အပိုင်း ၁၁၅၂
Viewers 53k

အခန်း ၁၁၅၂

ကြည့်ရတာ ခွေးဘုရင်ကိုယ်တိုင်သွားတောင်းဆို‌မှ ရတော့မယ်ထင်တယ်


ပုဖန် မျက်ခုံးများပင့်လိုက်သည်။


ငရဲအကျဉ်းထောင် ကျင့်ကြံသူတွေက ဒီနေရာအထိ ထိုးဖောက်ဝင်လာပြီလား ...


နတ်ဘုရားပျောက်ကွယ်တောင်က ကမ္ဘာမြေအကျဉ်းထောင်၏ တားမြစ်နယ်မြေတစ်ခုဖြစ်သော်လည်း ငရဲအကျဉ်းထောင်မှလူများ စိတ်တိုင်းကျသွားလာနိုင်သည့် အနောက်ဘက်ခြံဝင်းတစ်ခု ဖြစ်လာပုံရသည်။


မြေခွေးဖြူလေး၏ စွမ်းအင်အမြောက်ထိမှန်သွားသော ကျင့်ကြံသူနှစ်ယောက်၏ အပြောအရ သူတို့ကို ငရဲအကျဉ်းထောင်၏ ထိပ်တန်းအဆင့်တည်ရှိမှုက အမိန့်ပေးထားသည့်ပုံပင်။ ထိုကျင့်ကြံသူများက နတ်ဘုရားပျောက်ကွယ်တောင်တွင်ပင် ပုန်းကွယ်နေပြီး စူးစမ်းရှာဖွေနေကြသည့်ပုံပင်။


သို့မဟုတ် နတ်ဘုရားပျောက်ကွယ်တောင်တစ်ခုလုံးက ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ စမ်းသပ်ချက်ပြုလုပ်ရာနေရာတစ်ခု ဖြစ်လာသည့်ပုံပင်။


ပုဖန်အတွက် ထိုကိစ္စက သတင်းကောင်းမဟုတ်ပေ။ ထိုလူများကြောင့် အသက်စမ်းရေကို ရယူရန်မစ်ရှင်က ပို၍ ခက်ခဲလာစေသည်။


ထို့အပြင် သူသံသယ ဝင်နေဆဲဖြစ်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်ခြင်း သို့မဟုတ် နတ်ဘုရားပျောက်ကွယ်တောင်တွင် စမ်းသပ်ချက်ပြုလုပ်ခြင်း ထိုကိစ္စများတွင် ငရဲအကျဉ်းထောင်က ပို၍တက်ကြွလာသည့်ပုံပင်။ ၎င်းတို့အားလုံး ဤမျှတက်ကြွနေကြောင်း သူယခင်က မသိခဲ့ပေ။


သို့သော် ပုဖန် စိတ်ထဲမထားပေ။ နတ်ဘုရားပျောက်ကွယ်တောင်တွင် အိပ်မောကျနေသည့် တုနှိုင်းမဲ့တည်ရှိမှုတစ်ခုရှ်ိနေသေးသဖြင့် ခက်ခဲသည့်ကိစ္စကို စွမ်းအားကြီးသူများသာ ဖြေရှင်းရန် ထားလိုက်မည်ဖြစ်သည်။ 


ထို့ကြောင့် နတ်ဘုရားပျောက်ကွယ်တောင်၏ လုံခြုံရေးနှင့် ပက်သတ်၍ စိုးရိမ်ရန်မလိုပေ။


ဘုန်း ဘုန်း ...


