အပိုင်း ၁၁၄၀
Viewers 54k

အခန်း ၁၁၄၀

ယဇ်ပူဇော်ဟင်းလျာများထုတ်ဖော်ပြသလိုက်ခြင်းနှင့် သတ်ဖြတ်လိုစိတ်ပျံ့နှံ့လာခြင်း


မဟာကျောက်ပုစွန်ပျံ ...


ဟင်းလျာ၏နာမည်ထွက်ပေါ်လာသည်နှင့် ထိုနေရာတွင်ရှိနေသူအားလုံး ဤဟင်းလျာကို ရင်းနှီးနေသည်ဟု သိသွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်တော်ဝင်စားသောက်ပွဲကြီးများတွင် ဤဟင်းလျာက ၎င်းတို့ကို နက်နက်ရှိုင်းရှိုင်းအထင်ကြီးစေခဲ့သောကြောင့်ပင်။


ဤဟင်းလျာကို ကြယ်ငါးပွင့်သားရဲဧကရာဇ်ကိုအသုံးပြု၍ပြုလုပ်ထားခြင်းဖြစ်သည်။ နည်းစနစ်များစွာ မပါဝင်သော်လည်း အမြင်အာရုံအရ အလွန်ထိတ်လန့်စေသည့်ဟင်းလျားတစ်မျိုး ဖြစ်နေဆဲပင်ဖြစ်သည်။


ဤဟင်းလျာကို ခေါင်းဆောင်စားဖိုမှူးက အလွန်မွမ်းမံထားပုံမရပေ။ အနည်းဆုံး နာမည်ကိုမပြောင်းလဲထားပေ။


သို့သော် ပျံ့နှံ့လာသော အငွေ့နှင့် ရနံ့များက ကြည့်ရှု့သူများကို အနည်းငယ်ထိတ်လန့်သွားစေသည်။


ဤဟင်းလျာက စားဖိုမှူး၏ မီးထိန်းချုပ်နိုင်မှုက အသားအရည်အသွေးကို သက်ရောက်သွားခြင်းကို စစ်ဆေးခြင်းဖြစ်သည်။


အဖုံးဖွင့်လိုက်သည့်အခါ အငွေ့များပျံ့နှံ့သွားကာ အတွင်းမှဟင်းလျာကို အားလုံး၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်သွားစေသည်။


ဧရာမအနီရောင်ကျောက်ပုစွန်ကြီးက ဖြူပြာရောင်ကြွေပန်းကန်ပြားပေါ်တွင် ပေါ်လာသည်။ ၎င်း၏ ကြီးမားသောဦးမှင်ကြီးက အပေါ်သို့ထောင်တက်နေပြီး လက်မများလည်း ဟနေကာ ခေါင်းမော့၍ ကောင်းကင်ပေါ်သို့ ကြည့်နေသည်။


နောက်ဘက်မှအခွံများကို ဖယ်ရှားထားပြီး တောက်ပနေသည့်ကျောက်ပုစွန်အသားများကို အပိုင်းငယ်များအဖြစ် ပိုင်းဖြတ်ထားသည်။ အပေါ်တွင်လည်း အရောင်တောက်နေသည့်အလွှာတစ်ခု အုပ်ထားသည်။


၎င်းက ဆီပူများ လောင်းချထားခြင်းဖြစ်သည်ကို ကျင်းယွမ်သိသည်။


ဤဟင်းလျာက အလွန်ရိုးရှင်းသည်။ ထို့အပြင် ပြောင်းလဲရန်လည်းမလိုပေ။ ခေါင်းဆောင်စာဖိုမှူးပုသည်ပင် ပမာဏများစွာပြောင်းလဲရန်မလိုပေ။


ဤဟင်းလျာက ရိုးစင်းပုံရသော်လည်း အမှန်တွင် ခက်ခဲသောအပိုင်းများရှိသည်။


၎င်း၏မီးထိန်းချုပ်နိုင်မှုက စားဖိုမှူးများစွာကို အံ့ဩစေခဲ့သည်။ မီးထိန်းချုပ်မှုမလုံလောက်ပါက ကျောက်ပုစွန်အသားကို အကျက်လွန်ပြီး ကြမ်းတမ်းသွားစေသည်။


