အပိုင်း၁၀
Viewers 6k

Chapter 10

(ငွေပေးချေမှု)


စုမုန့် က အိမ်တော်ထိန်းကျိုး ကိုမေးလိုက်သည်။


 " အိမ်တော်ထိန်းကျိုး...ရှင် ဒါမှမဟုတ် ရှင့်ရဲ့ မိသားစုဝင်တွေ မကြာသေးခင်က မကောင်းတာတွေ ကြုံဖူးခဲ့လား"


 သူမက လိမ္မာပါးနပ်စွာ တည်ငြိမ်လျက်ပြောသော်လည်း အိမ်တော်ထိန်းကျိုး မှာ ထိတ်လန့်သွားပြီး


 “ဘယ်လိုသိတာလဲ သခင်မလေး”


 လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ဇနီးသည် မီးဆိုင်းကြီး ပြုတ်ကျသွားခြင်းကြောင့် သတိလစ်သွားခဲ့သည်။  အသက်အန္တရာယ်မရှိတော့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် ဆေးရုံတင်ထားရဆဲဖြစ်သည်။ ထိုမျှတင်မကသေးဘဲ သူမ မီးဆိုင်းမထိခင်မှာ ညဘက်ကြီး ရေတွင်းထဲပြုတ်ကျခြင်း၊ ဖိနပ်ပေါက်သည်အထိ သံစူးခံရခြင်း အစရှိသည့် ကံဆိုးသည့်ဖြစ်ရပ်တွေနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ကံကောင်းစွာပင်၊ သူမအသက်အန္တရာယ်မကျရောက်ခဲ့ချေ။


 စိတ်မကောင်းစရာတွေ အများကြီး ကြုံခဲ့ရသဖြင့် သူ့မိန်းမကို အိမ်က ထွက်ခွင့်မပေးရဲသော်လည်း အိမ်မှာ မတော်တဆမှုတစ်ခု ထပ်ဖြစ်ဦးမည်ဟု မမျှော်လင့်ထားချေ။


စုမုန့် က "ကျွန်မက သိရုံတင်မကဘူး…ဒီပြဿနာကို ဖြေရှင်းဖို့ ရှင့်ကိုကူညီပေးနိုင်တယ်"  


သူမသည် အိမ်တော်ထိန်းကျိုး ကိုကူညီချင်ခဲ့သည်။ အကြောင်းမှာ၊သူသည် ဝေ့မိသားစုတစ်ခုလုံး သူမအား ဝိုင်းနှိမ်နေသည့်ကြားထဲက သူမအား လေးစားဆဲဖြစ်သည်။ တစ်ချက်ကလည်း သူမအရည်အချင်းကို စမ်းသပ်ချင်စိတ်ကြောင့်ဖြစ်သည်။


 "ဒီလိုအသေးအမွှားကိစ္စလေးတွေနဲ့ သခင်မ‌လေးကို ဘယ်လိုဒုက္ခပေးရဲပါ့မလဲ....  စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး"  


အိမ်တော်ထိန်းကျိုး က လိမ္မာပါးနပ်စွာ ငြင်းဆန်ခဲ့သည်။ သူဘယ်လောက်ပဲ အကူအညီမဲ့နေပါစေ၊ သူ့သခင်မလေးကို အကူအညီတောင်းလို့ မရပေ။ စုမုန့် သည် သခင်မလေးဖြစ်ပြီး သူက အလုပ်သမားတစ်ဦးသာဖြစ်သည်။  သူ့မှာ တောင်းဆိုစရာရှိလျှင်တောင်မှ သခင်မလေးကိုတော့ ကူညီပေးဖို့ တောင်းဆို၍ မရနိုင်။


အိမ်တော်ထိန်းကျိုး သည် သူမစကားမှာ အတည်ပြောနေခြင်းဖြစ်ကြောင်း သိပြီးသားမှန်း စုမုန့် သိသည်။သူက အားနာ၍သာငြင်းနေရခြင်းပင်။ 