မြေခွေးဖြူလေးက ထစ်ချုန်းမိုးအမဲသားလုံးနှစ်လုံးကိုစားပြီး အမြောက်ကဲ့သို့စွမ်းအင်များကို ထွေးထုတ်ပစ်လိုက်သဖြင့် ကျင့်ကြံသူနှစ်ယောက်မှာ မတုံ့ပြန်နိုင်မီမှာပင် ထိမှန်သွားကြသည်။


ပေါက်ကွဲမှုက လေထုထဲတွင်ဖြစ်ပေါ်သွားသဖြင့် မီးတောက်များက အရာအားလုံးကို ဝါးမျိုလိုက်သည်။ 


စွမ်းအားကြီးသည့် လေပွေတစ်ခု ပျံ့နှံ့လာကာ ပြင်းထန်သောလှိုင်းများ ဖြစ်ပေါ်လာစေသည်။


ဤပေါက်ကွဲမှု၏စွမ်းအားက ထစ်ချုန်းမိုးအမဲသားလုံးများကို ပုံမှတ်အတိုင်းပစ်လွှတ်လိုက်ခြင်းထက် ပိုအားပြင်းသည်။


ဝှစ် ...


ထိုလေပွေကြောင့် ခုနစ်ရောင်ခြယ်ရေကန်မှာ လှိုင်းဂယက်များ ဖြစ်ပေါ်လာပြန်သည်။


မြေခွေးဖြူလေး၏ခေါင်းကိုပွတ်နေလျက် ပုဖန် အံ့အားသင့်နေသည်။ 

ဒီမြေခွေးဖြူလေးက အမဲသားလုံးတွေစားပြီး ‌ပြန်ထွေးထုတ်နိုင်တယ်ဆိုတော့ သာမန်တော့ဟုတ်ပုံမရဘူး ...


ဗြိ ...


ထက်မြက်သော ဓားစွမ်းအင်က ဟင်းလင်းပြင်ကို ခွဲထုတ်လိုက်ပြီး လေထဲတွင်ဝဲပျံလျက် တဝီဝီအသံများ ထွက်ပေါ်နေသည်။


ပုဖန် ခေါင်းမော့ပြီးကောင်းကင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ပေါက်ကွဲမှုမှ မီးခိုးများ ပြန့်ကျဲသွားပြီး ပုံရိပ်နှစ်ခု ပေါ်လာသည်။


လေထဲတွင် ဆံပင်များ တဖျပ်ဖျပ်လွင့်နေလျက် သူတို့၏ပုံရိပ်များက သနားစဖွယ်ပုံဖြစ်နေသည်။


ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏ အကြည့်က ပို၍ခက်ထန်လာသည်။ သူတို့၏အမြင်တွင် ပုဖန်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်တွင်သာရှိနေသဖြင့် ပုရွက်ဆိတ်သာသာပင်။


ဒါပေမဲ့ ...


သူတို့ ဒီလိုအခြေအနေရောက်ရတာ အာတိတ်ကြယ်စင်မြေခွေးက ထွေးထုတ်လိုက်တဲ့ စွမ်းအင်ဘောလုံးနှစ်လုံးကြောင့်တဲ့လား ...


မှတ်တမ်းတွေအရဆိုရင် အာတိတ်ကြယ်စင်မြေခွေးမှာ ဒီလိုသတ်ဖြတ်နိုင်စွမ်းအားတွေ မရှိပါဘူး ...


ဒါဆိုဘာလို့လဲ ...


ထို့ကြောင့် ငရဲအကျဉ်းထောင် ကျင့်ကြံသူနှစ်ယောက် စိတ်ရှုပ်ထွေးနေသည်။


စွမ်းအင်ဘောလုံးများက အလွန်ကြောက်မက်‌ဖွယ်ကောင်းပြီး သူတို့သည်လည်းအငိုက်မိသွားသည်ဖြစ်၍ ထိုလူနှစ်ယောက် မှင်သက်နေမိသည်။


ကံကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုကို မမျှော်လင့်ပဲ တားဆီးနိုင်ခဲ့သည်။ ထို့ကြောင့် ‌ဤကဲ့သို့ နောက်တစ်ကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာမရစေရန် ဂရုစိုက်ရမည်ဖြစ်သည်။


စွမ်းအားကြီးတဲ့ ဓားသမားတစ်ယောက်က တူညီတဲ့အမှားတစ်ခုကို နှစ်ကြိမ်မလုပ်ဖူး ...


