Chapter 13
(ဖုကျဲ၏ လက်လျှော့မှု)
စုမုန့် သူ့ကို အေးစက်စွာကြည့်ကာ လျစ်လျူရှုလိုက်၍ ဆက်လက်ထွက်ခွာသွားခဲ့သည်။ဖုကျဲ သည် ဥက္ကဌတစ်ဦးဖြစ်သော်ငြား သူ့စကားကိုသူ မတည်ခဲ့ပေ။ အံစာတုံးဂိမ်းမှာ ရှုံးလျှင် သူမကို သူ့ရှယ်ယာတစ်ဝက် ပေးမည်ဟု ကတိပေးခဲ့သော်လည်း ကတိမတည်ခဲ့ချေ။ လောင်းကစားဝိုင်းဆိုသည်မှာ ကတိကိုစောင့်ထိန်းရသည့် နေရာဖြစ်ကာ ရှုံးနိမ့်မှုကိုလည်း ဝန်ခံရ၏။
"ဟေး ဟေး စောင့်ဦး"
ဖုကျဲ က စုမုန့် ကို တားလိုက်၍ သံသယနှင့် ကြည့်ရင်း
"စုမုန့်...မင်း ဖုန်းရွှေကို တစ်ကယ်သိတာလား"
အိမ်တော်ထိန်းကျိုး က ဝေ့ထင်အား ပို့လိုက်သည့် ဗီဒီယိုကို သူမြင်ဖူးထားသည်။စုမုန့်က အိမ်တော်ထိန်ကျိုး၏ အိမ်ကို လက်ညှိုးထိုးပြပြီး ပြတ်သားသည့်အသံနှင့် ဖုန်းရွှေပြဿနာကိုပြောဆိုနေခြင်းပင်။
သူမက ခေါင်းညိတ်ပြပြီး “ဘာလို့လဲ...ရှင့်ကလပ်ရဲ့ပြဿနာကို ကူညီဖြေရှင်းပေးစေချင်တာလား"
"မင်းက ဘယ်လိုသိသလဲ"
သူမ တစ်ချက် ရယ်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"ရှင့်ရဲ့လုပ်ငန်းစဖွင့်တဲ့နေ့မှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ ကျွန်မမြင်တယ်...ရှင်က အခုထိ သိသေးပုံမရဘဲကိုး"
ဖုကျဲ သည် ခါတိုင်းကဲ့သို့ပင် သူ့မျက်နှာက တောက်ပပြီး ချောမောနေသော်လည်း သူ၏ မျက်တွင်းဟောက်ပက်နှင့် ညိုမည်းနေသော မျက်ကွင်းများက သူသည် လောလောဆယ် အလွန်ပင်ပန်းနေကြောင်း ထင်ရှား၏။ သူက စုမုန့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း
"မင်းမြင်ထားတာ ကြာပြီ ဟုတ်လား... ဒါဆို မင်းငါ့ကိုဘာလို့မပြောတာလဲ"
သူ့ကလပ်ကို စဖွင့်ကတည်းက ထူးဆန်းတာတွေ ဖြစ်ပျက်ခဲ့သည်။ ပထမဦးစွာ ဝေ့ရွှယ် ချော်လဲသွားပြီး ဝန်ထမ်းတစ်ဦးသည်လည်း မီးဆိုင်းကြီးအပိခံခဲ့ရ၏။ မတော်တဆမှုတစ်ခုဟု အစက သူ ထင်ခဲ့သည်။ သီးသန့်အခန်းထဲတွင် ဖောက်သည်အနည်းငယ် ဆော့ကစားနေကြချိန်မှာ ယခုထိ မသိရသေးသော အကြောင်းအရင်းကြောင့် အမှန်တစ်ကယ် မီးလောင်သွားပြီး ထိုဖောက်သည်အားလုံးနီးပါး သေဆုံးမလို