အပိုင်း ၁၁၄၉
Viewers 61k

အခန်း ၁၁၄၉

ပုစွန်ပိစိ သွားကြမယ်


မျောက်ဝံဖြူကြီး၏ သေဆုံးခြင်းက မမျှော်လင့်ထားသည့်အရာဖြစ်၍ ပုဖန်ရင်ထဲတွင် မသက်မသာဖြစ်သွားသည်။ 


ထိုသားရဲဧကရာဇ်ကို အသက်စမ်းချောင်းကို လမ်းညွှန်ပေးနိုင်ရန် ကြိုးစားခဲ့ရသော်လည်း ဤလူအုပ်စုက မြှားဖြင့် ပစ်သတ်ခဲ့သည်။


သူ၏ ကြိုးစားအားထုတ်မှုများက အလဟဿဖြစ်ကုန်သည်။


ထို့အပြင် ဤလူအုပ်စုက မျောက်ဝံဖြူကြီးကို ပစ်သတ်ခဲ့ခြင်းမှာ သူတို့အတွက် နွေးထွေးသောဟင်းလျာများ ချက်ပြုတ်ပေးရန်သာဖြစ်သည်။


သူတို့၏ လှောင်ပြောင်သရော်သောအကြည့်များ ပုဖန်ပေါ် ရောက်လာချိန်တွင် သူ၏ကိုယ်တွင်းမှ ဒေါသများ တစ်ဟုန်ထိုးထွက်လာသည်ကို ပုဖန် ခံစားမိသည်။


သို့ရာတွင် ထိုဒေါသကလည်း သူတို့အတွက် ရယ်စရာတစ်ခုသာ ဖြစ်နေသည်။


ပုရွက်ဆိတ်တစ်ကောင်က စိတ်ဆိုးမယ်တဲ့လား ...


ငရဲအကျဉ်းထောင်မှလူများက ကမ္ဘာမြေအကျဉ်းထောင်မှ လူများထက် ပို၍သာလွန်ကြသည်။ သူတို့၏အမြင်အရ ကမ္ဘာမြေအကျဉ်းထောင်က သူတို့၏ငရဲအကျဉ်းထောင်နှင့် ယှဉ်ပါက ချို့ယွင်းချက်များစွာရှ်ိနေသည့်အတွက် ဒုတိယနေရာတွင်သာရှိသည်။


" ဟမ် ... မင်းရဲ့လက်ထဲက ဘာလဲ ..."

ဆံပင်ဖြူနှင့် ကျင့်ကြံသူက ပုဖန်၏လက်ထဲမှ ရွှေရောင်အသားလုံးများကိုကြည့်၍ မျက်လုံးများ မှေးစင်းလိုက်သည်။


ထိုအသားလုံး၏ ရနံ့နှင့် စွမ်းအင်အတက်အကျမှာ မျက်စိပသာဒဖြစ်စေသည့်အတွက် အားလုံးက သတိပြုမိသည်မှာ သဘာဝပင်။


" ဒါကိုပြောတာလား ..."

ပုဖန်က နေရာတစ်ခုလုံးကို စေ့စပ်စွာကြည့်နေပြီးနောက် သူ၏လက်ထဲမှအသားလုံးကို မျက်နှာသေဖြင့် မြှောက်ပြလိုက်သည်။


ထိုအသားလုံးမှ အငွေ့များက ရွှေရောင်အလင်းများ ဖြာထွက်နေသဖြင့် စားချင်စဖွယ်ဖြစ်နေသည်။


ငရဲအကျဉ်းထောင် ကျင့်ကြံသူငါးယောက်၏ မျက်လုံးများ အရာင်လက်သွားသည်။


" ငါ့ကို အဲ့အသားလုံးပေး ..."

ခေါင်း‌ဆောင်ဖြစ်သူက လက်ပိုက်ထားပြီး အထက်စီးမှ အမိန့်ပေးလိုက်သည်။


သူမြင်တွေ့နေရသောအရာကို မငြင်းဆန်နိုင်ပေ။


ပုဖန်၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


ငရဲအကျဉ်းထောင်ကလူတွေက သူတို့ကိုယ်သူတို့ ဘာထင်နေတာလဲ ...


