အပိုင်း ၁၁၅၆
Viewers 53k

အခန်း ၁၁၅၆

နတ်ဘုရားပျောက်ကွယ်တောင်မှ ရူးနေသောမိန်းမ


ဆွေးမြေ့အိုးက ပုဖန်သိမ်းထားသည့် အကြီးဆုံးဖဲချပ်ဖြစ်သည်။


အနာဂတ်တွင် မရဏစားဖွယ်များကို ပိုမိုထုတ်လုပ်ရလိမ့်မည်။ ဆွေးမြေ့အိုးက ဖျက်ဆီးအားကြီးသော်လည်း သူ၏စွမ်းအားမှာ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်ထားခြင်းဖြစ်၍ ပိုမိုတိုးတက်ရန်ခက်ခဲလိမ့်မည်။


ထိုသို့ဖြစ်ပါက ပုဖန်၏ ကျင့်ကြံခြင်းအဆင့်မြင့်လာသော်လည်း ပို၍မသန်မာနိုင်တော့ပေ။


ပုဖန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့လာသည်။ 


သူ၏ စိတ်စွမ်းအင်က ယခင်တစ်ခေါက် ဆွေးမြေ့အိုးကိုအသုံးပြုပြီးချိန်ကတည်းက ပြန်လည်မကောင်းမွန်လာသေးပေ။ ထို့အပြင် ထိုအချိန်ကလည်း ချက်ပြုတ်ခြင်းကိုသာ အဆက်မပြတ်လေ့လာနေခဲ့သည်။ ယဇ်ပူဇော်ဟင်းလျာများက သူ့ကိုစွမ်းအင်များ ကုန်ခမ်းစေပြီး စိတ်စွမ်းအင်ကိုလည်း မပြည့်မဝဖြစ်စေသည်။


ယခုအခြေအနေကို ဆွေးမြေ့အိုးကို အသုံးပြုခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး စိတ်ဝိညာဉ်ပင်လယ်ကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် ပုဖန်က ယခုအချိန်တွင် ဆွေးမြေ့အိုးကိုမသုံးရန် ဆုံးဖြတ်လိုက်သည်။


သို့သော် စစ်မာဝမ်က သူ့ကိုယ်သူဓားအဖြစ်ပြောင်းလဲလိုက်သည့်အပြင် သူတော်စင်ငယ်ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသူလည်းဖြစ်သည်။


ဆွေးမြေ့အိုးကို မသုံးပါက ထိုလူကိုသတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အနည်းငယ်အချိန်ဆွဲမှရမည်။


ထို့အပြင် မြေခွေးဖြူလေးကို ကာကွယ်မည်ဟု မြေခွေးဖြူကြီးကို ကတိပေးထားခဲ့မိသည်။


ဆွေးမြေ့အိုးက ပုဖန်၏လက်ထဲတွင် လည်ပတ်နေသည်။ ၎င်းမှ လေပူများ လျှံကျနေပြီး အပူလှိုင်းများက ဆံပင်ကို တဖျပ်ဖျပ် လွင့်နေစေသည်။


အာရုံစိုက်ကြည့်လိုက်သည့်အခါ ဓားအလင်းရောင်တစ်ခုက လမ်းတစ်လျှောက်မှ အရာအားလုံးကိုဖျက်ဆီးကာ သူ့ထံသို့လာနေသည်ကို မြင်လိုက်ရသည်။ ပုဖန် အသက်ပြင်းပြင်းရှုလိုက်ကာ ပင်လယ်ထဲသို့ ‌လောင်းချနေသည့်ရေများကဲ့သို့ စိတ်စွမ်းအင်များကို ဦးနှောက်ထဲသို့ လောင်းချနေသည်။ ခဏအကြာတွင် မျက်လုံးသူငယ်အိမ်ကို ကျုံ့လိုက်ပြီး အိုးကိုပစ်ရန် ပြင်လိုက်သည်။


