Chapter 12
(သူဝယ်ပေးသော ဗီလာ)
ချောမောသော အမျိုးသားများသည် မိန်းကလေးများ၏ အာရုံကို အမြဲ စွဲဆောင်တတ်သည်။ ကျောက်ချမ်ချမ် သည် ဝေ့ထင်ကို မြင်သည့်အချိန်မှစ၍ သူမ တခြားနေရာကိုပင် လှည့်မကြည့်မိပေ။ စုမုန့် က သူ့ဇနီးဖြစ်ကြောင်း သူမကြားရသောအခါ သူမ ထိုမိန်းမကို ရန်ငြိုးဖွဲ့ကာ ကြည့်နေမိလေသည်။
စုမုန့် ၏ ဝတ်စားဆင်ယင်ပုံမှာ အဆင်ပြေသော်လည်း လူချမ်းသာ မိန်းမတစ်ဦးနှင့် အဆင့်မတူညီဟု သူမ ခံစားရ၏။ CEO ၏ဇနီးများသည် ပေါ့ပေါ့ပါးပါးရှိသည့် အ၀တ်အစားများကို မဝတ်ဆင်တတ်ကြ၍ သူမ မရိပ်စားမိသည်က အံ့သြစရာမရှိချေ။ဝေ့ထင် ကို သတင်းမှာ အမြဲတွေ့ဖူးသော်လည်း သူ့မှာဇနီးရှိမှန်း သူမ တစ်ခါမှ မကြားဖူပေ။ ထိုဇနီးက ပုံမှန်သာဝတ်စားထားကာ သာမာန်သာ ဖြစ်၍ ထိုမိန်းမအပေါ်ထားသည့် ဝေ့ထင်၏ သဘောထားကို မှန်းဆကြည့်မိသောအခါ သူမ ပျော်ရွှင်မိသည်။
ဝေ့ထင် က သူ့မိန်းမကို မချစ်ဘဲယူထားတာ ဖြစ်နိုင်တယ် မဟုတ်လား...
“ဥက္ကဌဝေ့ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး...ကျွန်တော် ဥက္ကဌဝေ့ကို အတူတူထမင်းစားဖို့ ဖိတ်ချင်ပါတယ်"
မန်နေဂျာက ဝေ့ထင် အား ရင်းရင်းနှီးနှီး ဖိတ်ကြားသည်။
"စိတ်မပူပါနဲ့ မန်နေဂျာရှန့်...ဥက္ကဌဝေ့ သူ့ဇနီးကိုရှာဖို့ ဒီကိုလာရတာပါ…သူ ပြန်သွားတဲ့အခါ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်”
ဖုကျဲ သည် ဥက္ကဌဝေ့နှင့်အတူ လိုက်ပါလာခဲ့သော်လည်း သူသည် အနောက်ကနေ ကြည့်နေပြီး ဘာမှဝင်မပြောခဲ့။
ထိုစဉ် စုမုန့် က သူမ၏ လိပ်စာကတ်ကို ထုတ်ယူပြီး မန်နေဂျာရှန့်ကို ပေးလိုက်သည်။
“မန်နေဂျာရှန့်… ဒါက ကျွန်မရဲ့လုပ်ငန်းကတ်ပါ... ကျွန်မက ဖုန်းရွှေပညာရှင်ပါ...ရှင့်မှာ ဖုန်းရွှေပညာရှင်လိုတဲ့အခါ ကျွန်မကို ဆက်သွယ်ပေးလို့ရပါတယ်..ကျွန်မက အဖိုးအခကိုလည်း အများကြီးမယူပါဘူး"
စုမုန့် သည် ဖုန်းရွှေပညာရှင်ဖြစ်သည်ကို ကြားသောအခါ မန်နေဂျာရှန့် ၏ မျက်နှာပေါ်တွင် ပို၍ပင်လေးစားလာဟန်များ ဖြစ်ခဲ့သည်။ သူ့လိုအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အတွက်၊ ဒီဇိုင်နာကောင်းများအပြင်၊ သူအလိုအပ်ဆုံးက ဖုန်းရွှေပညာရှင်ဖြစ်၏။ ထို့အပြင်၊ ဖုန်းရွှေပညာရှင်များ နည်းပါးလွန်းသောကြောင့်၊ စစ်မှန်သော စွမ်းရည်အချို့ရှိပါက အတော်ပင် ကိုးကွယ်ထားရမလိုဖြစ်နေရ၏။
