အပိုင်း၁၅
Viewers 6k

Chapter 15

(ဆရာ..ကျွန်မ တောင်းပန်ပါတယ်)


စုမုန့် က သူ့ကိုမမှတ်မိသဖြင့် သူက


 “ကျွန်‌ေတာ့်နာမည်က ဟုန်စစ် ပါ…ကျွန်တော့်ကို မြင်ဖူးပြီးသားဖြစ်မှာပါ… ကျွန်တော်က ကောရှန်းရဲ့ဆိုင်မှာ အလုပ်လုပ်ပါတယ်... သူက ကျွန်တော့်ရဲ့သူဌေးပါ...အဲဒီနေ့က ဆိုင်မှာ အလုပ်ရှုပ်နေချိန် ညီမက တံခါးဝမှာ ခဏရပ်နေတာကို တွေ့လိုက်ရတယ်…ညီမကို လာတွေ့မို့ပဲ...အလုပ်က မပြီးသေးတာနဲ့... အလုပ်ပြီးလို့ ထွက်လာတော့ ညီမက သွားနှင့်လိုက်ပြီ"


ထိုလူ၏ရှင်းပြချက်အပြီးတွင် စုမုန့် သည် သူ့ကိုမြင်ဖူးသည့်နေရာကို နောက်ဆုံးတွင် မှတ်မိသွားသည်။  


သူက ဆရာ့ဆိုင်မှာ အလုပ်လုပ်နေတာလား....


သို့ဆိုလျှင်၊ဆရာသည် ဆိုင်ကို မရောင်းရသေးဘဲ သူမကို အမှန်တစ်ကယ် မထားခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ဆရာဖြစ်သူကို တွေးပြီး စုမုန့် မျက်လုံးများ ချက်ချင်းနီရဲသွားသည်။  သူမ ထပ်မေးဖို့ မစောင့်ဘဲ ဟုန်စစ် က ဆက်ပြောသည်။


“သူဌေးက လက်ရှိ ဟိုတယ်မှာ နေတယ်…ညီမ အစ်ကို့နောက်ကို လိုက်ကြည့်ချင်လား"


စုမုန့် အကြိမ်ကြိမ် ခေါင်းညိတ်မိသည်။ ဆရာဖြစ်သူကို နောက်ထပ်မတွေ့နိုင်တော့မှာ သူမကြောက်သည်။


"အစ်ကို့ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်...ညီမ လိုက်ခဲ့ချင်တယ်"


ဤသို့ဖြင့်၊ စုမုန့် သည် ဟုန်စစ် နောက်သို့ လိုက်သွားသည်။ သူမ၏ ဆရာက ကလပ်အိမ်ဘေးက ဟိုတယ်မှာ တည်းခိုနေပုံပင်။ လမ်းတစ်လျှောက်တွင် သူမ နှလုံးခုန်သံများ ဝုန်းဒိုင်းကျဲနေရလေသည်။ သူမသည် ဤဘ၀တွင် ဆရာဖြစ်သူနှင့် ခွဲခွာခဲ့ရသည်မှာ မကြာသေးသော်လည်း၊ သူမ၏ ယခင်ဘဝ ကတည်းကပါ ရေတွက်လိုက်လျှင် အတော်ကြာခဲ့ပြီဖြစ်၏။ သူမသည် ယခင်ဘဝက ဆရာ့စကားနားမထောင်ဘဲ ထွက်လာခဲ့ရာ နောက်ဆုံး သူမ သေသည်အထိ ဆရာဖြစ်သူကို ဘယ်တော့မှ မတွေ့တော့ချေ။


 နောက်ဆုံးတွင် သူတို့သည် ဆရာဖြစ်သူ၏ အခန်းတံခါးဝကို ရောက်သွားကြသည်။ ဟုန်စစ်ကမူ စုမုန့် နောက်ကို လိမ္မာပါးနပ်စွာဖြင့် အတူတူ လိုက်မဝင်ခဲ့ပေ။


တံခါးဝမှာ ရပ်နေသည့် စုမုန့်  လန့်နေမိပြီး လက်တွေတောင် အနည်းငယ်တုန်နေရ၏။ နောက်ဆုံးတွင် သူမ သတ္တိကို စုစည်းပြီး အသက်ပြင်းပြင်းရှူလိုက်၍ တံခါးကို ခေါက်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ရင်းနှီးသည့်မျက်နှာကို မြင်လိုက်ရလေသည်။


