အပိုင်း ၁၁၄၆
Viewers 52k

အခန်း ၁၁၄၆

အထူးစပယ်ရှယ်တွေထဲကတစ်ခု ပုလဲနို့လက်ဖက်ရည်


ရေခဲမုန့်ဆိုင်၏ အပြင်အဆင်က အားလုံးကို ထိတ်လန့်သွားစေသည်။ ထိုကဲ့သို့ စတိုင်မျိုးကို သူတို့ယခင်က မမြင်ဖူးခဲ့ပေ။


ထိုနေရာတွင် ရှိနေသူများက မိန်းမပျိုလေးများသာဖြစ်သဖြင့် မွမ်းမံထားသည့် အပြင်အဆင်များကို ချက်ချင်းပင် သဘောကျသွားကြသည်။ 


အိုး ... ငရဲဘုရင်အာဟကတော့ မိန်းမပျိုလေးမဟုတ်ဖူးပေါ့ ... ဒါပေမဲ့ အရေးမကြီးပါဘူး ... သူ့ပုံကိုကြည့်ရတာ မိန်းကလေးတွေထက်တောင် ပ်ိုပြီး စိတ်လှုပ်ရှားနေတဲ့ပုံပဲ ...


လင်းတမိန်က ယောကျာ်းဆန်သည့်နှလုံးသားရှိသူ ဖြစ်သော်လည်း ပန်းရောင်ပစ္စည်းများကို ကြိုက်နှစ်သက်သည်။ အပြင်အဆင်များက မိန်းကလေးဆန်နေသော်လည်း သူမ မငြင်းဆန်နိုင်ပေ။ ဤစတိုင်ကို သူမ အလွန်သဘောကျသွားပြီဖြစ်သည်။


အရမ်းလှတာပဲ ...


ပြတင်းပေါက်အကြည်များကြောင့် သူတို့၏အမြင်အာရုံများ ရှင်းလင်းသွားသည်ဟု ခံစားရသည်။ အပြင်ဘက်ရှိ စည်ကားနေသော လမ်းမထက်မှ လူများကိုပင် တွေ့နိုင်သည်။


နံရံအကြည်ရောင်၏ နောက်တွင် တည်ငြိမ်အေးဆေးစွာထိုင်ပြီး အေးမြသော ရေခဲမုန့်တစ်ခွက်စားနေသည်ကို အပြင်ဘက်မှလူများက မနာလိုစွာ စိုက်ကြည့်နေကြမည့် မြင်ကွင်းကိုတွေးမိပြီး စိတ်လှုပ်ရှားနေကြသည်။


ပါးစပ်ထဲတွင် အစပ်ချောင်းထည့်ထားသည့် ငရဲဘုရင်အာဟက ကောင်တာပေါ်မှ အမွေးပွရုပ်အပုံလိုက်ကို မြင်သွားသည်။ သူမနေနိုင်ပဲ တစ်ခုကို ကောက်ယူလိုက်ပြီး တအံ့တဩဖြင့် ပြောလိုက်သည်။

" ဒါဘာလေးတွေလဲ ချစ်စရာလေး ..."


ချစ်စဖွယ်အရုပ်လေးများက နူးညံ့နေသည့်အတွက် တစ်ကြိမ်ကိုင်လိုက်သည်နှင့် အကြိမ်ပေါင်းများစွာ ထပ်ကိုင်ချင်လာသည်။ တစ်ရုပ်ကို လက်ထဲတွင်ကိုင်ကာ နောက်တစ်ရုပ်ကို ချိုင်းကြားထဲထည့်ထားလိုက်သည်။


တခြားအမျိုးသမီးများက ငရဲဘုရင်အာဟ၏အသံကြောင့် ကောင်တာနားသို့ ရောက်လာကြသည်။ အရုပ်များကို မြင်သည့်အခါ ပျော်ရွှင်စွာအော်ဟစ်ပြီး ပင့်သက်ရှိုက်ကာ အရုပ်များကိုကောက်ယူလိုက်ကြသည်။


ထိုသို့သော အမွေးပွရုပ်များကို အမျိုးသမီးများက မတွန်းလှန်နိုင်သည့်ပုံပင်။ အရူးအမူးဖြင့် ကိုင်တွယ်နေကြသည်။ အရုပ်များကို မျက်နှာပေါ်တွင်ဖိပြီး ဖြည်းညှင်းစွာ ကိုင်တွယ်နေကြသည်။


