အခန်း ၁၁၃၉
ကိုလာဗီးနစ်နတ်ဘုရားတောင်ပံ
ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီးက ခန်းမဆောင်တစ်ခုလုံးကို လုံးလုံးလျားလျား ထိတ်လန့်သွားစေသည်။
ဧကရီဘုရင်မနှင့် မြင့်မြတ်အပျိုစင်တို့ ဟင်းလျာကို မြည်းစမ်းပြီးသွားသည့်အခါ ထိတ်လန့်ယစ်မူးနေသော အမူအရာများ ဖြစ်ကုန်သည်။
စားပွဲတွင်ထိုင်နေသည့် အခြားလူ၁၃ယောက်သည်လည်း မစောင့်နိုင်ကြတော့ပဲ တူများဖြင့် ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီးကို ယူလိုက်ကြသည်။
တူများက ပိန်းဥကို သကြားရည်ထဲနှစ်လိုက်ကြသည်။ ဆွဲယူလ်ိုက်သည့်အခါ ထိုသကြားရည်အမျှင်များက သေးသွယ်၍ လက်ရာမြောက်ပြီး အချိုလှိုင်းများကို ယူဆောင်လာသည်။
သကြားအမျှင်များ ဆွဲလိုက်ချိန်၌ ဖီးနစ်ငှက်က တောင်ပံတဖျပ်ဖျပ်ခတ်နေသည်။
ပရိသတ်များလည်း ဖီးနစ်ငှက်အော်မြည်သံကိုပင် ကြားနေရသည်ဟု ထင်လိုက်မိသည်။
သို့ရာတွင် ကျောက်စိမ်းသကြားရည် ပိန်းဥဝိညာဉ်သစ်သီးကို ယူလိုက်ပြီးသည့်အခါ ဖီးနစ်ငှက်တောင်ပံများ ပြန်ခေါက်ဝင်သွားပြီး ခြောက်သွေ့သွားသည်။ ၎င်းတို့က သကြားရည်အိုင်ဖြစ်သွားပြီး ဖြူပြာရောင်ကြွေပန်းကန်ကို ဖုံးလွှမ်းထားသည်။
လူအားလုံးက ထိုမြင်ကွင်းကို တွေ့ချင်နေဆဲဖြစ်သောကြောင့် လျှာထုတ်၍ နှုတ်ခမ်းများသပ်လိုက်ကြသည်။
လင်းတမိန်သည်လည်း တူဖြင့် ပိန်းဥကို သကြားရည်ထဲနှစ်ရန် ပြင်လိုက်သည်။
သို့သော် ပိန်းဥဝိညာဉ်သစ်သီးက မကျန်တော့ပေ။
ပုဖန်က ပိန်းဥသစ်သီးအရေအတွက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ၎င်းတို့က ၁၈ခုရှိသည့်အတွက် တစ်ယောက်တစ်ခုသာရသည်။
ပထမဆုံးဟင်းလျာသည်ပင် လူအားလုံးကို ထိတ်လန့်သွားစေသည်။ ယခု အားလုံးက အသက်ပြင်းပြင်းရှုကာ နောက်ထပ်လာမည့်ဟင်းလျာများကို စောင့်မျှော်နေကြသည်။
ဟင်းလျာ ၁၇ပွဲကျန်ရှ်ိနေပြီး သုံးပွဲက ယဇ်ပူဇော်ဟင်းလျာများဖြစ်သည်။
စည်းမျဉ်းများအရ ယဇ်ပူဇော်ဟင်းလျာကို တတိယမြောက်ဟင်းပွဲပြီးလျှင် တည်ခင်းရမည်ဖြစ်သည်။
ကျင်းယွမ်က အစေခံများကို ကုန်စင်သွားသည့် ဖြူပြာရောင်ပန်းကန်လွယ်များကို ယူဆောင်သွားခိုင်းပြီးနောက် မီးဖိုချောင်ထဲဝင်လာသည်။
