အခန်း ၁၁၃၅
မီးဖိုချောင်၏ မင်းဆိုးမင်းညစ် ပုဖန်
နတ်ဘုရားမမြို့တော်က အမှန်တကယ်တွင် ဧကရီပိလော့က ဘုရင်မအဖြစ် တည်ရှိသော နိုင်ငံငယ်လေးတစ်ခုနှင့် တူသည်။
နန်းတော်က ခမ်းနားထည်ဝါလှပြီး မြို့အလယ်ဗဟိုတွင် တည်ရှိသည်။ နဂါးရေကန်မှ စိမ်းလန်းစိုပြေသော အုတ်များဖြင့် ပြုလုပ်ထားသည့် ပင်မလမ်းသည် နန်းတော်အထိရောက်နိုင်သည်။
နန်းတော်ရှေ့မှ အဖြူရောင်ကျောက်စိမ်းများပေါ် ခြေချလိုက်ပါက သက်တောင့်သက်သာခံစားချက်ကို ပေးစွမ်းနိုင်သည်။
တစ်ဖက်စီတွင်လည်း အဖြူရောင်ကျောက်စိမ်းများဖြင့် ထွင်းထုထားသည့် လက်ရန်းများရှိသည်။ ပန်းပုရုပ်များ၏ သက်ဝင်လှုပ်ရှားနေမှုကြောင့် ပန်းပုဆရာ၏လက်မှုပညာက သာလွန်ကောင်းမွန်ကြောင်း သိနိုင်သည်။ ၎င်းတို့က အသက်ဝင်လာပြီး တောင်ပံများဖြန့်ကျက်ကာ ပျံသန်းသွားတော့မည်ဟူပင် ထင်ရသည်။
ငရဲဘုရင်အာဟက ရှူးရှဲအစပ်ချောင်းကို ပါးစပ်ထဲထည့်ထားသည်။ သူရှေ့သို့တစ်လှမ်းတိုးလာတိုက်း ရင်ဘတ်မှအင်္ကျီစက ပို၍ဟလာပြီး ဖြူဖျော့ဖျော့အသားအရည်ကို ပြသနေသည်။ သူ၏နှုတ်ခမ်းတွင် ရွှင်မြူးနေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
အင်ပါယာအစောင့်များ သတိမလွတ်စေပဲ ငရဲဘုရင်အာဟ၏ နောက်မှလိုက်လာသည်။
၎င်းတို့ကို ငရဲဘုရင်အာဟ ကျိန်းသေပေါက်ဂရုမစိုက်ပေ။ သူက ပင်မလမ်းမတစ်လျှောက် လျှောက်လာပြီး လှေကားပေါ်တက်လာသည်။
အချိန်တိုအတွင်းမှာပင် အင်ပါယာနန်းတော်၏ ပင်မခန်းမဆောင်ပေါ် ရောက်လာသည်။
ဂျိန်းခနဲအသံထဖြင့် ခန်းမဆောင်၏တံခါးများ ရုတ်ချည်း ပိတ်သွားသည်။
ငရဲဘုရင်အာဟ မျက်လုံးများမှေးကျဉ်းလျက် အဝေးကိုကြည့်လိုက်သည်။
စင်မြင့်ပေါ်ရှိ ပလ္လင်တွင် သိမ်မွေ့သည့်ပုံရိပ်တစ်ခုက နွမ်းလျစွာထိုင်နေသည်။ ထိုပုံရိပ်၏ ငိုက်မျဉ်းနေသောအကြည့်များက ငရဲဘုရင်အာဟပေါ်သို့ ရောက်လာသည်။
ငရဲဘုရင်အာဟ လက်ထဲမှ ရှူးရှဲအစပ်ချောင်းကို တစ်ကိုက်စာမျှ ကိုက်လိုက်သည်။ အနည်းငယ်ဝါးပြီးနောက် ကျန်သည့်အစပ်ချောင်းကို ပါးစပ်ထဲထည့်ထားလျက် ထိုငိုက်မျဥ်းနေသောပုံရိပ်နှင့် အကြည့်ချင်းဆုံသွားသည်။
ငရဲဘုရင်အာဟကိုကြည့်လျက် ဧကရီပိလော့က ရွှတ်နောက်နောက်မေးလိုက်သည်။
" ငရဲကမ္ဘာရဲ့ အရှင်သခင်ဆိုတဲ့ ကိုယ့်အလုပ်ကိုယ်သေချာမလုပ်ပဲ ... မိန်းမလိုဝတ်ပြီး နတ်ဘုရားမမြို့တော်ထဲ ဘာလာလုပ်တာလဲ ..."