 “ဆရာ…”


သူမ မျက်ရည်များ ချက်ချင်း ထွက်လာကာ အတင်းပြေးသွားပြီး ဆရာဖြစ်သူကို ဖက်ထားလိုက်မိတော့သည်။ 


ကောရှန်း က စိတ်ဆိုးနေဆဲဖြစ်၍ စုမုန့် နှင့် စကားမပြောချင်ပေ။ သို့သော် သူမက ငိုပြီး သူ့ကိုလာဖက်သောအခါ ရုတ်တရက် ဒေါသစိတ်နည်းသွားရသည်။ သို့သော် သူ့မျက်နှာကမူ အေးစက်နေလျက်။


 “ဘယ်လိုဖြစ်လို့ အခုမှ လာသည်းပြနေတာလဲ.....ငါက မင်းရဲ့ဆရာမဟုတ်ဘူး...ဝေ့မိသားစုအတွက် ငါ့နဲ့ မင်းရဲ့ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာမဟုတ်လား" 


 ထို့နောက် စုမုန့်ကို မညှာမတာတွန်းထုတ်လိုက်သည်။ မမျှော်လင့်ဘဲ သူမသည် ပို၍ပင် ငိုကြွေးနေရင်း ရှိုက်သံတစ်ဝက်နှင့် ပြောလေသည်။


 “တောင်းပန်ပါတယ် ဆရာ... ကျွန်မမှားပါတယ်...ကျွန်မ မှားမှန်း တစ်ကယ်သိပါပြီ...ကျွန်မကို မထားခဲ့ပါနဲ့"


 တစ်ချိန်က အယုံကြည်ရဆုံးဖြစ်ခဲ့ဖူးသော ယောင်းမနှင့် ခင်ပွန်းသည်က သူမအား သစ္စာဖောက်ခဲ့သည်။ ယခု သူမတွင် မိသားစုဝင်အဖြစ် ဆရာသာ ရှိတော့သည်။ဆရာဖြစ်သူကသာ သူမကို စွန့်ပစ်ပါက၊သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာပင်။


စုမုန့် အသက်ရှူမဝဘဲ ရှိုက်နေသည်အထိ ငိုနေသောအခါ ကောရှန်း နောက်ဆုံးဒေါသတွေ ပျောက်သွားရ၏။


 “ကောင်းပြီ မငိုနဲ့တော့...ဆရာ အခု ပြန်မလာဘူးလား...ဘယ်လိုနေလဲ"


ကောရှန်း သည် သူမ ခေါင်းကို ပွတ်လိုက်ပြီး လေသံပျော့ဖြင့် မေးလိုက်သည်။ သို့သော် သူမက မဖြေဘဲ ငိုနေပြီး ဘာမှ မပြောသေးသဖြင့် သူ စိတ်ပူသွားရကာ သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။  


"ဆရာ အခုပြန်လာတယ်လေ... မငိုပါနဲ့တော့... ဆရာ မင်းကို မစွန့်ပစ်ဘူး…မင်း ဝေ့မိသားစုမှာ ဘယ်လိုနေနေလဲ... ဝေ့မိသားစုထဲက ကလေးက မင်းကို အနိုင်ကျင့်ခဲ့တာလား...သူ မင်းကို အနိုင်ကျင့်ရင် ဆရာ သွားပြီးတော့ သူ့ကို ဆုံးမလိုက်မယ်...သူ့ဘာသာသူ ကြိုက်သလောက်ချမ်းသာ... ငါ့တပည့်ကို ဘယ်သူကမှ အနိုင်ကျင့်လို့ မရဘူး”


ကောရှန်း က သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း စိတ်တည်ငြိမ်အောင် ကူညီပေးသည်။


 "ဒါဆို ဆရာ့ဖုန်းက ဘာလို့ခေါ်မရတာလဲ… ဆိုင်က လူတွေကလည်း မရှိတော့ဘူး… အဲ့ဒါကြောင့် ဆရာ့ဆိုင်ကိုရောင်းပြီလို့ ထင်ခဲ့တာ… တောင်းပန်ပါတယ် ဆရာ…အရင်တုန်းက ကျွန်မ အရမ်းဆိုးခဲ့မိပြီး ဆရာ့ကို အမြဲတမ်း စိတ်ဆိုးစေခဲ့တယ်…ကျွန်မ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်…နောက်ဆို ဆရာအသက်ကြီးလာတဲ့အထိ ဆရာ့ဘေးမှာ ကျွန်မ နေ့တိုင်းရှိနေပေးမယ်"


