အပိုင်း ၁၁၃၇
Viewers 53k

အခန်း ၁၁၃၇

နတ်ဘုရားမမြို့တော်၏ တော်ဝင်စားသောက်ပွဲကြီး စတင်ပြီ


ကျင်းယွမ်ချက်ချင်းပင် မျက်နှာပျက်သွားသည်။


ယဇ်ပူဇော်ဟင်းလျာများကို စည်းကမ်းတင်းကျပ်စွာချက်ပြုတ်ရပြီး အနည်းငယ်မျှပြောင်းလဲ၍မရဟု သူမအကြိမ်ပေါင်းများစွာ ပြောခဲ့သည်။


ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်အတွင်း၌ အမှားတစ်စုံတစ်ရာမှ အဖြစ်ခံ၍မရပေ။ အမှားတစ်ခုရှိသည်နှင့် ဟင်းလျာ၏အရသာ အလွယ်တကူပြောင်းလဲသွားနိုင်သည်။


ဒါပေမဲ့ ခေါင်းဆောင်စားဖိုမှူးပုဖန်က ...


သူက ပါဝင်ပစ္စည်းအသစ်ထပ်ထည့်ပြီး ချက်ပြုတ်နည်းပါ ပြောင်းပစ်လိုက်ပြီ ...


ဒါက အရမ်းစိတ်ကြီးဝင်နေတဲ့ အပြုအမူပဲ...


ကျင်းယွမ် သူမလုပ်လက်စများကို ထားခဲ့ပြီး ပုဖန်ဆီသို့ လျှောက်လာသည်။


သိပ်သည်းသည့်ရနံ့တစ်မျိုးက လေထုထဲပျံ့နှံ့နေသည်။ ဟင်းလျာ၏ အစိမ်းရင့်ရောင်အလင်းက သူမမျက်လုံးများကို ကျိန်းစပ်စေသည်။


ဒါက တော်တော်လှတဲ့ ဟင်းလျာတစ်ခုပါလား ...


ယခင်သူမချက်ပြုတ်ခဲ့သည့် တစ်ကြိမ်မှမပြောင်းလဲခဲ့သော ဟင်းလျာက ချက်ပြုတ်ပြီးချိန်၌ ဤသို့ဖြစ်မနေသည်ကို သူမဝန်ခံရလိမ့်မည်။


" ရှင် ... ရှင် ..."


ကျင်းယွမ် ပြောစရာစကားများ ပျောက်ရှသွားသည်။


ပုဖန်က ကျင်းယွမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ကျင်းယွမ်ခေါင်းကို ပွတ်လိုက်သဖြင့် သူမထိုနေရာ၌ပင် အေးခဲသွားသည်။


" လက်ထောက်စားဖိုမှူးတစ်ယောက်အနေနဲ့ ပထမဆုံးလုပ်ရမယ့်အရာက ခေါင်းဆောင်စားဖိုမှူးကို ယုံကြည်ဖို့ပဲ ..."


သူမ ခေါင်းပေါ်မှ ညင်သာသည့် အထိအတွေ့ကြောင့် ကျင်းယွမ်၏မျက်နှာက ချက်ချင်းပင် အနီရောင်ပြောင်းသွားသည်။ သူမမျက်နှာ ဘာကြောင့်နီရဲသွားသည်ကိုပင် နားမလည်ပေ။


" ကျွန် ... ကျွန်မ ..."

ကျင်းယွမ် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မသိပေ။


" ကောင်းပါပြီ တခြားပါဝင်ပစ္စည်းတွေကို ပြင်နေလိုက် ... မင်းဘာပြောချင်တာလဲ ကျုပ်သိတယ် စိတ်ပူစရာမလိုပါဘူး ... ချက်ပြုတ်နည်းအညွှန်းကို ပြောင်းရဲမှတော့ ယုံကြည်ချက်ရှိလို့ပေါ့ ..."

