အပိုင်း ၁၁၅၅
Viewers 52k

အခန်း ၁၁၅၅

ဆွေးမြေ့အိုးကို လက်တွေ့အသုံးချခြင်း


ကိုးမြှီးမြေခွေး၏ပုံသ‌ဏ္ဍာန်က ရှည်လျား၍ ချွန်ထက်နေသည့် ဓားသွားများအဖြစ်ပြောင်းလဲသွားကာ ပုံရိပ်ယောင်ဟင်းလင်းပြင်ကို ကွဲကြေစေခဲ့သည်။


ကြောက်မက်ဖွယ် အတက်အကျလှိုင်းများ လှည့်ပတ်နေပုံက ထိတ်လန့်ဖွယ်ရာပင်။


ကိုးမြှီးမြေခွေး၏ ကျင့်ကြံခြင်းက အလွန်အားကောင်းသည့်အပြင် အနည်းငယ်မျှ အားနည်းမနေခဲ့ချေ။ ကြမ်းတမ်းသည့်လေထုကို ဖြိုခွဲနေသည့်အသံများကပင် လူတစ်ယောက်ကို တုန်ယင်စေသည်။


စစ်မာဝမ်က ကိုးမြှီးမြေခွေးကို ဤမျှ ပါးနပ်လိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် သူ၏အာရုံပြောင်းသွားသည်။ 


သို့ရာတွင် သူကလွယ်လွယ်နှင့် အရူးလုပ်ခံရမည့်လူစားထဲတွင် မပါပေ။


ထစ်ချုန်းသံကြီး တစ်ခုမြည်ဟီးသွားသည်။


ငွေရောင်ဓားသွားပတ်ပတ်လည်တွင် မဟာနိယာမလမ်းကြောင်းကြီး၏စိတ်ဆန္ဒ လှိုင်းများနှင့်ဖုံးလွှမ်းနေသည်။ ၎င်းကိုပစ်လွှတ်လိုက်ချိန်တွင် ကောင်းကင်ကို တိုက်ရိုက်ဖြတ်သန်းသွားသည်။ ပုံရိပ်ယောင်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည့် ငွေရောင်လှံရှည်ကဲ့သို့ ကိုးမြှီးမြေခွေး၏အမြှီးဆီ ပျံသွားသည်။


ဘုန်း ...


အဆိုပါ ငွေရောင်ဖုံးလွှမ်းနေသောဓားရှည်နှင့် ကိုးမြှီးမြေခွေး၏ အမြှီးတို့ ထိပ်တိုက်တွေ့မိကြသည့်အခါ၌ ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။


ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော ပြင်းထန်သည့်လှိုင်းဂယက်များက နတ်ဘုရားပျောက်ကွယ်တောင် တစ်ခုလုံးကိုတုန်ခါသွားစေခဲ့သည်။


ကိုးမြှီးမြေခွေး၏ ခန္ဓာကိုယ်ကြီးက နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ရွေ့သွားခဲ့ပြီး လေချွန်သံပြုလုပ်နေခဲ့သည်။


စစ်မာဝမ်က လေပေါ်သို့ပျံသန်းနေရာ ငွေရောင်ဓားသွားက သူ၏ခန္ဓာကိုယ်ကိုဝန်းရံပြီးလှည့်ပါတ်နေသည်။


ချက်ချင်းပင် စစ်မာဝမ်က သူ၏လက်ညှိုးကို ညွှန်ပြလိုက်လေရာ ငွေရောင်ဓားသွားက ကိုးမြှီးမြေခွေးဆီကို ဦးတည်၍ နောက်တစ်ကြိမ်ထပ်မံပျံသန်းသွားခဲ့သည်။ အလွန်မြန်သောကြောင့် မျက်စိနှင့်လိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။


