အပိုင်း ၁၁၆၃
Viewers 62k

အခန်း ၁၁၆၃

သားရဲတစ်သောင်းကို တစ်ယောက်တည်း ကိုင်တွယ်ခြင်း


အမှောင်ထုတို့ ကျူးကျော်လာကာ ဘေးအန္တရာယ်တို့ ကျရောက်လာကြသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ထိတ်လန့်တကြားဖြစ်နေကြသည်။


ကံကောင်းစွာဖြင့် မြို့တော်သခင် မန့်ချီက ထိုနေရာတွင် ရှိနေ၍ လူများ၏ စိတ်ဓာတ်ကျမသွားခြင်းဖြစ်သည်။


စတုတ္ထအလွှာရှိ လူတိုင်းက တတိယအလွှာသို့ စနစ်တကျ ဆုတ်နေသည်။ သူတို့ နောက်ဆုတ်လာလေလေ စိတ်ဓာတ်ကျလာလေဖြစ်ပြီး မုန့်ချီက စိတ်တည်ငြိမ်အောင် ပြောနေသော်လည်း အသုံးမဝင်တော့ပေ။


သူတို့ ဒုတိယအလွှာအထိ ဆုတ်လိုက်ပါက မျှော်လင့်ချက်မရှိတော့ကြောင်း ဆိုလိုခြင်းဖြစ် သည်။ ထိုသို့ဖြစ်သွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အပျက်အစီးပုံကြီး ဖြစ်လာပေတော့မည် ဖြစ်သည်။


မုန့်ချီက မြို့တော်ရုံးရှိ အဆောက်အဦးပေါ်တွင် ရပ်နေပြီး သူမ၏ ဝတ်စုံကလေနှင့်အတူ တဖျပ်ဖျပ်လွင့်ပျံနေသည်။ မသေမျိုးသစ်ပင်ကို ကြည့်နေသည်။


ကြယ်ဝလှသည့် မသေမျိုးစွမ်းအင်များကို ထုတ်လွှတ်ပေးနေပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ထောက်ပံ့ပေးနေသည့် မသေမျိုးသစ်ပင်က ယခုတွင် လုံးဝညှိုးရော်နေသည်။


ဝေါ


အမှောင်ထုက ပိုမိုများပြားလာပြီး မသေမျိုးသစ်ပင်ကို တိုက်စားနေသည်။


လူတိုင်းက မသေမျိုးမြို့တော်ထဲတွင် ပုန်းအောင်းနေကြသည်။ မြို့အပြင်တွင် သားရဲမျိုးစုံက ဟိန်းဟောက်နေပြီး ငရဲစွမ်းအင်များကလည်း ကောင်းကင်တွင် စုဝေးနေသည်။


လူတိုင်းက သူတို့ကို ကမ္ဘာကြီးက စွန့်ပစ်လိုက်ပြီဟု ခံစားနေရသည်။ ကောင်းကင်ကြီးကို ကြောက်ရွံ့မှု၊ စိတ်ဓာတ်ကျမှု နှင့်မျိုးစုံလှသော မကောင်းသည့် စိတ်ခံစားမှုများနှင့် ကြည့်နေကြသည်။


မုန့်ချီက နှုတ်ခမ်းကိုက်လိုက်ပြီး ဝင်ပေါက်မှ အလုအယက်ထွက်လာသော ငရဲစွမ်းအင်များကို ကြည့်နေသည်။ တိုက်ပွဲက စတော့မည်ဖြစ်သော်လည်း မျှော်လင့်ချက် တစ်ခုမှ တွေ့မနေရကြောင်း သိလိုက်ရသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှလူများက ငြိမ်းချမ်းစွာနေရသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် သားရဲရိုင်းများရှိသော်လည်း မသေမျိုးမြို့တော်က ကာကွယ်ပေးထားဖြင့် လူများကို ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပေ။ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်တွင် နေလာသည်မှာ ကြာပြီဖြစ်၍ ကြမ်းတမ်းကာ သတ်ဖြတ်လိုသော စိတ်ဓာတ်များ မရှိတော့သည်မှာ ကြာလှပြီဖြစ်သည်။ သူတို့က ငရဲအကျဉ်းထောင်မှ ကျူးကျော်သူများကို မခုခံနိုင်ကြတော့ပေ။