စုမုန့် သည် အချိန်အတော်ကြာမှ အငိုတိတ်သွားတော့သည်။သို့သော် ဆရာဖြစ်သူမှာ ဆံပင်တွေ ဖြူနေသည်ကို မြင်လိုက်သောအခါ တစ်ဖန် ငိုရှိုက်ပြန်လေသည်။ထိုအခါ ကောရှန်း က ခဏလောက် ထိတ်လန့်သွားပြီး စုမုန့်၏ အဓိကစကားကို ချက်ချင်း ဆုပ်ကိုင်လိုက်မိသည်။


"ကောင်မလေး၊ အမှန်အတိုင်းပြောစမ်း..မင်း ဘာဖြစ်နေတာလဲ…ဝေ့မိသားစုမှာ ဆက်မနေနိုင်တော့ဘူးလား...ဆရာ အရင်ကပြောပြီးပြီ...ဝေ့မိသားစုရဲ့ ဖုန်းရွှေက မင်းနဲ့ ဆန့်ကျင်ဘက်ပဲလို့…မင်းအဲဒီမှာ ဆက်ရှိနေရင် ကံဆိုးသူက မင်းပဲဖြစ်လိမ့်မယ်...ပြီးတော့ သူတို့က အရမ်းချမ်းသာတယ်...ဆရာတို့လို သာမာန်လူတွေကို ဘယ်လိုလုပ်ပြီး အထင်ကြီးနိုင်မှာလဲ”


စုမုန့် ခေါင်းညိတ်လိုက်သည်။ ကောရှန်းက ဆက်လက်ပြီး 


“ဆရာ ဒီဆိုင်ကို မရောင်းပါဘူး...ဆရာ ထွက်သွားတုန်း တစ်ယောက်ယောက်ကို ဂရုစိုက်ပေးခိုင်းခဲ့တယ်...ဒါနဲ့ ဟုန်စစ်ကို ထားခဲ့ရတာလေ…ဆရာ သွားရတဲ့အကြောင်းက ဆရာ့ မွေးရပ်မြေက တစ်ယောက်က သင်္ချိုင်းရွှေ့ချင်တယ်ဆိုလို့ သွားရတာ...တောင်တွေကြားထဲမှာဆိုတော့ ဖုန်းလိုင်းကလည် မမိဘူးလေ… ဝေ့ထင်နားမှာ မင်းက ရှိနေတာဆိုတော့ ဒီအချိန်တိုလေးအတွင်း ဆရာ့ကို လိုက်ရှာမှာမဟုတ်ဘူးလို့တွေးတာနဲ့ပဲ ဖုန်းကို စက်ပိတ်လိုက်တာ"


  "ဆရာက ဘယ်တုန်းက ပြန်လာတာလဲ"


"မနေ့က ကလပ်ပိုင်ရှင်ရဲ့ ဖုန်းရွှေ ပြဿနာကို ကူညီပေးဖို့ ဒီနေ့ မင်း ဒီကိုလာမယ်လို့ ဟုန်စစ်က ပြောခဲ့တယ်... ဒါကြောင့် ဒီအနီးနားမှာ နေခဲ့တာ... ပြဿနာက အရမ်းမရိုးစင်းဘူး...မင်းတစ်‌ယောက်တည်း မထိန်းနိုင်မှာကိုကြောက်လို့ မင်းကို ကူညီဖို့ စောင့်နေတယ်ပဲ ပြောပါတော့"


ထို့နောက် စုမုန့် သည် ဟိုတယ်ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်ရာ ဤနေရာမှ ကလပ်ဝင်ပေါက်ကို မြင်နိုင်နေလေ၏။ထိုအခါ နွေးထွေးသောခံစားမှုတစ်ခု သူမနှလုံးသားထဲတွင် ပျံ့နှံ့သွားပြီး ဝမ်းသာသွားရသည်။ ဆရာက သူမကို တစ်ကယ်ချစ်ခင်လေသည်။


15.2

(ဝေ့ရွှယ်၏ ကောက်ကျစ်မှု)


“ဆရာ” 


စုမုန့် သည် ဆရာဖြစ်သူကို သူမ အကြောင်းတွေ အကုန်ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ 


"ကျွန်မ ဝေ့ထင် နဲ့ကွာရှင်းပြီး ဖုန်းရွှေပညာရှင်ဖြစ်ဖို့ ပြင်ဆင်တော့မယ်"


