အခန်း ၁၁၆၉
စွမ်းအားအပြည့်နှင့်ဆွေးမြေ့အိုး
"အဲ့လူ ရူးနေတာလား...."
ပုဖန်၏ပုံရိပ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူတိုင်း၏ မျက်စိအာရုံကို ဖမ်းစားသွားသည်။
သူက သူတော်စင်ငယ်၏ တိုက်ခိုက်မှုကို နောက်ပြန်ပို့ပြီး သူပါ သူတော်စင်ငယ်ဆီ အကြောက်တရားမဲ့စွာ ပြေးထွက်သွားသည်။
သူဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ... သူ သူတော်စင်ငယ်ကို တိုက်ရိုက်ကြီး သွားတိုက်မလို့လား...
ဒါပေမဲ့ သူက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့်ပဲ ရှိသေးတယ်လေ...
နယ်ပယ်သခင်တိထိုက်က ပုဖန်၏ ပြန်လည်တိုက်ခိုက်မှုကို ထိတ်လန့်စွာကြည့်လိုက်သည်။ သို့သော် ပုဖန် ပြေးထွက်သွားချိန်တွင် အသိပြန်ဝင်လာပြီး သူ့ကိုအော်ဟစ်၍ သတိပေးလိုက်သည်။
သူ ပုဖန်ကို ဧရာမနတ်ဆိုးကြီးထံမှ အထိုးခံပြီး မသေစေချင်ပေ။
ထိုသူတော်စင်ငယ်ကို သူ၏ခွန်အားနှင့် ဆုံးဖြတ်ရလျှင် ဘုံတစ်ပါး သူတော်စင်ငယ်လေးဖြစ်ပေသည်။
သူတော်စင်ငယ်ကို အဆင့်ကိုးဆင့်ခွဲခြားထားသည်။ အဆင့်တစ်ခုနှင့်တစ်ခုက အလွန်ကြီးမားပြီး ထိုအဆင့်များ၏ ကွဲပြားခြားနားမှုများမှာ မဟာလမ်းစဉ်၏ စိတ်ဆန္ဒအပေါ် မဘ်မျှ ထိန်းချုပ်နိုင်မှုအပေါ် မူတည်သည်။
သို့သော် ဤသူတော်စင်ငယ်က ဘုံတစ်ပါးသူတော်စင်ငယ်သာဖြစ်သော်လည်း ပုဖန်ရင်ဆိုင်နိုင်သည့် လူမျိုးမဟုတ်ပေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပျက်စီးခြင်းအားလုံးက မသေမျိုးသစ်ပင်၏ သေဆုံးခြင်းနှင့် အလုံးစုံသက်ဆိုင်နေသည်။ သို့သော် မသေမျိုးသစ်ပင်က ပို၍ပို၍ ညှိုးနွမ်းခြောက်သွေ့လာသည်။
နယ်ပယ်သခင် တိထိုက်တွင် သူတော်စင်ငယ်အဆင့်သို့ ချိုးဖောက်အဆင့်တက်ရန် အခွင့်အရေးရှိသော်လည်း အရင်းအမြစ်များ မရှိ၍ အဆင့်မတက်နိုင်ခဲ့ပေ။
ယခုတွင် သူက အတင်းအကြပ် အဆင့်တက်လိုက်ရသည်။
သို့သော် ၎င်းက မသေမျိုးသစ်ပင်ကို ပို၍လျှင်မြန်စွာ ပျက်စီးစေသည်။ အကယ်၍ ပုဖန်သာ အနည်းငယ်လောက် နောက်ကျပြီးမှ ပြန်လာခဲ့လျှင် မသေမျိုးအချက်အပြုတ်နယ်ပယ်က လုံးဝပျက်ဆီးသွားမည် ဖြစ်သည်။
