အပိုင်း ၁၁၅၈
Viewers 62k

အခန်း ၁၁၅၈

မင်းနဲ့သူနဲ့က လူတစ်မျိုးတည်းပဲ


" သေချင်းဆိုးခွေး ထွက်ပြေးရဲရင် ပြေးကြည့်လိုက် ..."


ရေခဲသူတော်စင်က ခွေးဘုရင်ကို မျက်နှာတည်တည်ဖြင့် ကြည့်နေသည်။ သူမမျက်လုံးထဲတွင် ရွှင်မြူးမှုများ ရှိနေပုံရသည်။


ခွေးဘုရင်က ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။


ပုဖန် အပါအဝင် သူတို့နားတစ်ဝိုက်မှလူများက သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ မြေခွေးဖြူလေးက ပုဖန်၏ ရင်ခွင်ထဲမှ ခေါင်းပြူကြည့်နေသည်။


ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးကြီးတို့၏ မျက်နှာက ရယ်ချင်နေသည့်ပုံပင်။ သူတို့နှစ်ယောက်လုံး တစ်စုံတစ်ခုကို သိနေသည်မှာသေချာသည်။


" ရေခဲအလှလေး ... မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးသာဆိုရင် တစ်ကမ္ဘာလုံး မျက်စိကန်းကုန်လိမ့်မယ် ... ငါတို့ရဲ့ ရန်ငြိုး‌အဟောင်းတွေကို ဘာလို့ မမေ့ပစ်တာလဲ ..."


ခွေးဘုရင်က ရိုးသားသည့်ပုံစံဖြင့် ပြုံးပြလိုက်သည်။


ရေခဲသူတော်စင်က မပြုံးပေ။ ရေခဲဓားမြှောင်က နီးကပ်လာပြီး ခွေးဘုရင်၏နှာခေါင်းနှင့် လက်မအနည်းငယ်သာကွာတော့သည်။ ဓားမှထွက်ပေါ်လာသည့် အေးစိမ့်မှုက သူ၏နှာခေါင်းထိပ်ဖျားကို ဆီးနှင်းခဲအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားစေသည်။ 


" ဟေး လွန်မယ်နော် ... ခွေးတစ်ကောင်ရဲ့မျက်နှာကို အဲ့လိုမလုပ်ရဘူးလေ ... မင်း အဲ့လိုလုပ်နေရင် ဘယ်လိုစကားပြောကြမလဲ ..."


ခွေးဘုရင်က နှာခေါင်းရှုံ့လိုက်သည့်အခါ ဆီးနှင်းခဲများ ချက်ချင်း ကွာကျလာသည်။


ပုဖန်၏ သိချင်စိတ်က ကြီးထွားလာသည်။ 

ခွေးဘုရင်က ရေခဲသူတော်စင်ကိုဘာလုပ်ခဲ့လို့ သူမက သူ့ခန္ဓာကိုယ်မှာ အပေါက်တွေဖောက်ပစ်ချင်တဲ့ပုံ ဖြစ်နေရတာလဲ ...


" အဲ့ဒါတွေက ဆိတ်အိုကြီးထျန်စန်းက ငါ့ကိုလုပ်ခိုင်းလို့ပါ ... ငါ ဘာမှမသိဘူး ..."

ခွေးဘုရင်က မခံမရပ်နိုင်စွာ ပြောလိုက်သည်။


" ပြီးတော့ ဆိတ်အိုကြီးထျန်စန်းက သေပြီလေ ..."


ထိုစကားကြောင့် ရေခဲသူတော်စင်က ရပ်တန့်သွားပြီး သူမမျက်လုံးများက အနည်းငယ်ရှုပ်ထွေးလာသည်။


သူမလက်ထဲမှ ရေခဲဓားမြှောင်က နောက်ဆုံးတွင် အရည်ပျော်ကျပြီး ပျောက်ကွယ်သွားသည်။


" ထားလိုက်ပါတော့ ..."