သို့ရာတွင် ထိုသို့လုပ်မည့်အချိန်၌ ရင်းနှီးနေသောစွမ်းအင်တစ်ခုကြောင့် သူ၏လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့သည်။ 


ခွေးနက်တစ်ကောင်က အောက်ဘက်မှ ကြောင်‌ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာလျှောက်လာသည်။ တစ်ခဏချင်း ပုဖန်၏ရှေ့တွင်ပေါ်လာပြီး စောင်းငဲ့ကြည့်လိုက်သည်။

"ကောင်လေးပုဖန် အဲ့ဟာကို သုံးဦးမလို့လား ... အဲ့ဒါက အားပြင်းပေမယ့် မကြာခဏမသုံးသင့်ဘူး ... မဟုတ်ရင် ကိုယ့်ကိုကိုယ်နဲ့ တခြားသူတွေကိုပါ ထိခိုက်မိလိမ့်မယ် ..."


ခွေးဘုရင်၏ ညင်သာပြီး ဩဇာအာဏာနှင့် ပြည့်နှက်နေသောအသံက လေဟာနယ်ထဲတွင် ပြည့်နေပြီး ပုဖန်ကို ရပ်တန့်သွားစေသည်။ ခွေးဘုရင်ကို ဤနေရာ၌တွေ့ရမည်ဟု သူမထင်ထားမိပေ။


" ခွေးဘုရင်လား ... ခင်ဗျား နတ်ဘုရားပျောက်ကွယ်တောင်ကို မလာဘူးဆို ..."

သူက သံသယမကင်းဖြစ်ကာ မေးလိုက်သည်။ သူမတတ်နိုင်ပဲ ဆွေးမြေ့အိုးကို ပြန်သိမ်းလိုက်ရသည်။


ခွေးဘုရင်က ပုဖန်ကို မျက်လုံးထောင့်မှကြည့်နေပြီး မခံမရပ်နိုင်စွာဖြင့် ပြောလ်ုက်သည်။

" အင်း ... မင်းကို ဟိုအရူးမက ပြန်မလာနိုင်အောင် ဆွဲထားမှာစိုးရိမ်လို့ ငါလာကယ်တာ ..."


ပုဖန် အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်သွားသည်။


သူတို့ စကားပြောနေစဉ်မှာပင် ဟင်းလင်းပြင်ဆုတ်ပြဲသွားသည့် အသံတစ်သံ ပဲ့တင်ထပ်လာသည်။ 


ပုဖန် မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။


" သေစမ်း ..."

စစ်မာဝမ်က ဒေါသတကြီးအော်ဟစ်ကာ ပုဖန်ကို ဓားဖြင့် ထိုးချလိုက်သည်။ ပုဖန်၏ရှေ့တွင် ရင်းနှီးနေသောခွေးတစ်ကောင်ကို မြင်လိုက်၍ သူ့ကိုပါ တစ်ခါတည်းသတ်ပစ်ရန် တွေးလိုက်သည်။


စစ်မာဝမ်က သူ့ကိုယ်သူဓားတစ်ချောင်းအဖြစ် အသွင်ပြောင်းကာ ကမ္ဘာပေါ်မှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ထိုဓားမှ အန္တရာယ်ရှိသောအငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေသည်။ 


ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေ‌ခွေးတို့၏ မျက်နှာအမူအယာများ ပြောင်းလဲသွားကြသည်။ ပုဖန် ဆွေးမြေ့အိုးကို ထုတ်လိုက်စဉ်က ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိသဖြင့် သူတို့ အနည်းငယ်ထိတ်လန့်သွားကြသည်။


သို့ရာတွင် သူတို့ကိုပို၍ အံ့အားသင့်စေသည်က လေထဲတွင်ကြောင်ခြေလှမ်းများဖြင့်လျှောက်နေသည့် ခွေးဝကြီးဖြစ်သည်။ သူ့ကို တစ်နေရာရာတွင်မြင်ဖူး၍ ရင်းနှီးနေသော်လည်း မည်သူဖြစ်ကြောင်းမသိပေ။


