အပိုင်း ၉
Viewers 8k

Chapter 9

(ရက်စက်သောအကြည့်တစ်ချက်)


ပူနွေးသောရေသည် စုမုန့် ၏ပင်ပန်းနွမ်းနယ်မှုကို ဆေးကြောပေးလိုက်ရာ သူမ စိတ်ကိုဖြေလျော့၍ သက်ပြင်းချမိသည်။


 သူမသည် ရှေးဟောင်းပစ္စည်းဆိုင်တွင်ရှိစဉ် ဆရာဖြစ်သူထံ ဖုန်းဆက်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းပိတ်ထားကြောင်း သိရသည်။ ဆရာက သူမကို တမင်တကာ ဘလော့ထားသလား သို့မဟုတ် တစ်ခုခုဖြစ်ခဲ့သလား မသိသောကြောင့် သူမ အနည်းငယ် စိုးရိမ်သွားခဲ့သည်။


 'ဆရာ...ကျွန်မကို စေတနာမရှိတော့ဘူးလား...ဆရာ ကျွန်မကို မုန်းနေတယ်ဆိုရင်တောင် ဆရာ့ကိုရှာတွေ့ပြီး တောင်းပန်ဖို့ ကျွန်မ အစွမ်းကုန်ကြိုးစားမယ်'


ရေချိုးပြီးနောက် စုမုန့် သည် ရေချိုးခန်းစင်မှာ အလွတ်ဖြစ်နေမှန်း သိလိုက်ရသဖြင့် ခန္ဓာကိုယ်ကို မျက်နှာသုတ်ပုဝါဖြင့်သာ သုတ်လိုက်ရတော့သည်။ အိမ်အကူများက သူမအတွက် တဘက်အသစ် မတင်ထားပေးခြင်းပင်။သူမ ကူကယ်ရာမဲ့ဖြစ်သွားခဲ့၏။ ဝေ့မိသားစုဝင်များက သူမကို အမြဲတမ်း မနှစ်သက်ခဲ့သော်လည်း ယခု အိမ်အကူများသည် ပိုပို၍ ရိုင်းစိုင်းလာခဲ့သည်။ကံကောင်းသည်က၊ သူမမှာ ကိုယ်ပိုင်အခန်းလေးရှိနေခြင်းပင်။ အစေခံများသည် သူမ၏အခန်းကို သန့်ရှင်းရေးလုပ်ရန် လာခဲသောကြောင့် တခြားသူများ မြင်မှာလည်း စိတ်ပူစရာမလိုပေ။သူမ တွေးနေရင်းနှင့် ခြေချော်ပြီးကြမ်းပြင်ပေါ်  ဖင်ထိုင်လျက်လဲကျသွားရာ တင်ပါးမှာ ပူလောင်သည့်ဝေဒနာကို ခံစားရလေသည်။


တစ်ချိန်တည်းမှာပင် ဝေ့ထင်ပြန်ရောက်လာပြီး ဖိနပ်လဲစီးဖို့ ငုံ့ကြည့်လိုက်ချိန်မှာ ရုတ်တရက် သူ့တင်ပါးတွင် စူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။  တစ်စုံတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည့်အလားပင်။ နာကျင်မှုက သူ့ကို တုန်လှုပ်စေသည်။


 ရုတ်တရက် သူ့ဖိနပ်မလဲစီးတော့ဘဲ ရပ်လိုက်ရာ ဘေးနားက စားပွဲကို သုတ်နေသည့် အိမ်အကူက အလျင်အမြန် ထွက်လာပြီး 


"သခင်လေး ဘာဖြစ်နေတာလဲ…တစ်ခုခု အဆင်မပြေဖြစ်လို့လား... သခင်လေး နားယူဖို့ ဆိုဖာပေါ်ကို တွဲပေးရမလားရှင်"


 ယခု သူမ၏ ဝေ့ထင်အပေါ် သဘောထားနှင့် စုမုန့် ကို ဆက်ဆံပုံမှာ ဆီနှင့်ရေလို တစ်ခြားစီပင်။


 "မလိုပါဘူး" 