မုန့်ချီ သက်ပြင်းချလိုက်သည်။ သူမ၏စိတ်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံနေသည်။


ဘုန်း


ပေါက်ကွဲသံတစ်ချက်နှင့်အတူ မည်းနက်နေသော ငရဲစွမ်းအင်များက ဝင်ပေါက်ကို ပေါက်ကွဲသွားစေသည်။ ခဏအကြာတွင် ငရဲစွမ်းအင်များထဲမှ ကျင့်ကြံသူများစွာ ထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်စွမ်းအင်များက ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က တုန်ခါသွားကာ လေထုတစ်ခုလုံးထဲတွင် စိတ်ဓာတ်ကျမှုတို့ ဝန်းရံနေသည်။


နယ်ပယ်သခင်က ဝင်ပေါက်ကို ကာကွယ်ဖို့ ကျရှုံးသွားပြီ... သူတို့အားလုံး သေတော့မှာလား... မျှော်လင့်ချက်မရှိတော့ ဘူးလား....


လူတိုင်း လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားပြီး စိတ်ဓာတ်ကျစွာ ငိုကြွေးနေသံတို့ နေရာအနှံ့မှ ထွက်ပေါ်လာသည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူ ငါးဦးသာ ဝင်ပေါက်မှ ဝင်လာသော်လည်း ငါးယောက်လုံးက သန်မာလှပေသည်။ အားအနည်းဆုံးက ကြယ်ရှစ်ပွင့်စစ်မှန်မသေမျိုးအဆင့် ဖြစ်ပြီး အသန်မာဆုံးက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့် ဖြစ်သည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ငရဲစွမ်းအင်များကလည်း ဝန်းရံနေကြကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး မသေမျိုးမြို့တော်ကို ငုံ့ကြည့်လိုက်သည်။


မြို့ထဲတွင် လူများ ပြည့်နေသည်။


"ဒီလူတွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က လူအုပ်ပဲ ဖြစ်ရမယ်..."

ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက မောက်မာကာ လှောင်ရယ်ချင်စိတ်ပြည့်နေသော လေသံဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ 


"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အကြီးကြီးဆိုပေမဲ့ ငါတို့ရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ရဲတဲ့လူက နှစ်ယောက်ပဲရှိတယ်တဲ့လား... ဒါပေမဲ့လည်း သူတို့က ငါတို့ရဲ့ စစ်တပ်ဆီမှာ ကျရှုံးရတာပါပဲလေ.. တခြားလူတွေကတော့ ဘယ်လို ပြေးပုန်းရမှာလဲဆိုတာပဲသိတယ်... အရှင်ကပြောတယ်... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တော့ ပြဿနာလေးနည်းနည်းဖြစ်တာနဲ့တင် ထိခိုက်လွယ်တဲ့ ပန်းပွင့်လေးတွေ ဆိုပဲ.. ငါတို့လုပ်ဖို့လိုတာက အဲ့ဒီ့ပန်းနုနုလေးတွေကို စိတ်ဓာတ်ကျစရာဆိုတာ ဘာလဲဆိုတာ ပြပေးရုံပဲ...."


"တိုက်ခိုက်ကြ...."

