အပိုင်း ၁၁
Viewers 6k

Chapter 11

(စုမုန့်အအော်ခံရခြင်း)


အိမ်တော်ထိန်းကျိုး ၏ တုံ့ပြန်မှုကို မစောင့်ဘဲ စုမုန့် ဆက်ပြောသည်။


 "နောက်တစ်နည်းက ချီလင်းတောင်နဲ့ ပင်လယ်မြို့ကို ရှာပြီး ချိတ်ထားဖို့ပါပဲ.... ချီလင်းဆိုတာ လူနေအိမ်တွေအတွက်တော့ နတ်သားရဲတစ်မျိုးပဲ...စည်းစိမ်ဥစ္စာကို ဆွဲဆောင်နိုင်ပြီး မကောင်းမှုကို ပယ်ရှားနိုင်တယ်...  အချိန်အတော်ကြာအောင် ကြိုးနဲ့ ချိတ်ထားမယ်ဆိုရင် ဝိညာဉ်ရေးအရ ပိုင်ရှင်ကို ကာကွယ်ပေးမှာပါ...ဒါဆို  ရှင်တို့လင်မယားနှစ်ယောက်မှာ ပြသနာမရှိနိုင်တော့ဘူး”


သူမ ပြတ်ပြတ်သားသား ကျိုးကြောင်းဆီလျော်စွာ ပြောလိုက်သည်။ အိမ်တော်ထိန်းကျိုး သည် သူ့စိတ်ထဲတွင် သံသယများရှိနေသော်လည်း 50%ကျော် ယုံကြည်နေမိသဖြင့် သူမအား ထပ်ခါတလဲလဲ ကျေးဇူးတင်ကြောင်းပြောလိုက်၏။ 


 "ကျေးဇူးတင်ပါတယ်သခင်မလေး…သခင်မလေး ကျွန်တော့်ကို အရမ်းကူညီခဲ့တာပဲ... ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိဘူး"  


အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူ့အပေါ်ထားရှိသော ကြင်နာမှုများအတွက် အလွန်ပင် ကျေးဇူးတင်ရှိနေပြီဖြစ်သည်။


စုမုန့် လက်ကာ၍ တားလိုက်ရင်း စိတ်လှုပ်ရှားသံဖြင့် ပြောလေသည်။ 


  “ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ပြန်လုပ်ရတာ အရမ်းကောင်းတယ်... နောက်ဆို ရှင့်သူငယ်ချင်းတွေကိုလည်း ဒီလိုပြဿနာမျိုး ကြုံလာရင် ကျွန်မကို လာရှာဖို့ပြောလိုက်ပါ...ဒါဆို ဈေးလျှော့ပေးလိုက်မယ်…နောက်ထပ်ဖောက်သည်တွေကို ကျွန်မဆီ ရောက်အောင် ရှာပေးနိုင်ရင် ဒီအလုပ်ကို ကျွန်မ ပိုက်ဆံမတောင်းတော့ဘူး"


အရာအားလုံးကို ဖြေရှင်းပြီးနောက်၊  အိမ်တော်ထိန်းကျိုး က သူမအား ဝေ့မိသားစုထံပြန်လိုက်လာဖို့ ပြောသည်ကို ငြင်းဆိုခဲ့သည်။ယခု သူမ အိမ်ပြန်ဖို့ မတွေးချင်သေးပေ။


စုမုန့် ထွက်သွားပြီးနောက် အိမ်တော်ထိန်းကျိုး သည် သူမ သူ့အိမ်တွင်ရှိနေသည့်အချိန်ပိုင်း ဗီဒီယိုဖိုင်ကို ကော်ပီကူး၍ ဝေ့ထင် ထံသို့ ပေးပို့ခဲ့သည်။သူမသည် ထိုကဲ့သို့လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်သော်လည်း အိမ်တော်ထိန်းတစ်ဦးအနေဖြင့် သံသယမဖြစ်စေရန် သူက လုပ်မှဖြစ်ပေမည်။


