အခန်း ၁၁၃၂
ငါနောက်တစ်ကြိမ် ငယ်ရွယ်သွားသလို ခံစားလိုက်ရတယ်
ဘုန်း
မိုးခြိမ်းသံများထွက်ပေါ်လာသည်နှင့် နတ်ဘုရားမြို့တော် အတွင်းရှိလူတိုင်း ထိတ်လန့်သွားကြသည်။
နတ်ဘုရားမြို့တော်က မိုးကြိုးပြစ်ဒဏ်ကို မခံရသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။
လူအုပ်ကြီးက ကမ္ဘာကြီးပျက်တော့မယောင် ကြောက်ရွံ့နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
စားဖိုမှူး ကျင်းယွမ်သည်လည်းအံ့ဩသွားခဲ့သည်။ ခေါင်းမော့လိုက်ကာ ကောင်းကင်တွင် စုဝေးနေသော တိမ်မဲများကိုကြည့်ပြီး နှလုံးတစ်ခုလုံးပင် တုန်ယင်လာသည်။
"ဘာ...ဘာဖြစ်နေတာလဲ..."
စားဖိုမှူးကျင်းယွမ်၏ မျက်လုံးများက ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းရှိ ပုဖန်ကို မြင်လိုက်ရသည်။ သူ၏တည်ငြိမ်နေသော အမူအယာကိုကြည့်ပြီး ထိတ်လန့်သွားရသည်။
ဒီတိမ်တွေ စုဝေးကုန်တာ သူ့ရဲ့ဟင်းပွဲကြောင့်လား...
ဒါဆိုရင်... ဒီဟင်းပွဲက ဘယ်လောက်တောင် သာမန်မဟုတ်လိုက်သလဲ...
ချီစစ်၊ လင်းတမိန်နှင့်အခြားလူများ အားလုံးကောင်ကင်ပေါ်ရှိ မိုးကြိုးပြစ်ဒဏ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
ပုဖန်က မိုးကြိုးပြစ်ဒဏ်နှင့် ပတ်သတ်၍ ထူးဆန်းမနေတော့ပေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် သူချက်သမျှဟင်းပွဲတိုင်းက မိုးကြိုးပြစ်ဒဏ်ခံရပြီး အင်မော်တယ်စားဖိုမှူးတစ်ယောက်အနေဖြင့် ကြုံတွေ့ရမည့် အရာမျိုးဖြစ်သည်။
ဇီးပန်းပွင့်တို့က ငွားငွားစွင့်စွင့်ပွင့်နိုင်ရန် ဆောင်းလေအေး၏ ဒဏ်ကိုကြံ့ကြံ့ ခံရသလို ဟင်းပွဲများကလည်း ပြီးပြည့်စုံမှု ရှိစေရန် မိုးကြိုး ဖြင့်မွန်းမံခံရပေသည်။
ဝှီး
ရုတ်တရက် ပုဖန်ဘေးတွင် တစ်စုံတစ်ခုပေါ်လာသည်။
ဝှိုက်တီ၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်တက်သွားပြီး ၎င်း၏မျက်လုံးများ တောက်နေလျက်ရှိသည်။
ဝှိုက်တီကို ခေါ်ထုတ်ပြီးနောက်တွင် ပုဖန်က မိုးကြိုးပြစ်ဒဏ်ကို ဂရုပင်မစိုက်တော့ပေ။ သူ၏မျက်လုံးများက အေးခဲခံပြီးဖြစ်သော ရေခဲမုန့်ပေါ်ကျရောက်သွားသည်။
ရေခဲမုန့်ဆိုသည်မှာပုဖန်နှင့် မရင်းနှီးသည့်အရာမျိုးသာဖြစ်သည်။
အရည်အသွေးမြင့် ရေခဲမုန့်တစ်ခုဆိုသည်မှာ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ရသည့်အဆင့်များကိုနောကျေနေသည့် ရေခဲမုန့်ပြုလုပ်သူ တစ်ဦးမှသာ ပြုလုပ်နိုင်သည့် အရာဖြစ်သည်။