ငရဲအကျဉ်းထောင်မှ လူတစ်ယောက်က အော်လိုက်သည်။


ခဏအကြာတွင် သူတို့အားလုံး မသေမျိုးမြို့တော်ကို ဒုံးကျည်များလို ပြေးထွက်သွားကြပြီး သူတို့နောက်တွင် ငရဲစွမ်းအင်အမျှင်တို့က အတန်းလိုက် ကျန်ခဲ့သည်။


သူတို့ လုပ်ရန်လိုသည်မှာ ဤနုနယ်လှသော ပန်းလေးများ၏ မျှော်လင့်ချက်များကို တစ်ချက်တည်း အမှုန့်ချေရန်ဖြစ်သည်။


မုန့်ချီက မြို့နံရံပေါ် ရပ်နေပြီး ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူငါးယောက်ကို ကြည့်နေသည်။ ထို့နောက် စိတ်ပျက်နေကြသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် လူများကို ကြည့်ပြီး သက်ပြင်းသာ ချလိုက်မိသည်။


တုန့်ဆိုင်းမနေတော့ပဲ နံရံကိုစုန်ကန်၍ ကောင်းကင်ပေါ် ပျံတက်သွားကာ သူမကိုယ်သူမ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူ ငါးယောက်ထဲ ပစ်ထည့်လိုက်သည်။


ဘုန်း


ချက်ချက်း လက်ငင်း စတင် တိုက်ခိုက်တော့သည်။ 


ဤသည်က စစ်ပွဲဖြစ်ပြီး စစ်ပွဲထဲတွင် မည်သူကမှ သနားညှာတာခြင်း မရှိပေ။ ထို့ကြောင့် တစ်ချက်တည်း အသေသတ်နိုင်သည့် လှုပ်ရှားမှုများကိုသာ အသုံးပြုလေသည်။


အပြာဖျော့ရောင် မီးဖိုချောင်သုံးဓားကို ကိုင်ရင်း မြို့အရှင်မုန့်ချီက ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူငါးဦးကို တစ်ကိုယ်တော် တိုက်ခိုက်နေသည်။


ပြင်းထန်လှသည့် တိုက်ပွဲက ကောင်းကင်ကိုပင် တုန်ဟီးသွားစေသည်။ သို့သော် စတင်ပြီး ခဏကြာသည်နှင့် မုန့်ချီ၏ အခြေအနေက ဆုတ်ယုတ်လာတော့သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာက အခြားအလွှာများထက် အခြေအနေပိုကောင်းပေသည်။ အောက်ဆုံးထပ်ဖြစ်၍ ငရဲအကျဉ်းထောင်မှ ကျူးကျော်မှုက ပဉ္စမအလွှာမှ စသည်ဖြစ်ရာ ပထမအလွှာဆီ ကျူးကျော်လာသည့်လူက အနည်းငယ်သာ ရှိသေးသည်။


ယခု ပထမအလွှာ၏ အဓိက ပန်းတိုင်မှာ မြို့ကို တိုက်ခိုက်လာသည့် သားရဲရိုင်းမျာကို သတ်ရန်ဖြစ်သည်။


ကုန်းရှို့ပိုင်ကွမ်းက ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများကို စုစည်းကာ သားရဲများကို တိုက်ခိုက်နေပြီဖြစ်၍ အခြားအထပ်များထက် အခြေအနေကောင်းနေသည်။


ဝီး


ထိုအချိန် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးရှေ့ရှိ လေဟာနယ်က ပွင့်ဟလာကာ အနက်ရောင်ငရဲကမ္ဘာသင်္ဘော ထွက်ပေါ်လာသည်။


ပုဖန်က ကုန်းပတ်ပေါ်တွင် မျက်စိမှိတ်၍ ခြေချိတ်ထိုင်နေသော်လည်း နယ်သာရီနှင့် ပန်းပွင့်လေးက ရေခဲမုန့် စားနေကြသည်။


ကတော့ချွန်ထဲ ထည့်ထားသည့် ရေခဲမုန့်မှာ ရေခဲမုန့်နောက်တစ်မျိုးဖြစ်ပြီး ၎င်းက စားလိုက်လျှင် လန်းဆန်းစေသည်။ လျက်လိုက်လျှင် လန်းဆန်းစေသည်ဟု ပြောပါက ပိုသင့်တော်ပေမည်။ ကတော့ချွန်ထဲမှ ရေခဲမုန့်က လျက်လျှင် ပိုကောင်းသည်။ မဟုတ်ပါက နယ်သာရီနှင့် ပန်းပွင့်လေးလို ပုံစံနှစ်မျိုးနှင့် စားလည်းရသည်။


နောက်ဆုံးတော့ ငါမသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ပထမအလွှာကိုရောက်ခဲ့ပြီပဲ....


