အခန်း ၁၁၃၄
မြင့်မြတ်အပျိုစင်၏ အနာဂတ်ဟောတမ်း
ကျင်းယွမ်က ဤမျှအရသာရှိသည့် ဟင်းပွဲမျိုး တည်ရှိနေကြောင်း တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဤဟင်းပွဲက အကောင်းဆုံးအရာဟု ပြောနိုင်သည်။
သူမပါးစပ်ထဲရှိ ရေခဲမုန့်အရသာက သူမခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားစေသည်။ နူးညံ့သည့် အရသာ ၊ နွားနို့၏ မွှေးပျံ့သည့် ရနံ့နှင့် တုနှိုင်းမဲ့သော အရသာက သူမကို လုံးဝမှင်သက်သွားစေသည်။
"ဒီလောက်အရသာရှိတဲ့အရာမျိုး ရှိနိုင်လို့လား.."
သူမ ဖြူပြာရောင် ကြွေပန်းကန်လုံးကို ကိုင်ပြီးနောက်ထပ် ပါးစပ်အပြည့်ရေခဲမုန့်တစ်ဇွန်းခပ်စားလိုက်သည်။
ပုဖန်၏ ဟင်းပွဲကို စားပြီးနောက်မှ ချီစစ်ကသူမ၏ ဟင်းပွဲကို ထူးခြားတာမရှိဟုမှတ်ချက် ပြုရသည့် အကြောင်းအရင်းကို သိသွားခဲ့သည်။
သူမ၏ဟင်းပွဲက ဤဟင်းပွဲနှင့်ယှဉ်လျှင် အတော်လေး လိုအပ်ချက်ရှိသည်။ သူမ၏ဟင်းပွဲက ထူးခြားချက်မရှိသလို အံ့ဩစရာခံစားချက်များကို ပေးစွမ်းနိုင်ခြင်း မရှိပေ။
သူမ အကောင်းဆုံးကြိုးစားပြီး ရှိသမျှ စွမ်းအင်အကုန်သုံး၍ ချက်ပြုတ်ခဲ့ပြီး သူမအကောင်းဆုံးဟု ထင်သော အရာကို ကြိုးစား၍ချက်ခဲ့သည်။
သို့သော် ဤသို့သာ အဆုံးသတ်ခဲ့ရသည်။
သူမရှုံးနိမ့်ခဲ့လေသည်။
သူမ၏ အဆင့်အရ ပုဖန်ကဲ့သို့ တော်ဝင်စားတော်ပွဲကို ချက်ပြုတ်ရန် အရည်အချင်း မရှိချေ။
ကြွေပန်းကန်လုံးကို ကိုင်ပြီး နောက်ထပ် ရေခဲမုန့် တစ်ဇွန်းခပ်စားလိုက်သည်။
အရေပျော်သွားသော ရေခဲမုန့်က ကျင်းယွမ်ကို မျက်ရည်ဝဲသွားစေသည်။
ပုဖန် ပေးလိုက်သည့် ရေခဲမုန့်က ပုံဖော်ထားခြင်း မရှိသော်လည်း အရသာက ပုံဖော်ထားသည်ထက် မလျော့ပဲ စားကောင်းလှလေသည်။
ထို့အပြင် ၎င်းက သူမနှင့် ပုဖန်ကြားရှိ ကွာခြားမှုကို ထင်ရှားစွာ ပြသွားနိုင်သည်။
ချီစစ်က ကျင်းယွမ်ငိုနေသည်ကို မြင်ပြီး အနည်းငယ် စိုးရိမ်သွားသည်။
လင်းတမိန်နှင့် ဟေးမူတို့က သူတို့၏ကိုယ်ပိုင် တည်တင်းသော မျက်နှာဖြင့် အာရုံစိုက်၍ ကြည့်နေကြသည်။
တစ်ဖက်က နတ်ဘုရားမမြို့တော်၏ အကောင်းဆုံးစားဖိုမှူးဖြစ်ပြီး တစ်ဖက်က အရသာရှိသည့် ရေခဲမုန့်ကို ဖန်တီးထားသည့် ပုဖန်ဖြစ်သည်။
ကျင်းယွမ် ငိုလာသောအခါ သူတို့ ဘာပြောရမလဲ မသိတော့ပေ။
ပုဖန်က ကျင်းယွမ်ကို ကြည့်လိုက်သည်။
"အရသာရှိရဲ့လား..."
