အခန်း ၁၁၆၂
ပိုင်ရှင်ပုပြန်လာပြီ
အကိုက်ခံထားရသော အသားလုံးများက ရှေ့သို့ အမြင့်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားပြီး ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ ငရဲအကျဉ်းထောင်မှ လူအုပ်ကြီးထံ ပြေးဝံသွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူတို့ကြားထဲတွင် ပြုတ်ကျသွားသည်။
နယ်ပယ်သခင်တိထိုက်က မြို့တော်သခင်ကျိုးကို ဆွဲ၍ ထွက်ပြေးပြီးသားဖြစ်သည်။
မြို့တော်သခင်ကျိုးက ပဟေဠိဖြစ်သွားရသည်။ ဘာတွေဖြစ်နေလဲ သူတကယ်မသိတော့ပေ။
ဘုန်း
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏအတွင်း ကြီးမားလှသည့် ပေါက်ကွဲမှုကြီးက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ မျက်စိကျိန်းစပ်စေသော အလင်းတန်းနှင့်အတူ ပေါင်းစပ်၍ မီးတောက်များက ကောင်းကင်ယံအထိပင် ထိုးတက်သွားသည်။ ခဏအကြာတွင် နာကျင်စွာ အော်ဟစ်ငြီးငြူသံများ ထွက်ပေါ်လာပြီး မသတီစရာမြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲမှုကြောင့် လူပေါင်းများစွာက နောက်သို့ လွင့်ပျံက ခြေပြတ်သူကပြတ် လက်ပြတ်သူက ပြတ်ဖြစ်သွားသည်။
ငရဲအကျဉ်းထောင်မှ ကျင်ကြံသူများ ပင့်သက်ရှိုက်မိသွားကြသည်။ အသားလုံးလေးတစ်လုံးက ထိုမျှကြီးမားသည့် ပေါက်ကွဲမှုမျိုး ဖြစ်လာမည်ဟု သူတို့ မထင်ခဲ့မိပေ။ ၎င်း၏ စွမ်းအားက သာမန်ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ထက် အားနည်းမည်မဟုတ်သလို အထဲတွင်ပါဝင်သည့် မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒဆိုသည်က သူတို့ကို ကြောက်လန့်တကြားဖြစ်စေသည်။
နယ်ပယ်သခင် တိထိုက်က နောက်လှည့်ကြည့်လိုက်သည်။ ငရဲအကျဉ်းထောင်မှ လူများကြောက်လန့်နေသည်ကို ကြည့်ပြီး အားပါးတရ အော်ရယ်လိုက်သည်။
"လာလေ... ငါ့ကို လာချပါဦး... အကုန်လုံးတစ်ပြိုင်တည်း လာခဲ့လေ..."
တောက်ပနေသည့် အသားလုံးခြောက်လုံးက သူ့ဘေးတွင် ဝဲပျံနေသည်။
ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက ထိုပေါက်ကွဲမှုစွမ်းအင်ကို ကြောက်နေကြပြီး သူ့နား မကပ်ရဲကြပေ။
"မင်းတို့တွေအကုန်လုံး ငါ့ရဲ့ အသားလုံးတွေရှေ့မှာ ဒူးထောက်ရတာပဲလေ..."
နယ်ပယ်သခင် တိထိုက်က စိတ်လှုပ်တရှား ရယ်မောလိုက်သည်။
ပုဖန် လုပ်တဲ့ဟာတိုင်းက အတော်လေး အသုံးဝင်တာပဲ...
