အပိုင်း ၁၁၆၄
Viewers 53k

အခန်း ၁၁၆၄

ပုဖန်ရောက်လာပြီ


ဘုန်း


ချက်ချင်း ကျယ်လောင်သော တုန်ခါသံကြီး ထွက်ပေါ်လာသည်။


ကြံ့ကြီး၏ ခေါင်းက အားနှင့်တိုးဝင်လာသည် ဖြစ်သော်လည်း ပုဖန်က အားထုတ်စရာမလိုပဲ လက်ဖဝါးတစ်ဖက်ဖြင့် တားလိုက်ပြီး ၎င်းက နည်းနည်းမျှပင် မလှုပ်ရဲတော့ပေ။


တံတိုင်းပေါ်ရှိ လူတိုင်း အံ့ဩသွားကြသည်။


ထို ကြံ့ကြီးက ကြယ်ခြောက်ပွင့် သားရဲ ဧကရာဇ်ဖြစ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာ တွင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုမျိုးဖြစ်သည်။ တစ်ဖက်က နတ်ဆိုးဘုရင်ကြီးက ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးအဆင့်ရှိ လူတစ်ဦးသာဖြစ်သည်။

သူဘယ်လိုလုပ် တားနိုင်လိုက်တာလဲ... 


သူက ဘာလို့ အဲ့လောက်တောင် သန်မာနေရတာလဲ...


ကုန်းရှို့ပန်နှင့် အခြားလူများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ပုဖန်၏ လှုပ်ရှားမှုက သူတို့တွေးထင်ထားသည်ထက် ကျော်လွန်နေသည်။


ရုတ်တရက် ပုဖန်က သူ၏လက်ဖဝါးကို ဖိညှစ်လိုက်သည်ကို မြင်လိုက်သည်နှင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။


လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများ၏အောက်တွင် ကြံ့ကြီး၏ ဦးချိုက စတင်၍အက်ကွဲလာသည်။ ထို့နောက် ဘုန်းကနဲ အပိုင်းပိုင်းအစစဖြစ်အောင် ကျိုးကျေပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။


လူတိုင်း ပင့်သက်ရှိုက်ကာ အလွန်အမင်းသန်မာလှသည့် အော်ရာတစ်ခုက သူတို့မျက်နှာများကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။


ဒါက နတ်ဆိုးဘုရင်ကြီးပဲ... ကြောက်စရာကောင်းတဲ့ နတ်ဆိုးဘုရင်ကြီး ... အံ့ဖွယ်သရဲ ကိစ္စတွေကို အမြဲတမ်းဖန်တီးနေတဲ့ နတ်ဆိုးဘုရင်ကြီး...


ဦးချိုကြီးကို ပျက်ဆီးအောင်လုပ်ပြီးနောက် ပုဖန်က သူ့အကြည့်များကို ကြံ့ကြီးဆီ လှည့်ကြည့်လိုက်သည်။


သားရဲဧကရာဇ်က မြေပြင်ပေါ် ဝပ်တွားနေပြီး လှုပ်ပင် မလှုပ်ရဲပေ။ ပုဖန်၏အော်ရာက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့် ရှိနေသောကြောင့်သာမက သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်နဂါးနှင့် ဖီးနစ်ငှက်တို့၏ အော်ရာကြောင့်လည်း ဖြစ်သည်။ ထိုအော်ရာများကြောင့် သားရဲများကို လှုပ်ပင် မလှုပ်ရဲကြတော့ပေ။


အရေးအကြီးဆုံးမှာ ပုဖန်၏ နတ်ဘုရားအာရုံဖြစ်ပြီး ၎င်းက သူတို့၏ စိတ်ထဲတွင် မြည်ဟီးနေသည်။


သားရဲရိုင်းများက သူတို့ထက် သန်မာသည့် လူများကို လေးစားကြသည်။ ပုဖန်၏ နတ်ဘုရားအာရုံက သူတို့စိတ်ထဲတွင် အေးဆေးဝင်လာနိုင်၍ သူတို့ကိုအေးအေးဆေးဆေးသတ်နိုင်သည်ဟု ဆိုလိုနေသည်။


ကြံ့ကြီး၏နောက်တွင် သားရဲတစ်အုပ်ကြီးရှိသေးသည်။ သို့သော် ၎င်းတို့၏ ကြမ်းတမ်းခက်ထန်မှုတို့ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်ဝမ်းလျားမှောက်၍ ကြောက်လန့်တကြား တုန်ရီနေကြသည်။ 


"ကြယ်ခြောက်ပွင့်စစ်မှန်မသေမျိုးအဆင့် ကြံ့ကြီးပဲ...."