နယ်ပယ်သခင်တိထိုက်က တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီး ပုဖန်ကိုကူညီရန် ရှေ့သို့ လှမ်းလိုက်သည်။ သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် သူတော်စင်ငယ်က ချက်ချင်း လက်မြှောက်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
နယ်ပယ်သခင် တိထိုက်က ၎င်းကို မမျှော်လင့်ထားသော်လည်း ချက်ချင်း သူ၏မသေမျိုးစွမ်းအင်များကို ထုတ်သုံး၍ ကာရံလိုက်သည်။
ဒုန်းခနဲမြည်သံ ထွက်ပေါ်လာပြီး အမြှောက်ဆန်နှယ် ပျံထွက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျကာ ချိုင့်ကြီးတစ်ခုနှယ် ချိုင့်သွားသည်။
ပုဖန်က နယ်ပယ်သခင် တိထိုက်ကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်သည်။ သူ့နောက်ကျောမှ မီးတောက် အတောင်ပံများကို ခတ်ကာ သူ၏ပစ်မှတ်ထံသို့သာ တစ်ဟုန်ထိုးသွားလိုက်သည်။ လျှပ်တစ်ပြက်အတွင်း သူ ဧရာမနတ်ဆိုးနား ရောက်သွားတော့သည်။
ဧရာမနတ်ဆိုးကြီးက တောင်ကုန်းတစ်ခုနှယ်ကြီးမားပြီး မီတာပေါင်းများစွာမြင့်မားပြီး သူတစ်ချက်ဟိန်းဟောက်လိုက်တိုင်း လေပြင်းများ ဖြစ်ပေါ်လာစေသည်။
ဘုန်း
သူ့လက်ထဲမှ လှိုင်းများဖြင့် ဧရာမနတ်ဆိုးကြီးက ပုဖန်ကို နောက်သို့ ပြန်ထွက်သွားအောင် ရိုက်ချလိုက်သည်။
သို့သော် ထိုတိုက်ခိုက်မှုက ပုဖန်ကို မထိခိုက်စေခဲ့ပေ။
"မင်းက ငါ့လက်ကို ဖောက်ခွဲခဲ့တဲ့ လူသားပဲ... သေပေတော့..."
ဧရာမနတ်ဆိုးကြီးက ပုဖန်ဆီမှ ရင်းနှီးနေသော အော်ရာကို အာရုံခံမိသည်နှင့် ချက်ချင်းဒေါသတကြီး ပြေးထွက်သွားသည်။ ဒေါသထွက်လွန်း၍ သူ့နှာခေါင်းပေါက်များမှ အငွေ့များပင် ထွက်လာသည်။
ထို့နောက် သူ၏လက်ဖဝါးကြီးကို လွှဲရမ်းလိုက်က ပုဖန်ကို ရိုက်ချလိုက်သည်။ သူပုဖန်ကို သေအောင်ရိုက်သတ်ချင်နေသည်။
ပုဖန်က သူ့ပခုံးပေါ်တွင် မြေခွေးလေးကို တင်ရင်း လေဟာနယ်ထဲတွင် လွင့်ပျံနေသည်။
အကောင်ငယ်လေးက ပုဖန် သူမကို အများအပြားကျွေးထား၍ အဆက်မပြတ်ကြို့ထိုးနေသည်။
သူ မြေခွေးလေး၏ခေါင်းကို ပွတ်လိုက်ပြီး မျက်စိမှေးကျဉ်းလိုက်သည်။
သူက ဧရာမနတ်ဆိုးကြီး၏ ဖိအားကိုမကြောက်ပေ။စနစ်၏ အကူအညီဖြင့် သူက မည်သည့်ဖိအားကိုမှ မကြောက်ပေ။
သူ၏ပုံရိပ်က လျှပ်စီးတို့လက်လာသည်။ ခဏအကြာတွင် သူရပ်နေသည့်နေရာမှ ပျောက်သွားပြီး ဧရာမနတ်ဆိုးကြီး၏ လက်ဝါးချက်ကို တိမ်းရှောင်လိုက်သည်။
"မြေခွေးလေး မင်းအလှည့်ရောက်ပြီ... ပစ်လိုက်တော့..."
