အပိုင်း၁၄
Viewers 6k

Chapter 14

(ခပ်ရိုင်းရိုင်းကောင်မလေး)


"မင်းဘာလို့ ဒီလောက်တောင် အကျင့်မကောင်းရတာလဲ"


ဖုကျဲ အလွန်ဒေါသထွက်နေသော်လည်း သူ ဘာမှမတတ်နိုင်ပေ။ စုမုန့်ကို အတင်းကူညီခိုင်း၍ မရပေ။ ဝေ့ထင်က အနားမှာရှိနေသေးသည်။ စုမုန့် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။ 


“ရှင်ကိုယ်တိုင်က ကတိမတည်ဘဲနဲ့ ဘာလို့ သူများကို ကတိလာတည်ခိုင်းနေတာလဲ…ရှင် သေချာပေါက် တစ်နေ့ ငရဲကျဦးမယ် သိလား"


 "မင်းလို ကောင်မလေးက အကြီးကို ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ"


 "ကျွန်မက ဒီလို ခပ်ရိုင်းရိုင်းပဲ"


ဖုကျဲ: “…”


ဝေ့ထင်သည် စုမုန့်နှင့် ရုတ်တရက် ဘာကြောင့် အကြပ်ရိုက်နေရသည့် အကြောင်းရင်းကို သူ ရုတ်တရက် နားလည်သွားသည်။ စုမုန့်သည် သူမ၏ စကားကြောင့် တခြားလူများ မည်သို့ ဒေါသထွက်မည်ဆိုသည်ကို  လုံးဝမကြောက်ပေ။သို့သော်လည်း၊သူမကို နိုင်ဖို့ အခြားနည်းလမ်းမရှိတော့။ သူ အံကြိတ်ကာ ငွေကိုပေးချေခဲ့ရသည်။


နောက်ထပ် ပိုက်ဆံများ ဝင်လာသည်ကို မြင်ရသောအခါ စုမုန့် ကျေနပ်စွာ ပြုံးလိုက်သည်။ 


 “ကျွန်မ ပြန်သွားပြီး ပြင်ဆင်မှုတွေ လုပ်မယ်...သုံးရက်အတွင်း ဖြေရှင်းပေးပါ့မယ်"


ထို့နောက် စုမုန့် သည် ဝေ့ထင် နောက်သို့လိုက်ကာ ဗီလာသို့အတူတူ ပြန်သွားခဲ့သည်။ သူမ အခန်းထဲကိုပြင်ဆင်ဖို့ ပြန်သွားခါနီးမှာ ဝေ့ထင်က သူမကို တားလိုက်သည်။ 


 "မင်း ဖုန်းရွှေ ကို ဘယ်တုန်းက လေ့လာခဲ့တာလဲ"


 "ကျွန်မက အစကတည်းက ဖုန်းရွှေပညာရှင်တစ်ယောက်ပါ...ဒါပေမယ့် ရှင်နဲ့စတွေ့ကတည်းက အဲဒါကို ရပ်လိုက်တာ"  


စုမုန့် ၏ အသံမှာ ဘာမှမထူးခြားသလိုမျိုး အေးဆေးလှသည်။


 "ဘာလို့လဲ"  


သူမ ပခုံးတွန့်ကာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ပြုံးလိုက်သည်။  


“ရှင်တို့ သူဌေးတွေက အရမ်းမြင့်မြတ်တယ် ဆိုတော့ ကျွန်မကို ရှင် အထင်သေးသွားမှာကြောက်တယ်…  CEO ရဲ့ဇနီးက ဖုန်းရွှေပညာရှင် ဆိုတာကို ဘယ်သူက လက်ခံနိုင်မှာလဲ"


 "ငါက မင်းကို အထင်မသေးပါဘူး"  


ဝေ့ထင် က မျက်မှောင်ကြုတ်ပြီး ဆက်ပြော၏။


 “ဒါပေမယ့် မင်း ပြောထားတဲ့စကားကိုတော့ တည်နိုင်ရမယ်.. ဖုကျဲရဲ့ပြဿနာကို မင်းတကယ်ဖြေရှင်းနိုင်မလား"


