အပိုင်း ၁၁၆၆
Viewers 53k

အခန်း ၁၁၆၆

ဝှိုက်တီ၏ပြန်ရောက်လာမှုနှင့် ပဉ္စမအလွှာ၏တိုက်ခိုက်မှု


ငရဲအကျဉ်းထောင်မှ စစ်တပ်က ကျိုင်းကောင်အုပ်ကြီးနှယ် ဝင်ပေါက်မှ ထွက်ပေါ်လာသည်။


သို့သော် ၎င်းက ပုဖန်အတွက်ဘာမှမဟုတ်ပေ။


ပေါက်ကွဲအသားလုံး ခုနစ်ခုက ကောင်းကင်ပေါ် ပျံတက်သွားကာ ဒုံးပျံများနှယ် ဖြစ်နေသည်။


ပုဖန်က ထိုအသားလုံးများက ရန်သူအုပ်စုကြီးကို သတ်ရန် ပိုမိုသင့်တော်ကြောင်း တွေ့သွားသည်။ ၎င်း၏ ပြင်းထန်လှသည့် ပေါက်ကွဲနိုင်စွမ်းက အိပ်မက်ဆိုး တစ်ခုနှင့်တူပြီး အထူးသဖြင့် ရန်သူအရေအတွက်များလေ ပိုထိရောက်လေဖြစ်သည်။


ငရဲစွမ်းအင်များက မြင့်တက်လာသည်။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ ဝင်ပေါက်တွင် ကြပ်ညှပ်နေအောင် တိုးထွက်လာပြီးနောက် ပုဖန်ကို တွေ့လိုက်ရသည်။ ပေါက်ကွဲအသားလုံးများကိုပါ မြင်လိုက်ရသော သူတို့အမြင် ထိုအသားလုံးများမှာ အသားလုံးများမျှသာဖြစ်သည်။


အသားလုံးများက လူအုပ်ထဲ ကျရောက်သွားသည်။


ဘုန်း ဘုန်း ဘုန်း


ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာပြီး ထိုပေါက်ကွဲမှုများကြောင့် မီးတောက်များက ကောင်းကင်အထိတိုက် ထိုးတက်သွားသည်။ ပေါက်ကွဲအသားလုံးများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဖျက်ဆီးနိုင်စွမ်းက နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး ကောင်းကင်ယံကို မီးတောက်ပင်လယ်ကြီးဖြင့် လွှမ်းခြုံသွားသည်။


သနားစရာ လူလေးယောက်ကို ရိုက်နှက်နေကြသော အင်မော်တယ်စားဖိုမှူးများက ရပ်တန့်သွားကြကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြသည်။


သူတို့အားလုံး ကောင်းကင်ပေါ်တွင် မှို ပုံသဏ္ဍာန်တိမ်တိုက်များကို မြင်လိုက်ရပြီး တဖြေးဖြေး ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသည်။


ကြောက်ဖို့ကောင်းလိုက်တဲ့ ပေါက်ကွဲမှုကြီးပဲ....

၎င်းက လူတိုင်း၏ စိတ်ထဲတွင် ပထမဆုံး တွေးမိသည့် အတွေးပင်။ နတ်ဆိုးဘုရင်ကြီးက ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေပြီ။


ငရဲအကျဉ်းထောင်က ကျင့်ကြံသူတွေအားလုံးက ပေါက်ကွဲအသားလုံးလေး ခုနစ်လုံးတည်းနဲ့ အသတ်ခံလိုက်ရတာ ဖြစ်နိုင်ပါ့မလား....


ပုဖန်က လက်နောက်ပစ်ရင်း လေထဲတွင် ရပ်နေသည်။ သူဘက်က တိုက်ခိုက်ရန် အလျင်လိုမနေပေ။ တလှိမ့်လှိမ့်တက်နေသည့် မီးတောက်ကြီးများကိုသာ စိတ်ရှည်စွာ ကြည့်နေလိုက်သည်။


ခဏအကြာတွင် မီးတောက်ကြီးများက တဖြေးဖြေးပျောက်ကွယ်သွားသည်။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်လဲနေကြပြီး နာနာကျင်ကျင်အော်ဟစ် မြည်တမ်းနေကြသည်။