ပုဖန် မျက်စိဖွင့်လိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ယခုလက်ရှိတွင် မသေမျိုးသစ်ပင်မှ ထုတ်လွှတ်နေသော သေခြင်းတရားအငွေ့အသက်တို့ လွှမ်းခြုံနေပြီဖြစ်သည်။ 


ကြည့်ရသည်မှာ မသေမျိုးသစ်ပင်က ဤမျှအထိ ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပုံပင်။ ပုဖန် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ထွက်ခွာသွားပြီးကတည်းက ပိုမိုဆိုးဝါးလာပုံပေါက်က သူအချိန်အတော်ကြာ ယူလိုက်မိကြောင်း သိသာလာသည်။


သို့သော် ပုဖန်လည်း မတတ်နိုင်ပေ။ အသက်စမ်းချောင်းကို ရှာရသည်မှာ အတော်လေး အားစိုက်ထုတ်ရသည်။ ဧကရီပိလော့ကို တော်ဝင်စားသောက်ပွဲဖြင့် သိမ်းသွင်းခြင်း အပါအဝင် နတ်ဘုရားပျောက်ကွယ်တောင်ထဲဝင်ပြီး အသက်စမ်းချောင်းရှာရသည်မှာ လွယ်ကူသည့် အရာများမဟုတ်ပေ။


သူ ငရဲကမ္ဘာသင်္ဘောပေါ်မှ ဆင်းလာပြီး အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးထံ ဦးတည်လိုက်သည်။ သူတံခါးတွန်းဖွင့်လိုက်သည်နှင့် အထဲရှိ ပုံရိပ်များစွာက သူ့ကို ကြည့်လာသည်။


ပုဖန် အနည်းငယ် အံ့ဩသွားသည်။


စားသောက်ဆိုင်ထဲတွင် မမြင်ရသည်မှာကြာပြီဖြစ်သော ရွှမ်ယွမ်ရွှမ်၊ ကုန်းရှို့ယွက် နှင့် မူလျှို့အာတို့က ထိုင်ခုံပေါ်တွင် ထိုင်နေကြသည်။


ဒီမိန်းမသုံးယောက်က ဘာလာလုပ်နေကြတာလဲ...


မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် အသံတစ်သံ ကြားလိုက်ရသည်။


မဟူရာနဂါးဘုရင်က ထောင့်တွင် ထိုင်နေပြီး လက်ဖက်ရည် သောက်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲရှိ တင်းမာနေသည့် အခြေအနေနှင့် ယှဉ်လျှင် ဤနေရာရှိ လေထုက ပိုမို၍ သက်တောင့်သက်သာဖြစ်နေသည်။


ကုန်းရှို့ယွင်နှင့် အခြားလူများ ပုဖန်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားကြသည်။


ရွှမ်ယွမ်ရွှမ် ၏ နှာခေါင်းနှင့် မျက်လုံးတို့က နီရဲနေကာ သူမငိုနေကြောင်း သိသာလှသည်။ ပုဖန်က ယခုချက်ချင်းကြီး ပြန်လာမည်ဟု မထင်၍ သူမ၏ရုပ်ဆိုးနေသော ပုံကို မမြင်စေချင်သောကြောင့် သူမမျက်နှာကို လက်ကိုင်ပုဝါဖြင့် အုပ်လိုက်သည်။


"ကောင်းကောင်းစားသောက်ကြပါ...."

