အပိုင်း ၁၁၅၄
Viewers 62k

အခန်း ၁၁၅၄

ဘုံကိုးပါး သူတော်စင်ငယ်


ဧရာမကိုးမြှီးမြေခွေးကြီး ဘာလုပ်နေသည်ကို ပုဖန် နားမလည်နိုင်ပေ။ ရုတ်တရက်‌ထအော်လိုက်သော်လည်း ကံကောင်းစွာဖြင့် သူအလွန်ကြောက်လန့်မသွားခဲ့ပေ။


မြေခွေးအိုကြီး လှုပ်ရှားကာ နေရာမှပျောက်ကွယ်သွားသည်ကို မျက်နှာသေဖြင့် ကြည့်နေသည်။ နောက်တစ်ကြိမ် ပေါ်လာသည့်အခါ ရေတံခွန်အောက်ခြေထဲသို့တစ်ဟုန်ထိုးဝင်သွားပြီး ပျောက်ကွယ်သွားသည်။


အဖြူရောင်အလင်းတန်းလေးတစ်ခုက ပုဖန်၏ပခုံးပေါ်ရောက်လာသည်။


မြေခွေးဖြူလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။


ကိုးမြှီးမြေခွေးကြီး ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ပြီးနောက် သူ၏ပခုံးပေါ်မှ မြေခွေးလေးကိုကြည့်ပြီး အနည်းငယ် ဆွံ့အသွားသည်။


သူ တွန့်ဆုတ်နေသည်။ ကိုးမြှီးမြေခွေးကြီး ထွက်သွားသည့်နေရာမှာ မူလကကဲ့သို့ ရေဝဲကြီးဖြစ်သည်။


ထိုဧရာမရေဝဲကြီးက လည်ပတ်နေကာ အတွင်းမှ သိပ်သည်းသော အသက်စွမ်းအင်များ ထုတ်လွှင့်ပေးနေသည့်အတွက် ထိုနေရာက အသက်စမ်းချောင်း၏ မူလအစဖြစ်ကြောင်း နားလည်လိုက်သည်။


" အသက်စမ်းချောင်းရဲ့ မူလအစကို ဒီဘဝမှာ မရနိုင်တော့ဘူးလို့ ဘယ်သူပြောလဲ ..."


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ကိုးမြှီးမြေခွေးကြီး ထွက်ခွာသွားသဖြင့် မူလအစရေကို ရယူရန်က သေချာပေါက် လွယ်ကူသွားသည်။


သို့ရာတွင် ပုဖန် ထိုရေကိုယူရန် စိတ်မကူးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ကိုးမြှီးမြေခွေးကြီးက အသက်စမ်းချောင်း၏ အစောင့်အရှောက်ဖြစ်ကြောင်း သူသိနေသောကြောင့်ပင်။


ထို့အပြင် မြေခွေးဖြူလေး၏အဖေဖြစ်နေသောကြောင့် ထိုသို့မလုပ်ရက်ပေ။


ပုဖန် လက်မြှောက်ပြီး မြေခွေးဖြူလေး၏ ခေါင်းကိုပွတ်၍ ညင်သာစွာပြောလိုက်သည်။

" ထားလိုက်ပါ ... အပြင်ထွက်ပြီး သွားကြည့်ကြရအောင် ..."


တုံ့ပြန်သည့်အနေဖြင့် မြေခွေးဖြူလေးက ပုဖန်၏ လက်ဖဝါးနှင့် ရင်းနှီးစွာပွတ်လိုက်သည်။



" ငရဲအကျဉ်းထောင်ကလူတွေ မင်းတို့က နယ်နိမိတ်ကို ကျော်လွန်လာတာပဲ ..."

ခြောက်မြှီးမြေခွေးကြီးက အေးစက်စွာပြောလိုက်သည်။ ၎င်း၏အသံတွင် ခမ်းနားထည်ဝါမှုနှင့် မြင့်မြတ်မှုများ ပါဝင်နေသည်။


ရွှေအိုရောင်မျက်လုံးများက ခန္ဓာကိုယ်တွင် မီးတောက်များဖြင့် လောင်ကျွမ်းနေသော လေထဲမှ ကျင့်ကြံသူကိုစိုက်ကြည့်နေသည်။


" ငါတို့ နယ်နိမိတ်ကို ကျော်လွန်တယ်တဲ့လား ..."