ထို့နောက် သူမ မတ်တပ်ရပ်လိုက်ချိန်တွင် ကတ္တီပါနီရောင်ဝတ်ရုံရှည်ကြီးက လေပွေတစ်တခုကြောင့် တဖျပ်ဖျပ်လွင့်သွားသည်။
" လမ်းကြုံလို့ ဒီကိုရောက်နေတဲ့ မိတ်ဆွေတစ်ယောက်ကို လာရှာတာပါ ..."
ငရဲဘုရင်အာဟ ပြန်ဖြေလိုက်သည်။
" မိတ်ဆွေတစ်ယောက်တဲ့လား ... ငရဲကမ္ဘာရဲ့ အရှင်သခင်တစ်ယောက်အတွက် နတ်ဘုရားမမြို့တော်မှာ မိတ်ဆွေမရှိလောက်ဖူးထင်တာပဲ ... အိုး ... ဟိုစာဖိုမှူးလေးကိုပြောတာလား ..."
ငရဲဘုရင်အာဟ ရယ်လိုက်သည်။
" ဟုတ်တယ်အစ်မကြီး ... အရင်လို ဉာဏ်ကောင်းနေတုန်းပဲနော် ..."
" လာမနောက်နေစမ်းပါနဲ့ ... မင်းကရော မင်းရဲ့အဖေလိုမဟုတ်တာ သေချာလား ...နတ်ဘုရားပျောက်ကွယ်တောင်တန်းက အသက်စမ်းရေအတွက်လာတာ မဟုတ်ဖူးပေါ့ ..."
ဧကရီပိလော့၏ လက်ချောင်းသွယ်သွယ်များက သူမမေးစေ့ကိုပွတ်ကာ ငရဲဘုရင်အာဟကို ကြည့်နေသည်။
ငရဲဘုရင်အာဟ ထိုနေရာတစ်ဝိုက်တွင် လမ်းလျှောက်နေပြီးနောက် မှီစရာနေရာတစ်ခု ရှာတွေ့သွားသည်။
" သေချာပေါက် မဟုတ်ဖူးပေါ့ ... အဲ့အချိန်တုန်းက ကျွန်တော့်အဖေက နယ်သာရီရဲ့ခန္ဓာကိုယ်ကကျိန်စာကို ပျောက်အောင်လုပ်ဖို့ အသက်စမ်းရေကို ငှားချင်ခဲ့တာ ... အဲ့ကိစ္စကြောင့်လာရင်း ... ဟိုဟာ အစ်မကြီးအမေနဲ့ လွန်လွန်ကျူးကျူးဖြစ်သွားတာလေ ..."
ငရဲဘုရင်အာဟ ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်သည်။
ဧကရီပိလော့ နှာခေါင်းရှုံ့လိုက်သည်။ ခဏအကြာတွင် သူမ၏ပုံရိပ်က တစ်ခဏအတွင်း နေရာကူးပြောင်းကာ ငရဲဘုရင်အာဟရှေ့ကို ရောက်လာသည်။
ကြောက်မက်ဖွယ်ဖိအားများ ပျံ့နှံ့လာပြီး သူမ၏ကတ္တီပါနီရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။
ငရဲဘုရင်အာဟ ချက်ချင်းပင်အေးခဲသွားကာ ပါးစပ်ထဲမှ အစပ်ချောင်းပင် လှုပ်သွားသည်။
ဧကရီပိလော့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ငရဲဘုရင်အာဟ၏ နဖူးကိုထိလိုက်သည်။ သူမလက်သည်းများကို အနီရောင်ဆိုးထားသည့်အတွက် အလွန်လှပနေသည်။
ထိုသို့ထိလိုက်ရုံဖြင့် ငရဲဘုရင်အာဟ နောက်ကို ဆုတ်သွားရသည်။ နောက်ဆုံးတွင် နံရံကို မှီနေသည်။
" ငရဲကမ္ဘာရဲ့ အရှင်သခင်ဖြစ်ရဲ့သားနဲ့ မင်းရဲ့ကျင့်ကြံခြင်းက အားနည်းလိုက်တာ ... အုပ်ချုပ်သူတစ်ယောက်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုကိုင်တွယ်မှာလဲ ..."
