အခန်း ၁၁၄၇
တားမြစ်နယ်မြေ နတ်ဘုရားပျောက်ကွယ်တောင်
ဖန်ဖန့်ရေခဲမုန့်စတိုးက စီးပွားရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။
ထိုသတင်းက မုန်တိုင်းကဲ့သို့ တစ်ညလုံးပျံ့နှံ့သွားသည်။ အချိန်တိုအတွင်း ကြေညာလိုက်သော်လည်း နတ်ဘုရားမမ်ြို့တော်တစ်ခုလုံးက သိရှိသွားကြသည်။
မရေမတွက်နိုင်သောလူများက ဖန်ဖန့်ရေခဲမုန့်စတိုးသို့ တစ်ဟုန်ထိုး ရောက်လာကြသည်။
ရှိသမျှလူအားလုံးလည်း ရေခဲမုန့်ဆိုင်အကြောင်း ပြောနေကြသည်။ အစပိုင်းက မသိသေးသောလူများရှိကြသော်လည်း တစ်ယောက်က ရေခဲမုန့်အကြောင်းပြောလိုက်သည်နှင့် အပြေးအလွှားသွားရောက်ကြသဖြင့် မြို့ထဲတွင် ရေခဲမုန့်ဆိုင်အကြောင်း မသိသူမရှိကြတော့ပေ။
ရေခဲမုန့်က တော်ဝင်စားသောက်ပွဲအတွင်း တောက်ပခဲ့သော အစားအစာတစ်ခုဖြစ်၍ အားလုံး၏အာရုံစိုက်မှုကို ရရှိခဲ့သည်။
အစားအသောက်ကောင်းများအကြောင်းက ပါးစပ်မှတစ်ဆင့် ဆင့်ပွားပျံ့နှံ့သွားတတ်သဖြင့် သူ၏နာမည်က တစ်မြို့လုံးတွင် လွှမ်းမိုးနေသည်။
တော်ဝင်စားသောက်ပွဲကြီး ပြီးသွားသည့်နောက်တွင် ရေခဲမုန့်ကို မြည်းစမ်းလိုက်ရသည့် ရာထူးကြီးသူများက အရူးအမူးဖြစ်သွားကြသည်။ တော်ဝင်စားသောက်ပွဲအကြောင်းပြောသည်နှင့် ရေခဲမုန့်အကြောင်းက မပါမဖြစ်ပင် ဖြစ်သည်။
ယနေ့တွင် ရေခဲမုန့်ဆိုင်ဖွင့်မည်ဟူသော သတင်းက နတ်ဘုရားမမြို့တော်တစ်ခုလုံးကို မုန်တိုင်းကဲ့သို့ လွှမ်းမိုးသွားသည်။
အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
နွေဦးလေပြည်စားသောက်ဆိုင်ကို ရေခဲမုန့်ဆိုင်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားလိုက် ဤသတင်းက လမ်းကြိုလမ်းကြားအထိပါ ပျံ့နေသည်။
တတိယမြောက်နေ့ မနက်တွင် ...
ကျင်းယွမ်က အနည်းငယ်ပင်ပန်းနေသော် လည်း မီးဖိုချောင်ထဲမှ တက်ကြွစွာ ထွက်လာသည်။ ဝင်ပေါက်ကို ရောက်သောအခါ ထိတ်လန့်မှုကြောင့် ထခုန်မိမတတ်ဖြစ်သွားကာ လေအေးကို ရှုရှိုက်လိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် ဝင်ပေါက်တွင် လူအုပ်ကြီးက စုပြုံနေသောကြောင့်ပင်။ သူတို့အားလုံး အပေါက်ဝတွင် ပြုံတိုးနေကာ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
ရေခဲမုန့်ဆိုင်၏ အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။ ထိုနေရာတွင် ပုဖန်က ရေခဲမုန့်များ၏ဈေးနှုန်းကိုထည့်သွင်းထားသည့် စာကြောင်းများ ရေးထားသည်။
ပုဖန်က သူမကို သတိမပေးထားသော်လည်း ဖန်ဖန့်ရေခဲမုန့်စတိုး၏ အဓိကဆွဲဆောင်မှုက ရေခဲမုန့်ဖြစ်ကြောင်း သူမသိသည်။
အနည်းဆုံး လူလေးယောက်တွင် သုံးယောက်က ရေခဲမုန့်၏ နာမည်ကြီးမှုကြောင့်ရောက်လာခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအစားအစာက ဧကရီဘုရင်မကြီးကိုပင် ယစ်မူးစေခဲ့သောကြောင့်ပင်။
ဒါမျိုးစားစရာကို ဘယ်သူက မြည်းမကြည့်ချင်ပဲ နေလိမ့်မလဲ ...