ကိုးမြှီးမြေခွေးက အသံတစ်ချက်ပြုလိုက်ကာ သူ့ရဲ့ခန္ဓာကိုယ်ကို ခုန်လိုက်ပြီး အမြှီးကိုလွှဲယမ်းပြီး ထပ်မံတိုက်ခိုက်လိုက်လေသည်။


ပေါက်ကွဲသံကြီး နောက်တစ်ကြိမ်ထွက်ပေါ်လာလေသည်။


ထိုငွေရောင်ဓားရှည်က ကိုယ်ပိုင်အသိဉာဏ်ရှိမည့်ပုံ ပေါ်သည်။ ကိုးမြှီးမြေခွေး၏နောက်ကိုဆက်တိုက် လိုက်နေသည့်အတွက် မြေခွေးကြီးမှာ အနည်းငယ် သနားစရာကောင်းလာသည်ဟုပင် မြင်မိလာသည်။


ပုဖန် ထိုမြင်ကွင်းကိုကြည့်လျက် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ 


ကိုးမြှီးမြေခွေးဒုက္ခရောက်နေသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။


ဤမြေခွေး‌ဖြူက သူ့ကိုသတ်မိလုနီးပါးဖြစ်ခဲ့သော်လည်း ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့် မှားယွင်းတိုက်ခိုက်မိခဲ့ခြင်းသာဖြစ်သဖြင့် နားလည်ပေးနိုင်သည်။


ထို့ကြောင့် သူလှုပ်ရှားရန်အချိန်ရောက်လာသည်ကို သဘောပေါက်လိုက်သည်။


ပုဖန်၏အတွေးကို ပုခုံးပေါ်တွင် အနားယူနေသည့် ပုစွန်ပိစိက နားလည်ပုံပေါ်သည်။ပုဖန်၏ ပုခုံးပေါ်မှ ခုန်ချလိုက်ပြီး မျက်စိရှေ့၌ပင် အရွယ်အစား စတင်ကြီးထွားလာခဲ့သည်။


ပုဖန်ကပုစွန်ပိစိ၏ ကျောပေါ်သို့ ခုန်တက်၍စီးလိုက်ချိန်တွင် မြေခွေးဖြူလေးက ပုဖန်၏ ရင်ခွင်ထဲတွင်ရှိနေသည်။ 


အဝေးတွင် သွေးများထွက်နေဆဲဖြစ်သည့် ခြောက်မြှီးမြေခွေးက မျက်လုံးများမှေးကျဉ်းလိုက်သည်။ ပုဖန်၏ရှေ့တွင် အမြှီးတစ်ချောင်းဖြင့်ပိတ်ဆို့လိုက်ပြီး မသင်္ကာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။


သူ၏ သမီးကို မစွန့်စားစေလိုပေ။


စစ်မာဝမ်၏ဓားသွားမှ ထွက်ပေါ်နေသည့် စွမ်းအားများက အလွန် ပြင်းထန်ပြီး ပုဖန်နှင့်သူ့သမီးနှစ်ယောက်၏ စွမ်းရည်များ ပေါင်းလိုက်လျှင်ပင် ထိုဓား၏ပြိုင်ဘက်မဖြစ်နိုင်ပေ။


ပြီးတော့ သူမသမီး မြေခွေးလေးက အခုမှသုံးနှစ်သားပဲရှိသေးတာဖြစ်လို့ တိုက်ခိုက်နိုင်စွမ်းမရှိသေးဘူး ...

ပုဖန်နဲ့ သူမသမီးလေး ကိုလွှတ်ပေးလိုက်တာက သူတို့ကိုသေတွင်းထဲလွှတ်လိုက်သလိုပဲ ဖြစ်နေလိမ့်မယ် ...


အမေတစ်ယောက်၏ စိုးရိမ်သောကကို ပုဖန်သဘောပေါက်သည်။


"စိတ်ပူစရာမလိုဖူး မြေခွေးဖြူလေးဘာထိခိုက်မှုမှမဖြစ်စေရဖူး ... ကျုပ်အသက်နဲ့ရင်းပြီးအာမခံတယ် ..."

