အခန်း ၁၁၄၁
နွေဦးလေပြည် နွေဝေဒနာ ဆောင်းဦးတိမ်မြုပ်ခြင်း ဆောင်းမနက်
တောက် တောက် တောက် ...
ရှင်းလင်းကြည်လင်သော ခြေသံက ခန်းမဆောင်ကြီးထဲတွင်ထွက်ပေါ်လာပြီး အားလုံး၏နားထဲတွင်ရစ်ဝဲနေသည်။
အားလုံးအနည်းငယ် အေးခဲသွားပြီး ခေါင်းမော့၍ အဝေးကိုကြည့်လိုက်ကြသည်။
ဧကရီပိလော့မျက်ခုံးများပင့်ကာ အင်ပါယာခန်းမဆောင်၏ဝင်ပေါက်ကို ကြည့်လိုက်မိသည်။ ထိုနေရာတွင် အရပ်ရှည်ရှည်အသားဖြူဖြူ ပုံရိပ်တစ်ခုက လျှောက်လာနေသည်။
ချီစစ်လှည့်ကြည့်လိုက်သည့်အခါ သိချင်စိတ်ဖြစ်ပေါ်သွားသော်လည်း ထိတ်လန့်သွားသည်။
အားလုံး လေအေးကိုရှုရှိုက်နေရသည်။
သူတို့အားလုံးက အမျိုးသမီးများဖြစ်ကြသော်လည်း စကားများကြသည်ကို အကျင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် ဤသို့ မြင့်မြတ်အပျိုစင်၏ ကြောက်မက်ဖွယ်ဖိအားအောက်တွင် စကားတစ်လုံးမှ မပြောရဲကြပေ။
သို့ရာတွင် သူတို့၏မျက်နှာပေါ်မှ ထိတ်လန့်မှုများက မပျောက်ကွယ်သွားပေ။
ဒီယောကျာ်း ပေါ်လာရဲသေးတယ်ပေါ့ ...
ဘုရားရေ ... ဒီယောက်ကျားက ကောင်းကင်ဘုံနဲ့တောင်အန်တုပြီး စိတ်ကြီးဝင်နေတာပဲ ...
သေမှာကို မကြောက်ဖူးလား ...
ယခုချိန်တွင် မြင့်မြတ်အပျိုစင်ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ တုနှိုင်းမဲ့တည်ရှိမှုတစ်ခုက ပူးကပ်ထားခြင်းဖြစ်သည်။
လုံးဝကို ကြောက်စရာကောင်းလွန်းနေတယ် ...
ဒီယောကျာ်းက အဲ့ဒီတည်ရှိမှုကို ဆက်သရမယ့် ယဇ်ပူဇော်ဟင်းလျာသုံးခုကို ပြောင်းရဲတယ်ဆိုတော့ အသတ်ခံရမှာမကြောက်ဖူးလား ...
သို့ရာတွင် လူအများစုရင်ထဲတွင် ပုဖန်ကို လေးစားနေကြသည်။
အနည်းဆုံး သူပေါ်လာတဲ့အတွက် အပြစ်ကင်းတဲ့ကျင်းယွမ်က အပြစ်ပေးမခံရတော့ဘူးပေါ့ ...
အဝေးတွင် ...
ငရဲဘုရင်အာဟနှင့် နယ်သာရီတို့ မျက်လုံးများမှေးကျဉ်းထားသည်။
" ကောင်လေးပုဖန်ကတော့ ပေါ်လာတဲ့အချိန်တိုင်း ဝံ့ကြွားနေတာပဲ ..."
ငရဲဘုရင်အာဟက အစပ်ချောင်းကိုကိုက်ပြီး ဘေးမှနယ်သာရီကိုပြောလိုက်သည်။
သူ၏အသံက အလွန်မကျယ်လှပေ။ သို့ရာတွင် အနီးတစ်ဝိုက်မှလူအားလုံး ကြားဖြစ်အောင်ကြားလိုက်ရသည်။
ဧကရီပိလော့က ခေါင်းလှည့်၍ သူ့ကိုကြည့်ကာ ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်သည်။
သို့ရာတွင် နယ်သာရီက ငရဲဘုရင်အာဟ၏ ထင်မြင်ချက်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ဖက်တွင် ...