ပုဖန်က မျက်နှာသေဖြင့်သာ ကြည့်နေလိုက်သည်။ ပေါက်ကွဲအသားလုံး ခုနစ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းလှသည့် ပေါက်ကွဲနိုင်စွမ်းတို့ ရှိသော်လည်း ရန်သူအားလုံးကိုသတ်ရန် မဖြစ်နိုင်ပေ။ ဆွေးမြေ့အိုးကသာ လုပ်နိုင်ပေလိမ့်မည်။


အတွေးတစ်ချက်ဖြင့် သူ့ဘေးတွင် မှော်အစီအရင်တစ်ခု ထွက်ပေါ်လာသည်။ သူ့ပခုံးပေါ်တွင် လှဲလျောင်းနေသော ပုစွန်ပိစိကလည်း ချက်ချင်းတောက်ပလာသည်။


အစီအရင်က စတင်လည်ပတ်လာသည်။ ခဏအကြာတွင် ၎င်းက တဟုန်ထိုးပြေးထွက်သွားသည်။ ထို့နောက် မှော်အစီအရင်ထဲမှ စက်ပစ္စည်းအသံတို့ ကြားလိုက်ရပြီး ဝှိုက်တီ ထွက်ပေါ်လာခဲ့သည်။


ဝှိုက်တီက နောက်ဆုံးတွင် အသွင်ပြောင်းလဲ၍ ပြီးပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများက ဖျက်စီးနိုင်စွမ်း အပြည့်ဖြစ်နေကာ ၎င်း၏စက်ရုပ်မျက်လုံးများကလည်း ကြယ်တစ်ပွင့်လို တောက်ပနေသည်။


"ဝှိုက်တီ... မင်း ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပေးဖို့ အချိန်ရောက်ပြီ...."

ပုဖန် ဝှိုက်တီကို ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။


သူ၏စကားများကို ကြားပြီးနောက်တွင် ပုဖန်နောက်ကျောရှိ သတ္တုအတောင်ပံများက ပြန့်ကားလာပြီး ၎င်းခန္ဓာကိုယ်တွင် ချပ်ဝတ်တန်ဆာ တစ်စုံက ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်း၏ဝမ်းဗိုက်ထဲမှ မျက်နှာပြင်တွင် ကြက်သွေးနီရောင် လျှပ်စီးကြောင်းတို့ ကခုန်နေသည့် နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်လိုက်သည်။ 


ခဏအကြာတွင် ဝှိုက်တီက ၎င်း၏ မျက်လုံးများကို ပေါက်ကွဲမှုထံမှ အသက်ရှင်ကျန်ရစ်သည့် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများထံ စိုက်ကြည့်လိုက်သည်။


ပုစွန်ပိစိက အသံလေးတစ်သံကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားကာ ဧရာမကြီးအဖြစ် ပြောင်းလဲသွားသည်။


ပုစွန်ပိစိက ဝှိုက်တီကျောပေါ်တက်ပြီး ပျံသန်းလိုက်ကာ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ ရှိရာနေရာကို သွားလိုက်သည်။


ထိုငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက စိတ်ရှုပ်ထွေးနေကြသည်။သူတို့အတွက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ တတိယအလွှာကို ဝင်လာရသည်မှာ လွယ်လွန်းလှသည်။ သို့သော် သူတို့ရောက်သည်နှင့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးနှင့် ကြုံရပြီး သူတို့ဘက်မှ လူအများစုက အသတ်ခံလိုက်ရသည်။ အသက်ရှင်ကျန်ရစ်သည့် လူအများစုမှ ကြယ်ကိုးပွင့် စစ်မှန်မသေမျိုး အဆင့်ရှိ ကျင့်ကြံသူများသာ ဖြစ်ကြသည်။


အသက်ရှင်ကျန်ရစ်သူများတွင် မာကျောကာ အသားထူသည့် ခန္ဓာကိုယ်များရှိကြသည်။ ပေါက်ကွဲအသားလုံးများတွင် မဟာလမ်းစဉ်၏ စိတ်ဆန္ဒတို့ ပါနေသော်လည်း ၎င်းက သူတို့ကို လွယ်လွယ်မသတ်နိုင်ပေ။


"ငါတို့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့...."


