အခန်း ၁၁၃၃
ရေခဲမုန့်တစ်လုတ်စာ
ရေခဲမုန့်က အဲ့လောက်အရသာရှိလို့လား....
စစ်သူကြီးသုံးယောက်၏ တုံ့ပြန်ပုံအရ သူတို့သုံးယောက်လုံး အရသာကြောင့် ယစ်မူးနေသည့်ပုံပေါက်နေသည်။
ကြည့်၍လှသလိုပင် အရသာလည်း ရှိသည့်ပုံပင်။
ရေခဲမုန့်က အဲ့လောက် အံ့ဩဖို့ကောင်းတယ်လား....
ချီစစ်၏မျက်လုံးများက မှေးကျဉ်းနေကာ သူမမျက်နှာပေါ်တွင် သဘောကျနေသော အမူအယာဖြစ်နေသည်။
ရေခဲမုန့်က ပါးစပ်ထဲရောက်သွားသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး လတ်ဆတ်လှသည့် ခံစားချက်တစ်ခု ပြည့်နှက်သွားသည်။
ထိုခံစားချက်ကို စကားလုံးတစ်လုံတည်းဖြင့်သာ ဖော်ပြနိုင်သည်။
"လန်းဆန်းသွားတာပဲ...."
ငွေဇွန်းသည်လည်း အေးသွားသည်။ ရေခဲမုန့်ရော ငွေဇွန်းပါ သူမ၏ အနီရောင်နှုတ်ခမ်းတို့နှင့် ထိလိုက်သောအခါ သူမခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးကြောင်းတစ်ခုက ဖြတ်သန်းသွားသလိုခံစားလိုက်ရသည်။
အရေးအကြီးဆုံးအရာက အရသာဖြစ်သည်။
ရေခဲမုန့်က ရေခဲလိုအေးစက်သော်လည်း ရေခဲနှင့်မတူပေ။ ထို့အပြင် ပါးစပ်အတွင်းတွင် နွားနို့နံ့ဖျော့ဖျော့လေးက ဖုံးလွှမ်းနေသဖြင့် သူတို့၏ ပါးများကို နီရဲသွားစေသည်။
ထိုအရသာရှိလှသည့် အရသာလေးက ချက်ချင်းပျောက်ကွယ်သွားပြီး လူတစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
၎င်းက ခရင်မ်လိုနူးညံ့ကာ မွှေးပျံ့ပြီး အအေးဓာတ်ကြောင့် လန်းဆန်းစေသည်။
ချီစစ် မျက်လုံးလေးများ မှေးစင်းသွားပြီး သူမ၏ မျက်တောင်လေးများက တဆတ်ဆတ်တုန်ခါနေသည်။
သူမ ဖြေးဖြေးချင်း အသက်ရှူထုတ်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး လူတိုင်းကို တောက်ပလှသည့် အပြုံးလေးကို ပြသလာသည်။
သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်နေသည့် ခံစားချက်မျိုးရှိနေသည်။ ချီစစ်၏မျက်နှာပေါ်တွင် ထိုကဲ့သို့ အမူအယာမျိုး ပေါ်ထွက်မလာသည်မှာ ကြာလှပြီဖြစ်သည်။
သူမအသက်ကြီးလာလေလေ အပြုံးက လျော့နည်းလေလေဖြစ်ကာ တစ်နှစ်လုံးတွင် တစ်ခါတောင်မပြုံးဖူးသည့် အချိန်မျိုးရှိသည်။
ပါးစပ်အပြည့်ရေခဲမုန့်တစ်ဇွန်းက ချီစစ်၏ နှလုံးသားလေးကိုချက်ချင်း ပျော့ပြောင်းနူးညံ့စေသည်။