သူသည် ဖုန်းရွှေအကြောင်း မသိသော်လည်း ထိုပညာရပ်က နက်နဲကြောင်းကိုတော့ သိထားသည်။ ဖုန်းရွှေပညာရှင်များသည် ပြဿနာများကို အတော်လေး အားထုတ်ကြိုးစားကိုင်တွယ်ရကာ သိပ်လည်းမလွယ်ကူချေ။ သို့မဟုတ်ပါက၊ပညာရှင် အနည်းစုသာ ရှိနေမှာ မဟုတ်ပေ။ ဖုန်းရွှေကဲ့သို့သော ပြဿနာကို ကောင်းစွာ မကိုင်တွယ်ပါက တုံ့ပြန်မှု ခံရမည်ဟု ဆိုသည်။ ကြုံဖူးသူတော်တော်များများကလည်း ဖုန်းရွှေပညာရှင်တွေကို သတိရှိရှိ တလေးတစားဆက်ဆံကြရသည်။ သို့သော် စုမုန့် သည် ကလေးမလေးသာဖြစ်သည်။ သူမ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူမသည် တခြားဖုန်းရွှေပညာရှင်တွေထက် ပိုကောင်းနေနိုင်ပါ့မလား...


ထို့အပြင် ဖုကျဲ၏ နောက်ခံမိသားစုမှာ ထင်သလောက် မရိုးရှင်းပေ။ အကယ်၍ သူမသည် ၎င်းကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘဲ တုံ့ပြန်ခံရပါက ဖုမိသားစုကို စော်ကားသွားသလိုမျိုး ပြုရာကျမည်ဖြစ်သည်။


သို့သော် စုမုန့် က သူဘာကိုဆိုလိုသည်ကို နားမလည်ဘဲ သူမကို နှိမ့်ချသည်ဟုသာ သူမ တွေးမိသည်။ သူမ ချက်ချင်း ပြုံးပြလိုက်ပြီး ဝေ့ထင်ကို ကြည့်ကာ “ကျွန်မ အခု အရမ်းသိချင်နေပြီ...ရှင့်စိတ်ထဲမှာ ကျွန်မက ဘယ်လိုလူလဲဆိုတာကိုလေ...ရှင်က ကျွန်မကို အကုန်လိုက်ကြည့်ပြီး အကောင်းမမြင်နေတာပဲ" 


ဝေ့ထင် မျက်မှောင်ကြုတ်လိုက်သည်။  "ငါ မင်းကို နှိမ့်ချနေတာမဟုတ်ဘူး"


 "ကောင်းပြီ...ဒီအကြောင်းကို မပြောချင်တော့ဘူး...အခုဆို ကျွန်မ ကိုယ့်ဘာသာကိုယ် ရပ်တည်နေနိုင်ပြီမို့ အမြန်ဆုံး ထွက်သွားတော့မယ်... အချင်းချင်း ဆက်ပြီးမမုန်းကြရအောင် သဘောတူညီချက်ကို အမြန်ဆုံး လက်မှတ်ရေးထိုးသင့်တယ်"


 ထိုစကားကိုပြောပြီးနောက် သူမသည် အပေါ်ထပ်သို့တက်သွားသည်။


ဝေ့ထင်သည် စုမုန့် ၏ စိတ်ပိုင်းဖြတ်ထားသော ကျောပြင်ကို ကြည့်လိုက်ရင်း စိတ်ထဲမှာ လေးလံလာရ၏။သူက သူမကို ဂရုစိုက်ချင်သော်လည်း ဤမျှကြီးမားသည့် တုံ့ပြန်မှုမျိုးကို သူမျှော်လင့်မထား‌ချေ။သူမ သူ့ကို ဘာအတွက် အငြိုးထားနေတာလဲ...


စုမုန့် သည် အခန်းထဲတွင် သုံးရက်လုံး သော့ပိတ်လျက်ရှိနေသည်။  ထမင်းစားဖို့ အောက်ထပ်ဆင်းသည်ကလွဲလျှင် အခန်းထဲက အပြင်မထွက်ပေ။ ဝေ့ရွှယ် က သူမကို လာတွေ့သည်တောင်မှ သူမ ဂရုမစိုက်ဘဲ အပြင်ထွက်မတွေ့ဘဲနေလိုက်၏။ နှစ်ရက်ကြာ အလုပ်များပြီးသည့်နောက်တွင် သူမလိုအပ်သမျှကို ပြင်ဆင်ပြီးခဲ့သည်။ ထို့နောက် နောက်တစ်ရက် အနားယူလိုက်၍ နောက်ဆုံး စတုတ္ထမြောက် နံနက်ခင်းတွင် ခရီးထွက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူမ ထွက်သွားသောအခါ ဝေ့ထင်ကို မပြောခဲ့ဘဲ အိတ်ကြီးတစ်လုံးလွယ်ကာ တိတ်တဆိတ် ထွက်သွားခဲ့သည်။