ဧကရီပ်လော့က နန်းတော်၏ ရေခဲတမျှအေးစက်သည့်ကြမ်းပြင်တွင် ခြေဗလာဖြင့် လမ်းလျှောက်နေကာ မေးလိုက်သည်။
ငရဲဘုရင်အာဟ စိတ်ထဲမည်သို့မျှမဖြစ်ပေ။ အစပ်ချောင်းကို ပါးစပ်ထဲထည့်ထားလျက် ရယ်နေသည်။
နတ်ဘုရားမမြို့တော်၏ဧကရီပိလော့က သန်မာသည်မှာ မေးစရာပင်မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမက တားမြစ်နယ်မြေဖြစ်သည့် နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ထားရသောကြောင့်ပင်။
ထို့ကြောင့် သူကပို၍ အားနည်းနေခြင်းဖြစ်သည်။
" စားဖို့ကိုကျတော့ ပျော်နေပြီး ဘာအလုပ်မှမလုပ်ဖူးလား ... အေးချမ်းနေတဲ့အချိန်မှာတောင် အန္တရာယ်တွေကို ကြိုတွေးထားဖို့လိုတယ် ... ငရဲအကျဉ်းထောင်က ငါတို့ခေါင်းပေါ်ဝဲနေတဲ့လှံရှည်တစ်ခုနဲ့တူတယ် ... ကမ္ဘာမြေအကျဉ်းထောင်အပေါ်မှာ ဘယ်တော့ အပေါက်ကြီးတစ်ခုဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး ... မင်း ဒါတွေတစ်ခုမှ မခံစားမိတာများလား ..."
သူမမျှော်လင့်ထားသည့် အခြေအနေအတိုင်း ဖြစ်နေသောကြောင့် ဧကရီပိလော့လက်ပိုက်လျက် ငရဲဘုရင်အာဟကို နာကြည်းစွာကြည့်နေသည်။ သူမအသံကလည်း အနည်းငယ် ကူကယ်ရာမဲ့နေပုံပင်။
" အခုတော့ ဒါတွေမပြောပဲနေရအောင်လား ... ကျွန်တော့်မိတ်ဆွေက နတ်ဘုရားပျောက်ကွယ်တောင်တန်းက အသက်စမ်းရေကို မသေမျိုးအပင်ပေါက်တွေကို ဖြန်းဖို့လိုနေတဲ့အတွက် ငှားရမ်းယူသွားမယ်ထင်တယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကလည်း ငရဲအကျဉ်းထောင် ကျူးကျော်ခံရမယ့် အန္တရာယ်ထဲရောက်နေတုန်း မသေမျိုးသစ်ပင်ကြီးက နက်နက်ရှိုင်းရှိုင်းကို အိပ်မောကျနေတာ ... မသေမျိုးအပင်ပေါက်လေးတွေ ပြန်ကောင်းလာမှဖြစ်မယ် မဟုတ်ရင် အထွဋ်အမြတ်အဆင့်ကျင့်ကြံသူတွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အရံအတားကို ဖြတ်လာကြလိမ့်မယ် ..."
ငရဲဘုရင်အာဟက ခေါင်းစဉ်ပြောင်း၍ ပြောလ်ိုက်သည်။
" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်လား ... နာမည်ကတော့ ရင်းနှီးနေတယ် ... အဲ့ဒါက ဒီဧကရီနဲ့ ဘာဆိုင်လို့လဲ ...အသက်စမ်းရေက ပြိုင်ဘက်ကင်းတန်ဖိုးရှိတဲ့ဆေးတစ်မျိုးနော် မင်းငှားခိုင်းတာနဲ့ပဲ ငှားရမယ်တဲ့လား ..."