ထို့ကြောင့် နောက်ထပ် ရေခဲမုန့်ကို ဇွန်းအပြည့်ခပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ပြန်သည်။ နွားနို့ရနံ့သင်းသင်းလေးနှင့်အတူ ချိုမြသည့်အရသာလေးက သူမ၏စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေသည်။
လင်တမိန်လည်း ထိုသို့ဖြစ်နေသည်။ လျှပ်စီးကြောင်းတစ်ခုက သူမတို့ခန္ဓာကိုယ်များတွင် လည်ပတ်နေပြီး သူမတို့ကို နောက်တစ်ကြိမ် ငယ်ရွယ်သွားစေသည့်ပုံ ပေါက်နေသည်။
ချီစစ်ပြုံးလိုက်ကာ သူမ၏မျက်လုံးများက လခြမ်းသဏ္ဌာန်ကွေးညွတ်သွားသည်။
လူတစ်ယောက်ကိုအပြုံးကြီးကြီး ပြုံးနိုင်စေသည်မှာ မယုံနိုင်စရာပင်။
ချီစစ်ထပ်မံ၍ စားလိုက်ပြန်သည်။ နောက်ထပ် ဇွန်းအပြည့် ရေခဲမုန့်က သူမပါးစပ်ထဲ ဝင်ရောက်သွားပြန်သည်။
ဒိုင်လူကြီးသုံးယောက်လုံး ရေခဲမုန့်ကိုသာ အာရုံစူးစိုက်ထားကြသည်။
"အရသာရှိလိုက်တာ..."
ချီစစ် ရေရွတ်လိုက်သည်။
အခြားတစ်ဖက်တွင် လင်းတမိန်ကလည်း ရူးသွပ်သွားသည့်အတိုင်း ဖြစ်နေသည်။ ဤမျှအရသာရှိသည့် အစားအသာက သူမကို နောက်တစ်ကြိမ် ပြန်ငယ်သွားသလို ခံစားလိုက်ရစေသည်။
၎င်းက သူမကို ရူးခါသွားစေသည်။
သူမက ချီစစ်ကဲ့သို့ ကျက်သရေရှိရှိ မစားပေ။ သူမက သာမန်လူတစ်ဦးသာဖြစ်ခဲ့၍ ဇွန်းပင် မလိုအပ်ပေ။
ထို့ကြောင့် ဖြူပြာရောင်ကြွေပန်းကန်လုံးကိုမက ပန်းကန်ထဲမှ တိုက်ရိုက်စားလေသည်။
တဖြေးဖြေး သူမနှုတ်ခမ်းတစ်ဝိုက်ကို ရေခဲမုန့်တို့ ပေကျံသွားသည်။ သူမက လျှာနီနီလေးကိုထုတ်၍ ရေခဲမုန့်များကို လျက်လိုက်သည်။
"ဝါးဟားဟား.... အရမ်းအရသာရှိတာပဲ..."
လင်းတမိန်၏ မျက်လုံးများက တောက်ပလာပြီး စိတ်လှုပ်တရှား ရယ်လိုက်သည်။
ဤသည်က သူမ၏ ပုံမှန် စရိုက်သာဖြစ်သည်။ သူမ စကားတစ်ခွန်းမှမပြောမှသာ ထူးဆန်းပေလိမ့်မည်။
အခြားတစ်ဖက်တွင် ချီစစ်နှင့် လင်းတမိန်အပြင် ဟေးမူကလည်း ရေခဲမုန့်ကိုတိတ်တဆိတ်စားနေသည်။
သူမ၏ လှုပ်ရှားမှုများက အလွန်နှေးကွေးလှသည်။ သူမက မဝံ့မရဲဖြစ်စွာ စားနေလေသည်။
သူမ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက ကြီးမားသော်လည်း ရေခဲမုန့်ကို ကျက်သရေရှိရှိဖြင့် ဖြေးဖြေးချင်းစားနေသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် သူမ၏ စရိုက်က အတော်လေးသတိရှိသည့် လူမျိုးဟု ပြောနိုင်သည်။
စားတယ်... စားတယ်.....
