အပိုင်း ၁၁၆၅
Viewers 61k

အခန်း ၁၁၆၅

ပုဖန်၏အထူးကောင်းမွန်လှသော မီးတောက်လက်ဖဝါး


"နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ...."


ပုဖန်၏ အသံတိုးတိုးက ကောင်းကင်တခွင် ပဲ့တင်ထပ်သွားသည်။ မကျယ်လောင်သော်လည်း လူတိုင်း ကြားလိုက်ရသည်။


မုန့်ချီကို ပုစွန်ပိစိက သယ်ဆောင်ထားသည်။ ခဏအကြာတွင် သူမက မတ်တတ် ပြန်ရပ်ရန် အင်အားပြန်ရလာတော့သည်။


ပုစွန်ပိစိက အလွန်လျှင်မြန်စွာ ပျံသန်းနေ၍ သူမ၏ဆံပင်များက လေနှင့်အတူ လွင့်မျောနေသည်။ သူမ၏ လှပသော မျက်လုံးအစုံက ခပ်လှမ်းလှမ်းရှိ ပုဖန်တွင်သာ ကပ်ညိနေပြီး မျှော်လင့်ချက် အလင်းရောင်တို့ တောက်ပလာသည်။


သူမ ပုဖန် ဘယ်သွားခဲ့လည်း သိပေသည်။


မသေမျိုးသစ်ပင်၏ သစ်စေ့ကို ကယ်တင်ရန် သူက ကမ္ဘာမြေအကျဉ်းထောင်ကို သွားပြီ အသက်စမ်းချောင်းကို ရှာခဲ့ခြင်းဖြစ်သည်။ သူပြန်လာသည်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက့ မျှော်လင့်ချက်ပြန်ရောက်လာခြင်းဖြစ်သည်။


သူအသက်စမ်းချောင်းကို တကယ်ရှာတွေ့ခဲ့ပြီး မျှော်လင့်ချက် အပြည့်နဲ့ ပြန်လာခဲ့တာလား...


မုန့်ချီ ပုဖန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။


ပုစွန်ပိစိက အမြန်ဆုံးအရှိန်နှုန်းဖြင့် ပျံသန်းနေပြီး မသေမျိုးမြို့တော်ကို မျက်စိတစ်မှတ်အတွင်း ရောက်သွားခဲ့သည်။ မုန့်ချီကို တံတိုင်းပေါ် တင်ပေးပြီးနောက်တွင် ရွှေရောင်အလင်းတန်းအဖြစ် ပြန်ပြောင်းသွားပြီး ပုဖန်ထံ အရှိန်ဖြင့် ပြန်သွားလိုက်သည်။


ပတ်ပတ်လည်မှ စူးစမ်းလိုသည့် အကြည့်များက မုန့်ချီကို ရပ်တန့်သွားစေသည်။ သူမ သေချာကြည့်လိုက်သောအခါ တံတိုင်းပေါ်ရှိ အင်မော်တယ်စားဖိုမှူးများ၏ မျက်လုံးထဲတွင် အကြောက်တရားတို့ ကိန်းဝပ်နေသည်ကို မြင်လိုက်ရ၍ သူမ သက်ပြင်းချလိုက်မိသည်။


အကယ်၍ ဤတစ်ကြိမ်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကယ်တင်ခြင်းခံလိုက်ရလျှင် အကြီးအကျယ်ပြန်လည် ဖွဲ့စည်းရတော့မည်ဟု ခံစားလိုက်ရသည်။ ငြိမ်းချမ်းကာ လုံခြုံသော ပတ်ဝန်းကျင်တွင် အချိန်အတော်ကြာ နေလာခဲ့ရသည်ဖြစ်၍ လူတိုင်း၏ သတ္တိနှင့်တိုက်ခိုက်ရဲသည့် စိတ်ဓာတ်များက လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။


ထိုအချိန်တွင် ပုဖန်က ကြယ်ငါးပွင့် စစ်မှန်မသေမျိုးအဆင့်ရှိ လူတစ်ယောက်သာဖြစ်ပြီး ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများထဲတွင် အားအနည်းဆုံးမှာ ကြယ်ရှစ်ပွင့်အဆင့်ရှိကြောင်း သတိရမိသွားသည်။


ဒီလောက် သန်မာအားကောင်းတဲ့ ရန်သူတွေကို သူကိုင်တွယ်နိုင်ပါ့မလား....