နီရဲနေသောမျက်လုံးများဖြင့် ကြည့်လာကာ ခပ်သာသာခေါင်းငြိမ့်ပြလာသည်။ အရသာမရှိဘူးဟုပြောလိုက်ရန် သူမ၏မာနက ခွင့်မပြုသလို ပြောလဲမပြောနိုင်ပေ။
ရေခဲမုန့်က သူမထင်ထားသည်ထက် ပိုမိုသာလွန်လှပြီး သူမ အချက်အပြုတ်စတင်သင်ယူစဉ်က ခံစားခဲ့ရသည့် ရိုးသားမှု ပျော်ရွှင်မှုတို့ကို သတိရသွားစေသည်။
"ဒါဆိုမငိုနဲ့... ဆက်စားပြီး ပျော်ပျော်နေ..."
ကျင်းယွမ် အသက်ပြင်းပြင်းရှူပြီး ပုဖန်ကို ကြည့်လိုက်သည်။
"ရှင်က ကျွန်မရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဥ်က မတည်ငြိမ်သေးဘူးလို့ ပြောတယ်နော်... ဒါဆို ကျွန်မ ဘယ်လို နည်းလမ်းရှာရမလဲ ပြောပြနိုင်မလား.."
လူတိုင်း ကြောင်အသွားကြသည်။ စားဖိုမှူးကျင်းယွမ်၏ အရှုံးက သူတို့၏ ပါးစပ်ဖျားတွင် ခါးသက်သက်ခံစားနေရဆဲ ဖြစ်သည်။
"အချက်အပြုတ်နှလုံးသားလမ်းစဥ်က ချက်ပြုတ်ခြင်းအပေါ်မှာ မင်းရဲ့ နားလည်သဘောပေါက်မှုပဲ...လမ်းကြောင်းပေါင်းက ထောက်ကျော်အောင်ရှိတယ်... မင်းက ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖို့လိုနေတာ.. မင်းရဲ့ အဖိုးတန်ရဲ့ ဟင်းပွဲတွေ မပြည့်စုံရသေးတာက မင်းက ကိုယ်ပိုင်လမ်းကြောင်းကို မတွေ့သေးလို့ပဲ... မင်းရဲ့ ပန်းတိုင်က တော်ဝင်စားသောက်ပွဲရဲ့ စားဖိုမှူးဖြစ်ချင်တာလေ... မင်းလည်း တကယ်ဖြစ်လာရော ပန်းတိုင်ပျောက်ပြီး စိတ်တွေဝေသွားတယ်... မင်းက ပန်းတိုင်မရှိပဲ ဟင်းတွေချက်နေရင်း ရည်စူးထားတဲ့ အရာရှိမနေဘူး..."
ချီစစ် ပုဖန်ကို ကြည့်ရင်းအတွေးနက်သွားရသည်။
လင်းတမိန်က စိတ်ရှုပ်ထွေးသွားရသည်။
ပတ်ပတ်လည်မှ လူအများစုက နားမလည်ကြပေ။
သူတို့နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကိစ္စမရှိပေ။ အဓိကက ကျင်းယွမ်နားလည်ဖို့သာ ဖြစ်သည်။
ကျင်းယွမ်၏ မျက်လုံးများက ခဏမျှ အာရုံစူးစိုက်မှု ပျောက်ကွယ်သွားသည်။ ထို့နောက် ဖြေးဖြေးချင်း တည်ငြိမ်သွားကာ ဉာဏ်အလင်းပွင့်သွားလေသည်။
သူမ၏ ပုံစံကို ကြည့်ပြီး ပုဖန် ခပ်ဖွဖွပြုံးမိသွားသည်။
"ပြောစမ်းပါဦး... မင်းရဲ့ လမ်းကြောင်းက ဘာလို့ထင်လဲ..."