အိမ်တော်ထိန်းကျိုး၏ အိမ်မှထွက်ခွာပြီးနောက် စုမုန့်သည် အိမ်ခြံမြေအရောင်းစင်တာသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ ဝေ့မိသားစုမှ ထွက်ခွာရန် သူမ အစောကတည်းက ပြင်ဆင်ထားရန် လိုအပ်သည်။ သူမနှင့် ဝေ့ထင် တို့သည် အချိန်မရွေး ကွာရှင်းသွားမည်ဖြစ်၍  ပိုက်ဆံရှာခြင်းအပြင် နေစရာနေရာလည်း လိုအပ်သည်။ သူမအတွက် အိမ်ကောင်းကောင်း တစ်လုံး မလိုဘဲ သက်တောင့်သက်သာနေထိုင်ရန်သာ လိုအပ်သည်။ ထို့နောက် သူမသည် ငွေပိုရလာသောအခါမှ ပိုကောင်းသည့်အိမ်မှာ နေမည်ဖြစ်သည်။သူမမှာ ပိုက်ဆံမရှိသော်လည်း အဆင့်မြင့် အိမ်တွေက ဘယ်လိုပုံစံလဲဆိုသည်ကို သိချင်နေသေးသည်။ ယနေ့ သူမသည် ရိုးရှင်းသော အဖြူရောင် ပေါ့ပေါ့ပါးပါးဖြစ်သော ၀တ်စုံကိုဝတ်ဆင်ပြီး မြင်းမြီးပုံစံ ဆံပင်ကို စည်းနှောင်ထားသဖြင့် သူမပုံစံက ကျောင်းသားတစ်ယောက်လိုပင်။


ထို့နောက် သူမသည် ယူနီဖောင်းဝတ်ထားသော အရောင်းအမျိုးသမီးတစ်ဦးထံသို့ လှမ်းပြောလိုက်သည်။


"မင်္ဂလာပါ... ဒီရပ်ကွက်မှာရှိတဲ့ အိမ်တွေကို မိတ်ဆက်ပေးလို့ရမလား"  


စုမုန့် သည် အရောင်းစားပွဲများစွာထဲမှ အသေးဆုံးစားပွဲတွင် ရပ်လိုက်သည်။ ထို့နောက် စားပွဲကိုတာဝန်ယူထားသူ အရောင်းဝန်ထမ်း၏ ရင်ဘတ်ပေါ်ရှိ ဝန်ထမ်းကဒ်ပြားကို ငုံ့ကြည့်လိုက်သည်။  သူမနာမည်က ကျောက်ချမ်ချမ် ဖြစ်၏။


ကျောက်ချမ်ချမ် က သူမကို အထက်အောင် စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ စုမုန့် ကိုယ်ပေါ်မှာ သူ့အတွက် အဖိုးတန်သည့် အရာများ တစ်ခုမှမဝတ်ထားသည်ကို မြင်ရသောအခါ သူမက ထေ့ငေါ့ငေါ့နှင့်ပြောလေသည်။


 "ဧည့်သည် မှားနေပြီ...ဒီအဆောက်အဦးက ဗီလာနယ်မြေမှာ ရှိတာ...အိမ်တစ်လုံးစီက ယွမ်သန်း 100ကျော် တန်ကြေးရှိတယ်...ညီမက တတ်နိုင်ပါ့မလား"


 ထိုအချိန်တွင် လူတစ်ယောက်သည် အရောင်းစင်တာထဲသို့ ၀င်လာသည်။  ကျောက်ချမ်ချမ် သည် ထိုလူကိုမြင်သောအခါ ချက်ချင်းပင် မျက်နှာအမူအရာကို ပြုပြင်ပြောင်းလဲကာ ချိုသာသောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။သူမ စုမုန့်ကိုတော့ လုံးဝလျစ်လျူရှုခဲ့သည်။


စုမုန့် ခေါင်းကို လှည့်ကြည့်လိုက်ရာ ယွမ်ထောင်ချီတန်သည့် နာရီကို ဝတ်ဆင်ထားပြီး ဒီဇိုင်နာဝတ်စုံနှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။သူမသည် ဝေ့ထင် ၏ အသိုင်းအဝိုင်းတွင် ရောနှောနေထိုင်နိုင်ရန် အထက်တန်း ကျင့်ဝတ်များနှင့် ကမ္ဘာ့အဆင့်မီ ဇိမ်ခံပစ္စည်းများကို ကြားဖူးနားဝရှိခဲ့သည်။  ထို့အပြင် ဝေ့ထင်သည် သူမအား တစ်ခါမျှ ခွဲခြားမဆက်ဆံခဲ့ပေ။ သူ့လက်ထောက်က သူမအတွက် ဝယ်ပေးခဲ့သည့် ပစ္စည်းတွေအားလုံးမှာ ဒီဇိုင်နာ ပစ္စည်းတွေချည်းပင်။ ထို့ကြောင့် သူမသည် ဈေးကြီးသည့်အရာများကို ခွဲခြားနိုင်သည်။