ပုဖန်က ခြောက်မြှီးမြေခွေးကို မော့ကြည့်လိုက်ပြီး အေးအေးဆေးအေးပင် ပြောလိုက်သည်။


ခြောက်မြှီးမြေခွေး၏ ရွှေအိုရောင်မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နေသော်လည်း အမြှီးကိုဖယ်ပေးလိုက်သည်။


ပုဖန်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ခြောက်မြှီးမြေခွေး၏ သူ့အပေါ်ယုံကြည်မှုအတွက် တလေးတစားဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် ပုစွန်ပိစိက ရွှေရောင်ကြယ်ပျံတစ်ခု၏ အရှိန်အဟုန်နဲ့ပျံသန်းထွက်ခွာသွားသည်။ ပုစွန်ပိစိ၏ အမြန်နှုန်းက ငွေရောင်ဓားသွား၏အရှိန်ထက် မလျော့ပေ။


စစ်မာဝမ် လေထုထဲမှ မတည်မငြိမ်ဖြစ်မှုများကို ခံစားမိလိုက်သည်။ တစ်ချက်ကြည့်လိုက်သည့်အခါ ပျော့ညံသည့် လူသားတစ်ယောက်နှင့် အရွယ်မရောက်သေးသည့် မြေခွေးပေါက်စတစ်ကောင် သူဆီကိုဦးတည်ပြီး လာနေသည်ကိုတွေ့လိုက်ရသည်။


"ပိုးဖလံမျိုး မီးကိုတိုးဆိုသလိုပဲ ကိုယ်သေတွင်းထဲကိုကိုယ်တိုင်တိုးဝင်လာကြတယ်ပေါ့လေ.... "


 စစ်မာဝမ်တစ်ယောက် အလွန်အထင်အမြင်သေးစွာဖြင့် လှမ်းပြောလိုက်သည်။ သူ၏ကျင့်ကြံခြင်းဖြင့်ဆိုလျှင် တစ်ချက်သမ်းဝေလိုက်ရုံဖြင့် ဤကဲ့သို့ လူတစ်ယောက်ကို ထပ်ခါထပ်ခါသတ်ပစ်နိုင်သည်။


 သူ၏တိုက်ခိုက်စွမ်းရည်နှင့် ခွန်အားက ဤပျော့ညံ့သောလူ မည်သို့မျှ လိုက်မမှီလိုက်သော အဆင့်တစ်ခုမှာရှိနေသည်။ အဆုံးမှာတော့ စစ်မှန်မသေမျိုးနယ်ပယ်နှင့် အထွဋ်အမြတ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က အလွန်ကိုကွာဟနေဆဲပင်ဖြစ်သည်။ အထွဋ်အမြတ်နယ်ပယ်နှင့် နှိင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့် မြေကြီးလိုကဲ့သို့ စွမ်းရည်များက ကွာဟလွန်းလှပေသည်။


ပုဖန်တစ်ယောက်က ပုစွန်ပိစိ၏ကျောပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီးလိုက်ပါလာသည်။ လေတိုက်ခတ်နေသောကြောင့်ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်ရုံက ပြင်းထန်စွာပင် လှုပ်ခတ်နေသည်။


ပုဖန်က မြေခွေးဖြူလေးကို ညှင်သာစွာဖက်ထားပြီး ဦးခေါင်းကို ပွတ်ပေးနေသည်။


မြေခွေးလေးက လေချဉ်တက်လိုက်ပြီး မျက်လုံးများ မှေးစင်းထားသည်။


ထို့နောက် ပုစွန်ပိစိက လေပေါ်တက်သွားသည်။


စစ်မာဝမ်က ပုဖန်ကို လုံးဝမျက်လုံးထဲပင် မထည့်ပေ။


ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်က ဘာလုပ်နိုင်မှာလဲ ...