ကိုးမြှီးမြေခွေး၏ခန္ဓာကိုယ်မှ ဒဏ်ရာအပေါက်ကြီးက တဖြည်းဖြည်း ပြန်လည်သက်သာလာသည်။ သူတော်စင်ငယ်များက ဒဏ်ရာများကို အလွန်ခံနိုင်ရည်ရှိကြသည်။ 


ခြောက်မြှီးမြေခွေးက သူမ၏ ရွှေအိုရောင်မျက်လုံးများဖြင့် ခွေးဘုရင်ကို စိုက်ကြည့်နေသည်။


" ငရဲအကျဉ်းထောင်ရဲ့ နတ်ဆိုးဓားမျိုးနွယ်က သူတော်စင်ငယ်လား ..."

ခွေးဘုရင်က စစ်မာဝမ်ကိုကြည့်လျက် သူ၏ညင်သာ၍ ဩဇာရှိသောအသံဖြင့် ရေရွတ်လိုက်သည်။


စစ်မာဝမ်က ခွေးဘုရင်ကို မမှတ်မိပေ။ သူ၏ မျက်လုံးများက ရေခဲကဲ့သို့အေးစက်နေသည်။


ခွေးဘုရင်၏မျက်လုံးမှ တောက်ပသည့်အလင်းရောင်တစ်ခု လင်းလက်လာသည်။ ခဏအကြာ၌ သူဟောင်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ငရဲစွမ်းအင်များ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏လည်ပင်းမှ ဦးခေါင်းပုံအရိပ်တစ်ခုထွက်လာကာ ပါးစပ်ဟ၍ ဟိန်းဟောက်နေသည်။


သူ့ထံမှ ကြီးမြတ်သောဖိအားများ ထွက်ပေါ်လာကာ သူ၏ပြောင်မြောက်သော လက်ဖဝါးကြီးကို မြှောက်လိုက်သည်။ ငရဲစွမ်းအင်စီးကြောင်းများက ဧရာမခွေးလက်ဖဝါးပေါ်တွင် ကပိုစုဝေးပြီး စစ်မာဝမ်ကို ရိုက်လိုက်သည်။


ခွေးဘုရင်က သူ၏ကျင့်ကြံခြင်းကို ဖော်ထုတ်ပြလိုက်ချိန်တွင် စစ်မာဝမ် ထိတ်လန့်သွားသည်။ ထိုစွမ်းအင်ကို ရင်းနီးနေသော်လည်း သူတို့ကို မခုတ်ပိုင်းပဲ ရပ်တန့်မနေခဲ့စေပေ။


သူကပို၍ မြန်မြန်ပျံသန်းလာပြီး ငွေရောင်အလင်းတန်းတစ်ခုကဲ့သို့ဖြစ်လာသည်။


ဘုန်း ...


ခွေးလက်ဖဝါးကြီးက ငွေရောင်အလင်းတန်းကို ရိုက်ချလိုက်သည့်အခါ နားအူမတတ်ပေါက်ကွဲသံကြီးဖြစ်ပေါ်လာသည်။


အဝေးမှ ခြောက်မြှီးမြေခွေးကြီးမှာ လေအေးကို ရှုရှိုက်လိုက်ရသည်။ သူမမျက်လုံးထဲတွင် လေးစားမှုများနှင့် ပြည့်နေသည်။


ကိုးမြှီးမြေခွေးကြီးမှာ သရဲကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ထိုခွေးဝကြီးက မည်သူဖြစ်ကြောင်း မမှတ်မိသေးပါက ‌ကမ္ဘာမြေအကျဉ်းထောင်၏ အထွဋ်အမြတ်သားရဲဖြစ်ရန် မထိုက်တန်ပေ။


" သူက အဲ့ခွေးဆိုတာ ငါမယုံနိုင်သေးဘူး ... သူ့ဒဏ်ရာတွေကနေ ပြန်ကောင်းသွားပြီလား ..."