ထိုသို့တွေးမိသည်နှင့် သူမမျက်နှာ ဖြူဖျော့သွားရသည်။



လေပြင်းတစ်ချက်တိုက်သွားပြီး ပုဖန်ဆံပင်ကို ချည်နှောင်ထားသော ကတ္တီပါကြိုးက ပြေလျော့သွားသည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက မီးတောက်နီရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့နောက်ကျောတွင်လည်း မီးတောက်နေသည့် အတောင်ပံနှစ်ခု ရှိနေသည်။ သူ့လက်ထဲတွင် ရွှေသားစစ်စစ်ဖြင့် လုပ်ထားသလို ရွှေရောင်အလင်းတို့ တဖျပ်ဖျပ်လက်နေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။


"အိုး.... ဒါဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲမှာ ရှေ့ထွက်ရပ်ရဲတဲ့ သတ္တိရှိတဲ့လူ ရှိသေးတယ်ပေါ့..."


"ကြည့်ရတာတော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ယောက်ျားတွေ ရှိသေးပုံပါပဲ.. ဟားဟား...."


"မိန်းမတစ်ယောက် ကာကွယ်ပေးတာကို အချိန်အကြာကြီးကြာအောင် ခံယူပြီးတော့ ယောကျာ်းတစ်ယောက် ထွက်လာပြီး အသေခံမယ့် အချိန်ရောက်လာပုံပဲကွ..."


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက အော်ဟစ်ရယ်မောလိုက်ကြပြီး ပုဖန်ကို လှောင်ပြောင်သလို ကြည့်နေကြသည်။ သူတို့အတွက် ပုဖန်က သေလမ်းရှာနေသည့် ပုရွက်ဆိတ်ကလေးသာသာပင် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကို အာရုံခံမရပေ။ ထို့ကြောင့် သူ့ကို နယ်ပယ်သခင်နှင့် မြို့တော်အရှင် များထဲမှ တစ်ယောက်အဖြစ် မထင်ကြပေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်မြေထဲတွင် သူတို့ကို ဆန့်ကျင်နိုင်သည့် လူမှာ ထိုလူများသာရှိ၍ ပုဖန်ကို အဖက်မလုပ်ကြခြင်းဖြစ်သည်။


"နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီတဲ့....ဟားဟား... နောက်ဆုံးတော့ မင်းကိုယ်မင်း အသတ်ခံရအောင် လုပ်နိုင်ခဲ့ပြီလို့ ပြောတာလား.... "

ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများထဲမှ တစ်ယောက်က သရော်တော်တော် ပြောလိုက်သည်။ ခဏအကြာတွင် သူ့ထဲမှ ကြောက်မက်ဖွယ် အော်ရာများ ထွက်ပေါ်လာပြီး သူ့ခေါင်းအထက်တွင် ကြယ်ရောင်များ တောက်ပလာသည်။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပုဖန်ဆီ ပြေးဝင်လိုက်သည်။


ပုဖန်က လေထုအလယ်တွင် လွင့်မျောနေကာ ထိုကျင့်ကြံသူကို မထူးခြား သလို ကြည့်နေသည်။ သူ့နောက်ကျောဘက်ရှိ မီးတောက်အတောင်ပံများကို တဖျပ်ဖျပ်ခပ်လိုက်ပြီး လေပြင်းများ ထွက်ပေါ်လာစေသည်။


သူ့လက်ထဲရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားကို တဖြေးဖြေးချင်းမြှောက်လိုက်သည်။ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ခုန်လှုပ်နေသလို ကောင်းကင်ယံတွင် နှလုံးခုန်သံတို့ ပဲ့တင်ထပ်နေသည်။


"ခုတ်ပိုင်းချက်...."