ပုဖန် ကြံ့ကြီးကို မျက်နှာသေဖြင့် ကြည့်ကာ လက်မြှောက်၍ သားရဲ၏ခေါင်းကို ရိုက်ချလိုက်သည်။


ဝှစ်ခနဲ မြည်သံနှင့်အတူ ကြံ့ကြီးက ပျောက်ကွယ်သွားသည်။ ပုဖန်က ၎င်းကို ကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေထဲ ထည့်လိုက်ခြင်းဖြစ်သည်။


"ဒီကြံ့က အဆင့်မြင့်တယ်... ပါဝင်ပစ္စည်းအနေနဲ့ရော အလုပ်ကြမ်းသမားအဖြစ်လုပ်ဖို့ထော သင့်တော်တယ်... ဒီအပိုဆောင်းအလုပ်သမားကို မြင်ရင် နျိုဟန်စန်း ပျော်သွားလောက်တယ်... တခြား သားရဲတွေကတော့..."


ပုဖန်၏ မျက်လုံးများ အေးစက်သွားသည်။ ခဏအကြာတွင် သူ၏နတ်ဘုရားအာရုံက လှိုင်းထကာ သားရဲတိုင်း၏ စိတ်ထဲတွင် ပေါက်ကွဲသွားသည်။


"ထွက်သွားစမ်း...."


မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးက သားရဲများကို ကူကယ်ရာမဲ့စေသည်။ အဆုံးတွင် တစ်ယောက်မှ မခံနိုင်၍ တံတိုင်းရှိ အပေါက်ကြီးထဲကို အပြေးအလွှားပြန်ထွက်သွားကြပြီး ခဏအကြာတွင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြသည်။


မျက်စိတစ်မှိတ်အတွင်း သားရဲရိုင်းများအားလုံးက လှည့်ပြေးသွားကြပြီဖြစ်သည်။ ၎င်းတို့၏ ခွာများက မြေပြင်ကို ပြင်းပြင်းထန်ထန်ဆောင့်နင်း၍ တံတိုင်းရှိ အပေါက်မှ တစ်ဆင့် ထွက်ပြေးကြသည်။


သားရဲဒီရေလှိုင်း ဤသို့ဤနှယ် ပြီးဆုံးခဲ့လေပြီ။


မြို့တံတိုင်းပေါ်ရှိ လူများက ကြောင်ငေးငေးဖြစ်နေကြဆဲဖြစ်သည်။ သူတို့ မယုံကြည်နိုင်ဖြစ်နေကာ ဘာတွေဖြစ်သွားလဲ နားမလည်ကြတော့ပေ။ 


"ပြီးသွားပြီလား..."


"သားရဲဒီရေလှိုင်းက ပြီးသွားတာလား... ငါတို့ အကယ်ခံလိုက်ရပြီပေါ့.."


"ငါတို့ကို နတ်ဆိုးဘုရင်ကြီးက ကယ်သွားတာလား..."


တံတိုင်းပေါ်ရှိ လူများက စိတ်ရှုပ်ထွေးနေကြကာ ကြောက်လန့်တကြားပြေးသွားကြသော သားရဲများကို ကြည့်နေကြသည်။


ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ တံတိုင်းပေါ်ရှိ လူများကို ကြည့်လိုက်သော်လည်း နှုတ်လည်းမဆက်သလို စကားလည်း မပြောလိုက်ပေ။ ယင်းအစား မြေပြင်ပေါ် ခြေထပ်ဆောင့်လိုက်ကာ သူ့ကိုယ်သူ လေပေါ် ပျံတက်သွားအောင် လုပ်လိုက်သည်။