ခြောက်မြှီးမြေခွေးကလည်း ရေရွတ်လိုက်သည်။

" ဒီခွေး ... သူ နတ်ဘုရားပျောက်ကွယ်တောင်ကို လာခဲ့သေးတယ်ပေါ့ ..."


ယခုအချိန်တွင် မြေခွေးနှစ်ကောင်က ခွေးဘုရင်ကို မှတ်မိသွားပြီဖြစ်သည်။


ဘုန်း ...


ကျယ်လောင်သောပေါက်ကွဲသံများသာ နားထဲပြည့်နေသည်။


စစ်မာဝမ်က နောက်သို့ပျံထွက်လာပြီး ဒုံးကျည်တစ်ခုကဲ့သို့ မြေပြင်ပေါ်ကျလာသဖြင့် တောင်တစ်ခုလုံးလှုပ်ခါသွားသည်။


ခွေးဘုရင်က လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာရပ်နေသည်။ သူ၏ခန္ဓာကိုယ်က ကြီးမားလာပြီး အနက်ရောင်ကမ္ဘာမြေအကျဉ်းထောင်မီးတောက်ဖြင့် တောက်ပနေသည်။


မီးတောက်များ တောက်လောင်နေခြင်းက ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို တွန့်ချိုးနေစေသည်။


စစ်မာဝမ် မတ်တပ်ရပ်လိုက်သည်။ ကျောက်ခဲအပိုင်းအစများ သူ့ခန္ဓာကိုယ်မှပြုတ်ကျလာကာ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုနှင့် သံသယများဖြင့် ပြည့်နေသည်။


လက်ထဲမှ ငွေရောင်ဓားကိုကိုင်လျက် လေပေါ်တွင်အုပ်မိုးနေသောခွေးဘုရင်ကို မယုံကြည်နိုင်စွာကြည့်နေသည်။


" မင်း ... မင်းက ကမ္ဘာမြေအကျဉ်းထောင်ခွေး ဟုတ်တယ်မလား ..."


စစ်မာဝမ် လေအေးကိုရှုရှိုက်နေရသည်။ သူ အစောပိုင်းကပြောခဲ့သည့် ထိပါးစော်ကား၍မရနိုင်သောလူငါးယောက်တွင် ဤခွေးလည်း အပါအဝင်ဖြစ်သည်။


ဤခွေး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ဒီခွေးက ငရဲအကျဉ်းထောင်က ကျင့်ကြံသူတစ်ချို့ကြောင့် ဒဏ်ရာရသွားတာ မဟုတ်ဖူးလား ... အဲ့လိုဒဏ်ရာမျိုးကနေ ဘယ်လိုဖြစ်လို့ မြန်မြနိပြန်ကောင်းလာတာလဲ ...


အစပိုင်းအချိန်များက ကမ္ဘာမြေအကျဉ်းထောင်က ငရဲအကျဉ်းထောင်အကျဉ်းထောင်ကျင့်ကြံသူများ၏ စွန့်စားခန်းဖွင့်ရာနေရာ ဖြစ်လာခြင်းကို မကျေနပ်သဖြင့် ငရဲဘုရင်ထျန်စန်းက စစ်တပ်ကိုဦးဆောင်၍ တိုက်ခိုက်ခဲ့သည်။


ယခင်ငရဲဘုရင်၏ ထူးခြားဆန်းပြားသောအရည်အချင်းနှင့် ခြိမ်းခြောက်နိုင်သည့် ခွန်အားကြောင့် ငရဲအကျဉ်းထောင်စစ်တပ်များ ပြေးစရာမြေပင် မရှိခဲ့ပေ။