ဒုတိယမြောက်ဟင်းလျာကို ယူဆောင်ရန်ပြင်ဆင်နေသည်။
ယခုအချိန်တွင် စောင်းသံများနှင့်အတူ စားပွဲဝိုင်းအသေးများမှ စားသုံးသူများထံတွင်လည်း ပိန်းဥဝိညာဉ်သစ်သီးများ ရောက်နေပြီဖြစ်သည်။
အားလုံး၏ပန်းကန်ပြားထက်တွင် အသီးတစ်စိတ်ဆီ ရှိနေသည်။
ပတ်ဝန်းကျင်မှလူများ ပိန်းဥဝိညာဉ်သစ်သီးကို စားနေစဉ်တွင် ကျင်းယွမ်က အဝေးမှဖြည်းညှင်းစွာ လျှောက်လာသည်။
သူမက ငွေရောင်အဖုံးဖြင့် ဖြူပြာရောင်ကြွေပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားသည်။
ကျင်းယွမ်၏နှုတ်ခမ်းက အပြုံးတစ်ခုဖြင့် သူမဖြည်းညှင်းစွာ လျှောက်လာနေသည်။
အားလုံး၏မျက်လုံးများက သူမအပေါ်တွင်သာ ရှိနေသည်။ ရွှေရောင်ဧရာမစားပွဲဝိုင်းမှ လူများသာမက အခြားစားပွဲများမှ အရာရှိနှင့် သာမန်လူများလည်း ဒုတိယမြောက်ဟင်းလျာကို စိတ်ဝင်စားနေကြသည်။
အားလုံး၏ စိတ်ဝင်တစားကြည့်ရှု့နေသော မျက်လုံးများအောက်တွင် သူမကဟင်းလျာကို စားပွဲပေါ်တင်လိုက်သည်။
" တော်ဝင်စားသောက်ပွဲကြီးရဲ့ ဒုတိယဟင်းလျာက ကိုလာဗီးနစ်နတ်ဘုရားတောင်ပံပါ ..."
ကျင်းယွမ်၏ ညင်သာသောအသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
အမှန်ပါပဲ ... သူမတကယ်ကို စိတ်လှုပ်ရှားနေတယ် ...
ဤတစ်ကြိမ်တော်ဝင်စားသောက်ပွဲကြီးတွင် ဟင်းလျာများ၏အဖုံးကို ဖွင့်လိုက်ချိန်တိုင်း စိတ်လှုပ်ရှားနေသကဲ့သို့ သူမ၏ပုံရိပ်က အနည်းငယ်တုန်ခါနေသည်။
အဘယ့်ကြောင့်ဆိုသော် သူမရင်ထဲတွင် မျှော်လင့်ချက်ထားနေမိသောကြောင့် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
" ကိုလာဗီးနစ်နတ်ဘုရားလား ..."
ဧကရီပိလော့က ကျင်းယွမ်ပြောလိုက်သည့် ဟင်းလျာနာမည်ကို မြင်သည့်အခါ မျက်ခုံးနှစ်ခု တွန့်ချိုးသွားသည်။ ငှက်မျိုးစိတ်များကို သူမ မနှစ်သက်ပေ။
ထို့ပြင် ပို၍အရေးကြီးသည်မှာ ယခင်တော်ဝင်စားသောက်ပွဲများတွင် ထိုနာမည်နှင့်ဟင်းလျာမရှိခဲ့ပေ။
ပုဖန်ဆိုတဲ့တစ်ယောက် ချက်ပြုတ်နည်းအညွှန်းတွေ ပြောင်းထားတာများလား ...
