Chapter 8
(သူမ၏ ဆရာကိုသတိရခြင်း)
သူ မလိုလားသော်လည်း စုမုန့် လက်ထဲမှ အရာအား ဖူးကနဲမှုတ်ပြီး ထွက်သွားလိုက်သည်။
ဝေ့ထင် ထွက်သွားသောအခါ တိတ်တဆိတ် စောင့်ကြည့်နေသည့် အဘိုးအိုက စုမုန့် ကို မေးလေ၏။
"ကလေးမ သူက ဘယ်သူလဲ…မင်းတို့နှစ်ယောက်က စုံတွဲတွေလို့ အစက ထင်ခဲ့တာ...ဒါပေမယ့် မင်းမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိပါစေ၊ ဖုန်းရွှေ ပညာရှင်တစ်ယောက်အနေနဲ့ ဒီအရာတွေကို တခြားသူတွေ ထိခိုက်စေပြီး မင်းရဲ့အကျင့်စာရိတ္တကို ထိခိုက်စေအောင်အထိ အသုံးချလို့ မရဘူးဆိုတာ မင်းကို သတိပေးထားမယ်"
စုမုန့် သည် ပစ္စည်းကို အဝါရောင်စက္ကူဖြင့် သေချာထုပ်ပိုးပြီး အိတ်ထဲသို့ ထည့်လိုက်သည်။
“စိတ်မပူပါနဲ့… သိပါတယ်”
သို့သော်၊သူမ စိတ်ထဲကမူ
'တချို့လူတွေက စပြီး ပြဿနာလာရှာရင်တော့ ကျွန်မကို အပြစ်ပြောလို့ မရဘူး’
အဘိုးအိုက သူမအနားကို တိုးလာကာ လေသံပျော့ပျော့လေးနှင့် မေးသည်။
"ကလေးမ မင်းက ဘယ်ဂိုဏ်းကနေ သင်ခဲ့တာလဲ… မင်းက အရမ်းအစွမ်းထက်နေတဲ့ဟာ ဖုန်းရွှေပညာရှင် ပြိုင်ပွဲကို လာမယ့် နှစ်ပတ်အတွင်းကျင်းပမှာလေ… သွားပြိုင်ပါ့လား"
"ဖုန်းရွှေပညာရှင် ပြိုင်ပွဲ"
သူမအနေနှင့် ဆရာဖြစ်သူအကြောင်းပြောပြဖို့ စိတ်မဝင်စားသဖြင့် သိချင်သည့်ကိစ္စကိုသာ မေးလိုက်သည်။
"ဒီ ဖုန်းရွှေပညာရှင် ပြိုင်ပွဲက ဘာလဲ"
"မင်းမသိဘူးလား…မင်း အခုလေးတင် အဆောင်ဆွဲတာကို ကြည့်ရတာ မင်းက မိန်းကလေးဖြစ်ပေမဲ့ မင်းရဲ့အစွမ်းက မသေးလှပါဘူး… ဖုန်းရွှေပညာရှင်တွေရဲ့ လုပ်ငန်းကိုလည်း မင်း နားလည်မယ်ထင်တယ်... အမျိုးသမီး ဖုန်းရွှေပညာရှင်ဆိုရင် ဖုန်းရွှေလောကမှာ နာမည်ရချင်တယ် ဆိုရင် သဲကန္တာရထဲမှာ သောက်စရာရေ လိုက်ရှာရသလိုပဲ လွယ်တော့မလွယ်နိုင်ဘူး…နာမည်ရဖို့ ဆိုရင် ဒီ ဖုန်းရွှေပညာရှင် ပြိုင်ပွဲမှာ ဝင်ပြိုင်တာက အကောင်းဆုံးပါပဲ"
ဒါကိုကြားပြီးနောက် စုမုန့် စိတ်ဝင်စားမှုမြင့်တက်လာရတော့သည်။
"ဘယ်မှာ ကျင်းပမှာလဲ...လိုအပ်ချက်တွေရှိလား"
အဘိုးအိုက ခေါင်းယမ်းပြီး ပြောလေသည်။