မြေခွေးလေးက ပုဖန် ဧရာမနတ်ဆိုးကြီးကို လက်ဆောင်ပေးရန် ပြင်ထားသည့် အရာဖြစ်သည်။
မြေခွေးလေးက ဤအချိန်ကို စောင့်နေခြင်းဖြစ်သည်။ လေချဉ်တစ်ချက်တက်ပြီးနောက်တွင် သူ့ပါးစပ်ကိုဖွင့်၍ အမြှီးကို ရမ်းခါလိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲတွင် ရွှေရောင်အလင်းတို့ စတင်စုဝေးလာသည်။
ဘုန်း
သူမပါးစပ်ထဲမှ ရွှေရောင်အလင်းတန်းက ကြယ်ပျံတစ်လုံးနှယ် ပြေးထွက်သွားပြီး ဧရာမနတ်ဆိုးကြီး၏ လက်ကိုထိမှန်သွားသည်။
ဘုန်းခနဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဧရာမနတ်ဆိုးကြီး၏လက်မောင်းက မီးတောက်များဖြင့်တောက်လောင်နေပြီး ထိုပေါက်ကွဲမှုကြောင့် အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာသည်။ ၎င်းက သူ့လက်မောင်းရှိ သူ၏ အသားစပင် ပဲ့ပါသွားသည်။
ပုဖန်၏ မျက်လုံးများက ချက်ချင်းတောက်ပလာသည်။
ဤဧရာမနတ်ဆိုးကြီး၏ ကျင့်ကြံအဆင့်က နတ်ဘုရားပျောက်ကွယ်တောင်တွင် သူတွေ့ခဲ့သော နတ်ဆိုးဓားမျိုးနွယ်မှ သူတော်စင်ငယ်ထက် အားနည်းပေသည်။ အနည်းဆုံး သူတို့၏ ခုခံနိုင်စွမ်းတို့က အဆင့်မတူကြပေ။
ဘုန်း ဘုန်း ဘုန်း ဘုန်း
မြေခွေးလေးက သူမပါးစပ်ထဲမှ ရွှေရောင်မီးတောက်များ စတင်ထုတ်လွှတ်သည်နှင့် ရပ်ပင် မရပ်တော့ချေ။
သူမပါးစပ်မှ ရွှေရောင်အလင်းတန်းများက တစ်ချက်ပြီးတစ်ချက်ထွက်လာပြီး ၎င်းတို့၏ ရွှေရောင်အမြှီးများဖြင့် ဆွဲယူကာ နတ်ဆိုးကြီး၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။
ဘုန်း ဘုန်း
ပေါက်ကွဲသံတို့ ထွက်ပေါ်လာပြီး နတ်ဆိုးကြီးက အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လေသည်။
ပေါက်ကွဲမှုစွမ်းအင်တစ်ခုက သူ့ကို မထိခိုက်စေနိုင်သော်လည်း အဆက်မပြတ်ပေါက်ကွဲမှုများက သူ့ကို အခက်အခဲဖြစ်စေသည်။
အဆုံးတွင် သူက သူတော်စင်ငယ်တစ်ယောက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကိုဖျက်ဆီးမရစေသော အဆင့်အထိ မကျင့်ကြံရသေးပေ။
နတ်ဆိုးကြီးက သူ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ကာပြီး နောက်သို့ဆုတ်နေရသည်။ သို့သော် ပေါက်ကွဲမှုများက သူ့အပေါ် အဆက်မပြတ်ကျရောက်နေပြီး သူ၏အသားကိုဖြဲကာသွေးတို့ပင် ကျလာစေသည်။
"မင်းငါ့ကိုသတ်မှာမဟုတ်ဘူးလား... လာစမ်းပါ..."
ပုဖန်က သူ့ပခုံးပေါ်ရှိ မြေခွေးလေးကို ပွတ်သတ်ရင်း အေးစက်စွာပြောလိုက်သည်။
ဧရာမနတ်ဆိုးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက နောက်သို့သာ ဆုတ်နေရသည်။
လူတိုင်း ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
နယ်ပယ်သခင် တိထိုက်က အပျက်အဆီးများထဲမှ ထွက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မနေနိုင်ပဲ သက်ပြင်းရှိုက်လိုက်ရသည်။
"ဒါ.... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
နယ်ပယ်သခင် တိထိုက် မယုံနိုင်စွာ ရေရွတ်မိလိုက်သည်။
ဧရာမနတ်ဆိုးကြီးက သူတော်စင်ငယ်အဆင့်ဖြစ်ကြောင်း သိရမည်ဖြစ်သည်။
ပုဖန်က သူတော်စင်ငယ်တစ်ယောက်ကို ဖိနှိပ်နေတာလား...
ပြီးတော့ သူ့လက်ထဲက ဘာကြီးလဲ..
မီးတွေမှုတ်ထုတ်နေတဲ့ မြေခွေးနဲ့ တူနေတယ်နော်...
