အပိုင်း ၁၁၅၀
Viewers 53k

အခန်း ၁၁၅၀

နတ်ဘုရားပျောက်ကွယ်တောင်၏ အထွဋ်အထိပ်၊ အာတိတ်ကြယ်စင်မြေခွေး


ပုစွန်ပိစိ၏ အရှိန်က ‌ အလွန်မြန်သည်။ ရွှေရောင်အလင်းတန်းကဲ့သို့ ဖြတ်သန်းသွားပြီး နှင်းများကိုအစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။ 


ပတ်ဝန်းကျင်မှ အလျင်စလိုသွားနေကြသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများ မျက်ခုံးများပင့်လိုက်ကြသည်။


သူတို့အားလုံး၏ခန္ဓာကိုယ်မှ စွမ်းအင်များက အလွန်သန်မာကြသည်။ အနည်းဆုံး သူတို့က ပုဖန်အစောပိုင်းကတွေ့ခဲ့သည့် ငရဲအကျဉ်းထောင်ကျင့်ကြံသူအုပ်စုထက် သန်မာကြသည်။


ပုဖန် ပုစွန်ပိစိ၏ကိုယ်ပေါ်တွင် ထိုင်နေသည်။ ပုစွန်ပိစိက အထိန်းအကွပ်မဲ့သွားသော မြင်းတစ်ကောင်ကဲ့သို့ နတ်ဘုရားပျောက်ကွယ်တောင်ထိပ်ကို တစ်ဟုန်ထိုးတက်နေသည်။


ငရဲအကျဉ်းထောင် ကျင့်ကြံသူများအားလုံးက တောင်ထိပ်သို့ တက်နေကြသဖြင့် ထိုနေရာတွင် ကောင်းမွန်သည့်အရာ တစ်စုံတစ်ခုရှိမည်ဟု ပုဖန်ယုံကြည်နေသည်။


နတ်ဘုရားပျောက်ကွယ်တောင်၏ လူအများကို ဆွဲဆောင်သောအရာမှာ အသက်စမ်းချောင်းတစ်ခုတည်းဖြစ်မည်ကို ပုဖန် စိုးရိမ်နေမိသည်။


၎င်းက အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းဖြစ်သည်။ ယခင်က မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများက အထွဋ်အမြတ်အဆင့်ပါဝင်ပစ္စည်းဖြစ်သော မသေမျိုးအပင်ပေါက်ကို ရယူရန်အတွက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို တိုက်ခိုက်ခဲ့သည်။


အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းများ၏ ဆွဲဆောင်မှုက လူတိုင်းကို ရူးသွပ်သွားစေနိုင်သည်။


၎င်းက ပုဖန်၏ အတွေးတစ်ခုသာဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူမသိပေ။ 


ထိုအချိန်တွင် ငရဲအကျဉ်းထောင် ကျင့်ကြံသူများက အနည်းငယ်စိတ်ရှုပ်နေကြသည်။


" အဲ့လူက ငရဲအကျဉ်းထောင်ကလား ... စမ်းသပ်မှုမှာ ပထမရချင်နေတဲ့ပုံပဲ ..."


" ပထမနေရာက ငါ့ဖို့လေ ဘယ်သူမှလုယူသွားလို့မရဘူး ..."


" ငရဲအကျဉ်းထောင်ရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမရမှာ ငါတို့ ဘုံကိုးပါးမျိုးနွယ်စုပဲကွ ..."


ထိုငရဲအကျဉ်းထောင်ကျင့်ကြံသူများက ပုဖန် သူတို့ကို ဖုန်မှုန့်များအကြား ထားခဲ့သည်ကို မြင်လိုက်ရသည်။ ခဏတာ မှင်သက်နေပြီးနောက် အားလုံး၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် အရောင်လက်လာသည်။


ဘုန်း ဘုန်း ဘုန်း ...