“သခင်မလေးက တစ်ကယ့်ကို ဖုန်းရွှေပညာရှင်ဆိုတာကို ဖုံးကွယ်ထားတာပဲ... ကျွန်တော် တောင်းပန်ပါတယ်"
သူက စုမုန့်၏ ကတ်ကိုယူပြီး လက်ဆွဲနှုတ်ဆက်တော့မည့်အချိန်မှာ စုမုန့် ၏ ဆန့်တန်းထားသော လက်ကို ဝေ့ထင် က ဆုပ်ကိုင်ထားလိုက်သည်။
“မင်းအိမ်လိုချင်ရင် ကိုယ် ဝယ်ပေးမယ်.... ဘယ်ဟာကြိုက်လဲ"
စုမုန့် သက်ပြင်းချလိုက်မိသည်။ သူမမှာသာ ပိုက်ဆံရှိလျှင် လိုချင်သည့် အိမ်မှန်သမျှ ဝယ်နိုင်မည်ဖြစ်၏။ယခုမူ၊ ဝေ့မိသားစုမှ ထွက်ခွာရန် သူမ အိမ်တစ်လုံးဝယ်ချင်ခဲ့သည်။ သို့သော်၊ဝေ့ထင်က သူမကို အိမ်တစ်လုံးဝယ်ပေးလျှင် သူနှင့်ထပ်ပြီး ရှုပ်ထွေးနေရပေလိမ့်မည်။သို့ဖြစ်၍၊သူမ ငြင်းဆိုလိုက်၏။
"မလိုပါဘူး....ရှင် လုပ်စရာရှိတာလုပ်လေ…ကျွန်မ သွားတော့မယ်"
ဝေ့ထင် လက်ကို သူမ ဆွဲခွာချင်သော်လည်း ဝေ့ထင် က သူမကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် သူမ လုံးဝ မလှုပ်နိုင်ခဲ့ပေ။ ထို့နောက် ဝေ့ထင် က သူမအနားကို တိုးတိုးလာပြီး တိုးတိုးလေးပြောလာသည်။
"မင်းဆက်ပြီးရုန်းရင် ကိုယ်အတင်းပွေ့ခေါ်သွားမယ်"
သူမ သူ့စကားကိုကြားပြီး လှုပ်တောင်မလှုပ်ရဲတော့ေပ။သူကအတော်လေး ဆွဲဆောင်မှုရှိပြီး နာမည်ကြီးအနုပညာရှင် များကြားတွင်ပင် ထင်ရှားပေါ်လွင်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ သူမကို လူအများရှေ့မှာ ပွေ့ချီသွားလျှင် သူမ မလိုအပ်ဘဲ နာမည်ကြီးလာနိုင်၏။သူမတို့အိမ်ထောင်ကျတာ ကြာပြီဆိုသော်လည်း သူမကတော့ သူ့လိုနာမည်ကြီးတစ်ယောက် မဟုတ်ပေ။ ကွာရှင်း ပြတ်စဲတော့မည့်အချိန်မှာ သူမ၏ ကြိုးစားအားထုတ်မှုတွေကို အလဟသ အဖြစ်မခံနိုင်ပေ။
ဝေ့ထင် သည် စားပွဲပေါ်ရှိ ဗီလာပုံစံငယ်လေးကို ညွှန်ပြပြီး မန်နေဂျာရှန့်အား "ငါ့မိန်းမက ဒီအိမ်ကြီးကို ကြိုက်တယ်တဲ့...ဒါကြောင့် ငါတို့ ဒီအိမ်ကိုဝယ်မယ်... စာရွက်စာတမ်းတွေကို ကြည့်လုပ်ဖို့ မနက်ဖြန် ငါ့လက်ထောက်ကို လွှတ်လိုက်မယ်"
ထိုစဉ် ဝေ့ထင် ကို တစ်ချိန်လုံး စိုက်ကြည့်နေသော ကျောက်ချမ်ချမ်က ဝင်ပြောလာသည်။
“ကျွန်မက အဲဒီအဆောက်အအုံကို တာဝန်ယူထားတာပါ...ကျွန်မ သေသေချာချာလေး မိတ်ဆက်ပေးနိုင်ပါတယ်"
ဝေ့ထင် က သူမကို ကြည့်လာသောအခါ သူမ စိတ်ထဲတွင် အတော်လေး ပျော်ရွှင်နေရသည်။ သူမကို ဥက္ကဌဝေ့က စိတ်ဝင်စားနေတာများလား...