ဝတ်ရုံနက်လူက ကျိတ်ရယ်လိုက်သော်လည်း သူ၏မျက်လုံးများက အေးစက်နေသည်။ ‌လက်ကိုဖြည်းညှင်းစွာမြှောက်၍ အနက်ရောင်မီးတောက်များဖြင့် တောက်လောင်နေသည့် ဓားရှည်ကိုကိုင်လိုက်သည်။


သူ၏ခန္ဓာကိုယ်မှစွမ်းအင်များ ရုတ်ချည်းပေါက်ကွဲထွက်လာသည်။ သူ၏ကျောဘက်တွင် ကြောက်မက်ဖွယ် နတ်ဆိုးခေါင်းကြီးတစ်ခု ပေါ်လာသည်။


ထူထပ်နေသော အနက်ရောင်မီးတောက်များက ကောင်းကင်ကို အုပ်မိုးတော့မည်ဖြစ်သည်။


" ငါတို့ နတ်ဆိုးဓားကောင်းကင်ဘုံဆက်ခံသူတွေဆီက အရည်အချင်းရှိတပည့်နှစ်ယောက် ဒီမှာသေသွားပြီ ... ငါဆိုတဲ့ စစ်မာဝမ်က မင်းတို့မြေခွေးတွေ လှုပ်ရှားလိုက်တယ်လို့ ကောက်ချက်ချမိတယ် ... တကယ်လို့ ငါက ငါ့နယ်နိမိတ်ကို ကျော်လာတယ်လို့ထင်ရင် မင်းရောဘာလို့ မင်းနယ်နိမိတ်ကို ကျော်လာ‌တာလဲ ..."

ဝတ်ရုံနက်လူက သတ်ဖြတ်ချင်စိတ်များပြည့်နှက်နေကာ ပြောလိုက်သည်။ 


ခြောက်မြှီးမြေခွေး၏နောက်မှ အမြှီးခြောက်ချောင်းက အဆက်မပြတ် လှုပ်ရမ်းနေသည့်အတွက် တဝှစ်ဝှစ်အသံများထွက်ကာ အေးစက်စွာပြောလိုက်သည်။

" ငါ့သမီးလေးကို ဖမ်းဆီးဖို့ကြိုးစားတဲ့အတွက် သေခြင်းတရားနဲ့တောင် သူတို့ရဲ့ပြစ်မှုကို မချေပစ်နိုင်ဘူး ..."


" မင်းကတော့ မသိလောက်ဖူး ... အဲ့ဒီအရည်အချင်းရှိ တပည့်တွေထဲက တစ်ယောက်က ငါ့မြေးပဲ ..."

ဝတ်ရုံနက်လူက တည်ငြိမ်စွာပြောလိုက်သည်။ ထို့နောက် လက်ချောင်းဖြင့် ဓားရှည်ကြီးကို ထိလိုက်သည်။


ဓားရှည်ကြီးက ချက်ချင်းပင် အနက်ရောင်ကြယ်ပျံအဖြစ်ပြောင်းသွားကာ ခြောက်မြှီးမြေခွေးကြီးဆီသို့ ပျံသွားသည်။


လဟာနယ်သည်ပင် အဆက်မပြတ် လောင်ကျွမ်းပြီး ကွဲကြေသွားသည်ဟု ထင်ရသည်။


ခြောက်မြှီးမြေခွေးကြီး ကျယ်လောင်စွာအော်လိုက်သည့်အခါ ခုနစ်ရောင်ခြယ်ရေကန်တစ်ခုလုံး ပေါက်ကွဲလာသည်။ ခဏအကြာတွင် လက်ဖဝါးကြီးကိုမြှောက်ကာ လေပွေတစ်ခုကို ဖန်တီးလိုက်သည်။ ထိုလေပွေကြီးက အနက်ရောင်ဓားရှည်ဆီသို့ ပျံထွက်လာသည်။


ဘုန်း ...


