အခန်း ၁၁၄၅
မိန်းမပျိုလေးများ၏ အကြိုက်ကို သိရှိသောစနစ်
ပုဖန်၏ စကားများက အားလုံးကို နေရာ၌ပင် အေးခဲသွားစေပြီး အနည်းငယ် စိတ်ရှုပ်သွားစေသည်။
ဧကရီပိလော့က ပုဖန်ကို သံသယမကင်းစွာကြည့်လိုက်သည်။
"မင်း ဘာပြောလိုက်တာ ..."
သူမ နားကြားလွဲသွားတာဖြစ်မယ် ...
ဒီစားဖိုမှူးလေး နတ်ဘုရားပျောက်ကွယ်တောင်တန်းကို မသွားတော့ဘူးလား ... ဘယ်ဆိုင်ကို ပြောနေတာလဲ ...
နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဝင်ရောက်ပြီးပါက အသက်ရှင်ရန်သည်ပင် ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ဤစားဖိုမှူးလေးက သူ၏ဆိုင်ဖွင့်ရန်ကိစ္စကိုသာ ဂရုစိုက်နေသည်။
သို့ရာတွင် မကြာမီ သူမ၏မျက်နှာက တည်ကြည်သွားသည်။ ပုဖန် မနောက်ပြောင်နေကြောင်ူ သူမသိလိုက်သည်။ နတ်ဘုရားမမြို့တော်တွင် ရေခဲမုန့်ဆိုင်ဖွင့်ရန်အတွက် အမှန်တကယ် ကြံစည်ထားသည့်ပုံပင်။
ဧကရီဘုရင်မတစ်ယောက်အနေဖြင့် ရေခဲမုန့်က သူမ၏ နတ်ဘုရားမမြို့တော်အတွက် မည်မျှအဓိပ္ပါယ်ရှိသည်ကို သဘောပေါက်ထားသည်။
ရေခဲမုန့်၏ သွေးဆောင်ဖြားယောင်းခြင်းကို မည်သည့် အမျိုးသမီးမျှမတွန်းလှန်နိုင်ပေ။ ထိုလူများထဲတွင် သူမလည်းအပါအဝင်ဖြစ်သည်။
ရေခဲမုန့်ဆိုင်ဖွင့်လိုက်သည်နှင့် ထိုနေရာက မည်မျှနာမည်ကြီးလာမည်ကို သူမစိတ်ကူးကြည့်နိုင်သည်။
နွေဦးလေပြည်စားသောက်ဆိုင်ကို ကျော်လွှားသွားမည်မှာ သေချာပေါက်ပင်။
" ရေခဲမုန့်ဆိုင်မှာ ရေခဲမုန့်တစ်မျိုးတည်းမဟုတ်ပဲ တခြားစားကောင်းသောက်ဖွယ်တွေလည်း ရောင်းမှာပါ ... အဲ့အချိန်ကျရင် ဘုရင်မကြီး တွေ့ပါလိမ့်မယ် ..."
ပုဖန် ပြောလိုက်သည်။
" ရေခဲမုန့်ဆိုင်ဖွင့်ဖို့က မင်း နတ်ဘုရားပျောက်ကွယ်တောင်တန်းက ပြန်လာမယ့်အချိန်ထိ စောင့်ပါဦး ..."
ဧကရီပိလော့က မျက်ခုံးများပင့်လိုက်ပြီး ပုဖန်ကို ချက်ချင်းသဘောမတူပေ။
ထိုကိစ္စကို ဆက်မပြောလိုသည့်သဘောဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
သို့သော် ပုဖန်က လက်မလျှော့ပေ။ ခဏတာ စဉ်းသားပြီးနောက် လေးနက်စွာပြောလိုက်သည်။
" ဒီသုံးရက်အတွင်းမှာပဲ ရေခဲမုန့်ဆိုင်ဖွင့်ပါ့မယ် ...*
စနစ်၏မစ်ရှင်မှာ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို မဝင်ရောက်မီ ဆိုင်ဖွင့်ရန်ဖြစ်သည်။ အကယ်၍ အချိန်လွဲမှားသွားပါက မစ်ရှင်ကျရှုံးလိမ့်မည်။
ပုဖန်လည်း သိချင်နေသည်။
ဘာလို့ နတ်ဘုရားပျောက်ကွယ်တောင်တန်းထဲ မဝင်ခင် စနစ်က ဒါကိုလုပ်ခိုင်းပါလိမ့် ...