ပုဖန် ပြောလိုက်သည်။


ကျင်းယွမ် ယခုအချိန်၌ ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ သူမနေရာသို့သာ ကြောင်အအဖြင့် ပြန်သွားလိုက်သည်။ မီးဖိုချောင်သုံးဓားကိုကိုင်ကာ ပါဝင်ပစ္စည်းများကို ဆက်လက်ပြင်ဆင်နေသည်။


အချိန်အနည်းငယ် ကြာမြှင့်ပြီးနောက် စိတ်နှင့်လူကပ်သွား၍ ပုဖန်ကို လှမ်းကြည့်လိုက်သည်။


ယဇ်ပူဇော်ဟင်းလျာများက ယစ်ပူဇော်ခန်းမ၏ မြင့်မြတ်အပျိုစင်ကို ဆက်သရခြင်းဖြစ်သည်။ ထို့ကြောင့် အမှားအယွင်းတစ်စုံတစ်ရာ မဖြစ်ရပေ။


ကျင်းယွမ်မတိုင်ခင်က ခေါင်းဆောင်စားဖိုမှူးတစ်ယောက်သည်လည်း ယစဇ်ပူဇော်ဟင်းလျာများကို ပြောင်းလဲခဲ့ဖူးသည်။ နောက်ပိုင်းတွင် တော်ဝင်စားသောက်ပွဲအချိန်အတွင်း၌ မြင့်မြတ်အပျိုစင်က သိရှိသွားသောကြောင့် ထိုစားဖိုမှူးက နေရာတွင်ပင် ကွပ်မျက်ခံခဲ့ရသည်။


ထိုအချိန်မှစ၍ မည်သူမျှ ယဇ်ပူဇော်ဟင်းလျာများကို မပြောင်းလဲရဲတော့ပေ။


ဒါပေမဲ့ ခေါင်းဆောင်စားဖိုမှူးပုက ...


ကျင်းယွမ် အနည်းငယ်သဘောထားကွဲလွဲနေသည်ဟု ခံစားလာရသည်။ သို့သော်လည်း ပုဖန်၏ ယုံကြည်ချက်ရှိသည့် အသွင်အပြင်ကို တွေ့မြင်ပြီးနောက်တွင် သူမကူကယ်ရာမဲ့သွားသည်။


" ငါ့ဘာငါ တစ်ခြားဟင်းပွဲတစ်ခုကို ညရောက်မှ တိတ်တိတ်လေးချက်ထားတော့မယ် ... ခေါင်းဆောင်စားဖိုမှူးပုရဲ့ ဟင်းပွဲကို လက်မခံရင် အနည်းဆုံးတော့ ငါ့ဟင်းပွဲက သူ့ကိုကယ်နိုင်ဦးမယ် ... ခေါင်းဆောင်စားဖိုမှူးပုကတော့ အရင်စားဖိုမှူးလို ကံကြမ္မာနဲ့ မဆုံစေရဘူး ..."

ကျင်းယွမ် စိတ်ထဲတွင် ထိုသို့တွေးပြီးနောက် ဆက်လက်ချက်ပြုတ်နေသည်။



ဘုန်း ဘုန်း ဘုန်း ...


ကောင်းကင်အဝန်းအဝိုင်းပေါ်တွင် တိမ်မည်းများက ကောင်းကင်ကို အုပ်မိုးထားကာ အင်ပါယာနန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။


အင်ပါယာခန်းမဆောင်တွင်ရှိသော နယ်သာရီက မည်းနက်နေသောမိုးကုပ်စက်ဝိုင်းကို ခေါင်းမော့ကြည့်ကာ ရေရွတ်လိုက်သည်။

" ပုဖန် စပြီးချက်ပြုတ်နေပြီပဲ ..."


" ငါက မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒပဲ ... အဲ့ဒါကို နတ်ဘုရားမမြို့တော်အထိ သယ်လာနိုင်တယ်ဆိုတော့ ဒီစားဖိုမှူးလေးက သာမန်တောမဟုတ်ဖူး ..."

ဧကရီပိလော့က ကောင်းကင်ကိုကြည့်ပြီး မှတ်ချက်ပြုလိုက်သည်။


ငရဲဘုရင်အာဟက အဝေးတွင် တင်ပျဉ်ခွေထိုင်နေပြီး ပါးစပ်ထဲတွင် အစပ်ချောင်းကိုကိုက်ထားသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

" ကောင်လေးပုဖန်ရဲ့ အချက်အပြုတ်စွမ်းရည်က အမြဲတမ်းကို မျှော်လင့်ထားတာထက် ကျော်လွန်နေမှာ ..."