ခဏတွင်းချင်း သူတို့ဖွက်ထားသည့်ဖဲကတ်များကို ထုတ်သုံးကြတော့သည်။


သူတို့အားလုံး၏ ခန္ဓာကိုယ်မှ အနက်ရောက်ငရဲသွမ်းအင်များ ပျံနှံ့လာသည်။ တစ်ချိန်တည်းမှာပင် ငရဲသွမ်းအင်များက ကောင်းကင်ဘုံထိ မြင့်တက်သွားကာ အနက်ရောင်ထောက်တိုင်များကဲ့သို့ အပေါ်တက်သွားသည်။


ခဏတွင်းချင်း သူတို့၏အရှိန်များ မြန်လာသည်။


သူတို့၏အရှိန်မြှင့်သွားချိန်တွင် နှင်းများက နေရာအနှံ့ပြန့်ကျဲကုန်သည်။


သူတို့၏ရှေ့မှ ရွှေရောင်အလင်းတန်းနောက်သို့လိုက်ရန်အတွက် အားလုံးက အမြင့်ဆုံးအရှိန်ဖြင့် ‌ထွက်ခွာသွားကြသည်။


ပုဖန် စိတ်ထဲ တုန်ခါသွားသည်။ သူ‌လှည့်ကြည့်လိုက်သည့်အခါ ရူးနှမ်းနေသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများအုပ်စုက သူ့နောက်ကို အမောတကောလိုက်လာသည်။


မျက်ခုံးများ ပင့်လိုက်ပြီး ရင်ထဲတွင် ခဏတာအေးခဲသွားသည်။


ဒီလူတွေ ရူးနေလား ...


ပုဖန် လေအေးကိုရှုရှိက်လိုက်ရပြီး ပုစွန်ပိစိ၏ခေါင်းကို လက်ဖြင့်ဖိလိုက်သည်။


" ပုစွန်ပိစိ အရှိန်မြှင့်လိုက် ..."


ခဏတွင်းချင်း ပုစွန်ပိစိ၏ခန္ဓာကိုယ်မှ အလင်းတန်းကပို၍တောက်ပလာပြီး အရှိန်လည်းမြန်လာသည်။


လေပွေတစ်ခုက ပုဖန်၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ အနီရောင်စားဖိုမှူးဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။


အနောက်တွင်ကျန်ခဲ့သော ငရဲအကျဉ်းထောင်ကျင့်ကြံသူများ မှင်သက်သွားကြပြန်သည်။


" အဲ့ကောင်က ဘယ်သူတုန်းဟ ... သူက စမ်းသပ်ချက်မှာ ပထမနေရာယူချင်နေတာလား ..."


" ငါကတော့ ရှုံးဖို့ မဖြစ်နိုင်ဘူးနော် ..."


" ဒီ လူအိုကြီးလည်း မယုံဘူး ..."


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ အုတ်အော်သောင်းနင်းဖြစ်လာပြီး သူတို့၏ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များ ထွက်ပေါ်လာပြန်သည်။ ထို့နောက် အရှိန်တင်ပြီး နတ်ဘုရားပျောက်ကွယ်တောင်ထိပ်ကို အရူးတစ်ပိုင်း တက်သွားကြပြန်သည်။


နှင်းမုန်တိုင်းက အဆက်မပြတ် ကျဆင်းနေသည်။


တောင်ထပ်မှ မြည်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။


ခဏတွင်းချင်း ...


အားလုံး ခေါင်းမော့၍ တောင်ထိပ်ကိုကြည့်လိုက်ချိန်တွင် ကြီးမားသောနှင်းခဲကြီးများ ရုတ်ချည်းပြိုကျလာသည်။


" နှင်းထုကြီး ပြုတ်ကျလာတာလား ..."


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ မျက်နှာများက ပျက်ယွင်းသွားသည်။ သို့ရာတွင် ဤသို့ နှင်းပြိုကျမှုကပင် သူတို့ကို မဟန့်တားနိုင်ပေ။


ဘုန်း ဘုန်း ဘုန်း ...


