Chapter 7
(ကျားမ ခွဲခြားခြင်း)
ရှေးဟောင်းလမ်းသည် ဆေးရုံနောက်ဘက်ရှိ မီတာရာဂဏန်းအကွာတွင် ရှိသည်။ သို့သော်လည်း၊ စုမုန့် နှင့် ဝေ့ထင် တို့သည် ဆေးရုံကို လှည့်ပတ်ကာ လမ်းလျှောက်သွားရသည်မို့ ဆယ်မိနစ်ကျော်ကြာသွားသည်။
လမ်းအ၀င်ဝတွင် ' ရှေးဟောင်းဧကရာဇ်' ဟူ၍ စာလုံးဖြင့် ရေးထွင်းထားသော ကျောက်စာတန်းတစ်ခုရှိသည်။ ကျောက်ပြားသည် ဟောင်းနွမ်းနေပြီး အပေါ်မှ အနီရောင်ဆေးများမှာ ပျက်ပြယ်နေတော့သည်။ သို့သော် ယင်းသည် ရှေးဟောင်းလမ်း၏ သာယာဝပြောမှုကို မထိခိုက်စေခဲ့ပေ။ အထဲမှာ နေရာက မကျယ်ဝန်းသဖြင့် ကားတွေ ဝင်လို့မရသည့်အပြင် လမ်း တစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်များပါ ရှိသောကြောင့် လာရောက်လည်ပတ်သူများနှင့် စည်ကားနေသည်။
သို့သော် မည်မျှပင် စည်ကားနေပါစေ၊ အဓိကအားဖြင့် ရှေးဟောင်းပစ္စည်း ရောင်းချသူများဖြင့်သာ စည်ကားနေခြင်း ဖြစ်သည်။ သက်တမ်းရင့်လေလေ ပိုနာမည်ကြီးလေလေပင်။ လူတိုင်းသည် သူတို့၏ဆိုင်ခန်းများကို အလွန်ရှေးဆန်သော ပုံစံဖြစ်အောင် ဖန်တီးထားကြပြီး တစ်ဆိုင်ချင်းစီသည် အပြိုင်အဆိုင် ပို၍ ဟောင်းနွမ်းစေရန် ပြင်ဆင်ထားလျက်ရှိ၏။ ထို့ကြောင့် အမှိုက်မရှိသည့်တိုင် လမ်းများသည် အနည်းငယ်ညစ်ပတ်သလို ဖြစ်နေသည်။
ဝေ့မိသားစု၏ ခေါင်းဆောင် တစ်ယောက်အနေနှင့် ဝေ့ထင် လိုချင်လျှင် ဘယ်ဟာမဆို ရနိုင်သည်။ သူ့မှာ ရှေးဟောင်းပစ္စည်းတွေလည်း ပေါများသလို ကိုယ်တိုင်ကိုယ်ကျပင်ဝယ်စရာ မလိုခဲ့ေပ။ဝယ်လျှင်လည်း လေလံပွဲ၌သာဝယ်ယူခဲ့သည်။
ဒီလိုမြင်ကွင်းမျိုးကို ဘယ်တုန်းကမှမမြင်ဖူးသော်လည်း သူ့မျက်လုံးထဲတွင်အထင်သေးဟန်တစ်ခုမျှမရှိခဲ့ေပ။သူက ခေါင်းငုံ့ပြီး စုမုန့် ကို စိုက်ကြည့်ရင်း သူမ ဘယ်လို ရှေးဟောင်းပစ္စည်းမျိုးကို ဝယ်ချင်လဲဟု စဉ်းစားမိသည်။
စုမုန့် သည် ဝေ့ထင် ရှေ့မှ တောက်လျှောက် ဦးဆောင်သွားခဲ့သည်။ လမ်းထဲတွင် လူနည်းလာသည်နှင့်အမျှ နောက်ဆုံးတွင် ဆိုင်းဘုတ်တစ်ခုမျှ ချိတ်ဆွဲထားခြင်း မရှိသော ထူးခြားသော ဆိုင်တစ်ခု၏ အဝင်ဝတွင် ခြေလှမ်းရပ်သွားခဲ့သည်။
စုမုန့် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ တံခါးသည် အနည်းငယ်တုန်ယင်နေပြီး တဆတ်ဆတ်တုန်နေကာ တစ်ခဏချင်းပင် ပြုတ်ကျသွားသလိုမျိုးပင်။