နယ်သာရီလည်း သူ့စကားများကို သဘောတူပြီး အကြိမ်ပေါင်းများစွာ ခေါင်းငြိမ့်ပြလိုက်သည်။


ထိုညတွင် နတ်ဘုရားမမြို့တော်၌ တိမ်မည်းများစွာ အဆက်မပြတ် ပေါ်ထွက်လာသည်။


မိုးခြိမ်းသံများလည်း ကျယ်လောင်လွန်းလှသည်။


တစ်မြိုလုံးမှလူများလည်း အင်ပါယာနန်းတော်နေရာဘက်ကို ကြောက်ရွံ့ထိတ်လန့်စွာကြည့်ပြီး ရင်တမမဖြစ်နေကြသည်။


တော်ဝင်စားသောက်ပွဲမတိုင်မီ ဤကဲ့သို့ ထူးခြားဖြစ်စဉ်ကြီး ဖြစ်ပေါ်လာခြင်းက ထိုလူများ၏နှလုံးသားက်ု လှုပ်ခါသွားစေရန် လုံလောက်သည်။


ငါးရက်တာအချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။


နောက်ဆုံးမိုးကြိုးပြစ်ဒဏ်ဆင်းသက်လာချိန်၌ ဝှိုက်တီက တားမြစ်လိုက်သည်။


သူ၏ တစ်ကိုယ်လုံးလျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေလျက် ဝှိုက်တီမြေကြီးပေါ် ထိုင်ချလိုက်သည်။ သူ၏စက်ရုပ်မျက်လုံးထဲမှ အလင်းရောင်များက တလက်လက်တောက်ပနေကာ မိုးကြိုးပြစ်ဒဏ်များကို အစာချေနေသည်။


ဤနောက်ပိုင်းတွင် ဝှိုက်တီ၏ခွန်အားက ကြီးမားသောတိုးတက်မှုကြီးတစ်ခု ရရှိလာလိမ့်သည်။ သို့ရာတွင် ထိုမိုးကြိုးပြစ်ဒဏ်များကို အစာချေပစ်ရန် အခ်ျန်လိုအပ်နေသေးသည်။



နတ်ဘုရားမမြို့တော် ယစ်ပူဇော်ခန်းမ


တကျွိကျွိအသံဖြင့် ပြတင်းပေါက်များကို တွန်းဖွင့်လိုက်သည်။


မြင့်မြတ်အပျိုစင်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လက်ပိုက်လျက် ပြတင်းပေါက်ရှေ့တွင်ရပ်နေကာ ပျောက်ကွယ်သွားသော အနက်ရောင်တိမ်များကို မယုံကြည်နိုင်မှုဖြင့် စိုက်ကြည့်နေသည်။


အခန်းအတွင်းမှ အမွှေးတိုင်၏လောင်ကျွမ်းမှုကြောင့် အပြာနုရောင်မီးခိုးများထွက်လာကာ လေနှင့်အတူအဆက်မပြတ် လွင့်လာသည်။


အဖြူရောင်ဝတ်ရုံက အလွန်ရှည်သောကြောင့် အခန်းတစ်ခုလုံးကို ပန်းပွင့်အဖူးတစ်ခုကဲ့သို့ ဖြန့်ကျက်နေသည်။


" ပြီးသွားပြီလား ... တော်ဝင်စားသောက်ပွဲကြီး နောက်ဆုံးတော့ ရောက်လာပြီပေါ့ ...ဗျာဒိတ်တော်ထဲကနေ့ရက်လည်း နီးလာပြီ ..."

မြင့်မြတ်အပျိုစင်က ညင်သာစွာ ရေရွတ်ပြော‌ဆိုလိုက်သည်။ သူမအသံက နူးညံ့လွန်းသဖြင့် သူမတစ်ယောက်တည်းသာ ကြားနိုင်သည်။


အပြင်မှ တံခါးခေါက်သံတစ်ခု ထွက်လာသည်။ 


မြင့်မြတ်အပျိုစင်က သူမခန္ဓာကိုယ်ကို လှည့်လိုက်သည်။


‌တံခါးပွင့်လာပြီး စစ်သားကဲ့သို့ချပ်ဝတ်တန်ဆာနှင့် ဝေ့ကျင်းထွက်ပေါ်လာသည်။ သူမ၏တည်ကြည်နေသောမျက်နှာက ခံ့ညားမှုတို့ဖြင့် ရေးခြယ်ထားသောကြောင့် တင်းမာခက်ထန်နေသည်ဟု ထင်ရသည်။


" မြင့်မြတ်အပျိုစင် ဘုရင်မကြီးက မြင့်မြတ်အပျိုစင်ကို ‌အင်ပါယာနန်းတော်က တော်ဝင်စားသောက်ပွဲကို ဖိတ်ခေါ်ဖို့ ဒီနိမ့်ကျတဲ့အစေခံကို ခွင့်ပြုလိုက်ပါတယ် ..." 