ဤအသားလုံးများက ဤမျှအစွမ်းပကားကြီးမည်ဟု သူမထင်မိပေ။ ၎င်းက လူအုပ်ကြီးတစ်ခုလုံးကိုပင် တစ်ပြိုင်တည်း သုတ်သင်နိုင်လု နီးနီးပင်။
မြို့တော်သခင်ကျိုးလည်း အံ့ဩနေရသည်။ အသားလုံးများကို ထိုသို့သုံးနိုင်ကြောင်း သူတစ်ခုမှ မတွေးဖူးပေ။
"ငါတို့ ဒါတွေ ထပ်ဝယ်ရမယ်... ကောင်လေးပုဖန် ပြန်လာရင် ငါတို့ ထပ်ဝယ်ကြတာပေါ့... သူသာ အသက်စမ်းရေကို ယူပြီးပြန်လာပြီး မသေမျိုးသစ်ပင်ကို ပြန်ရှင်အောင် လုပ်ပေးပြီးရင်... ငါသူတို့ထဲက တစ်ကောင်ကိုမှ အလွတ်မပေးဘူး..."
နယ်ပယ်သခင် တိထိုက်ပြောလိုက်သည်။
မြို့တော်သခင်ကျိုး၏ မျက်လုံးများ တောက်ပသွားကာ ခေါင်းငြိမ့်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော့်ကိုလည်း အသားလုံးတစ်လုံးလောက် ပေးပါလား...."
ထိုသို့ပြောပြီးနောက် အသားလုံးတစ်လုံးကို ဖမ်းကိုင်လိုက်သည်။
သို့သော် နယ်ပယ်သခင် တိထိုက်က သူ့လက်ကို. ရိုက်ချလိုက်သည်။
"မထိနဲ့... ရုတ်တရက်ကြီး ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ...."
နယ်ပယ်သခင်တိထိုက်က စိုးရိမ်နေသော အမူအယာဖြင့် ပြောလိုက်သည်။
၎င်းက မြို့တော်သခင်ကျိုးကို ကြောက်ရွံ့သွားစေသည်။ အသားလုံးများ၏ ကြောက်မက်ဖွယ် အစွမ်းပကားကို တွေးရင်း ထိပင် မထိရဲတော့ချေ။
ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများကလည်း ရှေ့ကို မလာရဲပေ။ နယ်ပယ်သခင်တိထိုက်ဘေးရှိ အသားလုံးများမှာ ကြောက်ဖို့ကောင်းအောင် စွမ်းအားကြီးလှ၍ သူတို့ အသတ်ခံရမည်ကို ကြောက်နေကြသည်။
ရုတ်တရက် လူအုပ်ကြီးက ကွဲသွားပြီး ပုံရိပ်တစ်ခုက ရှေ့သို့ ပျံသန်းလာသည်။
"အမှိုက်ကောင်တွေ..."
အေးစက်နေသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ယောက်က နယ်မြေသခင် တိထိုက်ဆီ တည့်တည့် ပျံသန်းလာသည်။
မည်းနက်နေသော ငရဲစွမ်းအင်များက သူ့ကိုယ်ပေါ်တွင် ပေါက်ကွဲနေသည်။
သူကလည်း အထွဋ်အမြတ်နယ်ပယ်အဆင့်တစ်ဝက်ရောက်နေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။
လှံတံတစ်ခုက လေကိုခွင်း၍ နဂါးတစ်ကောင်အလား နယ်ပယ်သခင် တိထိုက်ဆီ တည့်တည့်ပျံသန်းလာသည်။
နယ်ပယ်သခင် တိထိုက် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။ ခဏအကြာတွင် မီးဖိုချောင်သုံး ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓားကိုကိုင်၍ အောက်သို့ ခုတ်ချလိုက်သည်။ ချက်ချင်း သူ့ရှေ့ရှိ အရာတိုင်းက ဓားစွမ်းအင်လှိုင်းတစ်ခုဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထို့နောက် အရှေ့သို့ ပြေးထွက်သွားကာ ထို အထွဋ်အမြတ် အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူနှင့် သဲကြီးမဲကြီးတိုက်ခိုက်တော့သည်။