ကျွမ်းကျင်အဆင့် ရေခဲမုန့်ပြုလုပ်သူဆိုသည်မှာ နောက်ဆုံးရလဒ်အတွက် လူသားမဟုတ်သော အဆင့်အထိ အရာအားလုံးအပေါ် ထိန်းချုပ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် အပူရှိန်တွင် ပုဖန်က ၎င်း၏ အကောင်းဆုံးအရသာ ရသည်အထိ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ထိန်းချုပ်ရသည်။
ဖြူပြာရောင်ကြွေပန်းပန်လုံးထဲတွင် ရေခဲမုန့်များက အောင်အောင်မြင်မြင် ခဲသွားခဲ့ပြီ ဖြစ်သည်။
အေးစိမ့်စိမ့်လေထုက လည်ပတ်နေသော်လည်း ရနံ့က မပြင်းလှပေ။ သို့သော် မည်သူမဆို နွားနို့ရနံ့သင်းသင်းလေးတော့ ရနိုင်သေးပေသည်။
ထိုအချိန်တွင် မိုးကြိုးကအဆက်မပြတ်ပစ်ချနေသော်လည်း ဝှိုက်တီ၏ ခုခံမှုအောက်တွင် အဆက်မပြတ် စုပ်ယူခံနေရသည်။
ဤတစ်ကြိမ်တွင် ရေခဲမုန့်က မိုးကြိုးလေးချက်ကို ခံယူရမည်ဖြစ်ပြီး ဝှိုက်တီကလည်း အေးအေးဆေးဆေး ခုခံနိုင်ခဲ့သည်။
မိုးကြိုးများကို စုပ်ယူပြီးနောက်တွက် ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများတွင် လျှပ်စီးများထလာပြီး ပုဖန်နောက်တွင် ပြန်ရပ်နေလိုက်သည်။
ကောင်းကင်ပေါ်ရှိ တိမ်မဲများက စတင်၍ ပျောက်ပြယ်လာသည်။ ခဏအကြာတွင် နတ်ဘုရားမမြို့တော်တစ်ခုလုံးကို ထိတ်လန့်သွားစေသည့် ထိုတိမ်တိုက်များက လုံးဝပျောက်ကွယ်သွားခဲ့သည်။
ယခုလေးတင် ဖြစ်ပျက်သွားသည့်အရာတိုင်းကို အခြေခံ၍ ဤမိုးကြိုးပြစ်ဒဏ်က ထိုယောက်ျားကြောင့် ဖြစ်ပေါ်လာရကြောင်း နားလည်သွားကြလေသည်။
ဘယ်လိုလုပ်ပြီး ဟင်းတစ်ပွဲက မိုးကြိုးပြစ်ဒဏ်ကို ခံယူရတာလဲ...
ဤသည်က သူတို့တွေးထားသည်များထက် ကျော်လွန်နေပေသည်။
လူများစွာက အသက်ပြင်းပြင်းရှူ၍ သိချင်စိတ်အပြည့်ဖြင့် ကြည့်လာကြသည်။ သူတို့အားလုံးက ပုဖန်၏ ဟင်းပွဲက ဘာမှမထူးခြားဟု ထင်ခဲ့သော်လည်း မိုးကြိုးပြစ်ဒဏ်ကြောင့် သူတို့အားလုံး၏အတွေးမြင်များ ပြောင်းလဲသွားခဲ့သည်။
မိုးကြိုးပြစ်ဒဏ်ကိုပင် ခံယူရသည့် ဟင်းပွဲမှာ အမှန်တကယ် ထူးခြားလှချေ၏။
ဝှစ်
လေဝဲကြီးတစ်ခုမှ ထွက်လာသကဲ့သို့ သိပ်သည်းလှသည့် ရနံ့များက လူတိုင်းကို ခြုံလွှမ်းသွားသည်။
စားဖိုမှူး ကျင်းယွမ် နောက်ဆုံးတွင် ချက်ပြုတ်၍ပြီးဆုံးလေပြီ။
ဟင်းပွဲအပေါ်ဆီပူများ လောင်းချလိုက်သည်။ ထိုအချက်ကြောင့် ရနံ့များက ပိုမိုသိပ်သည်းလာခဲ့သည်။
အနံ့ခံကြည့်လိုက်ပြီး ပုဖန်အနည်းငယ် မအံ့ဩပဲမနေနိုင်တော့ချေ။