ဟေးမူ၏ မျက်လုံးများက နီရဲလာသည်။ သူမ ပိုစားလေလေ ပိုမိုစိတ်လှုပ်ရှားလေလေဖြစ်သည်။
နောက်ဆုံးတွင်
သူမ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။
ဤရေခဲမုန့်တစ်ပန်းကန်က သူမကို ရင်ထဲထိရှသွားစေပြီး ရှုပ်ထွေးလှသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
သူမ၏ လူငယ်ဘဝကို ပြန်လည်တမ်းတမိသွားသည်။ ထိုအချိန်များက အပြစ်ကင်းစင်ကာ လှပသည့် အချိန်လေးများပင်။
အောက်ဘက်ရှိလူအုပ်ကြီးက အံ့အားတကြီးဖြစ်နေကြသည်။
ရေခဲမုန့်တစ်ပန်းကန်စားပြီး စစ်သူကြီးသုံးယောက်က ဤမျှချဲ့ကားသည့် အမူအယာများကို ပြုလုပ်လာသည်။
ရေခဲမုန့်က အဲ့လောက် အံ့ဩစရာကောင်းတာလား...
လူတိုင်း ပင့်သက်ရှိုက်မိလိုက်သည်။ ခဏအကြာတွင် သူတို့အားလုံး၏ နှလုံးပင် တုန်လာကြသည်။
သူတို့ စစ်သူကြီးသုံးယောက်ကို ကြည့်နေကြရုံပဲကို ဘာကြောင့် နှလုံးတွေ တုန်လာရတာလဲ...
သူတို့သုံးယောက် ရေခဲမုန့် တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသည်ကို ကြည့်ပြီး သူ့တို့စိတ်ထဲတွင်လည်း စားချင်စိတ်တို့ ပေါက်ကွဲထွက်လာသည်။
စားဖိုမှူးကျင်းယွမ်သည်လည်း စားချင်နေ၍ နှလုံးပင်အောင့်မျက်လာသည်။
လျှာသပ်နေသည့် အသံများ ထွက်ပေါ်လာသည်။
လူတိုင်း ဒိုင်လူကြီးများကို ထပ်ကြည့်လိုက်ကြသည်။
စစ်သူကြီးလင်းတမိန်က ဖြူပြာရောင်ကြွေပန်းကန်လုံးကိုကိုင်ရင်း ရေခဲမုန့်အားလုံးကို လျက်ချလိုက်သည်။
သူမ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။
"လျက်လိုက်ရင် ပိုတောင် အရသာရှိသေးတယ်..."
ချီစစ်နှင့် ဟေးမူတို့လည်း ချက်ချင်းလက်ငင်း လျက်ကြည့်လိုက်သည်။
လျှာဖျားက ရေခဲမုန့်ကိုထိသည်နှင့် အေးမြသည့် ခံစားချက်က ချက်ချင်းထွက်ပေါ်လာသည်။ လျှာဖျားမှပင် ချိုမြကာ မွှေးပျံ့သည့် အရာသာတို့ ပေါက်ကွဲထွက်လာသည်။
ချီစစ်နှင့် ဟေးမူတို့ မျက်စိများ မှေးကျဉ်းသွားသည်။
တကယ်... အရသာရှိတာပဲ....