ဒုံးကျည်တစ်ခုလို ကောင်းကင်ပေါ် ပျံတက်ကာ တိမ်ကြားထဲ ပျောက်ကွယ်သွားသည်။



ဝုန်း


ဧရာမနတ်ဆိုးကြီးက ရိုက်ချလိုက်သောအခါ ကောင်းကင်နှင့် မြေပြင်ပင် လှုပ်ခါသွားသည်။ ထိုတိုက်ခိုက်မှုက အလွန်အင်အားကြီးမားလှပြီး ကောင်းကင်တစ်ခုလုံးကိုပင် ပြိုကျအောင် ဖျက်ဆီးနိုင်သလို ခံစားလိုက်ရသည်။


နယ်ပယ်သခင် တိထိုက်၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး လေပေါ် လျှောက်လှမ်းလိုက်သည်။


သို့သော် ထိုလက်သီးက သူ့ခန္ဓာကိုယ်နားတဖြေးဖြေး ကပ်လာပြီး သူ့ကို လုံးဝထိုးနှက်ပစ်ရန် ကြိုးစားနေသည်။


သူဟိန်းဟောက်လိုက်ပြီး သူ၏ရွှေရောင်ဖျော့ဖျော့ ဆံပင်များက လေနှင့်အတူ ကြမ်းတမ်းစွာ လွင့်ခါနေသည်။ ထို့နောက် ရှိသမျှပေါက်ကွဲအသားလုံး အကုန်လုံးဖြင့် လှမ်းပစ်ကာ ထိုဧရာမလက်သီးကြီးကို တိုက်ခိုက်လိုက်သည်။


ဘုန်း ဘုန်း ဘုန်း


အသားလုံးများက လက်သီးပေါ်တွင် ပေါက်ကွဲသွားပြီး ကောင်းကင်ထိအောင် ထိုးတက်နေသည့် မီးတောက်များ ထွက်ပေါ်လာကာ လေဟာနယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းတို့ ပြည့်နေသော လေဓားများ ပြည့်နှက်သွားသည်။


သို့သော် ၎င်းတို့က ဧရာမနတ်ဆိုးကြီးကို မထိခိုက်စေပေ။ အရေပြားအနည်းငယ် လောင်သွားသော်လည်း ၎င်းက အရှိန်ဖြင့် ရှေ့ဆက်တိုးကာ နယ်ပယ်သခင် တိထိုက်ကို ခပ်ပြင်းပြင်းထိုးနှက်လိုက်သည်။


သို့သော်လည်း နယ်ပယ်သခင် တိထိုက်က သူ၏ဓားကို ထိုလက်သီးကို ခုတ်ပိုင်းလိုက်သည်။


ဘန်း


လေထဲတွင် ပေါက်ကွဲသံတစ်ခုတစ်ခုပေါ်လာပြီး လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။


ပတ်ဝန်းကျင်မှ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက နောက်သို့ ဆုတ်လိုက်ကြသည်။ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။


ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုက တိုက်ခိုက်မှုများကြားမှ ပျံထွက်လာသည်။ ၎င်းက နယ်ပယ်သခင် တိထိုက်ပင်။ ပေါက်ကွဲမှုမှ သက်ရောက်မှုက သူ့ကို ဒုံးကျည်တစ်ခုလို ပျံထွက်သွားစေပြီး မြေပြင်ပေါ်သို့ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာအောင် ပြုတ်ကျသွားသည်။


ခပ်လှမ်းလှမ်းမှ မြို့တော်သခင်ကျိုးကလည်း သွေးများရွှဲစိုနေပြီဖြစ်သည်။ မရေမတွက်နိုင်သော လေပြင်းများက သူ့၏ တည်ကြည်ကာ ဂုဏ်သိက္ခာကြီးလှသော အသွင်အပြင်ကို ယူဆောင်သွားကြပြီဖြစ်သည်။ ယခု သူက အတော်အလေး အခြေအနေဆိုးနေပြီဖြစ်ကာ ဒဏ်ရာများမှ သွေးများ စီးကျနေလေသည်။