ဝေ့ကျင်းက ရိုသေလေးစားစွာပြောလိုက်သည် ။ ထို့နောက် လက်မြှောက်ကာ အရိုအသေပြုလိုက်သည်။


မြင့်မြတ်အပျိုစင်က အမွှေးတိုင်ဆီသို့ လျှောက်လာကာ ‌တင်ပျဉ်ခွေထိုင်လိုက်သည်။ တည်ကြည်သောအသံဖြင့် သူမပြန်ဖြေလိုက်သည်။

" ငါသိပြီ ..."


ထို့နောက် လက်ကိုတစ်ချက်ခါလိုက်သည်နှင့် မိတ်ကပ်ဘူးတစ်ခု ပေါ်လာသည်။ မိတ်ကပ်ဘူးကိုဖွင့်ကာ သစ်သားဘီးတစ်ချောင်းကို ယူလိုက်ပြီး ဖြီးသင်နေသည်။


မြင့်မြတ်အပျိုစင်က မျက်နှာကို မလိမ်းခြယ်သည်ကပိုများသည်။ ပွဲလမ်းသဘင်တစ်ခုခုရှိမှသာ မိတ်ကပ်လိမ်းခြယ်လေ့ရှိသည်။


အစေခံနှစ်ယောက် အခန်းထဲဝင်လာသည်။ တစ်ယောက်က လှပသည့် ဝတ်ရုံရှည်တစ်ခုကို ကိုင်ထားပြီး အခြားတစ်ယောက်က ငွေရောင်လက်ဝတ်ရတနာကို ကိုင်ဆောင်ထားကာ မြင့်မြတ်အပျိုစင်၏ဘေးတွင် ဒူးထောက်လိုက်သည်။


မြင့်မြတ်အပျိုစင်၏ လှုပ်ရှားမှုများက ညင်သာပြီး သိမ်မွေ့လှသည်။ မျက်ခုံးမွေးဆွဲသည့်ခဲတံကို ယူလိုက်ပြီး သူမ၏ မသေမျိုးကဲ့သို့ လှပသည့်သွင်ပြင်ကို အလှဆင်နေသည်။


မိတ်ကပ်လိမ်းပြီးသည့်အခါ သူမ၏အေးစက်သောအလှကို မြင့်မြတ်မှု ဆွဲဆောင်မှုရှိမှုတို့ဖြင့် ပံ့ပိုးလိုက်သကဲ့သို့ပင်။


အစေခံတစ်ယောက်က မြင့်မြတ်အပျိုစင်က်ု ငွေရောင်လက်ဝတ်တန်ဆာများ ဂရုတစိုက် ဆင်ယင်ပေးနေသည်။ သူမ၏ပိတုန်းရောင်ဆံကေသာပေါ်တွင် ငွေရောင်အဆင်တန်ဆာများ ဆင်ယင်ထားသဖြင့် မြင့်မြတ်သောအသွင်အပြင်ကို ပို၍ပေါ်လွင်ထင်ရှားလာစေသည်။


မြင့်မြတ်အပျိုစင်က မတ်တပ်ရပ်လိုက်ပြီး အဖြူရောင်ဝတ်ရုံကို ချွတ်လိုက်သည်။


အဝတ်ကိုဖြည်းညှင်းစွာ ဖယ်ရှားနေချိန်၌ နူးညံ့သောနို့နှစ်ရောင်အသားအရည်ကို မြင်တွေ့နိုင်သည်။