အနံ့က အလွန်ကောင်းလှသည်။ ဤရနံ့က မိုးကြိုးပြစ်ဒဏ်ခံယူထားသော ဟင်းပွဲများနှင့် ယှဉ်လျှင်ပင် မည်သည့်နေရာတွင်မှ မနိမ့်ကျပေ။
ဤမိန်းကလေး၏ ဟင်းချက်နည်းက အမှန်အတိုင်းပြောရလျှင် အတော်လေးကောင်းလှသည်။
လှပသေသပ်စွာ စီစဉ်ထားသော ဟင်းပွဲမျှော်စဉ်လေးပင် ဖြစ်နေသည်။ ပါဝင်ပစ္စည်းများကို ကြော်ထားပြီး တစ်ခုချင်းစီ ထပ်ထားသည်။ နောက်ဆုံးတွင် ထည့်လိုက်သည့် ဆီကအောက်သို့ လှပစွာ စီးကျနေသည်။
၎င်းက ခမ်းနားထည်ဝါလှသော ဟင်းပွဲလေးပင်။
သို့သော် ပုဖန်က ဟင်းပွဲကို တစ်ချက်သာကြည့်ပြီးသည်နှင့် အကြည့်လွှဲလိုက်သည်။
ဤစားဖိုမှူးကျင်းယွမ်က အချက်အပြုတ်တော်ပေ၏။ သို့သော် သူ၏ အမြင်အရဆိုလျှင် ဤမျှပင်။ သူမက တော်ရုံမျှသာ။
မည်သို့ပင်ဆိုစေ ဤမြို့က နတ်ဘုရားမမြို့တော်ဖြစ်သည်။ မည်သည့်နေရာတွင်မဆို မသေမျိုးစားဖိုမှူးများရှိနေသော မသေမျိုးအချက်အပြုတ်နယ်မြေမဟုတ်ချေ။
စားဖိုမှူးကျင်းယွမ်၏ ချက်ပြုတ်သည့်အဆင့်က မသေမျိုးစားဖိုမှူးတစ်ယောက်နှင့် နီးပင်မနီးစပ်ပေ။
သို့သော်လည်း သူမတွင် အခြေခံကောင်းကောင်းရှိနေသည်။ သူမတွင် တော်ရုံတွေ့ရလေ့မရှိသော အလွန်အရေးအကြီးသည့် အချက်အပြုတ်လမ်းကြောင်း၏ နှလုံးသားရှိသည်။
မသေမျိုးအချက်အပြုတ်နယ်မြေထဲတွင် အချိန်မဖြုန်းဖူးပါက အချက်အပြုတ်လမ်းကြောင်း၏ နှလုံးသားရှိရန်မှာ ခက်ခဲလွန်းလှပေ၏။
ထို့ကြောင့် စားဖိုမှူးကျင်းယွမ်၏ အရည်အချင်းက အလွန်းကောင်သည်ဟု သတ်မှတ်၍ရသည်။
သို့သော် သူမချက်ပြုတ်နေရသည့် ပတ်ဝန်းကျင်ကြောင့် သူမ၏ အရည်အသွေးက ဤအဆင့်အထိသာ ရောက်နိုင်သည်။
ပုဖန်က ကျင်းယွမ်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ခဏအကြာတွင် မီးဖိုကို ရိုက်ချလိုက်သည်။
ဘန်း
လူတိုင်း လန့်သွားကာ ပုဖန်ကို ကြည့်လာကြသည်။
ရေခဲမုန့်မှ တောက်ပနေသည့် ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်လာသည်။ ဤသည်က ပုဖန်၏အပူရှိန် ထိန်းချုပ်ရာတွင် ဆရာတစ်ဆူဖြစ်ကြောင်း သက်သေပြနေသည့် ရလဒ်တစ်ခုဖြစ်သည်။
လေအေးများ ရစ်သိုင်းလာ၏။ ရောင်စုံမြူခိုးလှလှလေးများဖြင့် ပေါင်းစပ်၍ ဟင်းပွဲက လှပသော အနုပညာလက်ရာလေးတစ်ခုလို ဖြစ်နေသည်။
၎င်းက ညှို့ယူဖမ်းစားနိုင်လောက်အောင် လှပသော ရေခဲအပိုင်းလေးတစ်ခုပင်။
ဝှစ်
ပုဖန်၏ လက်ကို လှုပ်ခါလိုက်သောအခါ အရောင်မဲ့သော အငွေ့များက ကောင်းကင်ယံအထိ ပျံတက်သွားသည်။