သို့သော်၊ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးအား ကြည့်၍ မဆုံးဖြတ်သင့်ချေ။ လူတစ်ဦးသည် ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ အသွင်အပြင်ပေါ် မူတည်၍ တစ်ဖက်သတ် ဆုံးဖြတ်ခြင်းခံရသည်။ ထိုအလုပ်မျိုး သူမ တစ်ခါမှ မလုပ်ဖူးသော်လည်း ကျောက်ချမ်ချမ် ဟု အမည်ရှိသည့် ဤအရောင်းအမျိုးသမီးကမူ အတော်လေး စိတ်အားထက်သန်နေပုံရ၏။


ယခုအချိန်မှာ အရောင်းရုံးတွင် လူတော်တော်များသည်။  ခုနက အရောင်းဝန်ထမ်းကလွဲလျှင် ဝန်ထမ်းတိုင်းမှာ ကိုယ်ပိုင်ဖောက်သည်တွေ ရှိကြသည်။  ဧည့်ကြိုက စုမုန့် တစ်ယောက်တည်း ရပ်နေတာတွေ့တော့ လမ်းလျှောက်လာပြီး ပြောလေသည်။


“ဧည့်သည်…လက်ဖက်ရည်သောက်ဖို့ ကျွန်မ နောက်ကို လိုက်ခဲ့ပါ…ခဏနေတော့ ဒီမှာအိမ်ခြံမြေကိစ္စ မိတ်ဆက်ပေးမယ့် ဝန်ထမ်းတွေရောက်လာပါလိမ့်မယ်"


 ကလေးမလေးက အလွန်ချစ်စရာကောင်းသည်။ ကလေးလိုမျိုး မျက်နှာက ဖောင်းနေကာ ပါးချိုင့်နှစ်ခုလည်းရှိသည်။သူမ၏ မျက်လုံးကြီးများက ချစ်စရာကောင်းစွာပင် ပြူးနေ၏။


စုမုန့် သူမကို ခဏလောက် စောင့်ကြည့်လိုက်ရာ ဤကလေးမလေးမှာ အတော်အရည်အချင်းရှိသည်ဟု အကဲခတ်မိ၏။ သူမသည် ကြီးကျယ်သောကံကြမ္မာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အခက်အခဲများ တွေ့နေရလျှင်တောင် မြင့်မြတ်သူ တစ်ယောက်ဆီမှ အကူအညီကို ရလိမ့်မည်ဖြစ်သည်။


သူမလိုလူမျိုးနှင့် စကားပြောရသည်မှာစိတ်ချမ်းလာသလိုရှိ၍ စုမုန့် အသာအယာပြန်ပြောလိုက်သည်။ 


 "ရပါတယ်...ကျွန်မဘာသာ ကြည့်လိုက်မယ်"


 ကလေးမလေးက သူမအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။  


“ဒါဆို ဧည့်သည် တစ်ခုခုလိုအပ်ရင် ကျွန်မကို အချိန်မရွေးခေါ်လို့ရတယ်နော်"


ကလေးမလေး ထွက်သွားပြီးနောက် စုမုန့်သည် သူဌေးကို မျက်နှာသာပေးပြီး အစွမ်းကုန် ချိုသာပြနေသည့် ကျောက်ချမ်ချမ် ကို တိတ်တဆိတ် ကြည့်နေမိသည်။ ထိုလူသည် အမှန်တစ်ကယ် ချမ်းသာသော်လည်း သူ့မျက်နှာတွင် မုန်းစရာကောင်းသော အကြည့်မျိုး ရှိနေသည်။ ကျောက်ချမ်ချမ် ၏ စကားကို နားထောင်ပြီးချိန်မှာတော့ သူက သူမလက်ကို မထိတထိကိုင်နေသလို၊ သူ့လက်မောင်းကိုလည်း သူမ ပခုံးပေါ်မှာ တင်ထားလေသည်။