လေးလံသောဓားရှည်ကြီးက ကြောက်မက်ဖွယ်လေပွေကြီးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုတ်ဖြဲပစ်လိုက်သည်။


" အခုမှ အထွဋ်အမြတ်နယ်ပယ်ကိုခြေချတဲ့ အာတိတ်ကြယ်စင်မြေခွေးတစ်ကောင်က ငါ့ကိုဟန့်တားချင်တာလား ... နတ်ဘုရားပျောက်ကွယ်တောင်က အဲ့ဒီမိန်းမသာ လှုပ်ရှားလိုက်ရင်တော့ ... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူမအိပ်စက်နေတော့ မင်းကိုလာမကူညီနိုင်တော့ဘူး ..."


ဝတ်ရုံနက်လူက လက်ပိုက်လျက် အထင်သေးစွာဖြင့်ပြောနေသည်။ သူ၏ ခေါင်းအထက်တွင် လေထုကတွန့်ချိုးကာ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက လှုပ်ရှားနေသည်။


" အေးဆေးနေလိုက်ပါ ... ငရဲအကျဉ်းထောင်က တုနှိုင်းမဲ့တည်ရှိမှုတစ်ခုက အာတိတ်ကြယ်စင်မြေခွေးအသားကို လိုချင်နေတယ် .. မင်းကိုသတ်ပြီးရင် မင်းရဲ့အလောင်းနဲ့ အဲ့ဒီတည်ရှိမှုရဲ့ ချီးကျူးမှုကို လဲလှယ်ရမယ် ... ဒါမှမဟုတ် ငါ့မြေးကိုသတ်တဲ့လူကို ငါ့ဆီလွှဲပေးစမ်း ... မဟုတ်ရင် မင်းရဲ့သမီးကိုပါ သတ်ပစ်မယ် ..."


ဝတ်ရုံနက်လူ၏အသံက အလွန်အမင်းအေးစက်နေကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။


" ဟမ် ..."


တစ်ဖက်လူက သူ့သမီးအကြောင်းပြောလာသည့်အခါ ခြောက်မြှီးမြေခွေး၏ဒေါသက မြင့်တက်လာသည်။ ပါးစပ်ဟ၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။


ခုနစ်ရောင်ခြယ်ရေကန်မှာ ပေါက်ကွဲတော့မည်ဟုပင် ထင်ရသည်။


" မင်းက သေချင်နေတာပဲ ..."


ဝှစ် ...


ရေကန်က ပေါက်ကွဲသွားပြီး ဧရာမခြောက်မြှီးမြေခွေးကြီး ပျံတက်သွားကာ သူ၏လက်ဖဝါးက ဝတ်ရုံနက်လူဆီသို့ ကျရောက်လာသည်။


" ခေါင်းမာလိုက်တာ ... လက်ဝဖါးတစ်ဖက်ကျိုးသွားတာ မလုံလောက်သေးဘူးလား ... တိရစ္ဆာန်ဆိုတဲ့အတိုင်း ဘာအသိဉာဏ်မှမရှိဘူး ... ပန်းကန်ပြားပေါ်က အစားအစာဖြစ်တာပဲကောင်းတယ် ..."

ဝတ်ရုံနက်လူက အေးစက်စွာပြောလိုက်သည်။ လက်မြှောက်၍ အနက်ရောင်ဓားရှည်ကြီးကို ကိုင်လိုက်သည်။


ဓားရှည်ကြီးက တုန်ခါလာပြီး ခဏတွင်းချင်း လှုပ်ရှားသွားသည့်အခါ ထောင်ချီသောဓားအလင်းတန်းများပေါ်လာသည်။ 


တစ် နှစ် သုံး ...