ဧကရီပိလော့က တည်ကြည်စွာဖြင့် ဆက်ပြောသည်။
" ငါ အရင်ကလည်း ဒါကို ပြောပြီးပြီ ... အဲ့ဒီစားဖိုမှူးလေးရဲ့ တော်ဝင်စားသောက်ပွဲကြီးက ငါ့ကိုစိတ်ကျေနပ်စေရင် ဒီဧကရီက သူ့ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းခေါ်သွားမယ် ... အသက်စမ်းရေကို ရမရကတော့ သူ့ရဲ့ကံပေါ်မူတည်တယ် ... သူငါ့ကို စိတ်မကျေနပ်စေရင်တော့ နတ်ဘုရားမမြို့တော်က နှင်ထုတ်ခံရမယ် ... ဘာပဲဖြစ်နေပါစေ တော်ဝင်စားသောက်ပွဲကြီးမှာ ဧကရီဘုရင်မရဲ့ လက်ခံမှုကိုရဖို့ကတော့ အဲ့စားဖိုမှူးလေး စိတ်ကူးထားသလို လွယ်မနေဘူး ..."
ငရဲဘုရင်အာဟ တိုင်လုံးများကိုမှီကာ စူပုတ်သွားသည်။
" ခင်ဗျားပြောတဲ့ တော်ဝင်စားသောက်ပွဲကြီးက ၇၀%လောက်က ပျော်ပွဲရွှင်ပွဲဆိုပေမယ့် ၃၀%က နတ်ဘုရားတွေကို ယဇ်ပူဇော်တာလေ ... နတ်ဘုရားပျောက်ကွယ်တောင်တန်းက အဲ့ဒီမိန်းမဆီက သဘောတူညီမှုရရင်ရော ခင်ဗျားက ကြားထဲက ဟန့်တားနေဦးမှာလား ..."
" ဟ မင်းကိုယ်မင်း အရာအားလုံးကို သိတယ်ထင်နေလား ..."
ဧကရီပိလော့က ငရဲဘုရင်အာဟကို စူးစူးရဲရဲ ကြည့်နေသည်။
နတ်ဘုရားမမြို့တော်အတွင်းတွင် မျိုးဆက်အသစ်မွေးဖွားမှုက အသက်စမ်းရေကို ယုံကြည်အားထားရခြင်းဖြစ်သည်။ နတ်ဘုရားမမြို့တော်တွင် ယောကျာ်းတစ်ယောက်မှမရှိပေ။ သို့သော် မိန်းမတစ်ယောက်အရွယ်ရောက်လာပါက လျှို့ဝှက်နည်းလမ်းဖြင့်ရောစပ်ထားသည့် နွေဦးစမ်းရေကို ယဇ်ပူဇော်ခန်းမသို့သွားရောက်ယူဆောင်ရသည်။ ၎င်းကိုသောက်ပြီးသည့်နောက်တွင် နတ်ဘုရားမမြို့တော်မှ အမျိုးသမီးများဆယ်လအတွင်းကိုယ်ဝန်ရှိလာနိုင်ပြီး ကလေးမွေးဖွားနိုင်သည်။
မွေးဖွားလာသည့် ကလေးအားလုံးက မိန်းကလေးများသာ ဖြစ်သည်။
ဤသို့ဖြင့် သံသရာလည်နေသည်။
ဤအလေ့အထကို နတ်ဘုရားမမြို့တော်တွင် ပြုလုပ်ခဲ့သည့် အချိန်ကာလမည်မျှကြာမြှင့်ပြီကို မသိသော်လည်း မြိုသူမြို့သားများအားလုံးက မိန်းမများသာဖြစ်သည်။
ယခင်နယ်သာငရဲဘုရင်ထျန်စန်းက ဧကရီပိလော့၏အမေနှင့် စည်းကျော်ခဲ့သော်လည်း ဧကရီပိလော့က အသက်စမ်းရေမှသာ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
သူမနှင့် ငရဲဘုရင်အာဟက သွေးသားတော်စပ်မှု မရှိပေ။
သို့ရာတွင် သူတို့နှစ်ဦးကြားထဲ မောင်နှမရင်းချာများကဲ့သို့ ဆက်နွယ်နေမှုများရှိသဖြင့် အချိန်ကြာမြှင့်စွာ စကားစမြည်ပြောနေခဲ့ကြသည်။
ဧကရီပိလော့က ငရဲဘုရင်အာဟကို စစ်မှန်သောဘုရင်ကောင်းတစ်ယောက်ဖြစ်ရန် နည်းလမ်းအချို့နှင့် အကြံဉာဏ်များပေးနေသည်။
ငရဲဘုရင်အာဟကလည်း သေသေချာချာနားထောင်သည်။
မိန်းမတစ်ဦးက သင်ပေးနေပြီး ယောကျာ်းတစ်ဦးက နားထောင်နေသည်။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားသည်။
…
နတ်ဘုရားမြို့တော် တော်ဝင်မီးဖိုဆောင်
တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားပြီဖြစ်သည်။
စားဖိုမှူးကျင်းယန် တံခါးဝတွင်ရပ်နေပြီး အတွင်းထဲကို အချိန်တိုင်းကြည့်နေသည်။ တံခါးက တုပ်တုပ်မလှုပါသည်ကို မြင်သောအခါ မသိစိတ်က မျက်ခုံးများတွန့်ချိုးသွားသည်။
အချိန်အတော်ကြာနေသည်ဟု သူမထင်လာသည်။ဟင်းချက်နည်းများကိုမှတ်တမ်းတင်ရန်က ဤမျှအချိန်မကြာသင့်ပေ။
ကျွိ ...