ပုဖန် ခပ်တိုးတိုးပြောလိုက်သည်။ ထိုသို့ပြောပြီးနောက်တွင် လေတစ်ချက်တိုက်လာပြီး သူ၏အနီရောင်ဝတ်ရုံကို လွင့်ခါစေကာ မီးတောက်တစ်ခု လူးလွန့်နေသည့်ဟန် ဖြစ်သွားစေသည်။


"မောက်မာလိုက်တဲ့ကောင်...."

ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူက အော်ဟစ်လိုက်သည်။ နက်မှောင်နေသည့် ငရဲစွမ်းအင်များက ကောင်းကင်တွင် မြင့်တက်လာသည်။ သူ့ထားဘေးတွင် လက်သီးနှစ်ခုလုံးကို ထားထားပြီး ပြေးထွက်လာသည်။ ခဏအကြာတွင် သားရဲကြီးနှစ်ကောင်က ပုဖန်ဆီပြေးဝင်လာသည်။


ဝေါင်း ဝေါင်း


သားရဲများ၏ ဟိန်းဟောက်သံက လေထဲတွင် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ် ဖိအားက ကောင်းကင်တစ်ခွင်ကို ဖိနှိပ်သွားခဲ့သည်။ မြို့ထဲရှိ လူအားလုံး ကိုယ်ကိုကြုံ့သွားပြီး မြို့တံတိုင်းဘေးသို့ကပ်နေကာ အသက်ပင် မရှူရဲဖြစ်နေကြသည်။ မြို့တော်သခင်မုန့်ချီက စိုးရိမ်တကြီးလက်သီးဆုပ်မိလိုက်သည်။


" အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ...."


ပုဖန် သူ၏နဂါးအရိုးမီးဖိုချောင်သုံးဓားကို ခုတ်ချလိုက်သည်။ သူ၏မျက်လုံးများက တောက်ပသွားကာ သူ့ကိုယ်တွင်းမှ စစ်မှန်စွမ်းအင်များက ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် နဂါးတို့၏ ဟိန်းဟောက်သံ ၊ ဖီးနစ်ငှက်တို့၏ မြည်တမ်းသံနှင့် လိပ်တို့၏ အော်သံတို့ သူ့ခေါင်းထဲတွင် မြည်ဟီးလာပြီး သူ၏စိတ်ဝိဉာဉ်ပင်လယ်ကို လှိုင်းထသွားစေသည်။ တစ်ချိန်တည်းတွင် ရွှေရောင်ပုရပိုက်ကလည်း တောက်ပလာခဲ့သည်။


ခဏအကြာတွင် သူ၏နတ်ဘုရားစိတ်အာရုံကာ မုန်တိုင်းတစ်ခုနှယ် ဖြန့်ကျက်သွားပြီး ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူ၏ ခေါင်းထဲ လှိုင်းလုံးကြီးလို ရိုက်ခတ်သွားသည်။ ၎င်းက သူ၏စိတ်ဝိဉာဉ်ပင်လည်ထဲတွင် ပေါက်ကွဲသွားပြီး သူကို ငေးကြောင်ကြောင်ဖြစ်သွားစေကာ သူ၏အသိစိတ်ကို မှုန်ဝါးသွားစေသည်။


ထို့နောက် ပုဖန်နောက်တွင် ဧရာမအရိပ်ကြီး ထွက်ပေါ်လာပြီး ၎င်းလက်ထဲရှိ မီးဖိုချောင်သုံးဓားဖြင့် တည့်တည့် ခုတ်ဖြတ်လိုက်သည်။


ကောင်းကင်တစ်ခုလုံးပင် ထိုမီးဖိုချောင်ဓားထံမှ ပိုင်းဖြတ်ခံရသလိုပင်။


လူတိုင်း၏ မျက်လုံးထဲတွင် ထိုဓားက အလွန်အမင်းတောက်ပနေသည်။ ၎င်းက လျှပ်စီးလက်သလို ခုတ်ဖြတ်သွားပြီး ငရဲစွမ်းအင်မှ ပြုလုပ်ထားသည့် သားရဲနှစ်ကောင်နှင့် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူသည်လည်း နှစ်ပိုင်းပြတ်သွားသည်။