အရင်က ဘုံကိုးပါးမျိုးနွယ်စုက နယ်သာစားဖိုမှူးလည်း ဘဝင်မြင့်ပြီး သူ့ရှေ့က ထစ်ချုန်းမိုးအသားလုံးကို ယူခဲ့တာပဲ ... ဒီရှေ့ကလူကလည်း အဲ့လိုတစ်ပုံစံတည်း ခံစားချင်နေပုံပဲ ...


" ဒီလို တောင်းဆိုချက်ကို ကျုပ်ဘယ်လို ငြင်းပယ်ရမလဲ ..."

ပုဖန်ပြောလိုက်သည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏မျက်နှာမှ စက်ဆုပ်ဖွယ်အကြည့်က ပို၍အသက်ဝင်လာပြီး သူတို့အားလုံး ပုဖန်ကို လှောင်ပြောင်ရယ်မောနေကြသည်။


ဒီလူက စကားပြောရလွယ်သားပဲ ...


ပုဖန်က ထိုလူငါးယောက်ကို တည်ကြည်စွာကြည့်ပြီး အသားလုံးကို ပါးစပ်ထဲထည့်ကာ ကိုက်လိုက်သည်။


" ခင်ဗျားတို့က နွေးထွေးဓာတ်လိုချင်နေတာမလား ... ရပါစေလို့ ကျုပ်မျှော်လင့်တယ် ..."

ပုဖန်၏ အသံက ရေခဲပြင်ပေါ်တွင် ပဲ့တင်ထပ်နေသည်။


ခဏအကြာတွင် လက်ဖြင့်တောက်လိုက်သည့်အခါ အသားလုံးက ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်သွားကာ ငရဲအကျဉ်းထောင်ကျင့်ကြံသူများထံ ပစ်လိုက်သည်။


" မင်း ငါတို့ကိုနောက်ရဲတယ်ပေါ့ ... သေချင်နေတာပဲ ..."


ခေါင်းဆောင်ဖြစ်သူ၏မျက်နှာတွင် ဒေါသရိပ်သန်းလာသည်။ သူ၏ဆံပင်ဖြူများ တဖျပ်ဖျပ်လွင့်လာကာ သူ့ထံသို့ပျံလာသည့် ရွှေရောင်အသားလုံးကို ကြည့်နေသည်။


သူတို့ဆီကို ကိုက်ထားပြီးသားအသားလုံးကို ပစ်လိုက်တယ်ဆိုတော့ ဒီကောင်တကယ်ကို သေချင်နေတာ ...


သူ၏မျက်လုံးထဲတွင် အလင်းတန်းများ ထောင်နှင့်ချီပြီး ပေါ်လာသည်။ ထို့နောက် အသားလုံးကိုဖမ်းရန် လက်ဆန့်ထုတ်လိုက်သည်။


ပုဖန်၏ လှုပ်ရှားမှုများကို အားလုံးက မမျှော်လင့်ထားကြပေ။


ကျန်ရှ်ိနေသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများက ပုဖန်ကို ယုတ်မာသည့်အပြုံးများဖြင့် ကြည့်နေသည်။


ကမ္ဘာမြေအကျဉ်းထောင်က ပုရွက်ဆိတ်‌တစ်ကောင်က တကယ်ကိုသေချင်နေတာပဲ ... အဲ့ဒီပုရွက်ဆိတ်ကို ဆံပင်ဖြူနဲ့ကောင်လေးက မြှားနဲ့အပိုင်းပိုင်းဖြဲပစ်မယ့် မြင်ကွင်းကို သူတို့ စိတ်ကူးယဉ်ကြည့်လို့တောင် ရနေပြီ ...


ရုတ်တရက် ...


ထူးဆန်းသည့် အတက်အကျများကို ခံစားလိုက်ရ၍ သူတို့အေးခဲသွားသည်။ ထိုအတက်အကျလှိုင်းက ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နေသည်။


ဟမ် ...


ထိုအတက်အကျလှိုင်းများ လာနေသည့် အရပ်မျက်နှာကို အားလုံး၏စိတ်ထဲတွင် အာရုံခံစားနိုင်နေသည်။


အဲ့ဒါက ကိုက်ထားတဲ့ အသားလုံးဆီက လာနေတာပဲ ...