မြင့်မြတ်အပျိုစင်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
ခဏအကြာတွင် ခေါင်းမော့ကြည့်လိုက်သည်။ သူမ၏ အေးစက်ကာ လူတိုင်းကိုအထင်သေးတတ်သည့် မျက်နှာသေဖြင့် ပုဖန်ကို ကြည့်လိုက်သည်။
ပုဖန် တစ်လှမ်းသီလျှောက်လာတိုင်း အနီရောင်စားဖိုမှူးဝတ်စုံက လေနှင့်အတူလွင့်နေသည်။
ပန်းကန်ပြားကိုကိုင်၍ မြင့်မြတ်အပျိုစင်နှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါ သူ၏မျက်လုံးသူငယ်အိမ်များ အလိုအလျောက် ကျုံ့သွားသည်။ သူ၏ နှလုံးသားထဲတွင်လည်း အရိပ်အလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားလိုက်သကဲ့သို့ပင်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အကြည့်လဲ ...
" ချက်ပြုတ်နည်းတွေပြောင်းပစ်တာ ကျုပ်ပါ ... ယဇ်ပူဇော်ဟင်းလျာတွေကို ချက်ပြုတ်တာလည်းကျုပ်ပဲ ... ဘာလို့ ဒီမိန်းကလေးကို အခက်တွေ့အောင်လုပ်နေရတာလဲ ..."
ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။
သူ၏မျက်နှာက အမူအရာမဲ့နေသော်လည်း အသံက ခန်းမဆောင်တစ်ခုလုံးကိုတွင် ပြတ်ပြတ်သားသား ကြားနေရသည်။
သူပြောပြီးသည်နှင့် အားလုံးထိတ်လန့်သွားကြသည်။ ထိုစကားများက သူတို့နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားသည်။
ဒီ ... ဒီယောကျာ်း ...
ဘဝင်မြင့်လှချည်လား ...
သူဘယ်သူ့ကို ရင်ဆိုင်နေရလဲသိရဲ့လား ...
ဒါက နတ်ဘုရားပျောက်ကွယ်တောင်တန်းက တုနှိုင်းမဲ့တည်ရှိမှု တစ်ခုနော် ...
အရင် ငရဲဘုရင်ကတောင် ဒီတည်ရှိမှုကို လေးစားခဲ့ရတယ် ... ဒါပေမဲ့ ဒီယောကျာ်းက ဘာကြောင့်အဲ့လို ပါးစပ်သရမ်းနေတာလဲ ...
ဧကရီပိလော့ မျက်ဆံလှန်လိုက်သည်။
ဒီလူ ငတုံးလား ...
အခုချိန်မှာ မြင့်မြတ်အပျိုစင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းက တုနှိုင်းမဲ့တည်ရှိမှုတစ်ခု ဖြစ်နေတာလေ ... သူမကို ဘယ်သူကဆန့်ကျင်ရဲမှာလဲ ...
သူက ပါးစပ်ဟပြီး သူမကိုတောင် ဆူပူလိုက်သေးတယ် ...
ဟင်းပွဲတွေ ပြင်နေတုန်းက ဦးနှောက်ကြီး ထွက်ကျသွားတာများလား ...
" မင်း ငါ့ကိုပြောနေတာလား ..."
မြင့်မြတ်အပျိုစင်၏ ရေခဲတမျှအေးစက်သောအကြည့်များက ပုဖန်အပေါ်ရောက်လာသည်။ သူမမျက်နှာပေါ်မှ မိတ်ကပ်များကြောင့် ဧကရီဘုရင်မတစ်ပါးဟုပင် ထင်ရစေသည်။
" မင်း သေချင်နေလား ..."
သို့ရာတွင် ပုဖန်စကားပြောပြီးသည့်နောက်တွင် ကျင်းယွမ်၏ခေါင်းပေါ်မှလက်ဖဝါးက နောက်တဖြည်းဖြည်းဆုတ်သွားသည်။
ကျင်းယွမ်၏ပုံရိပ်ပေါ်မှ ဖိအားက ပုဖန်၏ကိုယ်ပေါ်သို့ ရွေ့သွားသည်။
ဝုန်း ဝုန်း ...