ငရဲအကျဉ်းထောင်၏ မျိုးနွယ်စုကိုးခုက လက်တွဲလိုက်သည့်အခါမှသာ ကမ္ဘာမြေအကျဉ်းထောင်၏ တိုက်ခိုက်မှုကို ပြန်လည်နှိမ်နင်းနိုင်ခဲ့သည်။ ထို့နောက် မျိုးနွယ်စုကိုးခုမှ အင်အားကြီးသူများက ငရဲဘုရင်ထျန်စန်းကို သတ်ပစ်ကာ ခွေးဘုရင်ကို ဒဏ်ရာရစေခဲ့သည်။


သို့ရာတွင် ငရဲဘုရင်ထျန်စန်းက ကမ္ဘာမြေအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းကို ခန္ဓာကိုယ်ထဲ မထည့်သွင်းမီမှာပင် မျိုးနွယ်စုကိုးခုမှ ကျင့်ကြံသူများကို အကြီးအကျယ်ဒဏ်ရာရစေခဲ့ချိန်တွင် ခွေးဘုရင်က ထိုအခွင့်အရေးကို အရယူပြီး ထွက်ပြေးခဲ့သည်။


အခု ဒီခွေးက ပေါ်လာပြန်ပြီ ...


" ကမ္ဘာမြေအကျဉ်းထောင်ခွေး ... မင်း ပေါ်လာရဲသေးတယ်ပေါ့ ..."


စစ်မာဝမ် ချောင်းဆိုးလိုက်သည့်အခါ သွေးများအန်ထွက်လာသည်။ သို့ရာတွင် သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို တွေ့နေရသည်။


အသွင်ပြောင်းထားသောခွေးဘုရင်မှာ စစ်မာဝမ်ကို မျက်ထောင့်နီများဖြင့် ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ မီးတောက်များမှာ တောက်လောင်နေဆဲဖြစ်သည်။


" ဟားဟားဟား ... ငါက နတ်ဘုရားပျောက်ကွယ်တောင်က ရူးနေတဲ့မိန်းမကို မျှားခေါ်ချင်ရုံပဲကို ... ကမ္ဘာမြေအကျဉ်းထောင်ခွေးပါ ရောက်လာမယ်မထင်ထားဘူး ... ဘယ်လိုတောင်ကောင်းလိုက်တဲ့ အံ့အားသင့်စရာမျိုးလဲ ..."


စစ်မာဝမ်က အရူးတစ်ယောက်ကဲ့သို့ ရယ်နေသည်။


" တိတ်စမ်း ..."

ခွေးဘုရင် ဟိန်းဟောက်လိုက်သည်။


ခဏတွင်းချင်း သူ၏ပုံရိပ်ပျောက်ကွယ်သွားကာ ပြန်ပေါ်လာချိန်တွင် စစ်မာဝမ်၏ ရှေ့တည့်တည့်တွင် ရောက်နေသည်။


လေဟာနယ်ကိုပင် ကွဲစေသွားစေသည့် လက်ဖဝါးကြီးဖြင့် အုပ်လိုက်သည်။


ဘုန်း ...


စစ်မာဝမ်က လက်ဖဝါးကို ငွေရောင်ဓားဖြင့် တားဆီးရန်ကြိုးစားလိုက်သော်လည်း ဓားကကျိုးကြေသွားခဲ့သည်။ သူ၏မျက်နှာမှာ သေလုမျောပါးဖြစ်သည်အထိ ဖြူဖျော့သွားပြီး ပါးစပ်ထဲမှ အနက်ရောင်သွေးများထွက်လာသည်။


ငွေရောင်ဓားမှာ နတ်ဆိုးဓားမျိုးနွယ်စု၏ မူပိုင်ဓားဖြစ်သည်။ ၎င်း၏ပျက်စီးမှုက စစ်မာဝမ်ကို အပြင်းအထန် ဒဏ်ရာရစေသည်။


သို့သော် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော စစ်မာဝမ်က ခက်ခက်ခဲခဲ လူးလှိမ့်နေရသည်။ ချောင်းဆိုးလိုက်တိုင်း သွေးများထွက်လာသော်လည်း ရယ်နေဆဲဖြစ်သည်။


" ငရဲအကျဉ်းထောင်က ငရဲကမ္ဘာကိုအုပ်စိုးမှာ ... ကြယ်စင်ကောင်းကင်ရော နယ်ပယ်အားလုံးကိုရောပဲ ..."