သို့သော်၊ ဝေ့ထင် ၏ အသံတိုးတိုးလေးကို သူမ ကြားဖြစ်လိုက်လျှင်… “သူမ တာဝန်ယူထားတာမဟုတ်တဲ့ အိမ်မဟုတ်ဘဲ ကျန်တာအဆင်ပြေပါတယ်”
ကျောက်ချမ်ချမ် ၏ ခန္ဓာကိုယ်သည် အေးခဲသွားသည်။ သူမ ပါးစပ်ဟကာ၊ အံ့သြနေရပြီး ဘာပြောရမှန်းမသိတော့ဘဲ ဝေ့ထင် ကို စိတ်မကောင်းစွာကြည့်ရင်း မျက်လုံးများက ချက်ချင်းနီရဲလာသည်။
ဝေ့ထင်ပြသော ဗီလာသည် အစပိုင်းတွင် စုမုန့် ကြိုက်သည့် အိမ်ဖြစ်သည်။သူမသည် အစက ဗီလာမဟုတ်ဘဲ ရိုးရိုးအိမ်ဖြစ်မည်ထင်ကာ ထိုအိမ်တွင်လည်း ဖုန်းရွှေကောင်းသောကြောင့် သူမ ရွေးချယ်မိခြင်းပင်။ထို့အပြင် သူမ ပြရာနေရာသည် အိမ်များကျဲ၍ အလွန်စျေးသက်သာသည်ဟု ထင်ခဲ့သည်။သို့သော်၊တစ်ကယ်တမ်း ထိုအိမ်က အလွန်ဈေးကြီးသည့်ဗီလာတစ်ခုဖြစ်နေလေသည်။
ဝေ့ထင် အိမ်တစ်လုံးဝယ်ချင်သည်ဟု ကြားသောအခါ မန်နေဂျာရှန့် သည် ချက်ချင်းရယ်မောလိုက်ရင်း ထပ်ခါတလဲလဲပြန်ဖြေ၏။
“ကောင်းပါပြီ၊ ဘယ်အချိန်မဆို အဆင်ပြေပါတယ်....ဥက္ကဌဝေ့ကြိုက်တဲ့အိမ်ရှိရင် ကျွန်တော့်ကို ပြောလိုက်ပါကျွန်တော်က ဥက္ကဌဝေ့အတွက် သီးသန့်ချန်ထားပေးပါ့မယ် ...အခု ဥက္ကဌဝေ့နဲ့ သခင်မလေးတို့ ခဏလောက် အနားယူဖို့ VIP အခန်းကို သွားချင်လား"
"မလိုပါဘူး.... ငါတို့သွားတော့မယ်"
သူပြောပြီးသည်နှင့် အဖွဲ့လိုက်ထွက်လာခဲ့ကြသည်။ စုမုန့် လက်ကိုပင် မရုန်းနိုင်ဘဲ ဝေ့ထင် နောက်ကို လိုက်ပါသွားရတော့သည်။
ဝေ့ထင် ပျောက်သွားသောအခါ ဖုကျဲသည် ကျောက်ချမ်ချမ် ၏ နံဘေးသို့ လျှောက်သွားပြီး ဆိုးသွမ်းသော အပြုံးဖြင့် သူမကို မျက်ခုံးပင့်လိုက်သည်။
"မင်း ဝေ့ထင် ကိုတွေ့တယ်မလား… သူ့ကိုရအောင်လိုက်လေ...သူတို့က ကွာရှင်းတော့မှာ"
ထိုသို့ပြောပြီးနောက် သူ၏လုပ်ငန်းကတ်ပြားကို သူမအား ပေးပြီး ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့သည်။
တစ်ဖက်မှ ဝေ့ထင် သည် စုမုန့် ကို ဆွဲခေါ်လာပြီးနောက် ကားထဲသို့ ဝင်စေကာ ကားတံခါးကိုပိတ်၍ ယာဉ်မောင်းထိုင်ခုံပေါ်သို့ တက်ထိုင်လိုက်သည်။သူမ လွတ်ထွက်မသွားအောင် ယခုထိ သူမ ကိုယ်ပေါ်မှာ လက်မောင်းဖြင့်ချုပ်နှောင်ထားပြီး သူ့မျက်လုံးထဲမှာ ဒေါသများ ပြည့်နှက်နေသည်။
"ဘာလဲ... ရှင်က ဗီလာတစ်လုံးဝယ်ဖို့ ပိုက်ဆံအများကြီး သုံးလိုက်တာပဲ...ရှင်က ကျွန်မကို သနားနေတာလား... စိတ်မပူပါနဲ့ ...ကျွန်မ ဘာဗီလာကိုမှ မလိုချင်ဘူး...ရှင် ပေးတဲ့ဟာမှန်သမျှ ကျွန်မ မလိုချင်ဘူး"
