အပိုင်း ၁၁၅၇
Viewers 53k

အခန်း ၁၁၅၇

သေချင်းဆိုးခွေး ထွက်ပြေးပြန်ပြီလား


" နတ်ဘုရားပျောက်ကွယ်တောင်က ရူးနေတဲ့မိန်းမလား ..."

စစ်မာဝမ်၏အသံက တုန်လှုပ်နေပြီး ကြောက်ရွံ့နေခြင်းကို ဖော်ပြနေသကဲ့သို့ပင်။


တားမြစ်နယ်မြေဖြစ်သော နတ်ဘုရားပျောက်ကွယ်တောင်ကို ကမ္ဘာမြေအကျဉ်းထောင်နှင့်ချိတ်ဆက်ထားသည်။ ငရဲအကျဉ်းထောင်တွင်လည်း တားမြစ်နယ်မြေတစ်ခု ရှိသော်လည်း ငရဲအကျဉ်းထောင် ကျင့်ကြံသူများက နတ်ဘုရားပျောက်ကွယ်တောင်က ကမ္ဘာမြေအကျဉ်းထောင်တွင်ရှိနေသောကြောင့် စက်ဆုပ်မုန်းဆီးကြသည်။


တားမြစ်နယ်မြေအားလုံးက ကမ္ဘာနှင့်ဝေးကွာကြပြီး မည်သည့်နယ်ပယ်၏အရေးကိစ္စများကို စွက်ဖက်မည်မဟုတ်သော်လည်း ခြွင်းချက်များလည်းရှိသည်။


ကမ္ဘာမြေအကျဉ်းထောင်စစ်တပ်က ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့စဉ်က ယခင်ငရဲဘုရင်ထျန်စန်းက မျိုးနွယ်စုကိုးခု၏ အနန္တစွမ်းအားရှင်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသောအခါ နတ်ဘုရားပျောက်ကွယ်တောင်၏ ပိုင်ရှင်ကိုယ်တိုင်က တိုက်ပွဲတွင် ပါဝင်ခဲ့သည်။


ငရဲဘုရင်ထျန်စန်းက သူ၏ကိုယ်တွင် ကြောက်ခမန်းလိလိစွမ်းအားများပေးသည့် မဟာနိယာမလမ်းကြောင်း၏စိတ်ဆန္ဒကို ကပ်တွယ်ထားခဲ့သော်လည်း ထိုရူးနေသောမိန်းမကသာ တိုက်ပွဲတွင် ဝင်မပါခဲ့လျှင်မျိုးနွယ်စုကိုးခု၏ အနန္တစွမ်းအားရှင်ကျင့်ကြံသူခုနစ်တစ်ယောက်က အပြင်းအထန်ဒဏ်ရာရခဲ့မည်မဟုတ်ပေ။


ထိုကျင့်ကြံသူတစ်ဦးစီတိုင်းက မယုံကြည်နိုင်လောက်သော စွမ်းအားကိုပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့က ယခင်ငရဲဘုရင်ကို မကြောက်ရွံ့ခဲ့ကြပေ။ အကယ်၍ တိုက်ပွဲသာပို၍ရှည်ကြာခဲ့ပါက ငရဲဘုရင်ကို သတ်ပစ်နိုင်သည်။


ကံမကောင်းစွာဖြင့် မည်သည့်အခါမျှနယ်ပယ်အရေးကိစ္စများတွက် ဝင်ရောက်မစွက်ဖက်ခဲ့သည့် တားမြစ်နယ်မြေတည်ရှိမှုတစ်ခုက တိုက်ပွဲကို ရောက်လာခဲ့သည်။


သူမက တားမြစ်နယ်မြေအားလုံး၏ တစ်ခုတည်းသော ကျင့်ကြံသူလည်းဖြစ်သည်။ သူမ၏ ခံ့ညားလောက်သော ခွန်အားဖြင့် ယခင် ငရဲဘုရင်နှင့် ပူးပေါင်းကာ မျိုးနွယ်စုကိုးခုမှ ကျင့်ကြံသူများကို ဒဏ်ရာရစေခဲ့သည်။