ကျင်းယွမ် အတွေးထဲနစ်မြောနေစဉ် ပိတ်ထားသည့်တံခါးက နောက်ဆုံးတွင်ပွင့်လာသည်။
တံခါးဖွင့်လိုက်သောအခါတွင် မီးဖိုချောင်၏ ရှုပ်ယှက်ခတ်နေသော လေထုက သူ့ထံသို့ ပြေးဝင်လာပြီး ပုဖန်အနည်းငယ် မှင်တက်သွားသည်။
မီးဖိုချောင်အတွင်းတွင် စားဖိုမှူးများစွာက ချက်ပြုတ်နေပြီး ပါဝင်ပစ္စည်းများကို အပြည့်အ၀ ကိုင်တွယ်ဖြေရှင်းနေကြသည်။
ဤနေရာက အင်ပါယာနန်းတော်၏ မီးဖိုချောင်ဖြစ်သဖြင့် နတ်ဘုရားမမြို့တော်တစ်ခုလုံးကို အစားအစာနှင့်ရေများ ထောက်ပံ့ပေးရန်လိုအပ်သည်။
ပုဖန် ထိုနေရာမှထွက်လာပြီး သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။
ကျင်းယွမ်က ပုဖန်ကို မျှော်လင့်ချက်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
" ချက်ပြုတ်နည်းအညွှန်းတွေ ကြည့်ပြီးပြီလား .. အဲ့ထဲက ချက်ပြုတ်နည်းလမ်းတွေရော မှတ်မိလား ..."
" ကျုပ် မှတ်လာခဲ့ပါတယ် ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
ပုဖန်အတွက် ဟင်းပွဲ၁၈မျိုးက တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ မှတ်မိနိုင်သည်။
အထဲတွင် အချိန်များစွာကုန်ဆုံးခဲ့ခြင်းက ဤဟင်းလျာများအပေါ် ပြောင်းလဲမှုများ ပြုလုပ်လို၍ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏မျက်လုံးထဲတွင် ထိုချက်ပြုတ်နည်းအညွှန်းများက အပြစ်အနာအဆာများဖြင့် ပြည့်နေသည်။
ကျင်းယွမ်ပြောပြခဲ့သည့် အနည်းငယ်မှပြောင်းလဲ၍ မရသော ယဇ်ပူဇော်ဟင်းပွဲများလည်း ပါဝင်သည်။
" အချိန်က ဒီရေလိုပဲ ... ကျွန်မတို့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်သင့်ပြီထင်တယ် ..."