“အဆင်ပြေပါတယ်.... မကြာသေးမီက ကျွန်မ ဖုန်းရွှေ လေ့လာနေတာ....  ကျွန်မရဲ့ လေ့လာမှုတွေကို စမ်းသပ်တယ်လို့သာ သဘောထားလိုက်ပါ....ဘာပဲဖြစ်ဖြစ်၊ အဲဒါက ကောင်းကောင်း အလုပ်မလုပ်ရင်တောင်မှ ရှင့်အတွက်တော့ ပိုးဆိုးမှာမဟုတ်ဘူးလေ…ရှင်က သိပ်မထိခိုက်ပေမယ့် မိသားစုရဲ့အခြေအနေက အရမ်းဆိုးရွားနေတယ်ဆိုတာ မမေ့ပါနဲ့"


 "ဖုန်းရွှေ"


စုမုန့် ၏အဖြေကိုကြားသောအခါ အိမ်တော်ထိန်းကျိုး အံ့အားသင့်သွားကာ တိုးတိုးလေးပြော၏။


“အဲဒါက အယူသီးတယ်မဟုတ်ဘူးလား…သိပ္ပံပညာနဲ့ဆို မကိုက်ညီဘူးလေ”


စုမုန့်: “…”


 သူမ ဘယ်လိုဖြေရမလဲ။


 ခဏမျှ တိတ်ဆိတ်သွားပြီးနောက် 


 “ကျွန်မ ကြည့်ဖို့ ရှင့်အိမ်ကို လိုက်ပို့ပေးပါ...ရှင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှင်နဲ့မဆိုင်တဲ့ ယင်းမြူခိုးတွေ ရှိနေတာကို မြင်ရတယ်...ရှင့် အိမ်က တစ်ခုခု မှားနေပြီ"


ထိုစကားကိုပြောပြီးနောက် သူမ တိတ်ဆိတ်သွားပြန်သည်။ သူမသည် ဝေ့ထင် က လူလိမ်ဟုခေါ်သည့် ရှေ့ဖြစ်ဟောဆရာများနှင့် အတော်တူနေပေသည်။ 


 “ဒါဆို သခင်မလေးကို ဒုက္ခများစေမိပါပြီ"


အိမ်တော်ထိန်းကျိုး က မျက်နှာလွှဲလိုက်ပြီး သူမကို မေးခွန်းမထုတ်တော့ပေ။ နောက်ဆုံးတော့ သခင်မလေးက စေတနာရှိရှိနှင့် ကူညီပေးဖို့ပြောလာခြင်းပင်။ထို့ကြောင့် သူမကို ဆက်မငြင်းဆန်နိုင်ပေ။ သူမ ပြောခဲ့သလိုပင်၊ သူမ မကူညီခဲ့လျှင်တောင် သူ့အတွက် ဆုံးရှုံးမှာ မဟုတ်ပေ။ ထို့အပြင်၊သူ့၏နေအိမ်သည် အဆင့်မြင် ဗီလာများဘေးရှိ အထပ်မြင့် လူနေရပ်ကွက်တွင်ဖြစ်ကာ ဤနေရာနှင့် သိပ်မဝေးသဖြင့် အချိန်သိပ်မကြာခင် ပြန်ရောက်နိုင်သည်။


စုမုန့် မသွားခင်မှာ ဖိုင်တွဲတစ်ခုယူဖို့ သူမ အခန်းထဲပြန်ဝင်သွားပြီး ဝေ့ထင်အား ပေးရန် အိမ်အကူအား ပေးလိုက်သည်။ ထို့နောက် သူမသည် အိမ်တော်ထိန်းကျိုးနှင့်အတူ ထွက်ခွာသွားခဲ့သည်။


 အခန်းထဲမှာ ဝေ့ထင်သည် ပြတင်းပေါက်ရှေ့မှာ ထိုင်ရင်း ဖုန်းပြောနေ၏။ ဖုန်း၏တစ်ဖက်တွင် ဖုကျဲ က သူ့ကို အော်ငေါက်နေသည်။ ဝေ့ထင် သည် သူနားကန်းသွားမှာစိုး၍ ဖုန်းကို အဝေးမှသာ နားထောင်လိုက်သည်။


 "ဝေ့ထင် မင်းမှာ ဘာအကြံရှိသေးလဲ.... ငါ မကြာသေးခင်ကမှ ဆိုးဆိုးရွားရွားကို လူလိမ်ခံခဲ့ရတယ်... ဒီအတိုင်းသာ ဆက်သွားရင် ငါ သေတောင်သေနိုင်တယ်"