သွေးများက နေရာအနှံ့သို့ လွင့်စင်နေသည်။


ထိုကျင့်ကြံသူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေကာ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ဘုန်းခနဲပေါက်ကွဲသွားသည်။


သူအသတ်ခံလိုက်ရလေပြီ။


လူတိုင်း အံ့ဩသွားကြသည်။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့် မသေမျိုးမြို့တော်ထဲမှ အင်မော်တယ်စားဖိုမှူးများက ကြောင်တက်တက်ဖြစ်နေကြသည်။


သူက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းခုတ်ပိုင်းပြီး သတ်လိုက်တာလား.... သူက ဘယ်သူလဲ... ဘာလို့ အရမ်းသန်မာနေရတာလဲ...


"သူက နတ်ဆိုးဘုရင်ကြီးပဲ...."

တစ်ယောက်ယောက်က ပုဖန်ကို မှတ်မိသွားပြီး အော်ပြောလာသည်။ 


"အာ.... အိုး... ဟုတ်တယ်ဟ.... သူက တကယ် နတ်ဆိုးဘုရင်ကြီးပဲ...."


" နတ်ဆိုးဘုရင်ကြီးက ဘယ်တုန်းကများ ဒီလောက် သန်မာသွားရတာလဲ...."


"သူက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တာဟ.... နတ်ဆိုးဘုရင်ကြီးက မယုံနိုင်စရာကြီး....."


မသေမျိုးမြို့တော်တစ်ခုလုံး ပွက်ပွက်ညံသွားသည်။ လူတိုင်းက စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲသွားကြသည်။ သူတို့၏ စိတ်ထဲတွင် နတ်ဆိုးဘုရင်ကြီးက အံ့ဖွယ်တစ်ခုပင်။ ယခုသူ၏ ထွက်ပေါ်လာမှုကလည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖြစ်သွားစေခဲ့ပြန်သည်။ သူက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့် တစ်ယောက်ကို မည်သူ့အကူအညီမှ မပါပဲသတ်ခဲ့သည်။


နတ်ဆိုးဘုရင်ကြီးက တစ်ခုခုတော့ တစ်ခုခုပဲ... ဘယ်သူကများ ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးအဆင့်မှာ ကြယ်ကိုးပွင့် အဆင့်က လူတစ်ယောက်က်ို သတ်နိုင်မှာလဲ....


"မဟုတ်သေးဘူး.... မဟုတ်သေးဘူး... မဟုတ်သေးဘူး.... နတ်ဆိုးဘုရင်ကြီးက ကြယ်တစ်ပွင့်အဆင့်မဟုတ်တော့ဘူးဟ...."

တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လာသည်။


"ကြည့်လိုက်ဦး နတ်ဆိုးဘုရင်ကြီးရဲ့ အော်ရာက ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးအဆင့်ထက် မြင့်နေပြီ... မြို့တော်သခင်မုန့်ချီတောင် သူ့ထက်နည်းနည်းလောက် အားနည်းနေသေးတယ်..."


"ဖြစ်နိုင်ပါ့မလား.... နတ်ဆိုးဘုရင်ကြီးက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့်ရောက်သွားတာ ဖြစ်နိုင်ပါ့မလား..."


" နတ်ဆိုးဘုရင်ကြီးက ဘယ်လိုလုပ်ပြီး အဲ့လောက် အဆင့်တက်မြန်ရတာလဲ...."


လူတိုင်း ထိတ်လန့်သွားကြသည်။ တစ်စုံတစ်ယောက်က ပုဖန်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။


ပုဖန်က အောက်ဘက်ရှိ အထိတ်တလန့်ဆွေးနွေးနေမှုများကို ဂရုပင်မစိုက်ချေ။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်ဦးကို သတ်ပြီးနောက်တွင် သူ့အကြည့်များက ကျန်သည့် ကျင့်ကြံသူအနည်းငယ်ဆီရောက်သွားခဲ့သည်။


"ငါတို့ မင်းကို အထင်လွဲသွားတာပဲ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ခုခံမှုက အချည်းနှီးပဲ.. မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ပျက်သုဉ်းခြင်းက သတ်မှတ်ပြီးသွားပြီ... မင်းမပြောင်းလဲ နိုင်တော့ဘူး...."