စနစ်က ဤအရုပ်များကို အလွန်အမင်း ချစ်စရာကောင်းအောင် ပြုလုပ်ထားသည့်အတွက် နံရံအကြည် ပန်းရောင်အပြင်အဆင်များဖြင့် လိုက်ဖက်နေသည်။


သူတို့မမျှော်လင့်ထားသော အရာများစွာကို မြင်တွေးနေရသည်။


ငရဲဘူရင်အာဟ မသိမသာဖြင့် လေအေးကိုရှရှိုက်လိုက်ရသည်။

" ဘုရားရေ ကောင်လေးပုဖန်ရဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့စတိုင် ဘယ်ရောက်သွားတာပါလိမ့် ... ဘာလို့ ဒီလောက်တောင် ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားရတာလဲ ..."


ငရဲဘုရင်အာဟ အမှန်တကယ်ပင် ထိတ်လန့်သွားသည်။ ပုဖန်၏ စားသောက်ဆိုင်များစွာကို မြင်ခဲ့ဖူးသူတစ်ယောက်အနေဖြင့် ပုဖန်က ဤကဲ့သို့ မိန်းကလေးဆန်သော အပြင်အဆင်နှင့် ဆိုင်မျိုးကို ဖွင့်လှစ်ထားသည်ကို မယုံကြည်နိုင်ပေ။


အဲ့ မျက်နှာသေကြီးက ခေတ်ဆန်တဲ့အကြောင်း နည်းနည်းလေးတောင် နားမလည်ဘူး ထင်ထားတာ ... ဒါတကယ်ပဲ ပုဖန်ရဲ့ စားသောက်ဆိုင် ဟုတ်ရဲ့လား ...


နတ်ဘုရားမမြို့တော်ကို ရောက်လာပြီးမှ ပုဖန်ရဲ့နှလုံးသားထဲက ဖုံးကွယ်ထားတဲ့ မိန်းကလေးဆန်မှုတွေကို ရှာတွေ့သွားတာများလား ...


ငရဲဘုရင်အာဟ မည်သို့ ခန့်မှန်းနေပါစေ ပုဖန်က ဤဆိုင်ခွဲကို မိန်းမဆန်ဆန်မွမ်းမံထားသည့်အကြောင်းကို နားမလည်နိုင်ပေ။


ဒါပေမဲ့ ဒီလိုအလှဆင်မှုမျိုးကလည်း မထင်မှတ်ထားပဲ ဆွဲဆောင်မှုရှိတယ် ...


ဧကရီပိလော့က လက်ပိုက်ထားသော်လည်း ရေခဲမုန့်ဆိုင်ထဲသို့ ဝင်လိုက်ချိန်မှစ၍ သူမ၏ မြင့်မြတ်မှုနှင့် ကြောက်မက်ဖွယ်အပြုအမူများ ပျောက်ဆုံးသွားပြီဖြစ်သည်။ ထိုအသား အပူအပင်ကင်းသည့်အော်ရာနှင့် အစာထိုးသွားသဖြင့် သူမကို ပို၍ဆွဲဆောင်မှုရှိစေသည်။ ဤနေရာတွင် ရှိနေသောအမျိူသမီးများမှာ အလှလေးများသာ ဖြစ်သော်လည်း သူမ၏ ‌တည်ရှိမှုအောက်တွင် မတောက်ပနိုင်တော့ပေ။


" ဒီစားဖိုမှူးလေးက နှစ်ရက်အတွင်း ပြီးအောင်ပြင်ဆင်ထားတာဆိုတော့ တော်တော်မြန်တာပဲ ... သူ့ကိုကြည့်ရတာ နတ်ဘုရားမမြို့တော်မှာ ရေခဲမုန့်ဆိုင်ဖွင့်ဖို့ အချိန်အတော်ကြာ စီစဉ်ထားတဲ့လူလိုပဲ ... အခုတော့ ဒီဧကရီလည်း နည်းနည်းစိတ်လှုပ်ရှားနေပြီ ..."