"နေထိုင်စရိတ်ကဘာလဲ... မင်း ကိုယ်နဲ့ ဘာမှ မပတ်သတ်ချင်တော့ဘူးလား"
12.2
(ဝေ့ထင်က စိတ်ရူးပေါက်နေသည်)
“ရှင် ကျွန်မကို ချစ်သလား"
စုမုန့် သိချင်စိတ်ကိုထိန်းမရဘဲ မေးလိုက်၏။
ဝေ့ထင် နှုတ်ဆိတ်နေသည်။ စုမုန့် ကို သူ လုံးဝမမုန်းကြောင်း အာမခံနိုင်သော်လည်း သူမကို ချစ်သလား၊မချစ်သလား ဆိုတာ မသိပေ။
ဝေ့ထင်၏ တိတ်ဆိတ်မှုကို မြင်လိုက်လျှင် စုမုန့် ဆက်ပြောလိုက်၏။
"မြင်လား…ရှင် ကျွန်မကိုလုံးဝမချစ်ပါဘူး... ချစ်လည်း မချစ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အတူတူ နေနေတော့ရော ဘာထူးမှာလဲ... အဆုံးသတ်ပြီး လွှတ်လိုက်တာက ပိုကောင်းပါတယ်...ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်လည်း ဘာမှ အပြစ်တင်စရာလည်းမလိုတော့ဘူး...အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် မေ့ထားကြရအောင်"
ဝေ့ထင် ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။
"မင်း အများကြီး ပြောင်းလဲသွားပြီနော်"
"ဝေ့ထင်…လူတွေက ပြောင်းလဲနေတာပဲ... တစ်ချိန်က ရှင့်ကိုချစ်ခဲ့တာ ဝန်ခံတယ်… ဒါပေမယ့် လက်မခံဘဲနဲ့ပေးနေတော့ကော ဘာထူးမှာလဲ… ကိုယ်လိုချင်တာကို မရနိုင်ဘူးဆိုမှတော့ လက်ပဲလျှော့လိုက်တော့မယ်… နောက်ပြီး ကျွန်မ ရှင့်ကို အမြဲသဘောကျနေမယ်လို့ ထင်သလား... ဟိုတုန်းကတော့ ရှင်က ကျွန်မကိုတောင် စေ့စေ့ မကြည့်ခဲ့ဘူး... အခု ကွာရှင်းခွင့်တောင်းပြီ ဆိုတော့ ရှင်ပျော်နေသင့်တယ်"
စုမုန့် ၏ မျက်လုံးများသည် လေးနက်ပြီး သရော်ချင်စိတ်များ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဝေ့ထင်၏ဖုန်း ရုတ်တရက် မြည်လာသော်လည်း သူက စုမုန့် ကိုကြည့်နေဆဲဖြစ်ကာ တစ်စက်မှ မလှုပ်သေး။
"ရှင် ဖုန်းမကိုင်ဘူးလား"
သူက သူမကို လက်မလွှတ်သေးဘဲ ကျန်တစ်ဖက်ဖြင့် ဖုန်းကို ထုတ်လိုက်သည်။ထိုအခါ သူမသည် ခေါ်ဆိုသူ၏ ID ကိုတွေ့လိုက်သည်။ဖုန်းခေါ်သူက ဝေ့ရွှယ်ပင်။ သူ ကောက်ကိုင်လိုက်သည်နှင့် ဖုန်း၏အခြားတစ်ဖက်တွင် ဝေ့ရွှယ်၏ ချိုမြိန်သောအသံကို ကြားလိုက်ရသည်။
"အစ်ကိုဝေ့ထင်...ညီမ ဆေးရုံကပြန်လာပြီ...အမေက အဘိုးအတွက် မွေးနေ့ပွဲပြင်ဆင်ချင်နေတာလေ...အစ်ကို အိမ်ဟောင်းကို ဘယ်တော့ပြန်လာမလဲလို့လည်း မေးနေတယ်”