ကျင်းယွမ်က ပုဖန်ကိုကြည့်လိုက်ပြီးနောက် စူးစမ်းစွာ မေးလိုက်သည်။
ယခုအချိန်၌ ပုဖန်က အဓိကစားဖိုမှူးဖြစ်ပြီး သူမက ပုဖန်ကို ကူညီပေးရသည့် လက်ထောက်တစ်ယောက်သာဖြစ်သည်။
ယခင်ကတော်ဝင်စားသောက်ပွဲများတွင် သူမကသာလျှင် အဓိကစားဖိုမှူးဖြစ်ခဲ့သောကြောင့် အမိန့်ပေးရသည်ကို ယဉ်ပါးနေ၍ ယခုကဲ့သို့ရုတ်ချည်းပြောင်းလဲသွားသည့်အခါ အနည်းငယ်ခက်ခဲသွားသည်။
ပုဖန် လက်ပိုက်နေပြီး ကျင်းယွမ်၏အမေးကိုမဖြေပေ။
ထို့ကြောင့် ကျင်းယွမ် မျက်မှောင်ကြုတ်လာသည်။
ပုဖန် လက်ပိုက်၍ မီးဖိုချောင်ထဲဝင်သွားပြီး ထိုနေရာတစ်ဝိုက်တွင် လျှောက်နေသည်။
အရာအားလုံးကို သူ့မျက်လုံးထဲထည့်၍ မှတ်ထားသည့်အတွက် အားလုံးကို ရှင်းရှင်းလင်းလင်းနားလည်နေသည်။
ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ကျင်းယွမ်ကိုကြည့်လိုက်သည်။
" မင်းက ပါဝင်ပစ္စည်းတွေ သွားပြင်ဆင်ထားလိုက် ... မီးဖိုချောင်ထဲကလူအားလုံးကတော့ အပြင်ထွက်သွားပေးကြပါ ..."
ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။
သူ၏အသံက အလွန်မကျယ်သော်လည်း ခဏတွင်းချင်းမှာပင် မီးဖိုချောင်တစ်ခုလုံးပဲ့တင်သွားသဖြင့် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသူအားလုံး လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
အားလုံးက ကြောင်စီစီဖြင့် ကြည့်နေကြသည်။
မီးဖိုချောင်ထဲမှ လက်ထောက်စားဖိုမှူးများအားလုံးက သက်လတ်ပိုင်းအရွယ်အမျိုးသမီးများဖြစ်ကြသည်။
ပုဖန် သူတို့ကို နှင်ထုတ်နေသည်ကို ကြားလိုက်ရသည့်အခါ မကျေမနပ်ဖြစ်သွားသည်။
သူတို့လုပ်လက်စများကို ရပ်ထားလိုက်ပြီး ပုဖန်ကို မျက်လုံးများပြူးကျယ်လျက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
" မင်းက ယောကျာ်းတစ်ယောက်ဖြစ်တာနဲ့ပဲ ငါတို့မင်းကို ဘာမှမလုပ်ရဲဘူးထင်နေလား ... ငါတို့လို လက်ထောက်စားဖိုမှူးတွေက မီးဖိုချောင်ထဲမှာ နေ့တိုင်းချက်ပြုတ်နေရပြီး တော်ဝင်စားသောက်ပွဲတိုင်းကို ပြင်ဆင်ပေးရတဲ့လူတွေ ... မင်းက ဘာလုပ်ပိုင်ခွင့်ရှိလို့ ငါတို့ကိုနှင်ထုတ်တာလဲ ..."
" ဘုရင်မကြီးကတောင် ငါတို့ကို နှင်မထုတ်နိုင်ဘူး ... မင်းကယောကျာ်းတစ်ယောက်လေ ..."
".ငါတို့မရှိရင် တော်ဝင်စားသောက်ပွဲကြီး ပြီးပြည့်စုံနိုင်မှာ မဟုတ်ဖူး ..."
စိတ်ဓာတ်ပြင်းထန်သော သက်လတ်ပိုင်းအရွယ်မိန်းမသုံးယောက်က မျက်လုံးများပြူးကာ ပုဖန်ကို စိုက်ကြည့်နေသည်။ သူတို့က မကျေမနပ်ဖြင့် အော်ဟစ်နေကြသေးသည်။
ကျင်းယွမ် မျက်နှာပျက်နေသည်။
တစ်ဖက်မှ ပုဖန်မှာ အလွန်တည်ငြိမ်နေသည်။
အဆက်မပြတ် အော်ဟစ်ပြောဆိုနေသော ထိုမိန်းမကြီးအုပ်စုကို ပုဖန်တည်ငြိမ်စွာကြည့်နေသည်။
ခဏအကြာမှ ပုဖန်ပါးစပ်ဟလိုက်သည်။
" ပြောချင်တာတွေ ပြောပြီးကြပြီလား ..."
" ခင်ဗျားတို့ပြောပြီးရင် ထွက်သွားတော့လေ ... ကျွန်တော်က စားသောက်ပွဲကြီးရဲ့ အဓိကစားဖိုမှူးဆိုတော့ ကျွန်တော်ပြောတာ ဥပဒေပဲ ..."