ဝေ့ထင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့တင်ပါးမှာ နာကျင်မှုကိုအောင့်ခံထားရင်း ဖိနပ်ကို ပြောင်းစီးလိုက်၍ အပေါ်ထပ်သို့ လျှောက်လာခဲ့သည်။ သူ့တင်ပါးများ နာကျင်နေသည်ဟု အိမ်အကူကိုတော့ မပြောနိုင်ပေ။


တစ်ကယ့်ကို ထူးဆန်းသည်။ အကြောင်းပြချက်မရှိဘဲ သူ့ခန္ဓာကိုယ်က နာကျင်‌နေရသည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။ သူဘာမှလည်း မလုပ်ရဘူးဆိုသည်က အတော်ရှင်းသည်။ နောက်ဆုံးအကြိမ်က သူ့လက်မောင်းဖြစ်ပြီး ယခုတစ်ခါက အတော်ဆိုးသည်။သူ့တင်ပါးများပင်။


 "သခင်မလေး ပြန်ရောက်ပြီလား"  


မူလက သူ့အခန်းကို သာ ပြန်ချင်မိသော်လည်း နေ့ခင်းဘက်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်သတိရကာ စုမုန့်၏ ပင်ကိုယ်စရိုက် ရုတ်တရက် ပြောင်းလဲသွားကြောင်းကို အမှတ်ရသွား၍ ပြာယာခတ်စွာပင် မေးလိုက်သည်။


 "အို...စု.. မဟုတ်ဘူး...သခင်မလေး  ပြန်ရောက်နေပြီ...သခင်လေး ပြန်လာပြီလားလို့တောင် မေးပါသေးတယ်”


 အိမ်အကူသည် ကွယ်ရာမှာဆိုလျှင် စုမုန့်ဟု နာမည်အပြည့်အစုံ သီးသန့်ခေါ်လေ့ရှိသဖြင့် ရောင်သွား၍ တစ်ချက်ထွက်သွားသေးသည်။ 


 “ကောင်းပြီ"


သူ မသိချင်ယောင်ဆောင်ကာ တုံ့ပြန်လိုက်သည်။


စုမုန့်က သူ ပြန်လာပြီးလားလို့ ဘာလို့မေးတာလဲ...နေ့ခင်းဘက်က ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြဖို့ ကြိုးစားချင်တာလား...


ဖြစ်နိုင်သည်က၊သူမသည် တခြားနည်းနှင့် သူကို စိတ်ကျေနပ်အောင် ကြိုးစားနေခဲ့သည်မှာ သေချာ၏။


 သူက သူမ၏ အခန်းတံခါးဆီကို လျှောက်သွားပြီး တံခါးကိုတွန်းဖွင့်၍ဝင်လိုက်သည်။


 “မင်းမှာ…” 


သို့သော် သူမကို မေးခါနီးတွင် သူအတော်လေး အံဩစရာကိစ္စတစ်ခုနှင့် ကြုံလိုက်ရသည်။


စုမုန့် သည် အဝတ်မပါဘဲ ရေချိုးခန်းမှ ထွက်လာခဲ့သည်။ သူမ၏ စိုစွတ်နေသော ဆံပင်နက်နက်များသည် စိုရွှဲနေသေးသည်။ သူမ၏ နူးညံ့သိမ်မွေ့သည့် အသားအရေမှာ ရေစက်လေးများနှင့် စိုနေ၍ အသက်ရှူမှားလောက်အောင်ပင် တောက်ပနေရသည်။ 


တံခါးဖွင့်သံကြားသောအခါ သူမ အံ့အားသင့်သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ဝေ့ထင် ကို သူမ မြင်လိုက်ချိန်က၊ သူမ တင်ပါးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ နာကျင်လှသဖြင့် ရှုံ့မဲ့နေချိန်ဖြစ်သည်။


 နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စကားမဆိုဘဲ ကြောင်စီစီကြည့်နေမိကြသည်။အရင်ဆုံး သတိဝင်လာသူက စုမုန့် ပင်။သူမသည် ဗီရိုဆီသို့ ပြေးသွားပြီး အင်္ကျီလက်ရှည်တစ်ထည်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီးနောက် ဝေ့ထင်ကို ဒေါသတကြီး ကြည့်လိုက်သည်။  


"ရှင်ဘာဖြစ်နေတာလဲ...အခန်းထဲ  မဝင်ခင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား"