ဖြစ်ခဲ့ရသည်။ထူးဆန်းလွန်းသည်။တစ်နေ့တည်းမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပင်။ သူသည် ချမ်းသာသော ခေတ်လူငယ် သူဌေးလေးဖြစ်သော်ငြားလည်း အယူသီးသူဖြစ်၏။ထို့ကြောင့် စီးပွားရေးသမား များအတွက် ဖုန်းရွှေ၏ အရေးကြီးပုံကို သူနားလည်ထားသည်။ ထိုအချိန်ကတည်းက သူ၏ ကလပ်တွင် ဖုန်းရွှေပြဿနာရှိနေသည်ဟု သူထင်ခဲ့သည်။
ထို့ကြောင့် သူ့ကိုကူညီခဲ့သည့် ဖုန်းရွှေပညာရှင်ကို ချက်ချင်းခေါ်လိုက်သည်။ သို့သော် ဖုန်းနံပါတ်အတုဖြစ်နေသည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ဆိုင်လည်း ပိတ်ထားသဖြင့် ထိုသူ ထွက်ပြေးသွားပုံရ၏။ ထို့နောက်တွင် သူသည် နာမည်ကြီး ဖုန်းရွှေပညာရှင် အချို့ကို အမြန်ရှာဖွေခဲ့သည်။ ထိုဆရာများကလည်း ကလပ်ထဲမှာ အချိန်အတော်ကြာ လျှောက်လည်ပြီး ကလပ်မှာ တစ်ကယ်ပဲ ပြဿနာရှိနေကြောင်း ပြောခဲ့သည်။ သို့သော် လုံလောက်သော ကျွမ်းကျင်မှု မရှိကြသူများဖြစ်၍ ယခုအချိန်အထိ လုံးဝမဖြေရှင်းနိုင်ပေ။ အချိန်ကလည်းမရှိသဖြင့် နောက်ထပ် ဖုန်းရွှေပညာရှင်ကို လွယ်လွယ်ရှာတွေ့ဖို့ရာ မဖြစ်နိုင်ပေ။ ယခုထိ ကလပ်ထဲမှာလည်း ထူးဆန်းသည့်အဖြစ်တွေ ဖြစ်ပျက်နေဆဲပင်။ထို့ကြောင့် သူသည် ဖောက်သည်များ၏ အသက်ကို ထောက်ထားသောအားဖြင့် ကလပ်ကို ဦးစွာပိတ်ခဲ့သည်။ ပိုက်ဆံကို ဂရုမစိုက်သော်လည်း ကလပ်မှာ တခြား အသုံးအဆောင်တွေ ရှိသဖြင့် ယခုလို အလျင်စလို ပိတ်လိုက်ခြင်းက သူ့လုပ်ငန်းကို ထိခိုက်စေ၏။
ဝေ့ထင် ကို သွားတွေ့ချိန်မှာ စုမုန့်က အိမ်တော်ထိန်းကျိုး၏ ဖုန်းရွှေပြဿနာကို ကူညီနေသည်ကို တွေ့လိုက်ရသည်။ စုမုန့် သည် အိမ်တော်ထိန်းကျိုးအား အေးအေးဆေးဆေး ရှင်းပြသည်ကို မြင်သောအခါ သူမသည် သူ့အထင်အမြင်နှင့် တော်တော်ကွာခြားပုံရ၏။ရုတ်တရက် သဘောပေါက်လိုက်သည်။
ထို့ကြောင့် သူက စုမုန့်ကို စမ်းကြည့်ဖို့ မေးလိုက်ခြင်းပင်။ စုမုန့် အကြောင်းကို သူသိပြီးသားဖြစ်မယ်လို့ မမျှော်လင့်ထားပေမယ့် သူမ သူ့ကို မပြောခဲ့ေပ။
စုမုန့် က လှောင်ပြောင်ပြီး