ထိုသို့ဖြစ်နေသော်လည်း ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်က သူ့နားဝန်းရံနေကာ ဒဏ်ရာရနေသည့် တိရိစ္ဆာန်တစ်ကောင်ကို ချောင်ပိတ်ဖမ်းသလို ပြုမူနေကြသည်။ 


သူက အလွန်အားနည်းနေပြီဖြစ်ပြီး ထပ်မတိုက်နိုင်တော့ပေ။


နယ်ပယ်သခင်တိထိုက်က အပျက်အဆီးများထဲမှ သူ့ခြေထောက်ကို ကြိုးစားရုန်းကန်နေသည်။ မနီးမဝေးမှ ငရဲအကျဉ်းထောင်မှ စစ်တပ်များကလည်း ကောင်းကင်ငရဲတံတားမှတစ်ဆင့် ဝင်လာကာ ပိုမိုများပြားလာသည်။ သူတို့၏ ငရဲစွမ်းအင်များက ကောင်းကင်အထိတိုင်အောင်ထိုးတက်နေပြီး သူ၏ရင်ဘတ်ထဲတွင် ပြည့်ညပ်နေကာ သူ၏နောက်ဆုံးသော မျှော်လင့်ချက်လေး ဆိတ်သုဉ်း သွားပြီဟု ခံစားလိုက်ရသည်။


သူ ရှုံးသွားပြီဟု ဝန်မခံချင်ပေ။


မသေမျိုးသစ်ပင်ရဲ့ ပျက်ဆီးသွားမှုကြောင့်သာ မဟုတ်ရင် ဒီငရဲအကျဉ်းထောင်က လူတွေက ဘယ်လိုလုပ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်ဖို့ အခွင့်အရေးရမှာလဲ... အကယ်၍ နယ်ပယ်ကသာ အကောင်းဆုံးအခြေအနေဖြစ်နေရင် ကျူးကျော်ဖို့ ကြေညာရဲမှာတဲ့လဲ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ရောက်ချိန်တွေတုန်းက နတ်ဘုရားစားဖိုမှူးတွေတင်မကဘူး ချီလင်စားဖိုမှူးတွေ ဒါဇင်ပေါင်းချီအောင် ရှိခဲ့ဖူးတယ်...


ဧရာမနတ်ဆိုးကြီးက သူ့ကို အေးစက်နေသော အကြည့်တစ်ချက်ပေးလာပြီး မြေပြင်ကို ထိုးချလိုက်ပြန်သည်။ ၎င်းက မြေပြင်ကို ချက်ချင်းကွဲအက်သွားစေပြီး လုံးလုံးလျားလျား ပြိုကျခါနီးဖြစ်သွားစေသည်။


"ငါ့လက်ကို ဘယ်သူဖောက်ခွဲလိုက်တာလဲ.. အခုချက်ချင်းပြောပြမလား မင်းကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲရမလား...."


ဝုန်း


ရုတ်တရက် ဧရာမနတ်ဆိုးကြီးက ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါ နယ်ပယ်သခင်တိထိုက်ရှေ့တွင် ရပ်နေပြီဖြစ်သည်။


နယ်ပယ်သခင် တိထိုက် သူ့ကိုယ်ပေါ်ရှိ အမှောင်ထုကို ခံစားမိသည်။ သူ မော့ကြည့်လိုက်သောအခါ ဧရာမလက်ဖဝါးကြီးက သူ့အပေါ် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။


ဝုန်း


လက်ဖဝါးကြီးက မြေပြင်ကို လုံးဝပြိုကျသွားစေကာ တိထိုက်က ရွှေရောင်အလင်းတန်းအဖြစ် ထွက်ပြေးသွားသည်။


နယ်ပယ်သခင်တိထိုက် အမောတကော အသက်ရှုလိုက်ရပြီး သူ၏ရွှေရောင်ချပ်ဝတ်က တစ်စစီ အက်ကွဲကာ ပြုတ်ကျနေပြီဖြစ်သည်။ သူမြို့တော်သခင်ကျိုးကို ကြည့်လိုက်သောအခါ ထိုလူက သူ့လက်ကို အမျိုးသမီးများလို လုပ်နေဆဲဖြစ်ကာ သတိလွတ်ခါနီးဖြစ်သော်လည်း သူ့ကိုယ်သာ အနက်ရောင်ဒယ်အိုးကြီးဖြင့် ကျားကန်ကန်ကာ ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