ထို့နောက် သူ့လက်ထဲတွင် လည်ပတ်နေပြီးအလင်းတန်း ထွက်နေသောဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ပေါ်မှ ဥက္ကာခဲကြွေကျလာသည်နှင့် တူနေသည်။
လူတိုင်း ဓားရွေ့လျားနေသည်ကို ကြည့်နေကြသည်။ သူတို့အားလုံးအသက်ပင် အောင့်ထားပြီး အသံတစ်သံမှမထွက်ရဲကြချေ။
ထိုအချိန်တွင် ပုဖန်က သူ၏ဓားကိုင် ကျွမ်းကျင်မှုကို ပြလေတော့သည်။ လူတိုင်း ညကောင်းကင်ယံမှ ကြယ်တို့ကြွေနေသလို မြင်ကွင်းမျိုးကို မြင်နေရသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးက လူတိုင်းကို မှင်သက်မိသွားစေသည်။
ကြယ်ပျံဖြတ်တောက်နည်းဓားနည်းစနစ်နှင့် ဧရာမရုပ်လုံးဖော်နည်းစနစ်... ထိုဓားနည်းစနစ်များက ပုဖန်၏မှတ်ဉာဏ်ထဲတွင် သံမှိုစွဲသလို ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ထုတ်သုံးခြင်းမှာ ပုဖန်အတွက် ပန်းခြံထဲ လမ်းထွက်လျှောက်သလို လွယ်ကူပေသည်။
ဓားက ရေခဲမုန့်၏အပေါ်တွင် လှီးဖြတ်လိုက် ထွင်းထုလိုက်လုပ်နေသဖြင့် အရောင်စုံလှသည့် အလင်းများက မှိန်လိုက် လင်းလိုက်ဖြစ်နေသည်။
ထိုဖြစ်ရပ် လူတိုင်းကို ထပ်ခါထပ်ခါ အံ့ဩနေစေသည်။
ခဏအကြာတွင် ကျားဖြူကောင်းကင်မီးဖိုပေါ်တွင် ထွင်းထုပုံဖော်ထားသော ရေခဲမုန့်က ဖြေးဖြေးချင်း ကျဆင်းလာသည်။
ပုဖန် လက်ကို လှန်ချလိုက်သည်။
ဖြူပြုရောင် ကြွေပန်းကန်သုံးလုံး ထွက်ပေါ်လာသည်။ ထို့နောက် ရေခဲမုန့်က ကြွေပန်းကန်လုံးများထဲသို့ ကျသွားသည်။
ပထမပန်းကန်လုံးထဲရှိ ရေခဲမုန့်က ပွင့်လန်းနေသည့် နှင်းဆီပန်းလေးနှင့်တူသည်။ ၎င်း၏ပွင့်ချပ်များက မထူလွန်းမပါးလွန်းသလို လှပသော ပုံသဏ္ဍာန်လေးအဖြစ် ကွေးညွတ်နေသည်။
ဒုတိယပန်းကန်လုံးထဲရှိ ရေခဲမုန့်ကပျံသန်းနေသည့် ငှက်ငယ်လေးတစ်ကောင် ပုံသဏ္ဍာန်ဖြစ်သည်။ ပြီးပြည့်စုံစွာ ကွေးညွတ်နေသည့် အတောင်ပံများက ရေခဲမုန့်ကို အသက်ဝင်နေစေပြီး ပျံသန်း၍ထွက်ပြေးတော့မယောင် ထင်မိစေသည်။
နောက်ဆုံး ပန်းကန်လုံးထဲရှိ ရေခဲမုန့်က မျက်စိမှေးမှေးဖြင့် ဝက်ဝံငယ်လေးတစ်ကောင်ဖြစ်သည်။ ကြွေပန်းကန်ထဲတွင် ထိုင်နေပုံမှာ ချစ်စရာကောင်းသလို အူယားစရာကောင်းနေသည်။
ရေခဲမုန့် သုံးပန်းကန် ထွက်လာသောအခါ လူတိုင်းအကြည့်မလွှဲနိုင်အောင် ဖြစ်သွားရသည်။ သူတို့အားလုံး ပုဖန်က ဤကဲ့သို့သော ဟင်းပွဲမျိုး လုပ်နိုင်မည်ဟု လုံးဝမတွေးခဲ့ကြပေ။
ရေခဲမုန့်က ရောင်စုံရှိနေပြီး တောက်ပနေလျက်ရှိသည်။ သူတို့အားလုံး မျက်စိပင် မလွှဲနိုင်ပေ။
"ဝိုး.... လှလိုက်တာ..."