ဆိုင်စောစောဖွင့်ရင် အကျိုးကျေးဇူးရမှာတွေ ရှိလို့များလား ...
ဧကရီပိလော့က ပုဖန်ကိုကြည့်ပြီး အေးစက်စွာပြုံးလိုက်သည်။
" ရေခဲမုန့်ဆိုင်ကို သုံးရက်အတွင်းဖွင့်ပြီး စီးပွားရေးဘယ်လိုလုပ်မှာလဲ ... သုံးရက်အကြာမှာ မင်းက နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားရဆော့မယ်ဆိုတော့ သေမလားရှင်မလား မသိသေးဘူးလေ ... ဘာလို့ ဒီဧကရီက မင်းကိုဆိုင်ဖွင့်ဖို့ ကူညီပေးရမှာလဲ ..."
ဧကရီပိလော့က ခုံတွင်မှီပြီး ခေါင်းကိုမော့၍ ပုဖန်ကိုကြည့်နေသည်။
" ဘုရင်မကြီး စိတ်မပူပါနဲ့ ... နတ်ဘုရားပျောက်ကွယ်တောင်တန်းထဲမဝင်ခင် ကျုပ်အားလုံးကို စီမံသွားမှာပါ ..."
ပုဖန် ဖြေလိုက်သည်။
ဧကရီပိလော့က ပုဖန်ကို စိုက်ကြည့်နေသည့်အခါ သူကလည်း ပြန်ကြည့်နေသည်။
ခဏအကြာတွင် ဧကရီကလက်လျှော့ပြီး ပုဖန်၏တောင်းဆိုချက်ကို သဘောတူလိုက်ရသည်။
တော်ဝင်စားသောက်ပွဲကြီးကို ကောင်းမွန်ခြင်း သို့မဟုတ် ယဇ်ပူဇော်ဟင်းလျာများကို ပြောင်းလဲပြီးနောက် အသက်ရှင်သန်နေခြင်း သို့မဟုတ် ဟင်္သာပြဒါးသစ်သီးအရသာရေခဲမုန့်တို့ကြောင့် သဘောတူလိုက်ရခြင်း ဖြစ်နိုင်သည်။
ထို့အပြင် ဆိုင်ဖွင့်မည့်နေရာမှာ ပုဖန်၏ ဆွေးမြေ့အိုးကို "မြည်းစမ်း"လိုက်ရသည့် အသစ်ပြန်လည်တည်ဆောက်ထားသော နွေဦးလေပြည်စားသောက်ဆိုင်ဖြစ်သည်။
နွေဦးလေပြည်စားသောက်ဆိုင်၏ အောက်ဆုံးထပ်ကိုရှင်းလင်းပြီးနောက် ရေခဲမုန့်ဆိုင် ဖြစ်လာစေမည်ဖြစ်သည်။
တော်ဝင်စားသောက်ပွဲကြီး နောက်ဆုံးတွင် ပြီးဆုံးသွားသည်။
ပုဖန်က ဘုရင်မကြီးကို ကျေးဇူးတင်ပြီးနောက် အင်ပါယာခန်းမဆောင်မှထွက်သွားပြီး မီးဖိုချောင်ကိုပြန်လာကာ ချက်ပြုတ်ပြီးနောက် ကျန်ရှိနေသည့်ကိစ္စများကို ရှင်းလင်းနေရသည်။
ကျင်းယွမ်ကိုလည်း ခေါ်ထားသည်။
ဧကရီဘုရင်မကြီးက ကတိပေးထားပြီဖြစ်၍ ပုဖန်သည်လည်း လုပ်စရာရှိသည်များကို အကောင်းဆုံးလုပ်ရမည်သာဖြစ်သည်။
ပုဖန်က နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သုံးရက်အတွင်းဝင်ရောက်ရမည်ဖြစ်၍ ဤဆိုင်အသစ်အတွက် မန်နေဂျာလိုအပ်လိမ့်မည်။ ထိုမန်နေဂျာကလည်း ရေခဲမုန့်လုပ်နည်းကို သိမှဖြစ်လိမ့်မည်။
သူ၏အလုပ်သင်အသစ်ဖြစ်သည့် ကျင်းယွမ်က အသင့်တော်ဆုံးဖြစ်သည်။
မီးဖိုချောင်ထဲမှ အရာအားလုံးကို သန့်ရှင်းပြီးနောက် ပုဖန် လက်ပိုက်ပီ့း ကျင်းယွမ်ကို မီးဖိုဆောင်၏အပြင်ဘက်ကို ခေါ်လာခဲ့သည်။
ဧကရီဘုရင်မကြီးက ရေခဲမုန့်ကို မြန်မြန်စားချင်နေပုံရသည်။ သို့ဖြစ်၍ နွေဦးလေပြည်စားသောက်ဆိုင်က ပုဖန်လက်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ဧကရီ၏ အမိန့်များကို ကြားပြီးသည်နှင့် စနစ်၏ လေးနက်သောအသံက ပုဖန်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
( ရေခဲမုန့်ဆိုင်ကို အတည်ပြုခြင်းပြီးဆုံးပါပြီ ... ပြန်လည်မွမ်းမံမှုတွေ စတင်နေပါပြီ ... ကြာချိန် : တစ်ရက် ... ပိုင်ရှင် ကျေးဇူးပြုပြီး ရေခဲမုန့်ဆိုင်ကို နာမည်ပေးပေးပါ ..."