"ခွင့်မလွှတ်နိုင်စရာပဲ..."


"မင်းတို့အားလုံးကို သတ်ပစ်မယ်..."


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက အံကြိတ်လိုက်ကြသည်။ သူတို့အားလုံး တစ်ချက်တည်းဖြင့် သုတ်သင်ခံရလုနီးနီး ဖြစ်သွားသည့် ဖြစ်စဉ်က သူတို့ကို ဒေါသထွက်သွားစေသည်။


ဝှိုက်တီက ပုစွန်ပိစိပေါ်တွင် ရပ်နေဆဲဖြစ်သည်။ ၎င်း၏ မျက်လုံးထဲရှိ အကြည့်များက လုံးဝမပြောင်းလဲပေ။


ပုဖန်က အတော်လေး စိတ်ဝင်စားနေဟန် ကြည့်နေသည်။ ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းက မည်မျှရှိနေကြောင်း သိချင်နေသည်။


ဘုန်း


ကောင်းကင်ပေါ်တွင် လေမုန်တိုင်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုငရဲအကျဉ်းထောင်မှ ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အတော်လေး အံ့ဩဖွယ်ကောင်းလှသည်။


သို့သော် ဝှိုက်တီက နည်းနည်းမှမကြောက်ပေ။ လုံးတုန့်ဆိုင်းခြင်း မရှိပဲ ၎င်း၏လက်ထဲရှိ နတ်ဘုရားသတ်တုတ်ကို လွှဲရမ်းလိုက်သည်။


ရုတ်တရက် ပုစွန်ပိစိ၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လျှပ်စီးများကြောင့် ၎င်းတို့၏ အရှိန်နှုန်းများက ကြမ်းတမ်းစွာ တိုးမြင့်လာပြီး နှစ်ယောက်လုံးက ကြယ်အလင်းများလို လေဟာနယ်ကို ထွင်းဖောက်သွားသည်။


တုတ်က ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်ယောက်၏ ခေါင်းပေါ် တည့်တည့် ကျဆင်းသွားသည်။


ပုစွန်ပိစိ၏ ရုတ်တရက်ကြီး အရှိန်နှုန်းမြင့်လာမှုက လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။ ၎င်း၏ လှုပ်ရှားမှုများက လျှပ်ပြက်သလို မြန်လှပြီး မပြင်ဆင်ထားရသေးသော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတိုင်းက အဖမ်းခံလိုက်ရသည်။


တံတိုင်းပေါ်မှ အင်မော်တယ်စားဖိုမှူးများက ၎င်းက နတ်ဆိုးဘုရင်ကြီး၏ အင်မော်တယ်စားဖိုမှူး ပြိုင်ပွဲကြီးများတွင် သာမန်ထက်ကျော်လွန်အောင် အစွမ်းပြခဲ့သော မြေကမ္ဘာအင်မော်တယ် ရုပ်သေးဖြစ်ကြောင်း သိကြပေသည်။ 


ဒါပေမဲ့ ဘယ်လောက်ပဲ သန်မာနေနေ မြေကမ္ဘာအင်မော်တယ် ရုပ်သေးပဲလေ ကြယ်ကိုးပွင့် စစ်မှန်မသေမျိုး ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ.... ကောင်းကင်အင်မော်တယ်ရုပ်သေးတွေတောင် အဲ့လောက်အထိ မသန်မာဘူးမဟုတ်လား...


မဖြစ်နိုင်သည့် အရာတိုင်းက နတ်ဆိုးဘုရင်ကြီးဘေးသို့ရောက်လျှင် အကုန်လုံး ဖြစ်နိုင်ပေသည်။


ဝှိုက်တီ၏ တောက်ပနေသော မျက်လုံးများကအေးစက်ကာ ဆန်းကြယ်မှုတို့ ပြည့်နေသည်။


ပုဖန် ၎င်းကို စိုက်ကြည့်နေသည်။ ဝှိုက်တီက အစကထက် ပိုပိုပြီး လူသားဆန်လာသည်ဟု ခံစားမိနေသည်။ သို့သော်လည်း ထိုကိစ္စကို သူလုံးဝ စိတ်မကွက်ပေ။ ဝှိုက်တီက အမှန်စင်စစ် လူသားဖြစ်လာလျှင်ပင် ဝှိုက်တီဖြစ်နေဆဲသာဖြစ်သည်။