ကျင်းယွမ်၏အမြင်တွင် ဤကျောက်ပုစွန်ကို ပြည့်စုံသောမီးထိန်းချုပ်မှုဖြင့် ချက်ထားခြင်းဖြစ်သည်။ ကျောက်စိမ်းကဲ့သို့ တောက်ပနေသော ကျောက်ပုစွန်အသားကိုကြည့်ခြင်းဖြင့် ထိုအကြောင်းကိုသိနိုင်သည်။


ရင်းနှီးနေသည့်ဟင်းလျာဖြစ်သောကြောင့် ဧည့်သည်များ အလွန်အကျွံထိတ်လန့်မသွားကြပေ။ သို့ရာတွင် စိတ်ပျက်သွားခြင်းလည်းမရှိပေ။ ၎င်းက သူတို့မမျှော်လင့်ထားသည့် တစ်စုံတစ်‌ရာကို ပေးစွမ်းနေနိုင်သည်။ သို့ရာတွင် ရနံ့နှင့် အရောင်က စားချင်စိတ်ကို လှုံ့ဆော်ပေးနေပြီး မြည်းစမ်းစေချင်လာသည်။


တူများကိုင်၍ တောက်ပနေသော ကျောက်ပုစွန်အသားကို ယူလိုက်ကြသည်။


ဤကျောက်ပုစွန်က ကြီးမားသည့်အပြင် ပုဖန်ဖြတ်တောက်ထားသည့် အပိုင်းတစ်ခုစီကလည်း လက်သီးတစ်လုံးခန့် ကြီးမားသည်။


ကျောက်ပုစွန်အသားက အလွန်နူးညံ့သည်။ ကိုက်လိုက်သည့်အခါတိုင်းတွင် သိပ်သည်းသည့်ရနံ့လှိုင်းများထွက်လာကာ အသားရည်များစိမ့်ဝင်ပျံ့နှံ့လာသည့်အတွက် စားမိသူတိုင်းကို သက်တောင့်သက်သာဖြစ်စေသည်။


" အရသာရှိလိုက်တာ ..."


သူတို့မျက်လုံးများအရောင်လက်လာပြီး ခေါင်းငြိမ့်နေကြသည်။ တူညီသောဟင်းလျာဖြစ်သော်လည်း ဤတစ်ကြိမ်တွင်ချက်ပြုတ်ထားသည်က ထူးထူးခြားခြား ကောင်းမွန်ကာ အရသာရှိနေသည်။


အဝေးတွင် ...


ငရဲဘုရင်အာဟက ဖီးနစ်တောင်ပံကို စားပြီးပြီဖြစ်သည်။ ယခုအခါ ပါးစပ်ထဲတွင်အစပ်ချောင်းကို ထည့်ထားပြီး သူ၏မျက်နှာတွင် စိတ်ကျေနပ်နေသည့်အမူအရာဖြစ်ပေါ်နေသည်။


မဟာကျောက်ပုစွန်ပျံကို သူအလွန်မျှော်လင့်မနေပေ။ အဘယ့်ကြောင့်ဆိုသော် ပုဖန်၏သွေးကျောက်ပုစွန်များကို စားဖူးထားသောကြောင့်ဖြစ်သည်။


အဲ့ဒီဟင်းလျာက အထွဋ်အမြတ်အဆင့်ရှိပြီး ကျောက်ပုစွန်တွေထဲမှာ အကောင်းဆုံးကျောက်ပုစွန်ဖြစ်တဲ့အတွက် အရသာအရှိဆုံးပဲ ...


နယ်သာရီလည်း အဆက်မပြတ်ခေါင်းငြိမ့်နေသည်။ သူမမှတ်ဉာဏ်ထဲတွင် သွေးကျောက်ပုစွန်နှင့် ပတ်သက်ပါက အလွန်မြူးကြွနေသည်။ သူမက ပုဖန်၏သွေးကျောက်ပုစွန်များ၏ သစ္စာရှိပရိသတ်တစ်ဦးလည်းဖြစ်သည်။