ဧကရီဘုရင်မကြီး လေးလေးနက်နက်တွေးနေဆဲတွင် သိပ်သည်းသည့် ရနံလှိုင်းတစ်ခု ပျံ့နှံ့လာသည်။ ထိုရနံ့က ချိုမြ၍ အသားရနံ့များလှိုင်နေပြီး နှာခေါင်းများထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။
၎င်းရနံ့က အားလုံး၏နှလုံးသားထဲ ခဏတွင်းချင်း ရောက်သွားသည်။
ဧကရီပိလော့က အနည်းငယ် မီးကင်ထားသည့်အသားအနံ့ကိုရရှိသောအခါ သူမမျက်နှာက အရောင်အနည်းငယ်တောက်ပလာသည်။ ကျင်းယွမ်ဖြည်းညှင်းစွာဖွင့်နေသည့် အဖုံးကို ခေါင်းစောင်း၍ ကြည့နေသည်။
အလင်းရောင်တစ်ခုက ဖြူပြာရောင်ကြွေပန်းကန်ထဲမှ ဖြာထွက်လာသည်။
ရနံ့က လေနှင့်အတူပါလာစဉ် အစိုင်အခဲတစ်ခု ဖြစ်လာတော့မည်ဟုပင်ထင်ရသည်။ ဗီးနစ်ငှက်၏ ဟစ်ကြွေးသံနှင့်အတူ ထိုရနံ့က ဖီးနစ်နတ်ဘုရားဖြစ်လာပြီး အဖုံးကြားထဲမှထွက်လာကာ ရွှေရောင်စားပွဲဝိုင်းတစ်ဝိုက်တွင် ဝေ့ဝဲနေသည်။
အာစလုံး၏မျက်လုံးက ထိုနေရာတွင်သာ အာရုံစိုက်နေသည်။
" ရနံ့ကနေ အစိုင်အခဲတစ်ခု ဖြစ်လာတာလား ... မဟာနိယာမလမ်းကြောင်းကြီးကို အရိုးရှင်းဆုံး ပြသထားတာပဲ ..."
မြင့်မြတ်အပျိုစင်၏ မျက်လုံးများက မှေးကျဉ်းသွားကာ အနီရောင်နှုတ်ခမ်းများကို ဖြည်းညှင်းစွာဖွင့်ဟကာ ပြောလိုက်သည်။
စားပွဲဝိုင်းမှလူအားလုံး သဘောပေါက်ကြသည်။
သို့ရာတွင် ယခုအချိန်တွင် ပရိသတ်အားလုံးက ရနံ့မှအစိုင်အခဲဖြစ်သွားသည့် အကြောင်းအရင်းကို မသိချင်ပဲ ဖြူပြယရောင်ကြွေပန်းကန်ပြားကိုသာ အံ့ဩမှင်သက်စွာ ကြည့်နေသည်။
ရနံ့က လေထဲတွင် ရစ်ဝဲနေကာ လူအားလုံးကို တံတွေးများ မျိုချစေသည်။
" အနံ့က အရမ်းဆွဲဆောင်မှု ရှိတာပဲ ..."
" ကြည့်ရတာ လူတွေအားလုံးက သကြားရည်ပိန်းဥထက်ပိုပြီး မျှော်လင့်နေကြသလိုပဲ ..."
" ကြည့်ရတာ ဗီးနစ်သားတွေကို အပုံလိုက်ကင်ထားသလိုပဲ ..."
…
ပရိသတ်များ စကားစမြည်ပြောလျက် ကိုယ်ပိုင်ခံစားချက်များကို မျှဝေနေကြသည်။
ကျင်းယွမ်၏နှုတ်ခမ်းက မပြုံးတစ်ခုအဖြစ် အနည်းငယ်ကွေးညွှတ်သွားပီ့း နောက်သို့တစ်လှမ်းဆုတ်၍ အဖုံးကိုဖွင့်လိုက်သည်။
ခဏအကြာတွင် အငွေ့များ အထက်သို့တက်လာပြီး အလင်းရောင်များ ပြန့်ကျဲလာသည်။
အားလုံး၏မျက်လုံးများ မှေးကျဉ်းသွားကာ လေအေးကိုရှုရှိုက်နေရသည်။
ဖြူပြာရောင်ကြွေပန်းကန်ပြားပေါ်တွင် ဗီးနစ်ငှက်တောင်ပံများကို အစီအရီတင်ထားသည်။
ထိုဗီးနစ်တောင်ပံများက အညိုရောင်သန်းနေပြီး အထက်တွင် အရည်ရွှဲနေသည့် အလွှာတစ်ခု ရှိနေသည်။ ထိုအရည်အများက အလင်းပြန်သကဲ့သို့ တပွက်ပွက်ဆူနေသည်။
ဗီးနစ်တောင်ပံများက အထူးသဖြင့် အသားနေရာတွင် အဆီများ၍ အရည်ရွှမ်းသည်။ ၎င်းတို့ကို ဖြူပြာရောင်ကြွေပန်းကန်ပေါ်တွင် စက်ဝိုင်းပုံစီတန်းထားသည်။ အလယ်မှ ထွက်ပေါ်နေသောအငွေ့များက ဗီးနစ်ငှက်တစ်ကောင်က အတောင်ပံများ ဖြန့်ကျက်၍ ပျံသန်းတော့မည့်ပုံ ဖြစ်နေသည်။