လျှပ်စီးကြောင်းများက ကောင်းကင်ယံတွင် ရိုက်ခတ်နေရင်း ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် နတ်ဘုရားသတ်တုတ်က တဖြေးဖြေးပိုမိုကြီးမားလာသည်။


ပေါက်ကွဲသံအတွဲလိုက်ထွက်ပေါ်လာကာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းများက ဖရဲသီးလို ကွဲကြေသွားကြသည်။


သိပ်မကြာခင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတိုင်း ကျဆုံးသွားကြလေပြီ။


ဝှိုက်တီက လျှပ်စီးကြောင်းတို့ ကခုန်နေသော နတ်ဘုရားသတ်တုတ်ကိုကိုင်ထားသည်။


ပုဖန်က အလွန်စိတ်ကျေနပ်နေမိသည်။ သူ နတ်ဘုရားမမြို့တော်တွင် တော်ဝင်စားသောက်ပွဲကြီး ပြင်ခဲ့သည်မှာ အလဟဿမဖြစ်လိုက်ပေ။ မိုးကြိုးပြစ်ဒဏ်များစွာကို စားသုံးပြီးနောက်တွင် ဝှိုက်တီက ဤမျှအဆင့်ထိ သန်မာလာခဲ့ရသည်။


"ဝှိုက်တီ ပဉ္စမအလွှာအထိ တိုက်ခိုက်ရင်း လမ်းဖောက်သွားချေ..."

ပုဖန် ပြောလိုက်သည်။


ဝှိုက်တီက ခေါင်းငြိမ့်လိုက်သည်။ ၎င်း၏နောက်ကျောရှိ သတ္တုအတောင်ပံများကို ဖြန့်ကားလိုက်ကာ ပုစွန်ပိစိကိုသယ်ဆောင်ရင်း ဝင်ပေါက်ဆီသို့ ပျံသွားလ်ုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်။


ပုဖန် ခပ်ဖွဖွ အသက်ရှုသွင်းလိုက်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးရင်း ဝင်ပေါက်ဆီ ပျံသန်းလိုက်သည်။


မုန့်ချီ အံတင်းတင်းကြိတ်လိုက်မိသည်။ သူမ ပုဖန်နောက်လိုက်ချင်နေသော်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပြီဖြစ်၍ ထပ်မံမတိုက်ခိုက်နိုင်တော့ပေ။ ပုဖန် အသက်စမ်းရေကို ပြန်ယူလာပြီးဖြစ်၍ ၎င်းကိုအသုံးပြုပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကယ်တင်ပေးပြီး နောက်ထပ် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပါစေဟု ဆုတောင်းနေမိသည်။



စတုတ္ထအလွှာကို ဝင်ပြီးသည်နှင့် ပုဖန်က မုန့်ချီအဘယ်ကြောင့် စတုတ္ထ အလွှာမှ မသေမျိုးစားဖိုမှူးများကို တတိယအလွှာသို့ ခေါ်ထားခဲ့ကြောင်း သိသွားခဲ့သည်။


ကောင်းကင်ယံက အက်ကြောင်းတို့ ပြည့်နေပြီး ပြိုကျတော့မယောင်ဖြစ်နေသည်။ ၎င်းက လက်ဆန့်လိုက်သည်နှင့် ထိနိုင်လောက်အောင်အထိ နိမ့်နေသည်။ လေထဲတွင် တဝုန်းဝုန်းမြည်သံတို့ ဆူညံနေပြီး ပဉ္စမအလွာက အောက်သို့ ဆက်လက်ကျဆင်းနေပြီး စတုတ္ထအလွှာကို တိုက်မိတော့မယောင်ဖြစ်နေသည်။


အခြေအနေက သေရေးရှင်ရေးတမျှဖြစ်နေလေပြီ။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ အချိန်မဖြုန်းပဲ ပုစွန်ပိစိနှင့် ဝှိုက်တီတို့နောက်သို့ လျှပ်စီးလက်သလို လိုက်မီသွားပြီး ပဉ္စမ အလွှာ၏ဝင်ပေါက်ဆီ တည့်တည့်သွားလိုက်သည်။