လက်ချောင်းများဖြင့် ညွှန်ပြလိုက်သည့်အခါ မနက်ရောက်ဓားစွမ်းရည်များ ချက်ချင်းထွက်ပေါ်လာသည်။


နတ်ဆိုးဓားကောင်းကင်ဘုံဆက်ခံသူများက ဓအနုပညာများဖြင့်သာ ကျင့်ကြံကြသည်။ စစ်မာဝမ်၏ အထွဋ်အမြတ်နယ်ပယ်ကျင့်ကြံခြင်းဖြင့်ဆိုလျှင် ဓားများကို လက်တစ်ချက်လှုပ်ရုံဖြင့် လှည့်နိုင်သည်။


ဓားစွမ်းအင်သုံးခုက အလွန်အမင်းချွန်ထက်ပြီး အန္တရာယ်များသည့်ပုံပေါက်သည်။


ခြောက်မြှီးမြေခွေးက မျက်လုံးများ မှေးကျဉ်းလိုက်သည်။ တစ်စုံတစ်ခုဖြစ်လာပါက သူမကိုယ်တိုင် အသက်စွန့်မည်ဖြစ်သည်။ 


သို့သော် ခဏတွင်းချင်း သူမတစ်ကိုယ်လုံး အေးခဲသွားသည်။


ပုစွန်ပိစိ၏အရှိန်က အလွန်မြန်သည်။ ပုဖန်နှင့် မြေခွေးဖြူလေးကို ကျောပေါ်တင်ထားပြီး ရွှေရောင်ကြာ်ပျံတစ်ခုကဲ့သို့ ပျံသန်းသွားသည်။ 


အသက်စမ်းချောင်းထဲတွင် ခဏတာရေကူးပြီးနောက် ပုစွန်ပိစိမှာ အလွန်သန်မာလာသည်။ ယခင်နှင့် ယှဉ်ပါက အရှိန်များစွာပိုမြန်လာသည်။


ပုစွန်ပိစိ၏ပုံရိပ်က လျင်မြန်စွာပျံသန်းသွားပြီး လေထဲမှ ဓားစွမ်းရည်သုံးခုကို ရှောင်ကွင်းသွားသည်။


ထို့နောက် ပုစွန်ပိစိက ပုဖန်ပြောသည့်အတိုင်းစစ်မာဝမ်ကို စက်ဝိုင်းပုံလှည့်ပတ်နေသည်။


ထိုအချိန်တွင် ပုဖနိ မတ်တပ်ရပ်လိုက်သည်။


မြေခွေးလေး၏ခေါင်းကိုပွတ်လျက် သက်ပြင်းချကာ စစ်မာဝမ်ကိုကြည့်လိုက်သည်။


အထွဋ်အမြတ်နယ်ပယ်၏ ထိပ်ဆုံးတည်ရှိမှုနှင့် နီးကပ်စွာနေရသဖြင့် ကြီးမားသောဖိအားကို ပုဖန်ခံစားနေရသည်။ ထိုဖိအားလှိုင်းက အပြင်ဘက်မှလာခြင်းမဟုတ်ပေ။ စနစ်ဖြင့်ဆိုလျှင် သူ့ကိုမည်သည့်ဖိအားကမျှ မသက်ရောက်နိုင်ပေ။ 


ယခုဖိအားက သူ၏ရင်တွင်းမှလာခြင်းဖြစ်သည်။ ဤအထွဋ်အမြတ်နယ်ပယ်၏ ထိပ်ဆုံးတည်ရှိမှူက တိုင်းတယ၍မရသော တောင်ကဲ့သို့ လေးလံသောဖိအားများပေးနေသည်။


သို့သော်လည်း ...


၎င်းက ပုဖန်၏ဆက်လက်တိုက်ခိုက်ခြင်းကို မရပ်တန့်စေခဲ့ပေ။ 


မြေခွေးဖြူလေး၏ ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။ 

" မြေခွေးဖြူလေး အချိန်ကျပြီ ... သူ့ကိုသေအောင် ပစ်လိုက် ..."