လည်ချောင်းထဲမှဓားရှည်ကိုထုတ်ခဲ့သည့်ကျင့်ကြံသူက အနက်ရောင်စွမ်းအင်ကော်လံတစ်ခုကို ရုတ်ချည်းထုတ်လွှင့်လိုက်သဖြင့် ကောင်းကင်အထိမြင့်တက်သွားသည့် မီးခိုးကျောက်တိုင်တစ်ခုဖြစ်လာသည်။


ခဏတွင်းချင်း လေထဲကို ခြေချလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုးတက်လာသည်။


အနက်ရောင်ဓားရှည်က ကောင်းကင်နှင့် ကမ္ဘာမြေကို ပိုင်းဖြတ်လိုက်သကဲ့သို့ အနက်ရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ပုဖန်၏ဦးခေါင်းကို ချိန်ရွယ်ထားသည်။ 


ထိုဓားစွမ်းအင်ကြောင့် ပြင်းထန်သောလေပွေတစ်ခုဖြစ်ပေါ်လာသည်။ 


မြေခွေးဖြူလေး၏ အမွေးများ ထောင်တက်သွားသည်။


အနီရောင်စားဖိုမှူးဝတ်ရုံက လေထဲတဖျပ်ဖျပ်လွင့်နေစဉ် ပုဖန် မျက်မှောင်ကြုတ်ထားမိသည်။ နီးကပ်လာသော ဓားအလင်းတန်းကိုကြည့်ပြီးနောက် သူသက်ပြင်းချလိုက်သည်။


လက်ကိုခါလိုက်သည့်အခါ ထစ်ချုန်းမိုးအမဲသားလုံးတစ်လုံးပေါ်လာသည်။ ထိုရွှေရောက်အသားလုံးကို မြေခွေးဖြူလေး၏ပါးစပ်ထဲထည့်လိုက်သည်။


ပုဖန် ခေါင်းမော့၍ သူ့ထံသို့လာနေသောဓားကိုကြည့်လိုက်သည်။


" မင်း ထွက်မပြေးဘူးလား ... တကယ်ကိုသေချင်နေတာပဲ ..."

ငရဲအကျဉ်းထောင်ကျင့်ကြံသူက အေးစက်စွာရယ်လိုက်သည်။


ပုရွက်ဆိတ်ကောင်က ငါ့ရဲ့ဓားစွမ်းရည်ကိုကြောက်ပြီး ထွက်တောင်မပြေးနိုင်တော့တာဖြစ်မယ် ...


ဒါလိုဆိုရင်လည်း သေခြင်းတရားကိုပဲ ခံစားခိုင်းရတော့မှာပေါ့ ...


မိုးကုပ်စက်ဝိုင်းမှ ပြုတ်ကျလာသကဲ့သို့ ဓားစွမ်းအငမက အရှိန်မြင့်လာပြီး တဂျိန်းဂျိန်းအသံများမြည်လျက် အောက်သို့ ဆင်းသက်လာသည်။ 


မြေခွေးဖြူလေး၏ ခန္ဓာကိုယ်မှ အမွေးများမှာ ပေါက်ကွဲထွက်တော့မည်ဟုပင် ထင်ရသည်။ ပုဖန်က သူ့ကိုအမဲသားလုံးတစ်လုံး ထပ်ကျွေးထားသည့်အတွက် ၎င်း၏မျက်လုံးလေးများကို မှတ်တုတ်မှိတ်တုတ်လုပ်လျက် မရဏစားဖွယ်ကို ဝါးလိုက်သည်။ 


မျက်စိရှေ့က ဘေးအန္တရာယ်နဲ့ အစားအစာဆိုရင် အစားအစာပဲ ရွေးမှာပေါ့ ...


ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံမှ ငှက်အော်သံတစ်ခု ထွက်ပေါ်လာပြီး တောက်လောင်နေသည့် နေလုံးကဲ့သို့ကတ္တီပါနီရောင် လင်းလက်လာသည်။


သူ၏ကျောဘက်တွင်လည်း မီးတောက်အတောင်ပံများထွက်ပေါ်လာကာ ငှက်မွေးများက နေရာအနှံ့လွင့်ပျံနေသည်။


" ဟမ် ..."