အားလုံးက အနက်ရောင်အလင်းတန်းများအဖြစ်ပြောငါးသွားပြီး နှင်းများထဲ တိုးဝင်သွားသည်။


နှင်းပြိုကျမှုက ရေတံခွန်နှင့်တူပြီး အလွန်ထိတ်လန့်ခြောက်ခြားဖွယ်ရာပင်။


ပုဖန်က ပုစွန်ပိစိကိုစီးလျက် ရှောင်ရှားခြင်းမရှိပဲ နှင်းများထဲသို့ တိုးဝင်သွားသည်။


နှင်းပြိုကျမှုက ခဏခန့် ကြာမြှင့်သွားသည်။


ပုဖန်နှင့် ပုစွန်ပိစိတို့ နှင်းထုထဲမှ ထွက်လာချိန်တွင် သူတို့ရှေ့မှမြင်ကွင်းက ရုတ်ချည်းပြောင်းလဲသွားသည်။


" ဟမ် ..."

ပုဖန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


ရေခဲတမျှအေးစက်သောလေထုများ ပျောက်ကွယ်သွားပြီး ဆောင်းဦးလေပွေလေးများသာ ကျန်ရှိနေတော့သည်။


သူ၏မျက်လုံးထဲတွင် မေပယ်သစ်တောကြီးတစ်ခုသာ ရောင်ပြန်ဟပ်နေသည်။ မေပယ်ရွက်အနီရောင်လေးများက ဆောင်းဦးလေ‌ပြည်အောက်တွင် ယိမ်းနွဲ့နေပြီး လေတိုးသံများကိုသာ ကြားနေရသည်။ သူ၏ခြေထောက်အောက်မှ မြေပြင်တွင်လည်း မေပယ်ရွက်များဖြင့် ဖုံးလွှမ်းထားသည်။ 


ပုဖန် မေပယ်ရွက်များအပေါ်တွင်ရပ်လျက် အနည်းငယ် မှင်သက်သွားသည်။


" ဆောင်းမနက်ခင်းပြီးမှ ဆောင်းဦး တိမ်မြုပ်ခြင်းလား ..." 


ပုဖန် သံသယဝင်သွားသော်လည်း မသင်္ကာမှုတစ်ခုမျှသာဖြစ်သည်။ ခေါင်းမော့၍ နတ်ဘုရားပျောက်ကွယ်တောင်ထိပ်ကိုကြည့်လိုက်ချိန်တွင် သူ၏ရင်တွင်း၌ ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။


ဘုန်း ဘုန်း ဘုန်း ...


မြူနှင်းမှုန်များကြားမှ အနက်ရောင်စွမ်းအင်များက ကောင်းကင်အထိ တက်လာသည်။


ထိုအနက်ရောင်စွမ်းအင်များက မြေပေါ်ဆင်းသက်လာပြီး မေပယ်ရွယ်များကို လွင့်ထွက်သွားစေသည်။


ပုဖန်၏ မျက်နှာက မည်းမှောင်သွားသည်။


ငရဲအကျဉ်းထောင်ကလူတွေ သူ့ကိုလိုက်မီလာတာပဲ ...


" ပုစွန်ပိစိ သူတို့ကို မျက်ခြေဖြတ်လိုက်စမ်း ..."

ပုဖန်က တည်ငြိမ်စွာပြောလိုက်သည်။


ရွှေရောင်ပုံရိပ်ဖြင့် ပုစွန်ပိစိက ချက်ချင်းအရောင်တောက်လာပြန်သည်။ ခဏတွင်းချင်းမှာပင် ကျည်ဆန်ကဲ့သို့ ပြေးထွက်သွားကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။


ထိုအချိန် ငရဲအကျဉ်းထောင်ကျင့်ကြံသူများက မြေပြင်ပေါ် ဆင်းလိုက်ကြသည်။ သူတို့ အသက်ဝဝ မရှုရသေးမီမှာပင် ရွှေရောင်အလင်းတန်းက တစ်ဟုန်ထိုး ထွက်သွားပြန်သည်။