ပုဖန်၏အသံက အလွန်တည်ငြိမ်နေသည်။


မြေခွေးလေး၏မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်းပင် ပါးစပ်ဟလိုက်သည်။


သူ၏ပါးစပ်ထဲတွင် စွမ်းအင်များ စုဝေးနေသည်။ 


ဟမ် ...


စစ်မာဝမ် သူ့ဘေးတွင် စွမ်းအင်များစုဝေးလာသည်ကို ခံစားမိသည်။


လှည့်ကြည့်လိုက်သောအခါ လူတစ်ယောက်က သူ့ဘက်လှည့်နေသည့် မြေခွေးပေါက်စလေးကို ချီထားသည်။


သူတို့ ဘာလုပ်မလို့လဲ ...


ဒီလိုမြေခွေးဖြူငယ်ငယ်လေးက ဝိညာဉ်ကျည်ဆန်တွေ ပစ်နိုင်လို့လား ...


ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးပင် အေးခဲသွားသည်။


ဒီလူသားက သူတို့သမီးလေးနဲ့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ ...


မြေခွေးဖြူလေးမှာ အရွယ်မရောက်သေးသည့်အပြင် ဝိညာဉ်ကျည်ဆန်များကို မပစ်နိုင်သေးသော်လည်း ထစ်ချုန်းမိုးအမဲသားလုံးများကို ပစ်လွှတ်နိုင်သည်။


" ပစ်လိုက်တော့ ..."

ပုဖန် အသံကိုမြှင့်လိုက်သည်။


ထို့နောက်တွင် ...


ဘန်း ဘန်း ဘန်း ဘန်း ဘန်း ...


မြေခွေးဖြူလေး၏ပါးစပ်မှ ရွှေရောင်စွမ်းအင်ဘောလုံးများ အဆက်မပြတ်ထွက်လာသည်။


စွမ်းအင်ဘောလုံးများက စစ်မာဝမ်ဆီသို့ ပစ်နေချိန်တွင် ဆုတ်ပြဲသံများနှင့် လေတိုးသံများ လေဟာနယ်ထဲတွင် ပဲ့တင်နေသည်။


သို့သော် အကွာအဝေးက အလွန်နီးသည့်အတွက် ရွှေရောင်စွမ်းအင်ဘောလုံးများ စစ်မာဝမ်ဆီသို့ရောက်ရန် တစ်စက္ကန့်မျှသာ ကြာလိုက်သည်။


" ဘာကြီးလဲ ..."


စစ်မာဝမ် မျက်မှောင်ကြုတ်လိုက်သည်။ 


ဝိညာဉ်သားရဲအမြောက်လား ... အဲ့ဒါနဲ့ သိပ်မတူသလိုပဲ ...


ပြီးတော့ မွှေးတဲ့အနံ့တချို့လည်းရတယ် ...


ဟင်းလျာတစ်ခုရဲ့ အနံ့လား ...


ဘာလဲဟ ...


လက်မြှောက်လိုက်ပြီး လက်ညိုးထိုးလိုက်သည့်အခါ ဓားစွမ်းရည်များ ချက်ချင်းထွက်လာသည်။


ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူနှင့် မြေခွေးပေါက်စတစ်ကောင်၏ တိုက်ခိုက်မှုမှာ သူ့အတွက် ကစားစရာတစ်ခုနှင့်ပင်တူနေသည်။


ဓားစွမ်းရည်တစ်ချက်တည်းနဲ့ အားလုံးကို ခုတ်ပစ်လို့ရတယ် ...


ဘုန်း ဘုန်း ဘုန်း ...