သွေးကျောက်ပုစွန်တစ်ပန်းကန်ကို သူမ အချိန်တိုင်းစားနေနိုင်သည်။


ဧကရီပိလော့က သွေးကျောက်ပုစွန်ကိုစားပြီးသွား၍ ခုံပေါ်တွင် အိပ်ချင်မူးတူးနှင့်မှီနေကာ စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။ သူမ ယခုအချိန်ထိ ဤနှစ်တော်ဝင်စားသောက်ပွဲကို အလွန်အားရနေ၍ အနည်းငယ်ဗိုက်ပြည့်နေပြီဖြစ်သည်။


ခုံတွင်မှီ၍ အနည်းငယ်အနားယူချင်နေသည်။


သူမဘေးမှလူများလည်း ထိုသို့ပင်ဖြစ်သည်။


ဟင်းလျာများ၏ အဆက်မပြတ်ရောက်ရှိလာမှုကြောင့် အဆက်မပြတ်စားသောက်နေရမှုကြောင့် အလွန်အလုပ်များနေခဲ့ကြသည်။


ယခင်တော်ဝင်စားသောက်ပွဲများတွင် ဟင်းပွဲများက အလွန်များပြားသော်လည်း တစ်ခုကိုသာယူပြီး ထပ်မစားကြတော့ပေ။ သို့ရာတွင် ဤနှစ်တွင်မူ ပန်းကန်ထဲမှဟင်းလျာအားလုံးပြောင်စင်နေသည်။


ဟင်းအနှစ်များပင် မကျန်ပေ။


ထို့နောက် သူတို့‌အနားယူနိုင်ကြပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်လာမည့်ဟင်းပွဲများက ယဇ်ပူဇော်ဟင်းလျာများဖြစ်သောကြောင့်ပင်။


ယဇ်ပူဇော်ဟင်းလျာများက သူတို့စားသုံးရန်အတွက်မဟုတ်ပဲ နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ တည်ရှိမှုတစ်ခုအတွက် ဆက်သရသောပစ္စည်းဖြစ်သည်။


သို့ဖြစ်၍ ယဇ်ပူဇော်ဟင်းလျာများက အလွန်အမင်းအရေးကြီးလှသည်။ ယဇ်ပူဇော်ဟင်းလျာများကို ဖွက့်လိုက်ချိန်တွင် မည်သူမျှ တူများကိုမလှုပ်ရဲပေ။


အခြားသူများ တူများချလိုက်ချိန်ကို စောင့်နေပြီး ကျင်းယွမ်၏မျက်လုံးများ ရုတ်ချည်းမှေးကျဉ်းသွားကာ နှလုံးခုန်သံများ မြန်ဆန်လာသည်။


ပြင်းထန်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့မည်ကို သူမသိနေသည်။


ယဇ်ပူဇော်ဟင်းလျာများကို တည်ခင်းရတော့မည်ဖြစ်သည်။


အမှန်တွင် အဝေးမှဘေးတံခါးတစ်ချပ်တွင် အစေခံအနည်းငယ်က အရိပ်ထဲတွင်စောင့်နေကြသည်။ သူတို့က ကျင်းယွမ်ပြင်ဆင်ထားသည့် ယဇ်ပူဇော်ဟင်းလျာများကို ကိုင်ဆောင်ထားကြသည်။


ခေါင်းဆောင်စားဖိုမှူးပုက ယဇ်ပူဇော်ဟင်းလျာများ၏ ချက်ပြုတ်နည်းကို ပြောင်းလဲလိုက်သဖြင့် မြင့်မြတ်အပျိုစင်၏ဒေါသကိုဆွလိုက်မည်ကို သူမသိသည်။


အကယ်၍ ထိုသို့ဖြစ်လာပါက သူမချက်ပြုတ်ထားသည့်ဟင်းလျာများကို တည်ခင်းလိုက်မည်ဖြစ်သည်။ ဤနည်းဖြင့် မြင့်မြတ်အပျိုစင်က သူမဒေါသများကို ပုဖန်အပေါ်သို့ မပုံချပဲ ပုဖန်လည်း ဤနေရာ၌ပင် အသတ်မခံရနိုင်ပေ။


ယခင်နှစ်များက မြင့်မြတ်အပျိုစင်က ခေါင်းဆောင်စားဖိုမှူးကိုသတ်ခဲ့သည့် ကိစ္စတစ်ခု ရှိခဲ့သောကြောင့်ပင်။