ဖုကျဲ အော်ပြောလာ၏။


 "ဒါဆို ဆိုင်ပိတ်လိုက်" 


ဝေ့ထင်က အေးအေးလူလူပင်ပြန်ဖြေသည်။


 “အဲဒါ မင်းပြောဖို့က လွယ်တယ်... ဆိုင်ပိတ်လည်း အသုံးမဝင်ဘူး...  ငါ ဖုန်းရွှေပညာရှင်တွေကို ခေါ်တွေ့ခဲ့တယ်....ဆိုင်ရဲ့ ဖုန်းရွှေ မှာ တစ်ခုခုမှားနေတယ်လို့ အားလုံးက ပြောကြပေမယ့် ချိုးဖျက်ဖို့ နည်းလမ်းမရှိဘူးတဲ့...ငါ့ဆိုင်ကို ဖွင့်ပေးတဲ့ ရှေ့ဖြစ်ဟောဆရာကလည်း ဘယ်ကို ပြေးသွားလဲ မသိဘူး.... ဖုမိသားစုရဲ့ နောက်ခံကိုပါ သုံးပြီး သူ့ကိုလိုက်ရှာခဲ့ပေမယ့် ရှာမတွေ့သေးဘူး"


ထို့နောက် ဖုန်းတစ်ဖက်ရှိ ဖုကျဲ သည် ရုတ်တရက် အသံကို လျှော့လိုက်၏။  


"ပြောပါ ငါ အရူးလုပ်ခံရပြီလား...…ဒါပေမယ့် အဲဒီ ဖုန်းရွှေပညာရှင်ကိုမတွေ့ခင် သူ့အသေးစိတ်အချက် အလက်အားလုံးကို စစ်ဆေးပြီးပြီ...သူက လူကောင်းတစ်ယောက်ပါပဲ…ငါက..."


 "ဖုကျဲ"  


ဝေ့ထင် က သူ့စကားကို ကြားဖြတ်၍ ပြတ်ပြတ်သားသား ခေါ်လိုက်သည်။


“အရာရာကို အတည်မပြုရသေးခင် မဆုံးဖြတ်စမ်းပါနဲ့... မင်းအရင်ဆုံး စိတ်အေးအေးထား"


သူပြောပြီးသည်နှင့် တံခါးခေါက်သံကြားရ၏။


 "ခဏစောင့်" 


သူ ဖုကျဲကို ခဏရပ်ဖို့ ပြောလိုက်ပြီး နောက်လှည့်၍ ‌တံခါးဘက်ကို မေးလိုက်သည်။


 "ဘာကိစ္စရှိလို့လဲ"


 အစေခံတစ်ယောက်၏ အသံက တံခါးတစ်ဖက်မှ ထွက်ပေါ်လာသည်။  


“သခင်လေး…သခင်မက သူမ အပြင်မထွက်ခင် ဒီဖိုင်တွဲကို ပေးခိုင်းလိုက်လို့ပါ"


စုမုန့်…  ဒီအရူးကောင်မလေးက ဘာလုပ်ချင်တာလဲ…


 "အထဲဝင်"


 ခွင့်ပြုချက်ရပြီးနောက် အိမ်အကူက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး အထဲသို့ ဝင်ကာ ဖိုင်တွဲကို ဝေ့ထင်အား လက်နှစ်ဘက်ဖြင့် လေးလေးစားစား ပေးလိုက်သည်။


 "သခင်မလေးက ဘယ်မှာလဲ"  


 “သခင်မလေး နဲ့ အိမ်တော်ထိန်းကျိုးတို့ ထွက်သွားကြပါတယ်” 


အိမ်အကူက လေးစားစွာပြောသည်။  သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခု ရှိနေပြီး မျက်နှာအမူအရာမှာလည်း တစ်မျိုးဖြစ်နေ၏။


 “ အိမ်တော်ထိန်းကျိုး…  သူတို့ ဘယ်သွားကြတာလဲ”


 “အဲဒီတုန်းက ကျွန်မ အလုပ်ရှုပ်နေတာဆိုတော့ ရှင်းရှင်းလင်းလင်း မကြားရဘူး....  သခင်မလေးက အိမ်တော်ထိန်းကျိုး ရဲ့ ဖုန်းရွှေကိုကြည့်ဖို့ ကူညီပေးမယ့်ပုံရပါတယ်"