ကျင်းယွမ်က တိတ်ဆိတ်နေဆဲပင်။ သူမ ပတ်ကြည့်လိုက်ပြီး ရေခဲမုန့်ထည့်ထားသည့် ဖြူပြာရောင် ကြွေပန်းကန်ကို အကြည့်ရောက်သွားသည်။
တစ်လုပ်စားပြီးနောက်တွင် သူမနှလုံးသားအောက်ခြေမှ နွေးထွေးသည့် ခံစားချက်က ထွက်ပေါ်လာပြီး သူမ၏မျက်လုံးများက ပြတ်သားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။
ဖြူပြာရောင် ကြွေပန်းကန်ကို တင်းတင်းကိုင်ပြီး အသက်ပြင်းပြင်းရှူကာ ပုဖန်ကို ကြည့်လိုက်သည်။
"ကျွန်မ.... ရေခဲမုန့်လုပ်နည်းသင်ချင်တယ်..."
ကျင်းယွမ်၏ အသံက ရိုးသားမှုပြည့်နေသော်လည်း သူမက ပုဖန် ဆန့်ကျင်မည်ကို ကြောက်နေသေးသည်။ ထို့ကြောင့် တဖြေးဖြေးစိုးရိမ် ပူပန်မိလာသည်။
သူမ၏ အဖြေက ပုဖန်ကို အံ့ဩမသွားစေပေ။ ရေခဲမှုန့်၏ အရသာကို မြည်းစမ်းပြီးနောက်တွင် မည်သည့် စားဖိုမှူးမဆို ရေခဲမုန့်မည်သို့ ပြုလုပ်ရကြောင်း သိချင်ပေလိမ့်မည်။
ကျင်းယွမ်ကလည်း ပုဖန်က နတ်ဘုရားမမြို့တော်မှ ထွက်သွားမည်ဖြစ်ကြောင်း သိပြီး ဤစားဖွယ်ရာလည်းပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိပေသည်။
ရေခဲမုန့်ပျောက်ကွယ်သွားခြင်းက နတ်ဘုရားမြို့တော်အတွက် ကပ်ဆိုးကြီးပင်။
ကျင်းယွမ်က ရေခဲမုန့်တစ်လုပ်စားပြီးကတည်း အပြည့်အဝသဘောကျသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဘယ်လောက်ပေးရပေးရ ရေခဲမုန့်လုပ်နည်းကိုရအောင် သင်မည်ဟု ဆုံးဖြတ်ချက်ချထားသည်။
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းတို့က ကွေးညွတ်သွားကာ ကျင်းယွမ်ကို ကြည့်လိုက်သည်။
"မင်းသင်ချင်ရင်...ငါ့ရဲ့ အလုပ်သင်ဖြစ်မှရမယ်..."
ကျင်းယွမ် တောင့်ခဲသွားသည်။
လူတိုင်းလည်း တောင့်ခဲသွားသည်။
ပုဖန်က မငြင်းဘူးလား...
ချီစစ်က မျက်မှောင်ကြုတ်လိုက်ကာ ပုဖန်ကို မကျေနပ်သလို ကြည့်လိုက်သည်။
ကျင်းယွမ်က နွေဦးလေပြည်စားသောက်ဆိုင်ရဲ့ စားဖိုမှူးခေါင်းဆောင်လေ...ဘယ်လိုလုပ် ယောက်ျားတစ်ယောက်ရဲ့ အလုပ်သင် ဖြစ်လာနိုင်မှာလဲ...
"လက်ခံပါတယ်..."
ကျင်းယွမ်၏ အသံက ချက်ချင်းထွက်ပေါ်လာသည်။
ချီစစ်က မျက်လုံးများ ပြူးကျယ်သွားကာ ကျင်းယွမ်ကို မယုံနိုင်သလို ကြည့်လိုက်သည်။
ကျင်းယွမ်က ဒီလိုကိစ္စကို ဘာလို့များ သဘောတူလိုက်ရတာလဲ...