အစေခံနှစ်ယောက်က မြင့်မြတ်အပျိုစင်ကို ဂရုတစိုက်ဖြင့် ဝတ်ဆင်ပေးနေသည်။


ခါးတွင်လည်း ခါးပတ်ကို အဆင်တန်ဆာအဖြစ် ဝတ်ဆင်ထားသည်။


ဝေ့ကျင်းက အပြင်ဘက်တွင် သူမ၏ရိုသေလေးစားသောပုံစံဖြင့် ရှိနေဆဲဖြစ်သည်။ မြင့်မြတ်အပျိုဝင် အဝတ်လဲပြီး အခန်းထဲမှ ဖြည်းညှင်းစွာထွက်လာချိန်မှသာ နောက်ဆုတ်လိုက်ပြီး သူမနောက်မှလိုက်သွားသည်။


နတ်ဘုရားမမြို့တော်တွင် ဧကရီဘုရင်မကြီးက ရာထူးအမြင့်ဆုံးဖြစ်ပြီး သူမအောက်တွင်ရှိသည်က မြင့်မြတ်အပျိုစင်ဖြစ်သည်။


ဝေ့ကျင်းက အစောင့်အရှောက်စစ်တပ်၏ စစ်သူကြီးဖြစ်သော်လည်း သူမကို လျစ်လျူရှု့သည့်ပုံစံ မပြသရဲပေ။


နူးညံ့သော အသံလှိုင်းများထွက်ပေါ်လာသည်။


အစေခံနှစ်ယောက်က ရွှေရောင်ကွင်းကိုးကွင်းပါဝင်သော တောင်ဝှေးကို မြင့်မြတ်အပျိုစင်ကို ပေးလိုက်သည်။


မြင့်မြတ်အပျိုစင်က‌ တောင်ဝှေးကိုယူလိုက်သည့်အချိန်၌ သူမ၏အကြည့်က ချက်ချင်းအေးစက်ပြီး ဂုဏ်ယူဝင့်ကြွားနေသည်။

" အင်ပါယာနန်းတော်ကို သွားကြတာပေါ့ ..."


ဝေ့ကျင်းနှင့် လက်အောက်ငယ်သားများက ဖြေကြားလိုက်သည်။

" အမိန့်အတိုင်းပါ ..."



အင်ပါယာနန်းတော်၏ တံခါးများ ဖြည်းညှင်းစွာပွင့်လာသည်။


နတ်ဘုရားမမ်ြို့တော်၏ အရာရှိများ စစ်သားများနှင့် လူစုလူဝေးကြီးက အင်ပါယာနန်းတော်သို့ ရောက်လာကြသည်။


မြို့တော်တစ်ခုလုံး အလင်းရောင်တောက်ပနေပြီး မီးခိုများဖြင့် ဝန်းရံထားသည်။


လမ်းမများပေါ်တွင် ကလေးများ မြူးထူးပျော်ပါးနေပြီး ဆယ်ကျော်သက်များကလည်း ရယ်မောနေကာ အသက်ဝင်လှုပ်ရှားနေသည်။


တော်ဝင်စားသောက်ပွဲကြီး ကျင်းပသည့်နေ့က နတ်ဘုရားမမြို့တော်၏ ပွဲလမ်းသဘင်နေ့ဖြစ်သည်။


နန်းတော်ထဲတွင်လည်း အမှုထမ်းအရာရှိများက လှပသောဝတ်ရုံများဝတ်ဆင်ထားကြသည်။ သူတို့တွေ့ဆုံတိုင်း လက်ထဲမှခွက်များကိုမြှောက်ကာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုကြပြီး အချင်းချင်း ကောင်းချီးပေးကြသည်။


အစေခံများက အုပ်စုလိုက်တန်းစီနေကြပြီး အရာရှိများကို ကြိုဆိုနှုတ်ဆက်နေသည်။


လင်းတမိန်က အစိမ်းရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ပင်မခန်းမဆောင်အပြင်မှရောက်လာပြီး ကျယ်လောင်စွာရယ်မောနေသည်။ သူမ၏ဂျုံပင်ကဲ့သို့ အသားအရည်က ရဲစွမ်းသတ္တိရှိသော သူရဲကောင်းတစ်ယောက်ပုံစံပေါ်လွင်နေသည်။