အံ့အားတကြီး ရယ်မောလိုက်ပြီး ငွေဇွန်းကိုချလိုက်ကာ ဖြူပြာရောင် ကြွေပန်းကန်ကိုယူ၍ ရေခဲမုန့်ကို လျက်တော့သည်။
သူတို့၏ ငယ်ဘဝမှတ်ဉာဏ်များကို ချက်ချင်းလက်ငင်း မြင်ယောင်မိသွားစေသည်။
သို့သော် ဒိုင်လူကြီးသုံးယောက်ကို ပုဖန်က ကိုးယို့ကားယားပုံစံဖြင့် ကြည့်လိုက်သည်။
သူ ထိုသုံးယောက်ကို ရေခဲမုန့်ကို လျက်ပြီးစားစေရန် မမျှော်လင့်ခဲ့ပေ။ သို့သော် ထိုသို့ မစားရန်လည်း ပြော၍မရပေ။
ပုဖန်က ရေခဲမုန့်ကို အနံ့အရသာအမျိုးမျိုး လုပ်ချင်သည်။
ယနေ့ ရေခဲမုန့်က အရသာပျော့သည်ဟု ပြောနိုင်သည်။
ပုဖန်သာ မသေမျိုးသစ်သီးကဲ့သို့ ပါဝင်ပစ္စည်းမျိုးကို ထည့်လိုက်ပါက အရသာက သေချာပေါက် ပိုကောင်းပေလိမ့်မည်။
ထိုသို့ပြုလုပ်ရန်လည်း ပုဖန်က ပိုကြိုးစားရန် လိုပေသည်။
ပုဖန် ထိုအကြောင်းတွေးနေသည်။
နတ်ဘုရားမမြို့တော်တွင် ရေခဲမုန့်ဆိုင်ဖွင့်ပါက စီးပွားရေးက သေချာပေါက် ကောင်းမွန်မည်ဖြစ်သည်။ နွေဦးလေပြည် စားသောက်ဆိုင်နှင့် တန်းတူညီတူ ပိုက်ဆံရပေလိမ့်မည်။
ပုဖန် မေးစေ့ပွတ်ရင်း စဉ်းစားနေသည်။
ရုတ်တရက်
သူ့ထိုသို့ အကြံရသွားသည်နှင့် သူ့ခေါင်းထဲတွင် အေးစက်လှသည့် စက်ရုပ်သံတစ်သံထွက်ပေါ်လာသည်။
"အထူးမစ်ရှင်... ပိုင်ရှင် နတ်ဘုရားပျောက်ကွယ်တောင်တန်းထဲ မဝင်ခင် နတ်ဘုရားမမြို့တော်ထဲတွင် ရေခဲမုန့်ဆိုင်ဖွင့်ပြီး စားဖိုမှူးများကို အနည်းဆုံး ရေခဲမုန့် သုံးမျိုး လုပ်နည်းသင်ပေးပါ..... ရရှိမည့်ဆု : လျှာကဝေအစီအရင် :အကျဉ်းချခြင်း..."
ပုဖန် အံ့ဩသွားရသည်။
မမျှော်လင့်ထားပဲ စနစ်က သူ့ကို မစ်ရှင်ပေးခဲ့သည်။
နတ်ဘုရားမမြို့တော်ထဲမှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ရမှာလား....
ပြီးတော့ အဲ့ဆိုင်က ရေခဲမုန့်ဆိုင် ဖြစ်ရမယ်တဲ့...
