အပိုင်း ၁၁၆၁
ပေါက်ကွဲအသားလုံးကို ပစ်၍ ထွက်ပြေးခြင်း
ငွေရောင်အသက်စွမ်းအင်များက မသေမျိုးသစ်စေ့ကို စိမ့်ဝင်သွားကာ မျက်နှာပြင်ကို ကွဲအက်သွားစေသည်။
မကြာမီ ၎င်း၏ မျက်နှာပြင်တစ်ခုလုံးကို မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ပုဖန် ချက်ချင်း မျက်မိမှေးကျဉ်းသွားသည်။ အစေ့၏ အပေါ်ယံအလွှာက ကျွတ်ကျသွားပြီး ရွှေရောင်တောက်နေကာ သန်မာလှသည့် စွမ်းအင်များဖြင့် အစေ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ငွေရောင်နဂါးများမှ အာဟာရများက သေဆုံးနေသည့် အစေ့ကို ပြန်လည်အားဖြည့်ပေးလိုက်သည်။
ငွေရောင်နဂါးလေးက ပုဖန်၏ လက်ဖဝါးပေါ်မှ အစေ့ကို စပ်စုသလို ကြည့်ပြီး ပဟေဠိဖြစ်နေသည်။ အစေ့လေး ဘာကြောင့် ပြောင်းလဲသွားသလဲ သူသိချင်နေသည့် ပုံပင်။
ပုဖန်လည်း မလှုပ်ရှားပဲ အစေ့ကိုသာ စိုက်ကြည့်နေသည်။ သူ၏ အကြည့်အောက်တွင် ခြောက်သွေ့နေသည့် အပေါ်ယံလွှာက လုံးဝကျွတ်ကျသွားသည်။
အစေ့တစ်ခုလုံးက ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး တောက်ပနေကာ သန်မာလှသည့် အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ သူ အတော်လေး စိတ်ကျေနပ်နေသည်။
အသက်စမ်းချောင်း၏ အရင်းအမြစ်က မှော်ဆန်လှသည်။ ညင်သာသည့် အထိအတွေ့လေးကပင် သေဆုံးခါနီးဖြစ်သော အစေ့၏ အသက်စွမ်းအင်က ပိုမိုသန်မာလာပြီး မူလအခြေအနေထက် ပိုမို သန်မာသွားပုံပင်။
ပုဖန် လက်ထဲတွင် ငွေနဂါးလေးနှစ်ကောင် ရှိနေဆဲပင်။ တစ်ကောင်က အစေ့လေးကို ကိုင်ထားပြီး နောက်တစ်ကောင်က သူ့ကို ကြည့်နေသည်။ ရုတ်တရက် သူ့ကို ကြည့်နေသည့် တစ်ကောင်က ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သက်တန့်ရောင် ရေကန်ထဲ ထိုးဆင်းသွားသည်။
ဘုန်း
သူရေထဲ ရောက်သွားသည်နှင့် ကြီးမားလာကာ ဧရာမနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရေကန်ထဲတွင် ကျက်သရေရှိစွာ ကူးခတ်ပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
ပုဖန် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် ပကတိရိုးသားလှသော အကြည့်လေးဖြင့် အစေ့ကို ကိုင်ထားသော နဂါးကို ကြည့်လိုက်သည်။
အတွေးတစ်ချက်ဖြင့် သူအစေ့ကိုယူကာ နဂါးကို လယ်ယာမြေထဲ ထည့်လိုက်သည်။
လေပြင်းတစ်ချက်တိုက်လာပြီး သူ၏အနီရောင် စားဖိုမှူး ဝတ်ရုံကို တဖျပ်ဖျပ်လွင့်ပျံစေသည်။
ပုဖန် မျက်ခင်းပြင်ပေါ် သက်ဆင်းလိုက်သည်။
လယ်ယာမြေထဲရှိ လေထဲတွင် လတ်ဆတ်ကာ မွှေးပျံ့ရလှ ရနံ့မျိုးစုံရှိသည့် စိတ်ဝိဉာဉ်သစ်သီးများ၏ ရနံ့ဖြင့် ပြည့်နေသည်။
အထဲသို့ရောက်သည်နှင့် ငွေနဂါးလေးက ၎င်း၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ နှာခေါင်းလေးကို လှုပ်စိ လှုပ်စိလုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။
ခဏအကြာတွင် ၎င်းက အစေ့ကိုကိုင်ထားရင်း ပုဖန်လက်ထဲတွင် ပျော်ပျော်ကြီး လှိမ့်နေသည်။
ပုဖန်က သစ်သားအိမ်ငယ်လေးရှေ့ ရောက်လာသည်။
နျိုဟန်စန်းနှင့် ကျင်းယွမ်တို့က ခပ်လှမ်းလှမ်းမှ ရယ်ကာမောကာ စကားပြောရင်း လမ်းလျှောက်လာကြသည်။
ကျင်းယွမ်က ပုဖန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားသွားသည်။ သို့သော် နွားနို့ ပုံးကို ကိုင်ထားရ၍ ဘာမှ မလုပ်နိုင်ဖြစ်နေရသည်။
"မင်းဒီကို နွားနို့ယူဖို့ လာတာလား..."