ဘုန်း ဘုန်း ဘုန်း
ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ဧရာမနတ်ဆိုးကြီးက ပေါက်ကွဲအသားလုံး တစ်လုံးပြီးတစ်လုံးနှင့် အပစ်ခံနေရသည်။ သူက သူတော်စင်ငယ်ဖြစ်သော်လည်း ထိုသို့ အဆက်မပြတ်ပေါက်ကွဲနေမှုကို မခံနိုင်ပေ။
သူ အတော်လေး မကျေမနပ်ဖြစ်နေရသည်။ ကြယ်ကိုးပွင့်စစ်မှန် မသေမျိုးတစ်ယောက်က သူ့ကို အဆက်မပြတ် ဖိနှပ်နေသည်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။
သူ၏ သူတော်စင်ငယ်ဟူသော ဂုဏ်သိက္ခာက ကုန်ဆုံးလုနီးနီးပင်ဖြစ်နေသည်။
ဧရာမနတ်ဆိုးကြီးက မျက်မှောင်ကြုတ်ရင်း သူ့လက်နှစ်ဖက်ကို မြေပြင်ပေါ်ထိုးချလိုက်ပြီး ခြေနှစ်ဖက်စောင့်နင်း၍ ခုန်ထွက်လိုက်သည်။ ထို့နောက် သူ့ခေါင်းကိုဆန့်တန်းကာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။
ဝေါင်း
ထိုဟိန်းဟောက်သံက နားကန်းလုမတတ်ကျယ်လောင်လှပြီး နေရာအနှံ့သို့ လေလှိုင်းများကို ထုတ်လွှတ်ပေးလာသည်။ ထို့နောက် နတ်ဆိုးကြီးက သူ၏ဧရာမလက်ဖဝါးကြီးကိုပုဖန်ထံ ပစ်သွင်းလိုက်သည်။
"အိုး... သူအခုထိတိုက်နိုင်နေတုန်းပေါ့..."
ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် မြေခွေးလေး၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
"မြေခွေးလေး အရှိန်မြှင့်လိုက်တော့..."
မြေခွေးလေး၏ မျက်လုံးများက တောက်ပသွားသည်။
ဘုန်း ဘုန်း ဘုန်း
သူမ၏ခေါင်းကို ပိုမိုလျှင်မြန်စွာ ငြိမ့်နေပြီး သူ့ပါးစပ်ထဲမှလည်း မီးတောက်များက လျှင်မြန်စွာ ထွက်ပေါ်နေသည်။
ရွှေရောင်အလင်းတန်းများက ကေင်းကင်တစ်ခွင်ပြည့်နေပြီး ထိုတိုက်ခိုက်မှုများက ဧရာမနတ်ဆိုးကြီး၏ တစ်ကိုယ်လုံးကို လျှပ်တစ်ပြက်အတွင်း ဖုံးလွှမ်းသွားသည်။
မသေမျိုးအချက်အပြုတ်နယ်ပယ်၏ ပဉ္စမအလွှာတစ်ခုလုံး ကြမ်းတမ်းလှသည့် ပေါက်ကွဲမှုတို့ဖြင့် လွှမ်းခြုံနေသည်။ မြေပြင်က တုန်ခါနေကာ မီးတောက်တို့က ကောင်းကင်ပေါ် တလူလူတက်နေပြီး မှိုပုံစံတိမ်တို့ကလည်း နေရာအနှံ့တွင် ထွက်ပေါ်နေသည်။
အချိန်အတော်ကြာပြီးနောက်တွင် မြေခွေးလေးက မီးတောက်တို့ ပစ်လွှတ်နေသည်ကို ရပ်လိုက်သည်။ သူမ ပါးစပ်ကိုဖွင့်ကာ လေတက်လိုက်ပြီး မီးခိုးမျှင်တို့က သူမပါးစပ်ထဲမှ ထွက်လာကြသည်။
အဆက်မပြတ် ခေါင်းငြိမ့်နေရ၍ မူးဝေနေပြီဖြစ်ပြီး သူမမျက်လုံးထဲတွင် စက်ဝိုင်းများလိုပင် လည်နေလေပြီ။
ပုဖန်က နှုတ်ခမ်းထောင့်တို့ကို ကွေးညွတ်လိုက်ပြီး မြေခွေးလေး၏ နူးညံ့သော အမွေးများကို ပွတ်သပ်ကာ သူ့ပခုံးပေါ် ပြန်တင်ပေးလိုက်သည်။
မြေခွေးလေးက သူမစားခဲ့သော ပေါက်ကွဲအသားလုံးအကုန်လုံးကို ပစ်လွှတ်ပြီးပြီဖြစ်ကြောင်း သူသိပေသည်။
ခပ်လှမ်းလှမ်းရှိ ကောင်းကင်တွင် တောက်လောင်နေသော မီးတောက် များကိုကြည့်ပြီး ပုဖန်မျက်နှာ အလွန်အမင်း အေးစက်သွားသည်။ သူ လေထဲတွင် ပျံသန်းလိုက်သော်ခါ မီးတောက်များက ဘေးသို့ တိုးဖယ်သွားကြပြီး သူ့အတွက် လမ်းတစ်ခု ထွက်ပေါ်လာသည်။
ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
သူတော်စင်ငယ်က ဒီအတိုင်း အသတ်ခံလိုက်ရပြီလား...