ဧကရီပိလော့ကပြော၍ အရုပ်တစ်ခုကို ယူလိုက်သည်။ ထိုအရုပ်ကို ဖျစ်ညှစ်လိုက်ချိန်တွင် သူမမျက်လုံးက အရောင်တောက်လာသည်။


အပြင်မှ လှုပ်ရှားနေသံများကို ကြားရသဖြင့် မီးဖိုချောင်တံခါးက ပွင့်လာသည်။


အားလုံး၏အာရုံက ထိုနေရာသို့သာ ရောက်သွားသည်။ ထိုနေရာတွင် ပုဖန်ကက ဝတ်ရုံလက်ကို ခေါက်တင်ထားပြီး လက်မှ ရေမျာစိုနေလျက် မီးဖိုချောင်ထဲမှထွက်လာသည်ကို မြင်လိုက်ရသည်။


လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ ပုဖန်၏အကြည့်က ထိုလူများဘာကြောင့်ရောက်လာသည်ကို မသိသကဲ့သို့ သံသယဝင်စွာ ကြည့်နေလိုက်သည်။ 


သို့ရာတွင် အမျိုးသမီးများက ဆိုင်၏ အတွင်းပိုင်းအပြင်အဆင်ကို သဘောကျနေသည့်အခါ သူ၏နှုတ်ခမ်းများ မသိမသာကွေးညွှတ်သွားသည်။


ဒီစတိုင်က အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ပုံပဲ ...


ဟမ် ...


ရုတ်တရက် ပုဖန်၏အကြည့်များက ငရဲဘုရင်အာဟ၏ပုံရိပ်ပေါ် ရောက်သွားသည်။ ထိုလူရွှင်တော်က အရုပ်တစ်ရုပ်ကို လက်တွင်ကိုင်ကာ နောက်တစ်ရုပ်ကို ချိုင်းကြားညှပ်ထားသည့်အတွက် ပုဖန် ဘာမှမပြောနိုင်ပဲ ဆွံ့အသွားသည်။


မင်းလို ယောကျာ်းရင့်မာကြီးက မိန်းကလေးအုပ်စုထဲရောပြီး စိတ်လှုပ်ရှားနေတာလား ...


ပုဖန် လက်မှရေများကို သုတ်လိုက်ပြီး ဝတ်ရုံလက်ကို ပြန်ချလိုက်ကာ ပရိသတ်၏အလယ်သို့ ရောက်လာသည်။


" မနက်ဖြန်မှ ဖန်ဖန့်ရေခဲမုန့်စတိုး ဖွင့်မယ့်နေ့ပါ ... ဒါပေမဲ့ အားလုံး ရောက်လာကြတယ်ဆိုတော့ ကျုပ် နည်းနည်းလောက် ဒုက္ခပေးပါရစေ ..."

ပုဖန်၏ တည်ငြိမ်သောအသံထွက်ပေါ်လာပြီး သူ၏အကြည့်များက ချီစစ်နှင့်လင်းတမိန်တို့အပေါ် ရောက်လာသည်။


ဒီနှစ်ယောက်က စစ်သူကြီးတွေဆိုတော့ သူတို့အမိန့်ပေးဖို့က ကြီးမားတဲ့ ရင်းမြစ်တစ်ခုပဲ ...


" အိုင်းရိုး ... ပိုင်ရှင်ပုက အရမ်းယဉ်ကျေးနေတာပဲ ... ဘာများလဲ ပြောလိုက်စမ်းပါ ... ကျုပ်ဆိုတဲ့ ငရဲဘုရင်အာဟက လုပ်ပေးမှာပေါ့ ... သေချာပေါက်တော့ ဝန်ဆောင်မှုကို ရေခဲမုန့်နဲ့ လဲလှယ်ရမှာပေါ့လေ အဲ့ဒါမှ မျှတတဲ့ လဲလှယ်မှုဖြစ်မှာ ..."


ငရဲဘုရင်အာဟက အားရပါးရရယ်လိုက်ပြီး အရုပ်တစ်ရုပ်ကို သူ့အင်္ကျီထဲ ထိုးထည့်နေသည်။ လက်တစ်ဖက်က ဗလာဖြစ်သွားသဖြင့် နောက်ထပ် အရုပ်တစ်ရုပ်ကို ကိုင်နေသည်။


ပုဖန်သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။

" နောက်တစ်ခု ထပ်ယူဦးမလို့လား ...ဝှိုက်တီက အပြည့်အဝ အဆင့်မမြှင့်ရသေးပေမယ့် အခုနေ ခေါ်လိုက်ရင် မင်းအဝတ်တွေကိုဖြဲနိုင်သေးတယ်နော်..."