"ငါတို့ အဲ့တာကို စားလို့ကောရလား...အရမ်းကို လှနေတာကြီးနော်...."
"ငါ့ကို မလှုပ်ရှားနိုင်လောက်အောင် စွဲဆောင်နိုင်မယ့် ဟင်းပွဲမျိုးရှိနိုင်မယ်လို့ တစ်ခါမှမတွေးကြည့်ဖူးဘူး..."
ချက်ချင်းပင် လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။
ရနံ့မရှိသော်လည်း အမြင်အာရုံဖြင့်ပင် အမျိုးသမီးတိုင်း၏ အသည်းနှလုံးကို ဖမ်းစားသွားခဲ့ပြီ ဖြစ်သည်။
စားဖိုမှူးကျင်းယွမ်က ပုဖန်၏ ဟင်းပွဲကို စိုက်ကြည့်နေမိသည်။
ဒါက ဟင်းပွဲတစ်ခုလား....
ရေခဲဟင်းပွဲလား....
ပုံပန်းသွင်ပြင်အရတော့... ချစ်ဖို့ကောင်းပြီး... မှော်ဆန်ဆန်လှတယ်...
ရုတ်တရက် ကျင်းယွမ်က သူမ၏ဟင်းပွဲများအပေါ်တွင် ယုံကြည်ချက်မရှိတော့ပေ။
ပုဖန်က ဖြူပြူရောင်ကြွေပန်းကန်လုံးများတွင် စွန်းပေနေသည်ကို သန့်ရှင်းကာဖြူစွတ်နေသော အဝတ်စနှင့် သုတ်လိုက်သည်။ ထို့နောက် နောက်ထပ် အဖြူရောင်အဝတ်စတစ်ခု ထုတ်လိုက်ကာ ပန်းကန်အောက်တွင် ဖြန့်ခင်းလိုက်သည်။ သူ့လက်ကိုတစ်ချက်လှုပ်လိုက်ပြီး အဖြူရောင် အဝတ်စဘေးနားတွင် ငွေဇွန်းတစ်ခု ချလိုက်သည်။
ထို့နောက် ပုဖန်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သက်ပြင်းဖွဖွချလိုက်သည်။
"အထူးလက်ရာ ရေခဲမုန့်... ပြီးပြီ..."
ပရိတ်သတ်များက လက်ခုပ်လက်ဝါးတီး၍ အားပေးကြသော်လည်း ထိုအမျိုးသမီးက သူတို့ကိုယ်သူတို့ဘာကြောင့် အားပေးမိမှန်း မသိကြတော့ပေ။
…
အဝေးမှ ဧကရီပိလော့က လည်တဆန့်ဆန့်ဖြင့် ရေခဲမုန့် ပန်းကန်သုံးခုကို ကြည့်နေသည်။
"နယ်သာရီလေး... ပုဖန်ချက်နေတာ ဘာဟင်းပွဲလဲဟင်.. ဒီအစ်မကြီးက ဘာကိစ္စကြောင့်အဲ့လိုဟင်းပွဲမျိုး တစ်ခါမှ မမြင်ဖူးရတာလဲ..."