11.2

(သူမက တစ်ကယ်တော့ ဝေ့မိသားစုရဲ့ သခင်မလေး)


ကျောက်ချမ်ချမ် က ဘာမှပြန်မပြောခဲ့ပေ။ သူမသည် ချိုသာသော အပြုံးကို ထိန်းသိမ်းကာ ထိုယောက်ျားအား အကြံပြုချက်များ ပေးခဲ့သည်။


စုမုန့် သက်ပြင်းချလိုက်၏။  ဘယ်သူမှ လွယ်လွယ်နှင့် ဘဝကိုရှင်သန်နေသူများမဟုတ်ကြပေ။ သူတို့သည် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် ရုန်းကန်နေရသော သနားစရာကောင်းသူများသာ ဖြစ်သည်။ သူမအပေါ် ကျောက်ချမ်ချမ် ၏ ထူးဆန်းသော သဘောထားကို တွေ့လိုက်သောအခါ သူမ နားလည်နိုင်သော်လည်း ဤကဲ့သို့ ဆက်ဆံခြင်းကို သူမ မကြိုက်ပေ။


ကျောက်ချမ်ချမ် သည် အိမ်များကို အချိန်အတော်ကြာ မိတ်ဆက်ပေးခဲ့သော်လည်း ထိုလူက ကျေနပ်ပုံမပေါ်ပေ။ သူ့ကို ပြန်ဆက်သွယ်စရာ အချက်အလက်များကိုတောင် မချန်ထားခဲ့။ ထိုလူထွက်သွားသောအခါ သူမသည် သက်ပြင်းချ၍ပြောလိုက်သည်။


"ကံဆိုးလိုက်တာ… အဲဒီအဘိုးကြီးက ငါ့ကို အခွင့်ကောင်းတွေ အများကြီး ယူခဲ့ပေမယ့် အဆင်လည်းမပြေခဲ့ဘူး"


 သူမ လှည့်ကြည့်လိုက်တော့ စုမုန့် ရပ်နေသည်ကို တွေ့လိုက်ရလျှင် မထီမဲ့မြင် ပြောဆိုလိုက်သည်။


 “အစ်မ မထွက်သွားသေးဘူးလား... စျေးသက်သာတဲ့ အိမ်ကိုဝယ်ဖို့ လုပ်နေတာမလား...ဒါပေမယ့် ဒီကအိမ်တွေက ဈေးအရမ်းကြီးတယ်… သိန်းဆယ်ချီတန်တဲ့ အိမ်တစ်လုံးကို အစ်မ တတ်နိုင်လို့လား"


အရောင်းအမျိုးသမီး၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရသောအခါ စုမုန့် ဒေါသထွက်လာရတော့သည်။


 “ကျွန်မ တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်ဘူးဖြစ်စေ ကျွန်မ ကိစ္စပါ...ရှင်က ဧည့်သည်တွေကို မိတ်ဆက်ပေးရမှာက ရှင့်အလုပ်..…ကြက်မမွေးဘဲ ကြက်ဥစားချင်နေတာလား...ဒီပုံစံနဲ့...ကျွတ် ကျွတ် ကျွတ်"


ကျောက်ချမ်ချမ် သည် သူမ စကားကိုကြားပြီးနောက် ခွေးမြီးတက်အနင်းခံရသလို ချက်ချင်းပေါက်ကွဲသွားသည်။  


"ဘယ်သူ့ကို ကြက်လို့လာခေါ်နေတာလဲ...နင်ကမှ ကြက်…နင်တို့တစ်မိသားစုလုံးက ကြက်မျိုး"


သူမကမူ ဒေါသမထွက်ဘဲ မထီမဲ့မြင်ဟန်ဖြင့် တစ်လုံးချင်းဆိုလိုက်သည်။  


“ဘာလဲ ကြက်လိုချင်ရင် ကြက်မွေးလို့ပြောတာလေ...ငါက ဘယ်သူ့ကို ပြောနေလို့လဲ…"


 "လုပ်ပြန်ပြီ"  