ပုဖန် မျက်နှာသေဖြင့် ခေါင်းငြိမ့်လိုက်ကာ မီးဖိုထဲ တန်းဝင်လိုက်သည်။


ဒင်


လိုက်ကာစကို မြှောက်လိုက်၍ ခေါင်းလောင်း မြည်သံလေး ထွက်ပေါ်လာသည်။


၎င်းက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် ရှီးရှီးကို ရပ်တန့်သွားစေသည်။ သူမလှည့်ကြည့်လိုက်သောအခါ သူမထံ လျှောက်လှမ်းလာသည့် ပုဖန်ကို တွေ့လိုက်ရ၍ အပြုံးကြီးကြီး ပြုံးပြလိုက်သည်။


"ဆရာပု ပြန်လာပြီပဲ..."


ရှီးရှီးက အလွန်ပျော်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပျက်သုံးလုနီးနီးဖြစ်ရပ်က သူမနှလုံးသားလေးကို လေးလံနေစေခြင်းဖြစ်သည်။


မူလျှို့အာက စားသောက်ဆိုင်ကို လာတိုင်း ငြီးငြူလေ့ရှိပြီး ၎င်းက ရှီးရှီး၏ စိတ်အခြေအနေကို တိုးတက်လာအောင် မလုပ်နိုင်ချေ။ ပုဖန်ပြန်လာသည်ကို တွေ့မှသာ စိတ်သက်သာရာရသွားခြင်းဖြစ်သည်။


ပုဖန်က ရှီးရှီး၏ ခေါင်းလေးကို ပုတ်လိုက်ပြီး မီးဖိုချောင်ထဲ ပတ်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ရှီးရှီးက အချက်အပြုတ်လေ့ကျင့်နေကြောင်း သိလိုက်ပေသည်။


"မဆိုးဘူး... တိုးတက်လာပြီပဲ..."

ပုဖန် လေထဲတွင် အနံ့ခံပြီး မျက်ခုံးတွန့်ချိုး၍ ရှီးရှီးကို ပြောလိုက်သည်။


သူမက အမတလျှာတစ်ခု လက်ဆောင်ကြီးကြီးရထားတဲ့ တကယ့်ပါရမီရှင်ပဲ....


ပုဖန်က ဤကလေးမလေးက မကြာခင် ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်အဖြစ် အဆင့်ချိုးဖောက်တော့မည်ဟု ခန့်မှန်းမိသည်။ ရုတ်တရက် သူ ပထမအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်စဉ်က အချိန်ကို တမ်းတမိသွားသည်။ ထိုနောက်ပိုင်းတွင် သူ၏အချက်အပြုတ်အရည်အချင်းက တိုးတက်လာခဲ့သည့် ပုံပင်။ အနည်းဆုံး သူဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးအဖြစ် ရောက်နေရန် လိုအပ်နေသည်။


"ဓားနည်းစနစ်နဲ့ ချက်ပြုတ်နည်းတွေကို ဆက်လေကျင့်ထားဦး...."


စားသောက်ဆိုင်ထဲရှိ အရာရာတိုင်းက သာမန်အတိုင်းဖြစ်နေ၍ ပုဖန်စိတ်ငြိမ်သွားသည်။ ရှီးရှီး၏ခေါင်းလေးကို ပုတ်ပေးပြီးနောက်တွင် မီးဖိုချောင်ထဲမှ ထွက်လာလိုက်သည်။


မူလျှို့အာနှင့် အခြားလူများက ပုဖန်ကို ထပ်မြင်သည်နှင့် သူ့ကို တားလိုက်ကြသည်။


"ဆိုင်ရှင်ပု ဒီနေ့တွေထဲ ဘယ်ရောက်နေတာလဲ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပျက်ဆီးတော့မယ်... သားရဲရိုင်းတွေက မြို့ကို တိုက်ခိုက်နေကြပြီ.... ပဉ္စမအလွှာကိုလည်း ငရဲအကျဉ်းထောင်က ကျူးကျော်လိုက်ပြီတဲ့... ကျွန်မတို့အိမ်လေး အဖျက်ဆီးခံရတော့မယ်...."