ပုဖန် သူမကို ကြည့်ရင်း ပြောလိုက်သည်။
ကျင်းယွမ် စိတ်လှုပ်တရှား ခေါင်းငြိမ့်လာသည်။
"စီးပွားရေးက အရမ်းကောင်းနေတယ်လေ ခေါင်းဆောင်စားဖိုမှူးခေါင်းဆောင်ပုရဲ့.... လေးရက်ထဲမှာတင် ဖန်ဖန့်ရေခဲမုန့်စတိုးက နွေဦးလေပြည် စားသောက်ဆိုင်ရဲ့ တစ်လစာ ရောင်းအားကို ရောင်းနေရပြီ ..."
ပုဖန်က ထိုသို့ ရောင်းအား ထိုးတက်လာမည်မှန်း သိပေသည်။ မဟုတ်ပါက ထိုမျှ မြန်မြန် လုပ်ဆောင်ခဲ့မည် မဟုတ်ပေ။
ကျင်းယွမ်ကို ချီးကျူးပြီးနောက်တွင် သူမကို ပြန်ခိုင်းလိုက်သည်။ သူ လယ်ယာမြေထဲတွင် အရေးတကြီး လုပ်စရာ ရှိနေသည်။
ကျင်းယွမ်ခေါင်းငြိမ့်ကာ စိတ်လှုပ်ရှားနေသော အမူအယာဖြင့် ထွက်သွားသည်။
ပုဖန် နျိုဟန်ဆန်းနား သွားလိုက်သည်။
"ကြွယ်ဝလိုက်တဲ့ အသက်စွမ်းအင်ပါလား...'
နျိုဟန်ဆန်းက ပုဖန်လက်ပေါ်ရှိ ငွေနဂါးလေးနှင့် ရွှေရောင်အစေ့ကို မြင်ပြီး ပင့်သက်ရှိုက်မိသွားသည်။
"ဒါက အသက်စမ်းချောင်းရဲ့ အရင်းအမြစ်လေ... မြစ်ထဲ ထည့်လိုက်... ဒါက လယ်ယာမြေရဲ့ အသက်စွမ်းအင်ကို မြင့်တက်လာစေလိမ့်မယ်... ပြီးတော့ ဒီကောင်လေး ရေကူးလို့ရအောင် မြစ်ကို နည်းနည်းချဲ့လိုက်ဦး..."