ကျောက်ချမ်ချမ် သည် မကြာသေးမီက သူမ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် စိတ်ဆိုးနေခဲ့ရသည်။ ယနေ့လည်း မျှော်လင့်ချက်တစ်ခုခုရပြီဟုထင်ခဲ့သော်လည်း ထိုလူကြီးက သူမကို အခွင့်ကောင်းယူခဲ့ကာ ဘာအရောင်းမှ မရသေးသဖြင့် သူမ စိတ်ဆိုးသွားရခြင်းသာ။ ထိုမျှမကသေး၊ယခုလို မိန်းမမျိုးကပါ သူမကို လာနှောင့်ယှက်နေရပြန်သည်။  


ထိုသို့ပြောပြီးနောက် သူမသည် စုမုန့် ကို ရိုက်ဟန်ပြင်လိုက်သည်။  သို့သော် သူမလက်ကို တစ်ယောက်ယောက်က ဆုပ်ကိုင်ထားလေသည်။စုမုန့် သည် သူမ ရှေ့မှလူကို အံ့သြစွာကြည့်လိုက်ပြီး...


  'ဝေ့ထင်က ဘာလို့ဒီမှာ ရောက်နေတာလဲ...သူ တစ်ကယ်ပဲ ဘာဖြစ်ချင်နေတာလဲ'


ဝေ့ထင် သည် စုမုန့် ကို ထိတော့မည့် ကျောက်ချမ်ချမ် ၏ လက်ကို တားဆီးလိုက်ပြီး သူမအား ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။  သူ့မျက်လုံးတွေက အေးစက်မှုများ ပြည့်နှက်နေလျက်ရှိသညိ။


 "မင်းရူးနေလား"  


ကျောက်ချမ်ချမ် သည် ဝေ့ထင် ၏ အသံကို တုန်လှုပ်သွားပြီး ဒေါက်မြင့်ဖိနပ်စီးထားသောကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားချိန်မှာ ခြေကျင်းဝတ်က ချော်၍ လဲကျသွားတော့သည်။သူမ အားကနဲကြမ်းပြင်ပေါ်မှာ လဲကျရင်း ညည်းညူနေလေသည်။


သို့သော် မတ်တပ်ထရပ်ပြီး ခေါင်းကို မော့လိုက်သောအခါ၊သူမ ရှေ့ရှိ အေးစက်ချောမောသော မျက်နှာတစ်ခုသည် ချက်ချင်းပင် သူမ၏ အာရုံအားလုံးကို စွဲဆောင်သွားခဲ့သည်။  သူမ၏ အေးစက်ပြီးခက်ထန်သော အကြည့်များသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာက အနည်းငယ် နီရဲသွားကာ  မျက်ရည်များ စီးကျလာလေတော့သည်။


 “ဒီမှာ လူကြီးမင်းလုပ်လိုက်လို့ ကျွန်မ လဲသွားပြီ"


ကျောက်ချမ်ချမ် ၏ ရုတ်ချည်းပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် စုမုန့် ရယ်ချင်သွားသည်။ ကျောက်ချမ်ချမ် သည် ဝေ့ထင် ၏ အလှကြောင့် စွဲဆောင်ချင်နေပုံရပြီး သူမကိုတောင် ရန်စကား ထပ်မပြောလာတော့ပေ။


 ရုတ်တရက် အဓိပ္ပါယ်ရှိသော အကြည့်နှစ်ခုကို ခံစားလိုက်ရသည်။  သူမက ဆောလျင်စွာ


 “တောင်းပန်ပါတယ်.…တောင်းပန်ပါတယ်.…ဆက်ပြောကြလေ"


 သို့သော် ဝေ့ထင်သည် ကျောက်ချမ်ချမ်ကိုပင် မကြည့်ခဲ့ဘဲ စုမုန့် ကို အေးစက်သောအကြည့်ဖြင့်သာ စိုက်ကြည့်နေပြီး ပြောလိုက်သည်။


"မင်း ဒီကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"  


စားဝတ်နေရေးစရိတ် လာပေးသည့်အခါက သူ ဒေါသထွက်ပြီး စုမုန့် ကို ထွက်လာပြီး လိုက်ရှာချင်မိသည်။  သို့သော် သူမ တစ်ယောက်တည်း ထွက်သွားခဲ့ကြောင်း အိမ်တော်ထိန်းကျိုး ထံမှ ဗီဒီယိုတစ်ခု ရရှိခဲ့သည်။