မြင့်မြတ်အပျိုစင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ လက်ရာမြောက်သော ဝတ်ရုံရှည်ကြီးက အနည်းငယ်လှုပ်ခါသွားပြီး သူမခေါင်းပေါ်မှ အဆင်တန်ဆာများမှ အရောင်တောက်လာသည်။


အင်ပါယာခန်းမဆောင်အတွင်းတွင် စောင်းသံများနှင့် ခေါင်းလောင်းသံများ အဆက်မပြတ်တီးခတ်နေသည်။


မြင့်မြတ်အပျိုစင်၏အကြည့်က ပို၍လေးနက်လာသည်။ ချက်ချင်းပင် သူမမျက်နှာ၌ ခက်ထန်သောအကြည့်တစ်ခု ပေါ်လာသည်။


ပျင်းရိ၍ခွေလျှနေသော ဧကရီဘုရင်မကြီးပင် ခါးမတ်မတ်ထားပြီး ရှေ့သို့‌ကြည့်နေသည်။


မဟာကျောက်ပုစွန်ပျံ ပန်းကန်များကို ယူ‌ဆောင်သွားပြီးဖြစ်သည်။ကျင်းယွမ်၏ ညွှန်ကြားချက်များအောက်တွင် ယဇ်ပူဇော်ဝတ်ရုံများ ဝတ်ဆင်ထားသည့် အစေခံမလေးသုံးယောက်က ခြေလှမ်းစိပ်စိပ်ဖြင့် ရှေ့သို့ လှမ်းလာသည်။


စားပွဲဝိုင်းပေါ်သို့ ဟင်းလျာများကိုတင်ထားပြီး အရိုအသေပြု၍ နောက်ဆုတ်သွားကြသည်။


မြင့်မြတ်အပျိုစင်က တည်ကြည်စွာဖြင့် သူမနေရာမှ ရှေ့သို့ထွက်လာသည်။ အစေခံ၏လက်ထဲမှ ရွှေရောင်တောင်ဝှေးကိုယူ၍ သူမ၏ဝတ်ရုံရှည်ကြီးကို တရွတ်တိုက်ကာ ဖြည်းညှင်းစွာလျှောက်လာသည်။


စကားလုံးအချို့ရွတ်ဆိုလျက် စားပွဲဝိုင်းပတ်ပတ်လည်ကို လျှောက်နေသည်။


ယခုအချိန်တွင် အင်ပါယာခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ မည်သူမျှ အသံမထွက်ရဲကြပေ။


မြင့်မြတ်အပျိုစင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ တည်ရှိမှုနှင့် ဆက်သွယ်နေကြောင်း သူတို့သိကြသည်။


အဝေးတွင် ...


လမ်းလျှောက်ချိန်လးသည့်အချိန်တိုင်း တောင်ဝှေးကို လှုပ်ရှားနေသည့် မြင့်မြတ်အပျိုစင်ကိုကြည့်ကာ ငရဲဘုရင်အာဟ၏မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။


ကမ္ဘာမြေအကျဉ်းထောင်၏ တားမြစ်နယ်မြေသုံးခု ။ ထိုတားမြစ်နယ်မြေတစ်ခုစီတိုင်းက သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားများကြောင့် ကျော်ကြားကြသည်။ ၎င်းတို့တွင် ကြီးမြတ်သောတည်ရှိမှုများသွာကို အောင်မြင်နိုင်သည့် စွမ်းအားကြီး တည်ရှ်ိမှုများရှိသည်။


ယခင်ငရဲဘုရင်သည်ပင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဝင်ရောက်ခဲ့စဉ်က အလွန်သတိထားခဲ့ရသည်။ ၎င်းကပင် တားမြစ်နယ်မြေတစ်ခု၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပြသနိုင်ရန် လုံလောက်သည်။


နတ်ဘုရားမမြို့တော်က နတ်ဘုရားပျောက်ကွယ်တောင်တန်း၏ စွမ်းအားတစ်မျိုးဖြစ်ပြီး ထိုနေရာမှ တည်ရှိမှုက သူတို့အားလုံး၏ နတ်ဘုရားဖြစ်သည်။ မည်သူမျှ မလေးမစားမလုပ်ရဲပေ။ 