ကြည့်ရှု့နေသူများက ပုံရိပ်ယောင်ဟင်းလင်းပြင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထိုအသံက အာစလုံး၏ရင်ကို တသိမ့်သိမ့်တုန်လာစေသည်။
ပုဖန် မျက်ခုံးများပင့်လိုက်သည်။ သူ၏ပခုံးပေါ်တွင် ဧရာမတောင်တစ်လုံးကို တင်ထားရသကဲ့သို့ ဖိအားကို ခံစားနေရသည်။
၎င်းကသူ့ကို ထိတ်လန့်သွားစေသည်။
စနစ်ရှိနေရင် ဘာဖိအားကိုမှ မခံစားရဘူးလို့ ထင်ခဲ့တာ ...
ဒါပေမဲ့ ဒီမိန်းမဆီက ဖိအားကတော့ သူ့ကိုနည်းနည်း တွန်အားပေးနေတယ် ...
ဒါက နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ တုနှိုင်းမဲ့တည်ရှိမှုလား ... ခွေးဘုရင်အရမ်းကြောက်တယ်ဆိုတဲ့ တားမြစ်နယ်မြေက ကျင့်ကြံသူပေါ့လေ ...
" ဟူး ..."
ပုဖန် သက်ပြင်းချလိုက်သည်။
ဖိအားများမှလွတ်မြောက်သွားသော ကျင်းယွမ်က မြေပြင်ပေါ်ထိုင်ချလိုက်သည်။ သူမနဖူးတွင် ချွေးစေးများပြန်နေပြီး အဝတ်များလည်းစိုရွှဲကာ အသားနှင့်ကပ်နေသည်။
ထိုဖိအားများက သူမကို ပြန်မတက်နိုင်သည့် အသူရချောက်နက်ထဲ တွန်းချနေသကဲ့သို့ပင်။
" ကျွန်မ ..."
ကျင်းယွမ် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းထဲအက်ကွဲနေသဖြင့် ချောင်းဟန့်သံအက်အက်တစ်ခုသာ ထွက်လာသည်။
ထိုချောင်းဟန့်သံက အင်ပါယာခန်းမဆောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
သူမက မြင့်မြတ်အပျိုစင်ကို ကြောက်ရွံ့စွာကြည့်လိုက်ပြီး အင်ပါယာခန်းမဆောင်၏ဝင်ပပေါက်ကို ကြည့်လိုက်သည်။
" မြန်မြန်လာကြ ... ယဇ်ပူဇော်ဟင်းလျာတွေ ယူလာကြစမ်း ..."
ကျင်းယွမ်ပါးစပ်ဟပြီး အလျင်စလိုပြောလိုက်သည်။
ဝှစ် ...
ခြေသံများ ထွက်ပေါ်လာသည်။
အမှောင်ထုထဲမှ ယဇ်ပူဇော်ဝတ်ရုံများဝတ်ဆင်ထားသည့် အစေခံမလေးများ ဟင်းလျာများသယ်ဆောင်ကာ အလျင်အမြန်ထွက်လာသည်။
သူတို့၏လက်ထဲတွင် ယဇ်ပူဇော်ဟင်းလျာသုံးမျိုးကို သယ်ဆောင်လာသည်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှလူများ အနည်းငာ် ဆူဆူညံညံဖြစ်လာသည်။
အချို့က စိတ်အေးသွားကြသည်။
တော်ဝင်စားသောက်ပွဲတော်တွေကို စီမံခဲ့တဲ့ စားဖိုမှူးကျင်းယွမ်ပီသပါပေတယ် ... သူမရဲ့အစီအစဉ်တွေက အကွက်ကျလွန်းတယ် ...
ဒါဆိုရင် အဲ့ဒီတည်ရှိမှုရဲ့ ဒေါသတွေ ငြိမ်းအေးသွားမှာပါ ...
လက်ထဲတွင် ပန်းကန်ပြားတစ်ချပ်ကိုင်လာသည့်ပုဖန်က ဤမြင်ကွင်းကြောင့် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
မြင့်မြတ်အပျိုစင်၏ ချိုးနှိမ်သောအကြည့်က အစေခံမလေးသုံးယောက်၏ပုံရိပ်ပေါ် ကျရောက်လာသည်။
သူတို့၏လက်ထဲမှ ဟင်းလျာများကိုကြည့်ပြီး သူမ၏အကြည့်များက ယိမ်းယိုင်လာသည်။
ခဏတွင်းချင်းတွင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများ ပုံရ်ပ်ယောင်ဟင်းလင်းပြင်မှ ထွက်ပေါ်လာသည်။
အားလုံး၏ နှလုံးသားများကို ပုံသဏ္ဍာန်မဲ့လက်များက ဆုပ်ကိုင်ထားသကဲ့သို့ပင်။
မည်သူမျှ အသက်ပြင်းပြင်းမရှုရဲကြပေ။
" မင်းတို့ ငါ့ကိုလှည့်စားတာလား ..."