သို့ရာတွင် တားမြစ်နယ်မြေများ၌ စည်းမျဉ်းများရှိသည်။


ထိုအမျိုးသမီး၏ ပါဝင်မှုက စည်းမျဉ်းများကို သွေဖယ်ခဲ့သည့်အတွက် အပြစ်ပေးခံခဲ့ရသည်။ 


ဆိုးဝါးစွာ ဒဏ်ရာရခဲ့ပြီး သူမနေထိုင်သည့် နတ်ဘုရားပျောက်ကွယ်တောင်သို့ ပြန်ဆုတ်ခဲ့ရသည်။


ထိုအခါမှသာ ငရဲအကျဉ်းထောင်နှင့် ကမ္ဘာမြေအကျဉ်းထောင်၏ ကျင့်ကြံသူများက တားမြစ်နယ်မြေများ၏ ကြောက်ရွံ့ဖွယ်ကောင်းမှုကို သတိပြုခဲ့မိကြသည်။ 


ယခု ထိုအမျိုးသမီးက နောက်တစ်ကြိမ် ပေါ်လာပြန်သည်။


စစ်မာဝမ်၏ပခုံးပေါ်တွင် ဖြူဖျော့နေသော လက်တစ်ဖက်ရှိသည်။ လက်ဝါးက သွယ်လျနူးညံ့နေကာ မိန်းမပျိုလေးတစ်ယောက်၏ လက်ဖြစ်သန်တူသည်။ သို့ရာတွင် ၎င်းကို မြင်လိုက်သည့်အခါ သူ၏တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာသည်။


ဂျွက် ...


မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် သူ၏တစ်ကိုယ်လုံးကို ခြေ‌ဖျားမှစပြီး ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာသည်။


" ကူညီကြပါဦး ကူညီကြပါ ..."

စစ်မာဝမ် အော်ဟစ်နေသည်။ တစ်ဖက်သို့ကြည့်ပြီး အဆုံးမဲ့လေဟာနယ်ကို ကြောက်လန့်စွာကြည့်ပြီး တစ်ခုခုကို ဆွဲထားချင်သည့်ပုံဖြင့် လက်နှစ်ဖက်ကို ကယောင်ကတန်းဖြင့် ဆန့်ထုတ်ထားသည်။


သို့ရာတွင် သူ၏အော်ဟစ်သံက အချိန်မကြာခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ကိုရေခဲထဲတွင် ချိပ်ပိတ်လိုက်သောကြောင့်ပင်။


" ကျော်လွှားနိုင်တဲ့လူမရှိဘူးတဲ့ ... ရယ်စရာပဲ ... ဘယ်သူက မကျော်လွှားနိုင်တာလဲ ..."

အေးစက်သောအမျိုးသမီးက စစ်မာဝမ်၏နောက်ကို လျှောက်သွားပြီး သူ၏နဖူးကို လက်ချောင်းများဖြင့်ထိကာ ပြောလိုက်သည်။


ရေခဲရုပ်တုကြီးကို အက်ကွဲကြောင်းများ ချက်ချင်းပျံ့နှံ့လာသည်။ ထို့နောက်တွင် စစ်မာဝမ်က ကွဲကြေသွားပြီး မြေပေါ်သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ ပြုတ်ကျသွားသည်။


အေးစက်သော လေပွေတစ်ခု တိုက်ခတ်နေသည်။


သူတော်စင်ငယ်တစ်ယောက် ဤသို့ဖြင့် အဆုံးသတ်သွားသည်။


အားလုံး လေအေးကို ရှုရှိုက်နေရသည်။


သူ၏ခေါင်းတွင်းမှ ပစ္စည်းဝိညာဉ်များ ကြမ်းကြုတ်စွာ အော်ဟစ်နေကြသည့်အတွက် ပုဖန်၏ မျက်လုံးသူငယ်အိမ်ကျုံ့သွားသည်။


ခွေးဘုရင် တစ်ဖက်သို့လှည့်ကာ အမြှီးကို လှုပ်ရမ်းနေသည်။ သူက ထိုအမျိုးသမီးကိုကြည့်ရမည့်အစား သူရိုက်ချလိုက်သည့် ကြေးဓားကို ကြည့်နေသည်။


‌ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးတို့က လေးစားသမှုဖြင့် ခေါင်းငုံ့ကာ အရိုအသေပြုနေကြသည်။