စစ်မာဝမ်က ဟစ်ကြွေးနေသည်။


ခွေးဘုရင်က သူ့ကိုကြည့်နေသည်။ ခဏအကြာတွင် ပါးစပ်ဟလိုက်သည့်အခါ အနက်ရောင်မီးတောက်စီးကြောင်းတစ်ခု စီးကျလာသည်။


ဘုန်း ...


အနက်ရောင်မီးတောက်နဂါးကြီးက အားလုံးကိုဖျက်ဆီးပစ်နိုင်သည့် ကြောက်ရွံ့ထိတ်လန့်ဖွယ်စွမ်းအားကြီးကိုသယ်ဆောင်ပြီး စစ်မာဝမ်ဆီသို့ တိုက်ရိုက်သွားနေသည်။


အကယ်၍ ထိုအရာဖြင့်ထိသွားပါက စစ်မာဝမ် ဤကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားလိမ့်မည်။


သို့ရာတွင် ခွေးဘုရင်၏ မီးတောက်နဂါးကြီးက စစ်မာဝမ်အနားရောက်တော့မည့်အချိန်တွင် ကောင်းကင်ကြီးအက်ကွဲလာကာ ထိုနေရာမှ ဧရာမဓားတစ်ချောင်း ပြုတ်ကျလာသည်။


၎င်းက ကြေးဖြင့်ပြုလုပ်ထားပြီး ထူးခြားဆန်းကြယ်သည့် စာကြောင်းများရေးထွင်းထားသည့် ရှေးဟောင်းဓားတစ်ချောင်းဖြစ်သည်။


ထိုဓားက ကောင်းကင်‌ကိုဖြတ်သန်းပြီး သူ၏ချွန်ထက်သော ထိပ်ဖျားပိုင်းက နတ်ဘုရားပျောက်ကွယ်တောင်၏ မြေပြင်ကို ခုတ်ပိုင်းလိုက်သည်။


ခွေးဘုရင်၏ မီးတောက်နဂါးကြီးက မမြင်ရသောဓားစွမ်းအင်များစွာဖြင့် ခုတ်ပိုင်းခံရကာ နေရာအနှံ့ပြန့်ကျဲ ပျောက်ကွယ်သွားသည်။


ကြောက်မက်ဖွယ်ဓားစွမ်းရည်နှင့် ဖိအားက လေဟာနယ်ကို စိမ့်ဝင်ပျံ့နှံ့သွားသည်။


စစ်မာဝမ်၏ ဓားစွမ်းရည်က စီးဆင်းနေသောမြစ်တစ်ခုဆိုပါက ထိုရှေးဟောင်းဓားကြီးမှာ ကျယ်ပြန့်သော သမုဒ္ဒရာကြီးဖြစ်သည်။


ကြမ်းကြုတ်သောဖိအားတစ်ခုက အားလုံး၏မျက်နှာကို ရိုက်ခတ်လာကြီး အသက်ရှုကျပ်လာစေသည်။


" ငရဲအကျဉ်းထောင်ရဲ့ မဟာသူတော်စင်လား ..."

ခွေးဘုရင်က ပုဖန်ရှေ့တွင်ရပ်နေလျက် လေးနက်စွာပြောလိုက်သည်။


ကိုးမြှီးမြေခွေးက ခြောက်မြှီးမြေခွေးကို ခွေးဘုရင်၏နောက်တွင် ပုန်းကွယ်နေရန် ခေါ်လာသည်။


သူတို့အားလုံးက သူတော်စင်ငယ်များသာဖြစ်သည်။ ငရဲအကျဥ်းထောင်မှလာသည့် စစ်မှန်သော မဟာသူတော်စင်တစ်ယောက်က သူတို့အားလုံးကို တစ်ခဏချင်းသတ်ပစ်နိုင်သည်။ 


ငရဲအကျဉ်းထောင်က တုနှိုင်းမဲ့တည်ရှ်ိမှုက အာတိတ်ကြယ်စင်မြေခွေးကို လိုချင်တယ်လို့ ခုနက စစ်မာဝမ် ပြောခဲ့သလိုပဲ ...