ဘုန်း


ဝှိုက်တီက ပဉ္စမအလွှာဝင်ပေါက်ကို ရောက်သည်နှင့် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့် စတင်တိုက်ခိုက်တော့သည်။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများမှာ ဝင်ပေါက်တွင် ချိတ်ပိတ်ခံထားရကြောင်း သိသာလှပေသည်။


မုန့်ချီ၏ပြောပြချက်အရ မြို့တော်သခင်ကျိုးနှင့် နယ်ပယ်သခင်တိထိုက်က ပဉ္စမအလွှာတွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြောင်း သိထားသည်။


ပုဖန်က နယ်ပယ်သခင်တိထိုက်ထံမှ မသေမျိုးသစ်စေ့ကို လိုနေသဖြင့် သူ့ကိုလိုက်ရှာနေသည်။


လမ်းပိတ်နေသည့် လူများကြောင့် ဝှိုက်တီက မျက်ဆန်လှန်လိုက်သည်။ ခဏအကြာတွင် နတ်ဘုရားသတ်တုတ်က အသက်ရှိနေဟန် ပိုမိုကြီးမားကာထူတုတ်လာပြီး ဝင်ပေါက်ကို ရိုက်ချလိုက်သည်။


ဘုန်းခနဲမြည်သံက ချက်ချင်း ပျံ့လွင့်လာသည်။


တုတ်က ဝင်ပေါက်ကို ထိုးစိုက်သွားသည်။


ဝှိုက်တီက ၎င်း၏ လက်ဖဝါးကြီးကို တုတ်ပေါ်တွင် တင်ထားပြီး ရန်သူများကို အားသုံး၍ ဖိနှိပ်ရန် ကြိုးစားနေသည်ပုံ ပေါ်နေသည်။


ထိုအချိန်တွင် ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက တစ်ဖက်တွင် နတ်ဘုရားသတ်တုတ်ကို ခုခံနေကြသည်။ သူတို့အားလုံး ရှိသမျှအားကုန်ထုတ်ပြီး ခုခံနေကြသော်လည်း ခုခံရုံမျှသာ ခုခံနိုင်ကြသည်။


ပုဖန်က မီးတောက်အတောင်ပံများကို တဖျပ်ဖျပ်ခပ်ရင်း ဝှိုက်တီနားသို့ ပျံသွားလိုက်ပြီး သူ၏သွယ်လျဖြူဖွေးသော လက်ကို နတ်ဘုရားသတ်တုတ်ပေါ် ဖိချလိုက်သည်။


တုတ်မှ လျှပ်စီးကြောင်းများက သူ့လက်အတွင်း ဖြတ်သန်းသွား၍ သူ့ကို ကြက်သီးထသွားစေသည်။


ပုဖန် မျက်ခုံးအသာတွ့န့်ချိူလိုက်ပြီး သူ၏ခွန်အား အကုန်လုံးကို လက်ဖဝါးထဲသို့ ပို့လိုက်သည်။


ဝုန်း


ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲထွက်လာသည်။ ခဏအကြာတွင် သူ့လက်မောင်းပေါ်ရှိ လတ်ပတ်မှ ထောင်တျဲတို့၏ အော်မြည်သံတို့ ထွက်ပေါ်လာသည်။ ခဏအကြာတွင် နတ်ဘုရားသတ်တုတ်က ပိတ်ဆို့နေရာမှ ပေါက်ထွက်သွားသည်။


တုတ်က ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများကို ဖြိုခွဲသွားပြီး တွေတွေကြီးဖြစ်သွားကြသော သူတို့အားလုံးကို နောက်သို့ ပျံထွက်သွားစေသည်။ အချို့ကသွေးအန်လိုက်ရပြီး အချို့က လက်ပင်ကျိုးသွားကြသည်။


ပဉ္စမအလွှာသို့ တိုးဝင်ပြီးနောက်တွင် နတ်ဘုရားသတ်တုတ်က ဝှိုက်တီလက်ထဲတွင် ၎င်း၏ပုံမှန်အရွယ်သို့ရောက်သွားသည်။


ပဉ္စမအလွှာ၏ ဝင်ပေါက်က လုံးဝပျက်ဆီးသွားပြီဖြစ်ပြီး လေထုထဲတွင် သေခြင်းတရားနှင့် ပျက်ဆီးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။