ရေခဲသူတော်စင်၏ပုံက အနည်းငယ်ဝမ်းနည်းသွားသည့်ပုံပင် ။


" မင်း ရေချိုးနေတာကိုချောင်းကြည့်တာ ငါမဟုတ်ဖူး ဟိုငရဲဘုရင်အိုကြီးပါ... ငါကဖြောင့်မှန်တဲ့ခွေးတစ်ကောင်ပါ ... အဲ့ဒီ ဆိတ်အိုကြီးကသာ ငါ့ကိုအတင်းအကျပ်မလုပ်ခိုင်းရင် မင်းအဝတ်အစားတွေကို ဘာလို့ မီးလောင်အောင်လုပ်ပစ်မှာတုန်း ... ငါ့ရဲ့ ကမ္ဘာမြေအကျဉ်းထောင်မီးတောက်က ရန်သူတွေကို မီးမြိုက်ဖို့သုံးတာလေ ... အဝတ်အစားတွေကို မီးရှို့ဖို့မှ မဟုတ်တာ ... "

ခွေးဘုရင် ရှင်းပြလိုက်သည်။


ထိုအကြောင်းကို ကြားသည့်အခါ ပုဖန် အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။


ခွေးဘုရင်က ရေခဲသူတောင်စင်ရဲ့ အဝတ်တွေကို မီးရှို့ပစ်တာလား ...


ရေခဲသူတော်စင်ကို ကြည့်လိုက်သည်။ သူမ၏အလှက ပြိုင်ဘက်ကင်းပြီး နတ်ဘုရားမမြို့တော်၏ ဧကရီပိလော့ထက်ပင် လှပသည်။


ရေခဲသူတော်စင်က ခွေးဘုရင်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသောမျက်နှာတွင် မထီမဲ့မြင် အကြည့်တစ်ခု ပေါ်လာသည်။


" နင့်ကို ငါယုံမယ်ထင်နေလား ... ငါ့အဝတ်တွေကို မီးရှို့ပစ်ပြီး ရေခဲဝိညာဉ်သစ်သီးတွေလည်း ခိုးသွားသေးတယ် ... ထျန်စန်းကြောင့်သာမဟုတ်ရင် နင့်ကို ရေခဲဖြစ်အောင်လုပ်ပြီး နတ်ဘုရားပျောက်ကွယ်တောင်ရဲ့ အတွင်းအကျဆုံးနေရာမှာ ပိတ်လှောင်ထားလိုက်တယ် ..."

ရေခဲသူတော်စင်က ပြောလိုက်သည်။


ခွေးဘုရင် အလျင်အမြန်ခေါင်းငြိမ့်လိုက်သည့်အခါ သူ၏ဗိုက်မှ အဆီပြင်များ တလှိမ့်လှိမ့်ဖြစ်လာသည်။


ပုစွန်၏ပိစိ၏ကျောပေါ်တွင် ထိုင်နေသည့်ပုဖန်က သူတို့၏စကားဝိုင်းမှ သတင်းအချက်အလက်ပမာဏများက ကြီးမားလွန်းသည်ဟု ထင်လာရသည်။


ကြည့်ရတာ အဝတ်တွေကို မီးရှို့ပစ်တာထက်ဆိုးတဲ့ ကိစ္စတွေရှိဦးမယ့်ပုံပဲ ... ရေခဲသူတော်စင်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် သူမအဝတ်တွေက လွယ်လွယ်ပြဲနိုင်မှာ မဟုတ်ဖူး ...


သူတို့ရဲ့စကားဝိုင်းထဲမှာ သူမခန့်မှန်းနိုင်တဲ့ လျှို့ဝှက်ချက်တွေအများကြီး ရှိနေသေးတဲ့ပုံပဲ ...


သို့ရာတွင် ထိုလျှို့ဝှက်ချက်များကို အနာဂတ်တွင် တူးဆွနိုင်မည်ဟု ပုဖန် ယုံကြည်ထားသည်။ 

အခုခေတ်မှာ သူ့လိုဖြူစင်ပြီး မြင့်မြတ်တဲ့လူမျိုးက အရမ်းနည်းလာပြီ ...


ရေခဲသူတော်စင်က ခွေးဘုရင်ကို အရေးမစိုက်တော့ပဲ ပုဖန်ဘက်သို့ တစ်ခါလှည့်လာသည်။


သူမ၏ အပြာဖျော့ဖျော့မျက်လုံးထဲတွင် ထူဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားသကဲ့သို့ပင်။


ရုတ်တရက် အေးစက်သောလေပွေတစ်ခုက ပုဖန်၏မျက်နှာကို ဖြတ်သန်းတိုက်ခတ်လာသည်။ အရှေ့မှ ရေခဲသူတော်စင်က သူ့မျက်လုံးထဲကို စိုက်ကြည့်နေသဖြင့် သူ၏မျက်လုံးသူငယ်အိမ်ကျုံ့သွားသည်။


သူ့ရင်တွေ ခုန်လာတာလား ...