ငရဲအကျဉ်းထောင်ကျင့်ကြံသူက ပုဖန် ပြန်လည်ခုခံမည်ဟု မထင်ထားပေ။


" ဒါကို တားနိုင်မယ်ထင်နေတာလား ... မင်းက ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်က ပုရွက်ဆိတ်သာသာပဲ ရှိတာလေ ...


ဓားနှင့်အတူ ကျယ်လောင်သောအော်သံကြီးထွက်ပေါ်လာသည်။


သူ၏ရှေ့မှဓားရှည်က ခက်ထန်သည့် ခံစားချက်တစ်မျိုးကိုပေးနေ၍ ပုဖန်၏မျက်နှာတွင် အေးစိမ့်စိမ့်ဖြစ်လာသည်။


သို့ရာတွင် သူဂရုမစိုက်ပေ။ အော်ဟစ်နေသောလူကိုကြည့်လျက် လက်မြှောက်ပြီး မြေခွေးဖြူလေး၏ခေါင်းကို ပွတ်လိုက်သည်။


ဂလုဟူသောအသံဖြင့် မြေခွေးလေးက ထစ်ချုန်းမိုးအမဲသားလုံးကို ဝါးမျိုလိုက်ပြီး လေချဉ်တက်လိုက်သည်။


ဘုန်း ...


ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏ ရယ်သံနှင်အတူ ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။


" ငါက နယ်သာအကျဉ်းထောင်က နတ်ဆိုးဓားကောင်းကင်ဘုံဆက်ခံသူရဲ့ အရည်အချင်းရှိ တပည့်ပဲ ... အထွဋ်အမြတ်အဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်နေတဲ့လူတောင် ငါ့ဓားချပ်ကို မခုခံနိုင်ဘူး ... မင်းရဲ့ သတ္တိတွေ ဘယ်က ရောက်လာတာလဲ ... ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်က ပုရွက်ဆိတ်ကများ ..."


ထိုလူ၏ အထင်သေးမှုနှင့် သတ်ဖြတ်လိုစိတ်များ လျှံထွက်လာပြီး ပုဖန်ကို အပိုင်းပိုင်းဆုတ်ဖြဲချင်နေသည့်ပုံပင်။ 


ဒါပေမဲ့ ပုဖန်ကတော့ ...


မျက်နှာအမူအယာ ပြောင်းလဲခြင်းမရှိပဲ လက်ကိုသာမြှောက်ထားသည်။


ထိုလက်ဝါးက တောက်ပနေပြီး လက်ချောင်းများကို သွယ်လျနေသည်။ ထိုသို့ပင် သူဓားအလင်းရောင်နှင့် တွေ့လိုက်သည်။


ခဏအကြာတွင် ...


လေများ တိုက်ခတ်နေဆဲဖြစ်သည်။


မီးတောက် တောင်ပံများက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။


ပုဖန် ခေါင်းမော့ပြီး သူ၏ရှေ့မှ ကျင့်ကြံသူကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။


ဓားရှည်ကြီးကို လက်ထဲတွင် ကိုင်ထားပြီး တစ်လက်မမျှ မရွေ့ပေ။


ကျင့်ကြံသူ၏မျက်လုံးများ မှေးကျဉ်းသွားပြီး ခဏတာထိတ်လန့်သွားပုံပင်။


ကြောက်မက်ဖွယ်စွမ်းအင်တွေနဲ့ သူ့ဓားက အဲ့ပုရွက်ဆိတ်ကောင်ကို သတ်ပစ်လိုက်ရမှာလေ ...


ဒါပေမဲ့ ...


ဘာတွေဖြစ်ကုန်တာလဲ ...


သူ့ဓားကို တားလိုက်တာလား ...


သူ့ရှေ့ကလူက သိုးရေခြုံထားတဲ့ ဝံပုလွေများလား ...