“ဘာလို့ ပြောရမှာလဲ...ကျွန်မက ရှင်နဲ့ ဘာ့တ်သတ်လို့လဲ.... ပြီးတော့ ရှင်က ကျွန်မကို ရှယ်ယာတွေ ပေးခဲ့လို့လား"
ဖုကျဲ သည် ရုတ်တရက် သူမစကားကြောင့် လန့်သွားသည်။ သူမ စကားက ကြမ်းသော်လည်း လုံးဝမမှားသော်လည်း သူ မကျေမနပ် ဖြစ်နေသေးသည်။
“ဒါပေမယ့် ဝေ့ထင်နဲ့ ငါက ညီအစ်ကိုတွေ... သူ့မိန်းမအနေနဲ့ ငါ့ကိုကူညီပေးတာ မမှားပါဘူး”
စုမုန့် သူနှင့် ပြောဖို့ စိတ်မ၀င်စားနိုင်တော့သဖြင့် ထွက်သွားချင်သော်လည်း ဖုကျဲ က သူမကို တားလိုက်၍ ရှက်ကိုးရှက်ကန်းနှင့်
“အဲဒါ… ငါ့ကလပ်ကို ပြင်ဖို့ နည်းလမ်းရှိလား”
"ရှိတယ်...လွယ်လွယ်လေး"
ဖုကျဲ ပျော်သွားရသော်လည်း သူ ပြုံးချိန်မရခင်မှာ စုမုန့် က
"ရှင်က ရှယ်ယာတွေပေးလာရင် ကျွန်မက ပြောပြဖို့ စီစဉ်ထားတယ်...ပြီးတော့ အခမဲ့ဖြေရှင်းပေးမယ်ပေါ့... ဒါပေမယ့် အခုအခြေအနေက မတူတော့ဘူး...ရှင် ကျွန်မ အကူအညီကိုလိုရင် လောင်းကြေးကို ကတိတည်တည် ပေးရမယ်...ပြီးတော့ ညှိနှိုင်းဖို့အတွက် ယွမ် 108,000 ပေးပါ... အဲဒါမှ ရှင့်ကို ပြောမယ်"
ဖုကျဲ: "...စုမုန့်… ဝေ့ထင် က မင်းကို ပိုက်ဆံမပေးဘူးလား...ဘာကိစ္စ ငွေအရမ်းလိုချင်နေတာလဲ"
“သူနဲ့ ဘာမှမဆိုင်ဘူး…ကတိမတည်တဲ့ လူတွေအတွက် သပ်သပ်တောင်းတာ…မဟုတ်ရင် ကျွန်မ အလုပ်ပြီးလည်း ရှင်တို့လိုလူတွေက ပိုက်ဆံမပေးရင် ဘယ်လိုလုပ်မလဲ"
သူမသည် သူ့စကားကိုသူ မစောင့်ထိန်းကြောင်း ပြောနေခြင်းဖြစ်သည်။ ယွမ် 108,000 ပဲ မဟုတ်လား...သူ တစ်ခါ အပြင်ထွက်ကစားသလောက်တောင် မများပေ။ ထို့နောက် သူက ဝေ့ထင်ကိုကြည့်လိုက်ကာ
"သူမက ငါ့ကို အပြစ်လာတင်နေတာပဲ...ငါက ကတိမတည်ဘူးလို့လည်း ပြောသေးတယ်"
ဝေ့ထင် က ခေါင်းညိတ်လိုက်ပြီး သူ့ နှုတ်ခမ်းပါးပါးလေးကို ဖွင့်ဟ,လိုက်သည်။
“တစ်ကယ်တော့ မင်းလည်း ကိုယ့်စကားကို တစ်ကယ်တည်မှမတည်တာ... မင်း သူမကို ရှယ်ယာတွေ မပေးသေးဘူးမလား”
ဖုကျဲ: “…”
ထို့နောက် ဖုကျဲသည် သူ့ဖုန်းကိုဖွင့်ကာ စုမုန့် အား အစုရှယ်ယာလွှဲပြောင်းခြင်းစာချုပ်၏ ဓာတ်ပုံကို ပြသခဲ့သည်။ “ဒီမှာ စာချုပ်ကိုကြည့်...ယူချင်ရင် ကလပ်ကို ငါနဲ့ လိုက်ခဲ့..ကလပ်ကို ရောက်ရင် ငါ ပေးမယ် ဟုတ်လား"