သူမသည် အဖြူရောင်ရှပ်အင်္ကျီကို အမြန်ဝတ်ထားလိုက်ကာ အတွင်းခံမ၀တ်ထားပေ။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များက ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပုံဖော်ထားကာ ရေများနှင့်အသားက ကပ်လျက်ရှိသည်။ ရှပ်အင်္ကျီအရှည်သည် သူမ၏ private ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖုံးအုပ်ထားပြီး နှင်းရောင်ရှိသည့် ရှည်လျားပြီး ဖြောင့်စင်းသော ခြေထောက်တစ်စုံက ပေါ်လွင်နေသည်။ ထိုပုံစံက ပိုလို့တောင် ဆွဲဆောင်မှု ရှိနေလေသည်။


ဝေ့ထင် ရုတ်တရက် ရင်ထဲမှာ ပူအိုက်လာ၏။စုမုန့် ကို စိုက်ကြည့်နေသော သူ့အကြည့်များသည်လည်း အနည်းငယ် နွေးထွေးသွားသည်။


 သူမကို စိုက်ကြည့်နေသော ဝေ့ထင် အား ကြည့်လိုက်ရင်း စုမုန့် သည် သူမ ယခုလို ဝတ်ဆင်ထားခြင်းက ပို၍ပင် မသင့်တော်ကြောင်း သဘောပေါက်သွားသည်။ထို့နောက် သူမ ချက်ချင်းပင် ကုတင်ပေါ်သို့ လူးလှိမ့်တက်ကာ ကိုယ်လုံးကို စောင်နှင့် ပတ်၍ ခေါင်းကိုသာ အပြင်ထုတ်ထားလိုက်သည်။


 "ဘယ်လို ကြည့်နေတာလဲ...နားလည်လား  ယောက်ျားနဲ့မိန်းမဆိုတာ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးသင့်ဘူး...ရှင် နားမလည်ဘူးလား"


ဝေ့ထင် သည် သူမကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ခဲ့ခြင်းမဟုတ်ပေ။ သူမသည် မနေ့ညက သူ့ကို ဆေးနှင့်သွေးဆောင်ခဲ့ခြင်းကိုပင် စိတ်မဝင်စားခဲ့ချေ။ သို့သော် ယခုတလော သူ ဘာတွေဖြစ်နေမှန်း မသိ။ သူ့စိတ်က ရုတ်တရက် တစ်ခါတစ်လေ လွတ်ထွက်သွားတတ်ပြီး သတိပြန်ရလာသောအခါတွင် စုမုန့်၏ ရိုင်းစိုင်းသော စကားများကို ကြားနေရသည်။


 "သူမကို မကြည့်နဲ့တဲ့.. ယောက်ျားနဲ့ မိန်းမ ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးသင့်ဘူးတဲ့လား...  သူတို့လက်ထပ်ပြီးသားပဲလေ...ဘာဖြစ်လို့လဲ...လင်မယားအချင်းချင်း ဒီလောက်ကတော့ အဆင်ပြေတယ်မဟုတ်လား..."


သူ သူမ စကားများကို မကြိုက်ပေ။အထူးသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အဝေးမှ အေးစက်သော အမူအရာကို မြင်သောအခါ စိတ်တိုသွားတတ်၏။သူမ ပုံစံက လုံးဝနောက်ပြောင်နေပုံမပေါ်ဘဲ သူ့ကို တစ်ကယ် မုန်းတီးနေပုံရသည်။


 သူဘာကြောင့်မှန်းမသိသော်လည်း စုမုန့် က သူ့ကို ယခုလို ဆက်ဆံလိုက်၍ သူ့ရင်ထဲမှာ အမည်မသိခံစားမှုတစ်ခု ခံစားလိုက်ရသည်။


 “မင်းနဲ့ကိုယ်က တရားဝင်လက်ထပ်ပြီးပြီလေ… ဒီလို စည်းမျဥ်းတွေကို လိုက်နာဖို့က ကိုယ့်အတွက် အဓိပ္ပာယ်ရှိရဲ့လား"


9.2

(သခင်လေး အနှင်ထုတ်ခံရခြင်း)


စုမုန့် သည် တုံ့ဆိုင်းမနေဘဲ သူ့အကြည့်ကို တွေ့လိုက်ရသဖြင့်  အေးစက်စွာပြောလိုက်သည်။