မြို့တော်သခင်ကျိုး၏ စစ်မှန်စွမ်းအင်များ အကုန်လုံးကုန်ဆုံးသွားပြီဖြစ်ကြောင်း သူပြောနိုင်ပေသည်။


နယ်ပယ်သခင် တိထိုက်၏ ရင်ထဲတွင် ပြောမပြတတ်အောင် ဝမ်းနည်းမိလာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဘယ်သောအခါကမှ ဤမျှလောက် မထီမဲ့မြင် အပြုမခံရဖူးပေ။


သူလက်သီးတင်းတင်းဆုပ်လိုက်ကာ သူ့မျက်လုံးများက ဒေါသကြောင့်တောက်လောင်နေသည်။


"ခွင့်မလွှတ်နိုင်စရာပဲ..."

နယ်ပယ်သခင် တိထိုက် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က အလင်းတန်းအဖြစ် တောက်ပသွားကာ နေလုံးတစ်ခုနှယ် ပြောင်းလဲသွားသည်။  


ထိုအချိန် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာရှိ မသေမျိုးသစ်ပင်ထိပ်ဖျားတွင်


ယာယာက သစ်လုံးအိမ်ထဲတွင် ထိုင်နေပြီး သူမပတ်ပတ်လည်မှ အရာတိုင်းကို စူးစူးရဲရဲကြည့်နေသည်။ ခဏအကြာတွင် မသေမျိုးစွမ်းအင် အမျှင်တစ်ခုက သူမလက်ထဲတွင် ပေါ်လာပြီး သူမလက်ဖဝါးကို အောက်သို့ ပြင်းပြင်းရိုက်ချလိုက်သည်။


ရုတ်တရက် သစ်လုံးအိမ်ထဲရှိ မှော်အစီအရင်တစ်ခု အသက်ဝင်လာသည်။ ၎င်းက လည်ပတ်သွားကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲသို့ ပစ်ခွင်းသွားကာ နယ်ပယ်သခင်တိထိုက်ကို လွှမ်းခြုံသွားသည်။


နယ်ပယ်သခင်တိထိုက်၏ စွမ်းအင်များက အဆက်မပြတ်မြင့်တက်သွားကာ တစ်ဆို့နေသည့် အဆင့်တစ်ခုကိုပါ ကျော်ဖြတ်သွားခဲ့သည်။ သူ့ခေါင်းပေါ်တွင် မှုန်မှိုင်းမှိုင်း တိမ်တိုက်များ ဝေ့ဝဲလာသည်။


၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မဟာလမ်းစဉ်၏ စိတ်ဆန္ဒပင်။ ၎င်းက အလွန်အမင်း အားနည်းလှသော်လည်း တည်ရှိနေဆဲဖြစ်သည်။


ဘုန်း


ရွှေရောင်အလင်းများက နယ်ပယ်သခင်တိထိုက်၏ မျက်လုံးမှ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူက သူ၏ပုံမှန်အသွင်မဟုတ်တော့ပဲ အလွန်အမင်း စူးရဲနေသည်။


"သူတော်စင်ငယ်အဆင့်ကို အတင်းအကျပ်ချိုးဖျက်လိုက်တယ်တဲ့လား....."

ဧရာမနတ်ဆိုးက သရော်လိုက်သည်။ သူ့လက်သီးမြှောက်လိုက်ကာ နယ်ပယ်သခင်တိထိုက်ဆီ နောက်တစ်ကြိမ်ပစ်လွှတ်လိုက်သည်။


နယ်ပယ်သခင်တိထိုက်ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းတန်းက ပိုမိုကြီးထွားလာသည်။ ခဏအကြာတွင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဧရာမနတ်ဆိုးကြီး၏ လက်သီးကို သူ့လက်သီးဖြင့် ထိပ်တိုက် ထိုးလိုက်သည်။


လက်သီးနှစ်ခု ဆုံရာမှ ထွက်လာသော ပေါက်ကွဲမှုက နေရာတိုင်းကို ပျံ့နှံ့သွားပြီး လေဟာနယ်ကို လှိုင်းထသွားစေသည်။