အလင်းတန်းများနှင့် သံမဏိတို့၏ အေးစက်မှုတို့ နေရာတိုင်း ဖြန့်ကျက်သွားသည်ကိုသာ မြင်နေရသည်။ ၎င်းတို့က မြေပြင်ကို ထိခတ်ပြီး ကွဲအက်နေစေသည်။
မသေမျိုးသစ်ပင်၏ ကာကွယ်မှုကို ဆုံးရှုံးပြီးသည့် နောက်တွင် မြေပြင်က အရင်လို မမာကျောတော့ပေ။ ယခုတွင် အထွဋ်အမြတ် အဆင့်တစ်ဝက် ကျင့်ကြံသူများရှေ့တွင် စာရွက်တစ်ရွက်လို ပါးလျနေသည်။
မြို့အရှင်ကျိုး၏ အမူအယာပြောင်းလဲသွားသည်။ သူ၏ခွန်အားက အထွဋ်အမြတ် အဆင့်တစ်ဝက်ခန့် သန်မာသော်လည်း ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဒယ်အိုးတစ်ခု ထွက်ပေါ်လာကာ သူက ဆွဲကိုင်လိုက်သည်။ ထို့နောက် ရှေ့သို့ပြေးထွက်သွားကာ မြောက်မြားလှသော ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့်များကို စတင် တိုက်ခိုက်တော့သည်။
သို့သော် သူတို့နှစ်ယောက်တည်းသာရှိ၍ စစ်တပ်တစ်ခုလုံးကို မတားဆီးနိုင်ပေ။
စတုတ္ထအလွှာ၏ ဝင်ပေါက်က ပေါက်ကွဲသွားပြီ ဖြစ်ပြီး ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက အရှေ့သို့သာ ဆက်တိုးနေကြသည်။
"သေချင်နေတာပဲ...."
နယ်ပယ်သခင် တိထိုက်၏ မျက်လုံးများက မီးရှူးမီးတိုင်လိုတောက်ပနေကာ သူ၏ရွှေရောင်ဆံပင်များက ကြမ်းတမ်းစွာ လွင့်မျောနေသည်။ သူ ပေါက်ကွဲအသားလုံးတစ်လုံးယူကာ ကိုက်လိုက်ပြီး ဝင်ပေါက်ဆီ ပစ်လွှတ်လိုက်သည်။
ဘုန်းကနဲ မြည်သံဖြင့် မီးတောက်ကြီးများက ကောင်းကင်ပေါ် ထိုးတက်သွားပြီး သန်မာလှသည့် ပေါက်ကွဲမှုများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
ထိုပေါက်ကွဲမှုက ဝင်ပေါက်မှ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများကို လွင့်ပျံသွားစေပြီး ဒဏ်ရာရသွားကြကာ သွေးများ အန်လာကြသည်။
"ငါမင်းနဲ့ တိုက်ခိုက်နေတုန်း အာရုံလွင့်ရဲတယ်လား...."အထွဋ်အမြတ် အဆင့်တစ်ဝက် မှ ကျင့်ကြံသူက နှာမှုတ်လိုက်သည်။
ခဏအကြာတွင် သူ၏ လှံကို ထိုးစိုက်လိုက်သည်။ ၎င်းက အနက်ရောင်နဂါးအဖြစ် ပြောင်းလဲသွားကာ နယ်ပယ်သခင် တိထိုက်၏ ပခုံးကို ကိုက်ချလိုက်သည်။
နယ်ပယ်သခင် တိထိုက်က မျက်မှောင်ကြုတ်လိုက်ပြီး လှံတံကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တိုက်စားနေသည့် ငရဲစွမ်းအင်များကို ဂရုပင် မစိုက်ချေ။
"အာရုံလွင့်တယ်တဲ့လား... မင်းကိုယ်မင်း ဘာထင်နေလဲ.... ငါ့မျက်စိရှေ့မှာတင်ကို ဘာကြောင့်များ မောက်မာနေရတာလဲ..."