မသေမျိုးအကျဉ်းထောင်မှ ကျင့်ကြံသူများထဲမှ တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။


"အိုး...."

ပုဖန်၏ သွေးအေးလှသော ပြန်ဖြေမှုက သူတို့ကို ရပ်တန့်သွားစေသည်။


"မင်းအခုလက်နက်ချမယ်ဆိုရင်... ငါတို့ မင်းကို လွှတ်ပေးမယ်...."


ပုဖန်က ထိုသို့ပြောလာသည့်လူကို ထူးဆန်းသလို ကြည့်လိုက်သည်။

"ငါ့ကို ရူးနေတယ်လို့များ ထင်နေလား..."


ထိုသို့ပြောပြီးနောက် ပါးစပ်ဟကာ အဖြူရောင်မီးတောက်ကို ထွေးထုတ်လိုက်ပြီး ကောင်းကင်ယံတစ်ခုလုံးကို မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားစေသည်။


ထို့နောက် လက်မြှောက်လိုက်ကာ ထိုမီးပင်လယ်ကို ချက်ချင်း ပြန့်ကားသွားစေပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားစေသော အဖြူရောင်မီးတောင် လက်ဖဝါးအဖြစ် ပြောင်းသွားစေသည်။ သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး ကျန်နေသေးသည့် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူလေးယောက်အပေါ် လက်ဖဝါးဖြင့် ဖိရိုက်ချလိုက်သည်။


ပုဖန်က တစ်စုံတစ်ယောက်ကို လက်ဖဝါးဖြင့် တစ်ချက်တည်း ရိုက်သတ်ရသည့် ခံစားချက်ကို ခံစားဖူးချင်သည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် ထိုအချိန်များတွင် သူ၏ခွန်အားက အလွန်နိမ့်ပါးနေခဲ့သည်။


ခွေးဘုရင်က အမြဲတမ်း သူ၏နူးညံ့သည့်လက်ဖဝါးလေးဖြင့် ရိုက်ချကာ သတ်နေကြဖြစ်သော်လည်း ယခု ပုဖန်က အထူးမီးတောက်လက်ဖဝါးကို သင်ယူခဲ့ပြီးဖြစ်သည်။


ဘုန်း


ပူပြင်းလှသည့် မီးတောက်များက ပစ်မှတ်များဆီ ကြောက်မက်ဖွယ် စွမ်းအင်နှင့်အတူ ပေါက်ကွဲထွက်သွားသည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက ငရဲစွမ်းအင်များကို ထုတ်ကာ ခုခံကြသည်။ သို့သော် ထိုမီးတောက်များက ငရဲစွမ်းအင်များကိုပင် ဝါးမျိုနေနိုင်ပေသည်။


"သောက်ကျိုးနည်း... ဒါဘယ်လိုမီးမျိုးလဲဟ..."


တုန့်ဆိုင်းမနေတော့ပဲ သူတို့အားလုံး မြှားများနှယ် ပြေးထွက်သွားကြသည်။ သို့လှုပ်လိုက်သည်နှင့် မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။ 


သူတို့ ပြေးနေသည့် ဦးတည်ဘက်တွင် ပုဖန်က သူတို့ကို အေးစက်စွာကြည့်နေရင်း သူ့လက်ထဲရှိ ဒယ်အိုးအနက်ကို လွှင့်ပစ်လိုက်ကြောင်း သိလိုက်ရ၍ဖြစ်သည်။


အနက်ရောင်ဒယ်အိုးကြီးက တဖြေးဖြေးကြီးလာပြီး လေဟာနယ်ကိုပင် အက်ကွဲသွားစေသည်။


ခဏအကြာတွင် ကျင့်ကြံသူလေးယောက်လုံး ဒယ်အိုး မှန်သွားခဲ့သည်။


ဘန်း ဘန်း ဘန်း ဘန်း


အနက်ရောင်ဒယ်အိုးကြီးက သူတို့၏မျက်နှာနှင့် မိတ်ဆက်သွားကာ လေထဲတွင် အရိုးကျိုးသံများ ပြည့်နှက်သွားသည်။