 “နေ့ခင်းက ရှင့်ကို ပြောခဲ့တာတွေကို မမေ့ပါနဲ့.... မြန်မြန် ကွာရှင်းပြတ်စဲကြမယ်...  စိတ်မပူပါနဲ့ ကျွန်မ ရှင့်ဆီကနေ ဘာဆိုဘာမှ ယူမှာမဟုတ်ဘူး..  ဒီနေ့ကစပြီး ဒီအိမ်ကြီးမှာ နေတဲ့တည်းခိုခ ပေးမယ်.... အစားအသောက်ကိုလည်း ကျွန်မဘာသာ စားမယ်...ကွာရှင်းစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ ကျွန်မ ချက်ချင်းထွက်သွားမယ်… ဘာမှမလိုချင်ဘူး"


စုမုန့် က ကွာရှင်းပြတ်စဲမှုကို ဆက်လက်ပြောပြနေသံကြားသောအခါ ဝေ့ထင် ထပ်ပြီး မျက်မှောင်ကြုတ်မိရပြန်၏။


သူမ တစ်ကယ်ပဲ ကွာရှင်းပြီး ထွက်သွားချင်ခဲ့တာလား…


သူ အံ့ဩသွားရသည်။  မကြာသေးမီက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့်ကိစ္စများ ရှိသလားဟုလည်း ပြန်သတိရရန် ခက်ခက်ခဲခဲ ကြိုးစားမိသည်။သို့သော်၊သူမ ဒေါသထွက်အောင် ဘာမှ မလုပ်ခဲ့‌ေပ။


မနေ့ညက ဖြစ်နိုင်သလား...


စုမုန့် သူ့ကို ပထမဆုံးအကြိမ် သွေးဆောင်သည့်အခါက သူက ငြင်းလိုက်သည်။


 သို့သော် သူမကပဲ စိတ်လိုလက်ရ လက်လျှော့ခဲ့သူ မဟုတ်ပါလား...


စုမုန့် ၏ ရုတ်တရက် မုန်းတီးမှုကို ရင်ဆိုင်ရင်း ဝေ့ထင် စိတ်ရှုပ်နေရ၏။   သူမက သူ့ကို ဒီလောက်အထိ မုန်းတီးရအောင် သူဘာလုပ်ခဲ့တာလဲ…


 "ဟတ်ချိုး"  


အခန်းထဲမှာ လေအေးပေးစက်ဖွင့်ထားပြီးသားဖြစ်ကာ သူမတစ်ကိုယ်လုံးကိုလည်း ရေသေချာမသုတ်ရသေး၍ နှာမွှန်လာရတော့သည်။ထိုအခါ သူမကို မျက်မှောင်ကြုတ်၍ကြည့်နေသော ဝေ့ထင် က ရုတ်တရက် မေးလာသည်။


" မင်း ရေချိုးခန်းထဲက အပြင်မထွက်လာခင် ဘာလို့ ခြောက်အောင်မသုတ်တာလဲ "


 "ဟင်"  


ဝေ့ထင် ၏ ရုတ်တရတ် စိုးရိမ်ပူပန်မှုကို သူမ ပျော်ရွှင်မနေရဘဲ အမှန်အတိုင်း သူ့ကို ပြောပြလိုက်သည်။  


"ရေချိုးခန်းထဲမှာ တဘက် မရှိဘူး...အဲ့ဒါနဲ့ ကျွန်မ ဒီတိုင်းကြီး ထွက်လာရတာ"


ဝေ့ထင် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး အပူချိန်မြှင့်ရန် စားပွဲပေါ်ရှိ လေအေးပေးစက် ရီမုဒ်ကို ယူလိုက်သည်။  ထို့နောက် သူက


 “မရှိဘူးဆိုရင် အစေခံတွေကို ဘာလို့မပြောတာလဲ...  မင်းက ဝေ့မိသားစုရဲ့ သခင်မလေးလေ...  တစ်ခုခု လိုအပ်ရင် ပြောရတယ်"