စားသောက်ဆိုင်၏တံခါးကို ဖွင့်လိုက်သည့်အခါ အပြင်ဘက်မှာ အဆက်မပြတ် အော်သံ စကားပြောသံများကြောင့် ကျင်းယွမ်နားအူသွားသည်။
ထိုကဲ့သို့ ဧရာမလူအုပ်ကြီးကြောင့် ပုဖန်ပင် မသိမသာထိတ်လန့်သွားသည်။ နယ်သာရီနှင့် ငရဲဘုရင်အာဟက မညီမညာနှင့် စုပြုံတိုးနေသောလူအုပ်ကြီးကို တန်းစီပေးကြသည်။ အချိန်တိုအတွင်း ၎င်းတို့က သပ်ရပ်သောလူတန်းရှည်ကြီးဖြစ်သွားသည်။
ပုံစံအမျိုးမျိုးနှင့်လူများက ရေခဲမုန့်ဆိုင်ထဲ ဝင်လာကြသည်။ ခဏတွင်းချင်း ဆိုင်ထဲမှ ထိတ်လန့်မှုကြောင့်အော်သံများထွက်လာသည်။ ၎င်းအသံများက အပြင်ဘက်မှ တန်းစီနေသူများကို ယားကျိကျိဖြစ်စေသည်။
ပုဖန်က အဝေးတွင်သာ ရပ်နေသည်။ သူက လုပ်ငန်းစတင်ခြင်းကို အချိန်မရှိသောကြောင့် တာဝန်မယူထားပေ။
သူ ယနေ့တွင် နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သွားရောက်ရမည်ဖြစ်သည်။
ဆိုင်ဖွင့်ဖွင့်ချင်း ပထမရက်၏ အကျိုးအမြတ်များကို ပို၍ ဂရုစိုက်မိသော်လည်း နတ်ဘုရားပျောက်ကွယ်တောင်တန်းမှ အသက်စမ်းရေက ပို၍အရေးကြီးနေသည်။
ဤသို့ဖြစ်ရခြင်းမှာလည်း ပုဖန်က အလွန်ယုံကြည်ချက်ရှိနေသောကြောင့်ဖြစ်သည်။
သူ၏ရေခဲမုန့်ဆိုင်တွင် ယုံကြည်ချက်ရှိနေသောကြောင့် သူ၏ပထမဆုံးဆိုင်ဖွင့်ရက်ကို အောင်မြင်မည်ဆိုသည်က်ု သေချာပေါက်သိနေသည်။
လူတန်းရှည်ကြီးကိုကြည့်၍ ပုဖန် လက်ပိုက်ပြီး အတွေးနက်နဲနေသည်။
ဤလူတန်းရှည်ကြီးက အဓိကလမ်းမကိုပင်ရောက်သည်အထိ ရှည်လျားလှသည်။ ၎င်း၏ အောင်မြင်မှုကိုပြောရမည်ဆိုလျှင် နတ်ဘုရားမမြို့တော်တစ်ခုလုံးမှ အမျိုးသမီးများအားလုံး ရောက်ရှိလာသည့်အတိုင်းပင်။
တချို့က လမ်းကြုံ၍ လာရောက်စပ်စုရုံသာဖြစ်သော်လည်း အများစုက ဝယ်စားရန် ရောက်လာခြင်းဖြစ်သည်။ ရေခဲမုန့်ကိုအရသာခံလိုက်ရုံဖြင့် ဧကရီဘုရင်မက ချက်ချင်းချီးကျူးလိုက်သည်ကပင် သူတို့အားလုံး ဝယ်စားရန် ဆွဲဆောင်မှုတစ်ခု ဖြစ်လာသည်။
လူအုပ်ကြီးက စည်းကမ်းတကျ တန်းစီပေးနေသော နယ်သာရီနှင့် ငရဲဘုရင်အာဟကိုကြည်၍ ပုဖန် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
အနာဂတ်တွင် ဖန်ဖန့်ရေခဲမုန့်စတိုးကို မည်သို့ ဆက်လုပ်ရမည်ကို မသိသေးသော်လည်း အခြေအနေက ဆိုးဝါးမည့်ပုံ မပေါ်ပေ။
" သွားကြရအောင် ဘုရင်မကြီးက စောင့်နေတယ် ..."