ဆိုင်ပိုင်ရှင်မှာ အသက် 70 ကျော်ခန့်ရှိ အဘိုးအိုတစ်ဦးဖြစ်သည်။ သူသည် မုတ်ဆိတ်ရှည်ကြီးရှိပြီး အနားယူရန် မျက်လုံးမှိတ်ထား၍ လက်တင် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ဆိုင်ထဲကို တစ်ယောက်ယောက် ဝင်လာသံကြားသောအခါ သူက မျက်လုံးတောင် မဖွင့်ဘဲ ပျင်းရိစွာနှင့်
“ပစ္စည်းတွေ အားလုံး ဒီမှာ ရှိတယ်...ကိုယ့်ဘာကိုယ် ရှာကြည့်လိုက်လေ… နံဘေးမှာ ဈေးနှုန်းရှိတယ်…ဈေးဆစ်ဖို့ မကြိုးစားပါနဲ့.. အကြွေးယူလို့လည်း မရဘူး…ပစ္စည်းက အများကြီးမရှိဘူး…စင်ပေါ်မှာ မရှိရင် တခြားဘယ်မှာမှ မရှိတော့ဘူး… မေးနေစရာ မလိုဘူး”
စုမုန့် သည် အဘိုးအို၏ လျစ်လျူရှုမှုကို ဘာမှမပြောဘဲ တစ်စုံတစ်ခုကို ရှာဖွေရန် အိမ်ထဲရှိ အတွင်းကျဆုံး စင်ဆီသို့ လျှောက်သွားလိုက်သည်။
ဝေ့ထင် သည် သူမ နောက်မှလိုက်လာကာ စင်ပေါ်မှပစ္စည်းများကိုကြည့်ရင်း သူမ ဘာဝယ်မလဲဆိုသည်ကို တွေးမိသည်။သူမက ဘာမှမရေးထိုးထားသော အဝါရောင် စက္ကူပြားတစ်အုပ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် ရှေ့ဖြစ်ဟောဆရာများများအသုံးပြုသည့် ဖန်သားပြင်ပြားတစ်ချပ်အပြင် သူတစ်ခါမှမမြင်ဖူးသော အခြားအရာများစွာကို ထုတ်ယူခဲ့သည်။
ဝေ့ထင် : “…”
ဤအရာများစွာကို ယူကြည့်နေသော စုမုန့် သည် ရှေ့ဖြစ်ဟောဆရာတစ်ယောက်လိုပင်။ သို့သော် သူမ သရုပ်ပြခဲ့သော အံစာတုံးကစားခြင်းစွမ်းရည်နှင့် သူမ၏ကိုယ်ရည်ကိုယ်သွေး ရုတ်ချည်းပြောင်းလဲသွားခြင်းကို တွေ့လိုက်သောအခါတွင် ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။သူ အသာကြည့်မနေနိုင်တော့ဘဲ သူမ ဘာတွေတွေးနေလဲဆိုသည်ကို မေးဖို့ မစောင့်နိုင်တော့ပေ။
"မင်း ရှေ့ဖြစ်ဟောဆရာဖြစ်ချင်လို့ ဒါတွေဝယ်တာလား"
သူမက သူ့ကို ညင်သာစွာ ပြုံးပြသော်လည်း သူမ စကားမှာ ဒေါသသံများ ပါဝင်နေသည်။
“ကျွန်မရဲ့ ကံကြမ္မာကို ပြန်ဖတ်ကြည့်ချင်တယ်...အကျင့်မကောင်းတဲ့ စုံတွဲလက်ထဲ ရောက်သွားအောင် ဘယ်လိုမျိုး လုပ်ရပ်ဆိုးတွေ ကျွန်မ လုပ်ခဲ့လို့လဲဆိုတာ ကျွန်မကိုယ်တိုင်ပဲ ကြည့်ချင်တယ်”
သူမ ဘာပြောနေတာလဲ...