မျက်နှာသေဖြင့် ပြောလိုက်သည်။
ရုတ်တရက် အသားလုံးကို ကိုက်လိုက်ပြီး ကျင့်ကြံသူ၏ ရင်ဘတ်တွင် ဖိလိုက်ကာ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးလေသည်။
ဘုန်း
နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကပါ လိုက်လာသည်။
ပေါက်ကွဲမှုထံမှ သက်ရောက်ခံလိုက်ရ၍ နယ်မြေသခင် တိထိုက်က လေထဲတွင် နှစ်ခုမျှ တုန်ခါသွားပြီးမှ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။
ကျင့်ကြံသူ၏ စီကနဲအော်ဟစ်သံက ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို မီးလောင်ကျွမ်းနေသည်။
မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒတို့ ပါဝင်နေသည့် ကြောက်မက်ဖွယ်မီးတောက်များက သူ့ကိုယ်သူ ကုသခြင်းမှ တားဆီးနေသည်။ ထို့အပြင် သူ့ရင်ဘတ်တွင်လည်း နှလုံးခုန်နေသည်ကိုပင် မြင်ရသည့် အပေါက်ကြီးတစ်ပေါက်လည်း ရှိနေသည်။
အသားလုံးတစ်လုံးက အထွဋ်အမြတ် အဆင့်ခြေလှမ်းတစ်ဝက် ကျင့်ကြံသူတစ်ယောက်ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားစေခဲ့သည်။
နယ်ပယ်သခင် တိထိုက်က သူ့လက်သူ ခါလိုက်ပြီး သူ့ကို တိုက်စားနေသည့် ငရဲစွမ်းအင်များကို သူ၏မသေမျိုးစွမ်းအင်များဖြင့် တိုက်ထုတ်နေသည်။ သူ၏ ရန်သူက ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားသည်ကို မြင်သောအခါ မနေနိုင်မထိုင်နိုင် ပင့်သက်ရှိုက်မိသွားရသည်။
ယခုတွင် သူနောင်တရနေလေပြီ။ သူပုဖန်ဆီမှ အသားလုံး ပိုတောင်းခဲ့သင့်သည်။ ပုဖန် သူ့ကို ထပ်ပေးချင်သည်ကိုလည်း တော်ပြီဟု မတားခဲ့သင့်ပေ။ သူ့တွင် ထိုမျှစွမ်းအားကြီးမားလှသည့် အသားလုံး များစွာ မရှိတော့ပေ။
ကြေးတံခါးအပြင်ဘက်တွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများစွာက စောင့်ကြည့်နေကြသည်။ ကြည့်ရသည်မှာ ဤသည်က ပထမဆုံး လူအုပ်သာဖြစ်ပြီး ကျင့်ကြံသူများစွာ မရောက်ကြသေးပေ။
နယ်ပယ်သခင်တိထိုက်က အနည်းငယ်မျှ အနည်းငယ်မျှ အံ့အားသင့်လိုက်ရသည်။ ရန်သူများထဲတွင် သူနှင့်အဆင့်တူသော အထွဋ်အမြတ်အဆင့်တစ်ဝက်ရှိ ကျင့်ကြံသူများစွာရှိနေသည်။ သူက ဒဏ်ရာအကြီးအကျယ်ရပြီးပြီဖြစ်ပြီး သူ့ကို သတ်ရန် အချိန်မရလိုက်ပဲ အခြားလူများက နယ်မြေသခင် တိထိုက်ကို သတ်ရန်လာနေကြလေပြီ။ ကံကောင်းစွာဖြင့် သူ၏ခွန်အားက သာမန် အထွဋ်အမြတ် အဆင့်တစ်ဝက်ကျင့်ကြံသူများထက် သန်မာလှ၍ ရန်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ကိုင်တွယ်နိုင်၍ ဖြစ်သည်။ သို့သော် စိတ်သက်သာရာရမည့်အစား ပိုမိုစိတ်ဓာတ်ကျလာရသည်။ အဘယ်ကြောင့်ဆိုသော် ခပ်လှမ်းလှမ်းမှ သူတော်စင်လေးက မလှုပ်သေး၍ဖြစ်သည်။
သူမလှုပ်သေးခင်ပင် ဤမျှ ခက်ခဲနေရ၍ သူသာ လှုပ်ရှားလိုက်ပါက ပိုဆိုးပေတော့မည်။
ဘုန်း ဘုန်း
