူအုပ်ကြီးက တိတ်ကျသွားသည်။ ခဏအကြာတွင် သူမ၏ လက်ဖဝါးမှ အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။


သူမတွင် မသေမျိုးမီးတောက်မရှိသော်လည်း သူမ၏မီးတောက်ကို သန်မာသည်ဟု မှတ်ယူ၍ ရပေသည်။


သူမလက်ဖဝါးမှ ထွက်လာသည့် မီးတောက်မှာ အလွန်အမင်း ပူပြင်းလှသည်။ ၎င်း၏ အပူရှိန်က ပုဖန်၏မီးတောက်၏ အပူရှိန်လောက် မမြင့်မားသော်လည်း ၎င်းကို သူမကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းကို အပြည့်အဝထိန်းချုပ်နိုင်လု နီးနီးဖြစ်နေသည်။


ဘုန်း


မီးဖိုထဲသို့ မီးတောက်ကို ထည့်ပြီးသည်နှင့် စားဖိုမှူးကျင်းယွမ်က စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာတိုင်းကို ဘေးပစ်ပြီး စတင်ချက်ပြုတ်တော့သည်။


အခြားတစ်ဖက်တွင် ပုဖန်၏ ထူးခြားသော ချက်ပြုတ်နည်းက လူတိုင်းနီးပါး၏အာရုံကို ဆွဲဆောင်ထားနိုင်လေသည်။


မြေအိုးထဲမှ ဆူပွက်နေသော အသံကို ကြားနေရသည်။


အိုးထဲ လောင်းထည့်ခံထားရသော နွားနို့များက စတင်ဆူပွက်နေလေပြီ။ နွားနို့ပူဖောင်းလေးများက ပျောက်ချည်ပေါ်ချည်ဖြင့် နွားနို့ရနံ့သင်းသင်းကို ပိုမိုမွှေးပျံ့လာစေသည်။


နွားနို့ဆူပွက်လာသည်နှင့် ပုဖန်က အခြားအရာများကို စတင်လုပ်ကိုင်တော့သည်။


သူဥတစ်လုံးထုတ်ယူလိုက်သည်။


ထိုဥများက သူမသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ယူလာခဲ့သည့် ကြယ်ရှစ်ပွင့်သားရဲဧကရာဇ် ဆီမှဖြစ်သည်။

 

ထိုဥများက ထိပ်တန်းအရည်အသွေးရှိသည်။ သို့သော် သူသုံးခဲ့ဖူးသမျှဥထဲတွင် ဖီးနစ်ငှက်ဥကသာ အကောင်းဆုံးဖြစ်လေသည်။


သို့သော်လည်း ဖီးနစ်ငှက်ဥများက ရှားပါးလှသည်။ ပုဖန်တွင်ရှိသည့် တစ်ခုတည်းသော ဥကလည်း အသုံးပြုပြီးသားဖြစ်လေသည်။


ယခုတွင် ပုဖန်က ဖီးနစ်ဥများကို လိုချင်နေသော်လည်း ရှာမတွေ့သေးပေ။


ဖြူပြာရောင် ကြွေပန်းကန်လုံးနှစ်လုံးကို ထုတ်ယူလိုက်သည်။


ကြယ်ရှစ်ပွင့် သားရဲဧကရာဇ် ဧကရာဇ်ဆီမှ ဥများက မကြီးလှပေ။ လက်ဖဝါးသုံးခုစာလောက်သာရှိသည်။


ဥကို မြှောက်လိုက်ကာ ပြန်ကျလာသည်နှင့် ကြွေပန်းကန်လုံးနှင့်ထိကာ ကွဲအက်သွားသည်။ 


ဥခွံကွဲအက်သွားသည်နှင့် ပုဖန်က ဥအနှစ်နှင့် အကာကို ဂရုတစိုက်ခွဲခြားလိုက်သည်။


ဤအဆင့်က ပုဖန်အတွက် မခက်ခဲပေ။ သို့သော် ကြည့်နေကြသည့် လူအများစုက သူဘာလုပ်ရန် ကြိုးစားနေသလဲကို နားပင်မလည်တော့ပေ။


"ဒီလူဘာတွေချက်ဖို့ ကြိုးစားနေတာလဲ..."