ငရဲဘုရင်အာဟ အေးခဲသွားပြီး ကိုးရို့ကားယား ရယ်လိုက်သည်။ အမွေးပွရုပ်လေးကို ပြန်ထားကာ အင်္ကျီထဲမှ အရုပ်ကိုလည်း ပြန်ထည့်ပြီး ပြုံးပြလိုက်သည်။

" လေးခုဆိုရပြီ လုံလောက်ပြီ ..."


ဘေးမှ မိန်းကလေးများ မျက်ဆံလှန်လိုက်ကြသည်။ 


ဧကရီပိလော့လည်း နဖူးကို ပွတ်နေသည်။


သူ့မှာ ဘာလို့ ငပေါလိုမောင်တစ်ယောက် ရှိနေရတာလဲ ... သူမအမေက ဘယ်လိုလူနဲ့တွေ့ပြီး ဒီလိုအရူးကို မွေးလာတာလဲ ...


ပုဖန်က ငရဲဘုရင်အာဟကို ဂရုမစိုက်တော့ပေ။ အမျိုးသမီးများကိုကြည့်ပြီး သူပြောလိုက်သည်။ 

" မနက်ဖြန် မြို့ထဲမှာ ဆိုင်ဖွင့်ကြောင်းသတင်းဖြန့်ပေးပါ ... ငွေပေးချေဖို့အတွက်က ဒီနေ့ ရေခဲမုန့်ကျွေးပါ့မယ် ..."


အမျိုးသမီးများ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်လာသည်။


ရေခဲမုန့်ဖိုး သူပေးမှာလား ...


ဒါဆိုရင် သူတို့ဒီနေ့ ရေခဲမုန့်စားရမယ်လို့ ဆိုလိုတာပေါ့ ...


" ရေခဲမုန့်တင်မကဘူး ဖန်ဖန့်ရေခဲမုန့်စတိုးက တခြားစားကောင်းသောက်ဖွယ်တွေလည်း မြည်းစမ်းခွင့်ရမယ် ... "

ပုဖန် အပြုံးဖြင့် ပြောလိုက်သည်။


ထိုစကားများကို ကြားလိုက်ရချိန်တွင် အားလုံး၏မျက်နှာ၌ သိချင်စိတ်များဖြင့် ပြည့်သွားကာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ရင်ဘတ်ကိုပုတ်၍ ဆိုင်ဖွင့်သည့်သတင်းကို ဖြန့်ဝေပေးမည်ဟု ကတိပေးလိုက်ကြသည်။


အမှန်တွင် ဖန်ဖန့်ရေခဲမုန့်စတိုး၏ ကျော်ကြားမှုအရ မကြော်ညာပါကလည်း စားသုံးသူများစွာ ရရှိမည်ဖြစ်သည်။ 


ချီစစ်က ပြုံးပြပြီး ပုဖန်က နယ်သာသလင်းကျောက်အနည်းငယ်ကို ဖြုန်းတီးရန်ပင် စိတ်ကူးမရှိသည့်အကြောင်း မေးလိုက်သည့်အခါ ပုဖန် အေးခဲသွားသည်။


ထို့နောက် လေအေးကို ရှုရှိုက်လိုက်ရပြီး အရေးကြီးကိစ္စတစ်ခုကို တွေးမိသွားသည်။


တကယ်လို့ နယ်သာသလင်းကျောက်တွေက သူရဲ့စားသောက်ဆိုင်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာရင် ကျင့်ကြံခြင်းအဆင့်ကရော တိုးလာမှာလား ...


အလွန်အမင်း အရေးကြီးသည့်ကိစ္စဖြစ်၍ ပုဖန် စနစ်ကို ချက်ချင်းမေးလိုက်သည်။ ကံကောင်းစွာဖြင့် စနစ်က မှန်ကန်ကြောင်း ဖြေလိုက်သည်။


ပုဖန်၏ မျက်လုံးထဲတွင် ရွှင်မြူးမှုများကို တွေ့လိုက်ရသည်။ ၎င်းက သူ၏ကျင့်ကြံခြင်းကို အဆင့်တိုးစေမည့်အတွက် သတင်းကောင်းဖြစ်သည်။