နယ်ပယ်သခင် တိထိုက်ပင်လျှင် ဘာပြောရမလဲ မသိတော့ပေ။
"ပုဖန်က ဒီလို ရှိန်စရာကောင်းလှတဲ့ မြေခွေးကို ဘယ်ကရှာလာရတာလဲ..."
မြို့တော်သခင်ကျိုးက သူ့ကိုယ်သူ ဆိတ်ဆွဲကြည့်လိုက်ပြီး သူ့လက်ချောင်းများကို အမျိုးသမီးများကဲ့သို့ လုပ်ကာ စိတ်လှုပ်တရှား ဝှေ့ရမ်းလိုက်သည်။
ငရဲအကျဉ်းထောင်ရဲ့ ကျုးကျော်မှုက ဒီအတိုင်း ပြီးသွားတာလား...
ပုဖန့်ကတော့ သူတို့လိုမတွေးပေ။ မည်သို့ပင်ဆိုစေ နတ်ဆိုးကြီးက သူတော်စင်ငယ်တစ်ယောက်ဖြစ်၍ လွယ်လင့်တကူ မသေဆုံးနိုင်ပေ။
ဝေါင်း
ချက်ချင်းပင် မှိုပွင့်ပုံစံတိမ်များကြားမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ရုတ်တရက် ဧရာမနတ်ဆိုးကြီးက မီးတောက် များကြားမှ ခုန်ထွက်လာပြီး ပုဖန်ဆီကို လက်သီးချက်များ ပစ်သွင်းလေသည်။
သူ၏မျက်လုံးများက နီရဲနေကာ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေသည်။
"သောက်လူသားတွေ..."
ဧရာမနတ်ဆိုးကြီးက ဒေါသထွက်လွန်း၍ ဟိန်းဟောက်နေသည်။ သူ့လက်နှစ်ဖက်လုံးတွင် အရိုးတို့ငေါထွက်နေပြီး အသားစများအားလုံး ပေါက်ကွဲထွက်သွားသလို ဖြစ်နေသည်။
ယခုအချိန်တွင် ဧရာမနတ်ဆိုးကြီးက ပိုမိုကြမ်းတမ်းနေပြီး သူ့ဒေါသများက မိုးထိအောင်ထိုးတက်နေသည်။
"ငါသိသားပဲ... သူအသက်ရှင်နေတုန်းပဲ..."