စုမုန့် ကျေနပ်စွာခေါင်းညိတ်၍ ဝေ့ထင် ၏ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ထို့နောက် ဖုကျဲကို
"ဒါဆို ဘာကိုစောင့်နေတာလဲ…မြန်မြန်သွားမယ်လေ"
ဖုကျဲ သည် စုမုန့် ကို ဒေါသတကြီး ကြည့်လိုက်သည်။သူမသာ မဖြေရှင်းနိုင်လျှင် သူ့ရှယ်ယာတွေကို ပြန်ယူပြီး ဆယ်ဆ လျော်ကြေးပေးဖို့ တောင်းဆိုမည်ဟု တေးထား၏။
13.2
(စုမုန့်က သူမ၏စွမ်းအားကို သရုပ်ပြခြင်း)
ဖုကျဲ ၏ ကလပ်အိမ်တွင် ပြဿနာကြီးတစ်ခုရှိနေသည်။ ခွဲခြားရခက်သော်လည်း သိပ်မရှုပ်ထွေးသေးချေ။စုမုန့်သည် အဖွင့်နေ့ကတည်းက ထိုအမှားကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သေချာစေရန်အတွက် ပြန်လည်စစ်ဆေးရန် လိုအပ်သည်။ သူမ ရောက်သွားသောအခါ ကလပ်အ၀င်ဝမှာ ရပ်ပြီး အထဲကို ကြည့်လိုက်ရာ ကလပ်အိမ်၏အထက်တွင် ထူထဲအုံ့မှိုင်းသော ရောင်ဝါတစ်ခုရှိနေသည်။ ထိုရောင်ဝါကိုလူအများအား အန္တရာယ်ပြုဖို့ တစ်စုံတစ်ယောက်က တည်ထောင်ထားခြင်းပင်။သူမ အထဲထိဝင်သွားကာ တစ်နေရာမှမချန်ဘဲ လှည့်ပတ်ကြည့်လိုက်သည်။ ခေါင်မိုးကိုတောင် သေသေချာချာကြည့်သေးသည်။ အားလုံးက ဖွင့်ပွဲနေ့မှအတိုင်း အနေအထားမပျက်ဘဲ တည်ရှိနေကြ၏။ထို့နောက် စာရွက်တစ်ရွက်ကိုယူပြီး သူမ၏ မှတ်ဉာဏ်ထဲမှ အရေးကြီးဆုံး အချက်တွေကို ချရေးလိုက်သည်။ ပြီးလျှင် သူမသည် အဓိကအချက်ကို အမှတ်အသားပြုကာ ပြန်ကြည့်လိုက်သည်။
ဤတစ်ခါတော့ ကလပ်ကို မကြည့်ဘဲ နေရာအမျိုးမျိုးမှာ ထားရှိထားသည့်ပစ္စည်းများကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သူမစစ်ဆေးပြီးနောက် တစ်စုံတစ်ခုကို တွေ့သွား၏။ထိုအရာမှာ လက်ရာမြောက်သည့် ရုပ်တုတစ်ခုဖြစ်၏။ လက်ဖဝါးခန့်ရှိပြီး လက်နှစ်ဖက်ကို ကားထားသည့် လှပသော အမျိုးသမီးတစ်ဦးအဖြစ် ထွင်းထုထားသည်။ သက်တမ်းက အတော်ကြာနေ၍လားမသိ၊ မျက်နှာပြင်သည် အနည်းငယ် အဝါရောင်သမ်းလျက်ရှိသည်။ အလွန်တန်ဖိုးရှိသည့်ပုံပေါ်ပြီး စားပွဲနောက်ဘက်ရှိ လော့ကာပေါ်တွင် တင်ထားသည်။ ထိုစဉ် စုမုန့် ကို စောင့်ကြည့်နေသည့် ဖုကျဲ က စိုးရိမ်တကြီးမေးလာ၏။