နယ်သာရီ၏ မျက်လုံးများလည်း မှေးကျဉ်းလာသည်။ သူမငယ်ရွယ်စဉ်က ကံကောင်းမှုတစ်ခုကြောင့် ထိုတည်ရှိမှုကို မြင်တွေ့ခဲ့ရသည်။ မှုန်ဝါးဝါးပုံရိပ်တစ်ခုသာဖြစ်သော်လည်း သူမစိတ်ထဲ ထိတ်လန့်မှုဖြင့် ရစ်နွယ်ခဲ့ရသည်။


ထိုအချိန်က ယခင်ငရဲဘုရင်က သူမကို နတ်ဘုရားပျောက်ကွယ်တောင်တန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အသက်စမ်းရေ၏ သိပ်သည်းသောအသက်စွမ်းအင်များကို ငှားရမ်းကာ သူမကိုယ်မှကျိန်စာကို သန့်စင်စေလိုခဲ့သည်။


သို့ရာတွင် အသက်စမ်းရေသည်ပင် သူမကျိန်စာကို မသန့်စင်နိုင်ခဲ့ပေ။ 


ထို့ပြင် ၎င်းက ထိုတည်ရှိမှု၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။


အကြည့်တစ်ချက်သာဖြစ်သော်လည်း ထိုကြောက်ရွံ့ထိတ်လန့်ဖွယ်စွမ်းအင်ကို နယ်သာရီ မေ့မရနိင်ခဲ့ပေ။


နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ ပြန်လာပြီးနောက် ယခင်ငရဲဘုရင်က သူမကို အဆုံးမဲ့ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲသို့ ငရဲကမ္ဘာအမျိုးသမီးဟူသည့် အမည်ဖြင့် နယ်နှင်ဒဏ်ပေးခဲ့သည်။ သူမ ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကို ဖြတ်သန်းသွားလာခဲ့ရသည်။


ထိုသို့နယ်နှင်ဒဏ်ပေးလိုက်ခြင်းက နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ ကြီးမြတ်သောတည်ရှိမှု၏ အကြံဉာဏ်ဖြစ်နိုင်သည်ဟု သူမခံစားမိသည်။


ညင်သာစွာသက်ပြင်းချလိုက်သည်။ နယ်သာရီသူမမှတ်ဉာဏ်များကို ပြန်တွေးမိကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


သူမ၏ မျက်ဝန်းနက်များက အရှေ့မှ ညစာစားပွဲကြီးဟ အလယ်ဗဟိုကို ကြည့်နေသည်။ ထိုနေရာတွင် မြင့်မြတ်အပျိုစင်က အဖုံးကို စတင်ဖွင့်နေသည်။


စားဖိုမှူးကျင်းယွမ် တုန်ယင်နေသည်မှာ ကြာပြီဖြစ်သည်။ လက်သီးများတင်းတင်းဆုပ်ထားပြီး သူမ၏နှုတ်ခမ်းဖူးဖူးများကို စိတ်လှုပ်ရှားစွာ ကိုက်ထားမိသည်။


ခေါင်းဆောင်စားဖိုမှူးပု၏ ဟင်းလျာများကို ယုံကြည်နေရမည်ဖြစ်သော်လည်း မြင့်မြတ်အပျိုစင်၏ အရှိန်အဝါက သူမကို ဆန့်ကျင်ဘက်ဖြစ်သွားစေသည်။


ရွှေရောင်ကွင်းများနှင့်တောင်ဝှေးက လေထဲဝဲပျံသွားသည်။ ၎င်းအပေါ်ပှ ရွှေရောင်ကွင်းကိုးခုက လည်နေသည်။


၎င်း၏ အထက်တွင် အဖြူရောင်မှော်အခင်းအကျင်းတစ်ခုပေါ်ပေါက်လာပြီး တောင်ဝှေးက ရွှေရောင်ဧရာမစားပွဲကြီး၏အလယ်တွင် လွင့်မျောနေသည်။


မှော်အခင်းအကျင်းက လေထဲတွင်သာရှ်ိနေပြီး နာရီလက်တံကဲ့သို့ လှုပ်ရှးနေကာ အထဲတွင်လည်း မှော်အခင်းအကျင်းတစ်ခုက အလယ်ဗဟိုတွင် လှည့်ပတ်နေသည်။