ယနေ့ ရာသီဥတုက အထူးကောင်းမွန်လှသည်။ ကောင်းကင်ကြီးက အပြာရောင်ဖြစ်ပြီး တိမ်တွေလည်း မရှိပေ။သူမဘေးမှာ ဝေ့ထင် မရှိလျှင်  လေထုက ပိုလန်းဆန်းပြီး လမ်းဘေးရှိ အပင်တွေကလည်း ပိုစိမ်းသလို စုမုန့် ခံစားရသည်။ အစိမ်းရင့်ရောင် သစ်ပင်ရှုခင်းများကို သူမမြင်လိုက်သောအခါ ဝေ့ထင်ကို ကြိုက်ခဲ့သည့် အရင်ဘဝမှ မှတ်ဉာဏ်များကို ချက်ချင်းတွေးလိုက်မိသည်။သူမ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်၏။


ဒီလောက်လှတဲ့ အစိမ်းရင့်ရောင်ရှုခင်းကို ငါ ဘယ်လိုတောင် မှားတွေးမိပါလိမ့်...


သူမ ကလပ်ကိုရောက်သည့်အခါ မြင်ကွင်းက အံသြသွားစေသည်။  ကလပ်၏အဝင်ဝတွင် တရုတ်ရိုးရာဝတ်ရုံကို ၀တ်ဆင်ထားသော လူအများအပြားရှိသည်။ တစ်ချက်ကြည့်ရုံနှင့် သူတို့သည် ရိုးရာ ဖုန်းရွှေပညာရှင်များဟု ပြောနိုင်ပေသည်။သူတို့အားလုံး ဖုကျဲ ဘေးမှာ တလေးတစားရပ်နေကြပြီး သူတို့ထဲက တချို့က တစ်ယောက်တစ်ပေါက် ဆွေးနွေးကြသေးသည်။


ဖုန်းရွှေပညာရှင်များသည် ပြသနာများစွာ တက်နိုင်သောကြောင့် သူတို့အလုပ်လုပ်နေချိန်တွင် မရင်းနှီးသော ဖုန်းရွှေပညာရှင်များကို မြင်ခွင့်မပြုဘဲ တားမြစ်ထားသည်။ သို့သော် စုမုန့်သည် ဤစည်းမျဉ်းကို မသိခဲ့ပေ။ လုပ်ဖော်ကိုင်ဖက်များ သူမ ဘေးနားမှာရှိနေခြင်းကို မုန်းတီးပြီး ထူးဆန်းသည်ဟု သူမခံစားမိသည်။ထို့ကြောင့် သူမသည် ဤလူများနှင့် ဆက်သွယ်ရန် မလိုအပ်ပေ။ 


 ဖုကျဲသည် စုမုန့်ကို မြင်သောအခါ အပြုံးဖြင့် နှုတ်ဆက်ရင်း... 


 "သူတို့အားလုံးကို ပိုက်ဆံနဲ့ ငှားထားတာ…သူတို့က ပိုက်ဆံအများကြီး သိပ်မတောင်းတဲ့အတွက် မင်း တစ်ခုခု မသိလိုက်ရင် သူတို့က ကူညီဖြေရှင်းလို့ရတာပေါ့...မင်း စိတ်မရှိဘူးမဟုတ်လား"


စုမုန့် ပခုံးတွန့်လိုက်သည်။  “အရေးမကြီးပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မကလည်း ရှင့်ဆီက ပိုက်ဆံယူထားတာပဲဟာ...ကူညီပေးမယ့်သူရှိတာ ဝမ်းသာပါတယ်"


သို့သော် သူမ၏ စိတ်ထဲတွင်တော့ ဖုကျဲကို ဆဲဆိုနေပြီဖြစ်သည်။ဤကောင်စုတ်က ပိုက်ဆံယူထားသည့် သူမကို တမင်တကာ လက်စားချေနေခြင်းဖြစ်သည်။ သို့သော် သူမမှာ သူ့ကို ရန်ထောင်ဖို့  အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိပေ။