ပုဖန် မျက်စိမှေးကျဉ်းလိုက်သည်။ ၎င်းက သူမျှော်လင့်ထားသည့်အတိုင်းပင်။
အတွေးတစ်ချက်ဖြင့် ပုစွန်ပိစိက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပြေးထွက်သွားသည်။ ထို့နောက် သူက ၎င်း၏ကျောပေါ်နင်းကာ နောက်သို့ပျံဆုတ်လိုက်သည်။
ဧရာမနတ်ဆိုးကြီး၏ လက်သီးချက်က မြေပြင်ပေါ် ကျဆင်းသွားပြီး ဘုန်းခနဲ ကြေမွပျက်ဆီးသွားသည်။
အဆုံးတွင် ပဉ္စမအလွှာတစ်ခုလုံးက စတုတ္ထအလွှာသို့ လုံးဝကျလာပြီဖြစ်သည်။ အလွှာနှစ်ခု တိုက်မိခြင်းက အလွန်စွမ်းအားကြီးလှပြီး ကောင်းကင်ပြိုကျ၍ မြေကြီးနှင့် တိုက်မိသွားသည်နှင့် တူနေသည်။
စတုတ္ထအလွှာ၏ မြေပြင်က ထိုအလေးချိန်ကို ခံနိုင်ရုံမျှသာရှိပြီး အစိတ်အပိုင်းများစွာအဖြစ် အက်ကွဲသွားသည်။
ပဉ္စမအလွာမှ ကျင့်ကြံသူတိုင်းက လေပေါ်ကို ချက်ချင်း ပျံသန်းလိုက်ရသည်။
ဧရာမနတ်ဆိုးကြီး၏ မျက်လုံးများက နီနီရဲနေကာ တစ်ချိန်တည်းတွင် သူ့လက်ထဲတွင် နက်မှောင်နေသော စက်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစက်လုံးကြီးကို သူ၏အရိုးများငေါထွက်နေသော လက်ဖြင့်ကိုင်ထားပြီး ပုဖန်နောက်ကို ခြေလှမ်းကျဲကျဲဖြင့် လိုက်နေသည်။
သူ့မျက်လုံးထဲတွင် ပုဖန်သာရှိနေပြီး သူ့စိတ်ထဲတွင် သူ့ကိုဒဏ်ရာရအောင်လုပ်သွားသော လူကိုသတ်ချင်စိတ်သာရှိနေသည်။
နတ်ဆိုးကြီးက စက်လုံးကြီးကို ပစ်လွှတ်လိုက်သောအခါ ဝှီးခနဲမြည်သွားပြီး ပုဖန်ဆီ တည့်ဆည့် ပျံသွားသည်။
ပုစွန်ပိစိက ရိုးရှင်းစွာဖြင့် အပေါ်သာ ပျံတက်လိုက်၍ ထိုစက်လုံးကြီးက သူတို့ကို လွတ်သွားပြီး မြေပေါ်ပြုတ်ကျသွားသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် သူ သက်ပြင်းဖွဖွရှိုက်လိုက်သည်။
ပုစွန်ပိစိရှိနေသမျှ သူ့ကို နတ်ဆိုးကြီး ဖမ်းမိမည်ကို စိတ်မပူချေ။
သူ ခြေချိတ်ထိုင်လိုက်ပြီး မျက်စိမှိတ်ထားလိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးကိုဖွင့်လိုက်ပြီး ခက်ထန်ကြမ်းတမ်းလှသော အကြည့်တစ်ခု အရိပ်ထင်လာသည်။
ပုဖန်ပခုံးပေါ်တွင် လျှာလေးထုတ်ကာ လှဲနေသော မြေခွေးလေးက ရုတ်တရက် လည်ဆန့်ထုတ်လိုက်သည်။
သူမ၏ နှာခေါင်းများကို ရှုံ့လိုက်ကာ သူမ၏ မျက်လုံးများကလည်း အနည်းငယ်မျှ ရီဝေနေသည်။
.
ထိုအချိန်တွင် ပုဖန်လက်ပေါ်၌ ငွေရောင်ကြာပန်းအိုးတစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် ဆွေးမြေ့အိုး ထွက်ပေါ်လာချေပြီ။
ဂျစ်
ထိုအိုးက အောက်ခြေတွင်မီးတို့ တောက်လောင်နေကာ ပုဖန်လက်ပေါ်တွင် ပျံဝဲနေသည်။ အထဲသို့ ဂေါ်ဖီထုပ်များ ပစ်ထည့်လိုက်သောအခါ တရှဲရှဲမြည်လာပြီး ရနံ့မွှေးမွှေးတစ်ခု ထွက်ပေါ်လာသည်။
ပုဖန်က အိုးကို ပစ်လွှတ်ရန် အလျှင်မလိုချေ။
ဆွေးမြေ့အိုးက အပူပေးရန် လိုအပ်သည်။ ၎င်း၏ အပူရှိန်က အမြင့်ဆုံးသို့ရောက်ချိန်က အသန်မာဆုံးဖြစ်သွားချိန်ဖြစ်သည်။
အချိန်ခဏကြာသည်နှင့် ဆွေးမြေ့အိုးက စတင်ဆူပွက်လာသည်။ စွပ်ပြုတ်က ဆူပွက်နေပြီး အငွေ့များနှင့် မွှေးရနံ့များကို ထုတ်လွှတ်နေသည်။
မြေခွေးလေးက ခေါင်းလေးမော့ကာ ထိုအိုးထဲတွင် ခေါင်းစိုက်ချင်နေသလို သွားရည်များကျဆင်းနေသည်။ သို့သော် ပုဖန်က သူမကိုလက်တစ်ဖက်ဖြင့် ဖမ်းကိုင်ထားသည်။
"မင်းက ဒါစားဖို့ငယ်လွန်းနေတယ်..."