ထိုအမျိုးသမီးက နတ်ဘုရားပျောက်ကွယ်တောင်၏ သခင်အစစ်ဖြစ်သည်။ သူမက ကောင်းကင်နှင့်ကမ္ဘာ‌မြေကြီးကို ပေါင်းစပ်ပစ်နိုင်သည့် တည်ရှိမှုဖြစ်သည်။


သူမ၏ ဆံပင်ကအဖြူရောင်ဖြစ်ပြီး အံ့အားသင့်လောက်အောင်လှပသောမျက်နှာကို အနားကွပ်ထားကာ ထိုနေရာတွင် ခြေဗလာဖြင့်ရပ်နေသည်။ ဘယ်သောအခါမှ အရည်မပျော်ကျသွားနိုင်သည့် ရေခဲတုံးကဲ့သို့ ထိုနေရာတွင် ဝင့်ကြွားပြီး အေးစက်နေသည်ကို။မြင်လိုက်ရသူတိုင်း၏ ရင်ထဲကို အကြောက်တရားများ ဝင်ရောက်လာစေသည်။


ထိုအမျိုးသမီးက အပြာရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံကို ပုဖန်ဘက်သို့ လှည့်လိုက်သည်။


ထိုအမျိုးသမီး၏ မကြည့်မှ အဆမတန်ကြီးမားသည့် ဖိအားကိုခံစားလိုက်ရသဖြင့် ပုဖန် သက်ပြင်းချလိုက်သည်။


" မင်းရဲ့ ဟင်းလျာတွေက ကောင်းတယ် ..."

သူမပြောလိုက်သည်။


သူမ၏ စကားများက အားလုံးကို ထိတ်လန့်သွားစေသည်။


ကိုးမြှီးမြေခွေးက အရိုအသေပြုနေရာမှ ဆတ်ခနဲခေါင်းမော့ပြီး ပုဖန်ကို မယုံနိုင်စွာကြည့်လိုက်သည်။


ဒီလူက တကယ့် ဆရာကြီးလား ... မဟုတ်ရင် တုနှိုင်းမဲ့တည်ရှိမှုအတွက် ဘာလို့ ချက်ပြုတ်ပေးမှာလဲ ...


ခြောက်မြှီးမြေခွေးက ဘာမှမပြောသော်လည်း မျက်လုံးများ အရောင်လက်သွားသည်။


ခွေးဘုရင်က ပုဖန်ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်သည်။ သူသည်ပင် အနည်းငယ်ထိတ်လန့်သွားသည်။


ပုဖန်က ဒီအရူးမအတွက် ချက်ပြုတ်ပေးခဲ့တာလား ... သူဘာများ ချက်ပေးခဲ့ပါလိမ့် ... နံရိုးချိုချဉ်လား ...


ပုဖန် ခဏတာ ရပ်တန့်သွားမိသည်။ ထို့နောက် စိတ်နှင့်လူနှင့်ကပ်သွားသည်။


ဒါဆိုရင် ဒီမိန်းမက မြင့်မြတ်အပျိုစင်ကို ပူးကပ်ခဲ့တဲ့ အကြီးမြတ်ဆုံးတည်ရှိမှုပေါ့ ... လူချင်းတွေ့ရတာ ပိုကြောက်စရာကောင်းတာပဲ ...


ထိုအမျိုးသမီးက ပုဖန်ကို တစ်ချက်သာကြည့်လိုက်ပြီး အပိုစကားများ မပြောပေ။ ထိုလူက သူမကို အထင်ကြီးစေခဲ့သည်မှာ ယဇ်ပူဇော်ဟင်းလျာများသာဖြစ်သည်။


နွေဦးလေပြည် နွေဝေဒနာ ဆောင်းဦးတိမ်မြုပ်ခြင်း ဆောင်းမနက်ခင်း ဟင်းလျာသုံးခုတွင် ဝိညာဉ်အသစ်ကို ကူးပြောင်းနိုင်သည့် အဆီအနှစ်များ ပါဝင်သည်။