ပုဖန်က သူ့က်ိုမျက်နှာသေဖြင့်ကြည့်နေသည်ကို သတိထားမိ၍ သူ၏မျက်လုံးများ မှေးစင်းသွားသည်။


ပုဖန်က မြေခွေးလေး၏ခေါင်းကို ပွတ်ပေးနေပြီး မြေခွေးလေးက ပုဖန်၏ပခုံးပေါ်ခုန်တက်ကာ ၎င်း၏အမြှီးဖြင့် ပုဖန်၏မျက်နှာကို ပွတ်သပ်နေသည်ကို သူမြင်လိုက်ရသည်။


" မြေခွေးလေး သူ့ဆီကိုပစ်လိုက် ..."


ပုဖန်၏ အသံက တည်ငြိမ်နေသည်။ သို့သော် ထိုတည်ငြိမ်မှုထဲတွင် စိတ်လှုပ်ရှားမှုကို ကြားနေရနိုင်သည်။


မြေခွေးဖြူလေးက ပုဖန်ပြောသည်ကို နားလည်ပုံရသည်။ ၎င်း၏မျက်လုံးက ရုတ်ချည်းတောက်ပလာပြီး ပါးစပ်ဟ၍ ကျင့်ကြံသူ၏ဘက်လှည့်ထားသည်။


ကျင့်ကြံသူမှာ နောက်တစ်ကြိမ်ထိတ်လန့်သွားပြီး ဆံပင်များပင်ထောင်လာသည်။


" ချီးပဲ ..."


စိတ်ဆိုးမာန်ဆိုးဖြင့်အော်ဟစ်ပြီး ဓားရှည်ကြီးကို လက်မှလွှတ်ချလိုက်မိသည်။


ပုဖန်ကိုအဘယ့်ကြောင့် တစ်ချက်တည်းဖြင့် မသတ်နိုင်သည်ကို သူနားမလည်သော်လည်း အရေးမကြီးတော့ပေ။ ယခုအချိန်ထွက်မပြေးလျှင် အသတ်ခံရမည့်လူက သူသာဖြစ်သည်ကို နားလည်လိုက်သည်။


အဲ့ဒီထူးဆန်းတဲ့ အာတိတ်ကြယ်စင်‌မြေခွေးက ထပ်ပြီးတိုက်ခိုက်တော့မယ် ...


သို့ရာတွင် တစ်ဖက်သို့လှည့်၍ ထွက်ပြေးမည့်အချိန်တွင် ကြောက်မက်ဖွယ်ရာစွမ်းအင်တစ်ခုက သူ့နောက်တွင် ပေါ်လာသည်။


ကျယ်လောင်သောအသံဖြင့် ထိုစွမ်းအင်က ပေါက်ကွဲထွက်သွားသည်။


ပုဖန်သည်ပင် ပေါက်ကွဲမှုကြီးကြောင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။


ရွှေရောင်ကြယ်ပျံက လေထဲကို ဖြတ်သန်းပြီး ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏ကျောကို ထိမှန်သွားသည်။


ဗြိ ...


ထိုစွမ်းအင်ကြောင့် ကျင့်ကြံသူ၏ဝတ်ရုံနက်ကြီး ဆုတ်ပြဲသွားကာ အသားထဲမှ သွေးများစီးကျလာသည်။


ပြင်းထန်သောအားဖြင့် ပျံထွက်သွားပြီး အဝေးသို့ ပြုတ်ကျလာသညိ။


ထိုပေါက်ကွဲမှုကြောင့် ပုဖန် အသက်အောင့်ထားမိသည်။


မြေခွေးဖြူလေးနဲ့ ထစ်ချုန်းမိုးအမဲသားလုံးတွေက မထင်မှတ်ပဲ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိနေတာပဲ ...


နတ်ဘုရားပျောက်ကွယ်တောင်တွင် ရတနာတစ်ခုကို အမှတ်တမဲ့ဖြင့် ရရှိလာသည်ဟု တွေးမိသွားသဖြင့် ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ဒီမြေခွေးဖြူလေးကိုသာ ဆွေးမြေ့အိုးကို ကျွေးလိုက်မယ်ဆိုရင် ...