ပုဖန် ဖြည်းညှင်းစွာမျက်လုံးဖွင့်လိုက်ပြီး ထိုလူအုပ်စုကို မျက်နှာသေဖြင့် ကြည့်နေသည်။
ထိုမိန်းမကြီးအုပ်စုက ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ဘာပြောရမည် မသိတော့ပေ။
အဓိကစားဖိုမှူမှာ တော်တင်စားသောက်ပွဲကြီးကို ဦးဆောင်ရသူဖြစ်သည်။
သူသာလျှင် မီးဖိုချောင်ကို ထိန်းချုပ်ထားသည်။
ယခင်နှစ်များက ကျင်းယွမ်၏နူးညံ့သောစိတ်နေစိတ်ထားကို သူတို့အားလုံးကျင့်သားရနေကြသည်ဖြစ်သည်။ သို့သော် ယခုနှစ်တွင် အဓိကစားဖိုမှူးက ပုဖန်ဖြစ်လာသည့်အတွက် သူ၏သန်မာသောဖိအားကြောင့် ၎င်းတို့ခဏတာ ဆွံ့အသွားကြသည်။
" အဓိကစားဖိုမှူးရဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့သိတယ်မလား ... မသိရင် နားလည်အောင်သွားလုပ်ပြီးမှ ကျုပ်ကိုပြန်လာပြော... အခု သုံးကနေ တစ်အထိရေမယ် ကျင်းယွမ်ကလွဲပြီး တခြားလူအားလုံး မီးဖိုချောင်ထဲက ထွက်သွားကြ ..."
ပုဖန်၏ လေသံကအေးစိမ့်နေသည်။
" သုံး ..."
ထိုမိန်းမများ၏မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။
သူတို့အားလုံး အံကြိတ်ထားပြီး စိတ်ထဲတွင်မကျေမနပ်ဖြစ်နေသည်။
သူတို့အားလုံးက ဤတစ်ကြိမ်တော်ဝင်စားသောက်ပွဲကြီး၏ လက်ထောက်နေရာကို လက်မလျှော့ချင်ကြပေ။ တော်ဝင်စားသောက်ပွဲကြီးကျင်းပချိန်၌ လက်ထောက်စားဖိုမှူးများက ဆန္ဒရှိသလောက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။
ယခင်နှစ်က အဓိကစားဖိုမှူးမှာ ကျင်းယွမ်ဖြစ်သဖြင့် သူမ၏နူးညံ့သော စိတ်သဘောထားကြောင့် သူတို့၏ မသမာသောအပြုအမူများကို လက်ခံပေးခဲ့ရသည်။
ယခုအချိန်၌ အဓိကစားဖိုမှူးပြောင်းလဲသွားပြီဖြစ်၍ သူတို့ကို အကြောင်းပြချက် ရေရေရာရာမရှိပဲ မီးဖိုချောင်ထဲမှ ထွက်သွားခိုင်းနေသည်။
သူတို့ ဤကိစ္စကို လက်မခံနိုင်ပေ။
" နှစ် ..."
ပုဖန်၏ မျက်နှာက ခံစားချက်တစ်စုံတစ်ရာမှ မရှိပဲ အေးစက်နေသည်။
ကျင်းယွမ် ဘေးတွင်သာရပ်နေပြီး ဘာလုပ်ရမည်မသိပဲ လက်သီးကိုသာကျစ်ကျစ်ဆုပ်ထားသည်။
လူအများစုက မီးဖိုချောင်ထဲမှ ထွက်သွားပြီဖြစ်သော်လည်း အချို့ကမူ စိတ်ထဲတွင် မမျှတဟု ခံစားနေရသည်။
" တစ် ..."