ရေခဲမုန့်ဆိုင်တစ်ဆိုင်တွင် ရေခဲမုန့်သာ ပြင်ဆင်ရသည်မဟုတ်ပဲ အခြား အေးခဲအစားအစာများဖြစ်သော ရေခဲချောင်းနှင့် နို့လက်ဖက်ရည်များလည်း ပါဝင်ရမည်ဖြစ်သည်။
ပုဖန်က ထိုဆိုင်ကို စီမံခန့်ခွဲရန် မည်ကဲ့သို့ အချိန်ရှိမည်နည်း။
မျက်မှောင်ကြုတ်လိုက်ရင်း ပုဖန် သူခေါင်းစကိုက်လာပြီဟု ခံစားလိုက်ရသည်။
တာဝန်မှရသည့် ဆုလဒ်မှာ နောက်ထပ် လျှာကဝေအစီအရင်တစ်ခုဖြစ်သည်။ သူ့တွင် သုံးခုရှိနေပြီဖြစ်ရာ ဤတစ်ခုက လေးခုမြောက်ဖြစ်ပေသည်။
သူ့တွင် ရှိနေသည့် လျှာကဝေအစီအရင်များမှာ တိုးမြှင့်ခြင်း၊ ပေါက်ကွဲခြင်းနှင့် ခုခံခြင်းဖြစ်သည်။ ယခုလေးတင် စနစ်က နောက်ထပ်ဆုလဒ်မှာ အကျဉ်းချခြင်းဟု ပြောခဲ့သည်။
ပုဖန် မျက်စိမှေးကာ ထိုလျှာကဝေအစီအရင်၏ ကောင်းကျိုးများကို တွေးနေလိုက်သည်။
တိုးမြှင့်ခြင်း အစီအရင်ဖြင့် ပုဖန်က ခေါက်ဆွဲအချို့ကို ချက်နိုင်ခဲ့သည်။ ထို့နောက် ပေါက်ကွဲခြင်း အစီအရင်ဖြင့် ပေါက်ကွဲသံအိုးနှင့် ပေါက်ကွဲအသားလုံးကဲ့သို့ အရာများကို ပြုလုပ်နိုင်ခဲ့သည်။
ခုခံခြင်းအစီအရင်ကို ပုဖန်က တစ်ခါမှမသုံးကြည့်ရသေးပေ။ သူ၏လက်ရှိ ပစ္စည်းများဖြင့် ထိုမျှခုခံမှုမျိုး အမှန်တကယ် မလိုအပ်ပေ။
ပုဖန် ဆက်မတွေးတော့ပဲ ပြိုင်ပွဲကိုသာ အာရုံစိုက်လိုက်သည်။
ယခုလက်ရှိတွင် ပုဖန်က နိုင်ပြီးသားပင် ဖြစ်နေလေပြီ။
စားဖိုမှူးကျင်းယွမ်ကိုယ်တိုင်ကိုယ်က ပုဖန်၏ ရေခဲမုန့်ကြောင့် ဆွဲဆောင်ခံနေရပြီး ဖြစ်သည်။
ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။
ဝှစ်
ဒိုင်လူကြီး သုံးယောက်လုံးက ရေခဲမုန့်များ စားပြီးကြပြီဖြစ်သည်။ တစ်စက်မှ အလေအလွင့်မဖြစ်စေရန် ပန်းကန်ကိုပင် နှစ်ခါမျှလျက်ပြီးပြီဖြစ်သည်။
ရေခဲမုန့် စားပြီးသည်နှင့် ပန်းကန်အောက်ချကာ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည်။
ရေခဲမုန့် စားခြင်းမှရရှိသည့် သက်တောင့်သက်သာရှိပြီး ပျော်ရွှင်ရသည့် ခံစားချက်မျိုးက စကားလုံးဖြင့် ဖော်ပြနိုင်သည်ထက် ကျော်လွန်ပေသည်။