ပုဖန် မျက်လုံးများမှေးစင်းပြီး နူးညံ့သောမြေခွေးလေးကို ကြည့်လိုက်သည်။


ထားလိုက်ပါတော့လေ ... အဲ့ဟာကြီးကို စားနေတုန်းတောင် သေသွားနိုင်တယ် ...


ထိုသို့ဖြစ်လာမည်ကို ပုဖန် မမြင်တွေ့လိုပေ။


မီးတောက်များက ကောင်းကင်ပေါ်သို့ လွင့်မျောပြန့်ကျဲသွားသည်။


ဤသို့ဖြင့် ကျင့်ကြံသူတစ်ယောက် သေသွားသည်။


ကျန်နေသည့် ငရဲအကျဉ်းထောင်ကျင့်ကြံသုက ထိုနေရာတွင်ပင် အေးခဲနေသည်။ ခဏအကြာတွင် ကျောဘက်မှ ဓားရှည်သုံးချောင်းမှ ဂဒေါင်ခနဲအသံများထွက်လာသည်။ 


ကောင်းကင်တစ်ခွင်လုံးတွင် ဓားအလင်းတန်းများက ပိုက်ကွန်တစ်ခုသဖွယ်ဖြစ်သွားကာ ပုဖန်ကို ဝန်းရံထားသည်။


ဒီလူ ...


ပုရွက်ဆိတ်သာသာလောက် ကျင့်ကြံခြင်းလေးနဲ့ဆိုပေမယ့် သူ့နည်းလမ်းတွေက တခြားလူတွေနဲ့မတူဘူးပဲ ... သတိထားမှရမယ် ... မဟုတ်ရင် ခုနကသေသွားတဲ့လူလိုမျိုး အဆုံးသတ်သွားလိမ့်မယ် ...


ပုဖန်က အမဲသားလုံးများ ထပ်ကျွေးသင့်‌မကျွေးသင့် တွန့်ဆုတ်နေစဉ်မှာပင် မြေခွေးဖြူလေးက ပါးစပ်ဟပြီး လေချွန်သံကဲ့သို့ အော်သံတစ်ခုပြုလုပ်လိုက်သည်။


ထိုနားအူမတတ်အသံကြောင့် အတက်အကျလှိုင်းများဖြစ်ပေါ်လာပြီး နတ်ဘုရားပျောက်ကွယ်တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။


ဘုန်း ...


ရင်းနှီးနေသည့် ကြောက်မက်ဖွယ်ရာစွမ်းအင်များ ပျံ့နှံ့လာပြန်သည်။


ခုနစ်ရောင်ခြယ်ရေကန်က ‌ပူစီဖောင်းများထလာပြီး ဧရာမသားရဲလက်ဖဝါးကြီး နောက်တစ်ကြိမ် ပေါ်လာသည်။ ခဏတွင်းချင်းမှာပင် ၎င်းက ကောင်းကင်တစ်ခုလုံးကို အုပ်မိုးသွားကာ ငရဲအကျဉ်းထောင်ကျင့်ကြံသူဆီသို့ ရွေ့လျားသွားသည်။


ထိုကျင့်ကြံသူက တုံ့ပြန်ရန် ပြင်လိုက်သည်။


ဓားအလင်းတန်းများက အားလုံးကို လွှမ်းခြုံပြီး သားရဲလက်ဖဝါးကို တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ခြစ်ရာမျှပင် မထင်ချေ။


ဤသားရဲလက်ဖဝါးပိုင်ရှင်၏ ကျင့်ကြံခြင်းက အထွဋ်အမြတ်နယ်ပယ်သို့ရောက်နေကြောင်း သေချာသည်။


နတ်ဘုရားပျောက်ကွယ်တောင်က ကမ္ဘာမြေအကျဉ်းထောင်၏ တားမြစ်နယ်မြေဖြစ်သည်။ တားမြစ်နယ်မြေဖြစ်သည့်အတွက် ၎င်းနှင့်ထိုက်တန်သည့် ဂုဏ်သိက္ခာလည်းရှိသည်။