သူတို့အားလုံးအံကြိတ်လိုက်ကြသည်။ စမ်းသပ်မှုတွင် ပထမနေရာရရန်အတွက် အရှိန်မြှင့်ပြီး နတ်ဘုရားပျောက်ကွယ်တောင်ထိပ်သို့ ဦးတည်လိုက်ကြသည်။


မေပယ်ရွက်များက နေရာအနှံ့ပျံဝဲကုန်သည်။ 


အနီရောင်စားဖိုမှူးဝတ်စုံက တဖျပ်ဖျပ်ခါနေသည်။


ထူထပ်သော အနက်ရောင်ကြယ်ပျံများက ရွှေရောင်ကြယ်ပျံနောက်သို့ တစ်ဟုန်ထိုးလိုက်နေသည်။


ဘုန်း ...


ခဏတွင်းချင်း မြင်ကွင်းထဲမှ မေပယ်ရွက်များ ပျောက်ကွယ်သွားသည်။


သူတို့၏ မြင်ကွင်းထဲရောက်လာသည်က တောက်လောင်နေသောအပူချိန်နှင့် ကျောက်စမ်းရောင်သစ်ရွက်များဖြစ်သည်။


ဖိနှိပ်နေသော နွေရာသီအပူချိန်ကြောင့် တစ်စုံတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ပုဖန်၏နှလုံးသားကို တုန်ခါသွားစေသည်။ 


နတ်ဘုရားပျောက်ကွယ်တောင်၏ အစိတ်အပိုင်းတိုင်းက သူယခင်က ချက်ပြုတ်ခဲ့သည့် ယဇ်ပူဇော်ဟင်းလျာများနှင့် ဆင်တူနေသည်။


အနည်းဆုံး အဓိပ္ပါယ်တော့ ဆင်နေတယ် ...


ထိုအချိန်တွင် နတ်ဘုရားပျောက်ကွယ်တောင်၏ ဤနေရာမှ ဖိအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။


ဤဖိအားကြောင့် ပုစွန်ပိစိက သူ၏မျက်လုံးဝိုင်းကြီးများကို စိုးရိမ်ပူပန်နေသကဲ့သို့ အဆက်မပြတ်လှည့်နေသည်။


ဝှစ် ဝှစ် ဝှစ် ...


မြူနှင်းများကြားမှ အနက်ရောင်အလင်းတန်းများ ထွက်လာကာ မြေပြင်ပေါ် ဆင်းသက်လာသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူအားလုံး အမောတကောဖြင့် အသက်ရှုနေရသည်။


နတ်ဘုရားပျောက်ကွယ်တောင်က မည်မျှမြင့်ကြောင်းမသိသော်လည်း အထက်သို့တစ်ကြိမ်တက်လာတိုင်း သူတို့၏ကိုယ်ပေါ်မှ ဖိအားက ပို၍ပို၍များလာသည်။ 

နောက်ဆုံးတော့ တားမြစ်နယ်မြေကပိုင်ဆိုင်တဲ့ အန္တရာယ်ကို ထုတ်ဖော်ပြသလာပြီပဲ ...


သို့ရာတွင် ထိုကျင့်ကြံသူများက အရှုံးမပေးပဲ အပေါ်သို့ ဆက်တက်နေကြသည်။


ပုဖန်က သူ့ရင်ထဲမှအတွေးများ မှန်ကန်ကြောင်း သက်သေပြရန် ပုစွန်ပိစိကို အပေါ်သို့ ဆက်တက်ခိုင်းနေဟည်။ 


ပုစွန်ပိစိက "ချီ ချီ" ဟူသသောအသံပြုလုပ်ကာ အထက်သို့ ကြယ်ပျံသဖွယ် တက်နေဆဲဖြစ်သည်။


ငရဲအကျဉ်းထောင် ကျင့်ကြံသူအချို့က မောဟိုက်မှုကြောင့် မြေပြင်ပေါ်ထိုင်ချကာ အသက်ရှုနေကြသည်။ ထို့နောက် ရွှေရောင်အလင်းတန်းက တစ်ကြိမ်ရွေ့လျားသွားပြန်သဖြင့် သူတို့အံကြိတ်လိုက်သည်။