"ကျွန်မ ရှင့်ရဲ့ အလုပ်သင်လုပ်ဖို့ ကတိပေးပါတယ်... ကျွန်မ ရှင့်ဆီက ရေခဲမုန့်လုပ်နည်း သင်ချင်တယ်...."
ကျင်းယွမ် အလေးအနက်ပြောလိုက်သည်။
ကျင်းယွမ်က ထိုစကားများပြောပြီးသည်နှင့် စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။
နှလုံးခုန်သံက ပဲ့တင်ထပ်လာသည်။ ထိုအသံက ရှေးဟောင်းခေတ်မှ လာခဲ့သည့် အသံမျိုးဖြစ်နေသည်။
အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းမိ သသွားတော့သည်။
ထိုအချိန်တွင် ကျင်းယွမ်၏ စိတ်ဝိဉာဉ်ကလည်း ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ သူမက အင်မော်တယ်စားဖိုမှူးတစ်ယောက် ဖြစ်လာတော့မည့်ပုံပင်။
"ကောင်းပြီလေ.. ဒီလိုဆိုမှတော့ မင်းငါ့လက်အောက်မှာ လေ့လာနိုင်တယ်... ဒါကေမဲ့ အခုကတော့ တော်ဝင်စားတော်ပွဲကို သင့်တော်အောင် ပြင်ဆင်ပေးကြတာပေါ့..."
ပုဖန်က ပြိုင်ပွဲကို အပြတ်အသတ်နိုင်သွားပြီး တော်ဝင်စားသောက်ပွဲကို ချက်ပြုတ်ခွင့်ရသွားခဲ့လေပြီ။
ကျင်းယွမ်က ရှုံးသွားခဲ့သော်လည်း ပုဖန်၏ လက်ထောက်အဖြစ် တော်ဝင်စားသောက်ပွဲတွင် ပါဝင်ခွင့်ရဦးမည် ဖြစ်သည်။
လူတိုင်း ပုဖန်ကို ရှုပ်ထွေးနေသည့်ပုံဖြင့် ကြည့်နေကြသည်။
အဓိက သိချင်စိတ်မှာ ရေခဲမုန့်၏ အရသာဖြစ်သည်။ ကံဆိုးစွာဖြင့် သူတို့က ပွဲကြည့်ပရိတ်သတ်များသာ ဖြစ်နေ၍ စစ်သူကြီးသုံးယောက်ကို စိတ်လှုပ်ရှားသွားစေသော ရေခဲမုန့်ကို မြည်းစမ်းရန် အခွင့်မရှိပေ။
ပုဖန်က သူ၏မီးဖိုကို သိမ်းကာ အခြားသော ပစ္စည်းများကိုလည်း သိမ်းဆည်းလိုက်သည်။ ထို့နောက် ကျင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
"အခု ငါ့ကို တော်ဝင်စားတော်ပွဲအတွက် မီးဖိုချောင်ကို ခေါ်သွားတော့...."
ထိုအချိန်တွင် ကျင်းယွမ်က နီမြန်းနေသော မျက်နှာဖြင့် ရေခဲမုန့် စားရင်း အလုပ်ရှုပ်နေသည်။ ပုဖန်၏စကားကို ကြားသောအခါ ချက်ချင်း လှည့်ကြည့်လိုက်ပြီး လူအုပ်ကြီးက လူစုကွဲသွားကြောင်း သတိပြုမိလိုက်သည်။
စစ်သူကြီးသုံးယောက်ကလည်း အလုပ်များကြပြ ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။
ချီစစ်က သူမ၏ အနီရောင်နဂါးကြီးကို ခေါ်ကာ ၎င်းပေါ်စီးနင်းရင်း ပျောက်ကွယ်သွားခဲ့သည်။
လင်းတမိန်ကလည်း သူမ၏အစိမ်းရောင်နဂါးကိုခေါ်ကာ ဟေးမူကလည်း အနက်ရောင်နဂါးကိုခေါ်လိုက်သည်။
စစ်သူကြီးသုံးယောက်၏ ထွက်ခွာမှုက ပြိုင်ပွဲပြီးဆုံးပြီဟု ဆိုလိုခြင်းဖြစ်သည်။
ကျင်းယွမ် ရေခဲမုန့်စားပြီးသောအခါ သူမနှင့် ပုဖန်တို့ ထွက်သွားလိုက်ကြသည်။
"စားဖိုမှူးခေါင်းဆောင်ပု... ကျေးဇူးပြုပြီး ဒီဘက်လမ်းက ကြွပါ..."