" အဲ့အသားလုံးက နည်းနည်းထူးဆန်းနေတယ် ..."

သူတို့ထဲမှတစ်ယောက်က အော်လိုက်သည်။


ဆံပင်ဖြူနှင့်ခေါင်းဆောင်က ရွှေရောင်အသားလုံးကို ကြည့်လိုက်စဉ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အရိုးထဲထိစိမ့်နေသည့် ခံစားချက်မျိုးရလိုက်ကာ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။


ဒီစွမ်းအင်က သေလုမျောပါးဖြစ်စေတဲ့ စွမ်းအင်ပဲ ...


ပုဖန်လက်ပိုက်ထားပြီး သူ၏စားဖိုမှူးဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေလျက် ငရဲအကျဉ်းထောင်ကျင့်ကြံသူများကို အဝေးမှ ကြည့်နေသည်။ သူ၏နှုတ်ခမ်းများကို တွန့်ကွေ့ကာ စကားတစ်ခွန်းပြောလိုက်သည်။


" ပေါက်ကွဲစမ်း ..."


ဘုန်း ...


ငရဲအကျဉ်းထောင် ကျင့်ကြံသူငါးယောက်အနားသို့ ရောက်နေသည့် ရွှေရောင်အသားလုံးက ပေါက်ကွဲသွားသည်။


ကောင်းကင်တစ်ခွင်တွင် မီးတောက်များ ပျံ့နှံ့သွားပြီး အရာအားလုံးကို ဝါးမျိုတော့မည်ဟုပင် ထင်ရသည်။


ကြောက်မက်ဖွယ်အတက်အကျများက မုန်တိုင်းကဲ့သို့ မြင့်တက်လာသည်။ ရွှေရောင်လှိုင်းဂယက်များက လေမုန်တိုင်းကဲ့သို့ ဖြန့်ကျက်သွားကာ ပုဖန်၏ ဆံပင်နှင့် စားဖိုမှူးဝတ်ရုံကိုပင် တဖျပ်ဖျပ်လွင့်နေစေသည်။


တစ်ချိန်တည်းမှာပင် နားအူမတတ်အသံကြီးက ကောင်းကင်အထိ မြည်ဟီးလာသည်။


ထိုပေါက်ကွဲမှုကို အမဲသားထဲတွင် ပါဝင်သည့် မဟာနိယာမလမ်းကြောင်းကြီးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ငရဲအကျဉ်းထောင်ကျင့်ကြံသူငါးယောက်ကို မီးတောက်များက ဝါးမျိုသွားသည်။


ပုဖန် လက်ပိုက်ပြီး စိတ်ထဲတစ်ချက်လှုပ်ရှားသွားသည်။


ဤပြင်းထန်သောပေါက်ကွဲမှုက နတ်ဘုရားပျောက်ကွယ်တောင်တစ်ခုလုံးကို ဖြတ်သန်းသွားစေပုံရသဖြင့် ပုဖန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။


ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းပြင်းထန်ထန်လှုပ်ခါသွားသဖြင့် တောင်ပေါ်မှနှင်းထုများပင် ပြိုကျလာတော့မည့်ပုံပင်။


သို့ရာတွင် ထိုသို့မဖြစ်ခဲ့ပါ။ အသားလုံးတစ်လုံးထဲဖြင့် နှင်းများပြိုကျလာရန်မှာ ခက်ခဲလွန်းလှသည်။


ဝှစ် ...


မိုးကုပ်စက်ဝိုင်းမှ နှင်းများကျလာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် အသေးစားနှင်းမုန်တိုင်းလေးသာဖြစ်သည်။


အဝေးတစ်နေရာတွင် ကြီးမားသောချိုင့်ခွက်ကြီး ဖြစ်ပေါ်လာသည်။ ထိုနေရာတွင် နှင်းများအရည်ပျော်ကျပြီး မြေပြင်လည်း ကွဲအက်နေသည်။ အသားကိုမီးလောင်ထားသည့်ရနံ့များ ပျံ့နှံ့နေပြီး လူအချို့က ဝမ်းနည်းပက်လက်ငိုကြွေးနေသည်။