သို့ရာတွင် သူတို့က ဤကဲ့သို့ အရှုံးမပေးလိုကြပေ။ သူတို့ ပထမနေရာ ရချင်သည်။


ထို့အပြင် သူတို့က ငရဲအကျဉ်းထောင်၏ အရည်အချင်းရှိ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့ ယခုအချိန်ထိ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လာခဲ့ပြီးသည့်အတွက် အရှုံးမပေးလိုကြပေ။


ခဏခန့်နားပြီးနောက် အပေါ်ဆက်တက်ကြသည်။


အပေါ်သို့တက်လေ ဖိအားကပို၍ပြင်းထန်လာပြီး သူတို့ကို ပို၍စိန်ခေါ်နေသကဲ့သို့ပေ။


ငရဲအကျဉ်းထောင်၏ အရည်အချင်းရှိကျင့်ကြံသူများက ဤအခြေအနေကို ဖြတ်ကျော်နိုင်မှသာ ဤတစ်ကြိမ်စမ်းသပ်မှု၏ ပထမနေရာကို ရနိုင်မည်ဖြစ်သည်။


တားမြစ်နယ်မြေတစ်ခုကို လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုခြင်းဖြင့် ကောင်းကင်ဘုံ၏အမွေဆက်ခံသူများက သာမန်လူများမဟုတ်ကြောင်း သိရှိနိုင်ကြပေမည်။


နွေဝေဒနာ ပျောက်ကွယ်သွားသည်နှင့် နွေဦးလေပြည် ပေါ်လာသည်။


ယခုအချိန်တွင် ယဇ်ပူဇော်ဟင်းလျာများက နတ်ဘုရားပျောက်ကွယ်တောင်မှ ဆင်းသက်လာကြောင်း ပုဖန် အတည်ပြုနိုင်သည်။ ထို့သို့မဟုတ်ပါက နတ်ဘုရားပျောက်ကွယ်တောင်၏ အနှိုင်းမဲ့တည်ရှိမှုက ယဇ်ပူဇော်ဟင်းလျာများနှင့် ဆင်တူစေရန် ပတ်ဝန်းကျင်ကို သိမ်မွေ့စွာ ပြောင်းလဲထားခြင်း ဖြစ်နိုင်သည်။


နွေဦးလေပြည်၏ ဝင်ပေါက်က တောင်ထိပ်တွင် တည်ရှိသည်။ 


နတ်ဘုရားပျောက်ကွယ်တောင်၏ တောင်ထိပ်က ဧရာမချိုင့်ဝှမ်းတစ်ခုအဖြစ် ပြောင်းသွားပုံရသည်။


‌ထိုချိုင့်ဝှမ်းတွင် နွေဦးရာသီ၏ အစပိုင်းကဲ့သို့ နွေဦးလေပြည်လေးများ တိုက်ခတ်နေသည်။


သူ၏မျက်စိရှေ့တွင် သက်ဝင်သော ‌မြင်ကွင်းတစ်ခု ပေါ်လာသည်။ ချိုင့်ဝှမ်း၏အလယ်တွင် ရေကန်ငယ်လေးတစ်ခုရှိပြီး ထိုကန်လေးထဲတွင် မသေမျိုးစွမ်းအင်များ လွင့်မျောနေသကဲ့သို့ ထူထပ်သည့်စွမ်းအင်များ လှည့်ပတ်နေသည်။


ရေကန်ငယ်လေးတစ်‌ဝိုက်တွင် သိပ်သည်းသော သစ်သီးရနံ့တစ်ခု ရနိုင်သည်။ သစ်ပင်နှင့် မြက်ပင်များက လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေသည်။


ပုဖန်နှင့် ပုစွန်ပိစိတို့ ချိုင့်ဝှမ်း၏ဘေးတွင် ရပ်နေသည်။ မှော်ဆန်သည့်ရှု့ခင်းကိုကြည့်လျက် စိတ်ထဲတွင် အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။


နတ်ဘုရားပျောက်ကွယ်တောင်ထိပ်မှာ ဒီလို ကွဲပြားတဲ့ ကမ္ဘာတစ်ခုရှိမယ်လို့ ဘယ်သူသိမှာလဲ ...