14.2

(စုမုန့်က ဖုန်းရွှေကို ချိုးဖျက်ခြင်း)


ယန်စွမ်းအင်သည် အထွတ်အထိပ်ရောက်သောအခါတွင် ဆိုးသွမ်းသော အစီအရင်များကို ဖောက်ထွင်းဝင်ရောက်နိုင်သည်။ထို့ကြောင့် စုမုန့်သည် လောလောဆယ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်ဖြစ်သည်။


ကလပ်အိမ်အ၀င်ဝတွင်ရှိသော  ငယ်ငယ်ရွယ်ရွယ် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ကို ကြည့်ပြီး ဖုန်းရွှေပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။ဖုန်းရွှေပညာရှင်များသည် သိပ်ပြီး လူမများသောကြောင့်၊ သူတို့အချင်းချင်း စကား မပြောကြသော်လည်း တစ်ခုခုဆိုလျှင် သတင်းအစုံသိကြ၏။ အထူးသဖြင့် အမျိုးသမီး ဖုန်းရွှေပညာရှင်များမှာ လူနည်းစုလောက်သာရှိ၍ အစွမ်းမထက်လျှင်တောင် မိန်းကလေးများက ပိုနာမည်ကြီးသည်။ ထို့အပြင်၊သူတို့သည် ဖုန်းရွှေပညာရှင်များကြားတွင် အတော်အသင့်တတ်ကျွမ်းသူများအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သော်လည်း ဤအစီအရင်ကို မချိုးဖျက်နိုင်ခဲ့ပေ။ဒီကောင်မလေးက အဲဒါကို တစ်ကယ်ဖြေရှင်းနိုင်ပါ့မလား...


 ထိုလူများကြားတွင် မုတ်ဆိတ်မွေးအပြည့်နှင့် ပိန်လှီသောလူတစ်ယောက်သည် စုမုန့် ဆီသို့ လျှောက်လာသည်။ သူက စုမုန့် ကို စိတ်ရှုပ်ထွေးသလို အမူအရာဖြင့် ငုံ့ကြည့်ကာ သံသယလေသံဖြင့် မေးလိုက်သည်။


" မင်းကလည်း ဖုန်းရွှေပညာရှင်ပဲလား...ဘယ်ဂိုဏ်းကလဲ...ဘယ်အဆင့်အထိ ကျင့်ကြံပြီးပြီလဲ"


ဖုန်းရွှေပညာရှင်များသည် ဖြီးဖြန်း ဟန်ဆောင်ခြင်း မပြုဘဲ အမှန်တစ်ကယ်ပင် မိမိကိုယ်ကို ကျင့်ကြံခဲ့ကြခြင်းဖြစ်သည်။ အဆင့်များကို ထိုက်ချိ၊ ယင်နှင့်ယန်၊ သင်္ကေတလေးခု၊ ရှစ်မျိုးဇယားကွက်နှင့် ဂမ္ဘီရဟူ၍ ခွဲခြားထားသည်။ အဆင့်မြင့်လေလေ ပိုမိုခက်ခဲသွားမည်ဖြစ်သည်။ တိကျစွာပြောရသော် တရားဝင် ဖုန်းရွှေပညာရှင်များသည် ဂိုဏ်းအမျိုးမျိုးရှိသောကြောင့် ဖြစ်သည်။ သူတို့အားလုံး ပါဝင်ယှဉ်ပြိုင်ကြပြီး နောက်ဆုံးတွင် က်ိုယ်ပိုင်အဆင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။


သူသည် ယခု အသက် 25 နှစ်ရှိပြီဖြစ်ပြီး ယင်နှင့်ယန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ငယ်ရွယ်သော ဖုန်းရွှေပညာရှင်များထဲတွင် အရည်အချင်းရှိသူဟု သတ်မှတ်ခံထားရသဖြင့် သာမာန်ပြဿနာများသည် သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။ သို့သော်၊ သူနှင့် အတွေ့အကြုံအချို့ရှိသည့် ဤဖုန်းရွှေပညာရှင်များပင်လျှင် ကလပ်၏ ပြဿနာများကို မဖြေရှင်းနိုင်ပေ။ 