ဝေ့ထင် က ဘာခံစားချက်မှမရှိသည့်မျက်နှာဖြင့် တိုးတိုးလေးပြန်ဖြေသည်။
“သိပ်မကြာပါဘူး”
ဝေ့ရွှယ် က ဆက်ပြောသည်။
“ယောင်းမက အစ်ကိုနဲ့ကွာရှင်းတော့မယ်လို့ ကြားတယ်....အစ်ကိုဝေ့ထင်၊ ယောင်းမကို အပြစ်မတင်ပါနဲ့...သူမ စိတ်ထဲမှာ သေချာပေါက် သူ့ကို ပိုဂရုစိုက်စေချင်တာ ဖြစ်နိုင်တယ်... အားလုံးက သူမကို ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်းသိပါတယ်…သူက အစ်ကို့အတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိသူပါ"
သူမက နောက်ဆုံးစကားကို တမင်တကာ အလေးပေး၍ ပြောလိုက်သည်။
ဝေ့ရွှယ် ၏စကားကိုကြားသောအခါ စုမုန့် စိတ်ထဲမှာ ထိုကောင်မလေးသည် တော်တော်အကြံကြီးကာ ဦးနှောက်ကောင်းသူဖြစ်ကြောင်း သိလိုက်ရ၏။ ဝေ့ထင် ရှေ့မှာ သူမအတွက် အမြဲပြောလေ့ရှိသော်လည်း သူမ စကားတွေထဲမှာ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်တွေအပြည့်ရှိသည်။ဝေ့ရွှယ် က ဆက်ပြောသည်။
"အစ်ကိုဝေ့ထင်အတွက် ညီမ သစ်သီးတွေ အများကြီး ယူလာပေးတယ်...ညီမ ကိုယ်တိုင်ခူးထားတာ...ယောင်းမကို ပြန်ခေါ်လာပြီး အတူတူစားလို့ရတယ်"
“အင်း”
ဝေ့ထင် က တစ်ခွန်းသာပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။
အကျင့်မကောင်းသော မောင်နှမအမည်ခံ နှစ်ယောက်သည် ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် ဖောက်ပြန်နေကြသည်။ စုမုန့် ဝေ့ထင်ကိုလှောင်ပြောင်လိုဟန်ဖြင့်
"ရှင် ဘာလို့ဒီလောက်မြန်မြန်ကြီး ဖုန်းချလိုက်တာလဲ... ညီမနဲ့ ခဏလောက် စကားမပြောချင်ဘူးလား"
ဝေ့ထင် အံ့ဩသွားသည်။
"ဘာလာပြောနေတာလဲ...ကိုယ် ပြောစရာရှိတာ အကုန်ပြောပြီးပြီ"
သူမ ဘာမှပြန်မပြောမိဘဲ သူဖုန်းချနေချိန်မှာ သူ့ကို အတင်းတွန်းလိုက်၍ ကားတံခါးကို အမြန်ဖွင့်ကာ အတင်းထရပ်လိုက်ရာ ကားတံခါးဘောင်နှင့် ခေါင်းမှာဒုန်းကနဲ ဆောင့်မိသွားလေ၏။အတော်အထိနာသဖြင့် သူမ စိတ်တွေ ခဏတာ လွတ်သွားသည်။ ထိုစဉ် ဝေ့ထင်လည်း ခေါင်းမှာ စစ်ကနဲနာကျင်သွားရလေတော့သည်။ သူက စုမုန့် ကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ့ခန္ဓာကိုယ်မှာ နားမလည်နိုင်ဘဲ တစ်ခါတစ်ရံ နာကျင်နေတတ်၏။ ယခုလည်း စုမုန့်ခေါင်းမှာ ထိခိုက်လိုက်သည်နှင့် သူ့ခေါင်းကလည်း ချက်ချင်း နာကျင်လာသည်။ထို့ကြောင့် သူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်ပြန်ဆွဲလိုက်သည်။