အဲ့ဒါ အသက်စမ်းချောင်းလား ...


ပုဖန် အဝေးမှ ရေကန်ငယ်လေးကို ကြည့်နေသည်။ ရေကန်ထဲမှ အရည်များက ‌ကွဲပြားသောအရောင်ခုနစ်မျိုးဖြင့် အလွန်လှပလျက်ရှိသည်။


ပုစွန်ပိစိက "ချီ" ဟူသောအသံပြုလုပ်လိုက်ပုံအရ သူသည်လည်း သိပုံမရပေ။ 


သို့ရာတွင် ... 


ပုဖန် သတိမထားမိလိုက်ချိန်တွင် ပုစွန်ပိစိက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ရှေ့သို့တစ်ဟုန်ထိုး ထွက်သွားကာ ဗွမ်းခနဲအသံဖြင့် ရေကန်ထဲ ပြေးဆင်းသွားသည်။


ရေများပေါ်မှ ထူထပ်သည့်စွမ်းအင်များက တစ်စုံတစ်ယောက်က ဆွဲဖြဲလိုက်သကဲ့သို့ အပေါက်များဖြစ်သွားသည်။


ပုဖန် မျက်ခုံးအနည်းငယ်ပင့်သွားပြီး ထိုရေကန်ဆီသို့ ပျံလာသည်။


ပုစွန်ပိစိက ရေပေါ်တွင် အေးအေးလူလူမျောနေပြီး တည်ငြိမ်နေသော ရောင်စုံရေကန်ကို လှိုင်းဂယက်ငယ်လေးများ ဖြစ်လာစေသည်။


" ဒါက အသက်စမ်းချောင်းလား ..."


ပုဖန် အနည်းငယ်ထူးဆန်းသည်ဟု ထင်လာသည်။ အသက်စမ်းချောင်း၏ အသက်စွမ်းအင်များက သူစိတ်ကူးထားသကဲ့သို့ ထူထပ်မနေပေ။


ဖြည်းညှင်းစွာဆင်းသက်လိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး လက်တစ်ဆုပ်စာခန့်ရေကို ယူလိုက်သည်။


လက်ချောင်းများကြားမှ စီးကျနေသောရေများက သူ့ထင်ထားသကဲ့သို့ သက်ဝင်နေခြင်းမရှိပေ။


" ထူးဆန်းလိုက်တာ ... ဒါ အသက်စမ်းချောင်းမဟုတ်ဖူးထင်တယ် ..."

ပုဖန် လေးနက်စွာပြောလိုက်သည်။


ထိုအချိန်တွင် တစ်စုံတစ်ခုက လေဟာနယ်ကို ဖြတ်သန်းလာသကဲ့သို့ တစ်ခုခုကွဲအက်သွာူငည့်အသံကို ကြားလိုက်ရသည်။


စိတ်ထဲတစ်ချက်တွေးလိုက်ပြီး သူ့နောက်မှ ပျံလာသည့်အရာကို ဖမ်းလိုက်သည်။


၎င်းက ဝိညာဉ်အဆီအနှစ်များဖြင့် ပြည့်နေသည့် ဟင်္သာပြဒါးသစ်သီးတစ်လုံးဖြစ်သည်။


၎င်းက ဟင်္သာပြဒါးသစ်သီးအတု မဟုတ်ပေ။ ထိပ်တန်းအဆင့် ဝိညာဉ်သစ်သီးအစစ်ဖြစ်သည်။


ပုဖန်က ဟင်္သာပြဒါးသစ်သီးအရသာရေမဲမုန့်ပြုလုပ်ခဲ့သော်လည်း သစ်သီးအရသာအစစ် မဟုတ်ခဲ့ပေ။ ၎င်းက နတ်ဘုရားမမြို့တော်တွင် ပေါက်ရောက်သည့် ဟင်္သာပြဒါးသစ်သီးအတုကဲ့သို့ သစ်သီးမျိုးဖြစ်သည်။