ပုဖန်၏နောက်တွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်လာကာ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
ချီစစ်၏ အနီရောင်ဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ နံရံကိုမှီလျက် သူမ၏အနီရောင်နှုတ်ခမ်းများ ကွေးညွတ်ကာ ပုဖန်ကို ကြည့်နေသည်။
" မင်းက ရေခဲမုန့်ဆိုင်ဖွင့်ဖို့ အရမ်းတိုက်တွန်းခဲ့တာပဲလေ ... အခုမှ ယုံကြည်ချက်မရှိတော့တာလား ..."
ပုဖန်က သူမကိုတစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
" နန်းတော်ကို သွားရအောင်ပါ ... ကျုပ်က ဖန်ဖန့်ရေခဲမုန့်စတိုးက ပထမဆုံးရက်မှာတင် နွေဦးလေပြည်စားသောက်ဆိုင်ကို ကျော်နိုင်မလားဆိုတာ သိချင်နေရုံပါ ..."
ပုဖန်၏ အသံက တည်ကြည်နေသော်လည်း အဆုံးမဲ့ ယုံကြည်ချက်ရှိမှုများဖြင့် ပြည့်နေသည်။
ချီစစ်၏ အပြုံးက ပို၍ကြီးမားလာသော်လည်း သူမဘာမှမပြောပေ။ ခဏအကြာတွင် လေချွန်၍ ကောင်းကင်မှ အနီရောင်နဂါးကြီးကို ဆင့်ခေါ်လိုက်သည်။
ခဏတွင်းချင်း အနီရောင်နဂါးကြီးပျံဝဲလာပြီး မြေပြင်ပေါ်ဆင်းသက်ကာ နှာခေါင်းမှအငွေ့များ မှုတ်ထုတ်နေသည်။
ချီစစ်က ခြေဖျားထောက်ပြီး အနီရောင်နဂါးကြီး၏ကျောပေါ် တက်လိုက်သည်။
ထို့နောက် ပုဖန်ကို တစ်ချက်ကြည့်၍ပြောလိုက်သည်။
" တက်လေ ..."
ပုဖန် မျက်ခုံးပင့်ပြီး ဧရာမနဂါးနီကြီးကို ကြည့်လိုက်သည်။
နဂါးနီက ခေါင်းစောင်း၍ ပုဖန်ကို စိုက်ကြည့်နေသည်။
ပုဖန်က စကားတစ်ခွန်းမျှမပြောပဲ နဂါးနီဆီသို့ လျှောက်လာသည်။
ချီစစ်သည် မူလက ပုဖန်ရှက်ရွံ့သွားသည်ကို ဟာသအနေဖြင့် မြင်ချင်ခဲ့သည်။ ကိုယ်တိုင်ပြုစုစောင့်ရှောက်ထားသော သူမကိုယ်တိုင်မှလွဲ၍ နဂါးနီက မည်သူ့ကိုမျှ ဂရုမစိုက်ပေ။
နဂါးနီရှေ့တွင် ပုဖန် ရှက်ရွံ့သွားသည်ကို သူမမြင်ချင်ခဲ့သည်။ သို့ရာတွင် မကြာမီ သူမမှားသွားကြောင်းသိလိုက်ရသည်။
သူမမျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေလျက် မျက်နှာအမူအယာလည်း အေးခဲတောင့်တင်းသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပုဖန်လျှောက်လာချိန်တွင် နဂါးနီက နာခံစွာဖြင့် ခေါင်းငုံ့ပေးလိုက်ပြီး အသံတစ်သံမှပင် မထွက်ပေ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...
ချီစစ်၏မျက်လုံးများ ချက်ချင်းပင် မှေးစင်းသွားသည်။
သူမရဲ့နဂါးက ဒီယောကျာ်းရှေ့မှာ ဘာလို့လိမ္မာနေရတာလဲ ...