ပုဖန်ပြောလိုက်သည်။
ထို့နောက် နျိုဟန်ဆန်းနှင့်အတူ မြစ်သို့ သွားလိုက်သည်။
နဂါးလေးက ရေကို အနံ့ခံကြည့်ပြီး မြစ်ကို မြင်သောအခါ အထင်တသေးကြည့်လိုက်သည်။
အသက်စမ်းချောင်းနှင့် ယှဉ်လျှင် ဤမြစ်က အမှိုက်လိုပင်။
ပုဖန် ပခုံးတွန့်မိသွားသည်။ ဤကောင်လေးက အလွန်ချေးများလှ၍ သူအံ့ဩသွားရသည်။
သူ နဂါးလေး၏ ခေါင်းကို လက်ဖြင့် သပ်၍ မြစ်ထဲသို့ ဝှစ်ကနဲ ပစ်လိုက်သည်။
ဝေါင်း
ခဏအကြာတွင် လယ်ယာမြေထဲတွင် နဂါးဟိန်းသံ တစ်ချက် ကြားလိုက်ရပြီး ငွေရောင်နဂါးကြီးတစ်ကောင် ပေါ်လာကာ မြစ်ထဲတွင် လှိမ့်နေသည်။
မြစ်က ပကတိမျက်စိဖြင့် မြင်နိုင်သည့် နှုန်းဖြင့် မမြင်ရသော အသက်စွမ်းအင်များဖြင့် ရောစပ်သွားသည်။
ရုတ်တရက် သွေးကျောက်ပုစွန်များက တစ်ကောင်ပြီးတစ်ကောင် ရေထဲမှ ခုန်ထွက်လာကာ ၎င်းတို့၏ လက်မများကို ဝေ့ရမ်းနေပြီး ရေဘဝဲအစ်ကိုကြီးကလည်း သူ၏ လက်တံများကို စိတ်လှုပ်တရှား ဝှေ့ရမ်းနေသည်။
အဆုံးတွင် ငွေနဂါးရောက်လာခြင်းက မြစ်တစ်စင်းလုံးကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။
"ဒါကို အနာဂတ်မှာ အသက်မြစ်လို့ ခေါ်ကြမယ်..."
ပုဖန် ပြောလိုက်သည်။
နျိုဟန်ဆန်း မှင်သက်သွားသည်။ ထိုငွေနဂါးလေးက ဤမျှ အံ့ဩစရာကောင်းမည်ဟု သူမထင်ခဲ့မိပေ။
ပိုင်ရှင်ပု ဒီလောက် အံ့ဩစရာကောင်းတာကို ဘယ်က ယူလာတာလဲ....
မြစ်၏ တိုးတက်ပြောင်းလဲမှုနှင့်အတူ လယ်ယာမြေတစ်ခုလုံးပါ တစ်ပါတည်း တိုးတက်လာမည်ဖြစ်သည်။ စိတ်ဝိဉာဉ်သစ်သီးများ၊ ဆေးဘက်ဝင် အပင်များနှင့် ပါဝင်ပစ္စည်းများကလည်း တိုးတက်လာမည် ဖြစ်သည်။
၎င်းက လယ်ယာမြေ၏ အရည်အသွေးတိုးတက်မှုဖြစ်သည်။
အရေးအကြီးဆုံးအရာမှာ ၎င်းက လယ်ယာမြေ၏ မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒကို ပိုမိုသန်မာလာစေမည် ဖြစ်ပြီး ၎င်း၏ အစီအရင်ကို တိုးတက်လာစေမည် ဖြစ်သည်။
"ဒီအစေ့က စိုက်လို့ရပြီလား...."
ပုဖန် အစေ့ကို နျိုဟန်ဆန်းစီ ပေးလိုက်သည်။
ရွေရောင် မသေမျိုးသစ်စေ့က ကြွယ်ဝလှသည့် အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
နျိုဟန်ဆန်းက ထိုအစေ့လေးကိုကိုင်ပြီး လက်များပင် တုန်ယင်သွားရသည်။ အစေ့ထဲတွင် ပါဝင်နေသည့် စွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းလှချေသည်။
ဒီအစေ့ရဲ့ အဆင့်က ဘယ်လောက်တောင်မှလဲ...
အစေ့ရော ငွေနဂါးကပါ သူစိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်သည့် တည်ရှိမှုများ ဖြစ်ကြသည်။
"ဒါကို လယ်ယာမြေရဲ့ အလယ်တည့်တည့်မှာ စိုက်လိုက်...."