ထိုအချိန်တွင် ပဉ္စမအလွှာတစ်ခုလုံးက လုံးဝပျက်ဆီးသွားသည်။



ပုဖန် ကောင်းကင်ပေါ် တည့်တည့် ပျံတက်သွားသည်။


သူ ဒုတိယအလွှာကို မျက်စိတစ်မှတ်အတွင်း ဖြတ်ကျော်သွားသည်။


မသေမျိုးမြို့တော်မှ မရေမတွက်နိုင်လောက်သော လူများက သူ့ကို မြင်လိုက်သောအခါ လူတိုင်း၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်တို့ ပြည့်နှက်သွားသည်။


မကြာမီ ပုဖန်က တတိယအလွှာဝင်ပေါက်သို့ ရောက်သွားသည်။ မီးတောက်နေသော အတောင်ပံများက သူ့နောက်ကျောတွင်ရှိနေပြီး မြေပြင်ကို တဖြေးဖြေးကျဆင်းလာသည်။



"ဒီမိန်းမက အတော်လေးသန်မာတာပဲ..."


"သူဘယ်လောက် ကြာကြာခံမလဲ ကြည့်ကြတာပေါ့...."


"သူ့ကို အရှင်ဖမ်းရအောင် ငရဲအကျဉ်းထောင်ရဲ့ အရှင်သခင်က ဒီလိုပုံစံမိန်းမတွေကို ကြိုက်တယ်...."

ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်ရင်းပြောလိုက်သည်။


မုန့်ချီက မြို့တော်သခင် တစ်ယောက်ဖြစ်သော်လည်း သူမက သူတို့ငါးယောက်၏ ပြိုင်ဘက်ပင် မဟုတ်ပေ။


သူမ၏မျက်နှာက အေးစက်နေကာ အမူအယာမဲ့နေပြီး သူမ၏ မီးဖိုချောင်သုံးဓားကို အဆက်အပြတ်ဝှေ့ရမ်းနေကာ သူမ၏ ပြိုင်ဘက်များထံ ဓားစွမ်းအင်တို့ ပစ်လွှတ်နေသည်။ သူမက အရေးနိမ့်နေသော်လည်း စိတ်ပျက်အားလျော့နေဟန် မရှိပေ။


သို့သော် တိုက်ပွဲက ဤအတိုင်းဆက်သွားလျှင် သူမဘက်က အရေးနိမ့်မည်မှန်းသိနေ၍ စိုးရိမ်ပူပန်နေမိသည်။ မည်သို့ပင်ဆိုစေ သူမ၏ အင်အားက အကန့်အသတ်သာဖြစ်ပြီး သူမ၏အစစ်အမှန်စွမ်းအင်များ ကုန်ဆုံးသွားပါက ခုခံနိုင်တော့မည် မဟုတ်ပေ။


ထိုအတွေးများကြောင့် သူမ၏တိုက်ခိုက်မှုကို အင်အားအပြည့် ဖော်ထုတ်၍မရပဲ ဖြစ်နေသည်။


ထိုစဉ် မြို့ထဲရှိ အင်မော်တယ်စားဖိုမှူးများက ထိုတိုက်ပွဲကို ကြည့်လေလေ ပိုမို စိတ်ဓာတ်ကျလာလေလေဖြစ်နေသည်။ မြို့တော်သခင်မုန့်ချီပင် ဤသို့ဖြစ်နေပြီဖြစ်၍ သူတို့တွင် မည်သည့်နေရာက မျှော်လင့်ချက်ရှိတော့မည်နည်း။ ထိုအချိန်တွင် သူတို့၏ ကံတရားက တဖြေးဖြေးချင်း ပျောက်ကွယ်သွားရသည်။


မုန့်ချီသူတို့ကို လှမ်းကြည့်ပြီး စိတ်မကောင်းဖြစ်သလို ခံစားလိုက်ရသည်။


"အမှိုက်ထုပ်တွေကြောင့်နဲ့ တိုက်ပွဲထဲ အာရုံလွင့်ရဲတယ်လား..."