ကုန်းရှို့ယွင်က ငိုသံစွက်ရင်း ပြောလာသည်။


ပုဖန်က သူမကို စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်တို့ တွန့်သွားရသည်။

"ဖျက်ဆီးခံရမယ်တဲ့လား... ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..."

ထိုသို့ ပြောပြီးနောက် စားသောက်ဆိုင်ထဲမှ ထွက်သွားလိုက်ပြီး အမျိုးသမီး သုံးဦးကို ကြောင်စီစီ ဖြစ်သွားစေသည်။


တံခါးအပြင်ဘက်သို့ ထွက်လာပြီးနောက်တွင် ပုဖန်က မျက်မှောင်ကြုတ်လိုက်ကာ လေးနက်သော အမူအယာဖြစ်လာသည်။ ခဏအကြာတွင် သွေးများရွှဲရွှဲစိုနေသော ကျင့်ကြံသူများက သားရဲများဖြင့် တိုက်ခိုက်နေကြသည့် မြို့ဂိတ်တံခါးဆီ အကြည့်ရောက်သွားသည်။ သားရဲများက ကြမ်းတမ်းရိုင်းစိုင်းလှ၍ ထိခိုက်ဒဏ်ရာရသူများက များပြားလှသည်။


သူ အသက်ဖွဖွရှူသွင်းလိုက်ကာ လက်နောက်ပစ်၍ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။


ခဏအကြာတွင် သူရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကာ မြို့ဂိတ်တံခါးနားတွင် ပြန်ပေါ်လာသည်။


ကုန်းရှို့ပန်က တံတိုင်းပေါ်တွင် ရပ်နေသည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများရွှဲနေကာ အသက်ပြင်းပြင်းရှူနေရသည်။


ဂိတ်အပြင်ဘက်ရှိ မြေပြင်ပေါ်တွင် သားရဲများနှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်

မှကျင့်ကြံသူများ၏ အလောင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် သားရဲများက အဆုံးမရှိသည့်နှယ် ဆက်လက်တိုးပွားနေပြီး အင်မော်တယ်စားဖိုမှူးများက အလွန်ပင်ပန်းနေပြီဖြစ်သည်။


ဝုန်း


ထူထဲလှသည့်အရေပြားရှိသော သားရဲကြီးက တံတိုင်းကို ပြင်းပြင်းထန်ထန်ဝင်ဆောင့်နေပြီး အဆက်မပြတ်တုန်ခါသွားစေကာ ပြိုကျတော့မယောင် ဖြစ်သွားစေသည်။ တံတိုင်းပြိုကျပါက မြို့ထဲ ပြေးဝင်၍ရပြီး အားပါးတရသတ်ဖြတ်ကာ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး တစ်မြို့လုံးကို အရှက်လတ်လတ်ငရဲကျသလို လုပ်ပစ်ကြမည်ဖြစ်သည်။


သို့သော် အင်မော်တယ်စားဖိုမှူးများက အလွန်ပင်ပန်းနေကြလေပြီ။ သူတို့ရဲရဲရင့်ရင့် တိုက်ခိုက်နေကြသော်လည်း ယခုတွင် ဆက်တိုက်ရန်ပင် အားမရှိတော့ချေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွင်းရှိ မသေမျိုးစွမ်းအင်များက ပိုမိုပါးလျလာ၍ ကျင့်ကြံသူများအားပြန်ပြည့်ရန် အချိန်အကြာကြီး စောင့်နေရသည်။


ဝေါင်း


သားရဲများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ဦးချိုတစ်ချောင်းပါ ကြံ့သားရဲဧကရာဇ် ထွက်ပေါ်လာသည်။ ၎င်း၏ အရေပြားက သံလိုမာကျောကာ ၎င်း၏ ဟိန်းဟောက်သံက လှံတစ်ချောင်းလို ထက်ရှလှသည်။ ဟိန်းဟောက်ပြီးနောက်တွင် စတင်ပြေးလွှားကာ မြို့တံတိုင်းကို ဝင်တိုက်တော့သည်။