အသားလုံးနှစ်လုံးပေါက်ကွဲကာ ကျင့်ကြံသူနှစ်ယောက်ကို ဒဏ်ရာရသွားစေသည်။
နယ်ပယ်သခင်တိထိုက်က နောက်ဆုံးတွင် အသက်ရှူပေါက် ရသွားရသည်။ ထိုအချိန်တွင် ခေါင်းလှည့်လိုက်ကာ မြို့တော်သခင်ကျိုးကို လှမ်းကြည့်လိုက်သည်။
မြို့တော်သခင်ကျိုးက အနက်ရောင်ဒယ်အိုကြီးကို ဝေ့ရမ်းနေသည်။ သူ့တစ်ကိုယ်လုံးကို ဒဏ်ရာများ ဖုံးလွှမ်းနေပြီဖြစ်သော်လည်း ယခုထိ အရှုံးမပေးသေးပေ။ ငရဲအကျဉ်းထောင်မှ လူများကို ဒယ်အိုးဖြင့် ရိုက်နေပြီး တစ်ယောက်ရိုက်ပြီးတိုင်း သူ့ထံတွင် ပြတ်ရှရာတစ်ခု ရလာသည်။
နယ်ပယ်သခင်တိထိုက်က ထိုသည်ကိုကြည့်ပြီး မျက်လုံးများ ခက်ထန်သွားသည်။ သို့သော် သူ့ဘက်က လုံးဝမကူညီနိုင်ပေ။ ရန်သူဘက်က စစ်တပ်တစ်တပ်စာ ရှိသော်လည်း သူတို့ဘက်က နှစ်ယောက်တည်းသာ ရှိနေသည်။
ယခု မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပျက်ဆီးနေလေပြီ။
ရုတ်တရက် ဝင်ပေါက်က ဝုန်းကနဲ ပွင့်ထွက်သွားသည်။ ငရဲအကျဉ်းထောင်မှ လူများက စတုတ္ထအလွှာသို့ ဒီရေများနှယ် အလုံးအရင်းဝင်းသားကြသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ဟ တစ်စိတ်တစ်ဒေသက စတင်ပြိုလဲပြီး ငရဲအကျဉ်းထောင်၏ ကျူးကျော်မှုကလည်း တရားဝင်စလေပြီ။
နယ်ပယ်သခင် တိထိုက်ဟိန်းဟောက်ပစ်လိုက်သည်။ မသေမျိုး စွမ်းအင်များက သူ့တစ်ကိုယ်လုံးကို ဝန်းရံနေကာ သူ၏မီးဖိုချောင်သုံးဓားကို သုံး၍ ခုတ်ပိုင်းချလိုက်သည်။ သူ ဝင်ပေါက်ကို နောက်တစ်ကြိမ် ချိတ်ပိတ်ချင်နေပုံပင်။
ထို့နောက် ကြောက်မက်ဖွယ် ဖိအားကြီးပေါက်ကွဲထွက်လာသည်။
နယ်ပယ်သခင် တိထိုက်၏ ရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် လူ့ဘီလူးကြီးက မြေပြင်ကို ရိုက်ချလိုက်သည်။
သူ မီးဖိုချောင်သုံးဓားဖြင့် ထိုးစိုက်ကာ ထိုလက်ကို ဖျက်ဆီးပစ်သည်။
ဘုန်း
မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွားကာ အက်ကွဲသွားပြီး ပဉ္စမအလွှာက ပိုမိုလျှင်မြန်စွာ ပြိုကျလာသည်။
ဧရာမနတ်ဆိုးကြီး၏ချွန်မြသည့် အစွယ်များက လက်ကနဲဖြစ်သွားသည်။ ထို့နောက် ခြေသို့ ခြေတစ်လှမ်းတိုးချလိုက်ကာ နယ်မြေသခင် တိထိုက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ချက်ချင်းလက်ငင်း လေဟာနယ် ပြိုကျသွားသည်။
…
ပုဖန် နတ်ဘုရားပျောက်ကွယ်တောင်ပေါ်မှ အောက်သို့ ဝှစ်ကနဲပြေးဆင်းလိုက်သည်။
ဝုန်း
ခဏအကြာတွင် နှင်းများကျဆင်းနေသော နှင်းတောကြီးထဲတွင် ဆင်းသက်လိုက်သည်။ နှင်းမုန်တိုင်းတိုက်ခတ်နေပြီး လေထဲတွင် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသည်။
ပုဖန် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူ့ကို ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက ဝန်းရံနေကြောင်း သိလိုက်ရသည်။
"ငါ့လမ်းပေါ်က ဖယ်စမ်း..."