ပုဖန် နောက်ဆုံးစကားကိုပြောလိုက်သည်။
မီးဖိုချောင်ထဲတွင် ပုဖန်ကိုစိုက်ကြည့်နေခဲ့သည့် သုံးယောက်မှလွဲ၍ အားလုံးထွက်သွားကြသည်။
ခေါင်းမာသောမိန်းမများကိုကြည့်ကာ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။
စိတ်ထဲတစ်ချက်တွေးလိုက်သည်နှင့် မှော်အစီအရင်တစ်ခုပေါ်လာသည်။
ဝှိုက်တီ၏ပုံရိပ်က သူ၏နောက်တွင် ချက်ချင်းပေါ်လာသည်။ မိုးကြိုးများကို ဝါးမျိုပြီးသည့်နောက်တွင် ဝှိုက်တီ၏ စွမ်းရည်များက ပို၍ခိုင်မာလာသည်။
" ဝှိုက်တီ ဒီပြဿနာရှာတဲ့လူတွေကို ဘယ်လိုရှင်းရမယ်ဆိုတာ သိတယ်မလား ..."
ပုဖန် အေးအေးလူလူပင် ပြောလိုက်သည်။
ဝှိုက်တီက ဝှစ်ခနဲ ရှေ့သို့တစ်ဟုန်ထိုးပြေးထွက်သွားသည်။ သူ၏သတ္တုတောင်ပံများကို ချက်ချင်ဖြန့်ကားလိုက်သည်။
မိုးကြိုးပစ်သံများက အဆက်မပြတ် ပဲ့တင်ထပ်လာသည်။
စက်ရုပ်မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာသည်။
" ပြဿနာရှာတဲ့လူတွေကို အဝတ်တွေဖြဲပြီး ဥပမာပေးရမယ် ..."
စက်ရုပ်သံတစ်ခု ထွက်ပေါ်လာသည်။
အကျိုးအမြတ်များကြောင့် မထွက်သွားချင်သည့် သက်လတ်ပိုင်းအရွယ်မိန်းမသုံးယောက်က ဝှိုက်တီ့ကိုကြောက်ရွံ့ပြီး မီးဖိုချောင်ထဲမှ ပြေးထွက်သွားကြသည်။
" ဝှိုက်တီ မီးဖိုချောင်အပြင်ဘက်မှာသွားစောင့်နေ ...ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို ဝင်မလာခိုင်းနဲ့ သိတယ်နော် ..."
ပုဖန် ပြောလိုက်သည်။
ခဏအကြာတွင် ပုဖန်၏အကြည့်များက စိုးရိမ်ကြောက်လန့်နေသည့် ကျင်းယွမ်ပေါ်သို့ ရောက်သွားသည်။
" မင်းက တော်ဝင်စားသောက်ပွဲက ဟင်းလျာတွေအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးကိုသွားရှာ ... ဒီတစ်ရက်အတွင်းနော် ..."
ပုဖန်၏အသံက တည်ငြိမ်နေသော်လည်း ကျင်းယွမ်က အလွန်ကြောက်နေသောကြောင့် မြန်မြန်ထွက်ပြေးသွားသည်။
ထိုသို့ကြောက်စရာကောင်းသည့်စားဖိုမှူးကို ကျင်းယွမ်မမြင်ဖူးပေ။
သူမရင်ထဲတွင် ကြောက်လန့်နေရသည်။
သူမက အဓိကစားဖိုမှူးဖြစ်ခဲ့သော်လည်း ထိုလက်ထောက်များနှင့် စကားစမြည်ပြောကာ ရယ်မောနေခဲ့ဖူးသည်။
သို့ရာတွင် ...
ပုဖန်၏ လုပ်ရပ်များက ကမ္ဘာကြီးအပေါ် သူမ၏အမြင်များကို လုံးလုံးလျားလျား ပြောင်းလဲပေးခဲ့သည်။
ကျင်းယွမ်ထွက်သွားသည်ကိုကြည့်ပြီး ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
" ငါ့ရဲ့လက်ထောက်စားဖိုမှူးက ဘယ်သူမဆိုမဖြစ်နိုင်ဘူး ...အနည်းဆုံးတော့ ယုတ်ညံ့တဲ့အတွေးတွေရှိတဲ့ လူတစ်စု မဖြစ်နိုင်ဘူး ..."
ကျင်းယွမ်၏ပုံရိပ်က တောင့်တင်းသွားပြီး စိတ်ထဲတွင်ပို၍ လန့်လာသည်။
စားဖိုမှူးပုက ကြောက်စရာကြီး ...
သူက ဒဏ္ဍာရီထဲက မီးဖိုချောင်ရဲ့ မင်းဆိုးမင်းညစ်ကြီးပဲ ...