မှော်အခင်းအကျင်းက အလင်းတန်းများဖြာထွက်တောက်ပနေ၍ မြင့်မြတ်အပျိုစင်၏ပုံရိပ်ကို လင်းထိန်နေစေသည်။


မြင့်မြတ်အပျိုစင်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ ထို့နောက် လက်ချောင်းထိပ်ကိုကွေး၍သူမဦူခေါင်းကို ထိလိုက်သည်။


ရှေးဟောင်းစာလုံးတွဲများကို ရွတ်ဆိုပြီးသည့်နောက် ဟင်းလျာသုံးမျိုးရှေ့သို့ လျှောက်လာသည်။


တစ်ချိန်တည်းမှာပင် သူမခေါင်းကိုထိထားသည့် လက်ကိုလည်း ချလိုက်သည်။ ၎င်းတို့ကိုအဖုံးပေါ်တွက်ဖိထားပြီး ညင်သာစွာဖွင့်လိုက်သည်။


ထောင်နှင့်ချီသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။


အားလုံးက မြင့်မြတ်အပျိုစင်၏ လက်ထဲမှ ဟင်းလျာကိုသာ အာရုံစိုက်နေကြသည်။


ယဇ်ပူဇော်ဟင်းလျာများကို ‌ထုတ်ဖော်ပြသတော့မည်ဖြစ်သည်။


အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။


နွေဦးလေပြည် နွေဝေဒနာ ဆောင်းဦးတိမ်မြုပ်ခြင်းတို့က ယဇ်ပူဇော်ဟင်းလျာများ၏ နာမည်ဖြစ်သည်။


မြင့်မြတ်အပျိုစင်၏ လှုပ်ရှားမှုများက မြန်ဆန်သည်။ ပထမဟင်းလျာ၏ အဖုံးကိုဖွင့်လိုက်ပြီးနောက် ဟင်းလျာ၏တောက်ပမှုများ မပြန့်ကျဲလာမိ ဒုတိယဟင်းလျာနှင့် တတိယဟင်းလျာတို့ကိုပါဖွင့်လိုက်သည်။


ဝုန်း ...


ထိုဟင်းလျာသုံးမျိုးမှ လျှို့ဝှက်ဆန်းကြယ်သညိ့ အတက်အကျများ ဖြစ်ပေါ်သည်။


လေလှိုင်းများ တစ်ဟုန်ထိုး တိုးဝင်လာသည်ကို ခံစားနေနိုင်သည်။ သူတို့၏မျက်လုံးများ ပြူးကျယ်သွားကာ မျက်စိကိုစူးရှစေနိုင်သော အလင်းတန်းများဖြာထွက်နေသည့် ဟင်းလျာသုံးမျိုးကို ကြည့်နေကြသည်။


ပင်မခန်းမဆောင်အတွင်းတွင် ဂီတပညာရှင်များက စောင်းများကိုင်ထားပြီး သံစုံတေးဂီသတစ်ခုကို တီးမှုတ်နေကြသည်။ ၎င်းက ယဇ်ပူဇော်သည့် ဓလေ့အတွက် တေးဂီတဖြစ်သည်။ ယဇ်ပူဇော်ဟင်းလျာများကို ဖွင့်သည့်အခါ နောက်ခံတေးသီချင်းကို ထည့်သွင်းပေးရသည်။


နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ ဆင်းသက်လာသည့် တည်ရှိမှုတစ်ခုကို ကြိုဆိုနေသကဲ့သို့ပင်။


ဝှစ် ...