ကျင်းယွမ်က ပုဖန်ကို လက်ဟန်ခြေဟန်ပြပြီး နဂါးရေကန်မှ ထွက်ခွာသွားလိုက်ကြသည်။
…
"အာ... ရှုံးသွားတာပဲ....ဒီကောင်မလေး ဘာကိစ္စကြောင့် အလွယ်လေးရှုံးသွားရတာလဲ..."
ဟင်းချက်ပြုင်ပွဲပြီးသည်နှင့် ဧကရီပိလော့ စိတ်ရှုပ်ထွေးသွားရသည်။
သူမ လောင်းထားသည်က ရှုံးလေပြီ။
နယ်သာရီက ဧကရီပိလော့ကို လှောင်သလို ကြည့်လိုက်သည်။
ဧကရီပိလော့က နယ်သာရီ၏ မျက်နှာကို မြင်သောအခါ ကိုးယိုးကားယားရယ်လိုက်သည်။ ထို့နောက် ချက်ချင်း စနောက်ချင်စိတ် ထွက်ပေါ်လာကာ နယ်သာရီခေါင်းကိုကိုင်၍ သူမရင်ဘတ်နှင့် ပွတ်လိုက်သည်။
"ရှုံးတာက ရှုံးတာပဲလေ.. ဒီတော့ ငါ့ညီမလေးရဲ့ တောင်းဆိုချက်ကို လုပ်ပေးရုံပဲမလား... ဒီအစ်မကြီးက ဘာကိုများ ကြောက်ရမှာလဲ..."
ဧကရီပိလော့က ရယ်မောလိုက်သည်။
ထို့နောက် နယ်သာရီကိုခေါ်ကာ နန်းတော်ဆီသို့ ပျံသန်းသွားလိုက်သည်။
ယခုတွင် သူမက တော်ဝင်စားသောက်ပွဲကြီးကို မျှော်လင့်နေမိလေပြီ။
ကျင်းယွမ်ကို နိုင်သည်ဆိုကတည်းက ပုဖန်၏ ဟင်းချက်စွမ်းရည်က အတော်လေးကောင်းကြောင်း သိသာလှပေသည်။
ရေခဲမုန့်ကဲ့သို့ စားဖွယ်ရာလေးများပါ ပါလာခဲ့လျှင် ယခုတစ်ကြိမ် တော်ဝင်စားသောက်ပွဲက အတော်လေး စိတ်လှုပ်ရှားစရာကောင်းပေတော့မည်။
…
နတ်ဘုရားမြို့တော် ယဇ်ပူဇော်ခန်းမတွင်
မြင့်မြတ်အပျိုစင်က ထိုင်ဖုံပေါ်တွင် ထိုင်နေသည်။ သူမနှင့် ခပ်လှမ်းလှမ်းတွင် အမွှေးနံ့သာတစ်ခုထွန်းညှိထားပြီး အပြာဖျော့ရောင် အငွေ့များက ဖြေးဖြေးချင်း ထွက်ပေါ်နေသည်။
ထိုအငွေ့များတွင် ပြိုင်ဘက်ကင်းရနံ့ရှိသည်။ ထိုရနံ့ကို ရှူရှိုက်မိချိန်တွင် လူတိုင်း စိတ်သက်တောင့်သက်သာ ဖြစ်သွားရမည်မှာ မလွဲပေ။
ဝေ့ကျင်းက ခန်းမဆောင်၏တံခါးကို ဖွင့်ကာ ဝင်လာခဲ့သည်။ သူမခန္ဓာကိုယ်ကို ရှည်လျားလှသည့် ဝတ်ရုံဖြင့် ပြန်လည်ဖုံးအုပ်ထားပြီး ဖြစ်သော်လည်း ငရဲဘုရင်အာဟကြောင့် ရသည့်အရှက်တရားက သူမစိတ်ထဲတွင် လတ်ဆတ်နေဆဲပင်။
"ပြိုင်ပွဲ ပြီးပြီလား...."