ချီစစ်၏ အနီရောင်အပေါ်ထပ်ဝတ်ရုံရှည်က လေထဲလွင့်နေပြီး ကတ္တီပါနီရောင်ချပ်ဝတ်တန်ဆာက မီးများတောက်နေသကဲ့သို့ပေ။ သူမ၏ အနီရောင်နဂါးကြီးက ဟိန်းဟောက်ကာ တောင်ပံများကို ဖြန့်ကျက်နေပြီး ကြောက်မက်ဖွယ်ဖိအားများပေးနေသည်။


တစ်ချိန်တည်းမှာပင် တောင်ပံပါသည့်ကျားကိုစီးနေသည့် အမျိုးသမီးတစ်ယောက် ရောက်ရှ်ိလာသည်။ သူမက သားရဲစစ်တပ်၏ စစ်သူကြီးဖြစ်ပြီး နတ်ဘုရားမမြို့တော်၏ ရာချီသောသားရဲများကိုထိန်းချုပ်ထားသည်။


သာမန်လူများမှစ၍ အရာရှိမင်းမှုထမ်းများအထိ လူအားလုံးအင်ပါယာနန်းတော်ထဲ ဝင်လာကြသည်။ 


ကျယ်ဝန်းသောအင်ပါယာနန်းတော်ကြီးကို သိမ်မွေ့စွာအလှဆင်ထားသည်။


အင်ပါယာခန်းမဆောင်၏ အလယ်ဗဟိုတွင် ရွှေရောင်ညစာ စားပွဲကြီးတစ်လုံးရှိသည်။ ၎င်းက ဝိုင်းစက်နေကာ အလယ်တွင် လှည့်ပတ်နေသည့်ဗန်းတစ်ခုရှိသည်။ စားပွဲခြေထောက်နှင့် ဘေးအစွန်းများကို လှပသည့်ရုပ်ပုံများ ထွင်းထုထားသည်။


ထိုစားပွဲဘေးပတ်ပတ်လည်တွင် စုစုပေါင်းထိုင်ခုံ ၁၅လုံးရှိသည်။ ၎င်းက နတ်ဘုရားမမြို့တော်၏ ရာထူးကြီးလူ၁၅ယောက်ကို ကိုယ်စားပြုသည်။


ဧရာမစားပွဲကြီး ဘေးနှစ်ဖက်လုံးတွင် စားပွဲအသေးများရှိသည်။ ၎င်းတို့ကို အညီအမျှနေရာချထားသည်။


အင်ပါယာနန်းတော်၏ အမြင့်ဆုံးနေရာတွင် အင်ပါယာပလ္လင်ရှိ‌သည်။ ဧကရီပိလော့၏ ခမ်းနားထည်ဝါသော အဝတ်အစားများနှင့် လှပပြောင်မြောက်သည့် မိတ်ကပ်က မြင်သူတိုင်းကို ငေးမောမှင်သက်သွားစေသည်။


မီးတောက်ကဲ့သို့ အနီရောင်နှုတ်ခမ်းများဖြင့် ပလ္လင်ပေါ်တွင် သိမ်မွေ့စွာထိုင်ကာ အရာအားလုံးကို ကြည့်နေသည်။


နယ်သာရီနှင့် ငရဲဘုရင်အာဟက အဝေးမှစားပွဲခုံအသေးများတွင် ထိုင်နေကြသည်။


" ငါ့အဖေ နတ်ဘုရားမမြို့တော်ထဲဝင်ခဲ့တုန်းက ဒီတော်ဝင်စားသောက်ပွဲကြီးကို ဆင်နွှဲခဲ့တဲ့ပုံပဲ ... နှစ်ပေါင်းများစွာကြာပြီးတော့ ဒီဘုရင်လည်း ဂုဏ်ယူစွာနဲ့ ပါတင်ဆင်နွှဲရတယ် ... ကျစ် ကျစ် ကျစ် ... ဒါကို ကံကြမ္မာလို့ ခေါ်ရမယ်မလား ..."

ငရဲဘုရင်အာဟက အစပ်ချောင်းကို ပါးစပ်ထဲထည့်လျက် နယ်သာရီကိုကြည့်နေသည်။


နယ်သာရီက ငရဲဘုရင်အာဟကို စောင်းငဲ့ကြည့်လိုက်သည်။

" ရှင်သာ မိန်းမလိုဝတ်ပြီး နတ်ဘုရားမမြို့တော်ထဲ မဝင်လာခဲ့ရင် တော်ဝင်စားသောက်ပွဲကြီးကို ရောက်လာပါ့မလား ..."