သူမ၏ နှုတ်ခမ်းများက နူးညံ့ကာ အသားအရည်ကလည်း ချောမွေ့ ဖြူဖွေးနေသည်။ သူမပါးပြင်တွင် ဆံပင်များရစ်ခွေကာ ကျဆင်းနေသဖြင့် သိမ်မွေ့သောမိန်းမပျိုတစ်ဦးဟု ထင်ရစေသည်။


ပုဖန်ကို စိုက်ကြည့်နေစဉ် သူမ၏အေးစက်သောမျက်နှာက ရုတ်တရက် ပျော့‌ပျောင်းလာသည်။


ပုဖန် မသိမသာ ထိတ်လန့်သွားမိသည်။ ခဏအကြာ သူ၏ ဆံပင်မွေးများပင်ထောင်လာသည်။ သူမသိလိုက်မီမှာပင် ရေခဲသူတော်စင်က သူမလက်ချောင်းများဖြင့် ပုဖန်၏ မျက်နှာကို ထိလိုက်သောကြောင့်ဖြစ်သည်။


သူမလက်များက ဘယ်သောအခါမျှ ပျော်မကျသွားတော့မည့် ရေခဲတုံးတစ်တုံးနှင့် တူနေသည်။


သူမလက်ချောင်းများက သူ့မျက်နှာကိုထိနေစဉ် ပုဖန် ကျောရိုးထဲမှစိမ့်ပြီး ကြက်သီးထလာသည်။ ထို့အပြင် သူ့ကိုကြည့်နေသည့်မျက်လုံးများက အတိတ်ကိုသတိရနေပုံပေါ်သဖြင့် ကြောက်ရွံ့စွာဖြင့် ပခုံးကိုကျုံ့ထားမိသည်။


ခွေးဘုရင်၏မျက်လုံးများ ပြူးကျယ်လာပြီး သူ့မျက်နှာတွင် အံ့ဩနေသည့် အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။


ဘာတွေဖြစ်ကုန်တာလဲ ... ဘာတွေလဲ ... အဲ့အရူးမက ပုဖန်ကို ကြိုက်နေတာလား ... သေစမ်း သူမက တကယ်ရူးနေတာလား ...


ကောင်လေးပုဖန်က မခံ့ညားတဲ့အပြင် သန်မာတဲ့ ခန္ဓာကိုယ်လည်းမရှိဘူးလေ ... သူ့လောက်တောင် မခံ့ညားဘူး ...


ဒီမိန်းမကတော့ ... ငါ့ကိုတော့ လာမကြိုက်ဖူး ...


ခွေးဘုရင်၏ မျက်လုံးများ အရောင်တောက်လာသည်။ 


ထိုအချိန်တွင် ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးတို့က တစ်ချိန်တည်းမှာပင် ပင့်သက်ရှိုက်လိုက်ကြသည်။


ဒီလူသားက တကယ့်ကို ဆရာကြီးပဲ ... သူတို့သမီးလေးသာ သူ့နောက်လိုက်သွားရင် မဟာအခွင့်အရေးကြီးဖြစ်နေမှာပဲ ...


ပုဖန်၏ ကြွက်သားများက တောင့်တင်းလာပြီး မျက်ခုံးများပင့်လိုက်သည်။ ခေါင်းမော့ပြီး ရေခဲသူတော်စင်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။


သူမက လှပေမယ့် ပုဖန်က ပုံပန်းသွင်ပြင်တစ်မျိုးတည်းကိုပဲ ကြည့်တတ်တဲ့လူမဟုတ်ဖူးလေ ...


" မင်းရဲ့ကိုယ်ထဲမှာ ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ စွမ်းအင်ကို ခံစားမိတယ် ... ဒါက တကယ်ကို ရင်းနှီးနေတဲ့စွမ်းအင်ပဲ ..."