ကောရှန်း အံ့သြပုံမပေါ်ပေ။


 “ဒီနေ့ရောက်လာမယ်ဆိုတာ ဆရာ သိတယ်... ကောင်မလေး ဝေ့မိသားစုမှာ မပျော်ရင် ပြန်လာပါ...မင်းရဲ့အခန်းကို ဆရာ အမြဲသိမ်းထားတယ်... ဆရာက ဝေ့မိသားစုလောက် ချမ်းသာတာမဟုတ်ပေမယ့် မင်းကို ကျွေးမွေးဖို့က သိပ်ပြဿနာမရှိဘူး”


ကောရှန်း ပြောစကားကို စုမုန့် ကြားသည့်အခါ သူမ၏ မျက်လုံးများ နီရဲလာပြန်သည်။ 


 “အင်း...ကျေးဇူးတင်ပါတယ် ဆရာ" 


စုမုန့် ၏ အခြေအနေမှာ သိသာထင်ရှားစွာ ပြောင်းလဲသွားသော်လည်း သူမ သည်းမခံနိုင်လောက်အောင် ဝမ်းနည်းနေမည်ကို သိနေသဖြင့် ကောရှန်း မမေးဝံ့ပေ။ဤကောင်မလေးက ဝေ့ထင်ကို ဘယ်လောက်ချစ်ကြောင်း သူသိသည်။ ဝေ့ထင်နှင့်အတူရှိနေဖို့အတွက် သူမ၏ အရာအားလုံးကို စွန့်လွှတ်လိုက်၏။ယခု သူမသည် ကွာရှင်းရန် စကားစပြောလာသောကြောင့် သူမသည် နာကျည်းမှုအကြီးစားကြီးကို ခံစားခဲ့ရနိုင်သည်။


စုမုန့် က သူ့ကို စိတ်ဆိုးနေသည်ဟု တွေးနေသော်လည်း သူကတော့ သူမအပေါ် ဒေါသမထွက်ပေ။ မိဘတိုင်း၏ စိတ်နှလုံးသည် နူးညံ့လှသည်။  သားသမီးတွေ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ၊ ဘယ်မိဘက သားသမီးတွေကို တစ်ကယ် အာဃာတ မထားကြချေ။


အချိန်အတော်ကြာပြီးနောက်၊ ၁၂ နာရီထိုးခါနီးတွင် စုမုန့်သည် ဆရာ၏အကူအညီကို ငြင်းပယ်ကာ ဟိုတယ်တွင်သာ စောင့်ဆိုင်းနေဖို့ တောင်းဆိုခဲ့သည်။ သူမဘာသာ အပြီးအပိုင် ကိုင်တွယ်နိုင်ကြောင်း ပြောပြီး သူမ ထွက်သွားခဲ့၏။


နေ့လယ်ခင်းနေရောင်သည် အနည်းငယ်ပူပြင်းသော်လည်း လူအများကို နွေးထွေးလုံခြုံသောခံစားမှုအား ပေးစွမ်းသည်။


စုမုန့် ကလပ်ကိုပြန်ရောက်သောအခါ ဖုကျဲ နှင့် အခြားသူများသည် ကော်ဖီဆိုင်မှ ထွက်ခွာသွားကြသည်။  သူတို့လည်း ကလပ်ကို မပြန်ခဲ့ကြချေ။သူမကို မန်နေဂျာတစ်ယောက်သာ လက်ခံ‌စကားပြော၏။


 “မစ္စ စု...ကျွန်တော်တို့ သူဌေးက ကိစ္စတစ်ခုရှိလို့အပြင်သွားပါတယ်...မစ္စ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို အကြောင်းကြားပါလို့ ပြောခဲ့ပါတယ်"


 “ကောင်းပြီ” 