စုမုန့် က “ကျွန်မ ဘာမှလုပ်ဖို့ မကြိုးစားပါဘူး.... အိမ်တွေကိုကြည့်ဖို့ ဒီကိုရောက်နေတာ"


သူမ အိမ်များ ကြည့်နေမှန်း သူ အနောက်ကနေ ကြည့်နေခဲ့သဖြင့် အားလုံးကို မြင်ပြီးသားပင်။သူမမှာ  ပိုက်ဆံမရှိဘဲ အိမ်ကို ဘယ်လိုဝယ်မလဲဆိုသည်ကို သူသိချင်နေခဲ့၍ ကြည့်နေစဉ် သူမ ဤအဖြစ်နှင့်ကြုံတွေ့ရခြင်းဖြစ်သည်။သူသာ ရောက်မလာပါက၊သူမ အရိုက်ခံရနိုင်သည်။  


 "ဒါက ဥက္ကဌဝေ့ မဟုတ်ဘူးလား…ကြိုပြောထားရင် ကျွန်တော်ကြိုတင်ပြင်ဆင်ထားမှာပေါ့..."


တုန်လှုပ်ချောက်ချားသော အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသဖြင့် အားလုံး အသံကြားရာဘက်ကို လှမ်းကြည့်လိုက်သည်။ ရောက်ရှိလာသူမှာ အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။  သူက အရပ်မရှည်ဘဲ လူကောင် နည်းနည်းထွားသည်။ သူသည် မီးခိုးရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့နောက်တွင် အရောင်းဝန်ထမ်း အနည်းငယ်ရှိနေသည်။  သူ့ပုံစံက ကင်းလှည့်နေသည့် အထက်အရာရှိ ခေါင်းဆောင်တစ်ယောက်လိုပါပင်။


ဥက္ကဌဝေ့....


ချောမောသောလူကို ကြည့်လိုက်ရင်း ကျောက်ချမ်ချမ် သည် အခုမှ ရင်းနှီးနေသလိုရှိသည်ဟု တွေးလိုက်မိသည်။  မန်နေဂျာစကားကို ကြားသောအခါ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားရတော့သည်။


ဝေ့ထင်....


ဝေ့ထင် သည် ငယ်ရွယ်စဉ်ကတည်းက ဝေ့မိသားစုကို ထိန်းချုပ်ခဲ့သူတစ်ဦးဖြစ်သည်။ ချက်ချင်းပင် သူမသည် ဝေ့ထင်ကို စူးစူးရဲရဲ ငေးမောကြည့်လိုက်သည်။


 မန်နေဂျာက ဝေ့ထင်ကို နှုတ်ဆက်ကာ သူ့ဘေးနားရှိ စုမုန့် ကို ငေးကြည့်ရင်း မေးလိုက်သည်။


“ဥက္ကဌဝေ့ ...သူက ဘယ်သူလဲ”


စုမုန့် ပြုံးလိုက်၍ သူမကိုယ်သူမ ဖုန်းရွှေပညာရှင်အဖြစ် မိတ်ဆက်ခါနီးတွင် ဝေ့ထင် က အမြန်ပြောလေသည်။


 “ဒါ ငါ့မိန်းမပဲ”


စုမုန့်: "...!"  


ဝေ့ထင် သည် တခြားသူများရှေ့တွင် သူမကို သူ့မိန်းမဖြစ်ကြောင်း ဘယ်တုန်းကမှ ဝန်မခံခဲ့ပေ။ 


 ဒီတခေါက်ကျမှ သူဘာလို့ ပြတ်ပြတ်သားသား ပြောရတာလဲ…


စုမုန့် တစ်ယောက်တည်း တုန်လှုပ်သွားတာ မဟုတ်ပေ။ ကျောက်ချမ်ချမ် က ပို၍တောင် အံ့သြသွားသည်။ ရိုးရိုးရှင်းရှင်း ၀တ်စားထားသည့် ဤအမျိုးသမီးက တစ်ကယ်တမ်းတွင် ဝေ့မိသားစု၏ သခင်မလေးဖြစ်နေရလေသည်။




xxxxxx