ထိုသစ်သီးက အစစ်နှင့် ၈၀ရာခိုင်နှုန်းခန့် တူညီသညိ။ 


ဤတစ်ကြိမ် ပုဖန်ဖမ်းမိသည့်သစ်သီးက လောင်ကျွမ်းနေသည့် ခံစားချက်တစ်မျိုးဖြစ်သည်။ ၎င်း၏ ဝိညာဉ်အဆီအနှစ်များက ကောင်းကင်ပေါ်ထိတက်တော့မည့် အသက်စွမ်းအင်များဖြင့် ပြည့်နေသည်။


ဒါကမှ ဟင်္သာပြဒါးသစ်သီးအစစ်ပဲ ...


ပုဖန် အဝေးကို ကြည့်လိုက်သည်။ ထိုနေရာရှိ ထူထပ်သောတောအုပ်တွင် အဖြူရောင်ပုံရိပ်တစ်ခုာရပ်နေသည်။


၎င်းက နှင်းကဲ့သို့ ဖြူဖွေးသောအမွေးများနှင့် မြေခွေးငယ်လေးတစ်ကောင်ဖြစ်သည်။ သူ၏မျက်လုံးများက အသိဉာဏ်ရှိသကဲ့သို့ ရွေ့လျားနေသည်။


ပုဖန် မြေခွေးလေးကို တစ်ချက်ကြည့်လိုက်သည်။ သစ်သီးကို ပစ်လိုက်သည်မှာ သူဖြစ်ကြောင်း မေးစရာပင်မလိုပေ။


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ သစ်သီးကို တစ်ကိုက်က်ိုက်လိုက်သည်။


ကိုက်လိုက်ချိန်တွင် အတွင်းမှ သစ်သီးရည်များ စီးကျလာသည်။ ချဉ်သောအရသာကြောင့် ပုဖန်၏မျက်ခုံးများ မသိမသာတွန့်ချိုးသွားသည်။


ဒီ ဟင်္သာပြဒါးသစ်သီးက ချဉ်လိုက်တာ ...


ကြည့်ရတာ မမှည့်သေးဘူးထင်တယ် ...


အဝေးမှ မြေခွေးဖြူလေးက ပုဖန် မျက်မှောင်ကြုတ်သွားသောအမူအရာကို မြင်လိုက်ပြီး သဘောပေါက်သွားပုံရသည်။ ၎င်း၏အဖြူရောင်အမြှီးလေးကို ဘယ်ညာဝှေ့ယမ်းလျက် အဆက်မပြတ်ရယ်မောနေသည်မှာ အလွန်နူးညံ့ပြီး ချစ်စရာကောင်းနေသည်။


ဘုန်း ဘုန်း ဘုန်း ...


ရုတ်တရက် ...


အဝေးမှ အနက်ရောင်စွမ်းအင်များပေါက်ကွဲလာပြီး ကောင်းကင်အထိ တက်လာသည်။ ထို့နောက် သူတို့က ချိုင်းဝှမ်း၏ တစ်ဖက်တစ်ချက်စီတွင် ဆင်းသက်လာကြသည်။


ရှဲ ရှဲ ရှဲ ...


ထိုပုံရိပ်များ၏ ပတ်ပတ်လည်တွင် အနက်ရောင်ငရဲစွမ်းအင်များက လည်ပတ်နေပြီး အပြင်းအထန် အသက်ရှုနေကြသော်လည်း မပျောက်ကွယ်သွားပေ။


အချိန်တစ်ခုကြာသောအခါ သူတို့မျက်လုံးများက ရေကန်ထဲခြေချထားသောပုဖန်ဆီသို့ ရောက်သွားသည်။


ထိုလူက သူတို့ကို တောင်ထိပ်အထိ မရပ်မနားတက်အောင်တွန်းအားပေးခဲ့သည့်လူပင်။


ထိုအချိန်တွင် အားလုံးက ပုဖန်၏ပုံစံကို ရှင်းလင်းစွာ မြင်လိုက်ရပြီး အမူအယာပျက်ယွင်းသွားကြသည်။


" ဒီလူက ငရဲအကျဉ်းထောင်က မဟုတ်ဖူးဟ ..."