" ဒီဘုရင်က အဲ့လိုပုံစံနဲ့ ဝင်လာခဲ့ပေမယ့် ဒီပွဲမှာပါဝင်ဆင်နွှဲလို့ရတယ်လေ အိုကေ ..."

ငရဲဘုရင်အာဟက ချက်ချင်းပင် စိုက်ကြည့်လိုက်သည်။


နယ်သာရီကလည်း သူ့ကိုတစ်ချက်ပြန်ကြည့်ကာ အေးစက်စွာပြုံးလိုက်သည်။ 


ထိုအကြည့်က အာဟကိုဒေါသထွက်စေသဖြင့် နယ်သာရီနှင့် ငြင်းခုံရန် ပြင်လိုက်သည်။


သို့သော် စောင်းသံတစ်သံ ထွက်ပေါ်လာသည်။


အင်ပါယာနန်းတော်၏အပြင်ဘက်တွင် ပွင့်ဖတ်များ ကြွေကျလာသည်။


ထိုနေရာသို့ ဧရာမတပ်စုကြီးတစ်ခု ဖြည်းညှင်းစွာရောက်လာသည်။


ရွှေခွက်တိုက်သံ စောင်းတီးသံ မိန်းကလေးများ သီချင်းသီဆိုသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


အင်ပါယာခန်းမဆောင်၏အပြင်ဘက်တွင် ခက်ထန်နေသောမျက်နှာနှင့် မြင့်မြတ်အပျိုစင်က ခြေဗလာဖြင့် ရောက်ရှိလာသည်။


အရာရှိအားလုံးမတ်တပ်ရပ်ကာ မြင့်မြတ်အပျိုစင်ကို လေးစားစွာကြည့်နေကြသည်။


နတ်ဘုရားမမြို့တော်မှလူအားလုံး ယစ်ပူဇော်ခန်းမ၏ မြင့်မြတ်အပျိုစင်ကို ‌ကြောက်ရွံ့ရိုသေရသည်။ အဘယ့်ကြောင့်ဆိုသော် သူမတစ်ဦးတည်းကသာလျှင် ‌နတ်ဘုရားပျောက်ကွယ်တောင်တန်းတွင် အိပ်စက်နေသော ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုနှင့် ဆက်သွယ်နိုင်သောကြောင့်ပင်။ ဧကရီဘုရင်မပင် ထိုသို့မလုပ်ဆောင်နိုင်ပေ။


ဧကရီဘုရင်မကြီးက နတ်ဘုရားပျောက်ကွယ်တောင်တန်းသို့ ဝင်ထွက်နိုင်သောအာဏာကို ဆုပ်ကိုင်ထားပြီး မြင့်မြတ်အပျိုစင်က ထိုပြိုင်ဘက်ကင်း ကျင့်ကြံသူနှင့်ဆက်သွယ်ရန် တာဝန်ယူရသည်။


ထို့အပြင် မြင့်မြတ်အပျိုစင်နှင့် ဧကရီဘုရင်မကြီးက သွေးသားတော်စပ်သည့် ညီအစ်မများဟုလည်းဆိုကြသည်။


ဧကရီပိလော့က ‌ဖြည်းညှင်းစွာလာနေသည့် မြင့်မြတ်အပျိုစင်ကိုကြည့်ကာ သူမမျက်နှာက ချက်ချင်းပင် တင်းမာသွားသည်။


ပလ္လင်ပေါ်မှဆင်းလာပြီး မြင့်မြတ်အပျိုစင်နားသို့ သွားလိုက်သည်။ နှုတ်ဆက်ပြီးနောက် မြင့်မြတ်အပျိုစင်ကို ထိုင်ရန်ခေါ်သွားသည်။


သူမက ဧရာမရွှေရောင်စားပွဲမှ နေရာတစ်ခုတွင် ထိုင်လိုက်သည်။


မြင့်မြတ်အပျိုစင်က ဘယ်ဘက်တွင်ထိုင်သည်။ စစ်သူကြီးငါးယောက်သည်လည်း အခြားအရာရှိများနှင့်အတူ နေရာယူလိုက်ကြသည်။