မြင့်မြတ်အပျိုစင်၏ အေးစက်စက်အသံက ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခုလုံးတွင် ကြားနေရသည်။
ခဏအကြာ၌ သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
အစေခံမလေးသုံးယောက် သူတို့၏ခန္ဓာကိုယ်တွင် ကြက်သီးများထလာပြီး ဒယိမ်းဒယိုင်ဖြစ်လာသည်။
သူတို့၏လက်ထဲမှ ဟင်းလျာများကို ပုံသဏ္ဍာမဲ့စွမ်းအင်တစ်ခုက ရစ်ပတ်လိုက်ပြီး ချက်ချင်းပင် ပြန့်ကျဲသွားသည်။
အုန်းခနဲအသံတစ်ချက်ဖြင့် ပေါက်ကွဲသွားသည်။ ပန်းကန်ပြားများက ပြာမှုန်များအဖြစ် ပြောင်းသွားကာ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်။ ဟင်းလျာများ၏ရနံ့လည်း နေရာအနှံ့ရောက်သွားသည်။
အစေခံမလေးသုံးယောက်၏ မျက်နှာများက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဆုတ်နေသည်။သူတို့ အလျက်အမြန်ဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ဝပ်တွားလိုက်ကာ ငိုတော့မည့်ဟန် ဖြစ်နေသည်။
ဧကရီပိလော့ ကျင်းယွမ်ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
" ဒီမိန်းကလေးက အဆင်ပြေအောင်ကြိုစားပေးခဲ့တာပဲ ဒါပေမဲ့ မီးစာပေါ့ ဆီလောင်းလိုက်သလို ဖြစ်သွားပြီ ..."
ကျင်ယွမ်၏စိတ်ထဲ ဗလာကျင်းနေသည်။ မြင့်မြတ်အပျိုစင်၏ တုံ့ပြန်ချက်က ဤမျှကြမ်းကြုတ်မည်ဟု မထင်ထားခဲ့ပေ။
လှည့်စားတာလား ...
ဒါက ဘယ်လိုလုပ် လှည့်စားတာဖြစ်သွားရတာလဲ ...
ကျင်းယွမ် ဘာလုပ်ရမည်မသိတော့ပေ။
" ငါ့ကိုလှည့်စားတဲ့လူတွေ စမ်းချောင်းဝါမြစ်ထဲမှာ ထာဝရနေသွားရမယ် ..."
အုန်းကနဲအသံတစ်ခုဖြင့် မြင့်မြတ်အပျိုစင်၏ ဝတ်ရုံရှည် တဖျပ်ဖျပ်လွင့်သွားပြီး လက်ချောင်းတစ်ချောင်းက ကျင်းယွမ်၏ မျက်ခုံးများကို ထိရန်ပြင်နေသည်။
ထိုစွမ်းအား ဖြတ်သန်းသွားရာနေတိုင်းမှ အရာအားလုံးအစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ ပုံရိပ်ယောင်ဟင်းလင်းပြင်သည်ပင် တွန့်ချိုးသွားပုံပင်။
ဒီလက် ...
ဧကရီပိလော့ပင် လေအေးကို ရှုရှိုက်လိုက်ရသည်။
ချီစစ်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး နှုတ်ခမ်းများဖြူဖျော့လာသည်။
လင်းတမိန် မျက်လုံးများပြူးကျယ်သွားသည်။ ပျော်ရွှင်ဖွယ်တော်ဝင်စားသောက်ပွဲကြီးက ဆန့်ကျင်ဘက်အခြေအနေတစ်ခုသို့ ပြောင်းလဲသွားမည်မှန်း မသိလိုက်ပေ။
ကျင်းယွမ် ထိုနေရာ၌သာ မှင်သက်နေပြီး စဉ်းစားနိုင်စွမ်းများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။
သူမ သေတော့မှာလား ...
ဒီလိုပဲ သေရတော့မှာလား ...
ထိုကြောက်မက်ဖွယ်စွမ်းအားက သူမခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးထလာစေသည်။
သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ကြေမွပျက်စီးသွားသည်ဟု ခံစားလိုက်ရသည်။
ရုတ်တရက် ...