ဓားအလင်းတန်းများ စုစည်းမိပြီး ဓားတစ်ချောင်းဖြစ်လာသည်။


ခြောက်မြှီးမြေခွေးထံမှ မိန်းမတစ်ယောက်၏ အော်ငိုသံကဲ့သို့ အသံမျိုးထွက်လာသည်။ ချက်ချင်းပင် ဆန့်ထုတ်ထားသောလက်ဖဝါးတွင် သွေးများ ပြည့်လာသည်။ 


သို့ရာတွင် ခြောက်မြှီးမြေခွေးက ဤတစ်ကြိမ်၌ နောက်မဆုတ်တော့ပေ။ ၎င်း၏ ရွှေအိုရောင်မျက်လုံးများတွင် ဒေါသဖြင့်ပြည့်နေကာ ရှေ့ဆက်တိုးလာသည်။


ပါးစပ်ဟလိုက်ပြီး ဝတ်ရုံနက်လူ၏ရှေ့ကို ရောက်လာသည်။


" တိရစ္ဆာန်ကောင် ရူးသွားတာလား ..."


လက်ချောင်းကို လှုပ်ရှားလိုက်သည်နှင့် ဓားပေါ်မှ အနက်ရောင်မီးတောက်က ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းနိုင်သည့် ဧရာမမီးတောက်ဓားကြီးအဖြစ် ပြောင်းသွားသည်။


ကြောက်မက်ဖွယ်အင်အားများ ပျံ့နှံ့လာပြီး နတ်ဘုရားပျောက်ကွယ်တောင်ထိပ်ကို လေပွေများဖြင့် ပြည့်လာစေသည်။


ဓားလက်ကိုင်ကို ကိုင်လိုက်ပြီး ဧရာမမီးတောက်ဓားကြီးကိုဝှေ့ယမ်းလိုက်သည်။ အနက်ရောင်မီးတောက်များက လေထဲတွင်တောက်ပနေကာ တရှဲရှဲအသံများပင်ထွက်နေသည်။


ခြောက်မြှီးမြေခွေးက ကြမ်းတမ်းစွာဟိန်းဟောက်ကာ ပါးစင်ထဲတွင် စွမ်းအင်များကို စုစည်းနေသည်။ ထိုစွမ်းအင်များက ပုံရိပ်ယောင်ဟင်းလင်းပြင်ကိုပါ စုပ်ယူနေသည်။


" သေလိုက်တော့ ..."

ဝတ်ရုံနက်လူက အော်ဟစ်ပြီး ခြောက်မြှီးမြေခွေးပေါ်သို့ မီးတောက်ဓားကြီးကို ပိုင်းချလိုက်သည်။


ဘုန်း ...


ခြောက်မြှီးမြေခွေး၏ ပါးစပ်ထဲမှ စွမ်းအင်ဘောလုံးက ချက်ချင်းပေါက်ကွဲသွားသည်။


သို့သော် ဓားကြီးက စွမ်းအင်ဘောလုံးကို နှစ်ခြမ်းခြမ်းလ်ိုက်ပြီး ခြောက်မြှီးမြေခွေးကိုပါ နှစ်ပိုင်းပိုင်းရန် ပြင်နေသည်။


ရုတ်တရက် ...


ဝတ်ရုံနက်လူက ခြေဖျားမှ ကျောရိုးထဲအထိ အေးစိမ့်နေသော ခံစားချက်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားမိသည်။


ဘုန်း ...


ပေါက်ကွဲသံကြီးဖြင့် ဧရာမလက်ဖဝါးဖြူကြီးက ခုနစ်ရောင်ခြယ်ရေကန်ထဲမှထွက်လာပြီး ဝတ်ရုံနက်ကျင့်ကြံသူကို ဆုပ်ကိုင်ထားလိုက်သည်။


" ငါ့မိန်းမနဲ့ သမီးကို သတ်ချင်တယ်ပေါ့ ... ငရဲအကျဉ်းထောင်ကလူတွေက တစ်နေ့ထက်တစ်နေ့ပိုပြီး ရဲတင်းလာတာပဲ ... မင်းတို့က နယ်နိမိတ်ကိုကျော်လာတယ်လို့ ငါ့မိန်းမပြောတာမှားလို့လား ... ဘာတွေ ခွန်းတုံ့ပြန်နေတာလဲ ..."