" ဖုန်းရွှေ ကို သိတဲ့ သူတိုင်း အသက်လေးဆယ် မပြည့်သေးသရွေ့ ပါဝင်လို့ရပါတယ်…ဒါပေမယ့် ပါဝင်သူအများစုကတော့ အရမ်းကိုလေးစားထိုက်တဲ့ ဖုန်းရွှေ ဆရာတွေရဲ့ တပည့်တွေပါပဲ...ဘာနောက်ခံမှလည်း မရှိဘူး၊လက်တွေ့အလေ့အကျင့်ကလည်း မရှိထားတဲ့ ဖုန်းရွှေပညာရှင်တွေဆိုရင်တော့ အားနည်းနေမှာပေါ့…အနိုင်ရတဲ့သူက လုပ်ငန်းအမျိုးမျိုးပိုင်တဲ့ လူချမ်းသာ ပုဂ္ဂိုလ်တွေဆီကနေ အာရုံစိုက်ခံရရုံတင်မဟုတ်ဘူး... ဆုငွေ ယွမ် ၁၀ သန်းကိုလည်းရမှာ"
သူမ တွေးနေစဥ် အဘိုးအိုက ထိုစကားများကို ထပ်ပြောလာသည်။ ဆုငွေကလည်း အလွန်များပြားသဖြင့် သူမ၏ မျက်လုံးတွေက ချက်ချင်းတောက်ပလာပြီး
"ကျွန်မ သွားပြိုင်မယ်"
အဘိုးကြီးပြောတာ မှန်ပေသည်။ သူမသည် လက်ရှိတွင် ကိုယ့်ဘာသာကိုယ် ရပ်တည်ရပေမည်။သူမ၏ အလုပ်ဟောင်းကို ပြန်လုပ်ချင်လျှင်တောင် သူ့ကိုယ်သူ နာမည်ရအောင် အရင်လုပ်ရဦးမည်။သို့မဟုတ်ပါက၊ သူဌေးကြီးများနှင့်မတွေ့ဆုံနိုင်ဖြစ်ကာ စီးပွားရေးအရလည်း တိုးတက်လာမှာမဟုတ်တော့ေပ။
ဘယ်လောက်ပဲ ခက်ခဲပါစေ မကြိုးစားသေးဘဲ သူမ ဘယ်လိုသိနိုင်မှာလဲ…
အဘိုးအိုသည် စုမုန့်၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများကို ကြည့်ပြီး အဓိပ္ပါယ်ရှိသော အပြုံးဖြင့် ပြုံးလိုက်သည်။ သူမ မထွက်သွားခင်မှာ ရှေးဟောင်းပစ္စည်းဆိုင်က အဖိုးအိုက သူမအား ပစ္စည်းတွေအများကြီးပေးခဲ့သည်။ ဖုန်းရွှေပညာရှင်များ လိုအပ်သော ကိရိယာအားလုံးကို အနက်ရောင် ပလပ်စတစ်အိတ်များ နှင့် ထုပ်ပေးခဲ့သည်။
ဤအရာတွေက သူ့အတွက် ဘာမှမဟုတ်ပေ။ စုမုန့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်အခါတွင် အခြားသူများကို သူ့ဆိုင်မှ ဝယ်လာခြင်းဖြစ်ကြောင်း အကြံပေးမည်ဖြစ်သလို လိုအပ်သမျှအရာအားလုံးကိုလည်း သူ့ထံမှ ဝယ်ယူမည်ဖြစ်သည်။
စုမုန့်သည် ပစ္စည်းတွေကို သယ်ပြီး သူမ၏ ဆရာဖြစ်သူ ဖွင့်ထားသည့်ဆိုင်ရှေ့မှ ဖြတ်သွားလိုက်သည်။ ဆိုင်ပုံစံက မပြောင်းလဲသော်လည်း အရင်ကနှင့် မတူတော့ေပ။သူမ ဆိုင်ရှေ့မှာရပ်ပြီး ဖောက်သည်တွေကို နှုတ်ဆက်နေသည့် ဆိုင်ရှင်အသစ်ကို ကြည့်လိုက်မိသည်။ထို့နောက် သူမ၏ အတွေးများသည် မကူညီနိုင်ဘဲ အဝေးသို့ လွင့်မျောသွားခဲ့သည်။
သူမသည် ယခင်က ဤနေရာတွင် အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သူမ၏ဆရာဖြစ်သူ ဇနီးမောင်နှံက သူမကို သမီးလေးလို ဆက်ဆံသည်။ထိုမျှမကသေးဘဲ၊သူမ၏ ဆရာက သူမကို အမွေဆက်ခံသူအဖြစ်တောင် လျာထားပြီး ဖုန်းရွှေ အသိပညာကို သင်ကြားပေးကာ လူသားတစ်ယောက်၏ အခြေခံမူကျင့်ဝတ်တွေကိုလည်း သင်ကြားပေးခဲ့သည်။