ဝေ့ထင် စကားမပြောနိုင်တော့ေပ။ သူမကို ပိုပိုပြီး နားမလည်နိုင်သည်ကို သူတွေ့လိုက်ရ၏။ ထို့အပြင် သူမ၏ အရည်အချင်းကိုကြည့်ပြီး ယခုလိုမျိုး လုပ်နိုင်နေသည်မှာ သူမအတွက် ပထမဆုံးအကြိမ်မဟုတ်မှန်း သူသိသည်။
ဝေ့ထင် က စုမုန့် ဘာလုပ်မည်ဆိုသည်ကို မသိသော်လည်း ဆိုင်ရှင်က သိနေ၏။သူမ၏ စကားကိုကြားေသာအခါ ဆိုင်ရှင်က မျက်လုံးဖွင့်လာပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် စူးရှပြီး တောက်ပနေကာ သူ၏ ခပ်နုတ်နုတ်ရှေးအဘိုးကြီးအသွင်အပြင်နှင့် လုံးဝ မလိုက်ဖက်ပေ။
အဘိုးအိုက စုမုန့် ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“မင်းက မိန်းကလေးလား”
စုမုန့် အဘိုးအို၏ စကားကိုကြားသောအခါ ခေတ္တမျှ တုံ့ပြန်နိုင်ခြင်းမရှိဘဲ သူမ ရင်ဘတ်ကိုကြည့်ကာ ရှည်လျားသောဆံပင်ကို ထိလိုက်သည်။ ထို့နောက် အဘိုးအိုကို ပြန်မေးလိုက်၏။
“ကျွန်မက မိန်းကလေးနဲ့ မတူဘူးလား"
“ဒီအလုပ်မှာ မိန်းကလေး လုပ်တဲ့သူ မရှိဘူး...မိန်းကလေးတွေက ငါတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်... မင်း လာတဲ့နေရာကို ပြန်သွားလိုက်တော့... ဒီပစ္စည်းတွေကို ငါမရောင်းတော့ဘူး…မင်း မြန်မြန်ထွက်သွားသင့်တယ်…ဟေ့ကောင် မင်းမိန်းမကို မြန်မြန်ခေါ်သွားကွာ”
အဘိုးအိုသည် စကားဆုံးပြီးနောက် လှည့်၍ ထွက်သွားပြီး ထိုင်ခုံပေါ်ပြန်ထိုင်ကာ မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်သည်။ သူ့ပုံစံမှာ နောက်ထပ် ထလာဖို့ ရည်ရွယ်ချက် လုံးဝမရှိပေ။
သူမ မျက်မှောင်ကြုတ်လိုက်သည်။
"မိန်းမတစ်ယောက်က ဒီအလုပ်ကို မလုပ်နိုင်ဘူးလို့ ထင်သလား"
အဘိုးအိုက ဖြည်းညှင်းစွာပြောသည်။
“မိန်းကလေးတွေ လုပ်လို့ မရဘူး… လုပ်ရင်တောင်မှ တိုးတက်နိုင်မှာ မဟုတ်ဘူး”
ဝေ့ထင် သည် ဤအဘိုးအိုမှာ စုမုန့် ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ မိိန်းမများအားလုံးကို သိမ်းကျုံးပြောနေခြင်းမှန်း သိလိုက်သည်။ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေက အဖြစ်များပြီး အတော်လေး အရှိန်အဟုန်မြင့်လျက်ရှိသည်။ ဝေ့မိသားစုသည် လုပ်ငန်းကို ဤမျှကြီးကြီးကျယ်ကျယ်လုပ်နိုင်ရသည့် အကြောင်းရင်းက ကျား၊မ မခွဲခြားဘဲ အရည်အချင်းရှိသူတွေကိုသာ အသုံးပြုတာကြောင့်ပင်။ အရည်အချင်းရှိသူများကိုလည်း ဆုပေးတတ်သည်။
ဝေ့ထင် အဘိုးအိုကို ကြည့်လိုက်ရင်း
"အလုပ်ကိစ္စမှာ ယောက်ျား မိန်းမဆိုတာ မရှိဘူး…အဘိုးက အမြင်ကျဉ်းတာပဲ...ဒါကြောင့်လည်း ပိုက်ဆံမရှာနိုင်တာ.... အံ့သြစရာတော့ မဟုတ်ပါဘူး"