ကိုးမြှီးမြေခွေးကြီး၏ လွှမ်းမိုးသောအသံက ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။


ဝတ်ရုံနက်ကျင့်ကြံသူမှာ အနည်းငယ်မှင်သက်သွားသည်။ သို့သော် သူမတုံ့ပြန်နိုင်မီမှာပင် ကိုးမြှီးမြေခွေးကြီး၏ မြေပြင်ပေါ်သို့ရိုက်ချခြင်းခံလိုက်ရသည်။


ဘုန်း ...


ယခုအချိန်တွင် နတ်ဘုရားပျောက်ကွယ်တောင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။


ဝတ်ရုံနက်လူက ပြင်းထန်စွာ ရိုက်ချခံလိုက်သည့်အတွက် တစ်ကိုယ်လုံးမှအရိုးများကျိုးကြေသွားပုံရသည်။


သို့သော် သူဖြည်းညှင်းစွာထလာပြီး ကျိုးနေသောအရိုးများလည်း ပြန်ကောင်းလာသည်။


"ကိုးမြှီးအာတိတ်ကြယ်စင်မြေခွေးလား ... မင်းက ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းပဲ ... နတ်ဘုရားပျောက်ကွယ်တောင်မှာရှိတယ်လို့တော့ ကောလဟာလတွေကြားဖူးတယ် ... အရှင်သာသိရင်တော့ သေချာပေါက် ဝမ်းသာသွားမှာပဲ ..."


လေချွန်သံတစ်ခုထွက်ပေါ်လာပြီးနောက် ဝတ်ရုံနက်လူ၏ရှေ့တွင် ဓားနက်က ‌လွင့်မျောနေသည်။


စစ်မာဝမ် ထိုဓားပေါ်သို့ခုန်တက်သွားသည်။ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ရှေ့မှ‌ ရွှေအိုရောင် ကိုးမြှီးမြေခွေးကို အုပ်မိုးထားလိုက်သည်။


" ကမ္ဘာမြေအကျဉ်းထောင်မှာ ထိပါးစော်ကားလို့မရတဲ့လူ ငါးယောက်ရှိတယ် ... ရူးနေတဲ့မိန်းမ၊ ခွေးနက်၊ ဖရိုဖရဲဖြစ်နေတဲ့ လူအိုကြီးနဲ့ မကောင်းဆိုးဝါးမပဲ ဒါပေမဲ့ အဲ့ထဲမှာ မင်းမပါဘူး မြေခွေးဖြူကြီး ..."

ဝတ်ရုံနက်လူက တည်ငြိမ်စွာပြောလိုက်သည်။


ကိုးမြှီးမြေခွေးက ချက်ချင်းပင် ဒေါသထွက်လာသည်။


ငရဲအကျဉ်းထောင်က မျိုးမစစ်ကောင်က ငါလို ကြီးမြတ်တဲ့ ကိုးမြှီးမြေခွေးကို အထင်သေးတာလား ...


သူ၏လက်ဖဝါးဖြင့် ထိုလူကိုရိုက်ချလိုက်သည်။


သို့ရာတွင် ဤတစ်ကြိမ်၌ ဓားအလင်းတန်းများက အားလုံးကိုလွှမ်းခြုံထားပြီး စစ်မာဝမ်၏ပုံရိပ်က အနည်းငယ်နောက်ဆုတ်သွားသည်။


သတိကြီးစွာဖြင့် ကိုးမြှီးမြေခွေးကိုကြည့်ကာ အေးစက်သည့်အသံဖြင့်ပြောလိုက်သည်။ 

" ငါ့မြေးကိုထိခိုက်အောင်လုပ်တဲ့လူနဲ့ ခြောက်မြှီးမြေခွေးကို ပေးစမ်း ... ဒါဆို မင်းနဲ့ မင်းသမီးကို လွှတ်ပေးမယ် ... ဒါနောက်ဆုံးအကြုံပြုတာနော် ... ငရဲအကျဉ်းထောင်က မင်းတို့လို တိရစ္ဆာန်တွေ စော်ကားလို့ရတဲ့နေရာမဟုတ်ဖူး ..."