မြင့်မြတ်အပျိုစင်က ဝေ့ကျင်းပြောသည်ကိုပင် မစောင့်တော့ပဲ သူမဘာသာမေးလေတော့သည်။
မြင့်မြတ်အပျိုစင်၏မျက်နှာတွင် မိတ်ကပ်တို့ ချယ်မှုန်းထားခြင်း မရှိသော်လည်း သူမက အလွန်အမင်း လှရက်နိုင်လွန်းသည်။ ယခုအချိန်တွင် သူမက သူမ၏ဆံနွယ်ရှည်ရှည်တို့ကို သစ်သားဘီးဖြင့် ဖြီးသင်နေလေသည်။
"အဲ့တာက.... အဲ့ဒီ့ယောက်ျား နိုင်သွားပါတယ်...."
ဝေ့ကျင်း ပြောလိုက်သည်။
သူမသည်လည်း အရသာဘယ်လိုရှိသလဲ သိချင်လာစေသည့် ရေခဲမုန့်၏ထွက်ပေါ်လာမှုကို မြင်လိုက်ရပေသည်။ သို့သော် သူမ၏တာဝန်ကို သတိရလိုက်၍ လိုချင်စိတ်ကို ထိန်းလိုက်ရသည်။
"အိုး... အံ့ဩစရာတော့ မရှိဘူးပဲ...."
မြင့်မြတ်အပျိုစင်က ခေါင်းငြိမ့်လိုက်ကာ ဘာမှဆက်မပြောပေ။
ခဏအကြာတွင် သူမက သစ်သားဘီးကို သူမဘေးရှိ သေတ္တာထဲ ထည့်လိုက်ပြီး အမွှေးနံ့သာအိုးကို ငေးကြည့်နေလိုက်သည်။
"အရင်တုန်းက ငါဟောတမ်းတစ်ခုကို တွက်ချက်လို့ရခဲ့ဖူးတယ်..."
မြင့်မြတ်အပျိုစင်က နူးညံ့သည့် အသံဖြင့် ပြောလိုက်သည်။
ဝေ့ကျင်းက မှင်သက်သွားကာ နှလုံးပင် တုန်လာခဲ့သည်။
မြင့်မြတ်အပျိုစင်က ဟောတမ်းတစ်ခုကို တွက်ချက်လို့ ရခဲ့တယ်တဲ့လား....
"ဟောတမ်းထဲမှာ.... သိပ်မကြာခင် အနာဂတ်မှာ နတ်ဘုရားမမြို့တော်က ကမ္ဘာကြီးတစ်ခုလုံးစီကနေ ခွဲထုတ်ခံရတော့မယ်လို့ ပါတယ်... ငါတို့ နတ်ဘုရားပျောက်ကွယ် တောင်တန်းလို့ သိကြတဲ့ တားမြစ်နယ်မြေမှာ ကိစ္စကြီးတစ်ခု ရှိလာလိမ့်မယ်... နတ်ဘုရားမမြို့တော်အတွက် ကောင်းချီးလား ကံဆိုးမှုလားကတော့ ဆုံးဖြတ်ဖို့ မလွယ်ကူလှဘူး..."
ဝေ့ကျင်း၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ရီလာသည်။
နတ်ဘုရားမ မြို့တော်က ကမ္ဘာကြီးတစ်ခုလုံး ထဲကနေ ခွဲထုတ်ခံရတော့မယ်တဲ့လား...