စနစ်၏ စကားများက ပုဖန်ကို အနည်းငယ်အေးခဲသွားစေသည်။
စနစ်၏ အလုပ်လုပ်ဆောင်မှုက မြန်ဆန်လွန်းလှသည်။ ဧကရီက သဘောတူပြီး သူ့ကို ဆိုင်နေရာပေးလိုက်သည်နှင့် ချက်ချင်းပင် ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသည်။
သို့ရာတွင် ယခုလက်ရှိတွင် အချိန်က သူ့အတွက် အရေးကြီးဆုံးဖြစ်နေသည်ကို ပုဖန်သိသည်။ ကျန်ရှိနေသည်မှာ စနစ်ပြောသည့် ရေခဲမုန့်ဆိုင်ကို နာမည်ပေးရန်သာဖြစ်သည်။
ပုဖန် နက်နက်ရှိုင်းရှိုင်းတွေးတောပြီးနောက်ရလာသော နာမည်မှာ ဖန်ဖန့်ရေခဲမုန့်စတိုး ဖြစ်သည်။
ထိုနာမည်က သူ့ကို စိတ်လှုပ်ရှားစေသည်။
ကျင်းယွမ်က ပုဖန်နောက်မှ နာခံစွာလိုက်လာပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ပုဖန် ရေခဲမုန့်ဆိုင်ဖွင့်ပြီးနောက် သုံးရက်အကြာတွင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဝင်ရောက်မည်ကို သူမသိသည်။
ရေခဲမုန့်ဆိုင်၏ စီးပွားရေးစတင်သည်နှင့် ကိစ္စများကို စီမံရမည့် လူတစ်ယောက်နှင့် ရေခဲမုန့်လုပ်နည်းသိသည့် စားဖိုမှူးတစ်ယောက် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်၍ ပုဖန်က သုံးရက်အတွင်း သူမကို ရေခဲမုန့်လုပ်နည်း သေချာပေါက် သင်ပေးရလိမ့်မည်။
တွေးကြည့်ရုံနှင့်ပင် သူမစိတ်လှုပ်ရှားနေသည်။
ပုဖန်က ကျင်းယွမ်၏ နီမြန်းနေသော မျက်နှာနှင့် စိတ်လှုပ်ရှားစွာ လက်သီးကျစ်ကျစ်ဆုပ်ထားသည်ကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
" မင်းရဲ့ ခံစားချက်တွေက ဖတ်ရလွယ်နေတယ် ..."
ကျင်းယွမ် သူမခေါင်းကိုပွတ်ပြီး အရူးလေးကဲ့သို့ ရယ်လိုက်သည်။
" တိတ်ဆိတ်တဲ့တစ်နေရာရှာပြီး မင်းကို ရေခဲမုန့်လုပ်နည်း သင်ပေးပါ့မယ် ... အရမ်းမခက်ခဲပါဘူး ... အရေးကြီးဆုံးက သူ့ကို မင်းကိုယ်တိုင်နားလည်ဖို့ပဲ ... ရေခဲမုန့်အပြင် တခြားစားကောင်းသောက်ဖွယ်တွေလည်း မင်းကိုသင်ပေးမယ် ..."