ချက်ချင်း သူတို့၏ နှာခေါင်းများက ထုချေခြင်းခံလိုက်ရကာ သူတို့စိတ်ထဲတွင် အမျိုးမျိုးသော ခံစားချက်များ ဖွဲ့တည်လာကြသည်။ သူတို့ အလွန်စိတ်ဓာတ်ကျနေပြီး သွေးအန်မလိုပင် ဖြစ်နေသည်။


ဘုန်း ဘုန်း ဘုန်း


အကျိုးသက်ရောက်မှုအနေဖြင့် သူတို့အားလုံး နောက်သို့ ပြန်ထွက်သွားကြပြီး မြို့နံရံကို အက်ကွဲသွားစေကာ နောက်ထစ်ကြိမ် ထပ် မတိုက်ခိုက်နိုင်တော့ပေ။


သူတို့အားလုံး ဒယ်အိုးတစ်ခုကြောင့် အမှောက်သိပ် ခံလိုက်ရသည်။


ကောင်းကင်ယံကိုပင် ဖုံးလွှမ်းသွားစေသော မီးတောက်များ ပျောက်ကွယ်သွားပြီး ပုဖန်လက်ထဲတွင် ကခုန်နေသော မီးပွားလေးများအဖြစ် ပြောင်းလဲသွားသည်။


"ကောင်းပြီလေ... ကျန်တာ မင်းတို့နဲ့ ထားခဲ့ပြီ...."

ပုဖန်က သူ၏အနက်ရောင်ဒယ်အိုးကို ပြန်ယူလိုက်ကာ စတုတ္ထအလွှာသို့ ချက်ချင်းသွားရန်စီစဉ်လိုက်သည်။


သူအနည်းငယ် စိုးရိမ်ပူပန်မိနေလေပြီ။ သူ၏နတ်ဘုရားစိတ်အာရုံက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ မဟာလမ်းစဉ်၏ ဆန္ဒက တဖြေးဖြေးအားနည်းနေပြီဖြစ်ကြောင်း ခံစားမိနေသည်။ သူနယ်ပယ်သခင် တိထိုက်ကို မြန်မြန်ရှာပြီး မသေမျိုးသစ်ပင်၏ သစ်စေ့ကို ပြန်ရှင်လာအောင် လုပ်ရာတွင် ကူညီပေးရပေမည်။


မသေမျိုးမြို့တော်ထဲမှ လူတစ်အုပ်က တံတိုင်းပေါ် တွယ်တက်ကာ လူလေးယောက်ကို မြို့တံတိုင်းပေါ်မှ ဆွဲချကြလေသည်။ ကြောက်ရွံ့မှုကြောင့် မလှုပ်ရဲကြသော အင်မော်တယ်စားဖိုမှူးများက ယခုတွင် ဒေါသတို့ တောက်လောင်နေလေပြီ။ သူတို့ ပြန်တိုက်ချင်ကြသော်လည်း အလွန်အားနည်းနေခဲ့ကြသည်။ သို့သော် ယခုတွင် ထိုရန်သူလေးယောက်က သူတို့ဒေါသများ၏ ထွက်ပေါက် စိတ်ဖြေရာ ဖြစ်လာကြသည်။


တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။ လူလေးယောက်က ခုခံနိုင်စွမ်းပင် ဆုံးရှုံးနေပြီဖြစ်၍ မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလာသည့် တိုက်ခိုက်မှုများကို ခါးစည်းခံနေကြရသည်။