နတ်ဘုရားမမြို့တော်က နတ်ဘုရားပျောက်ကွယ် တောင်တန်းနှင့် အတူ အင်အားစုချင်း အတူတူသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ခွဲမရဟု ပြော၍ရပေသည်။
ဘယ်လိုလုပ်ပြီး မြတ်မြတ်အပျိုစင်ရဲ့ တွက်ချက်မှုက ဒီလိုဖြစ်နေရတာလဲ..
ပြီးတော့ ကောင်းချီးလား ကံဆိုးမှုလား မသိဘူးတဲ့....
"မြင့်... မြင့်မြတ်အပျိုစင်... ကျွန်မတို့ ဒီဟောတမ်းကို ဧကရီဆီ လျှောက်တင် လိုက်ကြမလား...."
ဝေ့ကျင်းက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထကာ အံတင်းတင်းကြိတ်လိုက်ရသည်။
"ဘာတွေများကြောက်နေရတာလဲ... ဘယ်သူမှ နတ်ဘုရားမမြို့တော်ကို မဖျက်ဆီးနိုင်ပါဘူး... တားမြစ်နယ်မြေရှိနေသမျှ နတ်ဘုရားမမြို့တော်က ငရဲကမ္ဘာက စစ်တပ်တွေ ကျူးကျော်လာရင်တောင် လုံခြုံနေမှာပါ..."
မြင့်မြတ်အပျိုစင်က ခပ်ဖွဖွလေးရယ်လိုက်သောအခါ သူမပတ်ပတ်လည်တွင် ပန်းပေါင်းတစ်ထောင် ဖူးပွင့်လာသလို ဖြစ်သွားခဲ့သည်။
"အချိန်တန်တဲ့အခါကြရင် ဒီမြင့်မြတ်အပျိုစင်က ဧကရီကို ပြောမှာပါ... ဒါပေမဲ့ အချိန်မကျသေးဘူးလေ... ငါတို့ တော်ဝင်စားသောက်ပွဲပြီးတဲ့အထိ စောင့်ကြတာပေါ့... အခုတော့ ဧကရီကို မနှောင့်ယှက်ကြရအောင်..."
သူမ အမွှေးနံ့သာအိုး၏ အဖုံးကိုဖွင့်ကာ သလင်းပြာရောင် အမှုန့်လေးများကို လောင်းထည့်လိုက်သည်။ ခဏအကြာတွင် အပြာဖျော့ဖျော့အငွေ့များက ထပ်မံ၍ ထွက်ပေါ်လာသည်။
…
နတ်ဘုရားမမြို့တော် တော်ဝင်မီးဖိုချောင်တွင်
တော်ဝင်မီးဖိုဆောင်က အလွန်အလုပ်များနေသည်။ အမျိုးသမီးများက အစားအသောက်များကိုင်၍ လူးလာခေါက်တွန့် သွားနေကြသည်။
ကျင်းယွမ်နှင့် ပုဖန်တို့ရောက်လာပြီး ပျာလောင်ခတ်နေကြသည့် လူအုပ်ကြားတွင် လျှောက်သွားလိုက်သောအခါ လူတိုင်း ငြိမ်ကျသွားခဲ့သည်။
"တော်ဝင်စားတော်ပွဲက သာမန်စားသောက်ပွဲတွေနဲ့မတူဘူး... နှစ်တိုင်း တစ်နှစ်တစ်ကြိမ်ကျင်းပပြီး အဲ့ဒီ့နေ့က နတ်ဘုရားမမြို့တော်ရဲ့ ပျော်ပွဲရွှင်ပွဲကြီးပဲ...."