ဒီကလေးမလေး တစ်ကယ်လုပ်နိုင်ပါ့မလား…


စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ဂိုဏ်း ဆိုသည်ကိုလည်း သူမ မသိသလို၊အဆင့်များဆိုသည်ကိုလည်း သူမ နားမလည်ချေ။ သူမသည် ငယ်စဉ်ကပင် ဆရာဖြစ်သူထံမှ နေ့တိုင်း သင်ယူခဲ့သည်။ 


 "ကျွန်မမှာ ဂိုဏ်းဆိုတာမရှိဘူး...အခု ဘယ်အဆင့်အထိ ရောက်နေလဲဆိုတာလည်း မသိဘူး...ဒါပေမယ့် ကျွန်မ ဒီပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာပဲ သိတယ်"


ထိုသို့ပြောပြီးနောက် သူမသည် ထိုလူကို လျစ်လျူရှုကာ အလုပ်ကို အာရုံစိုက်လုပ်နေလိုက်၏။ 


"ငါက မင်းလုပ်နေတာကို လိုက်ကြည့်မယ်ဆိုရင် မင်းစိတ်မဆိုးဘူးမဟုတ်လား"  


"ရှင့်သဘောပါ"


စုမုန့် သည် သူမအိတ်ထဲမှ ရေးဆွဲထားသော အင်းစာရွက်ကို ထုတ်ယူလိုက်သည်။ စုစုပေါင်း ငါးခုရှိပြီး တစ်ခုချင်းစီကို ပုံသဏ္ဍာန် ကွဲပြားစွာ ရေးဆွဲထားသည်။ ထို့နောက် သံလိုက်အိမ်မြှောင်ကို ထုတ်ယူပြီး အိမ်မြှောင်လက်တံက ညွှန်ပြသည့် လမ်းညွှန်ချက်အတိုင်း နေရာလေးခုတွင် အဝါရောင်အဆောင် အင်းစာရွက်များကပ်လိုက်သည်။ အားလုံးအဆင်သင့်ဖြစ်ပြီး၍ မွန်းတည့်ချိန်ကို တိတ်တဆိတ် စောင့်ရန်သာလိုတော့သည်။ သူမ ကလပ်ထဲက ထွက်လာသောအခါ လမ်းမတစ်ဖက်ခြမ်းက ကော်ဖီဆိုင်မှာ ထိုင်နေသည့် ဝေ့ထင် ကို ရုတ်တရက် တွေ့လိုက်ရ၏။ ဝေ့ရွှယ် ကလည်း ဝေ့ထင် အနားတွင် ထိုင်နေကာ နှစ်ယောက်သား ဖုကျဲ နှင့် စကားပြောနေကြသည်။


စုမုန့် သူတို့နှစ်ယောက်ကို သေချာကြည့်လိုက်သည်။ ဝေ့ထင် သည် အဖြူရောင်ရှပ်အင်္ကျီကို လက်ခေါက်၍ ၀တ်ထားကာ ရိုးရိုးဂျင်းပင်အပြာကိုသာ ဝတ်ဆင်ထား၏။ထိုအခါ အဝေးမှကြည့်လျှင် ကြည်သန့်သော သူ့ပုံစံက ထင်းလင်းလျက်ရှိပေသည်။ သူ၏ အပေါ်ထပ်အင်္ကျီကို ဝေ့ရွှယ် ပုခုံးပေါ်တွင် တင်ထားခြင်းဖြစ်သည်။ ဝေ့ရွှယ် သည် ဝေ့ထင် အနားကိုအတင်းတိုးကပ်ထားကာ ကနွဲ့ကလျမှီထားသည်။ စုမုန့်၏ အကြည့်ကို သတိပြုမိသောအခါတွင် သူမသည် တမင်သက်သက်ပင် ဝေ့ထင် အနားကိုပိုတိုးလိုက်သည်။ သို့သော် သူမသည် စုမုန့်အား နူးညံ့သိမ်မွေ့ပြီး နာခံမှုရှိသော အပြုံးဖြင့် ပြုံးနေလေ၏။အကြောင်းသာမသိပါက၊သူမတို့ မောင်နှမနှစ်ယောက်မှာ အတော်လေး ချစ်ခင်နေကြသလိုမျိုးပင်။