သို့သော်၊သူမ ဆရာဖြစ်သူကို ကျေးဇူးမဆပ်နိုင်ခဲ့ေပ။ နောက်ပိုင်းတွင် ဆရာ၏ဇနီး ဆုံးပါးသွားသောအခါ ဆရာသည် အသည်းကွဲနေခဲ့သည်။ ဝေ့မိသားစုအတွက်ကြောင့် သူမသည် ဆရာဖြစ်သူကို လစ်လျူရှုကာ ဝေ့မိသားစုသို့ သွားရန်အတွက် ဆရာဖြစ်သူနှင့်ပင် အဆက်အသွယ်ဖြတ်ခဲ့သည်။
ဝေ့မိသားစု၏ ဖုန်းရွှေသည် သူမနှင့် ကွဲလွဲနေကြောင်း ဆရာက ပြောခဲ့သည်။ အကယ်၍ သူမသာ ထိုနေရာသို့ သွားလျှင် ကံဆိုးခြင်း နှင့် ကြုံရမည်မှာ သေချာကြောင်းလည်း ပြောခဲ့သည်။ အကယ်၍ သူမသာ သူ့စကားနားမထောင်ဘဲ ဝေ့မိသားစုထဲကို ဝင်သွားပါက၊ဆရာတပည့်ဆက်ဆံရေးကို ဖြတ်တောက်ပစ်မည်ဟု ပြောခဲ့သည်။ ထိုအချိန်က ဝေ့မိသားစုသည် သူမ၏ သရုပ်မှန်ဖြစ်သော
ဖုန်းရွှေပညာရှင်ဖြစ်ကြောင်းသိသွားမှာကို သူမစိုးရိမ်နေခဲ့သည်။ ဆရာဖြစ်သူက မထီမဲ့မြင်ပြုခံရမှာ ကြောက်သဖြင့် သူမက သဘောတူဟန်ဆောင်ခဲ့ကာ တစ်ချိန်တည်းမှာပင် သူမသည် ဝေ့မိသားစု၏ ဖုန်းရွှေကို ပြောင်းလဲနိုင်မည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။
ထိုနေ့မှစ၍ ဆရာဖြစ်သူမှာ သူမကြောင့် ခံစားခဲ့ရပြီး သူ့ကို ဘယ်တော့မှ ထပ်မရှာတော့ဘဲ ဆရာကိုလည်း သူမ မဆက်သွယ်ဝံ့ခဲ့ပေ။ ထိုအချိန်မှစ၍ ဆရာဖြစ်သူသည် ဆိုင်ကိုရောင်းပြီး ထွက်သွားခဲ့၍ ထိုအချိန်မှစ၍ သတင်းများထွက်ပေါ်မလာတော့သလို ဘယ်ရောက်သွားမှန်းလည်း သူမ မသိတော့ေပ။
ဆရာဖြစ်သူက သူမကို တားရသည့်အကြောင်းပြချက်မှာ တစ်ကယ်လည်း မှန်ကန်ခဲ့သည်။ ဝေ့ထင် အကြောင်းကိုသာ တွေးပြီး လှည့်စားခံရခြင်းအတွက် အားလုံးက သူမအပြစ်ပင်။ နောက်ဆုံးမှာတော့ သူမ အသက်ဆုံးရှုံးခဲ့ပြီး သူမအား တစ်ကယ်ချစ်သူများကို နာကျင်စေခဲ့လေ၏။ယခုအချိန်မှာ သူမကိုယ်သူမ အကြိမ်ပေါင်းများစွာ ပါးရိုက်ချင်နေခဲ့သည်။ သူမ၏ အရင်ဘဝတုန်းက၊ သူမသည် တစ်ကယ်ကို ထုံထိုင်းခဲ့သူပင်။
စုမုန့် ရင်ထဲမှနေ၍ တိတ်တိတ်လေး ကတိပေးလိုက်သည်။
'ဆရာကြီးကို သေချာရှာပြီး တောင်းပန်မယ်… နောက်ကျရင် ဆရာ့ကို တတ်နိုင်သလောက် ကူညီပေးပါရစေ’
ရင်းနှီးခဲ့ဖူးသောဆိုင်ကလေးကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် စုမုန့် သည် သူမ၏ပစ္စည်းများကို သယ်ပိုးကာ ထွက်သွားခဲ့သည်။
8.2
(လွဲချော်သွားသော စကားများ)
စုမုန့် ထွက်သွားပြီးနောက်...