သို့သော် စစ်မာဝမ်၏ စကားမဆုံးမီမှာပင် ...


ကိုးမြှီးမြေခွေးက ဟိန်းဟောက်ပြီး ပါးစပ်ထဲမှ ကတ္တီပါနီရောင်စွမ်းအင်ဘောလုံးကို ပစ်လွှတ်လိုက်သည်။ ၎င်းကလေကိုဖြတ်သန်းသွားကာ စစ်မာဝမ်ဆီသို့ ပျံသန်းလာသည်။


" မင်းမေလင်ကိုပဲ တောင်းနေလိုက် ... ငါက မင်းမိန်းမကိုသတ်မယ်ဆိုရင် မင်းသူမကိုပေးမှာလား ... ငရဲအကျဉ်းထောင်ကလူတွေအားလုံးက အသ်ဉာဏ်မရှိတဲ့ ဝက်တွေပဲလား ..."


ကိုးမြှီးမြေခွေး၏ပုံရိပ်က စစ်မာဝမ်ရှေ့တွင် ပေါ်လာသည်။ ထို့နောက် ပုရွက်ဆိတ်တစ်ကောင်ကို ရိုက်သကဲ့သို့ လက်ဖဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။


သို့သော် မကြာမီ၌ တစ်စုံတစ်ခုက ပုံမှန်ဖြစ်မနေကြောင်း ကိုးမြှီးမြေခွေးကိသိလိုက်သည်။


ဝတ်ရုံနက်လူ၏ခေါင်းအထက်တွင် ကြောက်မက်ဖွယ်လှိုင်းဂယက်များ ပြည့်နေကာ သူ၏ပုံရိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အလင်းတိုင်တစ်ခု ဖြစ်ပေါ်လာသည်။


" ငရဲအကျဉ်းထောင်ရဲ့ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒလား ..."


ကိုးမြှီးမြေခွေး၏ ရွှေအိုရောင်မျက်လုံးများ ရုတ်တရက် မှေးကျဉ်းသွားပြီး မျက်နှာကလည်း ပြောင်းလဲသွားသည်။


" ဘုံကိုးပါး သူတော်စင်ငယ်လား ..."


မြေခွေးကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။


ဝတ်ရုံနက်လူက ကိုးမြှီးမြေခွေး၏ အံ့အားသင့်နေမှုကြောင့် အေးစက်စွာရယ်လိုက်သည်။


" နောင်တရဖို့ အရမ်းနောက်ကျသွားပြီ ..."


ခဏအကြာတွင် ပါးစပ်ဟလိုက်ပြီး အထဲမှ ငွေရောင်ဓားတစ်ချောင်းကို ထုတ်လိုက်သည်။



ဝှီးခနဲအသံဖြင့် ခုနစ်ရောင်ခြယ်ရေကန်မှ ပုဖန်တက်လာသည်။ 


ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ‌အသက်စမ်းချောင်းက ခုနစ်ရောင်ခြယ်ရေကန်၏ အောက်တည့်တည့်တွင်ရှိနေကြောင်း သိလိုက်ရသည်။


ခေါင့်မော့ကြည့်လိုက်သည့်အခါ မြေခွေးနှစ်ကောင်က ဝတ်ရုံနက်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေသည်ကို မြင်လိုက်ရသည်။


ကျင့်ကြံသူ၏စွမ်းအင်က အလွန်သန်မာသဖြင့် ပုဖန်၏ ရင်ထဲတွင် စားဖိုမှူးဝတ်ရုံ၏အစွမ်းနှင့်အတူ တုန်လှုပ်နေမိသည်။


ပုဖန် ‌တစ်ဖက်သို့လှည့်ကာ မြေခွေးဖြူလေးကို ကြည့်လိုက်သည်။

" ခြောက်မြှီးမြေခွေး ကိုးမြှီးမြေခွေး ... သူတို့က မင်းရဲ့မိဘတွေလား ..."