ပုဖန်က ခဏမျှစဉ်းစားပြီးမှ ပြောလိုက်သည်။
နျိုဟန်ဆန်း အစေ့ကို တသသကိုင်ကာ စိတ်လှုပ်တရှား ပြေးထွက်သွားသည်။ သူ စိတ်မရှည်ပင် ဖြစ်လာရသည်။
လယ်ယာမြေ၏ အလယ်ဗဟိုက သစ်တောလေး၏ အရှေ့ရှိ မီတာရာကျော်တွင် ရှိသည်။
ထိုနေရာကို မူလက ရှားပါးသည့် မသေမျိုး ပါဝင်ပစ္စည်းများကို စိုက်ရန် ကြံရွယ်ထားသော်လည်း ယခုတွင် မသေမျိုးသစ်ပင်၏ အစေ့ကို စိုက်မည်ဖြစ်ပြီး မသေမျိုး ပါဝင်ပစ္စည်းများကို ဝဲလိုက်ပြီ ဖြစ်သည်။
နျိုဟန်ဆန်းက သူ၏ပေါက်ပြားကို ထုတ်ယူပြီး အပေါက် ကြီးတစ်ပေါက် တူးလိုက်သည်။
ခပ်နက်နက် တူးပြီးနောက်တွင် ရွှေရောင်အစေ့ကို ဂရုတစိုက်ထည့်ပြီး မြေများ ပြန်ဖို့လိုက်သည်။
ထို့နောက် ပုဖန်က သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ လယ်ယာမြေတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
နျိုဟန်ဆန်း တုန်ယင်သွားကာ 'ဆိုင်ရှင်ပုရဲ့ ကျင့်ကြံခြင်းအဆင့်က ထပ်ပြီးမြင့်လာပြန်ပြီ...'ဟု တွေးလိုက်မိသည်။
ဧရာမငွေနဂါးကြီးက မြစ်ထဲမှ ဗွမ်းကနဲခုန်ထွက်လာကာ ပုဖန်ဆီ ပျံသွားသည်။ ထို့နောက် ငွေရောင်နဂါးသေးသေးလေးအဖြစ် ပြန်ပြောင်းသွားပြီး သူ့လက်ဖဝါးထဲတွင် လှဲနေလိုက်သည်။
ပုဖန်၏ တောင်းဆိုချက်အတိုင်း နဂါးလေးက ငွေရောင်အသက်စွမ်းအင်အရည်များကို ထွေးထုတ်လိုက်ပြီး သစ်စေ့ထည့်ထားသည့် တွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။
ထူးဆန်းသည့် လှိုင်းတစ်ခုက ထိုတွင်းထဲမှ ချက်ချင်း ပျံ့နှံ့လာသည်။
ဒီး
ပုဖန်နှင့် နျိုဟန်ဆန်းတို့ နှစ်ယောက်လုံး သိချင်စိတ်တို့ ပြည့်နှက်သွားကြသည်။
ရုတ်တရက် ပုဖန် မျက်စိမှေးလိုက်သည်။ မြေဆီလွှာ အက်ကွဲလာပြီး အစိမ်းရောင်အရာလေး တစ်ခု ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် အစိမ်းရောင်လေးမှ တဖြေးဖြေးနက်မှောင်လာကာ ရှည်လျားလာပြီး သုံးမီတာမြင့်သည့် သစ်ပင်တစ်ပင် ဖြစ်လာသည်။ ၎င်း၏ သစ်ကိုင်းများနှင့် သစ်ရွက်များက ရမ်းခါနေကာ ကြွယ်ဝလှသည့် စိတ်ဝိဉာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ထိုစိတ်ဝိဉာဉ်စွမ်းအင်များက မြင့်တက်လာကာ ကောင်းကင်နှယ် ကမ္ဘာမြေလယ်ယာမြေတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