ပုဖန် လက်ဆန့်ပြီး နဂါးနီ၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။ လေတိုက်ခတ်နေသဖြင့် အနီရောင်စားဖိုမှူးဝတ်စုံက တဖျပ်ဖျပ်လွင့်နေသည်။
ချီစစ် စိတ်နှင့်လူနှင့်ကပ်သွကာ ရင်တွင်းမှ ထိတ်လန့်မှုကို ချိုးနှိမ်ထားလိုက်ရသည်။
နဂါးနီကို ပျံသန်းရန်အမိန့်ပေးလိုက်ချိန်တွင် ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်နေသည်မှာ လေပွေတစ်ခုပင် ဖြစ်လာသည်။
နဂါးနီ၏အရှိန်က အလွန်မြန်လာသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် ၎င်းက နဂါးရေကန်၏ရှေ့တွင် မရပ်တန့်ခဲ့ပေ။
ထိုအစား ရေကန်ကိုကျော်ဖြတ်ကာ နန်းတော်၏ ဧရာမတံခါးဝများဆီပျံသွားပြီး နန်းတော်ရှေ့ရင်ပြင်တွင် ဆင်းသက်လိုက်သည်။
ရင်ပြင်၏ရှေ့တွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးရှိသည်။
လူနှစ်ယောက်က နဂါးကျောပေါ်မှခုန်ဆင်းသွားပြီး နန်းတော်ထဲ တိတ်ဆိတ်စွာဝင်သွားသည်။
နန်းတော်က အလွန်ကျယ်ဝန်းလှသည်။
တော်ဝင်စားသောက်ပွဲကြီးမှ လေထုနှင့် နှိုင်းယှဉ်လိုက်ပါ ယခုလေထုက ထူးဆန်းနေသည်။
ဧကရီပိလော့က ရွှေပလ္လင်ပေါ်တွင် မှီကာ ခြေထောက်ချိတ်ထိုင်နေသည်။
ပုဖန်နှင့် ချီစစ်ရောက်လာသည်ကို သူမမြင်လိုက်သည်။
" မင်းရောက်ပြီလား ..."
ဧကရီပိလော့၏အသံက အေးစက်နေသည်။
ချီစစ်က ရိုသေစွာဖြင့် လက်နှစ်ဖက်ကိုမြှောက်ကာ နဖူးထက်တွင်ထား၍ ဦးညွှတ်လိုက်သည်။
ဧကရီပိလော့က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီးေနာက် သူမအကြည့်များက ပုဖန်ဆီသို့ ရောက်သွားသည်။
ပုဖန် လမ်းလျှောက်လိုက်တိုင်း အနီရောင်စားဖိုမှူးဝတ်စုံက လေနှင့်အတူ ယိမ်းနွဲ့လျက် တဖြည်းဖြည်းလျှောက်လာသည်။ မကြာမီ ဘုရင်မကြီးရှေ့သို့ ရောက်လာပြီး သူမကို စိုက်ကြည့်လိုက်သည်။
" မင်းကို ငါနောက်ဆုံးတစ်ကြိမ်မေးမယ် ... မင်း နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုဝင်ဖို့ တကယ်ကို ပြင်ဆင်ပြီးပြီလား ... တားမြစ်နယ်မြေ နတ်ဘုရားပျောက်ကွယ်တောင်တန်းက မင်းရဲ့ကျင့်ကြံခြင်းနဲ့ဆိုရင် ပြန်လမ်းမရှိတဲ့ ခရီးတစ်ခု ဖြစ်နိုင်တယ် ... သွားချင်တာ သေချာရဲ့လား ..."
ဧကရီပိလော့က တည်ငြိမ်စွာပြောလိုက်သည်။
ပုဖန်က တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းငြိမ့်ပြလိုက်သည်။
နတ်ဘုရားပျောက်ကွယ်တောင်တန်းကို သူသွားမှဖြစ်မယ် ...