 "ကောင်းပြီ… မင်းထွက်သွားလို့ရပြီ"  


ထို့နောက် အိမ်အကူလည်း အမြန်ထွက်ခွာသွားခဲ့သည်။


ထို့နောက် ဝေ့ထင် သည် ဖိုင်တွဲကိုဖွင့်၍ အတွင်းမှ အရာများကို မြင်ပြီးနောက် သူ၏ ဒေါသများ ချက်ချင်းထွက်လာရသည်။ အမြဲတမ်း တည်ငြိမ်နေသူမှာ သူ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ အံကိုတင်းတင်းကြိတ်၍ အော်လိုက်လေတော့သည်။


 "စုမုန့်....."


10.2

(မရဏဆွဲငင်သံ)


ဖုန်း၏တစ်ဖက်တွင်ရှိသော ဖုကျဲ သည် ဝေ့ထင် တစ်ခုခုဖြစ်နေပြီဟု ခံစားမိ၍ သူက မြန်မြန်မေးလာသည်။


 "ဘာဖြစ်နေတာလဲ…ဘာဖြစ်တာလဲ"


ဝေ့ထင် အံကြိတ်ကာ “စုမုန့်က ငါ့ကို နေထိုင်စရိတ် ပေးခဲ့တယ်”


 ဖိုင်တွဲထဲတွင် ဘဏ်ကတ်တစ်ခုနှင့် 'စရိတ်များ' ဟူသော စာသားပါသော စာရွက်တစ်ရွက်ပါရှိသည်။ စုမုန့် သည် မနေ့ကတည်းက ဝေ့မိသားစုမှာ နေထိုင်သည့် နေ့ရက်တိုင်းအတွက် စားဝတ်နေရေးစရိတ်ကို ပေးမည်ဟု သူ့အား ပြောခဲ့သည်။ ကွာရှင်းစာချုပ် မပြီးမြောက်ခင်အထိ ထိုသို့ပေးမည်ဟု ပါရှိသည်။


 "ဟင်"


ဖုကျဲ နားမလည်နိုင်တော့ပေ။


စုမုန့် က ဝေ့ထင်ကို ကွာရှင်းမယ်ဆိုပါလား…  


ထိုကိစ္စကိုကြားပြီးနောက် သူ ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ စိတ်လှုပ်ရှားစွာနှင့်


 “ဒါက ကောင်းတာမဟုတ်ဘူးလား… စုမုန့် က အရူးတစ်ယောက်လိုပါပဲ…သူမက တစ်ကယ်ကို တောသူမလေးလိုပဲ…သူမက မင်းကို ဘယ်လိုအချိန်အခါမျိုးမှာမဆို အမြဲနှောင့်ယှက်ပြီး မင်းကို အရှက်ရစေတယ်…မင်းဘက်က ကွာရှင်းခွင့်တောင်းထားတာကြာပြီ၊ ဒါပေမယ့် ငြင်းတယ်မလား...အခု မင်းလိုချင်တာရပြီလေ"


 “စကားကို ကြည့်ပြောနော်…မင်း ပြောနေတာ ဝေ့မိသားစုက သခင်မလေးပါ”  


စုမုန့် ကို ဖုကျဲက သရော်လှောင်ပြောင်နေသည်ကိုကြားလျှင် ဝေ့ထင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမက သူ့ဇနီးဖြစ်နေသဖြင့် သူမကို တခြားသူများက မကောင်းပြောဆိုနေသည်ကို မကြိုက်ပေ။


ထိုအခါမှ ဖုကျဲ သူ့စကားကို အမြန်ပြောင်းလိုက်သည်။


  "ကောင်းပြီ၊ ကောင်းပြီ..မင်းမိန်းမပါ...ဒါပေမယ့် သူမက ကွာရှင်းချင်နေတာကို မင်း အမြန်သ‌ေဘာတူလိုက်လေ…  ဒီကောင်မလေးကို မင်းတို့မိသားစုထဲက ထုတ်လိုက်တော့…နောက်ဆို မင်းအတွက် အရမ်းမိုက်တဲ့ ကောင်မလေးတွေ စိတ်ကြိုက်ရွေးနိုင်ပါတယ်… သူတို့တွေက သူမထက်တော့ ပိုကောင်းမှာပဲ"