နျိုဟန်ဆန်း လုံးဝ အံ့ဩသွားသည်။
ဤမသေမျိုးသစ်ပင်ကနှင့် အသက်မြစ်တို့က လယ်ယာမြေ၏ အဆင့်ကို ထပ်မံမြင့်တက်သွားစေသည်။
နှစ်ခုစလုံးက အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းများဖြစ်၍ ကမ္ဘာလောကကို ထိန်းချုပ်နိုင်သော မဟာသူတော်စင်ကြီးများပင် လိုချင်တပ်မက်ကြသည့် အဖိုးတန် အရာဖြစ်သည်။ ယခုတွင် လယ်ယာမြေက ထိုအဖိုးတန်လှသည့် ရတနာနှစ်ခုလုံးကို ပိုင်ဆိုင်နေလေပြီ။
ပုဖန်က ထိုအစေ့လေး အပင်ပေါက်သွားကာ သစ်ပင်တစ်ပင်အဖြစ် ကြီးမားလာသည်ကို ကြည်နူးပျော်ရွှင်နေသည်။ သူ၏ ရှင်သန်လာရန် ခက်ခဲလွန်းလှသော သစ်စေ့လေးပင် အပင်ပေါက်လာသည် ဆိုလျှင် နယ်မြေသခင်တိထိုက်၏ အစေ့နှစ်စေ့အပင်ပေါက်ရန်မှာ ပိုမိုလွယ်ကူပေ လိမ့်မည်။
သူ တာဝန်ကို ပြီးဆုံးအောင် လုပ်သင့်ကြောင်း သိပေသည်။
'မဟုတ်သေးဘူး....'
ပုဖန် အတွေးနက်သွားရသည်။ သူအသက်စမ်းချောင်းကို ရှာရန် အချိန်အတော်ကြာ သုံးခဲ့ရပြီး နတ်ဘုရားပျောက်ကွယ်တောကို ဖြတ်ကျော်ခဲ့ရသည့် အချိန်များကို ရေတွက်ကြည့်လျှင် သူတာဝန်လုပ်နေသည်မှာ လဝက်ပင် ကြာနေပြီဖြစ်သည်။
ငရဲအကျဉ်းထောင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်လိုက်ပြီများလား....
ထိုသို့တွေးလိုက်မိသည်နှင့် သူထိတ်လန့်သွားသည်။
အပျော်လွန်နေသည့် နျိုဟန်ဆန်းကို နှုတ်ဆက်ကာ ပုဖန် လယ်ယာမြေထဲမှ ထွက်လိုက်ကာ ဂူထဲပြန်ရောက်လာသည်။ ထို့နောက် အသက်စမ်းချောင်းထဲသို့ တွေဝေမှုမရှိပဲ ခုန်ချလိုက်သည်။
ငွေနဂါးတစ်ကောင် ကူးခတ်လာပြီး ပုဖန်ကို သူ့ကျောပေါ်တက်စေကာ ရေမျက်နှာပြင်ပေါ် ကူးခတ်သွားသည်။
သူတို့အပေါ်တွင် ကြောက်မက်ဖွယ် ဖျက်စီးစွမ်းအားများဖြင့် လည်ပတ်နေသည့် ရေဝဲတစ်ခုရှိနေသည်။ သို့သော် ထိုစွမ်းအားများက ငွေနဂါးအပေါ်ကို မသက်ရောက်ပေ။
ဘုန်းကနဲ မြည်သံနှင့်အတူ ရေထုက ပေါက်ကွဲသွားသည်။ ထို့နောက် ငွေနဂါးနှင့်အတူ ၎င်း၏ ခေါင်းပေါ်တွင် ထိုင်နေသော ပုဖန်ပါ ပေါ်ထွက်လာသည်။
ကိုးမြှီးမြေခွေးက ပုဖန်ကို မျက်ပြူးဆန်ပျာဖြင့် ကြည့်လာသည်။
ရေခဲသူတော်စင်ပင် သူ့ကို အံ့ဩတကြီး ကြည့်လာသည်။
"သူ လုံးဝအဆင်ပြေနေတယ်လား..."