စုမုန့် ကတော့ သူတို့အကြောင်းသိ‌ေနသူပီပီ၊အဝေးကို မျက်နှာလွှဲလိုက်ပြီး ထိုလူနှစ်ယောက်ကို အတွေးထဲမှခပ်မြန်မြန် ထုတ်ပစ်လိုက်၏။တရုတ်ရိုးရာဝတ်ရုံဝတ် လူအနည်းငယ်ကလည်း သူမ နောက်ကို လိုက်လာကြသည်။ 


သူတို့သည် စုမုန့် လုပ်ပုံလုပ်နည်းကို စောင့်ကြည့်နေခဲ့ကြပြီး နောက်ဆုံးတော့ သူတို့အားလုံး အမြင်ပြောင်းသွားကြ၍ သူတို့၏ မျက်နှာပေါ်မှာ လေးစားမှုအပြည့်ရှိနေကြလေသည်။ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးက လက်သီးဆုပ်ကာ သူမကို ဦးညွှတ်လိုက်သည်။


“ငါတို့ကို ကြည့်ရှုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဲဒါပြီးရင် ဘာလုပ်ရမယ်ဆိုတာ ငါတို့ သိပြီးသားပါ...ဒီနေ့ တကယ်အကျိုးရှိခဲ့ပါတယ်...လိပ်စာကတ်လေးတွေ လဲကြမယ်ဆိုရင် ဘယ်လိုလဲ...တို့အားလုံးဟာ အသိုင်းအဝန်းတစ်ခုတည်းမှာ ကျင်လည်နေကြတာမို့ အချင်းချင်း ဆက်သွယ်နိုင်ရင်ပိုကောင်းတယ်"


စုမုန့် ကလည်း အပေါင်းအသင်းများလေလေ၊အခွင့်အလမ်းပိုရလေလေ ဆိုသည်ကို သိနေသောကြောင့် ထိုလူနှင့် လိပ်စာကတ်ချင်း ဖလှယ်လိုက်၏။မကြာမီ၊ တခြားသူတွေက မြင်သွားသောအခါ သူမနှင့် ကတ်ချင်းလဲဖို့ လာနေကြပြန်သည်။ 


ဝေ့ထင် ဘေးမှာထိုင်နေသည့် ဝေ့ရွှယ် က "အစ်ကို ဝေ့ထင်...ယောင်းမက အရမ်းနာမည်ကြီးတယ်နော်...  ခဏလေးအတွင်းမှာကို သူမ တော်တော်နာမည်ကြီးသွားတာ" 


ဝေ့ရွှယ် ၏စကားကိုကြားလျှင် ဝေ့ထင်သည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ စုမုန့် ပတ်လည်ရှိ တရုတ်ရိုးရာဝတ်စုံဝတ် လူအနည်းငယ်ကို တွေ့လိုက်ရသည်။ သူတို့ပုံစံက လိပ်စာကတ်ပြားလဲနေပုံရကာ အတော်ရင်းနှီးနေပြီထင်သည်။ သူ မျက်မှောင်ကြုတ်ပြီး နောက်ဆုံးအကြိမ်က အံစာတုံးကစားသည့် ကိစ္စကို တွေးနေမိ၏။


စုမုန့် က တပည့်တွေ ထပ်ခေါ်တာ ဖြစ်နိုင်သလား...


အချင်းချင်း ကတ်လဲလှယ်ပြီးနောက် စုမုန့် သည် လမ်းလျှောက်ထွက်လာခဲ့သည်။ သူမ ပြန်လာခါမှ ဖြေရှင်းလိုက်လျှင် အချိန်ကိုက်ပဲဖြစ်သည်။


 "ညီမက စုမုန့် ဖြစ်ရမယ်"


သို့သော် သူမ အဝေးကို မရောက်မပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည််။သူမ လှည့်ကြည့်လိုက်ရာ အသက်သုံးဆယ်တောင် မပြည့်သေးဟန်ထင်ရသည့် လူတစ်ယောက်ကို တွေ့လိုက်၏။ သူသည် အလွန်အရပ်ရှည်ပြီး သာမာန် မျက်နှာကျသာ ရှိသော်လည်း သူ့မျက်နှာက ရိုးသားသောခံစားချက်ကို ပေးစွမ်းသည်။


စုမုန့် သည် ဤလူကို ရင်းနှီးပုံရသည်ဟု ခံစားမိသော်လည်း ယခင်က သူ့ကိုဘယ်မှာတွေ့ဖူးမှန်း မမှတ်မိတော့ပေ။


 "ရှင်က"



xxxxxx