ဓားအလင်းတန်းများ နေရာအနှံ့ပြန့်ကျဲသွားကာ ဓားသုံးချောင်းလည်း အစအနများဖြစ်သွားသည်။


လက်သုံးချောင်းနှင့် ဧရာမလက်ဖဝါးကြီးက လက်သီးဆုပ်ကာ ထိုကျင့်ကြံသူကို သေသည်အထိ ဖိချေလိုက်သည်။


နောက်ဆုံးတွင် ခုနစ်ရောင်ခြယ်ရေကန်ဆီသို့ ဆွဲခေါ်သွားခံရသည်။


ပုဖန် လေအေးကို ရှုရှိုက်လိုက်ရသည်။ ထို့နောက် လေချွန်နေသော မြေခွေးလေးကို ပုတ်၍ ရပ်တန့်ခိုင်းလိုက်သည်။


မြေခွေးလေး သူယခုလုပ်ခဲ့သည်ကို ဂုဏ်ယူနေဟန်ဖြင့် လက်ဖဝါးလေးကို လျက်နေသည်။ ထို့နောက် အမြှီးကို ခါယမ်းကာ ပုဖန်ကို ‌သူ့နောက်မှလိုက်ခဲ့ရန် အချက်‌ပြနေသည်။


ပုဖန်၏မျက်လုံးများ အရောင်တောက်လာသည်။


‌ဒီမြေခွေးလေးက သူ့ကိုအသက်စမ်းချောင်းကို ခေါ်သွားတော့မှာလား ...


ပုဖန် တွန့်ဆုတ်မနေတော့ပဲ မြေခွေးလေး၏နောက်ကို လိုက်သွားသည်။


အဆုံးမဲ့ ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲတွင် ...


မျက်လုံးများကို တင်းတင်းကျပ်ကျပ်ပိတ်ထားသည့် ပုံရိပ်တစ်ခုက ရုတ်တရက် မျက်လုံးများကိုဖွင့်လိုက်သည်။ ခဏတွင်းချင်း ထောင်သောင်းမကသော အလင်းတန်းများ ခန္ဓာကိုယ်မှဖြာထွက်လာပြီး ပုံရိပ်ယောင်ဟင်းလင်းပြင်ကို အပိုင်းပိုင်းဖြတ်ပိုင်းလိုက်သည်။


" အားစုနဲ့ အားမန့် သေပြီလား ... သူတို့စွမ်းရည်တွေနဲ့ဆိုရင် ထွက်ပြေးချိန်တောင် မရလိုက်တာ မဖြစ်နိုင်ဘူး ..."


ထိုကျင့်ကြံသူက ဒေါသထွက်နေပုံရပြီး သူ၏မျက်လုံးများက ခက်ထန်နေသည်။


ပါးစပ်ဟ၍ လေချွန်လိုက်ချိန်တွင် ...


သူ၏ပုံရိပ်က ပုံရိပ်ယောင်ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ငရဲအကျဉ်းထောင်တားမြစ်နယ်မြေထဲရောက်သွားသည်။


ငရဲအကျဉ်းထောင်တွင်လည်း အဆုံးမဲ့လှိုဏ်ဂူဟုသည့် တားမြစ်နယ်မြေတစ်ခုရှိပြီး ထိုနေရာက ကွဲပြားသောတားမြစ်နယ်မြေများကို ဆက်သွယ်ပေးထားသည်။


ငရဲအကျဉ်းထောင်၏ အရည်အချင်းရှိတပည့်များက နတ်ဘုရားပျောက်ကွယ်တောင်ကို အဆုံးမဲ့လှိုဏ်ဂူမှတစ်ဆင့် ဝင်ရောက်နိုင်သည်။


ယခုအချိန်တွင် ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲမှ ဒေါသထွက်နေသော ကျင့်ကြံသူလည်း နတ်ဘုရားပျောက်ကွယ်တောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။