ကိုးမြှီးမြေခွေးက ထိတ်လန့်သွားသည်။
ထိုလူသားကောင်လေးက အသက်စမ်းချောင်းထဲမှ ရေဝဲထဲ ခုန်ဆင်းပြီး ခြစ်ရာပင် မထင်ပဲ ပြန်ထွက်လာသည်ဖြစ်၍ သူက အမှန်တကယ် ဘော့စ်အကြီးစားကြီး ဖြစ်လေသည်။
ပုဖန် မြေပြင်ပေါ် ခြေချလိုက်သည်နှင့် ငွေနဂါးက အသက်စမ်းချောင်းထဲ ပြန်လည် ငုံ့လျှိုးသွားသည်။
"အဲ့တာ အသက်စမ်းချောင်းရဲ့ အရင်းအမြစ်မလား...."
ရေခဲသူတော်စင်က ငြင်သာစွာ မေးလိုက်သည်။
မြေခွေးလေးက သူ့လက်ထဲမှ လွတ်အောင် ရုန်းလိုက်သည်။ ထို့နောက် အဖြူရောင်အလင်းတန်းလေးအဖြစ် ပြေးထွက်သွားကာ ပုဖန် ပုခုံးပေါ် ဆင်းလိုက်ပြီး သက်တောင့် သက်သာ လှဲလျောင်းလိုက်သည်။
နောက်ပခုံးတစ်ဖက်ပေါ်တွင် ပုဇွန်ပိစိက ၎င်း၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မြေခွေးလေးကို ကြည့်နေသည်။
"ချိတ်ပိတ်ခံထားရတဲ့ အသက်စမ်းချောင်းက အခုကစပြီး လွတ်လပ်သွားပြီ..."
ပုဖန် ပြောလိုက်သည်။
ရေခဲသူတော်စင်၏ အကြည့်များက အနည်းငယ် ရှုပ်ထွေးသွားသည်။
သို့သော် ပုဖန်က ထိုအစား ဘာမှဆက်မပြောတော့ပဲ ခွေးဘုရင်ကိုကြည့်ကာ ပြောလိုက်သည်။
"ခွေးဘုရင်... ငရဲအကျဉ်းထောင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်နေပြီလားမသိဘူး... ကျုပ်တို့ မြန်မြန်ပြန်မှ ရတော့မယ်..."
ခွေးဘုရင်က သန်းဝေရင်း ပုဖန်ကို ကြည့်လိုက်သည်။
"အလျှင်လိုနေတာပဲ... ဘာပဲဖြစ်ဖြစ်ပါလေ အဲ့ဒီ့ မှော်အစီအရင်ရဲ့ သန်မာမှုကို ခန့်မှန်းကြည့်ရထရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အစီအရင်ရဲ့ ခုခံရေးက အခုပျက်စီးနေလောက်ပြီ..."
"ဒါဆို ကျုပ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မြန်နိုင်သမျှ မြန်အောင်ပြန်မှရတော့မယ်..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ပုဖန် တစ်ချိုးတည်း လစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ နတ်ဘုရား ပျောက်ကွယ်တောင်တွင် လုပ်ရန် အစီအစဉ်ဆွဲထားသမျှကို လုပ်ပြီးပြီဖြစ်သည်။ သူယခုမှ မပြန်လျှင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဖျက်စီးခံရတော့မည် ဖြစ်သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စားဖိုမှူးများ၏ သုခဘုံဖြစ်သည်။ ပုဖန်က ၎င်းကို ပျောက်ကွယ် မသွားစေချင်ပေ။
ရေခဲသူတော်စင်က ပုဖန် ထွက်သွားတော့မည်ကို သိနေသည်။ သူမတွင် သူ့ကို ထပ်နေစေရန် မဆွဲထားလိုတော့၍ စကားတစ်ခွန်းသာ ပြောလိုက်သည်။
"ငါပြောထားတဲ့ ကံဆိုးမှုကို သတိရပေးပါ..."
ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဂူထဲမှ ထွက်ကာ နတ်ဘုရားပျောက်ကွယ်တောင်၏ ထိပ်တွင် ရပ်နေရာမှ အမြန်ဆုံးနှုန်းဖြင့် ပြေးဆင်းသွားသည်။
ဝုန်း
ရုတ်တရက် ကိုးမြှီးမြေခွေးက ဂူထဲမှ ပြေးထွက်လာသည်။ ပုဖန်၏ နောက်ကျောကို ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။
"ဟေး... ငါ့သမီးကို ပြန်ပေးသွားဦးလေ...."