အမှန်တွင်သူ၏ကျင့်ကြံခြင်းအဆင့် နှေးကွေးစွာတိုးလာရခြင်းမှာ ပုန်းကွယ်နဂါးတိုက်ကြီးမှ စားသောက်ဆိုင်က သူ၏ ကျေနပ်မှုများရရှိရန်အတွက် ခက်ခဲနေသောကြောင့်ဖြစ်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားသောက်ဆိုင်သည်လည်း ထိုနေရာမှ ကပ်ဆိုးကြီးကြောင့် စီးပွားရေးကို ရပ်တန့်ထားရသည်။


ဖန်ဖတ့်ရေခဲမုတိ့စတိုး၏ ပုံပန်းသွင်ပြင်က ပုဖန်ကို မျှော်လင့်ချက်များ မြင်လာရစေသည်။


အမျိုးသမီးများကို တစ်စုံတစ်ခု ပြောပြီးနောက် ပုထန် တစ်ဖက်သို့လှည့်ကာ မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ ကျင်းယွမ်ကို စားသောက်ဖွယ်ရာများချက်ပြုတ်ရန် ညွှန်ကြားပေးနေသည်။


ခဏအကြာတွင် သူပြောထားသည့် စားသောက်ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ယူလာသည်။


ဖန်ခွက်ရှည်များတွင် နို့ရနံ့သင်းနေသည့် ရေခဲမုန့်များဖြင့် ပြည့်နေသည်။ ၎င်းတို့ကို ဝိညာဉ်သစ်သီးရည်များ ဆည်းထားသဖြင့် တောက်ပပြီး လှပလျက်ရှိသည်။


ဝိညာဉ်သစ်သီးရည်များကြောင့် ရေခဲမုန့်များက အရောင်မျိုးစုံဖြစ်နေကာ အားလုံး၏မျက်လုံးများကို ဖမ်းစားထားပြီး သွားရည်ကျစေသည်။


အခြားအစားအစာများ ယူလာသည့်အခါ သူတို့ပို၍ ထိတ်လန့်သွားသည်။


ပုဖန်က ရွှေရောင်တောက်နေပြီး ရနံ့မွှေးကြိုင်နေသည့် ပန်းကန်တစ်ချပ်ယူလာပြီး စားပွဲပေါ်တင်ထားသည်။ ထိုပနကန်ပြားပေါ်တွင် ရွှေရောင်တုတ်ချောင်းများကို သေသပ်စွာစီထားသည်။


" ဒါက ဝိညာဉ်သစ်သီးဂျုံချောင်းကြော်ပါ ... အနှစ်နဲ့တို့စားရင် အရသာပိုရှိတယ် ..."


" ဒါက ဖီးနစ်တောင်ပံကင် ..."


" ‌ကြာပန်းအူတိုင်ဌာပနာမုန့် ..."


" ဒါက နွေဦးကြက်သားပါ .."


ဟင်းလျာများကို မီးဖိုချောင်မှ တစ်ခုပြီးတစ်ခု ထုဆ်လာကာ စားပွဲပေါ်တင်ထားသည်။


သိပ်သည်းသောရနံ့များ ချက်ချင်း ပျံ့နှံ့ပြီး အားလုံးကို လွှမ်းမိုးထားသည်။


စားသောက်မည့်သူများက မှင်သက်သွားပုံပင်။ ပုဖန်က ဟင်းလျာများစွာကို ယူလာမည်ကို မထင်ထားခဲ့ကြပေ။


ဖန်ဖန့်ရေခဲမုန့်စတိုးတွင် ရေခဲမုန့်သာရောင်းမည်ဟု ထင်ခဲ့ကြသည်။ သို့ရာတွင် ရေခဲမုန့်အပြင် စားကောင်းသောက်ဖွယ်များစွာ ရောင်းချမည့်ပုံပင်။


သင်းပျံ့သောရနံ့များ အဆက်မပြတ်ထွက်ပေါ်နေပြီး အရသာခံအာရုံများကို လှုံ့ဆော်နေသည်။


နီရဲနေသည်အထိ ကင်ထားသော တောင်ပံများက တောက်ပကာ စားချင်စွယ်ကောင်းနေသည်။ ရွှေရောင်ကြက်သားများကလည်း အနံ့မွှေးလွန်းသည်။ ထိုသို့သော ဟင်းလျာများကို တွေးရသဖြင့် စိတ်မထိန်းနိုင်ကြတော့ပေ။


ထို့နောကိ ပုဖန် မီးဖိုချောင်ထဲ ဝင်သွားပြန်သည်။ 


အားလုံးက ပုဖန်ကိုသာ ကြည့်နေကြသည်။


" ထပ်ပြီး ရှိသေးတာများလား ..."