ရုတ်တရက် ပုဖန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။
ရွှေပလ္လင်ပေါ်မှ ဧကရီပိလော့ ပျောက်ကွယ်သွားသည်ကို သူသိလိုက်သည်။
ခဏအကြာတွင် ကတ္တီပါနီရောင်ဝတ်ရုံက လေနှင့်အတူလွင့်မျောလျက် ဧကရီပိလော့က ပုဖန်ရှေ့တွင် ပေါ်လာသည်။
သူမ၏ပုံရိပ်က လေပေါ်တွင် ဝဲနေကာ ပုဖန်နှင့် မျက်လုံးချင်းဆုံကာ ကြည့်နေသည်။
" မင်းက ဆုံးဖြတ်ပြီးပြီဆိုမျှတော့ ငါမတားတော့ပါဘူး ... တားမြစ်နယ်မြေ နတ်ဘုရားပျောက်ကွယ်တောင်တန်းကို ဝင်ဖို့ဆိုရင် မင်းကိုသတိပေးစရာ သုံးချက်ရှိတယ် ..."
" ပထမတစ်ချက် နတ်ဘုရားပျောက်ကွယ်တောင်တန်းက အရမ်းအန္တရာယ်များတယ် ... အန္တရာယ်နဲ့ ရင်ဆိုင်ရရင် ပြန်လှည့်ပြီးထွက်ပြေးတာ အကောင်းဆုံးပဲ ... နေ့နဲ့ညမှာ တစ်ကြိမ်စီ ဒီဧကရီက မင်းကိုပြန်ခေါ်ဖို့ ဂိတ်ပေါက်ဖွင့်ပေးမယ် ... အဲ့လိုမဟုတ်ရင် မင်းရဲ့အသက်ကတော့ ကောင်းကင်ဘုံ ရောက်သွားမှာ ..."
" ဒုတိယတစ်ချက် နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ တုနှိုင်းမဲ့တည်ရှိမှုကို အနှောင့်အယှက်မပေးပါနဲ့ ..."
" တတိယတစ်ချက် သတ်ဖြတ်ခြင်းကို ခွင့်ပြုတယ် ..."
ဧကရီပိလော့၏ အသံက ကြည်လင်၍ အမိန့်အာဏာနှင့် ပြည့်နှက်နေပြီး ရေခဲမုန့်စားနေစဉ်က အမျိုးသမီး၏ပုံရိပ်ဖြင့် ကွဲပြားနေသည်။ မတူညီသည့် လူနှစ်ယောက်ဟုပင် ထင်ရသည်။
ပုဖန်၏ အကြည့်များ အေးခဲတောင့်တင်းသွားသည်။
" သတ်ဖြတ်တာကို ခွင့်ပြုတယ်ဆိုတာ ဘာသဘောလဲ ..."
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
" နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုသွားရင် မင်းနားလည်ထားရမှာက တားမြစ်နယ်မြေတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ဥပဒေတွေ ရှိတယ်ဆိုတာပဲ ... အဲ့ဒါထားလိုက်ပါ အချိန်ကျလာပြီ ငါအခုပဲမင်းကို နတ်ဘုရားပျောက်ကွယ်တောင်တန်းကိုပို့ပေးမယ် ..."
ဧကရီပိလော့ ပြောလိုက်သည်။
ဟမ် ...
ပုဖန် အေးခဲသွားသည်။
နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ဝင်ပေါက်က နန်းတော်ထဲမှာ ရှိတာများလား ...
ပုဖန်၏ အတွေးများ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်မှာ ...