ပုဖန် အေးစက်စွာပြောလိုက်သည်။ သူ၏အသံက အဆက်မပြတ်ကျဆင်းနေသော နှင်းမှုန်များကြားတွင် ပဲ့တင်ထပ်နေထိုသည်။
ထိုငရဲအကျဉ်းထောင်မှ လူများက သရော်လိုက်သည်။ ရေကန်ထဲမှ တည်ရှိမှုကြီးကြောင့်သာ မဟုတ်ပါက ထိုလူက နတ်ဘုရားပျောက်ကွယ်တောင်ထိပ်တွင် သေနေလောက်ပြီဖြစ်သည်။ ယခုသူတို့ရှေ့တွင် မောက်မာစွာ ပြုမူနေလေသည်။
"သူ့ကို ဝိုင်းသတ်ကြစို့..."
ခဏအကြာတွင် ငရဲစွမ်းအင်လှိုင်းများက ကောင်းကင်ထိတိုင် ထိုးဖောက်သွားပြီး ထိုကျင့်ကြံသူများက ပုဖန်ဆီသို့ အလုံးအရင်းဖြင့် ပြေးဝင်လာကြသည်။ မည်သို့ပင်ဆိုစေ သူတိူ့အများစုက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့် ကျင့်ကြံသူများဖြစ်ပြီး စမ်းသပ်မှုကို လာရောက်ခံယူသည့် ဉာဏ်ကြီးရှင်များဖြစ်ကြသည်။
ပုဖန် သူတို့ကို တည်တင်းနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။အတွေးတစ်ချက်ဖြင့် သူ့လက်ထဲတွင် တောက်ပနေသည့် ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံး ဓားပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့်ရင်ဆိုင်နေ သော်လည်း ပုဖန်က ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းချလိုက်သည်။
၎င်းက အလွန်အမင်းနှေးကွေးသည့် ခုတ်ပိုင်းချက်ပင်။
" အင်မော်တယ်ဖြတ်တောက်ခုတ်ပိုင်းချက်..."