နယ်သာရီလည်း အံ့ဩနေရသည်။ သူမသည်လည်း ပုဖန်ဤဟင်းပွဲကို ချက်သည်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
သူမလည်း ထိုဟင်းပွဲကို တစ်ခါမှ မစားဖူး၍ဧကရီပိလော့ကို ဘယ်လိုဖြေရမလဲ မသိပေ။
"အဲ့တာက စားလို့ကောရရဲ့လား... စားလို့မရရင် ကျင်းယွမ်ကို နိုင်တယ်လို့ ပြောလို့မရဘူးနော်..."
နယ်သာရီက ဧကရီပိလော့ကို ကြည့်ပြီး ပြောလိုက်သည်။
"ပုဖန်ရဲ့ ဟင်းပွဲတိုင်းက သာမန်မဟုတ်ဘူး... အစပ်ချောင်းဆိုတာက ဘယ်မှာမြင်ဖူးလို့လဲ... ဟော့ပေါ့ဆိုတာရော... ပြီးတော့ သွေးကျောက်ပုစွန်အစပ်က ဘယ်လောက် စားကောင်းလဲရောသိလား...."
နယ်သာရီ၏ စကားများက ဧကရီပိလော့ကို ထိတ်လန့်သွားစေသည်။
ဟင်းပွဲနာမည်တွေက ထူးဆန်းလှချေလား...
အစပ်ချောင်းတဲ့... အဲ့တာဘာကြီးလဲ...
ဟော့ပေါ့တဲ့... ပူနေတဲ့အိုးကို ပြောတာလား..
သွေးကျောက်ပုစွန်အစပ်... အဲ့တာလေးကတော့ ကောင်းမယ့်ပုံပဲ...
ဂလု
သူမစိတ်ထဲတွင် ထိုအတွေးများ ထွက်ပေါ်လာသည်နှင့် ပိလော့တံတွေးမိချမိသွားသည်။
"ကောင်းပြီလေ... ငါနင့်ကို ယုံလိုက်ပါ့မယ်..."
"အစ်မကြီးပိလော့... ကျွန်တို့ရဲ့လောင်းကြေးစားကြေးကို မမေ့နဲ့ဦးနော်..."
ဧကရီပိလော့နှာမှုတ်လိုက်သည်။
"စောင့်ကြည့်လိုက်ပါဦး ဒီဧကရီက လောင်းတဲ့နေရာမှာ တစ်ခါမှမရှူံးဖူးဘူးနော်..."
…
ပုဖန်ဘေးတွင် ရေခဲမုန့်ပန်းကန် သုံးခုဝဲပျံနေပြီး ၎င်းတို့ကို ဒိုင်လူကြီးများထံ ယူပေးလိုက်သည်။
သူ ဒိုင်လူကြီးသုံးယောက်ကို ကြည့်ပြီး အမူအယာမဲ့စွာ ပြောလိုက်သည်။
"ရေခဲမုန့်သုံးပန်ကန်.. တစ်ယောက်ကိုတစ်ခုပါ..."
ရေခဲမုန့်သုံးပန်းကန်တွင် မတူညီသည့် ပုံသဏ္ဍာန်များရှိပြီး မတူညီသည့်အရသာများကို ကိုယ်စားပြုနေသည်။
သူတို့ဘာသာ ရွေးရမှာလား...
ချီစစ်နှင့် ကျန်လူများကအချင်းချင်း ကြည့်မိလိုက်ကြပြီး သူတို့မျက်လုံးထဲတွင်အံ့ဩရိပ်တို့ စွန်းထင်နေသည်။
ထို့နောက် သူတို့အားလုံး ခေါင်းငြိမ့်လိုက်သည်။
ချီစစ် သူမ၏ နီထွေးထွေးနှုတ်ခမ်းပါးလေးများပေါ်တွင် လက်ညှိုးလေးကို တင်လိုက်ပြီး တွေးဆဆပုံစံလေးဖြင့် ပုဖန်ဘေးတွင် ဝဲပျံနေသည့် ရေခဲမုန့်များကို ကြည့်နေသည်။
"ငါနှင်းဆီပန်းကို ရွေးမယ်..."