ဆိုင်ပိုင်ရှင်သည် ဖောက်သည်များကို လက်ခံစကားပြောပြီးနောက် ဆိုင်ပြင်ဘက်ကို ကမန်းကတန်း ထွက်လာသည်။သူက ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
"စောစောက ကောင်မလေးကို သိနေသလိုပဲ… သူမပဲလား… သူမက အမြန်ထွက်သွားတော့ စကားပြောဖို့တောင် အချိန်မရှိလိုက်ဘူး"
အသက် 20 ဝန်းကျင် မိန်းကလေးတစ်ယောက်က သူ့နောက်ကို လိုက်လာကာ သူ့ကိုယ်သူ စကားပြောနေသည့် ဆိုင်ပိုင်ရှင်ကို ကြည့်ရင်း မေးလေသည်။
“ဆိုင်ရှင် ဘာဖြစ်နေတာလဲ…ရှင် ဘယ်သူ့ကိုရှာနေတာလဲ"
ဆိုင်ရှင်က ကောင်မလေးကို ဆိုင်ရှိ စားပွဲဆီသို့ ခေါ်သွားကာ အံဆွဲထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်သည်။ ပုံထဲမှာ မြင်းမြီးပုံစံ ဆံပင်အမြင့်ချည်ထားသည့် မိန်းကလေးတစ်ယောက်ပင်။ သူမ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ပွင့်ရှိကာ ကင်မရာဆီသို့ ပျံသန်းနေသော ပို့စ်ထုတ်ထားသည်။ သူမ၏ ပြုံနေဟန်ပန်က မြင်ရသူကို ပြုံးပျော်စေသည်။ ဓာတ်ပုံထဲက မိန်းကလေးမှာ စုမုန့် ဖြစ်လေသည်။
ကောင်မလေးက ရေရွတ်လိုက်သည်။
“ဘယ်လောက်လှတဲ့ မိန်းကလေးလဲ”
ဆိုင်ရှင်က ခေါင်းညိတ်ပြီး
“ဒီဓာတ်ပုံကို ငါတို့သူဌေးက မထွက်သွားခင် ချန်ထားခဲ့တာ… ဓာတ်ပုံထဲက ကောင်မလေးက သူ့ဆီလာရှာရင် သူ့ကို ဆက်သွယ်လို့ သူက ပြောတယ်...အခု ငါမြင်တာမမှားလောက်ဘူး... ငါတို့ ဆိုင်တံခါးနားမှာ ရပ်နေတဲ့ ကောင်မလေးက ဓာတ်ပုံထဲက ကောင်မလေးပဲ... ဒါပေမယ့် သူမက အမြန်ပဲပြန်ထွက်သွားတာ"
ထွက်သွားပြီးဖြစ်သည့် စုမုန့် ကတော့ ဤကိစ္စများကို မသိခဲ့ပေ။ ရှေးဟောင်းလမ်းမှထွက်ပြီးနောက် သူမသည် ဈေးသို့သွား၍ စားချင်သည့်အရာများ အကုန်ဝယ်ပြီး ဝေ့မိသားစု၏ဗီလာကို ပစ္စည်းအိတ်များစွာနှင့် အမြန်ပြန်လာခဲ့၏။သူမ အိမ်ပြန်ရောက်ချိန်တွင် နေက ဝင်လုနီပါး ဖြစ်နေပေပြီ။
အိမ်ရှိအစေခံများသည် ခန်းမအတွင်းရှိ စားပွဲများကို သန့်ရှင်းရေးလုပ်နေကြသည်။ စုမုန့် သည် အနက်ရောင် ပလတ်စတစ်အိတ်များဆွဲလျက် ပြန်လာသည်ကို တွေ့လိုက်သောအခါ သူတို့ မျက်လုံးများထဲက အထင်အမြင်သေးသည့် အကြည့်များမှာ ဖုံးဖိမရဘဲ ထွက်ပေါ်လာသည်။
“သခင်မလေး ပြန်လာပြီလား”