ငရဲအကျဉ်းထောင်မှ လူတစ်ယောက်က နှာခေါင်းရှုတ်လိုက်သည်။ ခဏအကြာတွင် မုန့်ချီရှေ့တွင် ပေါ်လာပြီး လေထုကိုပင် ဖျက်ဆီးပစ်တော့မယောင် ဖြစ်နေသည့် လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။


မြို့တော်သခင်မုန့်ချီ၏ မျက်လုံးများ ကြုံ့ဝင်သွားရသည်။ ငရဲစွမ်းအင်စီးကြောင်းများက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်သွားပြီး သူမ၏ စစ်မှန်စွမ်းအင်များကို ချိတ်ပိတ်လိုက်သလို ခံစားလိုက်ရသည်။


သူမ၏ မျက်နှာက သေလုနီးပါးပင် ဖြူဖျော့သွားသည်။ သူမ၏ မသေမျိုးဝတ်စုံပင် သူမကို မကာကွယ်နိုင်တော့ပဲ ပြဲစုတ်သွားကာ သွေးချောင်းဆိုးသွားစေပြီး နောက်သို့ ပျံထွက်သွားသည်။


သို့သော် သူခပ်ဝေးဝေးသို့ ပျံမထွက်သွားသေးမီ အနက်ရောင်ချိန်းကြိုးများကသူမ၏ ခြေလက်များကို ချုပ်နှောင်လိုက်ပြီး သူမကို အကျဉ်းသားတစ်ယောက်နှင့် တူသွားစေသည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက ချိန်းကြိုးတစ်ဖက်မှ ဆွဲကိုင်ထားကာ ရယ်မောနေကြသည်။ သူတို့၏ အသံများက ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားစေပြီး မသေမျိုးမြို့တော်ထဲမှ လူများကို စိတ်ဓာတ်ကျသွားစေသည်။ 


ပြီးသွားပြီ... အကုန်ပြီးသွားပြီ..


မသေမျိုးမြို့တော်ထဲရှိ လေထုက ကမ္ဘာအဆုံးသတ်သွားသလို စိတ်ဓာတ်ကျစရာပုံစံဖြင့် မှိုင်းညို့နေသည်။


မုန့်ချီ၏ မျက်လုံးများက တစ်ဝက်တစ်ပျက်မှိတ်နေသည်။ သူမ၏ ခွန်အားက တဖြေးဖြေးချင်း ရုတ်လျော့နေကြောင်း ခံစားလိုက်ရသည်။ သူမ အကောင်းဆုံး ကြိုးစားခဲ့ပြီးလေပြီ။


ရုတ်တရက် လေထဲတွင် ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။


မုန့်ချီ အပူလှိုင်းတို့ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သူမျက်လုံး ဖွင့်ကြည့်သောအခါ တည်ကြည်လှသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။


ထိုရင်းနှီးနေသည့် သွင်ပြင်က သူမကို ကြောင်ငေးငေးဖြစ်သွားစေသည်။


" မင်း ပြန်လာပြီလား..."

မုန့်ချီ ရေရွတ်လိုက်သည်။


ပုဖန် သူမကို ကြည့်လိုက်ပြီး ချိန်းကြိုးများကိုလည်း ကြည့်လိုက်သည်။ သူ၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ကာ ချိန်းကြိုးလေးခုကို ချက်ချင်း ခုတ်ချလိုက်သည်။


ထို့နောက် သူ့နောက်ကျောမှ မီးတောက်နေသည့် အတောင်ပံများ ထွက်ပေါ်လာသည်။


သူ့ ပခုံးပေါ်တွင် နားနေသည့် ပုစွန်ပိစိကို ပုတ်လိုက်သောအခါ ပုစွန်ပိစိက အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး မုန့်ချီကို သူ့ကျောပေါ်တင်ကာ အရှိန်မြှင့်၍ ပြေးတော့သည်။


ထို့နောက် ပုဖန် သူ၏နဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ကာ ငရဲအကျဉ်းထောင်မှ လူငါးယောက်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ သက်ပြင်းချကာ ပြောလိုက်သည်။

"ငါ နောက်ဆုံးတော့လုပ်နိုင်ခဲ့ပြီ...."