ပုံရိပ်တစ်ခုက သူမရှေ့တွင် ကာဆီးလိုက်သည်။
ထိုပုံရိပ်၏ အနီရောင်ဝတ်ရုံလက်ကို ခေါက်တင်ထားပြီး မီးတောက်တောင်ပံများ ဖြန့်ကျက်ထားကာ နေရာအနှံ့တွင် မီးတောက်ငှက်မွေးများ လွင့်ပျံနေသည်။
ဘုန်း ...
ပုဖန်၏ မျက်နှာက ဖြူဖျော့သွားကာ နောက်အနည်းငယ်ဆုတ်လိုက်ရသည်။
မျက်ခုံးများတွန့်ချိုးသွားပြီး ရင်ထဲတွင် လေအေးကို ရှုရှိုက်လိုက်ရသည်။
အနီရောင်စားဖိုမှူးဝတ်ရုံ၏ မလွှမ်းမ်ုးနိုင်သောစွမ်းအားကြောင့် လက်သီးချက်တစ်ခုကိုကာကွယ်နိုင်ခဲ့သော်လည်း အကျိုးဆက်က သူ့ကိုလွင့်ထွက်သွားစေခဲ့သည်။
" ပထမတစ်ချက် အစားအစာကို မဖြုန်းတီးသင့်ဘူး ..."
" ဒုတိယတစ်ချက် ခင်ဗျားပေးထားတဲ့ ချက်ပြုတ်နည်းတွေက အမှားများလွန်းတယိ ဒါကြောင့် သူတို့ကို ပြင်ဆင်ပေးလိုက်တာက ခင်ဗျားရဲ့အကျိုးအတွက်ပဲ ..."
" တတိယတစ်ချက် ကျုပ်ရဲ့အလုပ်သင်ကို လက်နဲ့တောင်မရွယ်နဲ့ ... သူ့ကိုကျုပ်ပဲဆုံးမမယ် ..."
ပုဖန်က ပန်းကန်ပြားကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး အခြားတစ်ဖက်က စားဖိုမှူးဝတ်စုံကို ပုတ်လိုက်ကာ မြင့်မြတ်အပျိုစင်ကို မျက်မှာသေဖြင့်ကြည့်နေသည်။
ပတ်ဝန်းကျင်မှလူများ အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်ကာ တိတ်ဆိတ်နေကြသည်။
ဒီယောက်ျားက ...
တုနှိုင်းမဲ့တည်ရှိမှုတစ်ခုစီက လက်သီးချက်ကို တားလိုက်နိုင်တာလား ...
၎င်းက မြင့်မြတ်သူတော်စင်၏ကိုယ်ထဲမှ တည်ရှိမှု၏ ခွန်အားအမျှင်လေးတစ်ခုသာဖြစ်သော်လည်း ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့်တစ်စုံတစ်ရာ မဟုတ်ပေ။
ပြီးတော့ ဒါက အရေးမကြီးသေးဘူး ...
အရေးကြီးဆုံးက ... ဘာမဟုတ်တဲ့စားဖိုမှူးတစ်ယောက်က တုနှိုင်းမဲ့တည်ရှိမှုတစ်ခုရဲ့ အပြစ်သုံးခုကို ပြောသွားတယ်ပေါ့ ...
ဒီစားဖိုမှူးလေးကတော့ အံမခမ်းဖွယ်ပဲ ...
အဲ့ဒီမီးဖိုချောင်သုံးဓားနဲ့ ကောင်းကင်ကိုသာ တက်သွားပါတော့ ...
လင်းတမိန်က ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူမပါးစပ်အဟောင်းသား ဖြစ်နေသည်။
ချီစစ် ပုဖန်ကိုကြည့်လိုက်သည်။ ထို့နောက် အလွန်အမင်းကြောက်လန့်နေသော ကျင်းယွမ်ကို ကြည့်လိုက်သည်။
ဧကရီဘုရင်မပိလော့က သူမနေရာတွင်သာထိုင်နေသည်။ ခြေထောက်ကိုချိတ်ထားသည့်အတွက် သွယ်လျသောခြေတံများနှင့် အချိုးအစားကျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေလျက် ရွှင်မြူနေစွာကြည့်နေသည်။
ငရဲဘုရင်အာဟသည်လည်း အစပ်ချောင်းကို စိတ်လှုပ်ရှားစွာ ကိုက်လိုက်သည်။
ကောင်လေးပုဖန်ကတော့ မွှေလိုက်ပြန်ပြီ ...