မကြာမီ သူတို့နှစ်ယောက် နန်းတော်မှထွက်လာပြီး နဂါးရေကန်ရင်ပြင်ကို ဖြတ်သန်းကာ နတ်ဘုရားမမြို့တော်၏ စည်ကားသောလမ်းများပေါ်သို့ ရောက်လာသည်။
ပုဖန်အတွက် တော်ဝင်စားသောက်ပွဲကြီးပြီးဆုံး၍ အနားယူနိုင်သော်လည်း လမ်းမများထက်တွင် ပွဲတော်အငွေ့အသက်များနှင့် ပြည့်နှက်နေဆဲပင်ဖြစ်သည်။
ရေခဲမုန့်လုပ်ရန် လိုအပ်သည်က နွားနို့ဖြစ်ပြီး ၎င်းကို ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေကသာ ထုတ်လုပ်နိုင်သည်။
သို့ဖြစ်၍ ပုဖန် ကျင်းယွမ်ကို ပထမဆုံး ခေါ်သွားသာည့်နေရာမှာ ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေဖြစ်သည်။
လက်တစ်ချက်ဝှေ့လိုက်သည်နှင့် စွမ်းအားကြီးသော စိတ်စွမ်းအင်များက မြင့်တက်လာပြီး ကျင်းယွမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ရစ်ပတ်သွားသည်။
သူမရှေ့မှမြင်ကွင်းက မဲမှောင်သွားသည်ကိုသာ ကျင်းယွမ်ခံစားမိလိုက်သည်။သူမခေါင်းထဲတွင် ချာချာလည်နေ၍ မူးဝေလာသည်။
ခဏတွင်းချင်း သူမနားထဲတွင် ပြင်းထန်သောလေပြင်းများ၏အသံ ပဲ့တင်လာသည်။
သူတို့နှစ်ယောက် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၏ မြက်ခင်းပြင်ပေါ် ကျလာချိန်တွင် ပုဖန်က ကျင်းယွမ်ကို ထိန်းထားပေးလိုက်သည်။
ကြောက်လန့်နေသောကျင်းယွမ်က မျက်လုံးများဖွင့်လိုက်သည့်အချိန်၌ သူမမြင်ကွင်းထဲတွင် ကျောက်စမ်းရောက်မြက်ခင်းပြင်နှင့် ပြန့်ကျဲနေသော သိပ်သည်းသည့် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသည်။ ၎င်းတို့က လေပြင်းနှင့်အတူ တဝှစ်ဝှစ်အသံများထွက်နေသည်။
ကောင်းကင်က အပြာရောက်တောက်ပနေပြီး အဖြူရောင်တိမ်တိုက်များက တလိမ့်လိမ့်သွားနေသည်။ လေထုက လတ်ဆတ်ကာ စိတ်ကိုကြည်လင်စေသည်။
" ခေါင်းဆောင်စားဖိုမှူးပု ကျွန်မတို့ ဘယ်ရောက်နေတာလဲ ..."
ကျင်းယွမ် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက် သူမမျက်လုံးထဲတွင် သိချင်စိတ်များနှင့် ပြည့်သွားသည်။ လေပြည်လေညှင်းလေးများက သူမကို ဖြတ်သန်းတိုက်ခတ်သွားသဖြင့် သူမဆံပင်များကို တဖျပ်ဖျပ် လွင့်နေစေပြီး သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်လာပေးသည်။
" ဒီနေရာလား ..."
ပုဖန်က အနီရောင်စားဖိုမှူးဝတ်ရုံထဲတွင် လက်နှသ်ဖက်လုံးကို ထည့်ထားပြီး ကျင်းယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" ဒါ ကျုပ်ရဲ့ကမ္ဘာပဲ ..."
ပြောပြီးသည့်နောက် အဝေးတစ်နေရာသို့ လှည့်ထွက်သွားသည်။
ကျင်းယွမ် အေးခဲသွားပြီး ကြောင်အအဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် သူမ အနည်းငယ်သိမ်ငယ်သွားသည်။
ခေါင်းဆောင်စားဖိုမှူးပုက အံ့ဩစရာကြီး သူ့မှာကိုယ်ပိုင်ကမ္ဘာတောင်ရှိတယ် ...