ဤဟင်းလျာ၏ ပါဝင်ပစ္စည်းကို အားလုံးပြောနိုင်သည်။
၎င်းက နတ်ဘုရားမမြို့တော်တွင် မွေးမြူထားသည့် သွေးနှောဖီးနစ်ငှက်စိမ်းဖြစ်သည်။
ဖီးနစ်ငှက်က ဤနည်းလမ်းဖြင့် ချက်ပြုတ်၍ရနိုင်ကြောင်း မတွေးခဲ့ကြဖူးသည့်အတွက် အားလုံးထိတ်လန့်သွားကြသည်။
သို့သော် လူအများစု၏မျက်နှာက ပြုံးစစဖြစ်လာသည်။
ဧကရီဘုရင်မကြီး မစားချင်ဆုံးက ဖီးနစ်ငှက်ဖြစ်ကြောင့်ကို နတ်ဘုရားမမြို့တော်တစ်ခုလုံး သိကြသောကြောင့်ပင်။
ယခင်တော်ဝင်စားသောက်ပွဲများတွင် မီနူးထဲမှ ဖီးနစ်ငှက်သားများအားလုံးကို ပါပီယွန်များနှင့် အစားထိုးခဲ့ရသည်။
နောက်ဆုံးမှာတော့ ခေါင်းဆောင်စားဖိုမှူးက ဖီးနစ်ငှက်ကို ရွေးချယ်လိုက်ပြန်ပြီပေါ့ ...
သူက ဧကရီဘုရင်မကြီးကို သိသိသာသာ စော်ကားနေတာများလား ...
" တော်ဝင်စားသောက်ပွဲကြီးရဲ့ ဒုတိယမြောက်ဟင်းလျာက ကိုလာဖီးနစ်နတ်ဘုရားတောင်ပံပါ ... ဒီဟင်းလျာက ခေါင်းဆောင်စားဖိုမှူးပုရဲ့ လျှို့ဝှက်ဟင်းချက်နည်းနဲ့ ချက်ထားတာပါ ... သုံးဆောင်ကြပါဦး ..."
ကျင်းယွမ် နောက်သို့တစ်လှမ်းဆုတ်ကာ ဦးညွှတ်ပြီး ကြည့်ရှု့နေသူများကို ပြောလိုက်သည်။
ဧကရီပိလော့က ကျင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဒီကောင်မလေးက သူ ဖီးနစ်ငှက်သားစားရတာကို မကြိုက်ဖူးဆိုတာ သေချာပေါက်သိမှာပဲ ... ဘာလို့လဲဆိုတော့ ဖီးနစ်ငှက်အသားက သူမမုန်းတဲ့ ရသာမျိုးဖြစ်နေလို့ပဲ ...
သို့ရာတွင် ၎င်းက လူတစ်ဦးစီအလိုက် ကွာခြားကြသည်။ အချို့လူများက ဤအရသာကိုသာ နှစ်သက်ကြခြင်းဖြစ်သည်။
" ဟမ့် ... ဒီအသားရဲ့ အရသာမကောင်းရင် အဲ့စားဖိုမှူးလေးတော့ နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားဖို့ မေ့လိုက်တာကောင်းမယ် ..."
ဧကရီပိလော့က တူဖြင့် ဖီးနစ်တောင်ပံသားကို ယူလိုက်ချိန်တွင် အညိုရင့်ရောင်ဆီများက နေရာအနှံ့ပြန့်ကျဲကုန်သည်။
ပထမတစ်ကြိမ်က သူမသေချာမယူနိုင်ပေ။
အတောင်ပံများက ပျံသန်းတော့မည်ကဲ့သို့ ချောထွက်နေသည်။
အရေးကြီးသည်မှာ ၎င်းက ထိုအရည်များ၏ ချောမွတ်မှုကြောင့်ဖြစ်သည်။
ထိုအရည်ကို မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မသ်သော်လည်း ၎င်း၏ ချိုပြီး သင်းပျံ့သောရနံ့က အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
သူမက ကိုလာဖီးနစ်နတ်ဘုရားတောင်ပံကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ဧကရီဘုရင်မကြီးက နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားပြီး သူမမျက်လုံးထဲတွင်သိချင်စိတ်များ ဖြစ်ပေါ်လာသည်။
ဒီဟင်းလျာရဲ့နာမည်ထဲက ကိုလာဆိုတာ ဘာအဓိပ္ပါယ်ပါလိမ့် ...