"မင်း တစ်ခုခုတွေ့နေတာလား"
စုမုန့် က ရုပ်တုကို လက်ညှိုးထိုးပြပြီး
“တရားခံက ဒီဟာပဲ...ရှင် အဲဒါကိုဘယ်ကရလာတာလဲ"
ဖုကျဲက မျက်မှောင်ကြုတ်ပြီး ပြောသည်။
“ဒီဟာကို ဖုန်းရွှေပညာရှင်တစ်ယောက်က ငါ့လုပ်ငန်းမဖွင့်ခင် တစ်ရက်အလိုမှာ ပေးလိုက်တာ…အဲဒီနေ့က ငါ့ကို ပေးသူတွေကလည်းများနေတော့ လုံးဝ သတိမထားမိဘူး...ဒါလေးက သာမန်ရုပ်တုလေးပဲဆိုတော့ သိပ်ဂရုမစိုက်မိဘူး"
“သေသူ နေထိုင်တဲ့အိမ်ကို ယင်အိမ်လို့ခေါ်တယ်...သက်ရှိနေထိုင်တဲ့အိမ်ကို ယန်အိမ်လို့ခေါ်တယ်... ဒီပန်းပုလက်ရာက ဘာနဲ့လုပ်ထားတာလဲ သိလား... လူသေရဲ့ အရိုးကနေ ထွင်းထုထားတာ...ဒါကြောင့် သူ့မှာ ယင်ဓာတ်ပါတယ်... ဖုန်းရွှေပညာရှင်က ရှင့်ရဲ့ ဖုန်းရွှေကို ပြုစုနေတဲ့အချိန်မှာ ယင်-ယန်ဆိုတဲ့ နိယာမကနေ ယင်-ယန် ဆိုတာကို ပြောင်းပြန်လှန်ပြီး ယင်အိမ် ဖြစ်အောင် သက်သက်မဲ့လုပ်ထားတာ... ယင်အိမ်ဆိုတာ လူသေတွေအတွက် ရည်ရွယ်ထားပေမယ့်လည်း ကလပ်အိမ်မှာ သက်ရှိတွေ အများကြီး ရှိနေတာဆိုတော့ မတော်တဆမှုတွေ အများကြီး ဖြစ်မယ်"
“ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အဆောင်ကိုတောင် ရှင့်ကို လာပေးတာဆိုတော့ ရှင် ဘယ်သူ့ကို ဘာမဟုတ်တာလုပ်ထားလဲ…အမွေတွေ၊ဘာတွေ ပိုင်ဆိုင်ဖို့အတွက် ရှင့်ကို သတ်ချင်တဲ့ ညီအကိုမောင်နှမတွေများ ရှိနေသလား"
"... စုမုန့် မင်းရဲ့ အတွေးတွေက အတော်များနေပြီ...ငါက ဘယ်မောင်နှမတွေနဲ့မဆို အရမ်းတည့်တယ်… ဒီပစ္စည်းကို လွှင့်ပစ်လိုက်ရင်ရော ဘာဖြစ်မလဲ"
“ရှင် သေမှာမကြောက်ရင် သွားယူလို့ရတယ်...ဒါပေမယ့် ရှင် သေမှာမကြောက်တာက ဘာမှမဖြစ်ဘူး… သေမှာ မကြောက်တဲ့ တခြားသူတွေကိုပါ အလွယ်တကူ သတ်ပစ်နိုင်တယ်”
"မင်း စကားကို ကောင်းကောင်း မပြောနိုင်ဘူးလား"
"ကျွန်မက အမှန်အတိုင်းပြောတာ"
ထို့နောက် သူမက ဆက်လက်၍ “ဒီပစ္စည်းကို ဒီမှာ ချထားတယ်ဆိုတော့ သိပ်ပြီးနေရာရွှေ့ဖို့ မလိုဘူးဆိုတာ သိသာတယ်...ဘယ်သူမှ မထိရင် ကလပ်ထဲမှာလည်း မတော်တဆမှုတစ်ခုပဲ ဖြစ်လိမ့်မယ်…ဘယ်သူ့ကိုမှ အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး… ကြည့်ရတာ ဒီဟာကို ရွှေ့တဲ့သူတွေပဲ တစ်ခုခုဖြစ်တယ်မလား"