ရေခဲ‌သူတော်စင်က နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။ ထို့နောက် ပုဖန်မျက်နှာကို လက်ဖြင့်ပွတ်သပ်နေပြန်သည်။


ပုဖန် နှုတ်ခမ်းကိုက်ထားမိသည်။ သူမကို သူ၏မျက်နှာအစား အချက်အပြုတ်အရည်အချင်းများကိုသာ အာရုံစိုက်စေရန်ပြောချင်သည်။ ကံမကောင်းစွာဖြင့် ရေခဲသူတော်စင်က စကားအမျှင်မပြတ်သောကြောင့် ပုဖန် ပါးစပ်ဟရန်ပင် အခွင့်အရေးမရပေ။


သူမက ပုဖန်ကို လေးနက်စွာကြည့်နေသည်။

" မင်းလိုပဲ ငါ့ရဲ့မိတ်ဆွေဟောင်းက စားဖိုမှူးတစ်ယောက်ပဲ ..."


အမ် ...


ပုဖန် ခဏတာ မလှုပ်မယှက်ဖြစ်သွားသည်။ ခဏအကြာတွင် သူမျက်မှောင်ကြုတ်လာပြီး ဝိညာဉ်ပင်လယ်က ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။


စားဖိုမှူး ... မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ စွမ်းအင်တဲ့လား ...


ထိုကိစ္စကို သူ၏ ဝိညာဉ်ပင်လယ်ထဲမှ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ လှုံ့ဆော်လာမှုနှင့် ချိတ်ဆက်လိုက်သောအခါ သဘောပေါက်လာသည်။


မဟုတ်မှလွဲရော ...


ပုဖန် တံတွေးမျိုချပြီး ထိုအမျိုးသမီးကို ကြည့်လိုက်သည်။


" စနစ် စနစ်ရေ ထွက်လာဦး ... ဒီရူးနေတဲ့မိန်းမက ဘာပြောချင်နေတာလဲ ..."

သူ စိတ်ထဲမှ မေးလိုက်သည်။


သူမပြောတဲ့ မိတ်ဆွေဟောင်းဆိုတာ စနစ်ရဲ့ အရင်ပိုင်ရှင် ဖြစ်နိုင်ချေများတယ် ...


အဲ့ဒါဆိုရင် စနစ်က ဘာလို့ သူ့ဆီလာပြီး ကမ္ဘာပေါ်ကနေ ဒီစိတ်ကူးယဉ်ကမ္ဘာကို ခေါ်လာခဲ့တာလဲ ...


ပုဖန်၏ စကားများက စနစ်ကို ပေါ်မလာစေပေ။ တိတ်ဆိတ်နေမှုကြောင့် သူစိတ်ဓာတ်ကျလာသည်။


ရေခဲသူတော်စင်က ပုဖန်၏ ပါးကို ပွတ်နေသည်။ သူမ၏အေးစက်သော အထိအတွေ့က ပုဖန်ကို ရင်တုန်လာစေသည်။


" ငါသိပါတယ် ... သူနဲ့မင်းက လျှို့ဝှက်ချက်တွေ ရှိကြတဲ့လူတွေပဲ ... မင်းတို့နှစ်ယောက်က လူတစ်မျိုးတည်းပဲ ..."


ပုဖန် ခေါင်းခါလိုက်သည်။

" မဟုတ်ဖူး ... ကျုပ်က ကျုပ်ပါပဲ ... ကျုပ်က ပြိုင်ဘက်ကင်းလေ ..."


ရေခဲသူတော်စင် သက်ပြင်းချလိုက်သည်။


သူမ မျက်နှာပေါ်မှ အကြည့်ကို မြင်သည့်အခါ ပုဖန်၏ရင်ထဲ တုန်လှုပ်သွားသည်။ သူမက အလွန်လှပသည့်အတွက် တစ်မြို့လုံးကိုပင် အကြည့်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။ 


" ငါ့ရဲ့ထင်မြင်ချက်က မမှားနိုင်ဘူး ... အဲ့လူကငါ့ကို ကျွေးမွေးစောင့်ရှောင်ခဲ့တာ ... ဘယ်လိုလုပ် အဲ့စွမ်းအင်ကို မေ့နိုင်မှာလဲ ... မင်းနဲ့ သူနဲ့က လူတစ်မျိုးတည်းဆိုရင် ငါမင်းကို သတိပေးချင်တာ တစ်ခုရှိတယ် ..."