ချီစစ်ပြောလိုက်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်၏။ ထို့နောက် နှင်းဆီပန်းပုံရေခဲမုန့်က ချီစစ်ထံ ပျံသွားသည်။
သူ လင်တမိန်ကို ကြည့်လိုက်သည်။
"ငါဝက်ဝံကိုရွေးမယ်..."
လင်းတမိန် ပြုံးလိုက်ပြီး သူမ၏ ပုလဲလုံးအသွင် သွားဖြူဖြူလေးများက ထွက်ပေါ်လာသည်။
ပုဖန် ခေါင်းငြိမ့်လိုပ်ပြီး ဝက်ဝံပုံရေခဲမုန့်ကို သူမရှေ့ပို့လိုက်သည်။
နောက်ဆုံးတွင် ဟေးမူက ငှက်ပုံရေခဲမုန့်ကိုရသွားသည်။
စားဖိုမှူးကျင်းယွမ်က သူမ၏ ဟင်းပွဲကိုကိုင်ထားရင်း နှုတ်ခမ်းကိုက်မိလိုက်သည်။
ချီစစ်နှင့် အခြားလူများ ရေခဲမုန့်ကို မြည်စမ်းရန် ပြင်နေချိန်တွင် ပရိတ်သတ်များကလည်း လည်တဆန့်ဆန့်ဖြစ်ကာ မျက်လုံးများ ပြူးကျယ်နေအောင် ကြည့်နေကြသည်။
ရေခဲမုန့်က သူတို့အားလုံးကို ဆွဲဆောင်နေသော်လည်း ဘယ်လိုအရသာရှိသလဲမသိပေ။ ပုံသဏ္ဍာန်လှသည်နှင့် အရသာရှိပြီဟု တထစ်ချ သတ်မှတ်၍ မရချေ။
လူအုပ်ကြီးပင် ကြည့်နေခြင်းမဟုတ်ချေ။
ဧကရီပိလော့၊ နယ်သာရီနှင့် ငရဲဘုရင်အာဟလည်း ကြည့်နေသည်။
ချီစစ် ငွေဇွန်းသေးသေးလေးကို ယူလိုက်ပြီး လက်မလေးထောင်လိုက်သည်။ ထို့နောက် ပုဖန်ကိုကြည့်ပြီး နှင်းဆီပုံရေခဲမုန့်ကို တစ်ဇွန်းခပ်လိုက်သည်။
ငွေဇွန်းက ရေခဲမုန့်ကို ထိသွားသည်နှင့် မည်သည့် ခုခံမှုမှ မရှိပေ။ သင်းပျံ့သည့် ရနံ့လေးထွက်ပေါ်လာပြီး ချီစစ်၏မျက်လုံးများကို တောက်ပသွားစေသည်။
ရေခဲမုန့်တစ်ဇွန်းအပြည့် သူမပါးစပ်ထဲရောက်သွားသည်နှင့် မျက်လုံးများက ချက်ချင်းပြူးကျယ်လာသည်။
ချီစစ်၏ ဘေးမှ လင်းတမိန်လည်း သူမပါးစပ်ထဲသို့ ရေခဲမုန့် တစ်ဇွန်းအပြည့် ထည့်လိုက်သည်။
ဟေးမူက တည်ငြိမ်နေသော်လည်း သူမ၏ လှုပ်ရှားမှုများက မနှေးကွေးပေ။
မည်သို့ပင်ဆိုစေ ရေခဲမုန့်ကိုမြည်းစမ်းနေသည့် သူတို့သုံးယောက်လုံး ကြောင်အသွားရသည်။
ထို့နောက် ဒိုင်လူကြီးသုံးယောက်လုံး သူတို့ပါးစပ်ထဲမှ ငွေဇွန်းကို ဆွဲထုတ်လိုက်သည်။
ချီစစ်၏အမူအယာက မရှင်းလင်းပေ။
လင်းတမိန်၏ပါးပြင်တို့က သွေးရောင်လွှမ်းလာသည်။ သူမ ငွေဇွန်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး မျက်လုံးများက တောက်ပနေသည်။
"ဒီရေခဲမုန့်က ငါ့ကိုနောက်တစ်ကြိမ်ပြန်ငယ်သွားသလို ခံစားမိစေတယ်..."