စုမုန့် ခေါင်းညိတ်လိုက်ပြီး အချိန်ကိုကြည့်လိုက်သောအခါ နှစ်မိနစ်ကျန်သေးသည်ကို တွေ့လိုက်ရ၏။ထို့နောက် သူမ၏ အိတ်ထဲမှ အဝါရောင် အင်းစာရွက်ကို ထုတ်ယူပြီး အရိုးပန်းပုရုပ်တု၏ ဘေးပတ်ပတ်လည်တွင် ဂရုတစိုက် ပတ်ထားလိုက်သည်။ထို့နောက် အပြင်သို့ ယူသွားပြီး နေရောင်နှင့်ထိတွေ့စေသည်။ယင်အိမ်ကို ယန်အိမ်အဖြစ်သို့ ပြောင်းလဲရန်၊ ဖိနှိပ်ချုပ်ချယ်ထားသောအရာကို ဦးစွာဖယ်ရှားပစ်ရမည်ဖြစ်သည်။ အပြင်ကို သယ်ထုတ်သွားရုံနှင့် မလုံလောက်ပေ။နေရောင်ခြည်ဖြင့် ညစ်ညမ်းစေသည့် စွမ်းအင်များကို ခွဲထုတ်ပစ်ဖို့လည်း လိုအပ်သည်။ ထို့နောက် မွန်းတည့်ချိန်၌ ယင်စွမ်းအင်ကို စုပ်ယူရန် အသုံးပြုသော အဝါရောင်အင်းစာရွက်များသည် တစ်ခုပြီးတစ်ခု လောင်ကျွမ်းသွားရသည်။ ယင်-ယန် ပြောင်းလဲခြင်း ပြီးသည်နှင့်၊ ကလပ်အိမ်သည် ဘာပြဿနာမှ မရှိနိုင်တော့ပေ။တစ်ဖန် သံလိုက်အိမ်မြှောင်ညွှန်ပြထားသည့်‌ နေရာလေးခုတွင် ထားရှိသော အင်းစာရွက်များကို တစ်ခုပြီးတစ်ခု မီးရှို့ခဲ့သည်။ ထို့နောက် စက္ကူပြာများကို အရိုးရုပ်တုပေါ်တွင် တင်ထား၍ အင်းစာရွက်များကို မီးရှို့ခဲ့သည်။


အားလုံးပြီးသွားသည့်အခါ သူမက မန်နေဂျာကို


“မှန်ခုံးတစ်ချပ်ကို ရှာပြီး ကလပ်အပြင်မှာ ဆွဲထားလိုက်ပါ...မှန်ခုံးဖြစ်ရမယ်နော်…မှန်ခုံးက မကောင်းတဲ့စွမ်းအင်တွေကို အသာလေး ခွဲထုတ်နိုင်တယ်…ရိုးရိုမှန်ပြားဆိုရင် မကောင်းတဲ့စွမ်းအင်တွေက အပြင်ကို ယိုင်ထွက်ပြီး လမ်းမဘက်ကိုကျလိမ့်မယ်...ဒါဆို ရှေ့က လမ်းမကြီးက အက်ဆီးဒင့်တွေ အများကြီး ဖြစ်သွားနိုင်တယ်"


မန်နေဂျာက သဘောတူကြောင်း ထပ်ခါတလဲလဲ ပြောလေသည်။ထို့နောက် သူမသည် ကလပ်မှထွက်ကာ ဆရာဖြစ်သူရှိရာ ဟိုတယ်ဆီသို့ လျှောက်သွားခဲ့သည်။ထို့နောက် ဆရာနှင့်အတူအိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်၏။ ဝေ့ထင် သည် သူမအား ကွာရှင်းပြတ်စဲမည့်အကြောင်းကို တစ်ခါမျှ မပြောဖူးသောကြောင့် သူမကိုယ်တိုင် သဘောတူညီချက်ကို ရေးရန် ရှေ့နေတစ်ဦးရှာကာ ဝေ့ထင် ထံ ပေးပို့ရမည်ဖြစ်သည်။


သူမ၏ဆရာနှင့် ဟုန်စစ် က သူမကို ဟိုတယ်မှာ စောင့်နေကြသည်။ သူမပြန်လာသည်ကိုမြင်လျှင် ဆရာဖြစ်သူက ဝမ်းသာလွန်းသည်ထင့်၊ သူ့ပါးစပ်ထောင့်က လခြမ်းလေးဖြစ်သွားလေသည်။


 ဟိုတယ်မှ ထွက်သွားသောအခါ၊ ကောရှန်း သည် အခန်းခရှင်းရန် ငွေရှင်း ကောင်တာဆီသို့ သွားပြီး စုမုန့် နှင့် ဟုန်စစ် တို့က ဟိုတယ်မှ ဦးစွာ ထွက်သွားကြသည်။ ထိုအချိန်တွင် ငယ်ရွယ်ပြီး လှပသော မိန်းကလေးနှစ်ယောက် ဖြတ်လျှောက်လာသည်။ သူတို့ထဲက တစ်ယောက်သည် ကင်မရာသေးသေးလေး ကိုင်ထားပြီး ကျန်တစ်ယောက်က ဝေ့ရွှယ် ဖြစ်၏။