သို့ရာတွင် ပုဖန်၏ခွန်အားက ထိုဟင်းလျာလေးမျိုးလုံးတွင် ဝိညာဉ်အသစ်ကို ကူးပြောင်းနိုင်သည့် အဆီအနှစ်များကို အပြည့်အဝထုတ်လွှတ်နိုင်ရန် မလုံလောက်သေးသော်လည်း ၎င်းတို့က ယခင်ချက်ပြုတ်နည်းများနှင့် ယှဉ်ပါက သူမကို များစွာကူညီပေးခဲ့သည်။ သို့မဟုတ်ပါက သူမနိုးထလာရန် အချိန်ကြာမြှင့်ဦးမည်ဖြစ်သည်။


အမျိုးသမီးက သူမနှင့်ရင်းနှီးသည့် ကမ္ဘာမြေအကျဉ်းထောင်ခွေး ခွေးဘုရင်ကို ကြည့်လိုက်သည်။


" ခွေးငပျင်း ... ငါ့ရဲ့နတ်ဘုရားပျောက်ကွယ်တောင်ကို ထပ်လာရဲသေးတယ်ပေါ့ ..."

သူမက လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။


ခွေးဘုရင်က တစ်ဖက်ကိုလှည့်လိုက်သည်။

" အယ် ... မင်းလည်းဒီမှာလား တိုက်ဆိုင်လိုက်တာ ..."


သူက ခြောက်ကပ်စွာ ရယ်လိုက်သည်။


ထိုအမျိုးသမီးက ဘာမှမပြောတော့ပဲ ခွေးဘုရင်ကိုသာ အပြာဖျော့ဖျော့မျက်ဝန်းများဖြင့် ကြည့်နေသည်။

" နတ်ဘုရားပျောက်ကွယ်တောင်က ငါ့နေရာလေ ... ငါဒီမှာရှိတာ ထူးဆန်းနေတာလား ..."


သူမ ပြောပြီးသည်နှင့် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကိုကြည့်နေသည်။


ထိုနေရာတွင် ခွေးဘုရင်ရိုက်ချခဲ့သည့် ကြေးဓားက ဆူညံသည့် တဝီးဝီးအသံများထွက်နေပြီး ဟင်းလင်းပြင်ကို တုန်ခါစေသည်။


ရုတ်တရက် တိမ်များက နတ်ဘုရားပျောက်ကွယ်တောင်တွင် စုတေးလာပြီး ကောင်းကင်ကို အုပ်မိုးထားသာ့် လက်ဖဝါးကြီးတစ်ခု ဖြစ်လာသည်။


လက်ဖဝါးက အလွန်ကြီးမားသည့်အတွက် နတ်ဘုရားပျောက်ကွယ်တောင်တစ်ခုလုံးကို တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်သည်။ ၎င်းက အောက်သို့ဆင်းလာကာ ကြောက်မက်ဖွယ်စွမ်းအင်များ ဖြစ်ပေါ်လာစေသည်။


ပုဖန်၏ရင်ခွင်ထဲမှ မြေခွေးဖြူလေးမှာ မတုန်ယင်ပဲ မနေနိုင်တော့ပေ။ ပုဖန်က သူ၏ခေါင်းလေးကိုပွတ်ပေးပြီး စိတ်တည်ငြိမ်အောင်ပြုလုပ်ပေးနေသည်။


ထိုအမျိုးသမီးက လက်နောက်ပစ်ထားပြီး သူမ၏အဖြူရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။


" ငရဲအကျဉ်းထောင်က တစ်ယောက်ယောက်လား ... ငါ့ရဲ့ နတ်ဘုရားပျောက်ကွယ်တောင်မှာ ပြဿနာရှာရဲတယ်ပေါ့ ..."

ထိုသို့ပြောပြီး လေဟာနယ်ကို သူမ၏ဖြူဖျော့နေသောခြေဖဝါးဖြင့် ထိလိုက်သည်။


ခဏတွင်းချင်း သူမခြေထောက်တစ်ဝိုက်တွင် ရေခဲကျောက်တိုင်များပေါ်လာသည်။


ဂျွက် ...


ရေခဲကျောက်တိုင်များတစ်ခုပြီးတစ်ခု ပေါ်လာ၍ အထက်သို့မြင့်သွားကာ ထိုအမျိုးသမီးကို ကောငကင်အထိ တွန်းပို့ပေးနေသည်။


သူမကိုကြည့်ပြီး ခွေးဘုရင်က ခွေးဝကြီးတစ်ကောင်အဖြစ် ပြန်လည်အသွင်ပြောင်းသွားသည်။ ထိုအမျိုးသမီးရှိနေပါက သူတိုက်ခိုက်ပေးရန် မလိုတော့ကြောင်းသိနေသည်။


တခြားစကားနဲ့ ပြောရရင်တော့ ဒီမိန်းမက သူ့ထက်ပိုသန်မာတယ် ...