ပုဖန် ခပ်တိုးတိုးပြောလိုက်သည်။
ခဏအကြာတွင် သူ့နောက်တွင် အရိပ်ကြီးတစ်ခုပေါ်လာသည်။ ၎င်း၏ ပုံသဏ္ဍာန်ကသူနှင့် တူနေပြီး ကောင်းကင်ယံတစ်ခုလုံးကို စုတ်ပြဲသွားအောင် ခုတ်ပိုင်းပစ်ချင်သလို တည့်တည့်ပိုင်းချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ဓားကလေထုကို စုတ်ဖြဲကာ နေရာအနှံ့တွင် သွေးများ ပန်းထွက်သွားစေသည်။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်က သွေးအန်ရင်း နောက်သို့ဆုတ်လိုက်ရပြီး အချို့အားနည်းသူများက တစ်ဝက်ပိုင်းချခံလိုက်ရသည်။
ပုဖန်က ရန်သူများကို ဓားချက်တစ်ချက်ဖြင့် အနိုင်ယူလိုက်သည်။
သူနဂါးအရိုးမီးဖိုချောင်သုံးဓားကို လက်ထဲတွင် လှည့်ပြီး လူအုပ်ကိုကြည့်လိုက်သည်။ ထို့နောက် နှင်းမုန်တိုင်းကြားထဲတွင် ပြေးထွက်သွားသည်။
မကြာမီ ဧကရီပိလော့ သူ့ကို ခေါ်လာခဲ့သော နေရာသို့ရောက်လာသည်။ သူကျောက်စိမ်းအဆောင်ကို ချိုးဖျက်လိုက်သောအခါ ထူးဆန်းလှသော စွမ်းအင်လှိုင်းတစ်ခုက ပျံ့နှံ့သွားသည်။
…
ဖန်ဖန်ရေခဲမုန့်စတိုးတွင်
သူမ၏ ဟင်္သာပြဒါးသစ်သီးအရသာ ရေခဲမုန့်ကို မြိန်ရေရှက်ရေစားနေသော ဧကရီပိလော့က သူမ၏လှုပ်ရှားမှုများကို တိကနဲရပ်လိုက်သည်။ ခဏအကြာတွင် သူမပါးစပ်ထဲကို ရေခဲမုန့်များ အကုန်သွပ်လိုက်ပြီး လက်ဖျောက်တီးလိုက်ကာ ဆိုင်ထဲမှ ပျောက်သွားရသည်။ သူမ ပြန်ပေါ်လာသောအခါ နှင်းထုထဲတွင် ရောက်နေလေပြီ။
သူမက တစ်ဖက်ကိုခွဲထားသော အနီရောင်ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ၎င်းက သူမ၏ရှည်လျားဖြူဖွေးသည့် ခြေထောက်များကို ပေါ်နေစေသည်။ သူမ၏ နှုတ်ခမ်းနီထွေးထွေးလေးတွင် ငွေဇွန်လေးကို ကိုက်ထားပြဂ ပုဖန်ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။
"ရှင် အသက်စမ်းချောင်းကို တွေ့ခဲ့လား...."
ဧကရီပိလော့ မေးလိုက်သည်။ သို့သော် ပုဖန်ကိုယ်ပေါ်မှ ပြင်းထန်လှသည့် သွေးရနံ့များ ရလိုက်၍ အံ့ဩသွားရသည်။
သူ့ထံမှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကို ကြည့်ခြင်းအားဖြင့် သူတစ်စုံတစ်ယောက်ကို သတ်ထားပုံပင်။
"ဟုတ်တယ်... ကျုပ်တို့အခုပဲ ပြန်လို့ရပြီ...."
နတ်ဘုရားပျောက်ကွယ်တောင်သို့ ခရီးတစ်ခေါက်က ပြီးဆုံးခဲ့လေပြီ။
"ရှင့်ကိုယ်ပေါ်က အနံ့က..."
ဧကရီပိလော့ သူမ၏မျက်ခုံးလေးများကို လှပစွာ တွန့်ချိုးလိုက်သည်။
"နတ်ဘုရားပျောက်ကွယ်တောင်ထဲကို ခိုးဝင်နေကြတဲ့ ငပျော့လေးတွေပါ... ကျုပ်လမ်းကိုပိတ်နေလို့ သတ်ခဲ့လိုက်တာ...."
"ငပျော့လေးတွေ...."
ထိုသည်က ဧကရီပိလော့၏ မျက်လုံးကို လက်ကနဲဖြစ်သွားစေပြီး လေးနက်သည့် အကြည့်တစ်ခု ဖြစ်လာသည်။
သူမ အများကြီးမသိသော်လည်း နှင်းဖုံးနေသော နတ်ဘုရားပျောက်ကွယ်တောင်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ ထို့နောက် သူမလက်ကို ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်းက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ သူတို့ နန်းတော်ထဲတွင် ပြန်ဝင်လာခဲ့သည်။
ပုဖန်ကို ပြန်ခေါ်လာပြီးနောက်တွင် ဧကရီပိလော့က သူ့ကို အာရုံပင် မထားတော့ပေ။ ယင်းအစား ဟင်္သာပြဒါးသစ်သီးရေခဲမုန့်ကိုသာ ပျော်ပျော်ကြီးစားလေတော့သည်။
ပုဖန် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ပြန်ရန်လုပ်လိုက်သည်။ သို့သော်သူထွက်မသွားမီ ဧကရီပိလော့ကို သံသယဖြစ်စွာ တစ်ချက်ကြည့်လိုက်သည်။
"ဧကရီအရှင်မ... ဒီရေခဲမုန့်အတွက် ပိုက်ဆံပေးချေပြီးပြီလား..."