မြင့်မြတ်အပျိုစင်၏အကြည့်က စူးစမ်းချင်စိတ် ဖြစ်ပေါ်သွားသကဲ့သို့ အနည်းငယ် ပြောင်းလဲသွားသည်။
သူမ၏ မျက်လုံးသူငယ်အိမ်များက ပုဖန်၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲတော့မည့်ဟန်ဖြင့် ကြည့်နေသည်။
" ဟမ် ..."
မြင့်မြတ်သူတော်စင်က " ဟမ် " ဟူသော အသံပြုလိုက်သည်။ ထို့နောက် ရေခဲတမျှအေးစက်နေသော အမူအရာက ပျော်ကျသွားကာ သိမ်မွေ့သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအပြုံးက ကမ္ဘာတစ်ခုလုံးကို တောက်ပမှုကင်းစင်သွားစေသကဲ့သို့ပင်။ ကြည့်ရှု့နေသူများပင် သူမအပြုံးကြောင့် သိမ်ငယ်သွားကြသည်။
ပုဖန် လေအေးကိုရှုရှိုက်လိုက်ရသည်။
ဒီမိန်းမ ရူးနေတာလား ...
" နည်းနည်းစိတ်ဝင်စားဖို့ကောင်းသားပဲ ... မင်းရဲ့စွမ်းအင်ကို ရင်းနှီးနေတယ် ... လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ငါနဲ့ဆုံဖူးတယ်ထင်တယ် ..."
မြင့်မြတ်အပျိုစင်၏ စကားကြောင့်ပုဖန်၏ အကြည့်များ မှေးကျဉ်းသွားသည်။
သူ၏ဝိညာဉ်ပင်လယ်တွင် ရုတ်ချည်း ဘေးသင့်နေသော အခြေအနေတစ်ခု ဖြစ်လာသည်။
ကြောက်မက်ဖွယ်အတက်အကျများက အနီးတစ်ဝိုက်တွင် ရစ်ပတ်နေသည်။
ရွှေနဂါးကြီး ၊ လိပ်နက်ကြီးနှင့် ဖီးနစ်ငှက်တို့ ကျယ်လောင်စွာအော်မြည်လိုက်ကြသည်။
အိပ်ပျော်နေသောကျားဖြူကြီးပင် မျက်လုံးများပွင့်လာသည်။ သူ၏ကိုယ်မှ အမွေးအမျှင်များက ထောင်တက်လာပြီး ကျားဟိန်းသံကြီးက ကောင်းကင်သို့ ရောက်သွားသလိုပင်။
ဝိညာဉ်ပစ္စည်းလေးမျိုးက ရုတ်တရက် ဂရုတစိုက်ဖြင့်သတိထားနေကြသည်။
ပုဖန်၏ သူ၏ဝိညာဉ်ပစ္စည်းများ၏ ပုံမှန်မဟုတ်မှုကို သတိပြုမိသွားသည်။
သူ၏ရင်ထဲ ပို၍တုန်လှုပ်လာသည်။
ဝိညာဉ်များ ဤကဲ့သို့ဖြစ်သည်ကို မမြင်ခဲ့ဖူးပေ။
ပုဖန် ခေါင်းမော့၍ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။
မြင့်မြတ်အပျိုစင်က ပြုံးနေလျက်ဖြင့်ပင် သူ့ကို ကြည့်နေသည်။
မဟုတ်သေးဘူး ...
ဒီမိန်းမက သူ့ကိုမဟုတ်ပဲ သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲက ပစ္စည်းဝိညာဉ်တွေကို ကြည့်နေတာပဲ ...
တကယ်လို့ ခြေတစ်လှမ်းထပ်တိုးလာမယ်ဆိုရင် ဒီမိန်းမက သူ့ကိုယ်ထဲက စနစ်ကိုပါ မြင်နိုင်တော့မယ်လို့ ပုဖန် ခံစားမိလာတယ်...
သောက်ကျိုးနည်းပြီ ...
ဒီမိန်းမက သားရဲကြီးလား ...