အိမ်အကူတစ်ယောက်က ပေါ့ပေါ့ပါးပါး နှုတ်ဆက်လာပြီး သူမကို ကူညီဟန်ပင် မပြချေ။ သူမသည် အ၀တ်စုတ်တစ်ထည်ကို ယူကာ ဝတ်ကျေတန်းကျေ ဆက်သုတ်နေလေသည်။
“နင် အရမ်းလုပ်ကြိုးစားနေတာပဲ...ဒီဟင်းတွေကို မီးဖိုချောင်ထဲ ယူသွားပေးပါ…ကျေးဇူးတင်ပါတယ်"
စုမုန့် လက်ထဲမှ အနက်ရောင် ပလပ်စတစ်အိတ်များအား အိမ်အကူကို ပေးလိုက်သည်။ အိမ်အကူသည် အိတ်သယ်ပေးဖို့ အတော်ပင် အလွန်ဝန်လေးပုံရသည်။ သို့သော် သူမကို မနှစ်မြို့သော်ငြား သူမ၏ အဆင့်အတန်းမှာ ဤဝေ့မိသားစု၏ ချွေးမဖြစ်နေဆဲပင်။သို့ဖြစ်၍ သူမ မလုပ်ချင်ဘူးဆိုလျှင်တောင် လုပ်ရပေတော့မည်။
ပစ္စည်းများယူပြီးနောက် “သခင်မလေး...ဒါတွေကို ထပ်လုပ်ပေးရဦးမလား... ဒါပေမယ့် ကျွန်မ အလုပ်ကို အရင်ပြီးအောင်စောင့်ရမယ်"
"မလိုပါဘူး...သယ်ပေးရုံပါပဲ"
စုမုန့် သည် သန့်ရှင်းသပ်ရပ်သော စားပွဲကိုကြည့်ပြီး နားလည်လိုက်သော်လည်း ဆက်၍ငြင်းခုံလိုစိတ် မရှိပေ။ အစေခံသည် ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်၍ စိတ်အေးသွားပုံဖြင့်...
“ဒါဆို သခင်မလေး သွားအနားယူသင့်တယ်.ကျွန်မ အလုပ်ဆက်လုပ်ရဦးမယ်"
သူမ အပေါ်ထပ်သို့တက်ကာ အခန်းထဲ မဝင်မီ အောက်ကိုငုံ့ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အိမ်အကူက သူမ ထွက်သွားသည်ကိုမြင်ပြီးနောက် ချက်ချင်းဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းနှိပ်နေတော့သည်။
သူမ မပြောခဲ့သည့်ကိစ္စတစ်ခုရှိသည်။ အိမ်အကူ၏ လည်ပင်းမှာ ကျောက်စိမ်းဆွဲသီးတစ်လုံး ရှိသည်။ ကျောက်စိမ်းသည် ဝိညာဉ်သဘောသဘာဝရှိပြီး အချိန်အကြာကြီး ဝတ်ဆင်ပါက၊ ပိုင်ရှင်ကို ကာကွယ်နိုင်သော်လည်း အမျိုးအစားများ ခွဲခြားထားရန် လိုအပ်နေသေးသည်။ ကျောက်စိမ်းကို ယင်ကျောက်စိမ်းနှင့် ယန်ကျောက်စိမ်းဟူ၍ ခွဲခြားထားသည်။ ယင်ကျောက်စိမ်းကို မြှုပ်နှံရာတွင် အသုံးပြုကြပြီး ယန်ကျောက်စိမ်းကို ကောင်းချီးပေးရန်အတွက် အသုံးပြုကြသည်။ အိမ်အကူ ဝတ်ထားသော ကျောက်စိမ်းမှာ ယင်ကျောက်စိမ်း ဖြစ်သည်။ အချိန်အကြာကြီး ဝတ်ဆင်ထားပါက၊အတော်လေး ဆိုးကျိုးများမည်မှာ သေချာသည်။
သို့သော် သူမ ဂရုမစိုက်။
သူမနဲ့ ဘာဆိုင်လို့လဲ...