ပုဖန်နောက်မှ လိုက်သွားပြီး ကျင်းယွမ်က ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။
မြက်ပင်များမှ တရှူရှုးအသံထွက်လာပြီး အတွင်းမှ ဝက်ကလေးတစ်ကောင် ခေါင်းပြူကြည့်နေသည်။ ထိုဝက်ကလေး လှုပ်ရှားသွားလာနေသည်မှာ မြက်ခင်းပြင်ပေါ်၌ ပျံနေသကဲ့သို့ပင်။
ဝက်ကလေး၏အပေါ်တွင် အရောင်ခုနစ်ရောင်နှင့် ကြက်တစ်ကောင် ရှိနေသည်။
၎င်းတို့က ရှစ်လေးနှင့် ရတနာရှစ်သွယ်ဝက်တို့ဖြစ်သည်။
ရတနာရှစ်သွယ်ဝက်ကလေးက ပုဖန်ကို မြင်သည်နှင့် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားသည်။ အလွန်ကြောက်ရွံ့သဖြင့် နှာမှုတ်ပြီး အသက်လုကာအဝေးသို့ တစ်ဟုန်ထိုးပြေးထွက်သွားသည်။
ရုတ်တရက် အရှိန်မြှင့်သွားသောကြောင့် ရှစ်လေးက ရတနာရှစ်သွယ်ဝက်၏ ကိုယ်ပေါ်မှပြုတ်ကျသွားပြီး ခဏတာ စိတ်ရှုပ်ထွေးသွားသည်။
သို့ရာတွင် အေးအေးလူလူ လျှောက်လာသည့် ပုဖန်ကို မြင်သည့်အခါ ရှစ်လေး၏ တစ်ကိုယ်လုံးမှအမွေးများ ပေါက်ကွဲထွက်လာသည့်ဟန်ပင်။
" ကတော် ကတော် ကတော် ..."
ဝဖြီးလာသော ရှစ်လေးမှာ အတောင်များတဖျပ်ဖျပ်ခတ်ကာ ထွက်ပြေးတော့သည်။
ကျင်းယွမ်က အံ့ဩနေသောမျက်နှာဖြင့် ကြည့်နေသည်။
" ခေါင်းဆောင်စားဖိုမှူးပုက ကြောက်စရာကြီးထင်တယ် ..."
ပုဖန်က မျက်နှာသေဖြင့်သာ။ လက်နှစ်ဖက်လုံး အိတ်ကပ်ထဲတွင် ထည့်ထားပြီး ရှေ့ကိုဆက်လျှောက်နေသည်။
သူတို့ မကြာမီ သစ်သားအခန်းငယ်လေးရှေ့ ရောက်သွားသည်။ ထိုနေရာတွင် နျိုဟန်စန်းက ပက်လက်ကုလားထိုင်တစ်ခုတွင် ထိုင်နေသည်။
" အိုင်းရိုး ... ပိုင်ရှင်ပုမလား ... ဘယ်လေတိုက်လို့ ဒီကိုရောက်လာတာလဲ ..."
နျိုဟန်စန်းက ချက်ချင်းပင် ထိုင်နေရာမှထလိုက်ပြီး မျက်နှာတွင် အပြုံးများဖြင့် ပြည့်နေသည်။
ပုဖန် နျိုဟန်စန်းနှင့် ခဏခန့်စကားပြောနေသည်။ ထို့နောက် ကျင်းယွမ်နှင့် နျိုဟန်စန်းကို မိတ်ဆက်ပေးသည်။ ထို့နောက် နွားမှ နွားသို့မည်သို့ယူရသည်ကို ကျင်းယွမ်ကို သင်ပေးခိုင်းလိုက်သည်။
နျိုဟန်စန်းက ကျင်းယွမ်ကိုသင်ပေးနေစဉ်တွင် ပုဖန်က ပက်လက်ကုလားထိုင်ပေါ်တွင် ခဏတာအနားယူနေသည်။
ယဇ်ပူဇော်ဟင်းလျာများကို ချက်ပြုတ်ပြီး စနစ်၏ ချက်ပြုတ်နည်းအရ ဆောင်းမနက်ခင်းကို ချက်ပု့တ်ခဲ့ရသည်က ပုဖန်၏ စိတ်စွမ်းအင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။
တော်ဝင်စားသောက်ပွဲကြီးကြောင့် စားပွဲသောက်ပွဲများအကြောင်းကို ပုဖန်ရှာဖွေလေ့လာခဲ့ရသည်။
တစ်နေ့နေ့တွင် ဤစိတ်ကူးယဉ်ကမ္ဘာ၌ ဒဏ္ဍာရီလာစားသောက်ပွဲကြီးကို ချက်ပြုတ်နိုင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် အချက်အပြုတ်နတ်ဘုရားဖြစ်ရန်လည်း ဝေးကွာလှတော့မည်မဟုတ်ပေ။
ပုဖန် ဤကိစ္စကို အများကြီးမတွေးတော့ပဲ အနားယူနေလိုက်သည်။
တိုက်ခတ်နေသော လေပြည်လေညှင်းလေးက သုံးရက်တာ မရပ်မနားအလုပ်လုပ်ခဲ့ရသော စိတ်နှင့် ခန္ဓာကိုယ်ကို တည်ငြိမ်စေသည်။
အသက်ရှုသံများ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ပုဖန် အချိန်မည်မျှကြာအောင် အိပ်လိုက်မိသည်ကို မသိပေ။
မျက်လုံးဖွင့်လိုက်ချိန်တွင် ကောင်းကင်တစ်ခုလုံး မဲမှောင်နေပြီဖြစ်သည်။ ကောင်းကင်တွင် ကြယ်များမရှိသော်လည်း လက်ဆန့်ထုတ်လိုက်လျှင်ပင် မမြင်ရသည်အထိ မည်းမှောင်နေပြီဖြစ်သည်။
" ဟမ် ... ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှာ ညအချိန်လည်း ရှိနေပြီလား ..."
ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေက တကယ့်ကမ္ဘာတစ်ခုနှင့် ပို၍တူလာသည့်ပုံပင်။
မတ်တပ်ရပ်လိုက်ချိန်တွင် အိပ်ရေးဝဝအိပ်ထားသောကြောင့် သူ၏ရင်ထဲပို၍ အေးချမ်းလာပြီး စိတ်အခြေအနေလည်း ကောင်းမွန်လာသည်။
အဝေးတွင် နျိုဟန်စန်းနှင့် ကျင်းယွမ်တို့ ပြန်လာနေကြသည်။
ကျင်းယွမ်က ဝတ်ရုံလက်ကို ခေါက်တင်ထားသဖြင့် သူမ၏ ဖြူဖွေးနူးညံ့သော လက်ကောက်ဝတ်များကို မြင်နေရသည်။ သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေငည့် အပြုံးတစ်ခု ဖြစ်တည်နေသည်။
" နွားနို့ကို ဘယ်လိုယူရမယ်ဆိုတာ သိပြီလား ..."
ပုဖန်က ကျင်းယွမ်ကို မေးလိုက်သည်။
ကျင်းယွမ် ခေါင်းငြိမ့်ပြလိုက်သည်။ နွားနို့က ရေခဲမုန့်လုပ်ရာတွင် လိုအပ်သည်ကို သူမသိထားသည်။
" အနာဂတ်မှာ ဖန်ဖန့် ရေခဲမုန့်စတိုးမှာ နွားနို့မရှိတော့ရင် ဒီကို ကိုယ်တိုင်လာပြီးယူလို့ရတယ် ... မင်းဒီကို တိုက်ရိုက်လာလို့ရအောင် မီးဖိုချောင်ထဲမှာ မှော်အခင်းအကျင်း စီမံပေးထားမယ် ... အခုရေခဲမုန့်လုပ်နည်း သင်ပေးတော့မယ် ..."
ပုဖန် ပြောလိုက်သည်။
ကျင်းယွမ် အေးခဲသွားပြီး ခဏတွင်းချင်း အသက်ရှုမြန်လာသည်။
တစ်ညတာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
…
တော်ဝင်စားသောက်ပွဲကြီးမှ သက်ဝင်လှုပ်ရှားမှုများက တဖြည်းဖြည်းပျောက်ကွယ်လာသည်။
နောက်တစ်နေ့တွင် ပျော်ပွဲရွှင်ပွဲ၏ အငွေ့အသက်များက လေထဲတွင် ရစ်ဝဲနေသကဲ့သို့ နတ်ဘုရားမမြို့တော်က စည်ကားသက်ဝင်နေဆဲပင်ဖြစ်သည်။
အဝေးမှပုံရိပ်နှစ်ခုက နွေဦးလေပြည်စားသောက်ဆိုင်သို့ တဖြည်းဖြည်းလျှောက်လာသည်။
မနက်ခင်းလေပြည်က အနည်းငယ်အေးစိမ့်သည့်အတွက် ပုဖန် လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်ထားသည်
ကျင်းယွမ်၏အကြည့်များက အနည်းငယ်ရှုပ်ထွေးနေသည်။ သူမ နောက်ထပ်တစ်ကြိမ် နွေဦးလေပြည်စားသောက်ဆိုင်သို့ ရောက်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမက နွေဦးလေပြည်စားသောက်ဆိုင်၏ ခေါင်းဆောင်စားဖိုမှူးမဟုတ်တော့ပဲ ဖန်ဖန့်ရေခဲမုန့်စတိုး၏ အလုပ်သင်စားဖိုမှူးအဖြစ် ဖြစ်သည်။
ပုဖန်၏ ရင်ထဲတွင်လည်း အနည်းငယ် သိချင်စိတ်များဖြစ်ပေါ်နေသည်။
အသစ်ပြန်လည်မွမ်းမံထားတဲ့ နွေဦးလေပြည်စားသောက်ဆိုင်က ဘယ်လိုပုံဖြစ်နေမှာပါလိမ့် ...