ထိုအချိန်တွင် လူများကြားရှိ ကြောက်ရွံ့ထိတ်လန့်မှုတို့ ပျောက်ကွယ်သွားခဲ့ကြသည်။


တံတိုင်းပေါ်တွင် မြို့တော်သခင်မုန့်ချီက ပုဖန်ကို ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်နေသည်။ မသေမျိုးမြို့တော်အတွင်းတွင် အမြစ်တွယ်နေသော ကြောက်ရွံ့မှုကို မည်သို့ ဖြေရှင်းရမလဲဟု စဉ်းစားနေသော်လည်း ပုဖန်က အလွယ်လေး ဖြေရှင်းပေးခဲ့သည်။


ရုတ်တရက် ပုဖန် မျက်မှောင်ကြုတ်ရင်း ဝင်ပေါက်ကို ကြည့်နေသည်။ နက်မှောင်နေသည့် ငရဲစွမ်းအင်များက နောက်တစ်ကြိမ်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် တည်ရှိမှုအချို့ ထွက်ပေါ်လာတော့ မယောင်ဖြစ်နေသည်။ 


ကျူးကျော်သူများ ထပ်မံရောက်လာလေပြန်ပြီ။


လူတိုင်း လှုပ်ရှားမှုများ ရပ်လိုက်ကာ ကောင်ကင်ပေါ်ရှိ ဝင်ပေါက်ကို ကြည့်လိုက်ကြသည်။


ပုဖန်က သူ့နောက်ကျောရှိ မီးတောက်အတောင်ပံများကို ခပ်ရင်း ပျံဝဲနေသည်။ သူ့ပခုံးပေါ်ရှိ တစ်စုံတစ်ခုလုပ်ရန် စိတ်အားထက်သန်နေသော မြေခွေးလေးကို ခေါင်းပွတ်ပေးလိုက်သည်။ ခဏအကြာတွင် ရွှေရောင်တောက်နေသည့် ပေါက်ကွဲအသားလုံးများက သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။


ဝေါင်း ဝေါင်း


နောက်ဆုံးတွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်အုပ်ကြီးက ကျိုင်းကောင်အုပ်ကြီးနှယ် ဝင်ပေါက်မှ ထွက်ပေါ်လာပြီး အောက်သို့ သက်ဆင်းလာသည်။


မြို့တော်ထဲမှ အင်မော်တယ်စားဖိုမှူးများက ကြောက်လန့်တုန်ရီသွားကြသည်။ ထိုစဉ် အရိုက်ခံထားရ၍ သွေးများလွှမ်းနေသော ကျင့်ကြံသူလေးယောက်က အော်ရယ် လိုက်ကြသည်။


"မင်းတို့သေပြီ... မင်းတို့အားလုံးသေပြီပဲ.. ငရဲအကျဉ်းထောင်က စစ်တပ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ရှိသမျှအရာတိုင်းကို သတ်ဖြတ်ပစ်ကြမှာကွ..."


ဘန်း


သူ ထိုစကားလုံးအနည်းငယ်သာ ပြောရသေးသော်လည်း အင်မော်တယ်စားဖိုမှူးများထံမှ ထပ်မံရိုက်နှက်ခြင်း ခံလိုက်ရသည်။


မြေခွေးလေးက ပုဖန်ဘေးရှိ အသားလုံးများကို အနံ့ခံကာ မျက်လုံးလေးမှေးပြီး လျက်ကြည့်လိုက်သည်။ ထိုအသားလုံးများကို စားချင်နေဟန် ပြနေသော်လည်း ပုဖန်က သူ့ကို အများကြီး ကျွေးပြီးသားဖြစ်သလို ခဏနေလျှင် သူ့အကူအညီလိုလာမည်ဟု ပြောသဖြင့် ယခုတွင် တိုက်ခိုက်ရန် မလိုသေးပေ။


ပုဖန် ပေါက်ကွဲအသားလုံး ခုနစ်လုံးကို ကိုက်လိုက်ကာ အကုန်လုံးကို ပစ်လွှတ်လိုက်သည်။


အသားလုံးများက ဝက်ပေါက်မှ ထွက်ပေါ်လာနေသော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများထံ ရွှေရောင် ဒုံးကျည်များလို ပြေးဝင်သွားကြသည်။


ပျက်စီးမှုက လျှင်မြန်စွာ ချဉ်းကပ်လာသည်။