သူ၏ ထူးဆန်းသည့် ချက်ပြုတ်ပုံက လူတိုင်းကို ဆွံ့အသွားစေသည်။


အစီအရင်အသေးလေးတစ်ခုကို တည်ဆောက်လိုက်သည်။ အစီအရင်ထဲမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။


ထို့နောက် ပုဖန်က နူးညံ့သော အသံဖြင့် ခေါ်လိုက်သည်။


"ပုစွန်ပိစိ..."


ရွှေရောင်အလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာပြီး ပုဖန်ဘေးတွင် လှည့်လည် ပျံသန်းနေသည်။


ပုဖန်က ပုစွန်ပိစိကို ဥအကာနှင့် အနှစ်ကို ခွဲခြားစေပြီး သူက သလင်းကြည်ရောင်သကြားများကို ထုတ်ယူလိုက်သည်။ ထို့နောက် ပုစွန်ပိစိကို ကြက်ဥအကာကို ခေါက်စေသည်။


ကြက်ဥအကာကို ခေါက်ပြီးနောက်တွင် ကြက်ဥအနှစ်ကိုခေါက်စေသည်။


ပုစွန်ပိစိက အစားအသောက်များ၏ အရသာကို ပိုမိုအရသာရှိစေသည့် စွမ်းအင်တစ်မျိုးကို ထုတ်ပေးနိုင်ပြီး ၎င်းက ဟင်းပွဲများ၏ အသက်စွမ်းအင်ကို များပြားစေသည်။


ထို့နောက် ပုဖန်က မြေအိုးကို လှည့်ကြည့်လိုက်သည်။


မြေအိုးထဲရှိ နွားနို့က ဆူပွက်နေဆဲဖြစ်ပြီး သူလိုချင်သည့် အခြေအနေအထိ တဖြေးဖြေးပျစ်ခဲလာသည်။


အပေါ်ယံအမြှုပ်တစ်လွှာကို ဖယ်ပြီးနောက်တွင် ပျစ်ခဲနေသည့် နွားနို့များကို ပန်းကန်လုံးထဲ လောင်းချလိုက်သည်။ နွားနို့များကို အအေအေးခံရင်း ပုဖန်က အခြားအရာများကို ဆက်လုပ်လိုက်သည်။


အခြားတစ်ဖက်တွင် ပုစွန်ပိစိက ပုဖန်ခိုင်းထားသည်ကို လုပ်ဆောင်၍ ပြီးတော့မည်ဖြစ်သည်။ ဥအနှစ်နှင့် အခါများကို ခေါက်၍ပြီးတော့မည်ဖြစ်ပြီး ပန်းကန်လုံးထဲတွင် ပူဖောင်းအနည်းငယ် ထနေပြီဖြစ်သည်။


ထို့နောက် ပုဖန် နွားနို့ကို ကြက်ဥအကာရှိသည့် ပန်းကန်ထဲ လောင်းထည့်လိုက်သည်။


နွားနို့နှင့် ဥအကာတို့ကို အတူတကွရောမွှေလိုက်ပြီး အချိန်အတော်ကြာသောအခါ ပိုမိုပျစ်ခဲလာသည်။


အသေအချာရောမွှေပြီးသောအခါ ပုဖန်က ကြက်ဥအနှစ်ကိုထည့်ပြီး ပုစွန်ပိစိကိုပါထည့်၍ ရောမွှေလိုက်သည်။ 


ပုစွန်ပိစိက ရောမွှေခံနေရသည်ကို ပျော်နေပုံပေါက်ပြီး လည်ပြီးရင်း လည်နေသည်။ ပုစွန်ပိစိထံမှ မမြင်ရလုနီးနီးဖြစ်နေသည့် ရွှေရောင်ဖျော့ဖျော့စွမ်းအင်များက ဟင်းပွဲထဲတွင် အသေအချာပေါင်းစပ်သွားပြီဖြစ်သည်။


ပြင်ဆင်ပြီးသားအရည်များရလာသောအခါ ပုဖန်က အသက်ဖွဖွရှူထုတ်ပြီး နောက်ဆုံးအဆင့်ဖြစ်သလို အရေးအကြီးဆုံးဖြစ်သည့် အေးခဲရမည့်အဆင့်ကို အသင့်ပြင်နေလိုက်သည်။