သို့သော် ခဏတွင်းချင်း သူ၏မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ၏ဓားစွမ်းအင်က ရွှေရောင်စွမ်းအင်ဘောလုံးနှင့် ထိလိုက်ချိန်တွင် ပေါက်ကွဲသွားသည်ကို ခံစားမိသည်။


ရုတ်တရက်ပေါက်ကွဲမှုက သူ့ကိုစိတ်ရှုပ်သွားစေသည်။


ဒီပေါက်ကွဲမှုအားက ပုံမှန်မဟုတ်ဖူး ...


ဒါ့အပြင် ...


အထဲမှာ ရင်းနှီးနေတဲ့ အတက်အကျလှိုင်းတစ်ခု ရှိနေတယ် ...


ဒီအတက်အကျက မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒနဲ့တောင် တူနေသလိုပဲ ...


သူ့ကို စွမ်းအင်ဘောလုံးများဖြင့် ဝန်းရံထားကြောင်း စစ်မာဝမ်သိလိုက်သည်။


ဘုန်း ဘုန်း ဘုန်း ...


ပေါက်ကွဲသံများနှင့်အတူ မီးတောက်များက အဆက်မပြတ် ထွက်ပေါ်လာသည်။


စွမ်းအင်ဘောလုံးတစ်လုံး နှစ်လုံး သုံးလုံး ...


မီးလျံများတောက်ပနေချိန်တွင် မှိုပွင့်ပုံမီးခိုးတိမ်များ အပေါ်သို့ တက်လာသည်။


မြေခွေးလေးက မသိမသာ ပါးစပ်ဟလိုက်ပြီး လျှာထုတ်ကာ မှင်သက်နေသည်။ သူက စွမ်းအင်ဘောလုံးအားလုံးက အသက်ရှုသံတစ်ချက်တည်းဖြင့် ‌ဖောက်ခွဲပစ်လိုက်သည်။


ထို့ကြောင့် အနည်းငယ်ပင် မူးဝေလာသလိုဖြစ်သွားသည်။


မြေခွေးဖြူလေး၏ခေါင်းကိုပွတ်ပြီး ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ကိုးမြှီးမြေခွေးကြီး အလွန်ထိတ်လန့်သွားသည်။


အဲ့ဒါ သူ့သမီးလား ...


ဘုရားရေ ... သူက အဖေကိုတောင်လိုက်မှီတော့မယ် ...


ခြောက်မြှီးမြေခွေး၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပသွားသည်။


သူတို့သမီးမှာ ဒါမျိုးစွမ်းရည်ရှိတာလား ...


သူ ဒဏ်ရာရသွားတုန်း အနိုင်ယူလိုက်ကြတော့လေ ...


ပုဖန်က ကိုးမြှီးမြေခွေးကြီးကိုတစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

" အခုမလှုပ်ရှားရင် ဘယ်အချိန်လုပ်မှာလဲ ..."


ကိုးမြှီးမြေခွေးကြီးက ချက်ချင်းပင် စိတ်နှင့်လူနှင့်ကပ်သွားပြီး အမြှီးဖြင့် ရိုက်လိုက်နေသည်။ 


ဘုန်း ဘုန်း ဘုန်း ...


အလွန်ပြင်းထန်စွာ ရိုက်နေသောကြောင့် မြေပြင်ပင် အစိတ်စိတ်အမြွှာမြွှာဖြစ်လာသည်။


ခပ်အုပ်အုပ်အသံတစ်ခု ထွက်လာသည်။


မြေပြင်ပေါ်မှ စစ်မာဝမ်၏ခန္ဓာကိုယ်မှာ ဖွတ်ဖွတ်ညက်ညက်ကြေသည်အထိ အရိုက်ခံထားရသည်။


ဘုန်း ...


သူက အမြောက်ကဲ့သို့ ခုန်ထွက်လာပြီး အမောတကောဖြင့် အသက်ရှုနေရသည်။


မျက်နှစ်တစ်ခုလုံး မည်းမှောင်သွားပြီး စူပုတ်လာသည်။ 

သူက ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်ရဲ့ လှည့်ကွက်ထဲ ရောက်သွားတာလား ...