လူတိုင်း ဖြူဖျော့သွားကြကာ ကုန်းရှို့မိသားစု၊ လော့မိသားစုနှင့် အခြားမိသားစုမှ လူများကလည်း ထိတ်လန့်သွားကြသည်။


ထိုကြံ့ကြီးကို မည်သူမှ မတားဆီးနိုင်ပေ။


ဘုန်း


၎င်း၏ဦးချိုကြီးဖြင့် မြို့ဂိတ်တံခါးကို ဝင်တိုက်ပြီး နေရာအနှံ့တွင် အက်ရာများနှင့် အပေါက်ကြီးတစ်ပေါက် ပေါ်ထွက်လာသည်။ ကြံ့ကြီးက ဟိန်းဟောက်နေရင်း သားရဲများကို ဦးဆောင်ကာမြို့ထဲကို ဝင်လာသည်။


သားရဲများက နောက်ဆုံးတွင် မသေမျိုးမြို့တော်ထဲ ဝင်ရောက်လာပြီဖြစ်သည်။


တံတိုင်းပေါ်ရှိ လူတိုင်းက စိတ်ဓာတ်ကျသွားကြသည်။ သူတို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သားရဲဒီရေကို မတားဆီးနိုင်ခဲ့ပေ။ 


မသေမျိုးမြို့တော် အဖျက်ဆီးခံရပေတော့မည်။


ရုတ်တရက် ကုန်းရှို့ပန် မျက်မှောင်ကြုတ်လိုက်ကာ ကြံ့သားရဲကြီးထံ ထည့်ထည့်သွားနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။


ထိုရင်းနှီးနေသည့် ပုံရိပ်က သူ့ကိုတုန်ယင်သွားစေကာ မျှော်လင့်ချက်တို့ ပြည့်လာရသည်။


"အဲ့တာ နတ်ဆိုးဘုရင်ကြီးပဲ... ပိုင်ရှင်ပု... သူပြန်လာပြီ...."


ကုန်းရှို့ပန် အလွန်စိတ်လှုပ်ရှားသွားသည်။


"သူပြန်လာတာ ဘာလုပ်ရမှာလဲ... သူတစ်ယောက်တည်း ဒီသားရဲကို ကိုင်တွယ်နိုင်လို့လား...."


"သူလုပ်နိုင်မှာမဟုတ်ပါဘူး...မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆုံးသတ်က ရောက်လာပြီ.. ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး..."


"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဖျက်ဆီးခိုင်းလိုက်ပါတော့... ငါတို့ ကြိုးကြိုးစားစားတိုက်ခိုက်ခဲ့ပေမဲ့ အဆုံးမှာတော့ ငါတို့ ကျရှုံးသွားရတာပဲ.... အတော်လေး ခံစားရဆိုးတာ..."


အခြားလူများက ကုန်းရှို့ပန်လို မျှော်လင့်ချက် ရသလို မခံစားကြရပေ။


ပုဖန် ပြန်လာပြီလေ... အဲ့တော့ ဘာဖြစ်လဲ.. သားရဲဒီရေလှိုင်းကြီးရှေ့မှာ ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ... အံ့ဖွယ်သရဲကိစ္စတစ်ခုခု ထပ်ဖန်တီးမလို့လား... ဒီသားရဲတွေနဲ့ တိုက်ခိုက်ရတာ ဟင်းချက်ပြိုင်ပွဲတွေလို ဟုတ်မနေဘူး... သူတို့ကို တိုက်ခိုက်ဖို့ တကယ့်ကျင့်ကြံခြင်းအဆင့်ပဲ လိုအပ်တယ်....


ကုန်းရှို့ပိုင်၏ အပြုံးက တောင့်ခဲသွားသည်


သူတို့ပြောတာမှန်တယ်... ပိုင်ရှင်ပုပြန်လာတော့လဲ ဘာအရေးမလို့လဲ...