ရေခဲသူတော်စင်က သူမကိုရေခဲများဖြင့် တွန်းထုတ်စေပြီး ကိုးမြှီးမြေခွေးနား သွားလိုက်သည်။
"အသေးလေးကို သူ့နောက် လိုက်ခိုင်းလိုက်ပါ... ဒါက သူ့တစ်ဘဝလုံးရဲ့ အကြီးမားဆုံး ကံကောင်းမှုကြီး ဖြစ်မှာပါ... ပြီးတော့ ရှင့်သမီးက အရွယ်ရောက်နေပြီလေ... အပြင်ထွက်ပြီးတော့ ကမ္ဘာကြီးကို သွားကြည့်ချိန် ရောက်နေပြီ..."
"ဒါပေမဲ့... ကျွန်တော်တို့ဆီက ထွက်သွားဖို့ ငယ်လွန်းမနေဘူးလားဟင်..."
ကိုးမြှီးမြေခွေးက သူ့သမီးနှင့် ခွဲခွာရန် တွန့်ဆုတ်နေသည်။ ကလေးတိုင်းက အရွယ်ရောက်လာလျှင် သူတို့မိဘနှင့် ခွဲခွာကာ ကမ္ဘာကြီးကို ကြည့်ရှုကြမည် ဖြစ်သော်လည်း သူ၏ သမီးလေးက ဒုတိယအမြှီးပင် မပေါက်သေးသည့် ကလေးလေးဖြစ်နေသည်။
…
နယ်ပယ်သခင် တိထိုက်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
သူ၏ ပတ်ပတ်လည်ရှိ ငရဲအကျဉ်းထောင် စစ်တပ်မှ သူ့ကို ကြောက်မက်ဖွယ် ဖိအားများ ထုတ်လွှတ်၍ ဖိနှိပ်နေသည်။ အထွဋ်အမြတ်အဆင့်တစ်ဝက် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ့ရှေ့ရှိ ရုပ်ဆိုးကာ ကြီးမားလှသည့် နတ်ဆိုးကြီးထံမှ ကြောက်မက်ဖွယ်ဖိအားကြောင့် သူ့ကိုယ်တွင်းတွင် အကြောက်တရားတို့ ထွက်ပေါ်နေသည်။
သို့သော် ထိုနတ်ဆိုးက သူ၏လက်ကို ဒဏ်ရာရစေသည့် လူကို ရှာနေသည့် ပုံပင်။
ထိုအချိန်တွင် နယ်မြေသခင် တိထိုက်က ပုဖန်ကို မတွေးမိပဲ မနေနိုင်ချေ။
ပုဖန်က ဆွေးမြေ့အိုးကို ကြေးဂိတ်တံခါးဆီပစ်ကာ အထွဋ်အမြတ်အဆင့် ကျင့်ကြံသူတစ်ဦးကို ဒဏ်ရာရစေခဲ့ကြောင်း သတိရမိသွားသည်။ သူယခုကြားလိုက်ရသည့် အကြောင်းအရာဖြင့် ဤနတ်ဆိုးက ထိုဒဏ်ရာရသွားသည့် လူဖြစ်ကြောင်း ခန့်မှန်း မိလိုက်သည်။
"ငါ့ကို မပြောပြချင်ဘူးပေါ့.. ကောင်းပြီလေ ငါကိုယ်တိုင် ဒီ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဖျက်ဆီးပီးရင်ရော... မင်းပါးစပ် ထပ်ပိတ်နေဦးမလား ကြည့်ကြသေးတာပေါ့..."