ကျင်းယွမ်က ပြောလိုက်သည်။
"တော်ဝင်စားသောက်ပွဲရဲ့ ဟင်းပွဲတွေက သတ်မှတ်ပြီးသားဆိုပေမဲ့ အချို့ဟင်းပွဲတွေကိုတော့ စားဖိုမှူးရဲ့ သဘောအရ ပြောင်းလဲလို့ရတယ်... ဒါပေမဲ့ အခြားဟင်းပွဲတွေကိုတော့ စာရင်းအတိုင်း သေချာချက်ရမယ်... ဟင်းချက်စာအုပ်က အခန်းထဲမှာ... စားဖိုမှူးခေါင်းဆောင်ပုက ဟင်းချက်စာအုပ်ထဲက ဟင်းပွဲတွေကို မနက်ဖြန်ကြရင် ကျွမ်းကျင်နေရမယ်... ပြီးတော့ ကျွန်မတို့ရဲ့ ဟင်းပွဲတွေရဲ့ နာမည်နဲ့ ပြုပြင်မွမ်းမံမှာတွေကို ပြောပြပေးရမယ်... ဒါမှ ကျွန်မတို့ ကြိုတင်ပြင်ဆင်ပေးထား နိုင်မှာ..."
"တော်ဝင်စားတော်ပွဲက စုစုပေါင်း ဟင်းပွဲ တစ်ဆယ့်ရှစ်မျိုး လိုပြီး... သုံးပွဲကို ယဇ်ပူဇော်ဖို့ထားပြီးတော့ ကျန်တဲ့ ဆယ့်ငါးပွဲက စားဖို့ လုပ်ရမယ်... ယဇ်ပူဇော်ဖို့ သုံးပွဲက ဘိုးဘေးဘီဘင်လက်ဆင့်ကမ်းလာခဲ့လို့ ပြောင်းလို့မရဘူး...."
ကျင်းယွမ်က ခပ်တိုးတိုးပြောလိုက်သည်။
ပုဖန်က သေသေချာချာနားထောင်လိုက်သည်။ သူ့တွင် တော်ဝင်စားသောက်ပွဲအတွက် ချက်ပြုတ်ခွင့်ရလာပြီဖြစ်၍ လေးလေးနက်နက်သာ လုပ်မည်ဖြစ်သည်။
ထို့နောက် သူတံခါးဖွင့်၍ ဝင်လိုက်သည်။
တံခါး၏တစ်ဖက်တွင် ဖယောင်းတိုင်မီးတို့က အခန်းကို အလင်းရောင်ပေးနေသည်။
ပုဖန် ခြေတစ်လှမ်းလှမ်း၍ ဝင်လိုက်သည်။
အခန်းထဲတွင် စားပွဲခုံနှင့် ထိုင်ခုံတစ်ခုရှိကာ ရေနွေးအိုးတစ်အိုးလည်း ရှိနေသည်။ စားပွဲပေါ်တွင် ဟင်းပွဲဆယ့်ရှစ်မျိုးကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြား ဆယ့်ရှစ်ခုရှိသည်။
အခန်းထဲတွင် မည်သူမှမရှိပေ။
ပုဖန် ဝင်ပြီးနောက်တွင် ကျင်းယွမ် တံခါးကို ဖြေးဖြေးလေး ပိတ်လိုက်သည်။
ထို့နောက် အခြားလူများ ဝင်မည်ကိုတားဆီးရန် အစောင့်အဖြစ် တံခါးရှေ့တွင် ရပ်နေလိုက်သည်။
သူမနောက်တွင် အလုပ်ရှုပ်နေသည့် တော်ဝင်မီးဖိုဆောင်ရှိပြီး ချက်ပြုတ်နေသည့် အသံများ ဆူညံနေသည်။
ထိုအချိန်တွင် သူအခြားနေရာ သွားစရာရှိသည်ဟု ပုဖန်ကို ပြောခဲ့သော ငရဲဘုရင်အာဟက အစပ်ချောင်းကို ကိုက်ဝါးရင်း နန်းတော်ထဲသို့ လျှောက်ဝင်လာသည်။
ဤအချိန်က ငရဲဘုရင်တစ်ယောက်ဖြစ်သည့် သူ့အတွက် နတ်ဘုရားမမြို့တော်မှ ဧကရီကို တွေ့ဆုံရမည့် အချိန်ဖြစ်သည်။