မူလက နတ်ဘုရားပျောက်ကွယ်တောင်မှတစ်ယောက်ကို သူလေးစားသဖြင့် မလှုပ်ရှားရဲခဲ့ပေ။ သို့ရာတွင် နတ်ဆိုးဓားမျိုးနွယ်စုကောင်းကင်ဘုံဆက်ခံသူမှ အရည်အချင်းရှိသူနှစ်ယောက်ကနတ်ဘုရားပျောက်ကွယ်တောင်တွင် သေဆုံးသွားခဲ့သဖြင့် သူသည်းမခံနိုင်တော့ပေ။


မကျေပွဲနွှဲမှဖြစ်မယ် ...



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တစ်နေ့ထက်တစ်နေ့ ပို၍ပျက်စီးလာပြီဖြစ်သည်။


နယ်ပယ်သခင်တိထိုက်က အားလုံးကို စိတ်အေးအေးထားကြရန် အမြဲတစေ အားပေးနေသော်လည်း တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာသည့် မသေမျိုးသစ်ပင်ကြီးကြောင့် နယ်ပယ်တစ်ခုလုံးမှလူများက ကြောက်လန့်နေကြဆဲဖြစ်သည်။


အင်မော်တယ်စာဖိုမှူးဆိုင်ငယ်လေးတွင် နယ်ပယ်သခင်တိထိုက်က ထိုင်ခုံပေါ်တွင် မျက်တွင်းများကျလျက် ဆံပင်မွေးများကလည်း မသေသပ်ဖြစ်နေသည့် အခြေအနေဖြင့် ထိုင်နေသည်။ သူ၏တစ်ကိုယ်လုံး ချုံးချုံးကျနေပုံပင်။


လဝက်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ပုဖန် အသက်စမ်းရေကို ရှာတွေ့မတွေ့ကို မသိရသေးပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အကန့်အသတ်သို့ရောက်နေပြီး ဆက်လက်မတောင့်ခံထားနိုင်တော့ပေ။ 


ထို့အပြင် ငရဲအကျဉ်းထောင်မြို့တံခါး၏ ကြေးတံခါးဝမှ အစီအရင်ကလည်း အားနည်းလာပြီဖြစ်၍ ကြေးတံခါးကြီးက ပွင့်ထွက်ခါနီးနေသည်။ ထိုသို့ဖြစ်လာပါက ငရဲအကျဉ်းထောင်ကျင့်ကြံသူများက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်ဝင်ရောက်လာကြမည်ဖြစ်သည်။


အကယ်၍ မသေမျိုးသစ်ပင်ကြီးက ဤပုံစံအတိုင်းဆုတ်ယုတ်နေပါက နယ်ပယ်တစ်ခုလုံးဖျက်ဆီးခံရလိမ့်မည်။


နယ်ပယ်သခင်တိထိုက် ပို၍ပို၍စိတ်တိုင်းကျလာသည်။ 


ခွေးဘုရင်က စားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင်လဲလျောင်းနေသည်။ အိပ်ချင်မူးတူးမျက်လုံးများကိုဖွင့်ကာ သမ်းဝေလိုက်သည်။


ခဏအကြာ မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံးကိုခါလိုက်သည်။ နယ်ပယ်သခင်တိထိုက်ကို တစ်ချက်ကြည့်ပြီး "ဟမ့်" ဟု အသံပြုလိုက်သည်။


ခဏတွင်းချင်း လက်ဖဝါးကိုမြှောက်ကာ ပုံရိပ်ယောင်ဟင်းလင်းပြင်တွင် အဝန်းအဝိုင်းတစ်ခု ဆွဲလိုက်သည်။ ထို့နောက် ကြောင်ခြေလှမ်းများဖြင့် အထဲကိုဝင်သွားသည်။


" ကောင်လေးပုဖန် ခုထိ ပြန်မလာသေးဘူး ... ကြည့်ရတာ ခွေးဘုရင်တော့ ဟိုအရူးမကို မျက်နှာသာပေးဖို့ တောင်းဆိုရတော့မယ်ထင်တယ် ..."