ထစ်ချုန်းမိုးအသားလုံးတစ်လုံးတည်းဖြင့် အားလုံးကို မသတ်နိုင်ကြောင်းသိ၍ ပုဖန်သတိထား၍ ထိုချိုင့်ခွက်ကို ကြည့်နေသည်။ 


တစ်ဖက်လူများက သတိမထားမိ၍ ဖောက်ခွဲခံလိုက်ရသော်လည်း သူတို့ကငရဲအကျဉ်းထောင်ကျင့်ကြံသူများ ဖြစ်နေသည်။ အသန်မာဆုံးကျင့်ကြံသူမှာ စစ်မှန်မသေမျိုးနယ်ပယ်အထွဋ်အထိပ်အဆင့်ဖြစ်၍ လင်းတမိန်ထက်ပို၍ အားမနည်းပေ။


သို့ဖြစ်၍ ပုဖန် ဂရုမစိုက်ပဲ မနေရဲပေ။


ပုဖန် ခြေလှမ်းလိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ မှေးကျဉ်းသွားသည်။


ပျက်စီးနေသော ချိုင့်ခွက်ထဲမှ မီးခိုးများထွက်နေသည်။ ငရဲစွမ်းအင်များ ပြည့်နှက်နေသည့် မည်းနက်နေသောမြှားတစ်ချောင်းက ပုဖန်၏ခေါင်းကို ချိန်ရွယ်၍‌ပစ်လွှတ်လိုက်သည်။


၎င်းက မျောက်ဝံဖြူကြီးကို သတ်လိုက်သကဲ့သို့ပင် ပုဖန်ကို ဆုတ်ဖြဲပြီး မြေပြင်ပေါ် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေချင်ပုံပင်။


သို့ရာတွင် ပုဖန်က မျောက်ဝံဖြူကြီးမဟုတ်သည့်အတွက် စိတ်အေးလက်အေးနေနိုင်သည်။


သူ၏လှုပ်ရှားမှုက ဆန်းကြယ်ပြီး ပုံရိပ်ကမှေးမှိန်သွားကာ မြှားကိုရှောင်လိုက်သည်။


မီးခိုးများက ဖြည်းညှင်းစွာ ပြန့်ကျဲသွားသည်။


အတွင်းမှ ပုံရိပ်တစ်ခု အပေါ်တက်လာသည်။


" သောက်ကျင့်မကောင်းတဲ့ကောင် ... ငါတို့ကို တကယ်ထိခိုက်အောင်လုပ်တယ်ပေါ့ ..."


‌ထိုအသံထဲတွင် ‌ဒေါသများဖြင့် ပြည့်နေသည်။


အစကတော့ အဲ့လူကို ပုရွက်ဆိတ်‌တစ်ကောင်လို့ပဲထင်ခဲ့တာ ... အခုတော့သူက အစွယ်တွေထုတ်ပြနေတဲ့ ဝံပုလွေတစ်ကောင်ဖြစ်နေတာပဲ ...


သူတို့အဖွဲ့တောင်မှ ဒီနေရာမှာ ပျက်စီးလုနီးပါး ဖြစ်သွားတယ် ... 


အားလုံး မသေကြရင်တောင်မှ မဟာနိယာမလမ်းကြောင်းရဲ့ဆန္ဒပါတဲ့ ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာ သေချာတယ် ...


သူတို့ထဲက အားနည်းတဲ့လူတွေကတော့ သေသွားလောက်တယ် ...


ပြင်းထန်စွာ ပင့်သက်ရှိုက်လိုက်သည့်အသံ ထွက်ပေါ်လာသည်။


သူတို့ထဲမှသုံးယောက်က ချိုင့်ခွက်ထဲ‌တွင် ပုံပျက်ပန်းပျက်ဖြစ်နေကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။


ထိုအသားလုံးက ပြင်းထန်သောစွမ်းအားဖြင့် ပေါက်ကွဲသွားလိမ့်မည်ဟု မထင်ခဲ့ပေ။


သူတို့ကို အထိနာသွားစေခဲ့တယ် ...