စုမုန့် သည် သူ၏ကြင်နာမှုကို လက်မခံခဲ့ဘဲ ထပ်ခါတလဲလဲ ငြင်းဆိုခဲ့၏။


"မဟုတ်ဘူး… မဟုတ်ဘူး…ရှင် ကျွန်မကို ဂရုမစိုက်ပြနဲ့…ရှင့်ရဲ့ အချစ်အတုတွေ မလိုချင်ဘူး…ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ကွာရှင်းရတော့မှာမို့ ကျွန်မကို ဂရုစိုက်စရာ မလိုဘူး…  နောက်ပြီး ကျွန်မဆီလည်း မလာနဲ့…ရှင်နဲ့ ရှင့်ညီမငယ်အတွက် ကျွန်မ အကာအကွယ်တစ်ခုတော့ မဖြစ်ချင်ဘူး"


"ဘယ်က ညီမလဲ"  


ဝေ့ထင် အံ့ဩသွားသည်။


သူ စိတ်ရှုပ်နေသည်ကို မြင်လိုက်ရလျှင်  စုမုန့် ရယ်ချင်စိတ် ပေါက်သွားသည်။  သူဘာကြောင့် ဝန်ခံဝံ့သလဲ ဆိုသည်ကို သူမ နားလည်နိုင်သည်။ ဝေ့ရွှယ် က သွေးသားချင်း မဆက်နွယ်ထားဘူးဆိုလျှင်တောင် သူတို့နှစ်ယောက်က မောင်နှမဆိုသည့် အဖြစ်မှန် ရှိနေကြသေးသည်။ သူတို့အကြောင်းကို ဖော်ထုတ်လိုက်သည်နှင့် မိသားစုအတွက် လက်ခံနိုင်စရာကိစ္စမဖြစ်နိုင်ပေ။နောင်တစ်ချိန်မှာ သူတို့မောင်နှမတွေ သူတို့ဆန္ဒအတိုင်း ပေါင်းစည်းနိုင်စေဖို့ သူမ အကူအညီ လိုအပ်ပါသေးသည်။သူမ ဝေ့ထင် နှင့် စကားမပြောချင်တော့‌ေပ။ ဝေ့ရွှယ် နှင့် သူ၏ဆက်ဆံရေးကိုတွေးပြီး သူနှင့်စကားပြောတိုင်း ရွံရှာစိတ်များသာ ဖြစ်နေရ၏။


သူမ ယခုအချိန်မှာ သူနှင့်လည်း နီးကပ်စွာအတူရှိမနေချင်သည်ဖြစ်၍ မတ်တပ်ထရပ်ပြီး ဝေ့ထင်ကို တွန်းထုတ်လိုက်ပြီး 


"ထွက်သွား၊ ထွက်သွား...ကျွန်မ အနားယူဖို့ လိုတယ်…  အရွယ်ရောက်ပြီးတဲ့ ယောက်ျားလေးတစ်ယောက်ကမိန်းကလေးရဲ့ အခန်းထဲမှာ အကြာကြီးနေတာက မသင့်တော်ဘူး”


ထိုကဲ့သို့ပင် ဝေ့ထင် သည် စုမုန့် ၏ တံခါးအပြင်ဘက်အထိ တစ်ချက်ချင်းရင်ဘတ်ကို အတွန်းခံရ၍ အနှင်ထုတ်ခံလိုက်ရသည်။ သူ တံခါးအပြင်ဘက်ကို ထွက်လာသည်နှင့်၊ သူမ သူ့ကို သေချာကြည့်လိုက်သည်။  ပြင်းထန်သော ဒေါသများ ပြည့်နှက်နေသော သူ့ မျက်လုံးများကို သူမ ဂရုမစိုက်ဘဲ ဘုန်းကနဲအသံနှင့်အတူ တံခါးကပိတ်သွားသည်။


သူမ တံခါးနောက်ကို မှီပြီး နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ကာ သူမ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။ ဤလူက တစ်ကယ်ကို ထူးဆန်းသည်။ တစ်ချိန်က သူမသည် ဝေ့ထင် ကို အကြာကြီး လိုက်ခဲ့ပြီး သူမ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ခဲ့ပေ။ သို့သော်၊သူက သူမကို ရှိသည်ဟုတောင် မအောက်မေ့ပေ။သို့သော်၊ယခု သူမဘက်မှ ကွာရှင်းခွင့် တောင်းသည့်အခါ သူ ပျော်နေသင့်သည်။


ဒါပေမယ့် သူဘာလို့ ဒီလို ဒေါတွေပွနေရတာလဲ.…


ဝေ့ထင် သည် စုမုန့် ၏အခန်းတံခါးဝမှာ ရပ်နေရင်း...