အတောင်ပံကိုယူပြီး နီရဲနေသောနှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။
" အင်း ..."
တစ်ကိုက်တည်းဖြင့် အတောင်ပံမှ ဆူပွက်နေသော အရသာ ပျံ့နှံ့သွားသည်။
ဧကရီပိလော့၏နှုတ်ခမ်းများက အတောင်ပံပေါ် ပွတ်တိုက်သွားမိသည့်အခါ အညိုရင့်ရောင်အရည်များက သူမ၏နှင်းဆီဖူးကဲ့သို့ နှုတ်ခမ်းများပေါ် ကျလာသည်။
သူမ၏သွားက အတောင်ပံ၏ နူးညံ့ပျော့ပျောင်းသောအပိုင်းကို ကိုက်မိသွားခြင်းဖြစ်သည်။
ဖီးနစ်၏အရေခွံက ချောမွေ့နူးညံ့လွန်းသဖြင့် တစ်ကိုက်တည်းနှင့် ဆုတ်ပြဲသွားသည်။
သူမခံတွင်းထဲ ရောက်သွားချိန်၌ အသားက အမျှင်များအဖြစ် ပြောင်းလဲသွားသည်။
တစ်ကိုက်ကိုက်ရုံဖြင့် ဖီးနစ်ငှက်၏ အရိုးများကို မြင်နိုင်သည်။
အင်း ...
ဧကရီပိလော့၏ မျက်လုံးများ ချက်ချင်းအရောင်လက်လာသည်။
ဒါက ဖီးနစ်ငှက်အသားလား ...
ဘာလို့ သူမရဲ့မှတ်ဉာဏ်ထဲကနဲ့ ကွာခြားနေတာပါလိမ့် ...
မုန်းစရာကောင်းသည့် အရသာက လုံးဝပျောက်ကွယ်သွားပုံရသည်။ ၎င်းကို အစားထိုးလိုက်သည်က ချိုမြပြီး ချောမွတ်သော အရည်တစ်မျိုးဖြစ်ပြီး အသားအရသာလည်း ပါဝင်နေသောကြောင့် စားလိုက်သူတိုင်၏နှလုံးသားကို ထုံထိုင်းသွားစေသည်။
ကိုက်လိုက်သည့်နေရာမှ အငွေ့များ ပေါ်လာသည်။
ဧကရီပိလော့က ဖီးနစ်သားကို မျိုချလိုက်ပြီး သူမက လောဘကြီးစွာဖြင့် ကျန်နေသည့် ဖီးနစ်တောင်ပံများကို ကြည့်နေသည်။
ပါးစပ်ဟပြီး ၎င်းတို့ကို ဝါးနေသည်။
ပတ်ဝန်းကျင်မှလူအားလုံး အံ့ဩမှင်သက်ပြီး ထိတ်လန့်စွာ ကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ဧကရီပိလော့က ဖီးနစ်အတောင်ပံကို အငမ်းမရစားနေသည့်မြင်ကွင်းကို စိတ်ကူးမယဉ်ခဲ့ဖူးသောကြောင့်ပင်။
ဧကရီဘုရင်မကြီး ဖီးနစ်ငှက်အသားကို မစားခဲ့သည်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါးခဲ့ ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိကြသည်။
ထိုအချိန်က ဧကရီဘုရင်မကြီး တစ်ကိုက်သာကိုက်ပြီး ထွေးထုတ်ခဲ့သည်။
သူမက ဖီးနစ်ငှက်အသားကို အလွန်အကြူးမုန်းတီးနေခဲ့သည်။
သို့ရာတွင် ...