ဧကရီပိလော့၏ လေပေါ်တွင် ဝဲနေသည့် ခန္ဓာကိုယ်က ဖြည်းညှင်းစွာ အောက်ဆင်းလာသည်။
သူ၏ သွယ်လျသောလက်ချောင်းများဖြင့် လက်အစီအရင်များ ပြုလုပ်နေသည်။
နောက်ဆုံးတွင် မှော်အခင်းအကျင်းတစ်ခုဖွင့်လိုက်ပြီး မြေပြင်ပေါ်ချလိုက်သည်။
ချီစစ်က အဝေးသို့ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူမအကြည့်များတွင် လေးစားခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နေသည်။
နတ်ဘုရားမမြို့တော်မှ အမျိုးသမီးများအနေဖြင့် နတ်ဘုရားပျောက်ကွယ်တောင်တန်းက တားမြစ်နယ်မြေတစ်ခု မဟုတ်ပေ။ သို့သော် သူတို့ယုံကြည်မှု၏ရင်းမြစ်ဖြစ်သော သူမပိုင်ဆိုင်သည့် သူတော်စင်တောင်တန်းလည်းဖြစ်သည်။
မှော်အခင်းအကျင်းက ပျံ့နှံ့လာပြီး မြေပြင်က ရုတ်တရက် အဖြူရောင်ပြောင်းသွားသည်။
ဧကရီက ခြေဗလာဖြင့် ထိုနေရာတွင် ရပ်လိုက်သည်။ သူမ၏ဖြူဖွေးနူးညံ့သောခြေချောင်းများက အလင်းရောင်ကြောင့် ပိုမိုတောက်ပနေသလိုပင်။
ပုဖန် အသက်ပြင်းပြင်းရှုလိုက်သည်။
ဧကရီပိလော့ကို ကြည့်လိုက်သည်။
ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါလာသည်ကို ခံစားရသည်။
သူမခြေထောက်အောက်မှ အဖြူရောင်အလင်းတန်းက ပိတ်ထားသော ဂိတ်တစ်ခုကဲ့သို့ပုံစံ ဖြစ်လာသည်။ ရုတ်တရက် ထိုဂိတ်က ပွင့်လာသည်။
ဂိတ်အတွင်းမှ အဆုံးမဲ့အင်အားများ ထွက်ပေါ်လာသည်။
ထိုအင်အားကြောင့် ချီစစ်၏ပုံရိပ်က တုန်ခါသွားပြီး သူမမျက်နှာဖြူဖျော့လာသည်။
ဒါက နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ စွမ်းအင်တွေပေါ့ ...
ဘုန်း ဘုန်း ဘုန်း ...
ဖြာထွက်နေသည့် အလင်းတန်းများအတွင်းမှ နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
၎င်းက ပုဖန်နှင့် ဧကရီပိလော့၏အရိပ်ကို ဝါးမျိုသွားသည်။
ပုဖန်၏ မျက်ဝန်းထဲတွင် လောင်ကျွမ်းနေသည့်အဖြူရောင်အလင်းတန်းများသာ ရှိသည်။
ဧကရီပိလော့က သူမ၏ ဖြူဖွေးသော လက်ချောင်းသွယ်သွယ်များဖြင့် ပုဖန်၏ရင်ဘတ်မှ အဝတ်စကိုဆွဲလိုက်သဖြင့် ပုဖန်၏ခန္ဓာကိုယ်က ခပ်မတ်မတ်ဖြစ်သွားသည်။
" ဒီဧကရီရဲ့နောက်ကနေကပ်ပြီးလိုက်ခဲ့ မဟုတ်လို့ ပျောက်သွားရင် တာဝန်မယူနိုင်ဘူး ..."
ဧကရီပိလော့၏အသံက ပုဖန်၏နားထဲတွင် ပဲ့တင်ထပ်နေသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
သူတစ်ခုခု ပြောမည့်အချိန်တွင် ...
ဧကရီပိလော့၏ ဆွဲခေါ်ခြင်းခံရပြီး နေရာတစ်ခုကို လျှောက်သွားကြသည်။
ခဏအတွင်းမှာပင် တောက်ပနေသော အလင်းရောင်ဆီမှ ထွက်လာကြသည်။
အေးစိမ့်နေသောလေထုက ကောင်းကင်၏ အဝန်းအဝိုင်းမှ တိုက်ခတ်နေပြီး နှင်းများကျလာသည်။
ပုဖန်နှင့် ဧကရီပိလော့ရှေ့တွင် လိုဏ်ဂူတစ်ခုပေါ်လာပြီး သူတို့နှစ်ယောက်လုံးအထဲကို ဝင်သွားကြသည်။
သူတို့မြင်လိုက်ရသည်မှာ ရေခဲနှင့် နှင်းခဲများသာဖြစ်သည်။
ဆီးနှင်းများက အလွန်အေးသဖြင့် လေထုအပူချိန်က နိမ့်ကျနေပြီး စကားပြောလျှင်ပင် အဖြူရောင်အငွေ့များကို မြင်နိုင်သည်။
" ငါတို့တွေ နတ်ဘုရားပျောက်ကွယ်တောင်တန်းရဲ့ ဝင်ပေါက်ကိုရောက်ပြီ ... အထွဋ်အထိပ်ကို မမြင်ရတဲ့ အဲ့ဒီတောင်က နတ်ဘုရားပျောက်ကွယ်တောင်ပဲ ... ဒဏ္ဍာရီအရဆိုရင် နတ်ဘုရားပျောက်ကွယ်တောင်က ကောင်းကင်ဘုံနဲ့ ဆက်စပ်နေတယ် ပြောကြတယ် ... အဲ့ဒါအမှန်ဟုတ်မဟုတ်တော့မသိပေမယ့် မင်းလိုချင်တဲ့ အသက်စမ်းရေက အဲ့ဒီထဲမှာရှိတယ် ..."