ပရိတ်သတ်များကလည်း ရေခဲမုန့်များက အစားခံလိုက်ရပြီးဖြစ်သော်လည်း မြည်းစမ်းချင်နေသေးတုန်း ဖြစ်သည်။
သူတို့သာမကပဲ အဝေးမှ ကြည့်နေသည့် ဧကရီပိလော့ကိုယ်တိုင်ပါ စိတ်မရှည်ဖြစ်လာရသည်။ သူမ ထိုဟင်းပွဲကို မြည်းစမ်းချင်နေပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့်ကိုယ့်ကိုယ်ကို ထိန်းနေနိုင်သေး၍ မျက်နှာမပျက်ရခြင်းဖြစ်သည်။
ဧကရီပိလော့က ပုဖန်က ဤပြိုင်ပွဲတွင် ထိုဟင်းပွဲကို လုပ်သည်ဖြစ်ရာ တော်ဝင်စားတော်ပွဲကြီးအတွက်ပြုလုပ်ရန်လည်း ပြင်ဆင်ပြီးသား ဖြစ်မည်ဟု တွေးလိုက်မိသည်။
သို့သော် ခဏအကြာတွင် သူမ၏မျက်နှာက မဲမှောင်သွားရပြန်သည်။
သူမ ယခုချက်ချင်းပင် သွားစားချင်စိတ် ပေါ်လာနေသည်။
ဧကရီပိလော့သာမက နယ်သာရီပါ ဒိုင်လူကြီးများရှေ့ရှိ ပန်းကန်လုံး အလွတ်များကို စိတ်မရှည်စွာ ကြည့်နေကြသည်။
ရေခဲမုန့် စားပြီးနောက်တွင် စစ်သူကြီးသုံးယောက်က ခဏနားလိုက်သည်။ ထို့နောက် စားဖိုမှူးကျင်းယွမ်၏ ဟင်းပွဲများကို မြည်းစမ်းတော့သည်။
ခမ်းနားကြီးကျယ်ကာ အငွေ့တလူလူထွက်နေသော ဟင်းပွဲက စစ်သူကြီးသုံးယောက်ရှေ့တွင် ထွက်ပေါ်လာသည်။
အရောင်၊ အနံ့၊ အရသာကပါ ပြီးပြည့်စုံနေ၍ စစ်သူကြီးသုံးယောက်ကို ထပ်စားချင်စိတ် ဖြစ်ပေါ်လာစေသည်။
သို့သော် စားဖိုမှူးကျင်းယွမ်၏ ဟင်းပွဲများကို အမြဲတစေ သဘောတကျစားသုံးလေ့ရှိသော စစ်သူကြီးများ၏ အမူအယာမှာ ယခုအချိန်တွင် သိပ်မပြောင်းလဲပေ။
စားဖိုမှူးကျင်းယွမ်က စစ်သူကြီးသုံးယောက်၏စားနေပုံကို ကြည့်ပြီး သူမရှုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ဤသည်က အပြတ်အသတ်ရှုံးနိမ့်ခြင်းမျိုးပင်။
သူမအတွက် ဤကဲ့သို့ ရှုံးနိမ့်ခြင်းမျိုးက လက်ခံရန် အနည်းငယ်ခက်ခဲပြီး စိတ်ဓာတ်ကျလာခဲ့သည်။
သူမ၏ပထမဆုံး ရှုံးနိမ့်မှုက သူမကို ငိုမိသွားတော့မတတ် ခံစားသွားစေသည်။
ချီစစ်က ခဏမျှတွေးပြီး ပြောလိုက်သည်။
"စားဖိုမှူးကျင်းယွမ်ရဲ့ ဟင်းပွဲကလည်း အရသာရှိပါတယ်... ဒါပေမဲ့ ငါ့ကို ပုဖန်ရဲ့ဟင်းပွဲလောက် စိတ်မလှုပ်ရှားစေဘူး... ပုဖန်ရဲ့ ဟင်းပွဲနဲ့ ယှဉ်ရင် အတော်လေး သာမန်ဖြစ်နေသေးတယ်..."