စုမုန့် ၏စကားကြောင့် ဖုကျဲ သည် ဒေါသထွက်နေသော်လည်း သူ့မျက်လုံးများတွင် လေးစားမှုအရိပ်အမြွက်ဖြင့် သူမကို လှမ်းကြည့်နေသည်။
"ဟုတ်တယ်၊ မီးဆိုင်းကြီးကြောင့် ဒဏ်ရာရသွားတဲ့ စားပွဲထိုးတစ်ယောက်ရှိတယ်... အဲဒီ မီးဆိုင်းကို အပြင်ထုတ်ထားလိုက်တာ"
"မှန်တယ်မလား...ဒီကိစ္စကို ဖြေရှင်းဖို့ အကြံရပြီ"
ဖုကျဲ မျက်လုံးများ တောက်ပလာ၏။
"ဒါဆို မြန်မြန် လုပ်လိုက်ပါ"
မထင်မှတ်ပဲ စုမုန့် က သူ့ကို မျက်လုံးပြူးပြပြီး သူမလက်ကို ဆန့်တန်းလိုက်သည်။
“ရှင် ပိုက်ဆံပေးရင် ကျွန်မဖြေရှင်းပေးမယ်...မဟုတ်ရင် မရဘူး"
“မင်းဘယ်လိုမိန်းကလေးလဲ...ပိုက်ဆံကိုပဲ အတင်းတောင်းနေပါလား...ဒါကြောင့် ဝေ့ထင်က မင်းကို ဂရုမစိုက်တာနေမှာ"
ဖုကျဲက တိုးတိုးလေး ညည်းညူလိုက်ပြီး စာချုပ်ယူရန် သူ့ရုံးခန်းသို့ သွားကာ စုမုန့် အား ပေးလိုက်သည်။ ထို့နောက် သူမကို ငွေပေးချေရန် သူ့ဖုန်းကို ဖွင့်လိုက်သည်။သို့သော်၊ မမျှော်လင့်ဘဲ စုမုန့် က စောဒကတက်လာပြန်သည်။
“မကဘူး...ကျွန်မက ဘာပစ္စည်းမှမသုံးဘဲ လက်ဗလာနဲ့ မဖြေရှင်းစေချင်ဘူးမလား... ပစ္စည်းတွေ ကုန်ကျစရိတ်က ယွမ် 20,000 "
ထိုအခါ ဖုကျဲ ၏ ကျိန်ဆဲသံကို သူမ ကြားလိုက်ရသည်။ မူလက သူ့ကို အခမဲ့ ကူညီချင်ခဲ့သော်လည်း သူမအား ကတိမတည်ခဲ့သဖြင့် ငွေတောင်းနေရခြင်းပင်။
'ငါ့ရဲ့ အကျင့်စရိုက်က မကောင်းဘူးလို့ သူက ထင်နေမှတော့ ငါလည်း ဘယ်မျက်နှာမှ ထောက်စရာမလိုတော့ဘူး"
ဖုကျဲ “…!”
"မင်းက သေချာပေါက် ဖုန်းရွှေပညာရှင် မဟုတ်ဘူး...မင်း တော်တော်စိတ်ပုတ်တာပဲ…နောက်ဆုံးကျမှ ဘာလို့ စျေးနှုန်းမြှင့်ရတာလဲ... ဒီကလပ်ရဲ့အမြတ်တွေက မင်းကိုလည်း သက်ရောက်မှုရှိလိမ့်မယ်ဆိုတာ မင်း မမေ့နဲ့"
ဖုကျဲ က အော်ပြောလိုက်သောအခါ စုမုန့် ပခုံးတွန့်၍ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် အရေးမကြီးဘူး...ရှင် မလုပ်ချင်လည်း ကျွန်မက အတင်းအကြပ် ဖိအားမပေးပါဘူး...ဒါက ကျွန်မ ဈေးပဲ"
xxxxxxx