ပုဖန် လက်နောက်ပစ်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။


ယခင်ကကြွယ်ဝချမ်းသာလှသော မသေမျိုးချက်ပြုတ်ခြင်းနယ်မြေ၏ ပဉ္စမအလွှာက ယခုတွင် ကျိုးကြေပျက်ဆီးနေကာ နေရာတိုင်းက အပျက်အဆီးပုံကြီးဖြစ်နေသည်။ ၎င်း၏ ဝင်ပေါက်က အဆက်မပြတ်ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အဆုံးထိတိုင်အောင် ရန်သူများကို ဝင်ခွင့်မပေးခဲ့ပေ။


ထိုအချိန်တွင် ကြမ်းတမ်းလှသည့် စွမ်းအင်အတက်အကျကာ ခပ်လှမ်းလှမ်းနေရာမှ ထွက်ပေါ်လာသည်။


ပုဖန် ထိုနေရာကို လှမ်းကြည့်လိုက်သောအခါ နယ်ပယ်သခင်တိထိုက်နှင့် ဧရာမနတ်ဆိုးကြီးတို့၏ ပြင်းထန်လှသည့် တိုက်ပွဲကို မြင်လိုက်ရသည်။


နယ်ပယ်သခင်တိထိုက်ကို ရွှေရောင်အလင်းလွှာက ဖုံးလွှမ်းထားသည်။ သူက မသေမျိုးချက်ပြုတ်ခြင်းနယ်မြေမှ မဟာလမ်းစဉ်၏ဆန္ဒကို ငှားယူအသုံးပြုနေသည့်ပုံပင်။


တိုက်ပွဲက အတော်လေး ခါးသီးလှသည်။


ရုတ်တရက် ပုဖန်က နောက်ထက်နေရာတစ်ခုကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် မြို့တော်သခင်ကျိုးကို ငရဲအကျဉ်းထောင်မှကျင့်ကြံသူများစွာက ဝန်းရံနေကြကြောင်း တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးကို သွေးများ ဖုံးလွှမ်းနေသော်လည်း အသိမပျောက်သေးပဲ အနက်ရောင်ဒယ်အိုးကို အမှီသဟဲပြုရင်း ခုခံနေဆဲဖြစ်သည်။


ပုဖန်၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေသော ခံစားချက်အချို့တို့ ဖြတ်ပြေးသွားသည်။ သူနယ်ပယ်သခင်တိထိုက်ကို ကြည့်ပြီး မြို့တော်သခင်ကျိုးကိုလည်းကြည့်လိုက်သည်။


ထို့နောက် မီးတောက်နေသည့် ဇာမဏီငှက်အသွင် ပြောင်းသွားကာ ကောင်းကင်ပေါ် ထိုးတက်သွားပြီး မြို့တော်သခင်ကျိုးထံ ပြေးဝင်သွားသည်။


"လာစမ်းပါ.... မျိုးမစစ်ကောင်တွေရဲ့... ငါ... ငါတိုက်ခိုက်နိုင်သေးတယ်လို့... လာစမ်းပါ... မင်းတို့ကို ငါ့လက်ချောင်းလေးတွေသုံးပြီး သတ်ပစ်မယ်..."


မြို့တော်သခင်ကျိုးက နှာခေါင်းရော ပါးစပ်ဆီမှပါ သွေးများစီးကျပြီး မေ့လဲကျလုနီးနီးဖြစ်နေသော်လည်း ထိုသို့ ရေရွတ်နေဆဲသာဖြစ်သည်။ သူ၏အစစ်အမှန်စွမ်းအင်များက ကုန်ဆုံးသွားပြီဖြစ်ပြီး ထပ်မံတိုက်ခိုက်ရန် အင်အားမရှိတော့ပေ။


သို့သော် သူ့ပတ်ပတ်လည်မှ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက တုန့်ဆိုင်းနေကြလေသည်။ သူတို့ အလျှင်စလို မတိုက်ခိုက်ရဲကြပေ။ ထို့ကြောင့် သူ့ကိုတွက်ချက်နေသလိုသာ ကြည့်နေကြသည်။အဘယ်ကြောင့်ဆိုသော် သူ့တွင် အသက်ကယ်ပစ္စည်းတစ်ခုရှိပြီး ထုတ်သုံးလိုက်ပါက သူတို့ပါ အတူတူသေသွားကြမည်ကို စိုးရိမ်နေ၍ဖြစ်သည်။