အဝေးမှပင် နွေဦးလေပြည်စားသောက်ဆိုင်၏ အောက်ဆုံးထပ်ကို ပုဖန် မြင်နေရသည်။
အကြည့်တစ်ချက်ဖြင့်ပင် သူ၏မျက်လုံးများ အရောင်တောက်သွားသည်။
ပုဖန်၏နောက်တွင် ရပ်နေသော ကျင်းယွမ်သည်လည်း ပြင်ဆင်မွမ်းမံထားသော နေရာကို ထိတ်လန့်စွာကြည့်နေသည်။
နံရံအကြည်တွေနဲ့ သလင်းကျောက်စားပွဲတွေပ ဘာသဘောလဲ ...
နွေဦးလေပြည်စားသောက်ဆိုင်မှာ အဲ့လိုအထပ် မရှိဘူးထင်တယ် ...
တံခါးများတွန်းဖွင့်လိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး အထဲသို့ဝင်လာကြသည်။
အတွင်းပိုင်းအပြင်အဆင်များက ပုဖန်၏ နှုတ်ခမ်းများကို တွန့်ချိုးသွားစေသည်။ အဆင်တန်ဆာများဖြင့် တွဲကျနေသော ပန်းရောင်နံရံတွင် မှန်ပြတင်းပေါက်များတပ်ဆင်ထားသည့်အတွက် နေရာကိုကျယ်ဝန်းနေစေပုံရသည်။
မီးဖွင့်ကြည့်လိုက်သည့်အခါ မြူးကြွသောအရောင်များက နေရာအနှံ့ပျံ့နှံ့နေသည်။
မျက်နှာကြက်ပေါ်တွင် အဖြူရောင်ရေ၍ငွေ့များ စုဝေနေသဖြင့် လွင့်မျောနေသော တိမ်တိုက်များနှင့် တူနေသည်။
အရှေ့ဘက်စားပွဲခုံတွင် ဝိညာဉ်သားရဲမွေးပွရုပ်များဖြင့် ပြည့်နေသည်။ အရေးကြီးဆုံးမှာ ထိုဝိညာဉ်သားရဲမွေးပွရုပ်များကို ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ ဝိညာဉ်များအတိုင်း ဖြစ်နေခြင်းပင်။
သူ၏ပစ္စည်းဝိညာဉ်လေးမျိုး၏ မကျေမနပ်အသံများကို ပုဖန် ကြားနေရသည်။
ဤတစ်ကြိမ် စနစ်၏စတိုင်က သူ၏အမြင်များကို လုံးဝ လန်းဆန်းသွားစေသည်။ စနစ်က ၎င်း၏ ပျိုမျစ်သောနှလုံးသားကို မဖုံးကွယ်ထားကြောင်း သူခံစားမိခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် ဤအပြစ်အဆင်က နတ်ဘုရားမမြို့တော်မှ အမျိုးသမီးများကို ပစ်မှတ်ထားကြောင်း လွယ်ကူစွာပြောနိုင်သည်။
အကြံကြီးတဲ့ စနစ်ပဲ ...
ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
နတ်ဘုရားအဆင့် အချက်အပြုတ် ပစ္စည်းအစုံ၏ အမွေးပွရုပ်များကို မြင်ပြီးချိန်တွင် ကျင်းယွမ်၏ မျက်လုံးများက ကြယ်များဖြင့် ပြည့်လာသကဲ့သို့ပင်။ သူမ ထိုအရုပ်များကို အလွန်သဘောကျနေသည်။
ပတ်ဝန်းကျင်မှ အပြင်အဆင်တိုင်းက သူမအကြိုက်ဖြစ်နေသည်။ ရက်အနည်းငယ်အတွင်းမှာပင် နွေဦးလေပြည်စားသောက်ဆိုင်က ဤမျှပြောင်းလဲသွားမည်ဟု မထင်ထားခဲ့ပေ။
" ကောင်းပါပြီ မီးဖိုချောင်ကို သွားကြည့်ရအောင် ... ဒါက မင်းအာရုံစိုက်ရမယ့် အရေးကြီးဆုံးနေရာပဲ ..."