ရေခဲသူတော်စင်က ပုဖန်ကို စိုက်ကြည့်နေသည်။


" ဘာကို သတိပေးမှာလဲ ..."

ပုဖန်၏ မျက်လုံးများ မှေးကျဉ်းလာသည်။


ရေခဲသူတော်စင်က သူ့ကို ခပ်ကြာကြာစိုက်ကြည့်နေပြီးနောက် သူ၏နားရွက်နားကပ်ပြီး နူးညံ့စွာပြောလိုက်သည်။

" ထိပ်ဆုံးကို ရောက်ချင်တဲ့လူတွေက ဘေးအန္တရာယ်နဲ့ ကံဆိုးမှုတွေကိုလည်း ရင်ဆိုင်ရမယ် ... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက အတွေးတစ်ခုပဲခြားတယ် ... အခု မင်းက ဝိညာဉ်ကူးပြောင်းလာပြီးပြီဆိုတော့ အရာအားလုံးကို လက်လျှော့လိုက်သင့်တယ် ... အဲ့လိုလုပ်မှပဲ အချက်အပြုတ်နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းကို ရောက်နိုင်မှာ ..."


သူမ၏အသံက ညင်သာသော်လည်း စကားများက ပုဖန်၏ခေါင်းထဲတွင် မနက်ခင်းခေါင်းလောင်းနှင့် ညနေခင်းဗုံသံကဲ့သို့ မြည်ဟည်းသွားသည်။


" ဘာကို ဆိုလိုတာလဲ ..."

ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုစကားများက တစ်စုံတစ်ရာ ပုံမှန်မဟုတ်သည်ကို သူခံစားမိသည်။


၎င်းတို့က ကူကယ်ရာမဲ့မှုနှင့် အံ့ဩခြင်းများဖြင့် ပြည့်နေသည်။ ကျယ်ပြောလှသည့် ပင်လယ်ပြင်ထဲရောက်သွားသည့် လမ်းပျောက်နေသည့် လှေငယ်လေးကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် ဂျူနီယာများအတွက် အကြံပေးနေသည့်စကားနှင့်လည်း တူနေသည်။


သူမ ပြောပြီးသည့်အခါ ရေခဲ‌သူတော်စင်က နားရွက်အနားမှ ခွာသွားသည်။ သူမလက်ချောင်းများနှင့် သူ၏ပါးပြင်နှင့်လက်ကို ညင်သာစွာကိုင်ပြီးနောက် လက်ပြန်ရုတ်လိုက်သည်။


သူမ၏ အမူအကျင့်က အေးစက်သွားပြန်သည်။


" သူအဲ့လိုပြောခဲ့တာပဲ ... ငါက မင်းကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိရုံပဲ ... နားလည် မလည်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ် ... ဘာပဲဖြစ်ဖြစ် စိတ်ပူစရာမလိုပါဘူး ... မင်းရဲ့ လက်ရှိအဆင့်က သူနဲ့အရမ်းဝေးကွာသေးတော့ သူ့ရဲ့ ကံဆိုးမှုမျိုးကို မကြုံရသေးလောက်ဖူး ..."


ထို့နောက် လက်ဆန့်ထုတ်၍ ပုဖန်၏ ရင်ခွင်ထဲမှ မြေခွေးဖြူလေးကို ယူသွားသည်။


မြေခွေးဖြူလေးက မရုန်းကန်သည့်အပြင် သူမရင်ခွင်ထဲမှ ပြန်ဖက်ထားသည်။။


ရေခဲသူတော်စင်က မြေခွေးလေး၏ခေါင်းကို ညှင်သာစွာပွတ်နေပြီး သူမမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ရုတ်တရက် အဝေးသို့ သူမ၏ အပြာဖျော့ဖျော့ မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။


" ချောင်းကြည့်နေတာ လုံလောက်ပြီထင်တယ် ... အခု ထွက်မလာဘူးဆိုရင် မင်းကို တိုက်ခိုက်မိမှ အပြစ်မတင်နဲ့ ..." 