ကောင်းကင်ကို ဖုံးလွှမ်းထားသည့် လက်ဖဝါးကြီး အောက်ကျလာစဉ်တွင် ရေခဲကျောက်တိုင်များပေါ်မှ အမျိုးသမီးက အပေါ်သို့တက်လာသည်။


သန်မာသောလေထုဖိအားဖြသ်နေသော်လည်း သူမက လက်နောက်ပစ်ထားကာ မတုန်မလှုပ်သည့် အမူအယာဖြင့်သာရှိနေသည်။


သူမ ချဉ်းကပ်လာချိန်တွင် ဧရာမလက်ကြီးက ရုတ်တရက် အေးခဲသွားသည်။ တလိမ့်လိမ့်တက်နေသော တိမ်များပင် ရေခဲအဖြစ်ပြောင်းသွားသည်။


" အဲ့မိန်းမက ရေခဲသူတော်စင်လေ ..."

ခွေးဘုရင်က နှုတ်ခမ်းများတွန့်ချိကာ ပြောလိုက်သည်။


" ရေခဲတွေနဲ့ ဆော့ကစားတတ်တဲ့မိန်းမတွေက ကြောက်ဖို့ကောင်းတယ် ..."


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ သူမက အမှန်ပင် ကြောက်စရာကောင်းသည်။ သူမ တစ်ချက်အေးခဲလိုက်ရုံဖြင့် သူတော်စင်ငယ်ကို သတ်နိုင်ခဲ့သည်။ ယခု လက်တစ်ဖက်ပင်မမြှောက်ပဲ တိမ်များကို အေးခဲလိုက်နိုင်သည်။ သူမ လုပ်ရသည်က ခန္ဓာကိုယ်မှစွမ်းအင်ကို ထုတ်လိုက်ရုံသာဖြစ်သည်။


ဂျွက် ...


ဧရာမလက်ဝါးကြီး လုံးဝအေးခဲသွားချိန်တွင် သူမက ၎င်းကို လက်ချောင်းဖြင့်ထိလိုက်သည်။


သူမအထိလိုက်သည့်နေရာမှစ၍ လက်ဖဝါးတစ်ခုလုံးအက်ရာများ ပျံ့နှံ့လာသည်။ ထို့နောက် ကျယ်လောင်သောမြည်ချုန်းသံကြီးဖြင့် လက်ဖဝါးကြီးက မညီညာသောပုံစံ ကျောက်ခဲများအဖြစ် မြေပေါ်သို့ တစ်စစီ ပြုတ်ကျလာသည်။


ရုတ်တရက် ကောင်းကင်မှ တိမ်ထုအတွင်း အက်ရာများဖြစ်၍ လက်ဝါးကြီးထွက်လာကာ လက်မနှင့် လက်ခလယ်တို့က ကြေးဓားကြီးကို ချိန်ရွယ်ထားသည်။


ဓားက အသံပြုပြီး ကောင်းကင်ပေါ်တက်လာသည်။ ထို့နောက် ထိုအမျိုးသမီးဆီသို့ ဦးတည်လာသည်။


၎င်းက ပျံသန်းလာစဉ်တွင် ထောင်နှင့်ချီသောဓားအလင်းတန်းများ ထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်များအပြည့်ဖြင့် ထိုအမျိုးသမီးပေါ်သို့ကျရောက်လာသည်။


" နင်က အမှောင်ထဲကနေ ဓားကိုယမ်းနေတဲ့ လူရွှင်တော်ကလွဲရင် ဘာမှမဟုတ်ဖူး ..."

ရေခဲသူတော်စင်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။ ရေခဲကျောက်တိုင်များပေါ်ရပ်နေချိန် သူမ၏ အဖြူရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။


အတွေးတစ်ခုဖြင့် မရေမတွက်နိုင်သော ရေခဲဓားများ သူမပတ်ပတ်လည်တွင် ပေါ်လာသည်။


ဝှစ် ဝှစ် ဝှစ် ...