ဒီပေါက်ကွဲမှုကြောင့် သူသေတော့မလို ...


ကိုးမြှီးမြေခွေးကြီးကြောင့် ဒဏ်ရာများလည်းပိုများလာသည်။ သူ၏ဝတ်ရုံကို မီးလောင်ကျွမ်းသွားသဖြင့် ကြွက်သားများဖြင့် ပြည့်နေသော ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။


" မင်း သေချင်နေတာပဲ ..."

စစ်မာဝမ် စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောလိုက်သည်။


ခဏအကြာတွင် လက်ချောင်းများကို ကွေးလိုက်သည်။


ကိုးမြှီးမြေခွေးကြီး နာကျင်စွာအော်လိုက်သည်။


သူ၏ဧရာမကိုယ်လုံးကြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ ဓားကြောင့် သူ၏ခန္ဓာကိုယ်တွင် အပေါက်တစ်ခုဖြစ်သွားသည်။


ထိုအပေါက်မှ သွေးများစီးကျလာသည်။


" မင်းတို့အားလုံးသေရမယ် ..."

စစ်မာဝမ်က ဓားရှည်ကြီးကိုကိုင်ပြီး ကြုံးဝါးလိုက်သည်။


သို့သော် သူပြောပြီးသွားချိန်၌ ... 


ဒေါသထွက်နေသော ကိုးမြှီးမြေခွေးကြီးက သူ့ကို မြေပြင်ပေါ် ပုတ်ချလိုက်ပြန်သည်။


နတ်ဘုရားပျောက်ကွယ်တောင်တစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်နေသည်။


ကိုးမြှီးမြေခွေးကြီးရိုက်ချလိုက်သည့်နေရာမှ ငွေရောင်အလင်းတန်းများစွယ ဖြာထွက်လာသည်။


ကြောက်မက်ဖွယ်ဓားစွမ်းရည်များက ပုံရိပ်ယောက်ဟင်းလင်းပြင်ကို အဆက်မပြတ် ဆုတ်ဖြဲနေသည်။


စစ်မာဝမ် ကောင်းကင်ပေါ်တက်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ငရဲအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒဖြင့် လွှမ်းခြုံထားသဖြင့် သူကိုယ်တိုင်က ဓားတစ်ချောင်းကဲ့သို့ ဖြစ်လာသည်။


ကိုးမြှီးမြေခွေးကြီးဆီသို့ ဓားကိုပစ်လွှတ်လိုက်သည်။


ကိုးမြှီးမြေခွေးကြီး၏ပခုံးတွင် ‌ပေါက်ကွဲသွားကာ သွေးများဖြာကျလာသည်။


ဒေါသထွက်စွာ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။


သို့ရာတွင် ဓားအဖြစ်ပြောင်းသွားသော စစ်မာဝမ်က ဤမျှနှင့် အဆုံးမသတ်သေးပေ။


ကောင်းကင်ကို ဖြတ်သန်းပြီး ပုဖန်နှင့် မြေခွေးလေးတို့ကိုပါ အဆုံးသတ်ပစ်ရန် ပြင်နေသည်။


ဒီလိုကောင်မျိုးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ရမယ် ...


ဒီလို ဘာမဟုတ်တဲ့နှစ်ကောင်ကြောင့် ဒဏ်ရာရသွားတာ ခွင့်လွှတ်ပေးလို့ မရနိုင်တဲ့ ပြစ်မှုတစ်ခုပဲ ...


စစ်မာဝမ်၏ အကြည့်များက ခက်ထန်နေသည်။


ပုဖန် မျက်ခုံးများပင့်ကာ စိတ်ထဲတစ်ချက်တွေးလိုက်သည်။


ချက်ချင်းပင် သူ့လက်ထဲတွင် ငွေရောင်ကြာပန်းအိုးတစ်ခု ပေါ်လာသည်။


၎င်းမှ ကြောက်မက်ဖွယ် အတက်အကျလှိုင်းများ ပျံ့နှံ့‌လာသဖြင့် လေဟာနယ်ပင် တွန့်ချိုးလာသည်။


အဖြူရောင်မီးတောက်က ထိုအိုးအောက်တွင် လောင်ကျွမ်းနေပြီး အပူချိန်များစွာ ထုတ်လွှတ်ပေးနေသည်။


ဟမ် ...