သူ့စကားကိုကြားပြီးနောက် အဘိုးအိုသည် လက်ကိုဝှေ့ယမ်းလျက်…
“မောင်ရင်... မင်းပြောတာမှန်တယ်… ငါက တစ်ကယ်ငွေမရှာနိုင်ဘူး... မဟုတ်ရင် ဒီလမ်းကြားထဲမှာ ဘယ်ဖွင့်ထားပါ့မလဲ…ဒါပေမယ့် ယောက်ျား၊မိန်းမ ဆိုတာ ခွဲခြားရတယ်ကွ…မင်းတို့သွားနိုင်ပြီ"
ထိုအခါ စုမုန့် ဝေ့ထင်ကို အံ့သြစွာ ကြည့်လိုက်သည်။ သူမ သူ့ကို သိလာသည်မှာကြာပြီဖြစ်သည်။အလုပ်ကိုသာ အာရုံစိုက်ပြီး သူမကိုအရေးမစိုက်သူက ယခုတော့ သူမအတွက် ပြောပေးနေလေသည်။
7.2
(မင်ခြောက်အောင် မှုတ်လိုက်ပါ)
ဘာကိုဆိုလိုမှန်း သူမ သိသောကြောင့် အဘိုးအို၏စကားကို လျစ်လျူရှုခဲ့သည်။
ဖုန်းရွှေပညာရပ်တွင် အမျိုးသမီးတပည့်များကို လက်မခံသော ဓလေ့တစ်ခုရှိခဲ့သည်။ အကြောင်းရင်းကို သူမ မသိသော်လည်း ခြွင်းချက်တစ်ခုသာဖြစ်သည်။ ဤသည်မှာ ရှေးထုံးတမ်းစဉ်လာများနှင့် ချည်နှောင်ခြင်းကို မုန်းတီးသော သူမ ဆရာ၏ ကျေးဇူးပင်ဖြစ်သည်။ထိုသို့ ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်ပြီး သူမ လျစ်လျူရှုထားခဲ့၏။ လိုအပ်နေသည့် အရာက ဤဆိုင်မှာ ရှိနေ၍သာ လာခြင်းဖြစ်သည်။
သူမ စင်ပေါ်ကို အမြန်ကြည့်လိုက်ရာ နောက်ဆုံးတွင်၊ ထောင့်စွန်းရှိ အနက်ရောင်ပစ္စည်းတစ်ခုကို တွေ့လိုက်ရသောအခါ သူမ ဝမ်းသာအားရ ပြုးလိုက်မိ၏။ထိုအခါ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် လခြမ်းပုံဖြစ်သွားရလေသည်။ထိုပစ္စည်းကား သူမ ဝေ့ရွှယ်ကို ပေးချင်သည့် လက်ဆောင်တစ်ခုပင်။
သူမ စိတ်ကူးယဉ်ထားသည့် အရာက ဤဆိုင်မှာ မထင်မှတ်ဘဲ တွေ့ရလေသည်။ ထိုပစ္စည်းအပေါ်မှာ ဖုန်မှုန့်အလွှာထူကြီးတစ်ခု ရှိနေလေသည်။ ဘေးနားရှိ ပစ္စည်းတွေက သန့်ရှင်းသဖြင့် မကြာခဏ သန့်ရှင်းရေးလုပ်ထားပုံရသည်။ သို့သော် ထိုအရာကို မသန့်ရှင်းထားချေ။ သူမသည် ထိုပစ္စည်းကို စိုက်ကြည့်ကာ ခေါင်းမလှည့်ဘဲ အဘိုးကြီးအား အော်ပြောလိုက်သည်။
"အဘိုး…ဒီဆိုင်က ပစ္စည်းတွေကို ကျွန်မဆီ မရောင်းချင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ဒီပစ္စည်းကို ရောင်းပေးမယ် မဟုတ်လား"
အဘိုးအိုက မျက်လုံးမဖွင့်ဘဲ ငြင်းလိုက်သည်။
“မရောင်းပါဘူး... ဘာမှ မရောင်းဘူး”
စုမုန့် အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး
“သေချာလို့လား... အဘိုး မရောင်းနိုင်လို့ပဲ ဒီပစ္စည်းကို အတွင်းဆုံးမှာ ထည့်ထားတာမဟုတ်လား... ဒီက ဖုန်တွေကို ကြည့်လိုက်ဦး...ကြည့်ရတာ ဒီဟာကို ထိရမှာတောင် ကြောက်နေတာထင်တယ်… အခု ကျွန်မလာဝယ်နေတာကို မရောင်းချင်တာ သေချာလား"