ထို့နောက် စိတ်ဓာတ်ကျစွာ မျက်စိမှတ်ချလိုက်သည်။



ပုဖန် လက်နောက်ပစ်ရင်း လမ်းလျှောက်လာသည်။ သူ့ရှေ့ရှိ မြေကြီးက ရုတ်တရက် တုန်ခါသွားကာ မကောင်းဆိုးဝါးများစွာကို ဦးဆောင်လာသော ဧရာမကြံ့ကြီးတစ်ကောင်က တံတိုင်းကို ပြေးဝင်၍ တိုက်လိုက်သဖြင့် အပေါက်ကြီးတစ်ခုအဖြစ် ပျက်ဆီးသွားသည်။


၎င်းက သူ့ကို အံ့ဩသွားစေသည်။

မသေမျိုးမြို့တော် ဖျက်ဆီးခံလိုက်ရပြီလား..


သူ သွေးများရွှဲစိုက အလွန်အမင်း အားနည်းချိနဲ့နေသော တံတိုင်းပေါ်ရှိ လူတစ်အုပ်ကို ကြည့်လိုက်သည်။


သူ၏ အမူအရာက ပိုမိုမဲမှောင်လာသည်။ ထိုလူများ အကောင်းဆုံး ကြိုးစားနေကြောင်း သူသိပေသည်။


ပုဖန် အသက်ဖွဖွရှူလိုက်ကာ ကြံ့ကြီးကို ကြည့်လိုက်သည်။ သားရဲ၏ မျက်လုံးနီနီများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေကာ သူ့ဆီပြေးဝင်လာသည်။


ထိုသို့ ပစ်မှတ်ထားခံလိုက်ရသောသူက သေချာပေါက် သေမည်ဖြစ်သည်။


ကြယ်ခြောက်ပွင့် သားရဲဧကရာဇ်တွင် ထူထဲသော အရည်ပြားနှင့် ကြမ်းတမ်းလှသော တိုက်ခိုက်ပုံတို့ရှိပြီး မသေမျိုးအချက်အပြုတ်နယ်မြေ၏ ပထမအလွှာရှိလူများအတွက် ကြောက်မက်ဖွယ်တည်ရှိမှုမျိုးဖြစ်သည်။ သို့သော် ပုဖန်အတွက်က အမှိုက်ထုပ်တစ်ခုနှင့် မခြားပေ။


ပုဖန်က လက်နောက်ပစ်၍ ရပ်နေဆဲဖြစ်သည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက တောက်ပနေသည့် ကြက်သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့စိတ်ထဲရှိ စာသားက တောက်ပလာကာ သူ၏စိတ်ဝိဉာဉ်ပင်လယ်ကို လှိုင်းထသွားစေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏နတ်ဘုရားအာရုံက တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။


ပုဖန်ထုတ်လွှင့်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်နှင့် ဖိအားက ကောင်းကင်ထိတိုင်အောင် မြင့်တက်သွာသည်။


ကြမ်းကြုတ်လှသည့် မကောင်းဆိုးဝါးများပင် ရပ်တန့်သွားသည်။ ခဏအကြာတွင် သူတို့ခေါင်းထဲ၍ ကြောက်မက်ဖွယ်ရာအသံကြီး ထွက်ပေါ်လာသည်


"ထွက်သွားကြစမ်း...."


ဝုန်း


ထိုအသံက ညနေခင်းဗုံတစ်ခုနှင့် မနက်ခင်းခေါင်းလောင်းသံတစ်ခုလို ပေါက်ကွဲထွက်ကာ သားရဲတိုင်းကို ကြောက်လွန်း၍တုန်ယင် သွားစေသည်။


တံတိုင်းပေါ်ရှိ လူတိုင်း အံ့အားတကြီး ပင့်သက်ရှိုက်မိသွားကြသည်။


နတ်ဆိုးဘုရင်ကြီးက သားရဲဒီရေလှိုင်းကြီး ကို တစ်ယောက်တည်း ကိုင်တွယ်သွားနိုင်မည်ဟု မထင်ခဲ့ကြပေ။