ရုတ်တရက် စူးရှလှသည့် လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။


မြို့တော်သခင်ကျိုးကို သတ်ရန် ကြံနေသော ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတစ်ဦးက ကျောရိုးတစ်လျှောက်အေးစိမ့်ကာ ကြက်သီးမွေးညင်းတို့ ထောင်ထသွားသည်။


ခဏအကြာတွင် တုတ်တစ်ချောင်းက သူ့ရှေ့တွင် ကျဆင်းလာသည်။


ပုဖန်၊ ဝှိုက်တီနှင့် ပုစွန်ပိစိတို့ ရောက်လာကြလေပြီ။


ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများ ပုဖန်နှင့်ကျန်သူများထံ အကြည့်ရောက်လာကြသည်။


ဘုန်း ဘုန်း ဘုန်း


ငရဲစွမ်းအင်များက ကောင်းကင်ကို ထိုးဖောက်သွားသည်။


"ဝှိုက်တီ.. ငါမင်းကို သူတို့ကို ကိုင်တွယ်ခွင့်ပေးလိုက်မယ်... အချိန်မဆွဲနဲ့ သတ်သာသတ်ပစ်..."

ပုဖန် ဝှိုက်တီ၏ ဝမ်းဗိုက်ကို ပုတ်လိုက်သည်။


ဝှိုက်တီ၏ မျက်လုံးများက ရဲရဲနီလာပြီး ပုံစံတစ်မျိုးပြောင်းသွားသည်။ ဝှစ်ကနဲမြည်သံနှင့်အတူ ၎င်း၏နောက်ကျောတွင် သတ္တုအတောင်ပံများ ဖြန့်ကားလာပြီး ရှေ့သို့ ပျံထွက်သွားသည်။


၎င်း၏လက်ထဲတွင် နတ်ဘုရားသတ်တုတ်က ဘီးလုံးတစ်ခုလို လည်ပတ်နေပြီး လေပြင်းများတိုက်ခတ်လာစေသည်။ ဆန့်ကျင့်ဘက်အားဖြင့် ငရဲအကျဉ်းထောင်မှကျင့်ကြံသူများက အော်ဟစ်နေကြလေသည်။ ငရဲစွမ်းအင်များက အောက်သို့ကျဆင်းလာသော်လည်း အပေါ်သို့ ပြန်ကန်နေအောင် အပို့ခံလိုက်ရသည်။ ခဏအကြာတွင် ဝှိုက်တီက ငရဲအကျဉ်းထောင်မှ စစ်တပ်ထဲသို့ ကျလာခဲ့သည်။


ရူးရူးနှမ်းနှမ်းရိုက်နှက်မှုတို့ စတင်လေပြီ။


ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို ဆက်လက်လွှဲရမ်းနေသည်။ ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများက စီခနဲအော်မြည်ကာ နောက်သို့ ပျံထွက်သွားကြပြီး သွေးများအန်နေကြသည်။


ပုဖန်က မြို့တော်သခင်ကျိုးနားသို့ လမ်းလျှောက်လာပြီး သူ့ဘေးတွင် ရပ်လိုက်သည်။


မြို့တော်သခင်ကျိုးက သတိလစ်နေပြီဖြစ်သည်။ သွေးများကသူ့ပါးစပ်နှင့် နှာခေါင်းများက သွေးများတောက်တောက်ကျနေသည်။


ပုဖန် သက်ပြင်းချလိုက်သည်။ သူ သူ့လက်ဖဝါးကို လှန်လိုက်ပြီး လက်ထဲတွင် သလင်းကျောက်သစ်သီးများ ထွက်ပေါ်လာပြီး ၎င်းကို မြို့တော်သခင်ကျိုးပါးစပ်ထဲ ထိုးထည့်လိုက်သည်။


သစ်သီးက သူ့ပါးစပ်ထဲရောက်သွားသည်နှင့် မြို့တော်သခင်ကျိုး၏ ဒဏ်ရာများက သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် ပြန်လည်ကောင်းမွန်လာသည်။


"ဘာ... အဲ့လူမှာ စစ်ကူတစ်ယောက်ရှိတယ်..."