ပုဖန် ပြောလိုက်သည်။
မီးဖိုချောင်ထဲ ဝင်သွားသည့်အခါ ပုဖန် ကျေနပ်စွာပြုံးလိုက်မိသည်။
စနစ်ကတော့ တကယ်ကို စနစ်ပဲ ... အချက်အပြုတ်နဲ့ ပတ်သက်လာရင် အလွန်အကြူးကို တိကျလွန်းတာ ...
အအေးခံစက်က အင်္ဂါရပ်များစွာဖြင့် ပြည့်နှက်နေသည်။ မီးဖိုနှင့် အခြား အရည်အသွေးမြင့် မီးဖိုချောင်သုံး ကိရိယာများလည်း ရှိသည်။
ကိရိယာများကို စနစ်က ထောက်ပံ့ထားခြင်းဖြစ်သည်။ ပုဖန် ၎င်းတို့ကို စမ်းသပ်ကြည့်သောအခါ အားလုံးကို အသုံးပြုရန် စိတ်စွမ်းအင်လ်ိုအပ်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် ကျန်ရှ်ိနေသည့်အချိန်များတွင် ဤပစ္စည်းများအား ဆရာကျရန် အသုံးပြုနည်းကို ကျင်းယွမ်ကို သင်ကြားပေးနေသည်။
ထိုကိရိယာများက ရေခဲမုန့်လုပ်ရန်အတွက် အကန့်အသတ်မရှိပေ။
ရုတ်တရက် နဂါးအော်သံကြီး ထွက်ပေါ်လာသည်။
အနီရောင်နဂါးကြီးက တောင်ပံတဖျပ်ဖျပ်ကာ နွေဦးလေပြည်စားသောက်ဆိုင်ရှေ့တွင် ဆင်းသက်လိုက်သဖြင့် လူအများ၏ အာရုံစိုက်စရာ ဖြစ်သွားသည်။
ချီစစ်၏ နဂါး၏ကျောကုန်းပေါ်မှ ဆင်းလိုက်ချိန်တွင် သူမ၏ ဝတ်ရုံက လေနှင့်အတူ လွင့်မျောနေသည်။
လင်းတမိန်သည်လည်း သူမ၏ လက်အောက်ငယ်သားများနှင့်အတူ နဂါးစိမ်းကြီးဖြင့် ရောက်လာသည်။
ငရဲကမ္ဘာသင်္ဘောက ဟင်းလင်းပြင်ကို ဖောက်ပြီး ထွပ်ပေါ်လာသည်။ သင်္ဘောပေါ်တွင် နယ်သာရီ ငရဲဘုရင်အာဟနှင့် သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားသည့် ဧကရီပိလော့တို့ ပါလာသည်။
မကြာမီပင် လူအုပ်ကြီးက နွေဦးလေပြည်စားသောက်ဆိုင်ရှေ့တွင် စုဝေးလာကြသည်။ စားသောက်ဆိုင်ဖွင့်ရန် အချိန်မကြာတော့သဖြင့် သူတို့ လာရောက်ကြည့်ရှု့ကြသည်။
ပုဖန်ပြောသည့် ရေခဲမုန့်ဆိုင်အကြောင်း သူတို့သိချင်နေကြသည်။
တကယ်တော့ ရေခဲမုန့်ကြောင့်ပဲ ရောက်လာတာပါ ...
ဤစားသောက်ဆိုင်က သူတို့သိရှိခဲ့သည့် နွေဦးလေပြည်စားသောက်ဆိုင် မဟုတ်တော့ပေ။ အထက်မှဆိုင်းဘုတ်ကို စနစ်က ဖန်ဖန့်ရေခဲမုန့်စတိုးဟု ပြောင်းလဲထားလိုက်ပြီဖြစ်သည်။
လူအများအပြားက ဖန်ဖန့်ရေခဲမုန့်စတိုး၏ ဧရာမတံခါးချပ်ကြီးများကိုဖွင့်ကာ ဝင်လာကြသည်။
သူတို့မျက်လုံးများတွင် စူးရှသည့် အလင်းတန်းများဖြင့် ပြည့်သွားသည်။ ခဏအကြာမှ အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။
အသစ်မွမ်းမံထားသည့် ရေခဲမုန့်ဆိုင်၏ပုံက မျက်လုံးထဲ အလင်းပြန်လာသည့်အခါ လူအားလုံး လုံးလုံးလျားလျားပင် ထိတ်လန့်သွားကြသည်။