ဝေ့ထင် သူ့စကားကို ဆက်ပြီး နားမထောင်ချင်တော့၍ ဖုန်းကို အမြန်ချပစ်လိုက်မိတော့သည်။ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ ဖိအားတစ်ခု ဖြစ်ပေါ်လျက်ရှိနေသည်။    


"စုမုန့် မင်းတစ်ကယ်လုပ်ခဲ့တာပဲ"


သို့သော် အိမ်တော်ထိန်းကျိုး ၏လူနေရပ်ကွက်သို့ ရောက်ရှိနေပြီဖြစ်သော စုမုန့် သည် ဝေ့ထင် ၏ဒေါသကိုမသိသေးပေ။သူမသာ သိလျှင် ဝမ်းသာသွားမှာ သေချာသည်။


အိမ်တော်ထိန်းကျိုး နောက်ကို လိုက်ကာ သူမ အသေအချာ စောင့်ကြည့်ခဲ့သည်။ ဤလူနေရပ်ကွက်သည် ကျယ်ပြန့်ပြီး အခြေအနေကောင်းသည်။အထူးသဖြင့် အတွင်းပိုင်းရှိ အဆောက်အအုံများမှာ အတော်လေး ပွင့်လန်းနေလေသည်။ဤအဆောက်အဦးကို ဆောက်သူသည် အတော်လေး ဉာဏ်ကောင်းသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ ထိုသူက ဖုန်းရွှေပညာရှင် တစ်ယောက်ယောက်ကို အကူအညီတောင်း၍ ဆောက်ထားခြင်းဖြစ်နိုင်၏။


လူနေရပ်ကွက်တွင် ပြဿနာမရှိသောကြောင့် သူ့အိမ်တွင် ပြဿနာပေါ်လာခြင်းဖြစ်နိုင်သည်။ အိမ်တော်ထိန်းကျိုး ၏အိမ်သို့ ရောက်ရှိသောအခါ စုမုန့် သည်ပြဿနာကိုချက်ချင်းတွေ့ရှိခဲ့သည်။


 “သခင်မလေး အိမ်မှာ ဘာမှမရှိတော့ ဆောရီးပါနော်"

   

အိမ်တော်ထိန်းကျိုး သည် သူမက ပြဿနာကို ဖြေရှင်းနိုင်မည်ဟု မထင်ခဲ့ပေ။ သူ့စိတ်ထဲတွင်တော့ သခင်မလေးအား ကောင်းစွာ ကျွေးမွေးချင်စိတ်သာရှိ၏။ ထို့နောက် သူသည် အိမ်ရှိ အကောင်းဆုံး လက်ဖက်ရည်ကို ထုတ်ကာ သူမအတွက် တစ်ခွက်ဖျော်ပေးခဲ့၏။


 သို့သော် စုမုန့် က သူ့ကို တားလိုက်ပြီး 


"ရပါတယ်...မသောက်တော့ပါဘူး...  အခန်းတိုင်းသွားကြည့်လို့ရမလား"


 "ရပါတယ်… ကြည့်လို့ရပါတယ်"


အိမ်တော်ထိန်းကျိုး သည် သူမကို  ဦးညွှတ်ပြီး သူမနှင့် နှစ်လှမ်းအကွာတွင် ရပ်လိုက်သည်။ သူမအပေါ်ထားသည့် သူ့သဘောထားက ဝေ့မိသားစုအိမ်မှာလိုပင် လေးစားမှုအပြည့်ရှိနေ၏။


စုမုန့် သည် အိမ်တော်ထိန်းကျိုး အကြောင်းကို သိသောကြောင့် ဘာကိုမှ စိတ်မချမဖြစ်ဘဲ အခန်းတိုင်းကို စစ်ဆေးကြည့်ခဲ့သည်။ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်နှင့် အခြားအခန်းများအပါအဝင် အခန်းတိုင်းကို သေချာစစ်ဆေးသည်။ အခန်းတစ်ခုထဲကို ဝင်သွားသည့်အခါ ပြဿနာတစ်ခုသာ တွေ့ရပြီး ကျန်တာ အားလုံး ပုံမှန်ပင်။ ဖုန်းရွှေ က ခိုက်နေခြင်းဖြစ်သော်လည်း ပြသနာကြီးကြီးမားမားတော့ မဟုတ်ချေ။