အားလုံး၏စိတ်ထဲတွင် ထိုအတွေးတစ်ခုဖြင့်သာ ဖြည့်နေပြီး ဤကို မှန်ကန်ကြောင်း ပုဖန်က သက်သေပြလိုက်သည်။ သို့ရာတွင် ဤတစ်ကြိမ်၌ယူလာသည်မှာ ရနံ့မွှေးသော ဟင်းလျာမဟုတ်ပေ။


ထိုအစား ပုဖန်က အရည်များဖြင့် ပြည့်နေသည့် သလင်းကျောက်ဖနိခွက်များကို ဗန်းထဲထည့်လာသည်။


ဟုတ်တယ် ... အရည်တွေ ...


သောက်စရာတစ်ခုခု ဖြစ်နိုင်တယ် ... အရက်နံ့မရတော့ ဝိုင်တော့ မဟုတ်လောက်ဖူး ...


ထိုအရည်က အညိုရောင်သန်းနေသည့်အတွက် နှုတ်မြိန်စာတစ်ခုနှင့် တူနေသည်။


" ဒီတစ်ခုက ဖန်ဖန့်ရေခဲမုန့်စတိုးရဲ့ အထူးစပယ်ရှယ် ပုလဲနို့လက်ဖက်ရည်ပါ ..."


ပုလဲ နို့လက်ဖက်ရည်တဲ့လား ...


နို့လက်ဖက်ရည်လား ...


အားလုံး အေးခဲသွားကြသည်။ သူတို့အားလုံး၏ အကြည့်များက ပုဖန်ရှေ့တွင်ချထားသည့် သောက်စရာပေါ်တွင်သာ ရှိနေပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်နေကြသည်။


ဒါက ရေခဲမုန့်နဲ့ တွဲစားရမှာလား ဘယ်လိုမျိုးလဲ ...


သူတို့ အရသာမြည်းကြည့်မှဖြစ်မယ် ...


ဧကရီပိလော့က သလင်းကျောက်ခွက်၏ အောက်ခြေကို ကိုင်မြှောက်လိုက်သည်။


ထိုခွက်တွင် ပန်းရောင်ပိုက်တစ်ခု တပ်ထားပေးသဖြင့် ကြည့်သည်မှာ လက်ရာမြောက်နေသည်။ အတွင်းမှ နို့လက်ဖက်ရည်ကလည်း ပိုးသားကဲ့သို့ပင်။


ဧကရီပိလော့က ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှမပြောပေ။ ဤတစ်ကြိမ်တွင် ရေခဲမုန့်မစားသေးပဲ နို့လက်ဖက်ရည်ကိုသာ အရင်သောက်လိုက်သည်။


ရေခဲမုန့်ဆိုင် ဖြစ်သင့်ပါပေတယ် ခွက်ကိုကိုင်လိုက်တာနဲ့ လက်ကအေးစက်သွားတာပဲ ...


သူမ၏ အနီရောင်နှုတ်ခမ်းများကိုဖွင့်ဟပြီး ပိုက်ကိုစုပ်လိုက်သည်။


ခဏတွင်းချင်း သူမမျက်လုံးများ ပြူးကျယ်သွားသည်။ 


ဧကရီပိလော့၏ အမူအယာက အကြီးအကျယ်ပြောင်းလဲသွားသဖြင့် ဘေးမှလူများ၏ ရင်ထဲ တုန်ခါသွားသကဲ့သို့ပင်။


အဘယ့်ကြောင့်ဆိုသော် ရေခဲမုန့်စားစဉ်ကလည်း ဧကရီ၏ အမူပယာက ယခုနှင့် မတိမ်းမယိမ်းပင်။


ထို့နောက် သူတို့အားလုံး နို့လက်ဖက်ရည် သောက်လိုက်ကြသည်။ ပိုက်ကိုအသာအယာကိုက်ကာ စုပ်ယူလိုက်သည်။


စားသုံးသူများ၏ တုံ့ပြန်မှုကြောင့် ပုဖန်ကျေနပ်နေပြီး လက်ပိုက်နေသည်။ 


ဖန်ဖန့်ရေခဲမုန့်စတိုးမှ ရရှိလာမည့် နယ်သာသလင်းကျောက်များက သူ၏ ကျင့်ကြံခြင်းကို ကူညီနိုင်ကြောင်းကို သိရှိလိုက်ချိန်မှစ၍ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့ဖြစ်၍ နယ်သာသလင်းကျောက်များစွာ အလိုရှိပါက ထိုအမျိုးသမီးများ၏ နှလုံးသားကို အနိုင်ယူနိုင်သည့် ဟင်းလျာများ လိုအပ်မည်သာဖြစ်သည်။