သူမက ကျင်းယွမ်ကို နှစ်သိမ့်ပေးချင်သော်လည်း သူမအသေအချာတွေးကြည့်သောအခါ ဤသည်က သူမပြောနိုင်သည့် တစ်ခုတည်းသောအရာဖြစ်ကြောင်း သိလိုက်ရသည်။
ရေခဲမုန့်နှင့် ယှဉ်လျှင် ဤဟင်းပွဲက အတော်လေး သာမန်ဖြစ်နေသည်။
စားဖိုမှူး ကျင်းယွမ်၏ မျက်လုံးများက နီရဲသွားသည်။
သူမရှုံးသွားလေပြီ။
လူအုပ်ကြီးလည်း ငြိမ်ကျသွားကာ ဘာပြောရမလဲ မသိကြတော့ချေ။
နတ်ဘုရားမမြို့တော်ရှိ အတော်ဆုံး စားဖိုမှူးက အမျိုးသားစားဖိုမှူးတစ်ယောက်ထံတွင် ရှုံးနိမ့်သွားခဲ့လေသည်။
လူတိုင်း ငြိမ်သက်နေခဲ့သည်။
ရုတ်တရက်
စားဖိုမှူးကျင်းယွမ် ငိုခါနီးတွင် ပုဖန်က စကားပြောလိုက်သည်။
"မင်းရှုံးသွားတာ ပုံမှန်ပဲလို့ ပြောလို့ရတယ်... မင်းချက်ပြုတ်ခါနီးမှာ တုန့်ဆိုင်းသွားကတည်းက မင်းရဲ့ ချက်ပြုတ် နှလုံးသားလမ်းစဥ်က အဲ့လောက်ထိ ဆုံးဖြတ်ချက်မချရသေးဘူးဆိုတာ ပြနေတယ်... မင်းက ဒီလမ်းကြောင်းအတိုင်း ဆက်သွားရမလားဆိုတာကို မဆုံးဖြတ်ရသေးဘူး...."
သူ၏စကားများက ကြမ်းတမ်းကာ ညှာတာမှုမရှိပေ။
ကျင်းယွမ်တောင့်တင်းသွားကာ အလိုလိုခေါင်းမော့ ကြည့်မိလိုက်သည်။
ပုဖန်က မထီမဲ့မြင်ဆက်လုပ်ဦးမည်ဟု ထင်နေကြချိန်တွင် ပုဖန်က ရေခဲမုန့်နားတွင်ရပ်နေပြီး ရေခဲမုန့်ကို နှစ်ချက်မျှကလော်လိုက်ပြီး ရေခဲမုန့် အလုံးလေးနှစ်ခုကို ကြွေပန်းကန်ထဲ ထည့်လိုက်သည်။
ထို့နောက် ကြွေပန်းကန်ကို ကျင်းယွမ်ထံ ပစ်လွှတ်လိုက်သည်။
ကျင်းယွမ် အံ့ဩသွားကာ အခြားလူများကလည်း အံ့ဩသွားရသည်။
ထို့နောက် လူတိုင်း မနာလိုကာ ရူးသွပ်တော့မလို ဖြစ်သွားရသည်။
ရေခဲမုန့်.....
သူတို့လည်း စားချင်တယ်လို့....
ကျင်းယွမ် ပုဖန်ပေးသည့် ရေခဲမုန့်ပန်းကန်ကို ယူလိုက်သည်။
ထို့နောက် ပုဖန်ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။
"မင်း မစားကြည့်ပဲနဲ့တော့... ဘာမှနားလည်မှာ မဟုတ်ဘူး မလား..."
ပုဖန်က နှုတ်ခမ်းထောင့်တို့ ကွေးညွတ်သွားပြီး ကျင်းယွမ်ကိုပြောလိုက်သည်။
ကျင်းယွမ်က ပုဖန်ပြောသည်ကို နားလည်၍ မျက်မှောင်ကြုတ်လိုက်သည်။ ပုဖန်က သူမ၏ ချက်ပြုတ်ချင်သည့် စိတ်ဆန္ဒက မတည်မြဲဘူးဟု ပြောခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်လေတွင် ချက်ပြုတ်နေရင်း သူမက စိတ်ရှုပ်ထွေးသွားတတ်၍ ဖြစ်သည်။
အသက်ပြင်းပြင်းရှူပြီး ကြွေပန်းကန်ကို သူမ မျက်နှာနားကပ်လိုက်ကာ ငွေဇွန်းကို ယူလိုက်သည်။
ရေခဲမုန့်ကို ဇွန်းအပြည့်ခပ်ပြီး သူမပါးစပ်ထဲ ဖြေးဖြေးချင်း ထည့်လိုက်သည်။
ကျင်းယွမ်၏ မျက်လုံးများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။