မြေခွေးဖြူလေးက နာခံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


အခြေအနေကို ဆန်းစစ်ကြည့်လိုက်ခြင်းဖြင့် မြေခွေးဖြူလေး၏မိဘများက ထိုလူကို မချေမှူန်းနိုင်ပုံရသည်။


ဒီလူရဲ့စွမ်းအားက အင်မတန်ကို ကြောက်စရာကောင်းလွန်းတယ် ...


ထိုလူ၏ကျင့်ကြံခြင်းက မည်သည့်အဆင့်ဖြစ်သည်ကို ပုဖန်မသိပေ။ သို့ရာတွင် ထိုလူက မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာသည်မှာထင်ရှားသည်။


သူလည်း အသက်စမ်းရေကို လိုချင်နေတာများလား ...


စိတ်ထဲတစ်ချက်လှုပ်ရှားကာ ထစ်ချုန်းမိုး အမဲသားလုံးများကို ထုတ်လိုက်သည်။


အကယ်၍ တစ်ဖက်လူက အသက်စမ်းရေကြောင့် ရောက်လာခြင်းဖြစ်ပါက သူတစ်ခုခုလုပ်ရန်လိုအပ်သည်။


နောက်ထပ် အစီအစဉ်တစ်ခုလည်း ပြင်ဆင်ထားမှရမယ် ... ဒါပေမဲ့ အဲ့ဒါက ဆွေးမြေ့အိုးဖြစ်လို့မရဘူး ... သူ့ရဲ့ပေါက်ကွဲနိုင်စွမ်းက အရမ်းမြင့်တော့ အဲ့ပစ္စည်းကို နောက်ဆုံးမှသုံးရမယ် ...


သို့ရာတွင် သူ့ထံ၌ ပြင်ဆင်ထားသည်ရှိသေးသည်။ 


ပုဖန်က မြေခွေးဖြူလေးကို ထစ်ချုန်းမိုးအမဲသားလုံးများ တစ်ခုပြီးတစ်ခု ကျွေးနေသည်။


မြေခွေးဖြူလေးကလည်း မငြင်းဆိုပဲ တစ်ခုပြီးတစ်ခုစားကာ အဆက်မပြတ် လေချဉ်တက်နေသည်။


ပုဖန်က သူ့ထံတွင် သိမ်းဆည်းထားသည့် အမဲသားလုံးတစ်ဝက်ခန့်ကို မြေခွေးဖြူလေး၏ဗိုက်ထဲထည့်လိုက်သည်။ သို့သော် မြေခွေးဖြူလေးက စိတ်လှုပ်ရှားစွာဖြင့် ထပ်မံစားနိုင်သေးသည့် အမူအယာမျိုးလုပ်နေသည်။


သို့ရာတွင် ပုဖန်က ဆက်မစားခိုင်းရဲတော့ပေ။ မြေခွေးဖြူလေးက အလွန်ငယ်ရွယ်သေးသည့်အတွက် အမဲသားလုံးများစားပြီး သေဆုံးသွားပါက ကြောက်စရာကောင်းလိမ့်မည်။


သို့ဖြစ်၍ လုံလောက်ပြီဟု တွေးလိုက်ကာ ပုဖန် ရပ်တန့်လိုက်သည်။


" အကောင်ပေါက်လေး မင်းရဲ့အမေနဲ့အဖေက ဒီလူကို မနိုင်လောက်ဘူး ... အဲ့အချိန်ကျရင် ငါမင်းကို အဲ့နေရာခေါ်သွားမယ် အဲ့လူရဲ့မျက်နှာတည့်တည့်ကို ပစ်ထုတ်လိုက်နော် သဘောပေါက်လား ..."