သူမ၏ စကားလုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နေသည်။


အဝေးမှ ကောင်းကင်တွင် တိမ်များ တလိမ့်လိမ့်တက်လာပြီး မမြင်ရသည့် မျက်လုံးများစွာ ပျောက်ကွယ်သွားသည်။


ခွေးဘုရင်က ပျောက်ကွယ်သွားသည့် ထိုမျက်လုံးများကို လေးနက်စွာကြည့်လိုက်သည်။

" သူတို့က မဟူရာဘုရားကျောင်းနဲ့ ကျဆုံးနတ်ဘုရားလိုဏ်ဂူက မလား ..."


" သူတို့ကလွဲရင် ကမ္ဘာမြေအကျဉ်းထောင်မှာ ငါ့ကို လျှို့ဝှက်ပြီးစောင့်ကြည့်နိုင်တဲ့ စွမ်းရည်ရှိတာ ဘယ်သူရှိသေးလို့လဲ ... ‌စမ်းချောင်းဝါက အဘ်ိုးကြီးကလည်း အဲ့လိုလုပ်နိုင်ပေမယ့် ... သူကတော့ မြက်တွေစိုက်ဖို့ပဲ အရူးအမူးဖြစ်နေတာ ... ဒါကြောင့် သူမဟုတ်လောက်ဖူး ..."

ရေခဲသူတော်စင်က မြေခွေးလေး၏ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။


သူမက ခွေးဘုရင်၏ မေးခွန်းကို ဖြေနေသည်မှာ သိသာသည်။


ပုဖန် ဘာလုပ်ရမည်မသိဖြစ်ကာ မှင်သက်နေသည်။


ပုစွန်ပိစိက အလင်းတန်းဖြာထွက်ပြီး အောက်သို့ဆင်းလာသည်။ ပုဖန်ကို မြေပြင်ပေါ် ချပေးပြီးနောက် ပြန်လည်ကျုံ့သွားပြီး သူ၏ပခုံးပေါ်တွင် အနားယူနေသည်။


ရေခဲသူတော်စင်လည်း မြေပြင်ပေါ်ဆင်းလာပြီး ပုဖန်က်ို မနှောင့်ယှက်တော့ပေ။


ပုဖန်၏ အခြေအနေက ထူးဆန်းနေသည်ကို ခွေးဘုရင်မြင်လိုက်သည်။ 


" မဟူရာဘုရားကျောင်းနဲ့ ကျဆုံးနတ်ဘုရားလိုဏ်ဂူက စပြီးတော့ မွှေနှောက်နေပြီ ...အရင်တည်းက ကမ္ဘာမြေအကျဉ်းထောင်မှာ ကိစ္စကြီးတစ်ခု ဖြစ်လာမယ်ဆိုတာ ငါအမြဲ ခံစားမိနေတယ် ..."

ခွေးဘုရင်က နှုတ်ခမ်းများတွန့်ချိုးကာ ပြောလိုက်သည်။


ရေခဲသူတော်စင်က သူ့ကိုတစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။


မဟူရာဘုရားကျောင်းနှင့် ကျဆုံးနတ်ဘုရားလိုဏ်ဂူက ကမ္ဘာမြေအကျဉ်းထောင်၏ အခြားတားမြစ်နယ်မြေနှစ်ခုဖြစ်သည်။ 


နတ်ဘုရားပျောက်ကွယ်တောင်နှင့် ယှဉ်ပါက ထိုနေရာနှစ်ခုမှာ ပို၍ကြောက်မက်ဖွယ်ကောင်းကာ အန္တရာယ်များပြီး ရက်စက်ကြမ်းကြုတ်သည်။ ထိုနေရာတွင် နေထိုင်သည့် ကျင့်ကြံသူများမှာ အလွန်အမင်း ကြောက်ရွံ့ခြောက်ခြားဖွယ်ဖြစ်သည်။


အမှန်မှာ ကမ္ဘာမြေအကျဉ်းထောင် သို့မဟုတ် ငရဲအကျဉ်းထောင်တွင်ဖြစ်စေ တားမြစ်နယ်မြေအားလုံးတွင် ပုန်းအောင်းနေသည့် အမြင့်မြတ်ဆုံးတည်ရှိမှုများရှိသည်။


အကယ်၍ ထိုကျင့်ကြံသူများသာ ၎င်းတို့စိတ်တိုင်းကျ နေထိုင်ပါက ငရဲအကျဉ်းထောင်နှင့် ကမ္ဘာမြေအကျဉ်းထောင်မှပင် တားဆီးနိုင်မည်မဟုတ်ပေ။