ဧရာမ နတ်ဆိုးကြီးက အော်ဟစ်လိုက်ကာ သူ၏ လက်သီးကြီးကို မြေပြင်ပေါ် ထိုးချလိုက်သည်။
မသေမျိုး သစ်ပင်၏ ထောက်ပံ့ပေးမှုမရှိ၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာက ဘုန်းကနဲ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသည်။ မြေပြင်တစ်ခုလုံးက အစိတ်စိတ်ဖြစ်သွားကာ အဆောက်အဦးများက အပျက်အစီးပုံကြီး ဖြစ်သွားသည်။
အပျက်အစီးများက နေရာအနှံ့ကို ပျံထွက်သွားပြီး ပဉ္စမအလွှာက စတုတ္ထအလွှာသို့ ပြုတ်ကျသွားသည်။
ညှိုးခြောက်နေသော မသေမျိုးသစ်ပင်က ပဉ္စမအလွှာကို ထောက်ပံ့ပေးရန် အားအင် မရှိတော့ပေ။
ဧရာမနတ်ဆိုးကြီးက ငရဲအကျဉ်းထောင်မှ လူများကို စတင်လှုပ်ရှားရန် အမိန့်ပေးလိုက်သည်။ ရန်သူဘက်တွင် လူများစရှိပြီး အားအနည်းဆုံးလူကပင် ကြယ်တစ်ပွင့်အစစ်အမှန်မသေမျိုးအဆင့် ရှိသည်။
ကြယ်တစ်ပွင့်စစ်မှန်မသေမျိုး အဆင့်ဆိုသည်မှာ နယ်မြေသခင် တိထိုက်အတွက် ပုရွက်ဆိတ်များသာဖြစ်သော်လည်း အရေအတွက်က အလွန်များနေလေသည်။
မြို့တော်သခင်ကျိုး၏ ခြေထောက်များက ပျော့ခွေသွားခဲ့သည်။ သူ့ဆီကို လူများစွာ ပြေးဝင်လာသည်ကို ကြည့်ရင်း ပျောက်ကွယ်သွားချင်နေသည်။
နယ်ပယ်သခင်တိထိုက်က သူ၏ ရွှေရောင်ချပ်ဝတ်ကို ဝတ်ထားပြီး သူ၏စွမ်းအားကို အကုန်ထုတ်ကာ ငရဲအကျဉ်းထောင်မှ လူများထံ ပြေးဝင်သွားသည်။
ထို့နောက် အတွေးတစ်ချက်ဖြင့် သူ့ဘေးတွင် ရွှေရောင် အသားလုံး ခုနစ်လုံး ထွက်လာပြီး ဝဲပျံနေသည်။
သူ ထိုပေါက်ကွဲအသားလုံးများကို ပုဖန်ဆီမှ ရထားခြင်းဖြစ်သည်။ သူက ဆွေးမြေ့အိုးကို လိုချင်သော်လည်း ပုဖန်ကတော့ သူ့ကို ဤအရာများသာပေးခဲ့သည်။ နယ်ပယ်သခင်တိထိုက်က ၎င်းတို့က အလွန်အသုံးဝင်မည်ဖြစ်ကြောင်း သိပေသည်။
သို့သော် ဤမျှစောစော ထုတ်သုံးရမည်ဟု မထင်ခဲ့မိပေ။
ဤအသားလုံးများက သူ့ကို စိတ်မပျက်စေပဲ အချိန်ခဏဆွဲပေးနိုင်မည်ဟု မျှော်လင့်နေမိသည်။
ပုဖန်ပြောထားသည့်အတိုင်း နယ်ပယ်သခင်တိထိုက်က အသားလုံးတစ်လုံးကို ယူ၍ ကိုက်လိုက်သည်။
တရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး မွှေးပျံ့လှသည့် ရနံ့တစ်ခု ထွက်ပေါ်လာသည်။
နယ်ပယ်သခင် တိထိုက် သူ့လက်ထဲကို အင်အားအကုန်ပို့၍ ပေါက်ကွဲအသားလုံးများကို ပစ်လွှတ်လိုက်သည်။ ထို့နောက် မြို့အတော်သခင်ကျိုးကို ဆွဲကာ မြန်နိုင်သမျှ မြန်အောင် ပြေးတော့သည်။