ဆွေးမြေ့အိုးကို ထုတ်လိုက်ချိန်တွင် ...


ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးတို့စိတ်ထဲ လှုပ်ခါသွားသည်။


စစ်မာဝမ်သည်လည်း ခေါင်းမှ ဆံပင်မွေးများပင် ထောင်တက်လာသည်။


ဒီလို အတက်အကျလှိုင်းတွေက သေချာပေါက် သေစေနိုင်တဲ့ လှုပ်ရှားမှုတစ်ခုပဲ ...


ပုရွက်ဆိတ်တစ်ကောင်က ဘာလို့ အဲ့လိုလုပ်နိုင်ရတာလဲ ...


မြေခွေးဖြူလေး၏ အကြည့်များက ဆွေးမြေ့အိုးကိုကြည့်နေလျက် ‌တောက်ပလာသည်။ သူ သွားရည်ကျလာသော်လည်း အလွန်ငယ်ရွယ်သေးသည့်အတွက် ထိုအရာကို မစားနိုင်ကြောင်း ရှင်းလင်းစွာသိသည်။


ပုဖန်၏ မျက်နှာက အနည်းငယ်ဖြူဖျော့လာသည်။ ဆွေးမြေ့အိုးကို ‌ပေါ်လာချိန်တွင် ၎င်းက သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များကို အကြမ်းပတမ်း စုပ်ယူလိုက်သည်။


ရွှေရောင်နတ်နဂါး၊ လိပ်နက်ကြီး၊ ဖီးနစ်ငှက်နှင့် ကျားဖြူကြီးတို့၏ အော်မြည်ဟိန်းဟောက်သံက ကောင်းကင်ထိပင် ရောက်လာသည်။


ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လေလှိုင်းများထန်လာသည်။


သူ၏လက်ထဲမှ ဆွေးမြေ့အိုးက အလင်းတန်းများဖြာထွက်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဆုံချက်ဖြစ်လာသည်။



ဖန်ဖန့်ရေခဲမုန့်စတိုး နတ်ဘုရားမမြို့တော်


ရေခဲမုန့်တစ်ပန်းကန်ကို ပျော်ရွှင်စွာစားနေသော ဧကရီပိလော့ မျက်မှောင်ကြုတ်လိုက်သည်။


" ဒီအတက်အကျတွေက ဘယ်လိုဖြစ်တာပါလိမ့်...ပုဖန်ဆိုတဲ့စားဖိုမှူးလေး ပြဿနာရှာပြန်ပြီလား ..."



နတ်ဘုရားပျောက်ကွယ်တောင်အတွင်း


အိပ်ပျော်နေသာပုံရိပ်တစ်ခုကို ရေခဲအခေါင်းထဲတွင် ချိပ်ပိတ်ထားသည်။


ရုတ်တရက် အေးခဲနေသောပုံရိပ်က မျက်လုံးများပွင့်လာပြီး နှစ်ထောင်ချီနေသော ရေခဲများပေါ်တွင် အက်ရာများစွာပေါ်လာသည်။



ဆုတ်ဖြဲလိုက်သောအသံတစ်ခုဖြင့် ခုနစ်ရောင်ခြယ်ကန်၏ အထက်တွင် အက်ကွဲကြောင်းတစ်ခု ထွက်လာသည်။


ခဏအကြာတွင် အက်ကြောင်းထဲမှ သိမ်မွေ့သောကြောင်ခြေလှမ်းများဖြင့် ခွေးတစ်ကောင်ထွက်လာသည်။