"ဘာလို့များ နောက်ဆုံးတိုက်ခိုက်မှုကို လုပ်နေရသေးတာလဲ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပျက်ဆီးနေပြီ... မင်းတို့ ကယ်ချင်ရင်တောင် ကယ်လို့မရတော့ဘူး..."


"သေခြင်းတရားကိုသာ ရင်ဆိုင်လိုက်စမ်းပါ..."


ပုဖန်နှင့် သိပ်မဝေးသည့်နေရာမှ အသံများ ထွက်ပေါ်လာသည်။ အထွတ်အမြတ်အဆင့်တစ်ဝက် ကျင့်ကြံသူနှစ်ယောက်က သူ့ကို လှောင်ရယ်ချင်နေသော အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့က နယ်ပယ်သခင်တိထိုက်ကို တိုက်ခိုက်ရမှာဖြစ်သော်လည်း တစ်ဖက်လူက ရုတ်တရက်ကြီး သူတော်စင်ငယ်အဖြစ် အဆင့်တက်သွားပြီး ဧရာမနတ်ဆိုးဖြင့် တိုက်ခိုက်နေပြီဖြစ်၍ သူတို့တွင် လုပ်စရာမရှိတော့ပေ။ ယခုတွင် ပုဖန်ရောက်လာသည်ကိုမြင်၍ သူ့ကိုတိုက်ခိုက်ရန် ပြေးလာကြခြင်းဖြစ်သည်။


ခပ်လှမ်းလှမ်းမှ ကောင်းကင်အင်မော်တယ် ရုပ်သေးက အခြား အထွတ်အမြတ်အဆင့်တစ်ဝက် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေပြီဖြစ်သည်။ သူတို့က မသေမျိုးချက်ပြုတ်ခြင်းနယ်မြေ၏ မျှော်လင့်ချက်အားလုံးကို သုတ်သင်ပစ်ချင်နေကြသည်။


ပုဖန်က ကြယ်ကိုးပွင့် အစစ်အမှန်မသေမျိုးတစ်ယောက် ဖြစ်ကြောင်း သူတို့သိပေသည်။ သူက အလွန်သန်မာသော်လည်း သူတို့က အထွတ်အမြတ်အဆင့်တစ်ဝက်ကျင့်ကြံသူများဖြစ်၍ လေးလေးနက်နက်မထားပေ။


ပုဖန် ပြန်ပြောမည်ကိုမစောင့်တော့ပဲ အထွတ်အမြတ်အဆင့်တစ်ဝက် ကျင့်ကြံသူနှစ်ယောက်က စတင်လှုပ်ရှားလိုက်သည်။ သူတို့နှစ်ယောက်က ပုဖန်ရှေ့တွင် လျှပ်တပြက်အတွင်း ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်သတ်ဖြတ်ချင်စိတ်က လေထဲတွင် ထွင်းဖောက်နေ သူတို့ခန္ဓာကိုယ်များမှ ငရဲစွမ်းအင်များက ပတ်ပတ်လည်ကို ပျံ့နှံ့နေသည်။


အထွတ်အမြတ်အဆင့်တစ်ဝက်ကျင့်ကြံသူများဖြစ်ကြ၍ သူတို့၏ တိုက်ခိုက်မှုထဲတွင် မဟာလမ်းစဉ်၏ ဆန္ဒကို ထည့်သွင်းတိုက်ခိုက်နိုင်ပြီဖြစ်၍ ရန်သူများကို အလွန်အမင်း ကြောက်လန့်သွားစေနိုင်သည်။


သူတို့၏ မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ချင်စိတ်တို့က ကောင်းကင်ထိတိုင် ထိုးတက်နေသည်။ ငရဲအကျဉ်းထောင်၏ မဟာလမ်းစဉ်၏ စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည့် ဓားများကို ဆွဲထုတ်ကာ ပုဖန်ကို ခုတ်ချလိုက်သည်။


သူတို့က ပုဖန်ကို တစ်ချက်တည်း ခုတ်သတ်ချင်နေကြခြင်းဖြစ်သည်။