ပုဖန်က လေးလေးနက်နက်ပြောလိုက်သည်။
မြေခွေးလေးသနားစရာကောင်းသည်ပုံလေး ဖြစ်လာသည်။ သူမ၏ မျက်လုံးလေးများတွင် တပ်မက်စိတ်တို့ ဝိုင်းဖွဲ့ကာ မျက်ရည်များ ကျဆင်းလာတော့မယောင်ဖြစ်နေသည်။
သို့သော် ပုဖန်က သူမကိုလျစ်လျူရှုထားသည်။ သူက သူမ၏ခန္ဓာကိုယ်က ဆွေးမြေ့အိုးမှ စွမ်းအင်ကို မခံနိုင်၍ စားခွင့်မပြုခြင်းသာဖြစ်သည်။
ရွှေရောင်အလင်းတန်းတစ်ခုက လေဟာနယ်ထဲတွင် လှစ်ခနဲပေါ်လာသည်။
နတ်ဆိုးကြီးက ထိုအလင်းတန်းနောက်ကို ပဉ္စမအလွှာတစ်ခုလုံးကုန်အောင် လိုက်ဖမ်းနေ၍ အလွှာတစ်ခုလုံးကို တုန်ခါနေစေသည်။
အဝေးမှ လှမ်းကြည့်နေသော နယ်မြေသခင်တိထိုက်လည်း ဟာသပြဇာတ်ကြည့်နေရသလို ခံစားလိုက်ရသည်။
ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူများကလည်း မှင်သက်နေကြသည်။
ဝှစ်
ပုဖန်လက်ထဲရှိ ဆွေးမြေ့အိုးက တုန်ရီနေပြီးမမြင်ရသော စွမ်းအင်အတက်အကျတို့ကို ထွက်ပေါ်လာစေပြီး ၎င်းက သူ၏ခန္ဓာကိုယ်ရော ဝိဉာဉ်ကိုပါ တုန်ရီသွားစေသည်။
ဤသည်က ပုဖန်တစ်ယောက် ဆွေးမြေ့အိုး၏ စွမ်းအင်အပြည့်ကို ထုတ်လွှတ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သူအရင်နှစ်ခေါက်က နောက်ဆုံးကန့်သတ်ချက်အထိ မပို့ထားခဲ့သော်လည်း ၎င်း၏စွမ်းအင်က အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ပုဖန်က ၎င်း၏ စွမ်းအင်ကို အပြည့်အဝထုတ်လွှတ်နေလေပြီ။
သူ၏စိတ်ဝိဉာဉ်ပင်လယ်က ဆူပွက်နေလေပြီ။
သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲရှိ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံလေးခုက တစ်ချိန်တည်းတွင် ဟိန်းဟောက်နေပြီး သူ၏စိတ်ဝိဉာဉ်စွမ်းအင်ကို အထွတ်အထိပ်အထိ ပို့လွှတ်ကာ သူ၏နတ်ဘုရားစိတ်အာရုံကလည်း သူ့ပတ်ပတ်လည်ရှိ စိတ်စွမ်းအင်များကို ပင်လယ်တစ်စင်းလို ထူထဲလာစေသည်။
ပုဖန်၏ မျက်လုံးများ တောက်ပသွားကာ လက်မြှောက်လိုက်သည်။ ထိုပုံစံနှင့်အတူ သူ၏စိတ်ဝိဉာဉ်အာရုံကို ဆွေးမြေ့အိုးက စတင်ဝါးမြိုစုပ်ယူလေတော့သည်။
ရုတ်တရက် ငွေရောင်အိုးမှ အဖြူရောင်အလင်းတန်းတို့ ထွက်ပေါ်လာပြီး ၎င်းကို နေအသေးစားလေးနှင့် တူလာစေသည်။
ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာပြီး ပုဖန်၏ အသိစိတ်ကို လှုပ်ခါနေစေသည်။
ဝုန်း
နတ်ဆိုးကြီးက ပြေးနေရာမှ ရပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
ခပ်လှမ်းလှမ်းမှ ပုစွန်ပိစိကလည်း ပျံနေရာမှ ရပ်လိုက်ပြီး လေထဲတွင် ရပ်နေသည်။
အခြားတစ်ဖက်တွင် ပုဖန်က နေတစ်လုံးနှယ် တောက်ပနေသော ဆွေးမြေ့အိုးကို သူ့လက်ထဲတွင် ကိုင်ထားသည်။
လူတိုင်း၏ မျက်လုံးများက သူ့လက်ထဲရှိအိုးအပေါ် ရောက်နေကြသည်။
"အဲ့တာ..."