ပုဖန်က ဂရုတစိုက်ဖြင့် ညွှန်ကြားနေသည်။ ကလေးတစ်ယောက်ကို အရူးလုပ်နေသည်ဟု ခံစားမိသဖြင့် မလုံမလဲဖြစ်နေသည်။


မြေခွေးဖြူလေးက ဒဏ်ရာရနေသော ‌‌ခြောက်မြှီးမြေခွေးကြီးကို လှည့်ကြည့်ပြီး ညင်သာသောအသံပြုလိုက်သည်။


ခြောက်မြှီးမြေခွေးကြီးက ချက်ချင်းပင် လှည့်လာပြီး မြေခွေးလေးကို ချစ်မြတ်နိုးစွာကြည့်နေသည်။


ထိုခြောက်မြှီးမြေခွေးကြီးက ခုနစ်ရောင်ခြယ်ရေကန်ထဲမှ သားရဲလက်ဖဝါးကြီး၏ပိုင်ရှင်ဖြစ်ကြောင်း ပုဖန်သိလိုက်သည်။


ခြောက်မြှီးမြေခွေးကြီးက ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်များထဲတွင် အဓိပ္ပါယ်များပါဝင်နေသည်။


အထွဋ်အမြတ်နယ်ပယ်၏ ထိပ်ဆုံးကိုရောက်နေသူတိုင်းငက မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို သူတို့၏ခန္ဓာကိုယ်တွင် အဆင့်မြှင့်တင်ကာ အသုံးပြုနိုင်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာစွမ်းအားများကို ရရှိနိုင်သည်။


ကိုးမြှီးမြေခွေးဖြူကြီးသည်လည်း အနည်းငယ်စိုးရိမ်နေသည်။ ပြိုင်ဘက်ဖြစ်သူမှာ သူ့ကိုယ်ထဲတွင် ငရဲအကျဉ်းထောင်၏မဟာနိယာမလမ်းကြောင်းကြီး၏စိတ်ဆန္ဒကို အဆင့်မြှင့်တင်ထားသည်။ ဤကဲ့သို့သော မဟာနိယာမလမ်းကြောင်းကြီးက သန်မာလွန်းလှသည်။


ထိုပြိုင်ဘက်ပြောခဲ့သည် လူငါးယောက်မှလွဲ၍ ကိုးမြှီးမြေခွေးကြီးက သူ၏ပြိုင်ဘက်မဟုတ်ပေ။


ရုတ်တရက် ပုဖန်ကို မြင်လိုက်ရသည့်အခါ သူ၏ရွှေအိုရောင်မျက်လုံးများက မှေးကျဉ်းသွားသည်။


" ဟိုဘက်ကိုကြည့်လိုက် ... ဒီလူသားက မင်းရဲ့မြေးသေဆုံးခြင်းနောက်ကွယ်က တရားခံပဲ ..."

ကိုးမြှီးမြေခွေးကြီးက အော်လိုက်သည်။


ကွယ်ဝှက်ထားသည့်ဓားကိုထုတ်လိုက်သော စစ်မာဝမ်က ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူ၏စူးရှသောအကြည့်များက ချွန်ထက်သော ဓားတစ်ချောင်းနှင့်ပင်တူနေသည်။


ပုဖန်၏မျက်နှာ မည်းနက်သွားသည်။


" ဘာကြီးလဲ... ဒါက မြေခွေးလား ဝက်လား ..."


ကိုးမြှီးမြေခွေးကို ငရဲအကျဉ်းထောင် ကျင့်ကြံသူနှင့် တိုက်ခိုက်ရာတွင် ကူညီပေးရန် ပြုလုပ်နေသော်လည်း အဆုံးတွင် ဤသို့ဖြစ်လာသည်။


သို့ရာတွင် ကျင့်ကြံသူ၏ခေါင်းက သူ့ဘက်ကို လှည့်လိုက်သည်နှင့် ‌ကိုးမြှီးမြေခွေးကြီးက လှုပ်ရှားလာပြီး သူ၏ရွှေအိုရောင်မျက်လုံးတွင်သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်လာသည်။


သူ၏ အမြှီးကိုးချောင်းက ချွန်ထက်သောဓားများကဲ့သို့ ဝတ်ရုံနက်ကျင့်ကြံသူကို ခုတ်ပိုင်းလိုက်သည်။