စုမုန့် သည် ဖုန်မှုန့်များအကြောင်းပြောသည်ကို ကြားပြီးနောက် လှုပ်နေသာ ကုလားထိုင်သည် ရုတ်တရက် ရပ်သွားပြီး အဘိုးအိုက သူမအား အံ့ဩသော အကြည့်ဖြင့် ကြည့်နေလေသည်။
"မင်းလိုချင်တာ သေချာလို့လား…ဒီဟာရဲ့ အကျိုးသက်ရောက်မှုကို မင်း သိလား"
“သေချာပါတယ်… အဲ့ဒါကြောင့် မေးတာပါ"
အဘိုးအို၏ အမူအရာသည် ရုတ်တရက် အလွန်ထူးဆန်းလာကာ ဝေ့ထင် ကိုကြည့်ပြီး တစ်ဖန် သူမကို ပြန်ကြည့်လေသည်။
"ဒါက ဘာလဲဆိုတာ မင်းသေချာသိထားတယ် ဆိုတော့ ဝယ်ရောဝယ်ချင်ရဲ့လား"
သူမ ခေါင်းညိတ်လိုက်သည်။
"ဟားဟားဟား"
အဘိုးအိုသည် ရုတ်တရက် ရယ်မောလိုက်ပြီး သူမအပေါ် သဘောထားက ပြောင်းသွားကာ လေသံကလေးဖြင့် မေးလာသည်။
“ငါ မင်းကို ရောင်းလိုက်မယ်...အိုး၊ မရောင်းဘူး… ငါပေးလိုက်မယ်… နောက်ပြီး ဒီဆိုင်က ရှေးဟောင်းပစ္စည်းတွေထဲက မင်းလိုအပ်တာမှန်သမျှ ယူလို့ရတယ်"
စုမုန့် နှုတ်ခမ်းကို တွန့်ချိုး၍ ပြုံးလိုက်သည်။
'တစ်ကယ် ပြောနေတာလား...ဒီဆိုင်မှာ အဖိုးတန်တဲ့ ပစ္စည်းတွေများ ရှိသေးလို့လား'
အဘိုးကြီးက သူမ ဘာတွေတွေးနေမှန်းမသိပေ။ ထိုဒုက္ခကို နောက်ဆုံးတွင် ဖယ်ရှားနိုင်ခဲ့သည့်အတွက် သူပျော်နေမိတော့သည်။တစ်ကယ်တမ်းတွင်၊ထိုအရာကို ဤဆိုင်မှာ ထား၍လည်း ဘာမှ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပေ။သူလည်း ကိုင်၍မရပေ။ အရင်တုန်းက သူ တစ်ခါရောင်းဖူးသော်လည်း သိပ်မကြာခင်မှာပင် ပြန်ရောက်လာခဲ့သည်။ ဝယ်သွားသည့် ဖောက်သည်မှနေ၍ ထိုပစ္စည်းကို ယူသွားကတည်းက သူ့ပတ်ဝန်းကျင်မှာ ထူးဆန်းသောကိစ္စများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။ ဘာတွေ ထူးထူးခြားခြား ရှိသလဲ ဆိုသည်ကိုတော့ ဖောက်သည်က မပြောခဲ့ချေ။ ဤပစ္စည်းကို မထိမိဖို့နှင့် တခြားသူများကိုလည်း မရောင်းဖို့သာ သတိပေးခဲ့၏။ ဈေးမကြီးသည့်အတွက် ထိုလူက ပြန်အမ်းငွေတောင် မယူခဲ့ပေ။
ယခု စုမုန့် က ဝယ်ချင်နေသည်ဆို၍ အဘိုးကြီးအတွက် လွတ်လပ်မှုတစ်ခု ရသွားခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ၊ ဤအရာအတွက် ငွေလည်းရမည်ဖြစ်သည်။
စုမုန့် သည် အဘိုးအိုက ပေးမည်ဟု ပြောသည်ကို ကြားသောအခါ ပြုံး၍ အဆောင်စာရွက်အလွတ်ကို အသာအယာ ထုတ်ယူလိုက်သည်။ ထို့နောက် သူမဘေးရှိစားပွဲမှ အနီရောင်စုတ်တံကိုယူကာ စက္ကူပေါ်တွင် စာကြောင်းအနည်းငယ်ဆွဲလိုက်သည်။