"ဝေ့ထင် ဘာလုပ်တာလဲ…ကျွန်မကိုလွှတ်"
စုမုန့် ရုန်းကန်နေသော်လည်း ဝေ့ထင် သူမကို လုံးဝလျစ်လျူရှုလိုက်သည်။
တစ်ဖန် သူက သူမ၏ နဖူးကို လက်ဖြင့်ခပ်ဆဆ တောက်ကြည််လိုက်ရာ သူ့နဖူးမှာလည်း နာကျင်လာရ၍ အတော်လေး အံ့အားသင့်သွားသည်။သူမ၏ နာကျင်မှုကို သူ တစ်ကယ်ပဲ မျှဝေခံစားနိုင်သည်လေ။
ဝေ့ထင် က ရုတ်တရက် ဘာမဆိုင်ညာမဆိုင် နဖူးလာတောက်သဖြင့် စုမုန့်သည် နာကျင်နေသော နဖူးကို ပြန်အုပ်ကိုင်ထားလိုက်သည်။သူမ ဒေါသတကြီး တုံ့ပြန်ခါနီးမှာ သူမကို ပို၍တောင် စိတ်ရှုပ်သွားစေသည် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ဝေ့ထင် က သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်ရာ သူ့လက်မောင်းမှာ နီရဲလာရတော့သည်။
"မင်းလက်က နာလား"
"ဟင့်အင်း...မနာပါဘူး"
ဝေ့ထင်ကို သူမ အရူးတစ်ယောက်လို ကြောင်ကြည့်နေမိ၏။
'ဒါ မကောင်းဘူး... ငါက သူ စိတ်ဆိုးအောင်လုပ်လိုက်လို့ သူ့ကိုယ်သူ နာကျင်အောင် လုပ်ချင်တာလား...ငါ ကြောက်အောင်ခြောက်လှန့်ချင်တာများလား'
"အဆင်ပြေရဲ့လား"
သူမ မရဲတရဲမေးလိုက်၏။သူမ စိတ်ထဲမှာ ဝေ့ထင် သည် ကြီးကြီးမားမား ကိစ္စတစ်ခုခုကို ကြုံတွေ့ခဲ့ရသလိုမျိုး ခံစားရသည်။ သူမ နားမလည်နိုင်လောက်အောင် ကြီးမားလွန်းသည့် ကိစ္စမျိုးပင်။
ယခုစမ်းသပ်မှုမှတစ်ဆင့် ဝေ့ထင်သည် စုမုန့်၏ နာကျင်မှုကို မျှဝေခံစားနိုင်သည်မှာ သေချာသော်လည်း စုမုန့်သည် သူ၏နာကျင်မှုကို မခံစားနိုင်ပေ။ သူရူးနေတာမဟုတ်လျှင်တောင် ကမ္ဘာကြီးက ရူးသွားသလို ခံစားလိုက်ရ၏။ ယခုလိုမျိုး လျှို့ဝှက်ဆန်းကြယ်သည့် အရာတစ်ခု အမှန်တစ်ကယ်ပင် ရှိနေလေသည်။
ဝေ့ထင် က ဘာတုံ့ပြန်မှုမှ မပြုလာသဖြင့် စုမုန့် သူ့ကို ဂရုမစိုက်ဘဲ ရှောင်ထွက်သွားသည်။သူမ ဆက်ရှိနေလျှင် သူ တစ်ခုခု ထပ်လုပ်မှာကို ကြောက်နေမိသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ဖုကျဲက ဘေးမှာ ငုတ်တုတ်ထိုင်၍ ဖုန်းကြည့်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ဖုကျဲလည်း သူမကိုမြင်ပြီး ချက်ချင်းရပ်လိုက်ပြီးမှ သူသည် ကျော်တက်သွားသည်။
"မင်းတို့တွေ ရင်းနှီးနေကြပြီလား… ဝေ့ထင် က စိတ်အပြောင်းအလဲမြန်တယ်...မင်းကို တွယ်ကပ်နေပေမယ့် သိပ်မကြာခင် စိတ်ပြောင်းသွားမှာပဲ"
ဖုကျဲ လေသံက ခနဲ့တဲ့တဲ့ပင်။
xxxxxx