အသားလုံးတစ်လုံးက တကယ်ပဲ ပေါက်ကွဲနိုင်လို့လား ... စားစရာတွေက သတ်ဖြတ်နိုင်စွမ်းအားရှိလို့လား ...


ဒါဘယ်လို အခြေအနေကြီးလဲ ...


ငရဲအကျဉ်းထောင်က ဘုံကိုးပါးမျိုးနွယ်စုရဲ့ နယ်သာစားဖိုမှူးတွေဆိုရင်တောင် သူတို့ချက်တဲ့ စားသောက်ဖွယ်ရာတွေက ပေါက်ကွဲနိုင်စွမ်းမရှိဘူးမလား ...


စားစရာတွေက စားဖို့ပဲလေ ပေါက်ကွဲဖို့မှမလိုတာ ...


စားစရာတွေက ဘာလို့မပေါက်ကွဲနိုင်ရမှာလဲဆိုတာကတော့ ပုဖန်ရဲ့အတွေးပါ ...


အသားလုံးတစ်လုံးနဲ့ မရရင်နောက်တစ်လုံးပေါ့ ...


နောက်ထပ် ရွှေရောင်အသားလုံးတစ်လုံးက တရှဲရှဲအသံဖြင့် ငရဲအကျဉ်းထောင်စားဖိုမှူးထဲသို့ လှစ်ခနဲပျံသွားသည်။


ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။


မီးတောက်များက ကောင်းကင်ပေါ်သို့ နောက်တစ်ကြိမ်လွှမ်းမိုးသွားကာ ကြောက်မက်ဖွယ်အတက်အကျလှိုင်းများ ပျံ့နှံ့လာသည်။


ကျောက်ခဲအစအနများဖြင့် ပေကျံ‌နေသည့် ငရဲအကျဉ်းထောင်ကျင့်ကြံသူမှာ နောက်ထပ်ပေါက်ကွဲမြှတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။


" သေစမ်းကွာ ..."


ကျင့်ကြံသူက သနားစဖွယ်အခြေအနေဖြင့်ထွက်ပြေးရတော့သည်။ အသားလုံးနှစ်လုံးဖြစ်သွားသည့်အတွက် သူ့ကို အလွယ်လေးသတ်နိုင်သည်။


အသားလုံးများကိုင်ထားသည့်ပုဖန်ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။


ဝှစ် ...


ပုဖန်၏မျက်နှာက အေးစက်နေသည်။


ခဏတွင်းချင်း သူ၏ပုံရိပ်ပတ်ပတ်လည်တွင် ထစ်ချုန်းမိုးအမဲသားလုံးငါးလုံး ပေါ်လာသည်။


လက်ညိုးတစ်ချက်ထိုးလိုက်သည်နှင့် ... 


တစ်ခုပြီးတစ်ခု ပျံဝဲသွားသည်။


ဘုန်း ...


ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူမှာ ရှောင်ရန်အချိန်ပင် မရလိုက်ပေ။


အသားလုံး၏အရှိန်က ကြယ်ပျံကဲ့သို့ လျင်မြန်ကာ အနားသို့ လျင်မြန်စွာ ရောက်လာသဖြင့် သူထွက်မပြေးနိုင်ခဲ့ပေ။


အသားလုံး အနည်းငယ်ကို ခုခံပြီးသည့်အခါ ထပ်မံမတားနိုင်တော့ပေ။


ထစ်ချုန်းမိုးအမဲသားလုံးများမှ သေသပ်သော အတက်အကျလှိုင်းများကို သူမကိုင်တွယ်နိုင်ဆော့သည့်အတွက် သေဆုံးသည်အထိ ဖောက်ခွဲခံလိုက်ရသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူငါးယောက်က နောက်ဆုံးမှာ သူတို့အလိုရှိတဲ့အတိုင်း နွေးထွေးမှုတွေကို ရရှိသွားခဲ့ပါတယ် ...


ပုဖန် လက်မြှောက်လိုက်ပြီး လက်ထဲတွင် အသားလုံးတစ်လုံးကိုကိုင်ထားသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် အသားလုံးနှစ်လုံးက လှည့်ပတ်နေသည်။


" ပြီးသွားပြီလား ..."