ပရိသတ်အားလုံး လေအေးကို ရှုရှိုက်နေရသည်။
ဤတစ်ကြိမ်တွင် အားလုံးနားလည်သွားကြသည်။
ဒီတစ်ခေါက် တော်ဝင်စားသောက်ပွဲကြီးက တစ်ခုခုပဲ ...
ငရဲဘုရင်အာဟ ပါးစပါဟလိုက်သည့်အခါ သွားရညါများ အဆက်မပြတ်ကျဆင်းလာသည်။
" ကောင်လေးပုဖန်က မျက်နှာလိုက်တာပဲ ... ဒီလိုဟင်းပွဲတွေက်ု အရင်က ချက်မကျွေးခဲ့ဖူးဘူး ..."
နယ်သာရီက ငရဲဘုရင်အာဟပြောသည်များကို သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မြင့်မြတ်အပျိုစင်က ဧကရီပိလော့ ပျော်ရွှင်စွာဝါးနေသည်ကို မြင်သည့်အခါ သိချင်စိတ်တို့ထိန်းမရဖြစ်ကာ တူဖြင့် ဖီးနစ်တောင်ပံတစ်ခုကို ယူလိုက်သည်။
ခဏအကြာတွင် တူပေါင်းများစွာက ဖီးနစ်တောင်ပံများကို ဆွဲယူသွားကြသည်။
အရာရှ်ိများလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
တစ်ကိုက်တည်းကိုက်ရုံဖြင့် နူးညံ့သည့်အရသာက ပေါက်ကွဲထွက်လာပြီး ရနံ့သင်းပျံ့သည့် အချိုရည်က ပါးစပ်ထဲတွင် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
အားလုံး၏တုံ့ပြန်မှုကို ကျင်းယွမ် ကျေနပ်အားရနေသည်။ သူမ ဘာမှမပြောပဲ မီးဖိုချောင်ထဲသို့ ဝင်သွားပြန်သည်။
ဤတစ်ကြိမ် မီးဖိုချောင်ထဲမှ ထွက်လာသည့်အခါ တတိယမြောက်ဟင်းလျာကို ယူဆောင်လာသည်။
သူမနောက်တွင် ခမ်းနားသည့် ယဇ်ပူဇော်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစေခံမလေးသုံးယောက်က အဖုံးပါသည့် ဖြူပြာရောင်ကြွေပန်းကန်ဆင်တူများကို ရိုသေစွာ ကိုင်ဆောင်လာသည်။
ထိုဟင်းလျာသုံးမျိုးက ယဇ်ပူဇော်ဟင်းလျာများဖြစ်ကြောင်း သိသာလှသည်။
အင်ပါယာခန်းမဆောင်တစ်ခုလုံးတွင် စောင်းသံနှင့်အတူ ခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
သတ္တုအချင်းချင်း တီးခတ်သံများလည်း ပျံ့လွင့်နေသည်။
ထိုအသံများက ရွှေရောင်စားပွဲဝိုင်းကြီးမှ အငမ်းမရစားသောက်နေသည့် အရာရှိများနှင့် ယှဉ်တွဲလိုက်သည့်အခါ မြင်ကွင်းက အလွန်ပင် အထူးအဆန်းဖြစ်နေသည်။
ဧကရီပိလော့က သူမ၏အတောင်ပံကို စားပြီးသွားပြီဖြစ်သည်။
သူမနှုတ်ခမ်းစူပြီး ထွေးထုတ်လိုက်သည့်အခါ အရိုးတစ်ချောင်းက စားပွဲပေါ်ကျလာသည်။ ထို့နောက် လျှာဖြင့် ဆီပေနေသောနှုတ်ခမ်းကို သပ်လိုက်သည်။
ကျေနပ်အားရစွာဖြင့် သက်ပြင်းချလိုက်ပြီး ဧကရီပိလော့ မျက်လုံးများမှေးစင်းလိုက်သည်။
မြင့်မြတ်အပျိုစင်က လက်မြှောက်၍ လက်ဖဝါးဖြင့်ပါးစပ်ကိုအုပ်ကာ ခေါင်းငုံ့၍တောင်ပံရိုးကို ထွေးထုတ်လိုက်သည်။