နတ်ဆိုးကြီး မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတို့ ထလာသည်။
ထိုရင်းနှီးနေသည့် အော်ရာနှင့်ရနံ့က...
အဲ့တာ သေခြင်းနဲ့ ပျက်ဆီးခြင်းကို ကိုယ်စားပြုတဲ့ ကြောက်စရာ အိုးကြီးပဲ...
"သေချာသွားပြီ... အဲ့တာမင်းပဲ..."
သူ ထိုကပ်ဘေးတစ်ခုလို မြင်ကွင်းကို မေ့နိုင်မည်မဟုတ်ပဲ နာကျင်မှုနှင့် ထိတ်လန့်မှုတို့က သူ့အရိုးများထဲထိအောင် စိမ့်ဝင်လာလေသည်။
စက်လုံးကိုကိုင်ထားပြီး နတ်ဆိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ့အသံက တိမ်များကိုပင် ခွဲဖြာသွားစေလေသည်။
ခဏအကြာတွင် သူ့ပခုံးအပေါ်ထိအောင် စက်လုံးကြီးကိုမြှောက်လိုက်ပြီး အရှိန်ရအောင် ခဏမျှပြေးပြီးမှ လက်နက်ကို ပစ်လွှတ်လိုက်သည်။
စက်လုံးက နက်မှောင်နေသော အလင်းတန်းကြီးလို ဆွေးမြေ့အိုးဆီ ပြေးထွက်သွားသည်။
"သေစမ်း... ငါဒီလိုထောင်ချောက်ထဲ နှစ်ခေါက်တောင် ကျမယ်လို့ ထင်တယ်လား...."
နတ်ဆိုးကြီး၏ မျက်လုံးထဲတွင် ကြမ်းတမ်းလှသော စိတ်ဆန္ဒတို့ ထွက်ပေါ်နေသည်။
လူတိုင်း ပင့်သက်ရှိုက်မိသွားသည်။
ပုဖန်က ပုစွန်ပိသိကျောပေါ်တွင်ရပ်နေပြီး ဖြူဖျော့သွားရသည်။ သူ၏နတ်ဘုရားစိတ်အာရုံက ကုန်လုနီးပါးဖြစ်နေသော်လည်း ၎င်းက ဆွေးမြေ့အိုးကို အထွတ်အထိပ်အခြေအနေသို့ ရောက်သွားစေသည်။
၎င်းမှ ထုတ်လွှတ်နေသော အလင်းတန်းများနှင့် ဖျက်ဆီးနိုင်စွမ်း အော်ရာတို့က ပုဖန်ကိုပင် ကြောက်လန့်သွားစေသည်။
သူ အိုးကို သူ့ဘာသာပျံသန်းစေလိုက်ပြီး သူ့တွင်ရှိသည့် နောက်ဆုံးသော နတ်ဘုရားစိတ်အာရုံအမျှင်လေးဖြင့် ပစ်မှတ်ကို နတ်ဆိုးကြီးဟု သတ်မှတ်ပေးလိုက်သည်။
ထို့နောက် ဆွေးမြေ့အိုးကို တွန်းလွှတ်လိုက်သည်။
ဂျစ်
လုတိုင်း၏ အကြည့်အောက်တွင် နေတစ်စင်းလို တောက်ပနေသော ဆွေးမြေ့အိုးက လေဟာနယ်ကိုဖြိုခွင်းကာ နတ်ဆိုးကြီးထံ ပြေးဝင်သွားသည်။
ကောင်းကင်ပေါ်တွင် ဧရာမနတ်ဆိုးကြီး၏ စက်လုံးနှင့် ဆွေးမြေ့အိုးတို့က အရှိန်အပြည့်ဖြင့် ချဉ်းကပ်လာကြသည်။
နောက်ဆုံးတွင် သူတို့ တစ်ခုနှင့်တစ်ခု ဝင်တိုက်သွားသည်။