' ငါ့ကို စုမုန့် က တကယ်ပဲ နှင်ထုတ်ပစ်ခဲ့တာပဲ'


 ဒီမိန်းမက ဘယ်လိုဖြစ်ပြီး ဒေါသတွေ ထွက်နေတာလဲ....


မနေ့ညကအထိ သူမ သူ့ကို နောင်ပြောင်နေသေးသည်။ယနေ့ကျတော့ သူမပုံစံက နားမလည်နိုင်အောင် ‌ပြောင်းလဲသွားသည်။ သူ့စိတ်ထဲတွင်လည်း အလွန်ပင် မငြိမ်မသက် ဖြစ်နေရပြီး   နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။


 စားပွဲကို သန့်ရှင်းရေးလုပ်နေသည့် အောက်ထပ်က အိမ်အကူသည် ထိုကိစ္စများကို မြင်လိုက်ရသည်။ သူမ အံ့သြလွန်း၍ ပါးစပ်ပိတ်ဖို့ပင် မေ့သွားရ၏။  'ငါ ဘာမြင်လိုက်တာလဲ' သူမ စိတ်ထဲမှ ကိုယ့်ဘာသာ ပြန်မေးမိသည်။


သခင်လေးကို သခင်မလေးက အခန်းထဲက နှင်ထုတ်တာတဲ့လား...


ဝေ့ထင် အခန်းထဲဝင်သွားပြီးနောက် ထိုအိမ်အကူက ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ရန် ထောင့်တစ်နေရာသို့ဝင်သွားခဲ့သည်။


စုမုန့် ကောင်းကောင်းအိပ်ပျော်ပြီး နောက်တစ်နေ့တွင် လန်းဆန်းစွာ နိုးလာသည်။ သို့သော် သူမ၏ တင်ပါးမှာ အနည်းငယ်အောင့်သက်သက်ဖြစ်‌နေရသေးသည်။ထို့နောက် သူမ ရေမိုးချိုးပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။


 "သခင်မလေး...နိုးနေပြီလား...  လာ မနက်စာစားမယ်"  


အိမ်တော်ထိန်းကျိုး သည် စုမုန့် ဆင်းလာသည်ကိုတွေ့သောအခါ အိမ်အကူအား မနက်စာပြင်ဆင်ပြီး စားပွဲတင်ခိုင်းသည်။ အိမ်တော်ထိန်းကျိုးကို မြင်သောအခါ စုမုန့် စိတ်ပါလက်ပါ ပြုံးလိုက်သည်။ သူမ၏ယခင်ဘဝတွင် အိမ်တော်ထိန်းကျိုး သည် သူမ အပေါ် အလွန်ကောင်းမွန်ခဲ့သည်။ သူမလည်း သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။


 "အိမ်တော်ထိန်းကျိုး ပြန်လာပြီလား..  အိမ်မှာ ဘယ်လိုနေလဲ"


 "စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး... ဘာမှမဖြစ်ပါဘူး"


အိမ်တော်ထိန်းကျိုး သည် သူ့အပြုံးကို ဆက်ပြုံးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမကတော့ ဟန်ဆောင်ပြုံးနေရမှန်း သိလိုက်သည်။  အိမ်တော်ထိန်းကျိုး သည် ရက်အနည်းငယ်မျှသာ အိမ်သို့ပြန်သွားခဲ့သည်။ သူထွက်သွားတုန်းက စိတ်ဓာတ်တွေ တက်ကြွလန်းဆန်းနေသူက ယခုမူ နှစ်အနည်းငယ် အိုစာသွားသလိုပင်။


သူမ အိမ်တော်ထိန်းကျိုးကို စက္ကန့်အနည်းငယ်ကြာ စူးစိုက်စိုက်ကြည့်နေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အခိုးအငွေ့များ လွင့်စင်နေသည်ကို သူမ တွေ့လိုက်ရသည်။ ဖြစ်နိုင်သည်မှာ၊ အိမ်တော်ထိန်းကျိုး သည် မကြာသေးမီက ကံဆိုးမှုဒဏ်ကို အတော်လေးခံခဲ့ပုံရသည်။



xxxxxx