ယခုဟင်းလျာများကို သူတို့သဘောကျနှစ်သက်ပါက ဖန်ဖန့်ရေခဲမုန့်စတိုးကို ကြော်ညာပေးကြမည်ဖြစ်ပြီး စားသုံးသူများ ပိုမိုများပြားလာမည်ဖြစ်သည်။


ထို့ကြောင့် သူတို့ပျော်ရွှင်စွာ စားသောက်နေကြသည်ကို မြင်သောအခါ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ကျေနပ်အားရစွာ စားပြီးသွားသည့်အခါ ခွက်များနှင့် ဟင်းလျာများက လုံးဝ ပြောင်စင်သွားသည်။


ငရဲဘုရင်အာဟအပါအဝင် အမျိုးသမီးအုပ်စုကြီးက စိတ်ကျေနပ်စွာဖြင့် ခုံပေါ်တွင် မှီထိုင်နေကြသည်။ ဧကရီပိလော့လည်း အလားတူပင်ဖြစ်ပြီး သူမမျက်နှာတွင် အနီရောင်သန်းနေသည်။


နို့လက်ဖက်ရည် ရေခဲမုန့် သို့မဟုတ် တောင်ပံကင်ပင်ဖြစ်ပါစေ အားလုံးက သူမကို စိတ်ကျေနပ်စေသည်။


နယ်သာရီနှင့် ငရဲဘာရင်အာဟက မထွက်သွားကြသေးပေ။


သို့သော် ချီစစ် လင်းတမိန် ဧကရီနှင့် အခြားလူများက ဖန်ဖန့်ရေခဲမုန့်စတိုးမှ ‌ကျေနပ်စွာဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။


ဧကရီက နန်းတော်သို့ပြန်လာပြီး နောက်တစ်ရက်တွင် ပုဖန်ကို နတ်ဘုရားပျောက်ကွယ်တောင်တန်းကို လွှတ်ရန်အတွက် ပြင်ဆင်နေသည်။


ချီစစ်နှင့် လင်းတမိန်လည်း တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး အနာဂတ်တွင် ထိုရေခဲမုန့်ဆိုင်ကို သူတို့၏တပ်စုများ ဆုံဆည်းရာအဖြစ် သတ်မှတ်လိုက်ရန် ပြင်နေသည်။


ထိုမတိုင်ခင် ပုဖန်၏ ကတိကို ဖြည့်ဆည်းသည့်အနေဖြင့် ရေခဲမုန့်ဆိုင်ကို‌ ကြော်ညာပေးရဦးမည်ဖြစ်သည်။


သူတို့၏ သတင်းစကားများ၏ သက်ရောက်မှု‌ အကျိုးကျေးဇူးကြောင့် နတ်ဘုရားမမြို့တော်တစ်ခုလုံး နွေဦးလေပြည်စားသောက်ဆိုင်နေရာတွင် အသစ်ဖွင့်လှစ်ထားသည့် ဖန်ဖန့်ရေခဲမုန့်စတိုးအကြောင်း သိရှိသွားကြသည်။



တစ်ညတာအချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။


ကျင်းယွမ်က ပုဖန်သင်ပေးထားသည့် ရေခဲမုန့်လုပ်နည်းနှင့် အခြားစားသောက်ဖွယ်ရာများ ချက်ပြုတ်နည်းတို့ကို လျင်မြန်စွာ တတ်မြောက်သွားသည်။


ဤသို့ဖြင့် တတိယမြောက်နေ့သို့ ရောက်ရှိလာသည်။


ဖန်ဖန့်ရေခဲမုန့်စတိုးက လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိထားသည့်အတွက် စီးပွားရေးလုပ်ငန်း စတင်နေပြီဖြစ်သည်။


ပို၍ အရေးကြီးသည့်အရာမှာ ယနေ့က ပုဖန် နတ်ဘုရားပျောက်ကွယ်တောင်တန်းသို့ ဝင်ရောက်ရမည့် နေ့လည်းဖြစ်သည်။