ပုဖတ် ရေရွတ်လိုက်ပြီးနောက် အသားလုံးနှစ်လုံးကို သိမ်းထားလိုက်သည်။ ခေါင်းမော့၍ နတ်ဘုရားပျောက်ကွယ်တောင်၏ မမြင်ရသောအထွဋ်အထိပ်ကို မှန်းဆကြည့်လိုက်သည်။


အသက်စမ်းချောင်းက ဘယ်မှာပါလိမ့် ...


နတ်ဘုရားပျောက်ကွယ်တောင်ရဲ့ အထွဋ်အထိပ်မှာများလား ...


ဒါက ဖြစ်နိုင်ချေရှိတယ် ...


လမ်းပြပေးမည့် မျောက်ဝံဖြူကြီးလည်း မရှိတော့သည့်အပြင် ငရဲအကျဉ်းထောင်ကျင့်ကြံသူငါးယောက်ကိုပါ သတ်ပစ်လိုက်သဖြင့် ပုဖန်က ဤခရီးစဉ်တွင် တစ်ယောက်တည်းဖြစ်သွားပြန်သည်။


သက်ပြင်းချလိုက်ပြီးနောက် လက်များကို အင်္ကျီထဲလျှိုထားလိုက်သည်။


ထို့နောက် နှင်းမုန်တိုင်းထဲသို့ ဝင်ရောက်သွားပြန်သည်။


ခဏအကြာတွင် ထို‌နေရာမှပျောက်ကွယ်သွားကာ တောင်ထိပ်ကိုဦးတည်သွားသည်။


နှင်းများက ပို၍ ထူထပ်လာသည်။


အငွေ့တလူလူထွက်နေသော အပျက်အစီးများကို နှင်းများက ဖုံးလွှမ်းသွားသည်။


မကြာမီ မျောက်ဝံဖြူကြီးနှင့် ငရဲအကျဉ်းထောင်လူများ၏ အလောင်းများကို နှင်းမုန်တိုင်းက ဝါးမျိုသွားသည်။


နတ်ဘုရားပျောက်ကွယ်တောင်ရဲ့အောက်မှာ ဒီလိုပဲ ဝါးမျိုခံလိုက်ရတဲ့အလောင်းတွေ ဘယ်လောက်တောင်များတယ်ဆိုတာ ဘယ်သူသိမှာလဲ ...


ရုတ်တရက် ...


ပေါက်ကွဲသံလှိုင်းတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။


အနက်ရောင်ပုံရိပ်နှစ်ခုက အဝေးမှပျံသန်းလာပြီး သူတို့နောက်တွင် နှင်းများ လွင့်ကျန်နေခဲ့သည်။


မကြာမီ ပုဖန်နှင့် ငရဲအကျဉ်းထောင်ကျင့်ကြံသူတျု့ တိုက်ခိုက်ခဲ့သည့် နေရာ၏အထက်တွင် ပျံဝဲနေသည်။


မြေပြင်ပေါ်တွင် နှင်းများသာ ကျန်ရှိနေသည်။


" သူတို့ ဒီမှာသေခဲ့တာပဲ ... မုန်းတီးမှုလှိုင်းတွေက သူတို့ခန္ဓာကိုယ်တွေကနေ ပျံ့နှံ့နေတာကို ခံစားမိတယ် ..."


ကျောက်တုံးကို ဖိကြိတ်နေသည်နှင့်တူသော အက်ကွဲကွဲအသံတစ်ခု ပေါ်ထွက်လာသည်။


" သူတို့က ငါတို့ငရဲအကျဉ်း‌ထောင်ရဲ့ ယောင်နျဲ့တွေတော့မဟုတ်ပေမယ့် နတ်ဘုရားပျောက်ကွယ်တောင်မှာ တပ်စိပ်တစ်ခုကို တစ်ယောက်မှ ထွက်မပြေးအောင်လုပ်ပြီး သတ်ပစ်ခဲ့တာ ဘယ်သူပါလိမ့် ...


" ဘယ်သူလုပ်တယ်ဆိုတာ ငါမသိပေမယ့် ... နတ်ဘုရားပျောက်ကွယ်တောင်က အခု အရမ်းစိတ်ဝင်စားစရာကောင်းလာတယ်ဆိုတာတော့ ငါသိတယ် ...