 "ရှောင်ရွှယ် နင့်အစ်ကိုက တစ်ကယ်ချောတာပဲ…  ဒီလိုအစ်ကိုမျိုး ရတာ နင်အရမ်းကံကောင်းတာပဲ...ကြည့်စမ်း နင့်အတွက် ဒီလောက်စျေးကြီးတဲ့ ကုတ်အင်္ကျီကို ပေးခဲ့တာပဲ...နင့်အစ်ကိုက အရမ်းတော်ပြီးအရမ်းချောနေတာ နင့်ယောင်းမကတော့ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ…"


ကင်မရာကိုင်ထားသော မိန်းကလေးသည် ဝေ့ရွှယ်၏လက်ကို မနာလိုစိတ်အပြည့်ဖြင့် ဆုပ်ကိုင်ထားသည်။ ဧကရာဇ်မြို့တော်မှ မိန်းကလေးအများစုသည် ဝေ့ထင် ကို လက်ထပ်ချင်ကြပြီး သူမသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 


ဝေ့ရွှယ် ကလည်း သူငယ်ချင်းဖြစ်သူ ဘာတွေတွေးနေလဲဆိုသည်ကို သိသည်။သူမတစ်ဦးတည်းမဟုတ်ပေ။  သူမ ပတ်ဝန်းကျင်မှ ချမ်းသာပြီး ချောမောလှပသည့် မိန်းကလေးတွေအားလုံးက သူမ၏ ယောင်းမ စုမုန့်ကို မနာလိုဖြစ်ကာ အားကျနေသူများပင်။


 “ငါ့ယောင်းမက ငါ့အစ်ကိုကို အရမ်းချစ်တာ… သူ့ပတ်ဝန်းကျင်မှာ တခြားမိန်းကလေး တစ်ယောက်ယောက် ရှိနေတာကိုသာ မြင်ရင်လေ အရမ်းဒေါသကြီးတာပဲ… အစ်ကို့ရဲ့ အချစ်တွေအားလုံးကို ရဖို့အတွက် သူမက ဘာမဆိုလုပ်မယ်ဆိုတာမျိုး…ဒီလိုအချစ်မျိုးက တစ်ကယ်ကောင်းတာပဲ”  


ဝေ့ရွှယ်က သူငယ်ချင်းကို ယောင်းမဖြစ်သူအကြောင်း ပိုပိုသာသာလေး တမင်ချောက်ချဖို့ ဆွဲခေါ်နေခြင်းဖြစ်ပေသည်။ 


  "နင့်ယောင်းမကတော့ အရမ်းကံကောင်းတာပဲ"


ထိုစဉ် လမ်းလျှောက်နေသည့် ဝေ့ရွှယ်က ရုတ်တရက် ရပ်သွားကာ တစ်နေရာရာကို စိုက်ကြည့်ရင်း တိုးတိုးပြောလိုက်သည်။


“ကျာကျာ...အဲဒါ ငါ့ယောင်းမ မဟုတ်လား”


 "ဘာလဲ… ဘယ်မှာလဲ..."


ကောင်မလေးက ရုတ်တရက် စိတ်ဝင်စားသွားသည်။ဝေ့မိသားစုတွင် လက်ထပ်နိုင်သည့် အမျိုးသမီးသည် မည်မျှ ထူးချွန်မည်ကို သူမ မြင်ချင်သည်မှာ ကြာပြီ။ ထို့အပြင် ဝေမိသားစု၏ မိန်းမငယ်လေးသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ သူမ ဓာတ်ပုံတစ်ပုံရိုက်လိုက်လျှင် တစ်နိုင်ငံလုံး၏ အာရုံစူးစိုက်မှုက ကြီးမားလာမည်ဖြစ်သည်။


ဝေ့ရွှယ် ၏ မျက်လုံးများ လှည့်ပတ်သွားကာ သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူမသည် စုမုန့် ကို လက်ညှိုးထိုးပြပြီး မယုံကြည်နိုင်စွာ တိုးတိုးလေးပြောကာ " ကျာကျာ‌ရေ...ငါ့ယောင်းမက ဘာလို့ လူစိမ်းတစ်ယောက်နဲ့ ဟိုတယ်ကို သွားနေတာလဲ…သူတို့ဘာလုပ်နေတာလဲ"




xxxxxx