အဝေးမှ ခမ်းနားထည်ဝါပြီး နှင်းများပြည့်နေသော ဧရာမတောင်ကို ညွှန်ပြကာ ဧကရီပိလော့ ပြောလိုက်သည်။
ထိုနေရာတွင်ရှိသည့် နှင်းတောင်ကြီးက ပုဖန်ကို အဆုံးမဲ့သော ခံစားချက်များပေးနေပြီး ဖိအားများခံစားရစေသည်။
" ကောင်းပါပြီ ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏မျက်လုံးများက အရောင်တောက်နေသည်။
" မင်းတကယ်သွားဖို့ ဆုံးဖြတ်ပြီးပြီလား ...ဒီဧကရီက နောက်ဆုံးတစ်ကြိမ် မေးနေတာနော် ... နောင်တရဖို့ အချိန်ရှိသေးတယ် ... နတ်ဘုရားမမြို့တော်ကို ဒီဧကရီနဲ့တူတူပြန်လိုက်လာပြီး ဖန်ဖန့်ရေခဲမုန့်စတိုးမှာ စီးပွားရေးဆက်လုပ်မလား ..."
ဧကရီပိလော့၏ လှပသောမျက်လုံးများက ပုဖန်ကိုစိုက်ကြည့်နေပြီး မေးလိုက်သည်။
ပုဖန်ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် စကားတစ်ခွန်းမှမပြောပဲ ရှေ့သို့လျှောက်သွားကာ ဧကရီပိလော့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး အဆုံးမဲ့သော နှင်းမုန်တိုင်းများကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ခမ်းနားထည်ဝါသော နတ်ဘုရားပျောက်ကွယ်တောင်သို့ လှမ်းခဲ့သောခြေလှမ်းတိုင်းကလည်း နှင်းမုန်တိုင်ူအောက်တွင် ပျောက်ကွယ်သွားသည်။
ဧကရီပိလော့က နေရာတွင်သာရပ်နေသည်။ ပြင်းထန်နေသော နှင်းမုန်တိုင်းထဲတွင် သူမ၏ ကတ္တီပါနီရောင်ဝတ်ရုံက လောင်ကျွမ်းနေသောမီးတောက်တစ်ခုကဲ့သို့ပင်။
သူမ ချက်ချင်းထွက်မသွားပဲ ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေသည်။
ပုဖန်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး သူမ၏အကြည့်များ ရှုပ်ထွေးနေသည်။
" တကယ့်ကို ခေါင်းမာတဲ့ စားဖိုမှူးလေးပဲ ..."
ဧကရီပိလော့ သူမ၏နှုတ်ခမ်းရဲရဲများကိုကိုက်ကာ ရေရွတ်လိုက်သည်။
…..
နတ်ဘုရားမမြို့တော် ယဇ်ပူဇော်ခန်းမ
မြင့်မြတ်အပျိုစင်က သူမ၏ရွှေရောင်တောင်ဝှေးကို ဆုပ်ကိုင်ထားပြီး ကောင်းကင်သို့တက်သွားသည့် အလင်းတန်းကို ကြည့်နေသည်။ သူမညင်သာစွာ အသက်ရှုထုတ်လိုက်သည်။
" သူ နောက်ဆုံးတော့ ထွက်သွားပြီပေါ့ ..."
" သူ နတ်ဘုရားပျောက်ကွယ်တောင်တန်းကနေ အသက်ရှင်လျက် ပြန်လာနိုင်ပါစေလို့ ငါမျှော်လင့်မိတယ် ..."