အဘိုးအိုသည် သူမ၏ လှုပ်ရှားမှုများကို ကြည့်နေရင်း ဆွဲထားသည့် အဆောင်ကို မြင်လိုက်လျှင် သူ့မျက်လုံးများက ချက်ချင်း တောက်ပလာခဲ့၏။ ဝေ့ထင် သည် အပြင်လူတစ်ဦးဖြစ်၍ သူမ ဘာလုပ်နေသည်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် သူမဆွဲသော အဆောင်သည် နယ်နိမိတ် အဆောင်လက်ဖွဲ့တစ်မျိုးဖြစ်သည်ကို အဘိုးကြီး သိသည်။ ထိုအဆောင်သည် ဖုန်းရွှေလောကတွင် အသုံးအများဆုံးသာမက အခက်ခဲဆုံးသော အဆောင်ဖြစ်သည်။
ဘယ်သူမဆို ဆွဲလို့ရသော်လည်း ပုံဆွဲပြီးလျှင် ဘယ်လောက်ထိ ထိရောက်သလဲဆိုသည်ကို ကြည့်ရပေဦးမည်။ ဤသည်မှာ အဆောင်ရေးဆွဲသူ၏ ကျွမ်းကျင်မှုကို စမ်းသပ်ခြင်းဖြစ်သည်။ စုမုန့် သည် ရိုးရှင်းသော တုတ်ချောင်းမျဉ်းများကို ဆွဲနေပုံရသော်လည်း သူမဟန်ပန်က ထူးခြားလျက်ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမမှာ အခြေခံအုတ်မြစ် အသိပညာရပ် တစ်ခုခုရှိနေမှန်း သူပြောပြနိုင်သည်။ သူမသည် သာမာန် မိန်းကလေးမဟုတ်နိုင်ပေ။
ပုံဆွဲပြီးသည်နှင့် သူမသည် အနက်ရောင်ကို စက္ကူဖြင့် သေချာထုပ်ပိုးပြီး ဝေ့ထင်ထံ ယူဆောင်လာခဲ့သည်။
“လာပြီး မှုတ်ပေး"
ဝေ့ထင် မျက်နှာက မည်းကနဲတစ်ချက်ဖြစ်သွားရ၏။ သူမ၏ လက်ရှိအခြေအနေသည် မှော်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ရှေ့ဖြစ်ဟောဆရာနှင့် မတူသဖြင့် သူ မှုတ်ချင်စိတ်မရှိချေ။ ခဏနေတော့ သူ့ဖုန်းမြည်လာ၍ လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရင်း သက်သာရာရသွားသလိုမျိုး အမြန်ကိုင်လိုက်သည်။
ဖုန်းတစ်ဖက်မှ ပြောသောစကားကို စုမုန့် မကြားရသော်လည်း ကောင်းသော ကိစ္စမဟုတ်နိုင်ပေ။ ဝေ့ထင် မျက်နှာက မည်းမှောင်သွားပြီး သူမအား
"ချက်ချင်းလုပ်စရာကိစ္စတစ်ခု ပေါ်လာတယ်…အခုထွက်သွားရမယ်… တစ်ခုခုလိုအပ်ရင် လီပင်း ကိုပြော …သူက မင်းကို အစစအရာရာ ဂရုစိုက်ပေးလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူထွက်သွားတော့မည်ဖြစ်သော်လည်း စုမုန့် ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်လိုက်၏။
"ခဏနေဦး"
သူမ၏ လက်သည် သေးငယ်လှသဖြင့် ဝေ့ထင်၏ လက်တစ်ဝက်ကိုသာ ကိုင်ထားနိုင်သည်။ ရုတ်တရက် နူးညံ့သော အထိအတွေ့ကြောင့် ဝေ့ထင် ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။သူမ ယခုအကြိမ်က သူ့လက်ကို လာကိုင်သည်မှာ ပထမဆုံးအကြိမ်ပင်။သူ့ မသိစိတ်ထဲက မရုန်းမိဘဲ အသာရပ်နေမိလေ၏။ သို့သော် သူမက စိုးရိမ်တကြီးနှင့် မျက်မှောင်ကြုတ်၍ ပြောလာသည်။
“ခဏနေပါဦး...မသွားခင် မင်ခြောက်အောင် မှုတ်ဖို့ အချိန်ရှိပါသေးတယ်.… အများကြီး ကြိုးစားယူရမှာ မဟုတ်ပါဘူး…ကျွန်မလည်း ရှင့်ကို ဒုက္ခပေးဖို့ မကြိုးစားပါဘူး"
ဝေ့ထင် : “…”
xxxxxxx