သူမကို ရိုးရိုးသားသား ဆက်ဆံသူတွေကိုသာ ကျေးဇူးတင်ရမည်ဖြစ်သည်။သူမ အခန်းထဲပြန်ရောက်ပြီးနောက်အိတ်ကို လှန်ချလိုက်လျှင် အတွင်းမှပစ္စည်းများသည် မွေ့ရာပေါ်သို့ကျသွားသည်။
ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရှိ အဘိုးအိုသည် ညစ်ပတ်လွန်းလှသည်။ အဆောင်စာရွက်တွေကလည်း စင်ပေါ်မှာသာ ပြန့်ကျဲနေကြသည်။ သူသည် စာရွက်များအား သေချာစီမပေးသဖြင့် အတော်လေး ရှုပ်ပွလျက်ရှိသည်။ သူမသည် စာရွက်များကို တစ်ခုပြီးတစ်ခု ကောက်ယူကာ ပေါင်းလိုက်သည်။ ထို့နောက် သံလိုက်အိမ်မြှောင်၊ ထိုက်ချိပေတံ၊ မှင်နီမျဥ်းများနှင့် အခြားအရာများကို ခွဲထုတ်လိုက်သည်။ အားလုံးကို စီစဥ်ပြီးသည်နှင့် သူမ၏ဆရာပေးထားသည့် မှတ်စုများကို လှန်လှောရှာဖွေရသည်။ မှတ်စုများထဲတွင် ဆရာဖြစ်သူ၏ ဖုန်းရွှေ ပညာရပ်၏ နားလည်မှုသဘောတရားများနှင့် အခြေအနေအမျိုးမျိုးအတွက် ဖြေရှင်းချက်များဖြင့်သာ ပြည့်နှက်လျက်ရှိသည်။
စုမုန့် သည် ဆရာဖြစ်သူထံမှ နှစ်ပေါင်းများစွာ သင်ယူခဲ့သဖြင့် မှတ်စုများကို ကြည့်ရင်း သူမ သင်ယူခဲ့သော အသိပညာတို့သည် စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာရသည်။ သူမသည် နောင်တစ်ချိန်တွင် ငွေရှာရန် ဤအရာကို အားကိုးရတော့မည်ဖြစ်သောကြောင့် အလေးအနက်ထား၍ မှတ်စုများအား ကြည့်ခဲ့သည်။ မည်မျှကြာအောင် ကြည့်နေသည်ကို သူမ မသိသော်လည်း တောင့်တင်းသော ခြေလက်များကို ဆန့်ထုတ်ကာ အပြင်သို့ကြည့်ဖို့ ကန့်လန့်ကာများကို ထဖွင့်လိုက်သောအခါ ညရောက်နေပြီဖြစ်သည်။
လ၏ ဆယ့်ငါးရက်မြောက်နေ့ကို နီးကပ်လာသည်နှင့်အမျှ ကောင်းကင်၌ လမင်းကြီးသည် လုံးဝိုင်းလျက်ရှိသည်။လမင်းကြီး၏ အလင်းသည် ပြဒါးကဲ့သို့ သွန်းလောင်းကာ ကမ္ဘာကြီးတစ်ခုလုံးကို တောက်ပစေလေသည်။ ကောင်းကင်မှာ ကြယ်လေးတွေက မလင်းလက်နေသော်လည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် သာယာသောညလေးတစ်ညကို ဖန်ဆင်းပေးလျက်ရှိ၏။
စုမုန့် အသက်ပြင်းပြင်းရှူပြီး ရေချိုးဖို့ ဆုံးဖြတ်လိုက်သည်။ ထိုမှသာ သူမ ကောင်းကောင်းအိပ်ပျော်သွားေပလိမ့်မည်။ မနက်ဖြန်ကျလျှင် ကျောင်းတက်ရမည့်အပြင်၊ အပြင်ထွက်ပြီး ဝင်ငွေရှာနိုင်ဖို့ ဖုန်းရွှေပြဿနာများကို ဖြေရှာရဦးမည် ဖြစ်သည်။
ဝေ့ထင် ပြန်ရောက်မလာသေးပေ။အတိတ်ကို ပြန်တွေးကြည့်မိသောအခါ သူသည် ညဘက်ဆိုလျှင် အိမ်မပြန်တတ်ပေ။အရင်တုန်းက စုမုန့်သည် စိတ်ပူပြီး တစ်ညလုံး စောင့်နေခဲ့သော်လည်း ယခုအချိန်မှာတော့ ဝေ့ထင် ပြန်မလာဖို့ သူမ မျှော်လင့်မိသည်။ သူတို့နှစ်ယောက်အတူတူ တစ်ခန်းတည်းမှာ မအိပ်ကြသော်လည်း ဘေးအခန်းကလူကြောင့် တစ်မျိုးတစ်ဖုံ စိတ်မသက်မသာဖြစ်နေဆဲပင်။ထို့နောက် သူမသည် အဝတ်အစားများကို ချွတ်ကာ ရေချိုးခန်းသို့ ကိုယ်လုံးတီးဖြင့် ဝင်သွားခဲ့သည်။
xxxxxx