ရုတ်တရက် ထိုအမျိုးသမီးက အကြည့်လွှဲလိုက်သည်။
" လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က မှတ်ဉာဏ်ကို အမှတ်ရသွားစေမှတော့ ငါ့ကို အရူးလုပ်တဲ့ကိစ္စ မပြောတော့ပါဘူး ... ဒါပေမဲ့ ယဇ်ပူဇော်ဟင်းလျာတွေက ငါ့အတွက် ဘယ်လောက်အရေးကြီးလဲသိလား ..."
မြင့်မြတ်အပျိုစင်က လေထဲတွင် ဝတ်ရုံ တဖျပ်ဖျပ်လွင့်နေလျက် ပုဖန်ကို ကြည့်နေသည်။
အကြောင်းအရင်းကို မသိသကဲ့သို့ ပုဖန်သူ့နှာခေါင်းသူ ထိလိုက်သည်။
သို့ရာတွင် တစ်ဖက်လူက သေးသိမ်စွာအပြစ်ရှာနေခြင်းဖြစ်ပါက ခွေးဘုရင်မရှိသည့်အတွက် ကျင်းယွမ်ကို ပုဖန် မကာကွယ်ပေးနိုင်ပေ။
သို့ရာတွင် ခွေးဘုရင်က နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ ဤမိန်းမကို မြင်ချင်ပုံမရပေ။
သိမ်မွေ့စွာသက်ပြင်းချလိုက်ပြီး ပုဖန်၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်သွားကာ ယုံကြည်ချက်ရှိရှ်ိဖြင့် ပြောလိုက်သည်။
" ကျုပ်က ဒီဟင်းလျာတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိလို့ ချက်ပြုတ်နည်းတွေ ပြောင်းပစ်ခဲ့တာပါ ... ကမ္ဘာပေါ်မှ ထိပ်ဆုံးစာဖိုမှူးဖြစ်ဖို့ ကြိုးစားနေတဲ့ စားဖိုမှူးတစ်ယောက်အနေနဲ့ အပြစ်အနာအတာတွေနဲ့ ပြည့်နေတဲ့ ချက်ပြုတ်နည်းကို ဘယ်လိုချက်နိုင်မှာလဲ ..."
မြင့်မြတ်အပျိုစင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
" စိတ်မပူပါနဲ့ ... ကျုပ်ချက်ထားတဲ့ ဟင်းလျာတွေကို မြည်းစမ်းကြည့်ပါ အံ့ဩစရာတွေတောင် ပါလာနိုင်တယ် ..."
" ပြီးတော့ ဟင်းလျာတစ်ပွဲထပ်ထည့်ထားသေးတယ် ... အဲ့ဒါက ခင်ဗျားရဲ့ ချက်ပြုတ်နည်းက ချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်လိမ့်မယ် ..."
" နွေဦးလေပြည် နွေဝေဒနာ ဆောင်းဦးတိမ်မြုပ်ခြင်း ဆောင်းမနက်ခင်း အင်မော်တယ်ဆေးဖက်ဝင်အစားအစာတွေ ပြည့်စုံသွားပြီ ..."
ပုဖန်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှ ကျယ်လောင်သည့် နှလုံးခုန်သံများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပုဖန်၏ ခန္ဓာကိုယ်တွင် ယုံကြည်ချက်များ ထွက်ပေါ်လာသည်။
သူ၏လက်ထဲမှဟင်းလျာကို ရှေ့ကိုဖြည်းညှင်းစွာပစ်လိုက်သည်။
၎င်းက ကြယ်ပျံတစ်ခုအဖြစ်ပြောင်းသွားကာ ညစာစားပွဲဝိုင်းဆီ ရောက်သွားသည်။
မကြာမီ ၎င်းကရွှေရောင်စားပွဲဝိုင်းပေါ်မှ အခြားယဇ်ပူဇော်ဟင်းလျာများဘေးသို့ ရောက်သွားသည်။
ဘုန်း ...
ခဏတွင်းချင်း မှော်အခင်းအကျင်းက လျင်မြန်စွာ လှည့်ပတ်လာသည်။ ဟင်းလျာလေးမျိုး၏ အငွေ့ ရနံ့နှင့် ဝိညာဉ်စွမ်းအင်များ မြင့်တက်လာသည်။
မြင့်မြတ်သူတော်စင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
ပတ်ဝန်းကျင်မှလူများ လေအေးကို ရှုရှိုက်နေရသည်။