မြင့်မြတ်အပျိုစင်၏ ဝတ်ရုံက လေမတိုက်ခတ်ပဲလှုပ်ရှားသွားသည်။ ချက်ချင်းပင် သူမမျက်လုံးများ မှေးကျဉ်းလာသည်။


အလင်းတန်းများ ပြန့်ကျဲသွားပြီးနောက် ဟင်းလျာသုံးမျိုးကို ဖြည်းညှင်းစွာပြသလိုက်သည်။


နွေဦးလေပြည်က သုံးဆယ့်နှစ်မျိုးသော ဟင်းသီးဟင်းရွက်များကို ထုပ်ပိုးထားသည့် ပန်းပွင့်ပုံစံဟင်းလျာဖြစ်သည်။ အငွေ့က တလိပ်လိပ်တက်လာပြီး သက်ဝင်လှုပ်ရှားသည့် အရောင်တောက်ပနေသည်။


နွေဝေဒနာက အမျိုးအစားမတူညီသည့် အသား၃၂မျိုးကို ရောစပ်ထားသည့် အသားဟင်းလျာဖြစ်သည်။ ၎င်း၏အသားရနံ့က နေရာအနှံ့ပျံ့နှံ့နေသည်။


ဆောင်းဦးတိမ်မြုပ်ခြင်းက ရေကဲ့သို့ကြည်လင်သော်လည်း ပျစ်ခဲနေသည့်စွပ်ပြုတ်ဖြစ်သည်။ စွပ်ပြုတ်၏အလယ်တွင် ထုံးကျောက်ကဲ့သို့ အရာတစ်ခုက မျက်နှာပြင်ပေါ် မျောနေသည်။


၎င်းတို့က ပုံစံနှင့်အရသာများကွဲပြားသည့် ယဇ်ပူဇော်ဟင်းလျာသုံးမျိုးဖြစ်သည်။


သို့ရာတွင် အားလုံးက ဟင်းလျာများကို ရှင်းရှင်းလင်းလင်း မြင်ရချိန်၌ မသိစိတ်မှ လေအေးကို ရှုရှိုက်မိသွားသည်။


မြင့်မြတ်အပျိုစင်၏ ဝတ်ရုံရှည်ကြီးက လွင့်မျောနေရာမှ ရပ်တန့်သွားပြီး ခဏတွင်းချင်းပင် လေထုက လေးလံလာသည်။


ကျင်းယွမ်က မြင့်မြတ်အပျိုစင်ကို ကြောက်လန့်စွာကြည့်နေပြီး မျက်လုံးများမှေးကျဉ်းထားသည်။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများက သူမကိုရစ်ပတ်ထားသည်ဟု ခံစားလိုက်ရသည်။


ဤခံစားချက်ကြောင့် သူမပြောလ်ုသည့်စကားများပင် လည်ချောင်းထဲ၌ ပျောက်ရှကုန်သည်။ 


ဒီမြင်ကွင်းကို ရင်းနှီးနေတယ် ...


ထိုအချိန်က မြင့်မြတ်အပျိုစင်က စားဖိုမှူးခေါင်းဆောင်ကို နေရာ၌ပင် သတ်ပစ်ခဲ့သည်။ ယနေ့တွင်လည်း ဤမြင်ကွင်းက တစ်ကြိမ်ရောက်ရှိလာပြန်သည်။


စောင်းသံများက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေလျက် မှော်အခင်းအကျင်းက လှည့်ပတ်နေသည်။


သို့သော် အားလုံး၏စိတ်ထဲတွင် အေးစိမ့်စိမ့်ဖြစ်လာသည်။


ဟင်းလျာသုံးမျိုးမှ အငွေ့များတလိပ်လိပ်တက်နေရာ ရနံ့က နေရာတစ်ဝိုက်တွင် ရစ်နွယ်နေသည်။


သို့ရာတွင် မည်သူမျှ စားချင်စိတ်မရှိကြပေ။


ဧကရီပိလော့ကဟင်းလျာသုံးမျိုးကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။


" အဲ့ဒီစားဖိုမှူးလေးက ယဇ်ပူဇော်ဟင်းလျာတွေကို ပြောင်းရဲတဲ့အထိ စိတ်ကြီးဝင်နေတယ်ပေါ့ ... ဒီတစ်ခါတော့ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဝင်ဖို့စဉ်းစားရမယ့်အစား ဒါကိုကျော်ဖြတ်ပြီး အသက်ရှင်နိုင်မလားဆိုတာ စဉ်းစား‌ရတော့မယ် ..."