ထို့နောက် ဧကရီဘုရင်မကဲ့သို့ နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် အဝတ်ဖြူတစ်ခုဖြင့် နှုတ်ခမ်းကို သုတ်လိုက်သည်။
လင်းတမိန်က သူမပါးစပ်ထဲမှတောင်ပံကို ကောင်ူကောင်းမွန်မွန်စားမနေပေ။
ထိုအမျိုးသမီးက စိတ်လှုပ်ရှားလွန်းနေသောကြောင့် သူမခန္ဓာကိုယ်က တုန်ယင်နေပြီး စားနေစဉ်မှာပင် ကြေးနီခေါင်းလောင်းများ မြည်နေသကဲ့သို့ ကျယ်လောင်စွာ ရယ်နေသည်။
ထို့ကြောင့် ဘေးနားမှလူများ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်နေကြသည်။
အရိုးကိုထွေးထုတ်လိုက်ပြီးသည့်နောက် လင်းတမိန်မတ်တပ်ရပ်ပြီး ပြောင်ရှင်းနေသည့် ဖြူပြာရောင်ကြွေပန်းကန်ကို မြှောက်လိုက်သည်။
ထို့နောက် ကျန်ရှိနေသည့် အချိုရည်များကို သူမပန်းကန်လုံးထဲ တစ်ဝက်ကျော်သည်အထိထည့်လိုက်သည်။
" ဟီးဟီး ပြီးရင် ထမင်းလည်းကျွေးမှာမလား ... ဒီအရည်က အရမ်း အရသာရှိတယ် ... ထမင်းနဲ့ရောစားရင် သေချာပေါက်ကောင်းမှာပဲ ..."
လင်းတမိန်က ခေါင်းနောက်ဘက်ကိုကုတ်လိုက်ပြီး ပါးစပ်ဟကာ အရူးတစ်ယောက်ကဲ့သို့ ရယ်နေသည်။
ဘေးမှလူများက ကြင်နာစွာဖြင့် ရယ်လိုက်ကြသည်။
ချီစစ် မျက်ဆံလှန်လိုက်သည်။
သောက်အစားပုပ်ကတော့ ... တော်ဝင်စားသောက်ပွဲကြီးမှာ ဘယ်ကထမင်းရှိမှာလဲ ... ခေါင်းရောသုံးရဲ့လား ...
ပြီးတော့ ... သူ့ဖို့တောင်နည်းနည်းမချန်ထားဘူး ...
ထိုအချိန်တွင် ကျင်းယွမ်လျှောက်လာပြီး သူမလက်ထဲမှဟင်းလျာကို စားပွဲပေါ်တင်လိုက်သည်။
သူမနောက်တွင် ယဇ်ပူဇော်ဝတ်ရုံများဝတ်ဆင်ထားသည့် လှပသောအစေခံမလေးသုံးယောက်က ဟင်းလျာများ ကိုင်ထားသည်က်ို လူအများစုက သတိပြုမိကြသည်။
သူတို့၏လက်ထဲမှဟင်းလျာများက အားလုံး၏မျက်လုံးများ မှေးစင်းထားရသည်အထိ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေသည်။
နောက်ဆုံးတော့ ယဇ်ပူဇော်ဟင်းလျာတွေ ပေါ်လာပြီပေါ့ ...
သို့ရာတွင် ကျင်းယွမ်၏ သာယာသောအသံက အားလုံး၏ အာရုံစူးစိုက်မှုကို ရယူသွားခဲ့သည်။
" တော်ဝင်စားသောက်ပွဲကြီးရဲ့ တတိယမြောက်ဟင်းလျာက မဟာကျောက်ပုစွန်ပျံ ဖြစ်ပါတယ် ..."
ကျင်းယွမ်၏ ညင်သာသောအသံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြန်သည်။
ထို့နောက် လက်တစ်ဖက်က ဝတ်ရုံလက်ကိုမကာ တစ်ဖက်က ဟင်းလျာ၏အဖုံးကို ဖွင့်လိုက်သည်။
ရှဲ ရှဲ ...
အဖုံးဖွင့်လိုက်သည်နှင့် အငွေ့များတက်လာသည်။ ၎င်းက လေနှင့်အတူစုဝေးလာပြီး တိမ်ကဲ့သို့ဖြစ်လာသည်။