အမှန်တွင် ၎င်းတို့အားလုံးကို တားမြစ်နယ်မြေမှ မထွက်ခွာရန် တားမြစ်ထားသည့် စည်းမျဉ်းများရှိသည်။ ရေခဲသူတော်စင်က ထင်ရာစိုင်း၍ တားမြစ်နယ်မြေမှ ထွက်ခွာသွားသောကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ထိုတားမြစ်ချက်များက သူတို့ကိုထာဝရ မပိတ်လှောင်ထားနိုင်ပေ။ တားမြစ်နယ်မြေမှ ကျင့်သူများက အလွန်အသက်ရှည်ကြသည်။ သူတို့က မသေမျိုးများဖြစ်သည်။


အကယ်၍ တစ်နေ့တွင် တားမြစ်နယ်မြေများ၏ စည်းကမ်းချက်များ မရှိတော့ပါက ငရဲကမ္ဘာတစ်ခုလုံး သွေးချောင်းစီးသွားလိမ့်မည်။


တားမြစ်နယ်မြေများမှ ကြီးမြတ်သောတည်ရှိမှုများက ရေခဲသူတော်စင်ကဲ့သို့ စိတ်ထားမကောင်းကြပေ။


ကိုးမြှီးမြေခွေးနှင့် ခြောက်မြှီးမြေခွေးတို့က ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာကြသည်။ သူတို့က နေ့စဉ်နေ့တိုင်း အသက်စမ်းချောင်းတွင် ရေချိုးကြသူများဖြစ်၍ အသက်စွမ်းအင်များက အလွန်အားကောင်းပြီး ဒဏ်ရာများလည်း အကျက်မြန်သည်။


ရေခဲသူတော်စင်က ထွက်မသွားခိုင်းသဖြင့် ခွေးဘုရင်က အသက်စမ်းချောင်းနှင့် မနီးမဝေးတွင် လှဲလျောင်းပြီး အိပ်မောကျနေသည်။


ထိုအချိန်တွင် ပုဖန်က ကျောက်တုံးပေါ်တွက် တင်ပျဉ်ခွေထိုင်ပြီး မျက်မှောင်ကြုတ်လျက် အတွေးထဲ နစ်မြောနေသည်။ သူတွေးနေသည်ကို မည်သူမှ မသိကြပေ။ 


ရေခဲအပျိုစင်က သူမ၏ ရေခဲခေါင်းတလားပေါ်တွင် မြေခွေးဖြူလေးကို ရင်ခွင်ထဲ ထည့်ထားလျက် ထိုင်နေသည်။ မြေခွေးလေး၏ ခေါင်းကိုပွတ်ပေးနေစဉ် သူမမျက်လုံးမှ အကြည့်များက အလွန်သိမ်မွေ့နေသည်။ 


ကိုးမြှီးမြေခွေးကြီးက အဝေးတွင် အမြှီးများလှုပ်ခါ၍ ထိုင်နေပြီး ခြောက်မြှီးမြေခွေးကြီးက ခုနစ်ရောင်ခြယ်ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။


လေထုက ရုတ်တရက် ထိုင်းမှိုင်း‌သွားသည်။


သုံးရက်အကြာတွင် ပုဖန် မျက်လုံးဖွင့်လိုက်ပြီး သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။


ထိုအချိန်တွင်ပင် သူ၏ စွမ်းအင်များက သိသိသာသာ ပြောင်းလဲလာပြီး တစ်ဟုန်ထိုး ခုန်တက်သွားသည်။


အချိန်တစ်ခဏအတွင်းမှာပင် ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်သို့ရောက်သွားသည်။


စနစ်၏ လေးနက်သောအသံက ခေါင်းထဲတွင် ပဲ့တင်လာသည်။

" ပစ်မှတ်ထားတဲ့ အရောင်းပမာဏ ရရှိပြီး အချက်အပြုတ်နတ်ဘုရားဖြစ်ဖို့ ခြေလှမ်းတစ်လှမ်းတိုးလာတဲ့အတွက် ဂုဏ်ယူပါတယ် ...မစ်ရှင်အတွက်ဆုကတော့ ..."