ထို့ကြောင့် သူတို့အားလုံး ခွေးဘုရင်၏နောက်တွင် လျင်မြန်စွာပုန်းကွယ်နေကြသည်။ မြေခွေးအသားနှင့်ယှဉ်ပါက ခွေးအသားကပို၍ ဆွဲဆောင်မှုရှိလိမ့်မည်။


ကမ္ဘာမြေအကျဉ်းထောင်ခွေးက အားမကိုးရသော်လည်း သန်မာသည်။


စစ်မာဝမ်က ခွေးဘုရင်ကို အထင်သေးစွာကြည့်ပြီး ရယ်မောနေဆဲဖြစ်သည်။


" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကမ္ဘာမြေအကျဉ်းထောင်စစ်တပ်ကို ငါတို့ ချေမှူန်းနိုင်ခဲ့တယ် ... သခင်မရှိတဲ့ ခွေးတစ်ကောင်က ဒီနေ့ ဒီနေရာမှာ ပေါ်လာမယ် မထင်ထားမိဘူး ... ငါတို့ ငရဲအကျဉ်းထောင်က တုနှိုင်းမဲ့တည်ရှိမှုက မင်းရဲ့ခွေးခေါင်းနဲ့ စွမ်းအားကြီးလျှို့ဝှက်နည်းစနစ်တစ်ခုကို လဲလှယ်ပေးနိုင်တယ်ဆိုတာ သိရဲ့လား ..."


" ငါတို့ နတ်ဆိုးဓားမျိုးနွယ်စုက မဟာသူတော်စင်က မင်းရဲ့ခေါင်းကိုဖြတ်ပြီး လျှို့ဝှက်နည်းစနစ်တစ်ခုပို ရတော့မယ် ..."


သူပြောပြီးသည့်နှင့် ရှေ့တွင် အုပ်မိုးထားသော ကြေးဓားကြီးက စတင်တုန်ခါလာသည်။ ထို့နောက် ဓားစွမ်းအင်တစ်ခု ပေါက်ကွဲပျံ့နှံ့လာပြီး လမ်းတစ်လျှောက်မှ အရာအားလုံးကို ဖျက်ဆီးကာ ခွေးဘုရင်ဆီသို့ ဦးတည်လာသည်။


ခွေးဘုရင်၏ အနီရောင်မျက်လုံးများက ဒေါသကြောင့် အရောင်လက်နေသည်။

" ဒါဘယ်က ဓားသောက်စုတ်လဲ ... ငါ့ခေါင်းကို ဒါမျိုးဓားနဲ့ ဖြတ်ချင်နေတာလား ..."


ခွေးဘုရင်ဟောင်လိုက်ပြီး လက်ဖဝါးဖြင့် ရိုက်ရန်ပြင်လိုက်သည်။


လက်ဖဝါးကြီးက မမြင်ရသောဓားစွမ်းရည်ကို ရိုက်မိသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။ ထို့နောက် ကြေးဓားကို ထိသွားကာ ဓားတစ်ချောင်းလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။


" ဒီနေရာမှာ လူကိုယ်တိုင်တောင် မရှိပဲနဲ့ ငါ့ခေါင်းကို ဖြတ်ချင်သေးတယ် ... ငါ့ကို သတ်သတ်လွတ်စားတဲ့ ခွေးနဲ့ မှားနေပြီ ...တစ်ခုတော့ ပြောလိုက်ဦးမယ် ... ငါက အသားကြိုက်တဲ့ခွေးနော် ... ငါအကြိုက်ဆုံးဟင်းက နံရိုးချိုချဉ်ပဲ ..."