ပုဖန်က စနစ်ကထောက်ပံ့ပေးထားသည့် ရေခဲသေတ္တာကိုမသုံးပေ။


သူ့တွင် အကြံတစ်ခုရှိနေသည်။


သူ၏ ကိုယ်ပိုင်စိတ်စွမ်းအင်ကိုသုံးပြီး အရည်များ၏ ပတ်ပတ်လည်မှလေထုကို အေးခဲစေကာ သူလိုချင်သည့် အပူရှိန်ကို ထိန်းချုပ်မည်ဖြစ်သည်။


ပုဖန်၏ စိတ်စွမ်းအင်က ရုတ်တရက်ပေါ်ထွက်လာသည်။


လက်ကြီးတစ်ဖက်နှင့်တူသည့် အရာတစ်ခု ထွက်ပေါ်လာပြီး ဖြူပြာရောင် ကြွေပန်းကန်လုံးကို ဖုံးအုပ်သွားသည်။


ဖြူပြာရောင် ကြွေပန်းကန်လုံး ပတ်ပတ်လည်တွင် ချက်ချင်းလက်ငင်း ရေခဲမှုန်များ ထွက်ပေါ်လာသည်။


ပုဖန်၏ မျက်လုံးများက ကြွေပန်းကန်လုံးကိုသာ စိုက်ကြည့်နေသည်။


ပွဲကြည့်ပရိတ်သတ်များက ပုဖန်၏ ချက်ပြုတ်သည့်နည်းလမ်းကို ပဟေဠိဖြစ်နေကြသည်။ သူတို့ ပထမဆုံး နွားနို့နံ့ကိုရလိုက်ပြီးနောက်တွင် ဘာမှထပ်မမြင်ရတော့ပေ။


သို့သော် နွားနို့ထံမှရနံ့က ပုဖန်၏ ချက်ပြုတ်သည့် အရည်အချင်းကို မသိနိုင်ပေ။


လူများက ပိုမိုသိချင်လာကြသည်။


ဒီလူတကယ်ကော ချက်ပြုတ်တတ်ရဲ့လား....


အခြားတစ်ဖက်တွင် စားဖိုမှူးကျင်းယွမ်ချက်ပြုတ်နေသည်က ပြီးခါနီးပြီဖြစ်သည်။


မီးလျှံများထွက်ပေါ်နေကာ မီးတောက်များက အဆက်မပြတ် လူးလွန့်နေသည်။


ဟင်းပွဲများ၏ ရနံ့သင်းသင်းများက လေနှင့်အတူ မျောလွင့်လာသည်။


လူတိုင်း ဆီပွက်သံကို ကြားနေရသည်။


လူအုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။


ဒါကမှဟင်းချက်တယ်လို့ခေါ်တယ်... အဲ့လူရဲ့လုပ်ပုံက ဟင်းချက်တယ်လို့ ခေါ်နိုင်လို့လား...


သူချက်တယ်ဆိုတာက စားလို့ကောရမှာလား ...


လူများစွာက နှာခေါင်းရှုံ့လိုက်သည်။


ရုတ်တရက်


ပုဖန်ကို ကြည့်နေသည့် လူတစ်ယောက်က သံသယဝင်သည့် အမူအယာဖြစ်သွားသည်။


ပုဖန်၏ခေါင်းပေါ်တွင် တိမ်မဲများ ထွက်ပေါ်လာသည်။

ဒါပေမဲ့ တိမ်မဲတွေက ဘယ်လိုလုပ်ပြီး မြေပေါ်မှာ ရှိနေရာတာလဲ...


လုတိုင်း အံ့ဩသွားကြသည်။


ချီစစ်နှင့် အခြားစစ်သူကြီးများပင် အနည်းငယ် ထိတ်လန့်သွား ရသည်။


ခဏအကြာတွင် တိမ်မဲများမှ မိုးကြိုးမုန်တိုင်းတစ်ခု ထွက်ပေါ်လာတော့မည့်ဟန် ဖြစ်နေသည်။


ပုဖန် မိုးကြိုးပစ်ဒဏ်ကိုကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


ပုဖန်ရဲ့ အထူးလက်လုပ်ရေခဲမုန့်... နောက်ဆုံးတော့ ပြီးသွားပြီပဲ...