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏မျက်နှာတွင် မှုန်မှိုင်းမှိုင်းများ အကြည့်များ ပေါ်လာသည်။


ရုတ်တရက် ...


ထိုကျင့်ကြံသူများက တောထဲမှ မြေခွေးဖြူလေး၏ပုံရိပ်ကို မြင်လိုက်ကြသည်။


မြေခွေးဖြူလေး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


ချက်ချင်းပင် ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ မျက်လုံးများ အရောင်လက်သွားသည်။


" ရှာတွေ့ပြီကွ ... ဒီတစ်ခါစစ်ဆေးမှုမှာ ရှာရမယ့်ဟာ နတ်ဘုရားပျောက်ကွယ်တောင်ရဲ့ အာတိတ်ကြယ်စင်မြေခွေး ..."

ကျင့်ကြံသူတစ်ယောက်က တအံ့တဩဖြင့် အော်ပြောလိုက်သည်။


ချိုင့်ဝှမ်းတစ်ခုလုံးမှ လေထုက အလွန်ပြင်းထန်သွားသည်။


အလွန်အကြူးစိတ်လှုပ်ရှားနေကြသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထိုမြေခွေးလေးသာ ရှိပုံရသည်။


ဘုန်း ...


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှ စွမ်းအင်များ ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပေါ်တက်သွားကြသည်။ ငရဲစွမ်းအင်များက နတ်ဘုရားပျောက်ကွယ်တောင်ထိပ်တစ်ခုလုံးကိုပင် ဖုံးလွှမ်းလုနီးပါးဖြစ်သွားသည်။


ပုဖန် ရောင်စုံရေကန်ထဲတွင်ရပ်နေပြီး မှင်သက်နေသည်။ 


ဒီလူတွေရှာနေတာက အသက်စမ်းချောင်းမဟုတ်ပဲ အဲ့ဒီမြေခွေးဖြူလေးလား ...


ဘုန်း ဘုန်း ဘုန်း ... 


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ လှုပ်ရှားလိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ လေထုကို ဖောက်ထွင်းကာ ထိုမြေခွေးလေးဆီ ပျံသွားကြသည်။


ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။


ကျင့်ကြံသူများ သစ်တောထဲသို့ဝင်သွားသည်နှင့် တော်တစ်ခုလုံး အဆက်မပြတ် ပေါက်ကွဲလာသည်။


ရုတ်တရက် ...


ပုဖန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။


အဝေးမှ ...


အဖြူရောင်အလင်းတန်းတစ်ခုက သူ့ဆီလာနေသည်။


မြေခွေးဖြူလေးက ငရဲအကျဉ်းထောင်ကျင့်ကြံသူများထံမှ အမှန်တကယ်ပင် ထွက်ပြေးလာသည်။ ခဏတွင်းချင်း ပလုပ်ခနဲအသံဖြင့် ရေထဲခုန်ဆင်းပြီး ပုဖန်၏ ခြေထောက်အောက် ရောက်လာသည်။


ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏မျက်လုံးက သူ့ဘက်လှည့်လာပြီး အကြည့်များက ရန်လ်ိုနေကြသည်။


ဘုတ် ..


ပုစွန်ပိစိက ထိတ်လန့်သွားပြီး ချက်ချင်းပြေးလာသည်။ ၎င်းက ပုဖန်၏ပခုံးပေါ်ပြေးတက်လိုက်ပြီး မျက်လုံးဝိုင်းကြီးများက ရေကန်ကိုစိုက်ကြည့်နေသည်။


ရေကန်ထဲတွင် ကြီးမားသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်။


ကြောက်မက်ဖွယ်စွမ်းအင်များ ချက်ချင်းပျံ့နှံ့လာသည်။