 အားလုံးအတည်ပြုပြီးနောက် သူမ အိမ်တော်ထိန်းကျိုးကို ပြောလိုက်သည်။


 "ရှင့်အိမ်မှာရှိတဲ့ ဖုန်းရွှေ ပြဿနာက အရမ်းပြင်းထန်ပေမယ့် ဖြေရှင်းရတာ အရမ်းလွယ်တယ်"


အိမ်တော်ထိန်းကျိုး အံ့ဩသွားသည်။  သူမ ဘာကိုဆိုလိုမှန်း နားမလည်နိုင်ချေ။


“ဒါဆို သခင်မလေးက ဘယ်လိုလုပ်ချင်တာလဲ"


သူမရှေ့ရှိ နံရံကို ညွှန်ပြပြီး " နံရံတစ်ခုတည်းမှာပဲ တံခါးနှစ်ပေါက်ဖွင့်ထားတယ်...  ဒါကို ဖုန်းရွှေမှာ ဘာခေါ်လဲ သိလား...'မရဏဆွဲငင်သံ' လို့ခေါ်တယ်.… ကျားနှစ်ကောင်က တောင်တစ်ခုတည်းမှာ အတူတူ မနေနိုင်ဘူးဆိုတဲ့  ရှေးရိုးစကားတစ်ခုရှိတယ်မလား…အဲ့ဒီလိုပဲ တံခါးနှစ်ပေါက် ဖောက်ခွင့်မပြုတဲ့ ဖုန်းရွှေ လက်ဖွဲ့တစ်ခုရှိတယ်…  ဒီတံခါးနှစ်ပေါက်ကို ကြည့်လိုက်... ဒါကို ဖုန်းရွှေ မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုလို့ ယူဆကြတယ်..အနည်းဆုံးတော့ ပိုက်ဆံတွေအကုန် ကုန်သွားလိမ့်မယ်...အဆိုးဆုံးက လူကို အန္တရာယ်ဖြစ်လိမ့်မယ်"


စုမုန့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ရှင်က ကုသိုလ်ကောင်းမှုတွေ လုပ်လေ့ရှိပေမယ့် ရှင့်မိန်းမက မလုပ်ဘူးမလား...ကုသိုလ်ကောင်းမှု မလုပ်ဖို့ အမြဲပြောတယ်မလား"


 “ဟုတ်တယ်၊ ကျွန်တော်က မိဘမဲ့ဂေဟာကို နေ့စဥ်လိုအပ်တဲ့ ပစ္စည်းတွေကို နာမည်ဝှက်နဲ့ လှူတတ်တယ်…ကျွန်တော့် မိန်းမကကကျ ပိုက်ဆံတွေကို သိမ်းကျုံးသုံးနေတယ်ထင်ပြီး အရင်က တည်းက တားခဲ့တာ"  


အိမ်တော်ထိန်းကျိုး သူမကို ဤမျှအစွမ်းထက်မည်ဟု  မမျှော်လင့်ထားချေ။ဤကိစ္စကို တခြားသူများအား သူ တစ်ခါမှ မပြောဖူးပေ။ သူနှင့် သူ့မိန်းမကသာ သိသော်လည်း သူ့မိန်းမကလည်း ဝေ့မိသားစုကို တစ်ခါမှ မရောက်ဖူးသေးချေ။


စုမုန့် က ဆက်ပြော၏။


 “ဒါ‌ကြောင့်မို့ ရှင်က နည်းနည်းလေးပဲ ထိခိုက်သွားတာ...ဒါပေမယ့် ရှင့်မိန်းမကတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားတာလေ.... ဒါကိုဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိပါတယ်…ပထမတစ်ခုက ဖုန်းရွှေနဲ့ ကိုက်ညီတဲ့ တံခါးကိုထားပြီး နောက်တံခါးတစ်ဖက်ကို ချိတ်ပိတ်လိုက်ဖို့ပဲ"


 သူမသည် တံခါးနှစ်ပေါက်၏ အနေအထားများကို သတိပြုကာ ပိုမိုကောင်းမွန်သော ဖုန်းရွှေကို ရွေးချယ်ခဲ့၍ ညွှန်ပြလိုက်သည်။


 “အဲဒီတံခါးကို အသေပိတ်ပြီး ဒီတံခါးကို ထားခဲ့လိုက်ပါ”



xxxxx