ရေခဲဓားများက လေထဲကိုဖောက်ထွင်းကာ ဓားစွမ်းအင်များရှေ့သို့ရောက်သွားပြီး ဓားအလင်းတန်းများကို ဖျက်ဆီးပစ်သည်။


လေထဲတွင် အဆက်မပြတ် တိုက်မိမှုများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ရေခဲသူတော်စင်၏ ခြေထောက်အောက်မှ ရေခဲကျောက်တိုင်များ ကြေမွသွားသည်။


လေချွန်သံတစ်ခု ချည်းကပ်လာသည်ကို ကြားနေရသည်။


သို့သော် ရေခဲသူတော်စင်၏ အမူအယာက ပြောင်းလဲမသွားပေ။ လက်‌မြှောက်ပြီး လက်နှစ်ချောင်းတည်းဖြင့် ကြေးဓားကြီးကိုညှပ်ထားလိုက်သည်။


" နတ်ဆိုးမိန်းမ သေစမ်း ..."

အသံတစ်ခု မြည်ဟိန်းလာသည်။


အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျလာသည်။


၎င်းက ငရဲအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းကြီးစိတ်ဆန္ဒဖြစ်သည်။


ကြေးဓားက ဟိန်းဟောက်ကာ အလင်းတန်းထဲဝင်သွားပြီး အလင်းဓားတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်နှာပြင်ကို ဖုံးလွှမ်းထားသည့် သံချေးများအားလုံး ကွာကျသွားသည်။


ဘုန်း ...


ခဏတွင်းချင်း ထိုအမျိုးသမီး၏ လက်ချောင်းများကြားမှလွတ်သွားကာ ရှေ့တို့းပြီး သူမ၏လှပသောမျက်နှာကို တိုက်ရိုက်ထိုးစိုက်ရန်ပြင်နေသည်။


သို့ရာတွင် သူမမျက်နှာနှင့် လက်မအနည်းငယ်အကွာအဝေးသို့ရောက်သောအခါ ထပ်မံမရွေ့လျားနိုင်တော့ပေ။ 


သုမကို အပေါ်မှအောက်အထိ ရေခဲအလွှာများဖြင့် ဖုံးလွှမ်းထားသည်။


" ငါ ရေခဲတွေကြားထဲရှိတယ်ဆိုရင် မင်းမျက်နှာကိုမင်း ပြမှာလား ..."

ရေခဲသူတော်စင်က ဖျော့တော့စွာပြောလိုက်သည်။ ထို့နောက် လက်က်ိုဖြည်းညှင်းစွာမြှောက်ပြီး ကြေးအလင်းရောင်ဓားကို ဖမ်းလိုက်သည်။


တစ်ချက်ညှစ်လိုက်သည့်အခါ သူမလက်က ဓားကိုကွေးသွားစေသည်။


ပုဖန် လေအေးကိုရှုရှိုက်နေရပြီး ခွေးဘုရင်က လျှာထုတ်ထားသည်။


ဒီမိန်းမကတော့ အရင်လို ခြိမ်းခြောက်နိုင်နေတုန်းပဲ ...


ကောင်းကင်တွင် စီခနဲအသံတစ်ခု ထွက်ပေါ်လာသည်။


ခဏတွင်းချင်း ရေခဲသူတော်စင်က အလယ်ဗဟိုတွင် ရှိနေပြီး နှင်းမုန်တိုင်းတစ်ခု ပေါ်လာပြီး ရေခဲနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲလာသည်။ ထို့နောက် ကောင်းကင်မှ လက်ရှေ့သို့ရောက်လာပြန်သည်။


သူမက ထိုလက်ကိုဆွဲဖြဲလိုက်သဖြင့် ကောင်းကင်တစ်ခွင်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။


သနားစဖွယ်အော်ဟစ်သံတစ်ခုက လေဟာနယ်ထဲ ပြည့်နှက်နေသည်။


" ရေခဲနယ်ပယ်လား ... မကောင်းဆိုးဝါးမိန်းမ ... မင်းအစွမ်းတွေ ပြန်ရသွားပြီလား ..."