ခွေးဘုရင်၏နှုတ်ခမ်းက အထင်သေးမှုကြောင့် တွန့်ချိုးသွားသည်။ ခဏအတွင်း ကြေးဓား၏ရှေ့သို့ရောက်လာကာ လက်ဖဝါးဖြင့် ဓားကိုရိုက်ချလိုက်သည်။


ဘန်း ...


အလွန်လေးလံပုံရသည့် သံ‌ချေးအချို့က ကြေးဓားမှကွာကျပြီး မြေပြင်ပေါ် ပြုတ်ကျလာသည်။


ခွေးဘုရင်၏ လက်ဖဝါးအောက်တွင် ဓားကကွေးကောက်သွားသည်။ ထို့နောက် မြည်ချုန်းသံကြီးဖြင့် အဝေးသို့ ပျံသန်းသွားသည်။


စစ်မာဝမ်က လေဟာနယ်ထဲမှဓားကို စိတ်အားထက်သန်စွာကြည့်ပြီး သွေးများအန်နေသည်။


ထိုဓားကိုသူသိသည်။ ထိုဓားကို နတ်ဆိုးဓားမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းမဟာသူတော်စင်က ပိုင်ဆိုင်သည်။


ဤကြေးဓားက မြောက်များသွာသော မဟာသူတော်စင်များ၏ သွေးအရသာက်ု မြည်းစမ်းဖူးသည်။


" နတ်ဆိုးဓားမျိုးနွယ်ကို ဘယ်သူမှ မလွှမ်းမိုးနိုင်ဘူး ..."

စစ်မာဝမ်ရယ်လိုက်သည်။


လေဟာနယ်ထဲမှ ခွေးဘုရင်က စစ်မာဝမ်ကိုကြည့်နေသည်။ ရုတ်တရက် သူ၏မျက်လုံးသူငယ်အိမ်ကျုံ့သွားပြီး မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။


စစ်မာဝမ်၏ ခန္ဓာကိုယ် အေးခဲသွားကာ တစ်စုံတစ်ယောက်က လည်ပင်းညှစ်ထားသကဲ့သို့ သူ၏ရယ်သံလည်းရပ်သွားသည်။


" ငါ့ရဲ့ နတ်ဘုရားပျောက်ကွယ်တောင်မှာ ဆူဆူညံညံလုပ်ရဲတယ်ပေါ့ ... ငါအနားယူနေတာကို နှောင့်ယှက်နေတာပဲ ... မင်းက ဘယ်လောက်စွမ်းလဲ ငါမြင်ချင်တယ် ..."


အမျိုးသမီးတစ်ယောက်၏ အေးစိမ့်စိမ့်အသံတစ်ခု ထွက်ပေါ်လာသည်။ သူတို့အသံကိုသာကြားရသော်လည်း အေးစက်သောလေပွေတစ်ခုက မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


စစ်မာဝမ်က ကြောက်လန့်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။ မျက်ဆံလှန်ပြီး သူ၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။


တောက်ပနေသော လက်သည်းများနှင့်အတူ ဖြူဖျော့၍ သွေးမရှိသောလက်ဝါးတစ်ဖက်က သူ၏ပခုံးပေါ်ရောက်လာသည်ကို မြငါလိုက်သည်။ ၎င်းက လှပသောလက်တစ်ဖက်ဖြစ်သော်လည်း စစ်မာဝမ်၏မျက်လုံးထဲတွင် နတ်ဆိုးလက်သည်းများနှင့်သာ တူနေသည်။


ကြက်သီးထလျက် သူတစ်ဖက်ကို လှည့်လိုက်သည်။


သူ၏အမြင်အာရုံထဲတွင် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သူမက ဖော်ပြ၍မရနိုင်အောက်လှပသော်လည်း ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။


" နတ်ဘုရားပျောက်ကွယ်တောင်က ရူးနေတဲ့မိန်းမလား ..."