မြင့်မြတ်အပျိုစင် ရုတ်တရက် ကျင်းယွမ်ဘက်လှည့်လာသည်။ အေးစက်နေသော မျက်နှာသေဖြင့် သူမအကြည့်များက ကျင်းယွမ်၏ပုံရိပ်ပေါ်ရောက်လာသည်။


" ယဇ်ပူဇော်ဟင်းလျာတွေကို ဘယ်သူပြောင်းလိုက်တာလဲ ... ဒါတင်မကဘူး ဟင်းလျာသုံးခုလုံးကို ပြောင်းလိုက်တယ်ပေါ့ ..."


မြင့်မြတ်အပျိုစင်၏အသံက နှစ်ထောင်ချီနေသည့် ရေခဲတုံးကဲ့သို့ အေးစက်နေကာ အရိုးထဲထိအေးစိမ့်သွားစေသည်။


၎င်းက ကျင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် အထိန်းအချုပ်မရှိ တုန်သွားစေသည်။


သူမပြင်ဆင်ထားသည့် ယဇ်ပူဇော်ဟင်းလျာများကို ယူလာရန် ပြောချင်သော်လည်း ပါးစပ်ဟရန်ပင် အခွင့်အရေးမရှ်ိပေ။


ဤကြောက်မက်ဖွယ်ဖိအားအောက်တွင် အသံတစ်သံပင် မထွက်ရဲကြောင်း သူမသဘောပေါက်သွားသည်။


မြင့်မြတ်အပျိုစင်၏ အေးစက်သော မျက်နှာသေကြီးကို မြင်လိုက်ရသည့်အခါ အရိပ်လှိုင်းတစ်ခုက နှလုံးသားကို ကပ်တွယ်နေသကဲ့သို့ သူမ မဆိုင်းမတွပင် ခေါင်းငုံ့လိုက်သည်။


ဒီအသံ ... သူမရှေ့က အသံက မြင့်မြတ်အပျိုစင်မဟုတ်ဖူး ...


တုနှိုင်းမမီနိုင်သော စွမ်းအားများရှေ့တွင် ကျင်းယွမ် ဒူးထောက်ဝပ်တွား နေရသည်။


ပတ်ဝန်းကျင်မှလူများ သူတို့နေရာ၌ပင် မတ်တပ်ရပ်လိုက်ကြပြီး မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။


ထိုအချိန်တွင် အကြည့်တစ်ချက်က သူတို့ကို ဆုတ်ဖြဲလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ဖိအားများက သူတို့ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာသည်။


အားလုံး၏ အသက်ရှုသံများ ရပ်တန့်သွပြီဟုပင် ထင်ရသည်။


တုနှိုင်းမဲ့တည်ရှိမှုတစ်ခုက မြင့်မြတ်အပျိုစင်ကို ပူးကပ်နေခြင်းဖြစ်သည်။


အားလုံးမြင်နေရသည်မှာ ကျင်းယွမ်ရှေ့တွင် ရုတ်တရက်ပေါ်လာသည့် မြင့်မြတ်အပျိုစင်၏ပုံရိပ်သာဖြစ်သည်။


ကြာပန်းကဲ့သို့ ဖြူဖွေးနေသော လက်ကိုမြှောက်လိုက်သည်က တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုကို ရရှိသွားသကဲ့သို့ပင်။


ထိုကြောက်မက်ဖွယ်စွမ်းအင်များက ကျင်းယွမ်၏ဦးခေါင်းကို ဖြည်းညှင်းစွာ လာရောက်ရိုက်ခတ်သည်။


ရုတ်တရက် ...


ကျင်းယွမ်၏နှဖူးပေါ်သို့ လက်ဖဝါးက ကျရောက်တော့မည့်အချိန်၌ ...


ရှင်းလင်းပြတ်သားသောခြေသံများက အင်ပါယာခန်းမဆောင်၏ ဝင်ပေါက်ဆီမှ ပဲ့တင်လာသည်။


ဖြူဖျော့ဖျော့ပုံရိပ်တစ်ခုက ဖြူပြာရောင်ကြွေပန်းကန်ပြားကိုကိုင်လျက် ဖြည်းညှင်းစွာလျှောက်လာသည်။


ရုတ်ချည်းထွက်ပေါ်လာသည့် ခြေသံများက မြင့်မြတ်အပျိုစင်၏လက်ဖါးကို ရပ်တန့်သွားစေခဲ့သည်။