လက်တစ်ဖက်ပြတ်သွားသော ကျင့်ကြံသူက ကြောက်ရွံ့စွာဖြင့် အော်ပြောလိုက်သည်။


ရေခဲသူတော်စင်က မတုန်မလှုပ်သောမျက်နှာဖြင့် လက်မြှောက်လိုက်သည်။ သူမလက်ဖဝါးထဲတွင် ရေခဲကြာပန်းတစ်ခု ပေါလောပေါ်နေပြီး လှပစွာ လှည့်ပတ်နေသည်။


လက်ကို ဖြည်းညှင်းစွာဝှေ့ယမ်းလိုက်ကာ ထိုလက်ကြီးရှိသည့် တိမ်အက်ကွဲကြောင်းများကြားကို ‌ကြာပန်းအား ပစ်လိုက်သည်။


ဘုန်း ...


နားအူမတတ်အသံကြီးနှင့်အတူ သွေးချောင်းဆိုးနေသော သနားစဖွယ်အော်ဟစ်သံများ ထွက်လာသည်။


တိမ်များကြားမှ အက်ကွဲကြောင်းကြီးကို အပြည့်အဝ ချိပ်ပိတ်လိုက်သည်။


စက်ဆုပ်နေသောမျက်နှာဖြင့် ရေခဲသူတော်စင်က လက်ပြတ်ကြီးကို လွင့်ပစ်လိုက်တာ ခုနစ်ရောင်ခြယ်နေကန်ထဲ ပြုတ်ကျသွားသည်။


၎င်းက မဟာသူတော်စင်၏ လက်ဖြစ်၍ အသက်စွမ်းအင်များ အဆုံးမဲ့ပါဝင်သည်။


ရေကန်က ချက်ချင်းဆူပွက်လာသည်။ မကြာမီ ထိုလက်က ရေထဲသို့ပျော်ဝင်သွားကာ ရေကန်၏အရောင်က ပို၍တောက်ပလာသည်။


ပုဖန် အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်နေသည်။

ဒီမိန်းမ ယခုလေးတင်သုံးလိုက်တာ သူ့ရဲ့ ဆွေးမြေ့အိုးပဲ ... ပုံစံက တစ်ထပ်တည်းတူပေမယ့် နည်းလမ်းက ကွဲပြားနေတယ် ...


ဒီမိန်းမက သူ့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းကို ချက်ချင်း ပုံတူကူးလိုက်မယ်လို့ မထင်ထားမိဘူး ...


ခွေးဘုရင်သည်လည်း အံ့ဩနေသည်။


ကောင်းကင်မှ နှင်းမုန်တိုင်းကြီး ပျံ့နှံ့သွားကာ ပေါ်လာသည့်အချိန်ကကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။


ထို့နောက် ထိုအမျိုးသမီးက ကောင်းကင်မှဆင်းလာသည်။ သူမက တစ်ကြိမ်တွင် ခြေတစ်လှမ်းသာလှမ်းလာ၍ မမြင်ရသောလှေကားထစ်များကို နင်းလာသကဲ့သို့ပင်။


သူမ ပုဖန်ရှေ့တွင် မျောလွင့်နေသည်။


" အဟမ်း အဟမ်း ... ကောင်လေးပုဖန် မင်း အဆင်ပြေတယ်ဆိုတော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ပယ်ကို ပြန်ပြီနော် ... အဲ့ဒီမှာ ကျန်ခဲ့တဲ့ နံရိုးချိုချဉ်စားရဦးမယ် ... စောစောပြန်လာဖို့ မမေ့နဲ့ ..."


ခွေးဘုရင်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။


သို့သော် ခြေတစ်လှမ်းချလိုက်စဉ်မှာပင် သူ၏ခွေးမွေးများ ထောင်တက်လာသည်။


ထိုအမျိုးသမီးက ခွေးဘုရင်ရှေ့တွင်ပေါ်လာသည်။ သူမလက်သီးဆုပ်ထဲတွင် ရေခဲသလင်းကျောက်များများစုဝေးလာကာ ၎င်းတို့ကို က်ိုင်ပြီး ခွေးဘုရင်ထံသို့ ချိန်ရွယ်ထားသည်။


" သေချင်းဆိုးခွေး ထပ်ပြီး ထွက်ပြေးဖို့ကြံနေတာလား ..."

ရေခဲသူတော်စင်က သူမခေါင်းကို စောင်းကာ မျက်နှာသေဖြင့် ပြောလိုက်သည်။