မကြာမီ ထိုင်ခုံ၁၅နေရာ ပြည့်သွားသည်။


ညစာစားပွဲခုံ၏ လေထုက ပြင်းထန်နေသည်။


မြင့်မြတ်အပျိုစင်က မာနကြီး၍ အေးစက်သော်လည်း ဧကရီဘုရင်မကြီးက မြင့်မြတ်နေသည်။


ပရိသတ်များက ထိုနှစ်ဦးကို ရိုသေလေးစားစွာကြည့်နေကြသည်။


ညစာစားပွဲခုံအသေးများတွင် အခြားအရာရှိများ ထိုင်နေကြသည်။


အားလုံးနေရာယူပြီးသည့်အခါ မြင့်မြတ်အပျိုစင်က မတ်တပ်ရပ်လိုက်သည်။ သူမလက်ဖဝါးကိုဆန့်ထုတ်ကာ အစီအရင်တစ်ခုဖြင့် လျှို့ဝှက်ဆန်ကြယ်သည့် မှော်အခင်းအကျင်းတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ ထိုမှော်အခင်းအကျင်းက ရွှေရောင်စားပွဲကြီး၏အလယ်တွင် ဆင်းသက်သွားသည် 


ဝင်ပေါက်တွင်ရပ်နေသည့် လှပစွာဝတ်စားဆင်ယင်ထားသော အစေခံက ချက်ချင်းဦးညွှတ်လိုက်သည်။ ထို့နောက် သူမအသံက ခန်းမဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်လာသည်။


" နတ်ဘုရားမမြို့တော်ရဲ့ တော်ဝင်စားသောက်ပွဲကြီး စတင်ပါပြီ ..."


အင်ပါယာခန်းမဆောင်၏ ဘေးဘက်တွင် ဧရာမတံခါးချပ်များ ချက်ချင်းပွင့်သွားသည်။ ခဏအကြာတွင် ဟင်းပွဲများကိုင်ဆောင်ထားသည့် အစေခံများ ထွက်ပေါ်လာသည်။


အစေခံတိုင်းက ငွေရောင်အနားကွပ်ထားသည့် ဖြူပြာရောင်ကြွေပန်းကန်များကို ကိုင်ဆောင်ထားကြသည်။


‌ကျင်းယွမ်က သေသပ်သော အဝတ်အစားများဝတ်ဆင်ထားပြီး မိတ်ကပ်လိမ်းခြယ်ထားကာ အလွန်လှ‌ပနေသည်။ သူမသည်လည်း အစေခံများနှင့်အတူ ရောက်လာခဲ့သည်။


ဟင်းလျာများကိုရွှေရောင်စားပွဲခုံကြီးပေါ် တင်လိုက်သည်။


လူ၁၅ဦး၏ အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ မရေမတွက်နိုင်သော တော်ဝင်စားသောက်ပွဲကြီးများကို ပြင်ဆင်ပေးခဲ့ရသည့် ကျင်းယွမ်၏ ရင်ထဲတွင် တင်းကျပ်နေဆဲဖြစ်သည်။


" တော်ဝင်စားသောက်ပွဲကြီးရဲ့ ပထမပိုင်းက နှုတ်မြိန်စာကိုးမျိုးပါ ..."


နှုတ်မြိန်စာလား ...


အားလုံးအေးခဲသွားသည်။


တော်ဝင်စားသောက်ပွဲကြီးမှာ ဘယ်တုန်းက နှုတ်မြိန်စာရှိလို့လဲ ...


အစေခံများက ဝတ်ရုံလက်များကို မတင်လိုက်ချိန်၌ ဖြူဖွေးသောလက်များပေါ်လွင်လာကာ ငွေရောင်အဖုံးများကို ညှင်သာစွာ ဖွင့်လိုက်သည်။


စားသုံးသူများ၏ မျှော်လင့်နေသောအကြည့်များက ငွေရောင်အဖုံးများအပေါ် ကျရောက်လာသည်။


ဟင်းလျာများမှ အလင်းတန်းများ ဖြာထွက်လာသည်။ 


ရောင်ခြည်များက ကောင်းကင်အထိ တစ်ဟုန်ထိုးတက်သွားပြီး ပြင်းထန်သည့်ရနံ့တစ်မျိုး ပျံ့နှံ့လာသည်။