ဧကရီပိလော့ တောင့်ခဲသွားသည်။ ထို့နောက် သူ့ကို လှည့်ကြည့်၍ ဆောင့်ဆောင့်အောင့်အောင့် ပြန်ဖြေလိုက်သည်။
"ကျွန်မကို ပိုက်ဆံမပေးပဲ အလကားစားတဲ့လူများထင်နေလား... စားပြီးတာနဲ့ပေးမှာပေါ့... ပိုက်ဆံမပေးရသေးဘူးဆိုတာလဲ ရှင့်ကို ဒီကို ပြန်ခေါ်လာလို့ဆိုတာ သိရဲ့လား... ဒါက ကျွန်မရဲ့ ကြင်နာမှုကို ပြန်ပေးတဲ့ နည်းလမ်းလား..."
ပုဖန် သူ့ပါးစပ်သူ သူပိတ်လိုက်ရသည်။ သူက မေးရုံသာမေးခြင်းဖြစ်သည်။ ခဏအကြာတွင် နန်းတော်ထဲမှ အမြင့်ဆုံးအရှိန်နှုန်းဖြင့် ထွက်ခွာသွားတော့သည်။
ထို့နောက် ဖန်ဖန်ရေခဲမုန့်စတိုးကို ပြန်ရောက်သွားသည်။
ရေခဲမုန့်ဆိုင်၏စီးပွားရေး ကောင်းမှုကို ကြည့်ပြီး သူပင် အံ့ဩသွားရသည်။
သူဆိုင်ထဲဝင်လိုက်သည်နင့် ရေခဲမုန့်တစ်ခွက်ကို ပျော်ပျော်ရွှင်ရွှင်စားနေသည့် နယ်သာရီကို တွေ့လိုက်ရသည်။ ပန်းပွင့်လေးကလည်း သူမ၏ဒုတိယမြောက် ရေခဲမုန့်ကို စားပြီးပြီဖြစ်သည်။
ပုဖန်၏ အကြည့်ကို အာရုံခံလိုက်မိ၍ နယ်သာရီက သူ့ကို ပဟေဠိဖြစ်စွာ ပြန်ကြည့်လာသည်။
"ငါတို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုပြန်သွားမှ ရတော့မယ်..."
ပုဖန် လေးလေးနက်နက်ပြောလိုက်သည်။
နယ်သာရီ ခဏမျှရပ်တန့်သွားကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ.... ငါ့ကို ဒီရေခဲမုန့်အရင်စားခွင့်ပေးဦး..."
ပုဖန်၏ နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။
ငါတကယ်အလျှင်လိုနေတာပါ... ညီမလေးရယ်...
…
ခဏအကြာတွင် ငရဲကမ္ဘာသင်္ဘောက လေထုကို ဆုတ်ဖြဲကာ ခရီးဆက်လေသည်။ ကုန်းပတ်ပေါ်တွင် နယ်သာရီနှင့် ပန်းပွင့်လေးတို့က သူတို့လက်ထဲရှိ ရေခဲမုန့်များကို အားပါးတရ လျက်နေသည်။ ပုဖန်က ခြေချိတ်ထိုင်ကာ တစိမ့်စိမ့်တွေးနေသည်။
လေဟာနယ်နှစ်ခြမ်းကွဲသွားကာ ငရဲကမ္ဘာသင်္ဘောက အပေါက်ထဲ တိုးဝင်လိုက်သည်။