" ကမ္ဘာမြေအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေတွေကို အထင်မသေးနဲ့ ...တားမြစ်နယ်မြေလို့ သတ်မှတ်ထားမှတော့ ကြောက်မက်ဖွယ်ရာတွေ ရှိနေမှာ သဘာဝပဲ ..."


" တားမြစ်နယ်မြေတဲ့လား ... ဒါက ငါတို့ ငရဲအကျဉ်းထောင်က ငယ်ရွယ်တဲ့မျိုးဆက်သစ်တွေအတွက် လေ့ကျင့်စရာကွင်းတစ်ခုပဲမလား ..."


ထိုလူနှစ်ယောက်က နှင်းခဲထူထူများပေါ်တွင် ရပ်လျက် ဆွေးနွေးနေကြသည်။


ထို့နောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားကာ ငရဲစွမ်းအင်များဖြင့် နတ်ဘုရားပျောက်ကွယ်တောင်ပေါ်သို့ အလျင်စလို တက်သွားကြသည်။


ဤနေရာတွင် မည်သူမျှမရှိပေ။


နတ်ဘုရားပျောက်ကွယ်တောင်၏ ထောင့်တိုင်းတွင် ပုံရိပ်များစွာ ထွက်ပေါ်လာပြီး အားလုံးက တောင်ထိပ်ကိုသာ ဦးတည်နေကြသည်။


ပုဖန်က ထူထပ်သောနှင်းတောထဲတွင် မနှေးမမြန်ဖြင့်သာ တောင်ပေါ်တက်နေသည်။


အသက်စမ်းရေက သူတော်စင်အဆင့် မသေမျိုးပါဝင်ပစ္စည်းဖြစ်သည်။ ၎င်းက နတ်ဘုရားပျောက်ကွယ်တောင်ထိပ်တွင် ရှိနေသည်မှာ ဖြစ်နိုင်ချေရှိသည်။


ဘုန်း ...


ရုတ်တရက် 


ပုဖန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။


နှင်းများ ပြန့်ကျဲသွားကာ အဝေးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ငရဲစွမ်းအင်လွှမ်းခြုံထားသည့် အနက်ရောင်ပုံရိပ်များက တောင်ထပ်ကို အမြောက်များပစ်လွှတ်နေသကဲ့သို့ တက်လာကြသည်။


နတ်ဘုရားပျောက်ကွယ်တောင်၏ ထောင့်လေးခုတိုင်းတွင် ထိုသို့ အလျင်စလိုသွားနေကြသည့် ကျင့်ကြံသူများ ပေါ်ထွက်လာသည်။


ပုဖန် ချက်ချင်းပင် အေးခဲသွားပြီး အလွန်အမင်း သံသယဝင်လာသည်။


ဘာတွေဖြစ်နေတာလဲ ...


ငရဲအကျဉ်းထောင်က ကျင့်ကြံသူအများကြီးက တောင်ထပ်ကိုဘာလို့ အလျင်စလိုတက်နေကြတာလဲ ပြိုင်ပွဲလား ...


မှန်ပေသည်။ ငရဲအကျဉ်းထောင်ကျင့်ကြံသူများက တောင်ထိပ်ကို မည်သူအရင်ရောက်မည်ကို ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။


နဂိုမူလက ငရဲအကျဉ်းထောင်ကျင့်ကြံသူများက ကမ္ဘာမြေအကျဉ်းထောင်၏ တားမြစ်နယ်မြေတွင်ပေါ်လာနေကြ ဖြစ်သော်လည်း နတ်ဘုရားပျောက်ကွယ်တောင်သို့ လာရောက်ကြသည်က အလွန်ရှားပါးသည်။


သို့ရာတွင် ထိုကျင့်ကြံသူများက တောင်ထိပ်ကို အပြိုင်အဆိုင်တက်နေကြခြင်းက ထူးဆန်း‌နေသည်။


ရုတ်တရက် ပုဖန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။


ဒီလူအုပ်ကြီးကရော အသက်စမ်းရေကို လာရှာကြတာများလား ...